‘ထိုအရာများကို သစ္စာရှိအမျိုးသားများအား လွှဲအပ်လော့’
“[ထို]အရာများကို သစ္စာရှိအမျိုးသားများအား လွှဲအပ်လော့။ သို့ဖြင့် သူတို့သည် အခြားသူများကို အရည်အချင်းပြည့်မီစွာ သွန်သင်ပေးနိုင်လိမ့်မည်။”—၂ တိ. ၂:၂။
၁၊ ၂။ အလုပ်ကို လူများစွာ ဘယ်လို သဘောထားကြသလဲ။
လူတွေဟာ ကိုယ့်ကိုယ်ကိုယ် အလုပ်နဲ့ အကဲဖြတ်ကြတယ်။ အလုပ်၊ နေရာက လူတစ်ယောက်ရဲ့ တန်ဖိုးကို သတ်မှတ်ပေးတယ်လို့ လူများစွာ ယူဆကြတယ်။ တချို့ယဉ်ကျေးမှုတွေမှာ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်တဲ့အခါ “ဘာအလုပ် လုပ်သလဲ” လို့ ဦးဆုံး မေးလေ့ရှိကြတယ်။
၂ ကျမ်းစာမှာလည်း လူတွေကို တစ်ခါတလေ အလုပ်နဲ့ တွဲဖော်ပြတယ်။ “အခွန်ခံ မဿဲ၊” “သားရေလုပ်သား ရှိမုန်၊” “ချစ်ရသော သမားတော်လုကာ။” (မ. ၁၀:၃။ တ. ၁၀:၆။ ကော. ၄:၁၄) ယေဟောဝါရဲ့ အမှုတော်မှာ ရထားတဲ့ တာဝန်တွေ၊ အခွင့်ထူးတွေကိုလည်း ဖော်ပြလေ့ရှိတယ်။ ဘုရင်ဒါဝိဒ်၊ ပရောဖက်ဧလိယ၊ တမန်တော်ပေါလု။ ဘုရားပေးတာဝန်တွေကို သူတို့တန်ဖိုးထားကြတယ်။ ကျွန်တော်တို့လည်း လုပ်ငန်းတော်အခွင့်ထူးတွေ ရရှိထားရင် တန်ဖိုးထားသင့်တယ်။
၃။ လူကြီးတွေက လူငယ်တွေကို လေ့ကျင့်ပေးဖို့ ဘာကြောင့် လိုသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)
၃ ကျွန်တော်တို့ဟာ ကိုယ့်အလုပ်ကို နှစ်သက်မြတ်နိုးကြပြီး အမြဲတမ်း လုပ်သွားချင်ကြတယ်။ ဝမ်းနည်းစရာကတော့ အာဒံခေတ်ကတည်းက လူမျိုးတစ်ဆက် လွန်သွားပြီး နောက်တစ်ဆက် ပေါ်လာတယ်။ (ဒေ. ၁:၄) ဒီအကူးအပြောင်းကြောင့် ခရစ်ယာန်စစ်တွေလည်း အခက်အခဲတချို့ ကြုံကြရတယ်။ ယေဟောဝါလူမျိုးရဲ့ လုပ်ငန်းဟာ တိုးတက်ကျယ်ပြန့်လာနေပြီး ခက်ခဲနက်နဲလာတယ်။ စီမံကိန်းသစ်တွေ တိုးချဲ့လုပ်ဆောင်လာတာနဲ့အမျှ နည်းလမ်းသစ်တွေ၊ နည်းပညာသစ်တွေကို လက်ခံသုံးစွဲလာရတယ်။ အဲဒီတိုးတက်မှုတွေကို အမီလိုက်ဖို့ လူကြီးတချို့အတွက် ခက်ခဲလာတယ်။ (လု. ၅:၃၉) အမီလိုက်နိုင်ရင်တောင် လူငယ်တွေက လူကြီးတွေထက် အစွမ်းခွန်အား ပိုရှိကြတယ်။ (သု. ၂၀:၂၉) ဒါကြောင့် တာဝန်တွေ ပိုယူနိုင်အောင် လူငယ်တွေကို လူကြီးတွေ အသင့်ပြင်ပေးထားတာက လက်တွေ့ကျတယ်၊ မေတ္တာရှိရာကျတယ်။—ဆာလံ ၇၁:၁၈ ကိုဖတ်ပါ။
၄။ အခွင့်အာဏာကို လွှဲပြောင်းပေးဖို့ တချို့အတွက် ဘာကြောင့် ခက်သလဲ။ (“လူတချို့ တာဝန်မလွှဲပေးရတဲ့ အကြောင်းရင်း” လေးထောင့်ကွက်ကို ကြည့်ပါ။)
၄ အခွင့်အာဏာရှိသူတွေဟာ လူငယ်တွေကို တာဝန်လွှဲပြောင်းပေးဖို့ အမြဲ မလွယ်ကူဘူး။ တချို့က မိမိတို့တန်ဖိုးထားတဲ့နေရာ ပျောက်သွားမှာကို စိုးရိမ်ကြတယ်။ တချို့ကျတော့ ဩဇာမရှိတော့မှာ၊ လူငယ်တွေ သူတို့လောက် မလုပ်ဆောင်နိုင်မှာကို စိုးရိမ်ကြတယ်။ တချို့ကျပြန်တော့ တခြားသူတွေကို လေ့ကျင့်ပေးဖို့ အချိန်မရှိဘူးလို့ အကြောင်းပြကြတယ်။ လူငယ်တွေအနေနဲ့လည်း တာဝန်တွေ ပိုမရတဲ့အခါ စိတ်ရှည်ရှည်ထားရမယ်။
၅။ ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။
၅ တာဝန်လွှဲပြောင်းပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရှုထောင့်နှစ်မျိုးကနေ ဆွေးနွေးကြည့်ကြစို့။ ပထမ၊ တာဝန်တွေ ပိုယူတတ်အောင် လူငယ်တွေကို လူကြီးတွေ ဘယ်လို ကူညီပေးသင့်သလဲ။ ဘာကြောင့် အရေးကြီးသလဲ။ (၂ တိ. ၂:၂) ဒုတိယ၊ အတွေ့အကြုံပိုရှိတဲ့ ညီအစ်ကိုတွေကို လူငယ်တွေ ကူညီထောက်မပြီး သူတို့ဆီကနေ သင်ယူနေချိန်မှာ မှန်ကန်တဲ့သဘောထားရှိဖို့ ဘာကြောင့် အရေးကြီးသလဲ။ အရေးကြီးတဲ့ တာဝန် ထမ်းဆောင်ဖို့ သားဖြစ်သူကို ဘုရင်ဒါဝိဒ် ဘယ်လို အသင့်ပြင်ပေးသလဲဆိုတာ အရင်လေ့လာကြည့်ကြစို့။
ရှောလမုန်ကို ဒါဝိဒ် ပြင်ဆင်ထောက်မပေး
၆။ ဘုရင်ဒါဝိဒ် ဘာလုပ်ချင်သလဲ။ ယေဟောဝါ ဘာပြောသလဲ။
၆ ဝရမ်းပြေးအဖြစ် နှစ်ပေါင်းများစွာ နေထိုင်ပြီးနောက် ဒါဝိဒ်ဟာ ဘုရင်ဖြစ်လာပြီး နန်းတော်မှာ သက်သောင့်သက်သာနေရတယ်။ ယေဟောဝါကို ဆက်ကပ်အပ်နှံထားတဲ့ “အိမ်” ဗိမာန်တော် မရှိတဲ့အတွက် ဆောက်ပေးချင်တယ်။ ဒါကြောင့် ပရောဖက်နာသန်ကို ‘ငါသည် အာရဇ်သစ်သားအိမ်နှင့် နေ၏။ ယေဟောဝါ၏ ပဋိညာဉ်သေတ္တာတော်မူကား ကုလားကာဖြင့်သာ ကွယ်ကာလျက်နေရသည်’ ဆိုပြီး ပြောခဲ့တယ်။ ‘အကြံတော်ရှိသမျှအတိုင်း ပြုတော်မူပါ။ ဘုရားသခင်သည် [မင်းကြီး]နှင့်အတူ ရှိတော်မူသည်’ လို့ နာသန် ပြန်ပြောတယ်။ ဒါပေမဲ့ ယေဟောဝါကတော့ နောက်တစ်မျိုး ညွှန်ကြားခဲ့တယ်။ “သင်သည် ငါနေစရာဖို့ အိမ်ကို မဆောက်ရ” လို့ နာသန်ကတစ်ဆင့် ဒါဝိဒ်ကို ပြောခဲ့တယ်။ ဒါဝိဒ်ကို ကောင်းချီးဆက်ပေးမယ်လို့ ကတိပေးပေမဲ့ ဗိမာန်တော်ကို သားတော်ရှောလမုန်ပဲ ဆောက်ရမယ်လို့ ညွှန်ကြားခဲ့တယ်။ ဒါဝိဒ် ဘယ်လို တုံ့ပြန်ခဲ့သလဲ။—၅ ရာ. ၁၇:၁-၄၊ ၈၊ ၁၁၊ ၁၂။ ၂၉:၁။
၇။ ယေဟောဝါရဲ့ ညွှန်ကြားချက်ကို ဒါဝိဒ် ဘယ်လို တုံ့ပြန်ခဲ့သလဲ။
၇ ဗိမာန်တော် ဆောက်တယ်ဆိုတဲ့ နာမည်ကောင်း မရနိုင်တော့မှာကို ဒါဝိဒ် တွေးပြီး ရှောလမုန်ကို မကူညီဘဲ မနေဘူး။ ဗိမာန်တော် ဆောက်လုပ်ပြီးတဲ့အခါ ဒါဝိဒ်ဗိမာန်တော်အဖြစ် မဟုတ်ဘဲ ရှောလမုန်ဗိမာန်တော်လို့ပဲ နာမည်တွင်သွားတယ်။ ဆန္ဒရှိတဲ့အတိုင်း မလုပ်ရလို့ ဒါဝိဒ် စိတ်ပျက်နိုင်ပေမဲ့ ဒီလုပ်ငန်းကို အပြည့်အဝ ထောက်မခဲ့တယ်။ အလုပ်သမားတွေ အားတက်သရော စီစဉ်ပေးတယ်။ သံ၊ ကြေးဝါ၊ ငွေ၊ ရွှေ၊ အာရဇ်သစ်သားတွေ စုဆောင်းတယ်။ အဲဒီအပြင် ‘ငါ့သား၊ ယေဟောဝါသည် သင့်ဘက်၌နေ၍ အကြံထမြောက်စေတော်မူသဖြင့် အမိန့်တော်ရှိသည်အတိုင်း သင်သည် သင်၏ဘုရားသခင် ယေဟောဝါ၏ အိမ်တော်ကို တည်ဆောက်ရလိမ့်မည်’ လို့ ရှောလမုန်ကို အားပေးခဲ့တယ်။—၅ ရာ. ၂၂:၁၁၊ ၁၄-၁၆။
၈။ ရှောလမုန် မဦးစီးနိုင်ဘူးလို့ ဒါဝိဒ် ဘာကြောင့် တွေးမိနိုင်သလဲ။ ဒါပေမဲ့ ဘာလုပ်ခဲ့သလဲ။
၈ ၁ ရာဇဝင်ချုပ် ၂၂:၅ ကိုဖတ်ပါ။ ဒီလောက်အရေးကြီးတဲ့ စီမံကိန်းကို ရှောလမုန် ဦးစီးနိုင်မှာ မဟုတ်ဘူးလို့ ဒါဝိဒ် တွေးမိနိုင်တယ်။ တကယ်တော့ ဗိမာန်တော်ဟာ “အလွန်ထူးဆန်းသောအိမ်” ဖြစ်ပြီး အဲဒီအချိန်မှာ ရှောလမုန်က “အသက်ငယ်၍ နုသေး” တယ်။ ဒါပေမဲ့ ရှောလမုန် လုပ်ဆောင်နိုင်ဖို့ ယေဟောဝါ ကူညီပေးမယ်ဆိုတာ ဒါဝိဒ် သိတယ်။ ဒါကြောင့် ကူညီထောက်မပေးဖို့ပဲ အာရုံစိုက်ပြီး ဆောက်လုပ်ရေးပစ္စည်းတွေကို စုဆောင်းပေးခဲ့တယ်။
တခြားသူတွေကို ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်ပေးပါ
လူငယ်တွေ တာဝန်ကြီးတွေ ထမ်းဆောင်နေတာကို မြင်ရတာ ကျေနပ်စရာပါပဲ (အပိုဒ် ၉ ကိုကြည့်ပါ)
၉။ တာဝန်လွှဲပြောင်းတဲ့အခါ လူကြီးတွေ ကျေနပ်မှု ဘယ်လို ခံစားရနိုင်သလဲ၊ ဥပမာပေးပါ။
၉ လူငယ်တွေကို တာဝန်လွှဲပေးဖို့ လိုအပ်လာတဲ့အခါ အသက်ကြီးတဲ့ ညီအစ်ကိုတွေ စိတ်ဓာတ်မကျသင့်ဘူး။ တာဝန်ထမ်းဆောင်နိုင်ဖို့ လူငယ်တွေကို လေ့ကျင့်ပေးတဲ့အခါ အလုပ်ပြီးမြောက်ဖို့ အများကြီး အထောက်အကူ ရတယ်။ ကိုယ်လေ့ကျင့်ပေးလိုက်တဲ့ လူငယ်တွေ လုပ်နိုင်ကိုင်နိုင်တာ မြင်ရတဲ့အခါ လူကြီးတွေ ပီတိဖြစ်သင့်တယ်။ အဖေက သားကို ကားမောင်းသင်ပေးတယ် ဆိုပါစို့။ ကလေးအရွယ်မှာတော့ သားက အဖေမောင်းတာကို ဘေးကနေ ကြည့်တယ်။ နည်းနည်းကြီးလာတဲ့အခါ မောင်းပုံမောင်းနည်းကို အဖေက ရှင်းပြတယ်။ အသက်ပြည့်တဲ့အခါ အဖေ ထပ်ဆင့်သင်ပေးတဲ့အတိုင်း စမောင်းတယ်။ တစ်ခါတလေ အလှည့်ကျမောင်းမယ်။ နောက်ပိုင်းမှာတော့ အသက်ကြီးနေပြီဖြစ်တဲ့ အဖေအတွက် သားကပဲ အများဆုံး မောင်းပေးရတယ်။ အဖေဟာ သားဖြစ်သူ ကားမောင်းပေးတာကို ကျေနပ်ပြီး ထိန်းချုပ်ဖို့ မကြိုးစားဘူး။ အဲဒီလိုပဲ အဖွဲ့အစည်းမှာ လူငယ်တွေကို တာဝန်ယူနိုင်အောင် လေ့ကျင့်ပေးရတာကို လူကြီးတွေ ဂုဏ်ယူသင့်တယ်။
၁၀။ ထင်ပေါ်မှု၊ အခွင့်အာဏာနဲ့ပတ်သက်ပြီး မောရှေ ဘယ်လို ခံစားရသလဲ။
၁၀ အသက်ကြီးသူတွေအနေနဲ့ မနာလိုစိတ် မဝင်အောင် ဂရုစိုက်ရမယ်။ အစ္စရေးတပ်စခန်းမှာ လူတချို့ ပရောဖက်ပြုနေတာကို မောရှေ ဘယ်လို တုံ့ပြန်ခဲ့သလဲဆိုတာ သတိပြုကြည့်ပါ။ (တောလည်ရာ ၁၁:၂၄–၂၉ ကိုဖတ်ပါ။) မောရှေရဲ့ လက်ထောက် ယောရှုက သူတို့ကို တားချင်တယ်။ မောရှေရဲ့ ထင်ပေါ်မှုနဲ့ အခွင့်အာဏာ ယုတ်လျော့သွားမှာကို တွေးပူခဲ့ပုံရတယ်။ ဒါပေမဲ့ မောရှေက ‘သင်သည် ငါ့အတွက် ငြူစူသောစိတ်ရှိသလော။ ယေဟောဝါ၏ လူအားလုံးတို့သည် ပရောဖက် ဖြစ်ကြပါစေသော။ ယေဟောဝါသည် စွမ်းအားတော်ကို သူတို့ပေါ်မှာ တင်တော်မူပါစေသော’ လို့ပြန်ပြောခဲ့တယ်။ ဒီကိစ္စမှာ ယေဟောဝါရဲ့ လက်တော် ပါတာကို မောရှေသိတယ်။ ကိုယ့်ဂုဏ်တက်ဖို့ပဲ မစဉ်းစားဘဲ ယေဟောဝါရဲ့ ကျေးကျွန်အားလုံးကို တန်းတူဆုကျေးဇူး ရရှိစေချင်တယ်။ ကိုယ်ရမယ့်အခွင့်ထူးတွေကို တခြားသူတွေ ရသွားတဲ့အခါ ကျွန်တော်တို့လည်း မောရှေလိုပဲ ပျော်ရွှင်ကျေနပ်သင့်တယ် မဟုတ်လား။
၁၁။ တာဝန်လွှဲပြောင်းခြင်းနဲ့ပတ်သက်ပြီး ညီအစ်ကိုတစ်ယောက် ဘယ်လို ခံစားရသလဲ။
၁၁ ဆယ်စုနှစ်တွေတစ်လျှောက် တက်တက်ကြွကြွ လုပ်ဆောင်ခဲ့တဲ့၊ တာဝန်တွေ ပိုယူနိုင်အောင် တခြားသူတွေကို လေ့ကျင့်ပေးခဲ့တဲ့ ညီအစ်ကိုတွေ ဒီနေ့ခေတ်မှာ အများကြီး ရှိပါတယ်။ ဥပမာ၊ ညီအစ်ကို ပီတာဟာ ဥရောပဌာနခွဲရုံးတစ်ခုမှာ အမှုဆောင်ခဲ့တဲ့ ၃၅ နှစ်အပါအဝင် အချိန်ပြည့်လုပ်ငန်းမှာ ၇၄ နှစ်ကျော် ပါဝင်ခဲ့တယ်။ မကြာသေးခင်အထိ လုပ်ငန်းတော်ဌာန ကြီးကြပ်မှူး ဖြစ်ခဲ့တယ်။ အခုတော့ ပီတာနဲ့အတူ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တဲ့ လူငယ်ညီအစ်ကို ပေါလ်က အဲဒီတာဝန်ကို ထမ်းဆောင်နေတယ်။ တာဝန်အပြောင်းအလဲနဲ့ပတ်သက်ပြီး ဘယ်လို ခံစားရသလဲလို့ ပီတာကို မေးတဲ့အခါ ဒီလိုပြန်ဖြေတယ်– “တာဝန်ကြီးတွေ လက်ခံနိုင်ဖို့ လေ့ကျင့်ခံထားရတဲ့ ညီအစ်ကိုတွေ ရှိနေလို့၊ တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်နေကြလို့ ကျွန်တော် သိပ်ပျော်တယ်။”
အသက်ကြီးသူတွေကို တန်ဖိုးထားပါ
၁၂။ ရောဗောင်အကြောင်း ကျမ်းမှတ်တမ်းကနေ ဘာသင်ယူသင့်သလဲ။
၁၂ ရှောလမုန် သေဆုံးသွားတဲ့အခါ သားတော် ရောဗောင် ဘုရင်ဖြစ်လာတယ်။ တာဝန်တွေ ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး အကြံဉာဏ် လိုအပ်တဲ့အခါ အရင်ဆုံး လူကြီးတွေကို မေးမြန်းတယ်။ ဒါပေမဲ့ သူတို့ရဲ့ အကြံဉာဏ်အတိုင်း မလုပ်ဘူး။ အဲဒီအစား သူ့ဆီမှာ ခစားတဲ့ သူငယ်ချင်းတွေရဲ့ အကြံဉာဏ်အတိုင်း လုပ်ဆောင်ခဲ့တယ်။ ဒါကြောင့် အဖြစ်ဆိုးတွေ ကြုံခဲ့ရတယ်။ (၆ ရာ. ၁၀:၆-၁၁၊ ၁၉) သင်ခန်းစာက ဘာလဲ။ အသက်ကြီးပြီး အတွေ့အကြုံရှိသူတွေရဲ့ အကြံဉာဏ်ကို တောင်းခံပြီး ဂရုတစိုက် ထည့်စဉ်းစားတာ ပညာရှိရာ ကျတယ်။ အရင်က လုပ်ပုံကိုင်ပုံတွေ အလုပ်မဖြစ်ဘူးဆိုပြီး ပြောင်းလဲဖို့ မစဉ်းစားဘဲ လူကြီးတွေရဲ့ အကြံဉာဏ်ကို လေးစားသင့်တယ်။
၁၃။ လူငယ်တွေဟာ လူကြီးတွေနဲ့ ဘယ်လို ပူးပေါင်းလုပ်ဆောင်သင့်သလဲ။
၁၃ အခု လူငယ်တချို့ဟာ လူကြီးတွေရဲ့ အလုပ်ကို ကြီးကြပ်ရတဲ့တာဝန်တွေ ရရှိထားနိုင်တယ်။ အဲဒီလူငယ်တွေရဲ့ အနေအထား ပြောင်းလဲသွားပေမဲ့ ဆုံးဖြတ်ချက်တွေ မချခင် အသက်ကြီးသူတွေရဲ့ ဉာဏ်ပညာနဲ့ အတွေ့အကြုံတွေကနေ အကျိုးရယူသင့်တယ်။ လုပ်ငန်းတော်ဌာနကြီးကြပ်မှူးအဖြစ် ပီတာရဲ့ နေရာမှာ အစားဝင်လာတဲ့၊ အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ပေါလ်က “ပီတာရဲ့ အကြံဉာဏ်ကို ကျွန်တော် တောင်းခံတယ်။ ဌာနက တခြားသူတွေကိုလည်း အဲဒီလိုလုပ်ဖို့ အားပေးတယ်” လို့ပြောတယ်။
၁၄။ တိမောသေနဲ့ တမန်တော်ပေါလုတို့ ပူးပေါင်းလုပ်ဆောင်မှုကနေ ဘာသင်ယူနိုင်သလဲ။
၁၄ လူငယ်တိမောသေဟာ တမန်တော်ပေါလုနဲ့ နှစ်ပေါင်းများစွာ တွဲလုပ်ဆောင်ခဲ့တယ်။ (ဖိလိပ္ပိ ၂:၂၀–၂၂ ကိုဖတ်ပါ။) ကောရိန္သုမြို့က ခရစ်ယာန်တွေဆီ ပေါလု ဒီလိုရေးခဲ့တယ်– “သခင်၌ သစ္စာရှိသော ငါ၏ချစ်သား တိမောသေကို သင်တို့ထံ ငါစေလွှတ်လိုက်၏။ အရပ်ရပ်ရှိ အသင်းတော်တိုင်းတွင် ငါသွန်သင်ပေးသည့်အတိုင်း ခရစ်တော်ယေရှု၌ ငါ၏နည်းလမ်းများကို သူသည် သင်တို့အား သတိရစေလိမ့်မည်။” (၁ ကော. ၄:၁၇) အဲဒီဖော်ပြချက်က ပေါလုနဲ့ တိမောသေရဲ့ အနီးကပ်ပူးပေါင်းလုပ်ဆောင်မှုကို သိရှိစေတယ်။ ပေါလုက ခရစ်တော်နဲ့ပတ်သက်တဲ့ မိမိ “နည်းလမ်း” တွေအကြောင်း တိမောသေကို အချိန်ယူ သင်ပေးခဲ့တယ်။ တိမောသေ ကောင်းကောင်း သင်ယူတဲ့အတွက် ပေါလုရဲ့ ချစ်ခင်မှု ရရှိခဲ့တယ်။ ကောရိန္သုမြို့က ညီအစ်ကို/မတွေကို တိမောသေ ကောင်းကောင်း ဂရုစိုက်ပေးနိုင်တယ်ဆိုတာ ပေါလု ယုံကြည်စိတ်ချခဲ့တယ်။ အသင်းတော်မှာ ဦးဆောင်ဖို့ လေ့ကျင့်ပေးတဲ့အခါ အကြီးအကဲတွေ တုပသင့်တဲ့ ပုံသက်သေကောင်းပါပဲ။
ယောက်တိုင်း အရေးပါ
၁၅။ အပြောင်းအလဲက ကျွန်တော်တို့ကို ထိခိုက်လာတဲ့အခါ ရောမမြို့က ခရစ်ယာန်တွေကို ပေါလု ပေးခဲ့တဲ့ အကြံဉာဏ်က ဘယ်လို အကူအညီ ဖြစ်စေသင့်သလဲ။
၁၅ စိတ်လှုပ်ရှားစရာ ကောင်းတဲ့အချိန်မှာ ကျွန်တော်တို့ အသက်ရှင်နေကြတယ်။ ယေဟောဝါ့ အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းဟာ နည်းလမ်းများစွာမှာ တိုးတက်နေတယ်။ တိုးတက်မှုကြောင့် အပြောင်းအလဲတွေ လုပ်ဖို့ လိုအပ်လာတယ်။ ဒီအပြောင်းအလဲက ကိုယ့်ကို ထိခိုက်လာတဲ့အခါ နှိမ့်ချကြပါစို့။ ကိုယ်ကျိုးထက် ဘုရားနိုင်ငံတော်အကျိုးကို ဦးစားထားကြပါစို့။ အဲဒါက စည်းလုံးမှုကို တိုးပွားစေတယ်။ ရောမမြို့က ခရစ်ယာန်တွေဆီ ပေါလု ဒီလိုရေးခဲ့တယ်– “သင်တို့သည် ကိုယ်ကိုထင်သင့်သည်ထက် လွန်၍မထင်ဘဲ လူအသီးသီးတို့အား ဘုရားသခင် ဝေမျှတော်မူသော ယုံကြည်ခြင်းပမာဏအတိုင်း သင့်လျော်စွာ ထင်ကြရန် . . . သင်တို့တွင် ရှိသမျှသောသူတို့ကို မှာထား၏။ အကြောင်းမူကား ခန္ဓာကိုယ်တစ်ခုတည်း၌ အင်္ဂါအများရှိ၍ ထိုအင်္ဂါများသည် အလုပ်တာဝန်ချင်း မတူသကဲ့သို့၊ ထို့အတူ ငါတို့သည် လူအများဖြစ်သော်လည်း ခရစ်တော်၌ ခန္ဓာကိုယ် တစ်ခုတည်းဖြစ် . . . ကြ၏။”—ရော. ၁၂:၃-၅။
၁၆။ လူကြီးလူငယ်၊ ဇနီးသည်တွေဟာ ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ စည်းလုံးငြိမ်သက်မှုရှိဖို့ ဘာလုပ်နိုင်သလဲ။
၁၆ ကျွန်တော်တို့ရဲ့ အခြေအနေ ဘယ်လိုပဲ ရှိပါစေ ယေဟောဝါရဲ့ နိုင်ငံတော် အကျိုးစီးပွား တိုးတက်ရေးအတွက် လုပ်ဆောင်ကြပါစို့။ အသက်ကြီးသူတို့၊ လူငယ်တွေကို လေ့ကျင့်ပေးပါ။ လူငယ်တို့၊ တာဝန်တွေကို လက်ခံပါ။ ကျိုးနွံပါ။ အသက်ကြီးသူတွေကို လေးစားပါ။ ဇနီးသည်တို့၊ အခြေအနေတွေ ပြောင်းလဲချိန်မှာ အာကုလကို သစ္စာရှိရှိ ထောက်မခဲ့တဲ့ ပြစ်ကိလကို တုပကြပါ။—တ. ၁၈:၂။
၁၇။ တပည့်တွေကို ယေရှု ဘယ်လောက်ထိ ယုံကြည်စိတ်ချခဲ့သလဲ။ သူတို့ကို ဘာအတွက် လေ့ကျင့်ပေးခဲ့သလဲ။
၁၇ တာဝန်တွေ ထမ်းဆောင်နိုင်အောင် တခြားသူတွေကို လေ့ကျင့်ပေးတဲ့ကိစ္စမှာ ယေရှုဟာ အကောင်းဆုံး ပုံသက်သေပဲ။ မိမိရဲ့ မြေကြီးအမှုဆောင်လုပ်ငန်း ပြီးဆုံးသွားမယ်၊ ဒီလုပ်ငန်းကို တခြားသူတွေ ဆက်လုပ်ဆောင်ကြမယ်ဆိုတာ ယေရှု သိတယ်။ တပည့်တွေ မစုံလင်ပေမဲ့ သူတို့ကို ယုံကြည်စိတ်ချတယ်။ မိမိလုပ်ဆောင်ခဲ့တာထက် ပိုကြီးတဲ့အမှုတွေကို လုပ်ဆောင်ကြလိမ့်မယ်လို့ ပြောခဲ့တယ်။ (ယော. ၁၄:၁၂) ဆရာစားမချန် လေ့ကျင့်ပေးခဲ့တယ်။ တပည့်တွေဟာ အဲဒီတုန်းက တစ်လောကလုံးမှာ သတင်းကောင်း ကြေညာနိုင်ခဲ့ကြတယ်။—ကော. ၁:၂၃။
၁၈။ ရှေ့မှာ ဘာအလားအလာတွေ ရှိသလဲ။ အခုချိန်မှာ ဘာလုပ်နိုင်သလဲ။
၁၈ ယေရှုဟာ ပူဇော်သကာအဖြစ် သေဆုံးပြီးနောက် ကောင်းကင်ကို ရှင်ပြန်ထမြောက်သွားတယ်။ အလုပ်တွေ ပိုလုပ်ဆောင်နိုင်ဖို့ “အစိုးရအာဏာစက်၊ တန်ခိုး၊ အုပ်ချုပ်မှုရှိသမျှတို့ . . . ထက်မြင့်မြတ်” တဲ့အခွင့်အာဏာ ပေးအပ်ခံရတယ်။ (ဧ. ၁:၁၉-၂၁) ကျွန်တော်တို့ဟာ အာမဂေဒုန် မတိုင်ခင် သစ္စာရှိရှိ သေဆုံးသွားမယ်ဆိုရင် ဖြောင့်မတ်တဲ့ကမ္ဘာသစ်မှာ ပြန်အသက်ရှင်လာမယ်။ အဲဒီမှာ ကျေနပ်ဖွယ် အလုပ်များစွာ ရှိပါမယ်။ အခုချိန်မှာ ကျွန်တော်တို့အားလုံး လုပ်ဆောင်နိုင်တဲ့ အရေးကြီးဆုံးအလုပ်ကတော့ သတင်းကောင်း ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းပါပဲ။ လူကြီးလူငယ်အားလုံး “သခင်၏အမှုတော်တွင် အလုပ်များ” နေကြပါစို့။—၁ ကော. ၁၅:၅၈။