ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၇ စက်တင်ဘာ စာ. ၁၃-၁၇
  • ရင့်ကျက်တဲ့ ခရစ်ယာန်များနဲ့ တွဲလုပ်ရတဲ့ကောင်းချီး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရင့်ကျက်တဲ့ ခရစ်ယာန်များနဲ့ တွဲလုပ်ရတဲ့ကောင်းချီး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဗေသလမှာ အမှုဆောင်ခြင်း
  • သစ္စာရှိ လက်တွဲဖော် တွေ့ရှိခြင်း
  • ခရစ်တော်ရဲ့ ညီတွေနဲ့ လက်တွဲအမှုဆောင်ခြင်း
  • ယေဟောဝါ၏လုပ်ငန်းတော်၌ ကြွယ်ဝသောဘဝ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • သင့်အတွက် ယင်းသည် အကောင်းဆုံးဘဝလုပ်ငန်း ဖြစ်နိုင်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ငယ်ရွယ်စဉ်မှစ ယေဟောဝါ သွန်သင်ပေးခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ‘ဆောင်ရွက်ရန်ရှိသည့် တာဝန်ကိုသာလျှင် ဆောင်ရွက်ခဲ့ကြပြီ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
က၁၇ စက်တင်ဘာ စာ. ၁၃-၁၇

ဘဝအတ္ထုပ္ပတ္တိ

ရင့်ကျက်တဲ့ ခရစ်ယာန်များနဲ့ တွဲလုပ်ရတဲ့ကောင်းချီး

ဒေးဗစ် စင်ကလဲရ် ပြောပြတယ်

ငယ်ရွယ်တဲ့ ဗေသလအိမ်သား ဒေးဗစ် စင်ကလဲရ်

၁၉၃၀ ပြည့်လွန်နှစ်တွေ အလယ်ပိုင်းမှာ အဖေ ဂျိမ်းစ်နဲ့ အမေ ဂျက်ဆီ စင်ကလဲရ်တို့ နယူးယောက်မြို့၊ ဘရွန့်ဇ်ကို ပြောင်းရွှေ့ကြတယ်။ သူတို့လိုပဲ စကော့တလန်ကနေ ပြောင်းလာတဲ့ ဝီလီ ဆနေဒွန်နဲ့ သိကျွမ်းခဲ့တယ်။ စကားပြောရင်းနဲ့ မိသားစုအကြောင်း စကားစပ်မိကြတယ်။ အဲဒါ ကျွန်တော် မမွေးခင် နှစ်အနည်းငယ်တုန်းကပေါ့။

ပထမကမ္ဘာစစ် မဖြစ်ခင်လေးမှာ အမေရဲ့ အဖေနဲ့ အစ်ကိုတို့ မြောက်ပိုင်းပင်လယ်မှာ ငါးဖမ်းရင်း မိုင်းထိပြီး သင်္ဘောမြုပ်သွားတယ်လို့ ဝီလီကို အမေ ပြောပြတယ်။ “ဒါဆို ခင်ဗျားအဖေ ငရဲမှာပေါ့” လို့ ဝီလီ ပြောတယ်။ ဝီလီက ယေဟောဝါသက်သေပါ။ ဒီလိုနဲ့ ကျမ်းစာအမှန်တရားကို အမေ အထိတ်တလန့် စတင်ထိတွေ့ခဲ့တယ်။

ဝီလီနဲ့ လိဇ် ဆနေဒွန်

ဝီလီနဲ့ လိဇ် ဆနေဒွန်

အဘိုးက လူကောင်းဆိုတော့ ဝီလီစကားကြောင့် အမေ စိတ်ဆိုးမိတယ်။ “ယေရှုလည်း ငရဲကျခဲ့တယ်လို့ သိရရင် စိတ်သက်သာမယ် မဟုတ်လား” လို့ ဝီလီ ဆက်ပြောတယ်။ ယေရှု ငရဲကျပြီးမှ သုံးရက်မြောက်နေ့မှာ ထမြောက်တဲ့သဘော သက်ရောက်တဲ့ ဘုရားကျောင်း ယုံကြည်ချက်ကို အမေ ပြန်အမှတ်ရမိတယ်။ ‘ငရဲဟာ လူဆိုးတွေကို ညှဉ်းဆဲတဲ့ မီးပြင်းဖို ဖြစ်မယ်ဆိုရင် ယေရှု ဘာကြောင့် သွားရသလဲ’ လို့ စဉ်းစားမိတယ်။ အမှန်တရားကို အမေ စတင်စိတ်ဝင်စားလာတယ်။ ဒီလိုနဲ့ ဘရွန့်ဇ်အသင်းတော်မှာ အစည်းအဝေးတွေ စတက်ပြီး ၁၉၄၀ မှာ နှစ်ခြင်းခံတယ်။

အဖေ၊ အမေနဲ့အတူ ဒေးဗစ် စင်ကလဲရ်

အမေနဲ့အတူ၊ နောက်ပိုင်းမှာ အဖေနဲ့အတူ

အဲဒီတုန်းက သားသမီးတွေနဲ့အတူ ကျမ်းစာလေ့လာဖို့ ခရစ်ယာန်မိဘတွေကို အထူးအားပေးတာမျိုး မရှိသေးဘူး။ ကျွန်တော် လမ်းလျှောက်တတ်စအရွယ် စနေ၊ တနင်္ဂနွေနေ့တွေမှာ အမေ အစည်းအဝေး တက်၊ အမှုဆောင်ထွက်တဲ့အခါ အဖေက ကျွန်တော့်ကို ထိန်းရတယ်။ နှစ်အနည်းငယ်ကြာတော့ အမေနဲ့အတူ ကျွန်တော် အစည်းအဝေး စတက်တယ်။ အမေဟာ သတင်းကောင်း ဟောပြောခြင်း၊ စိတ်ဝင်စားသူတွေနဲ့ ကျမ်းစာ လေ့လာခြင်းမှာ သိပ်ထက်သန်တယ်။ သင်အံမှုတွေဟာ အိမ်ချင်းနီးလို့ အုပ်စုလိုက် သင်ပေးရတဲ့အခါတွေ ရှိတယ်။ ကျောင်းပိတ်ရက်တွေမှာ အမေနဲ့အတူ အမှုဆောင်လိုက်တယ်။ ဒီလိုနဲ့ ကျမ်းစာအကြောင်း၊ တခြားသူတွေကို သွန်သင်ပေးနည်းအကြောင်း အများကြီး သိလာတယ်။

ငယ်ငယ်တုန်းက အမှန်တရားကို အပြည့်အဝ မလေးမြတ်ခဲ့ဘူး။ ပေါ့ပေါ့တန်တန် သဘောထားခဲ့တယ်။ ဒါပေမဲ့ အသက် ၁၂ နှစ်မှာ ကြေညာသူ ဖြစ်လာတယ်။ အဲဒီအချိန်ကစပြီး အမှုဆောင်လုပ်ငန်းမှာ ပုံမှန် ပါဝင်ခဲ့တယ်။ အသက် ၁၆ နှစ်မှာ ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး ၁၉၅၄၊ ဇူလိုင် ၂၄၊ ကနေဒါနိုင်ငံ၊ တိုရွန်တို အစည်းအဝေးကြီးမှာ နှစ်ခြင်းခံတယ်။

ဗေသလမှာ အမှုဆောင်ခြင်း

အသင်းတော်က ညီအစ်ကိုတချို့ဟာ ဗေသလအိမ်သားတွေ ဖြစ်ကြတယ်၊ ဖြစ်ခဲ့ဖူးကြတယ်။ ကျွန်တော့်အပေါ် သူတို့ တော်တော်ဩဇာညောင်းကြတယ်။ သူတို့ရဲ့ စကားပြောစွမ်းရည်၊ ကျမ်းစာ အမှန်တရား ရှင်းပြပုံတွေကို သဘောကျတယ်။ ဆရာတွေက ကျွန်တော့်ကို တက္ကသိုလ် တက်စေချင်ကြပေမဲ့ ဗေသလ သွားဖို့ ပန်းတိုင်ထားတယ်။ ဒါကြောင့် တိုရွန်တို အစည်းအဝေးကြီးမှာ ဗေသလလျှောက်လွှာ တင်လိုက်တယ်။ ၁၉၅၅ ခုနှစ်၊ နယူးယောက်မြို့၊ ရန်ကီးအားကစားကွင်းမှာ ကျင်းပတဲ့ အစည်းအဝေးကြီးမှာလည်း လျှောက်လွှာ ထပ်တင်တယ်။ ၁၉၅၅၊ စက်တင်ဘာ ၁၉၊ အသက် ၁၇ နှစ်မှာ ဘရွတ်ကလင် ဗေသလမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။ ဗေသလ ရောက်ပြီး ဒုတိယနေ့မှာ အမှတ် ၁၁၇၊ အာဒံလမ်းက စာအုပ်ချုပ်လုပ်ရေးမှာ လုပ်တယ်။ ပြီးနောက် စာအုပ်ချုပ်စက်အတွက် အသင့်ဖြစ်အောင် ၃၂ မျက်နှာပါတဲ့ အတွဲတွေကို စုရတဲ့စက်မှာ လုပ်တယ်။

ဒေးဗစ် စင်ကလဲရ် အသက် ၁၇ နှစ်အရွယ်မှာ

အသက် ၁၇ နှစ်၊ ဘရွတ်ကလင် ဗေသလမှာ စတင်အမှုဆောင်

ကျွန်တော် လက်နှိပ်စက် ရိုက်တတ်တော့ စာအုပ်ချုပ်လုပ်ရေးမှာ တစ်လ လုပ်ပြီးတဲ့နောက် မဂ္ဂဇင်းဌာနကို ရောက်သွားတယ်။ အဲဒီတုန်းက ညီအစ်ကို/မတွေက ကင်းမျှော်စင်၊ နိုးလော့! နှစ်စဉ်ကြေး ယူတဲ့သူတွေရဲ့ လိပ်စာတွေကို သတ္တုပြားပေါ်မှာ ရိုက်ပေးရတယ်။ လအနည်းငယ်ကြာတော့ ထုတ်ပို့ရေးဌာနမှာ လုပ်တယ်။ ဌာနကြီးကြပ်မှူး ကလော့စ် ဂျန်ဆင်က ကမ္ဘာတစ်ဝန်း တင်ပို့မယ့် စာအုပ်ပုံးတွေကို ဆိပ်ကမ်းပို့မယ့် ကုန်တင်ကားနဲ့ လိုက်သွားဖို့ ပြောတယ်။ အမေရိကန်တစ်ဝန်းက အသင်းတော်တွေကို စာတိုက်ကတစ်ဆင့် ပို့ဖို့လည်း မဂ္ဂဇင်းအိတ်တွေ ရှိသေးတယ်။ ညီအစ်ကို ဂျန်ဆင်က ကျွန်တော့်ကို အလုပ်ကြမ်းလုပ်ရင် ကောင်းမယ်လို့ ပြောတယ်။ အဲဒီတုန်းက ကျွန်တော် ၁၂၅ ပေါင် (၅၇ ကီလိုဂရမ်) ပဲရှိတယ်။ ပိန်ပိန်လေး။ ဆိပ်ကမ်းနဲ့ စာတိုက် သွားလာနေရတော့ တော်တော်ကြံ့ခိုင်လာတယ်။ ကျွန်တော့်အတွက် ဘာက ကောင်းသလဲဆိုတာ ညီအစ်ကို ဂျန်ဆင် သိတဲ့ပုံပါပဲ။

မဂ္ဂဇင်းဌာနက အသင်းတော်တွေရဲ့ မဂ္ဂဇင်း တောင်းခံမှုတွေကိုလည်း ပို့ပေးရတယ်။ ဒါကြောင့် ကမ္ဘာ့တခြားဒေသတွေကို မဂ္ဂဇင်းတွေ ပို့ဖို့ ဘရွတ်ကလင်မှာ ဘယ်ဘာသာစကားတွေနဲ့ ပုံနှိပ်ကြောင်း သိလာတယ်။ ဘာသာစကားများစွာကို တစ်ခါမှ မကြားဖူးဘူး။ ဒါပေမဲ့ ကမ္ဘာ့ရပ်ဝေးဒေသတွေဆီ သောင်းနဲ့ချီတဲ့ မဂ္ဂဇင်းတွေ ရောက်နေတာ သိရလို့ ဝမ်းသာမိတယ်။ နောက်ပိုင်းမှာ အဲဒီနေရာဒေသတွေကို လည်ပတ်ခွင့်ရမယ်လို့ အဲဒီတုန်းက မထင်ခဲ့ဘူး။

ရောဘတ် ဝေါ်လန်၊ ချားလ်စ် မော်လဟန်၊ ဒွန်အာဒံတို့နဲ့အတူ ဒေးဗစ် စင်ကလဲရ်

ရောဘတ် ဝေါ်လန်၊ ချားလ်စ် မော်လဟန်၊ ဒွန်အာဒံတို့နဲ့အတူ

၁၉၆၁ မှာ ညီအစ်ကို ဂရန့်ဆူတာ ကြီးကြပ်တဲ့ ငွေစာရင်းဌာနမှာ လုပ်ဖို့ တာဝန်ရတယ်။ အဲဒီမှာ နှစ်အနည်းငယ် လုပ်ပြီးနောက် ကမ္ဘာချီလုပ်ငန်းကို ဦးဆောင်နေတဲ့ ညီအစ်ကို နေသန် နောရ်ရဲ့ ရုံးခန်းကို အခေါ်ခံရတယ်။ ညီအစ်ကို နောရ်က ပြောတယ်။ ရုံးက ညီအစ်ကိုတစ်ယောက် နိုင်ငံတော် ဓမ္မအမှုသင်တန်း တစ်လ တက်ပြီး လုပ်ငန်းတော်ဌာနမှာ လုပ်ရမှာမို့ သူ့နေရာမှာ အစားဝင်ပြီး ညီအစ်ကို ဒွန်အာဒံနဲ့ တွဲလုပ်ရမယ်တဲ့။ တိုက်တိုက်ဆိုင်ဆိုက်ပဲ ဒွန်က ၁၉၅၅ အစည်းအဝေးကြီးတုန်းက ကျွန်တော့်ဗေသလလျှောက်လွှာကို လက်ခံခဲ့တဲ့ ညီအစ်ကို ဖြစ်နေတယ်။ အဲဒီရုံးမှာ ရောဘတ် ဝေါ်လန်နဲ့ ချားလ်စ် မော်လဟန်တို့လည်း လုပ်တယ်။ ကျွန်တော်တို့လေးယောက် နှစ်ပေါင်း ၅၀ ကျော် တွဲလုပ်ခဲ့ကြတယ်။ အဲဒီလို ရင့်ကျက်တဲ့ သစ္စာရှိ အမျိုးသားတွေနဲ့ တွဲလုပ်ရတာ ဝမ်းသာစရာပဲ။—ဆာ. ၁၃၃:၁။

၁၉၇၀၊ ဗင်နီဇွဲလားနိုင်ငံမှာ ဒေးဗစ် စင်ကလဲရ်ရဲ့ ပထမဆုံး ဇုန်လည်ပတ်မှု

၁၉၇၀၊ ဗင်နီဇွဲလား နိုင်ငံမှာ ပထမဆုံး ဇုန်လည်ပတ်မှု

၁၉၇၀ ပြည့်နှစ်ကစပြီး ကင်းမျှော်စင်အသင်းရဲ့ ဌာနခွဲရုံးတွေဆီ တစ်နှစ်မှာ တစ်ခါ၊ နှစ်ခါ အပတ်အနည်းငယ် လည်ပတ်ဖို့ တာဝန်ရရှိတယ်။ အဲဒီတုန်းကတော့ ဇုန်လည်ပတ်မှုလို့ ခေါ်တယ်။ ကမ္ဘာတစ်ဝန်းက ဗေသလမိသားစုတွေ၊ သာသနာပြုတွေကို လည်ပတ်အားပေးတာ၊ ဌာနခွဲရုံးမှတ်တမ်းတွေ စစ်ဆေးတာတွေ ပါဝင်တယ်။ နိုင်ငံရပ်ခြားမှာ သစ္စာရှိရှိ အမှုဆောင်နေတဲ့ အစောပိုင်း ဂိလဒ်သင်တန်းဆင်းတွေနဲ့ တွေ့ရတာ ဝမ်းသာစရာပဲ။ ဒီတာဝန်ကြောင့် နိုင်ငံပေါင်း ၉၀ ကျော်ကို လည်ပတ်ခွင့်ရခဲ့တယ်။

ဒေးဗစ် စင်ကလဲရ် လည်ပတ်ခဲ့တဲ့ နိုင်ငံတွေပြ မြေပုံ

နိုင်ငံပေါင်း ၉၀ ကျော်က ညီအစ်ကိုတွေဆီ လည်ပတ်ရတာ ပျော်ရွှင်စရာပဲ

သစ္စာရှိ လက်တွဲဖော် တွေ့ရှိခြင်း

ဘရွတ်ကလင် ဗေသလမိသားစုဝင်အားလုံးဟာ နယူးယောက်မြို့တစ်ဝိုက် အသင်းတော်တွေမှာ တာဝန်ကျကြတယ်။ ဘရွန့်ဇ်အသင်းတော်မှာ ကျွန်တော် တာဝန်ကျတယ်။ အဲဒီမြို့ရဲ့ ပထမဆုံး အသင်းတော် ကြီးလာလို့ ခွဲလိုက်ရတယ်။ ကျွန်တော် တက်ခဲ့တဲ့ မူလအသင်းတော်ကို အထက်ဘရွန့်ဇ်အသင်းတော်လို့ ခေါ်တယ်။

ဘရွန့်ဇ်တောင်ပိုင်းမှာ အမှန်တရား ရခဲ့တဲ့ လတ်ဗီးယန်း သက်သေခံ မိသားစုတစ်စုက ၁၉၆၀ ပြည့်လွန်နှစ်တွေ အလယ်ပိုင်းမှာ ကျွန်တော့်အသင်းတော်ရပ်ကွက်ထဲ ပြောင်းလာတယ်။ သမီးကြီး လီဗီယာဟာ အထက်တန်းကျောင်း ပြီးပြီးချင်း မှန်မှန်ရှေ့ဆောင် ဖြစ်လာတယ်။ လအနည်းငယ်ကြာတော့ ကြေညာသူ ပိုလိုအပ်တဲ့ မက်ဆာချူးဆက်ကို ပြောင်းရွှေ့သွားတယ်။ အသင်းတော်အကြောင်းတွေ ကျွန်တော် စာရေးတော့ သူကလည်း ဘော့စတွန်ဒေသရဲ့ အမှုဆောင်လုပ်ငန်း အောင်မြင်မှုတွေအကြောင်း ပြန်ရေးလေ့ရှိတယ်။

ဒေးဗစ်နဲ့ လီဗီယာ စင်ကလဲရ်

လီဗီယာနဲ့အတူ

နှစ်အနည်းငယ်ကြာတော့ အထူးရှေ့ဆောင်အဖြစ် လီဗီယာ ခန့်အပ်ခံရတယ်။ ယေဟောဝါရဲ့ လုပ်ငန်းမှာ ပိုအမှုဆောင်ချင်တဲ့အတွက် ဗေသလလျှောက်လွှာ တင်ပြီး ၁၉၇၁ ခုနှစ်မှာ ဗေသလကို ဖိတ်ခေါ်ခံရတယ်။ ယေဟောဝါ အချက်ပေးလိုက်သလိုပါပဲ။ ၁၉၇၃၊ အောက်တိုဘာ ၂၇ မှာ ကျွန်တော်တို့ လက်ထပ်တယ်။ ညီအစ်ကိုနောရ်က မင်္ဂလာဟောပြောချက် ပေးတယ်။ “ဇနီးကောင်းကို ရတဲ့သူဟာ ကောင်းတဲ့အရာကို ရတဲ့သူပဲ။ ယေဟောဝါရဲ့ မျက်နှာသာကို ရတဲ့သူပဲ” လို့ ပညာအလိမ္မာ ၁၈:၂၂ မှာ ပြောထားတယ်။ ဗေသလမှာ ကျွန်တော်တို့နှစ်ယောက် အမှုဆောင်တာ နှစ်ပေါင်း ၄၀ ကျော်ပြီ။ ဘရွန့်ဇ်မြို့က အသင်းတော်မှာ အမှုဆောင်နေကြတုန်းပဲ။

ခရစ်တော်ရဲ့ ညီတွေနဲ့ လက်တွဲအမှုဆောင်ခြင်း

ညီအစ်ကိုနောရ်နဲ့အတူ အလုပ်လုပ်ရတာ တကယ်ပျော်စရာကောင်းတယ်။ အမှန်တရားအတွက် မမောနိုင်မပန်းနိုင် အလုပ်လုပ်တဲ့သူ၊ ကမ္ဘာတစ်ဝန်းက သာသနာပြုတွေကို အလွန်တန်ဖိုးထားတဲ့သူပါပဲ။ သာသနာပြုအများစုဟာ တာဝန်ကျရာ တိုင်းပြည်မှာ ဦးဆုံး သက်သေခံတွေ ဖြစ်လေ့ရှိတယ်။ ၁၉၇၆ မှာ ညီအစ်ကိုနောရ် ကင်ဆာရောဂါ ခံစားနေရတာကို မြင်ရတာ ဝမ်းနည်းစရာပဲ။ တစ်ခါတုန်းက အိပ်ရာထဲ လဲနေတုန်း ပုံနှိပ်တိုက် ပို့မယ့် အကြောင်းအရာတချို့ ဖတ်ပြခိုင်းတယ်။ ဖရက်ဒရစ် ဖရန့်ကိုလည်း လာနားထောင်ဖို့ ခေါ်ခိုင်းတယ်။ ညီအစ်ကို ဖရန့် မျက်စိမကောင်းလို့ သူ့အတွက် ညီအစ်ကိုနောရ် စီစဉ်ပေးမှန်း နောက်ပိုင်းမှ သိလိုက်ရတယ်။

၁၉၇၇ မှာ ဒေနီယယ်နဲ့ မာရီယာ ဆစ်ဒလစ်တို့နဲ့အတူ ဒေးဗစ်နဲ့ လီဗီယာ စင်ကလဲရ်

၁၉၇၇၊ ဇုန်လည်ပတ်မှုမှာ ဒေနီယယ်နဲ့ မာရီနာ ဆစ်ဒလစ်တို့နဲ့အတူ

၁၉၇၇ ခုနှစ်မှာ ညီအစ်ကိုနောရ် သေဆုံးသွားတယ်။ မြေကြီးအသက်တာ ကုန်ဆုံးတဲ့အထိ သစ္စာရှိသွားလို့ သူ့ကို ချစ်မြတ်နိုးသူတွေ နှစ်သိမ့်မှု ရရှိကြတယ်။ (ဗျာ. ၂:၁၀) နောက်ပိုင်းမှာ လုပ်ငန်းကို ညီအစ်ကို ဖရန့် ဦးဆောင်ပေးခဲ့တယ်။

အဲဒီအချိန်မှာ ကျွန်တော်က ညီအစ်ကိုနောရ်နဲ့ ဆယ်စုနှစ်များစွာ တွဲလုပ်ခဲ့တဲ့ မီလ်တန် ဟန်ရှယ်ရဲ့ အတွင်းရေးမှူး တာဝန် ထမ်းဆောင်တယ်။ ကျွန်တော့်ရဲ့ အဓိက ဗေသလ တာဝန်က ညီအစ်ကို ဖရန့် လိုအပ်သမျှကို ကူညီပေးဖို့ ဖြစ်သွားပြီလို့ ညီအစ်ကို ဟန်ရှယ် ပြောတယ်။ ဒါကြောင့် ပုံနှိပ်တိုက် ပို့မယ့် အကြောင်းအရာတွေကို ပုံမှန် ဖတ်ပြခဲ့ရတယ်။ ညီအစ်ကို ဖရန့်ဟာ မှတ်ဉာဏ်သိပ်ကောင်းပြီး ဖတ်တဲ့အကြောင်းအရာကို အံ့ဩစရာကောင်းလောက်အောင် အပြည့်အဝ အာရုံစိုက်နိုင်တယ်။ ၁၉၉၂၊ ဒီဇင်ဘာမှာ မြေကြီးအသက်တာ ကုန်ဆုံးတဲ့အထိ သူ့ကို ကူညီပေးခွင့်ရလို့ ဝမ်းသာတယ်။

၁၂၄ ကိုလံဘီယာ ဟိုက်

ဆယ်စုနှစ်များစွာ အလုပ်လုပ်ခဲ့တဲ့ အမှတ် ၁၂၄၊ ကိုလံဘီယာဟိုက်

ဗေသလမှာ အမှုဆောင်ခဲ့တဲ့ ၆၁ နှစ်ဟာ အကုန်မြန်လိုက်တာ။ ယေဟောဝါအပေါ် သစ္စာရှိရှိ သေဆုံးသွားတဲ့ မိဘတွေကို ပိုကောင်းတဲ့ကမ္ဘာမှာ ကြိုဆိုဖို့ စောင့်မျှော်နေပါတယ်။ (ယော. ၅:၂၈၊ ၂၉) ဒီလောက ကမ်းလှမ်းတဲ့ ဘယ်အရာကမှ ကမ္ဘာတစ်ဝန်းက ဘုရားသခင့်လူမျိုးရဲ့ အကျိုးအတွက် သစ္စာရှိတဲ့ အမျိုးသား/သမီးတွေနဲ့ တွဲလုပ်ဆောင်ရတဲ့ အခွင့်ထူးကို မယှဉ်နိုင်ဘူး။ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ခဲ့တဲ့ နှစ်တွေအတွင်း “ယေဟောဝါဘုရား ပေးသနားတဲ့ ဝမ်းမြောက်ခြင်းဟာ [ကျွန်တော်တို့] အတွက် ရဲတိုက်ပဲ” လို့ လီဗီယာနဲ့ ကျွန်တော် ပြောနိုင်ပါတယ်။—နေ. ၈:၁၀။

ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ ဘယ်လူသားမှ မရှိမဖြစ် မဟုတ်ဘူး။ နိုင်ငံတော် အမှန်တရား ဖြန့်ဝေတဲ့လုပ်ငန်းလည်း ဆက်တိုးတက်နေတယ်။ နှစ်တွေတစ်လျှောက် ယုံကြည်အားထားရတဲ့ သစ္စာရှိ ညီအစ်ကို/မများစွာနဲ့ တွဲလုပ်ခွင့်ရတာ အခွင့်ထူးပါပဲ။ ကျွန်တော်နဲ့ တွဲလုပ်ခဲ့တဲ့ ဘိသိက်ခံ အများစု မြေကြီးပေါ် မရှိကြတော့ဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့ လုပ်ငန်းမှာ အဲဒီလို သစ္စာရှိသူတွေနဲ့ လက်တွဲအမှုဆောင်ခွင့်ရခဲ့လို့ သိပ်ကျေးဇူးတင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ