စမ်းသပ်မှု ကြုံရချိန်မှာ ကျိုးနွံမှုကို ထိန်းသိမ်းထားနိုင်
‘ဘုရားသခင်နဲ့အတူ ကျိုးနွံစွာ လျှောက်လှမ်းပါ။’—မိ. ၆:၈၊ ကဘ။
၁–၃။ ယုဒပြည်က အမည်မဖော်ပြထားတဲ့ ပရောဖက်ဟာ ဘာလုပ်ဖို့ ပျက်ကွက်ခဲ့သလဲ။ ဘာရလဒ် ရခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)
ဘုရင်ယေရောဗောင် နန်းစံချိန်အတွင်း ယေဟောဝါက ယုဒပြည်ရဲ့ ပရောဖက်တစ်ပါးကို စေလွှတ်ပြီး အယူဖောက်ပြန်တဲ့ အဲဒီအစ္စရေးဘုရင်ကို တရားစီရင်ချက်သတင်း ကြေညာစေတယ်။ နှိမ့်ချတဲ့ပရောဖက်ဟာ ဘုရားသခင့် သတင်းစကားကို သစ္စာရှိရှိ ကြေညာခဲ့တဲ့အတွက် ယေရောဗောင်ရဲ့ အမျက်ဒေါသကနေ ပရောဖက်ကို ယေဟောဝါ ကာကွယ်ပေးခဲ့တယ်။—၃ ရာ. ၁၃:၁-၁၀။
၂ အိမ်အပြန်လမ်းမှာ ပရောဖက်ဟာ ဗေသလမြို့နားက အသက်ကြီးသူတစ်ယောက်နဲ့ မထင်မှတ်ဘဲ ဆုံတွေ့လိုက်တယ်။ အဲဒီအသက်ကြီးသူက သူ့ကိုယ်သူ ယေဟောဝါရဲ့ ပရောဖက်လို့ ပြောတယ်။ အစ္စရေးပြည်မှာ ‘မုန့်ကို မစားနှင့်။ ရေကို မသောက်နှင့်။ လာသောလမ်းဖြင့် မပြန်နှင့်’ ဆိုတဲ့ ယေဟောဝါရဲ့ တင်းကျပ်တဲ့ ညွှန်ကြားချက်ကို မနာခံဖို့ ပရောဖက်ငယ်ကို လှည့်စားခဲ့တယ်။ အဲဒါကို ယေဟောဝါ မနှစ်သက်ဘူး။ နောက်ပိုင်း အိမ်အပြန်လမ်းမှာ ယေဟောဝါရဲ့ ပရောဖက်ဟာ ခြင်္သေ့နဲ့ ပက်ပင်းတိုးပြီး အသတ်ခံလိုက်ရတယ်။—၃ ရာ. ၁၃:၁၁-၂၄။
၃ ကျိုးနွံမှုရှိခဲ့တဲ့ ပရောဖက်ဟာ လှည့်စားတဲ့ အသက်ကြီးသူနဲ့အတူ ဘာကြောင့် ရောင့်တက်စွာ လိုက်သွားရတာလဲ။ ကျမ်းစာမှာ မဖော်ပြထားဘူး။ ဒါပေမဲ့ ‘ဘုရားသခင်နဲ့အတူ ကျိုးနွံစွာ လျှောက်လှမ်း’ ရမယ်ဆိုတာ လုံးဝ မေ့သွားတာ ဖြစ်နိုင်တယ်။ (မိက္ခာ ၆:၈ ကိုဖတ်ပါ။)a ကျမ်းစာမှာ ယေဟောဝါနဲ့အတူ လျှောက်လှမ်းခြင်းဆိုတာ ကိုယ်တော့်ကို ယုံကြည်ကိုးစားခြင်း၊ အချုပ်အခြာအာဏာကို ထောက်ခံခြင်း၊ ကိုယ်တော့်ဦးဆောင်မှုနောက် လိုက်ခြင်းကို ဆိုလိုတယ်။ ကျိုးနွံသူဟာ မေတ္တာရှင်၊ အနန္တတန်ခိုးရှင်ဖခင်နဲ့ အမြဲဆက်သွယ်နိုင်တယ်၊ ဆက်သွယ်ရမယ်ဆိုတာ ကောင်းကောင်းသိတယ်။ ပရောဖက်ဟာ ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို ရှင်းရှင်းလင်းလင်း သိအောင် မေးမြန်းနိုင်ပါရဲ့။ ဒါပေမဲ့ မေးမြန်းခဲ့တယ်လို့ ကျမ်းစာမှာ မဖော်ပြထားဘူး။ ကျွန်တော်တို့လည်း ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချရတဲ့အခါ မှန်ကန်တဲ့လမ်းကို ဝေခွဲမရဘဲ ဖြစ်နိုင်တယ်။ ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို ကျိုးနွံစွာ တောင်းခံခြင်းက ကြီးလေးတဲ့အမှားတွေ မလုပ်မိအောင် ကူညီပေးတယ်။
၄။ ဒီဆောင်းပါးမှာ ဘာလေ့လာကြမလဲ။
၄ ရှေ့ဆောင်းပါးမှာ ခရစ်ယာန်တွေအတွက် ကျိုးနွံမှု ဘာကြောင့် အရေးပါနေဆဲလဲ၊ ကျိုးနွံမှုမှာ ဘာတွေ ပါဝင်သလဲဆိုတာတွေကို လေ့လာခဲ့ကြတယ်။ ဒါပေမဲ့ ဘယ်အခြေအနေတွေက ကျွန်တော်တို့ရဲ့ ကျိုးနွံမှုကို စမ်းသပ်နိုင်သလဲ။ ဖိစီးမှုကြုံရချိန်မှာတောင် ကျိုးနွံမှု ထိန်းသိမ်းနိုင်ဖို့ ဒီနှစ်လို့ဖွယ် အရည်အသွေးကို ဘယ်လို ပျိုးထောင်နိုင်သလဲ။ ဒီမေးခွန်းတွေကို ဖြေဆိုဖို့ စမ်းသပ်မှုဖြစ်စေနိုင်တဲ့ အခြေအနေ သုံးခုနဲ့ အခြေအနေတစ်ခုစီမှာ ပညာရှိရှိ လုပ်ဆောင်နိုင်ပုံကို ဆွေးနွေးသွားကြပါမယ်။—သု. ၁၁:၂။
အခြေအနေတွေ ပြောင်းလဲသွားတဲ့အခါ
၅၊ ၆။ ဗာဇိလဲက ကျိုးနွံမှုကို ဘယ်လို ဖော်ပြခဲ့သလဲ။
၅ ကိုယ်ရေးကိုယ်တာ အခြေအနေ၊ တာဝန်အပြောင်းအလဲတွေက ကျိုးနွံမှုရှိဖို့ စမ်းသပ်မှု ဖြစ်စေနိုင်တယ်။ နန်းတော်မှာ လိုက်နေဖို့ ဒါဝိဒ် ဖိတ်ခေါ်တဲ့အခါ အသက် ၈၀ အရွယ် ဗာဇိလဲ အလွန်ဂုဏ်ယူခဲ့မှာပဲ။ ဒါဝိဒ်ရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံလိုက်ရင် ဘုရင်နဲ့ မိတ်ဖွဲ့ပေါင်းသင်းခွင့် ဆက်ရမယ်။ ဒါပေမဲ့ ဗာဇိလဲ ငြင်းလိုက်တယ်။ ဘာကြောင့်လဲ။ အသက်ကြီးနေပြီမို့ ဘုရင်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး။ သူ့အစား သားဖြစ်ပုံရတဲ့ ခိမဟံကို ခေါ်သွားဖို့ ဗာဇိလဲ ပြောခဲ့တယ်။—၂ ရာ. ၁၉:၃၁-၃၇။
၆ ကျိုးနွံမှုက မျှမျှတတဆုံးဖြတ်ဖို့ ဗာဇိလဲကို ကူညီပေးခဲ့တယ်။ တာဝန် မထမ်းဆောင်နိုင်တော့လို့၊ အေးအေးဆေးဆေး နေချင်လို့ ဒါဝိဒ်ရဲ့ ဖိတ်ခေါ်ချက်ကို ငြင်းလိုက်တာ မဟုတ်ဘူး။ ပြောင်းလဲနေတဲ့ အခြေအနေတွေနဲ့ ကိုယ့်ရဲ့ ကန့်သတ်ချက်တွေကို အသိအမှတ်ပြုလက်ခံလို့ပဲ။ သူတတ်နိုင်တာထက် တာဝန်ပိုမယူချင်ဘူး။ (ဂလာတိ ၆:၄၊ ၅ ကိုဖတ်ပါ။) ကျွန်တော်တို့ဟာ အခွင့်အရာ၊ ထင်ပေါ်မှု၊ အသိအမှတ်ပြုခံရမှုကိုပဲ အာရုံစိုက်မယ်ဆိုရင် အတ္တကြီးလာမယ်၊ အပြိုင်အဆိုင် ဖြစ်လာမယ်၊ နောက်ဆုံး စိတ်ပျက်စရာပဲ ကြုံတွေ့ရမယ်။ (ဂလ. ၅:၂၆) ကျိုးနွံမှုကတော့ ကိုယ့်ရဲ့ အစွမ်းအစတွေ၊ လုပ်အားတွေကို ဘုရားကို ဂုဏ်တင်ချီးမွမ်းရာမှာ၊ တခြားသူတွေကို အကောင်းဆုံး ကူညီပေးရာမှာသုံးဖို့ အာရုံစိုက်စေတယ်။—၁ ကော. ၁၀:၃၁။
၇၊ ၈။ ကိုယ့်ကိုယ်ကိုယ် အားမကိုးဖို့ ကျိုးနွံမှုက ဘယ်လို ကူညီပေးနိုင်သလဲ။
၇ တာဝန်များလေ အခွင့်အာဏာ ပိုရတတ်လေပါပဲ။ အဲဒါက ကျိုးနွံမှုကို စမ်းသပ်မှု ဖြစ်စေနိုင်တယ်။ ဂျေရုဆလင်မြို့သားတွေရဲ့ အခြေအနေကို နေဟမိ ကြားသိတဲ့အခါ ယေဟောဝါဆီ ပြင်းပြစွာ ဆုတောင်းခဲ့တယ်။ (နေ. ၁:၄၊ ၁၁) ယေဟောဝါရဲ့ ကောင်းချီးကြောင့် ဘုရင်ခံအဖြစ် နေဟမိကို ဘုရင်အာတဇေရဇ် ခန့်အပ်ခဲ့တယ်။ ထင်ပေါ်တဲ့ရာထူး၊ ချမ်းသာကြွယ်ဝမှု၊ အခွင့်အာဏာ အတော်အတန်ရှိပေမဲ့ နေဟမိဟာ ကိုယ့်အတွေ့အကြုံနဲ့ အစွမ်းအစတွေကို အားမကိုးခဲ့ဘူး။ ဘုရားသခင်နဲ့ ဆက်လျှောက်လှမ်းခဲ့တယ်။ ပညတ်ကျမ်းကို လေ့လာခြင်းအားဖြင့် ယေဟောဝါရဲ့ လမ်းညွှန်မှုကို ဆက်ရှာဖွေခဲ့တယ်။ (နေ. ၈:၁၊ ၈၊ ၉) တခြားသူတွေကို မခြယ်လှယ်ဘူး။ အခွင့်အာဏာကို ကိုယ်ကျိုးအတွက် အသုံးမပြုဘူး။—နေ. ၅:၁၄-၁၉။
၈ တာဝန်ပြောင်းလဲသွားတဲ့အခါ၊ ထပ်ဆင့်တာဝန်တွေ ရလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အားမကိုးဖို့ ကျိုးနွံမှုက ကူညီပေးနိုင်မှန်း နေဟမိရဲ့ ပုံသက်သေက ဖော်ပြတယ်။ အကြီးအကဲတစ်ယောက်ဟာ ကိုယ့်အတွေ့အကြုံကိုပဲ အားကိုးမယ်ဆိုရင် အသင်းတော်ကိစ္စတွေကို ယေဟောဝါဆီ အရင် ဆုမတောင်းဘဲ ကိုင်တွယ်မိနိုင်တယ်။ တခြားသူတွေကျတော့ အရင်ဆုံးဖြတ်ချက်ချပြီးမှ အဲဒီဆုံးဖြတ်ချက်ကို ကောင်းချီးပေးဖို့ ဆုတောင်းကြတယ်။ အဲဒါ ကျိုးနွံမှုလား။ ကျိုးနွံသူဟာ ဘုရားသခင်ရှေ့မှာ၊ ဘုရားသခင့် အစီအစဉ်မှာ ကိုယ့်နေရာကို အမြဲအမှတ်ရပါလိမ့်မယ်။ ကိုယ့်အစွမ်းအစတွေက အရေးမကြီးပါဘူး။ အထူးသဖြင့် အရင်က ကြုံဖူးတဲ့ အခြေအနေ၊ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အားမကိုးမိအောင် သတိထားရမယ်။ (သုတ္တံ ၃:၅၊ ၆ ကိုဖတ်ပါ။) ကိုယ့်တာဝန်ကြောင့် မိသားစုမှာ၊ အသင်းတော်မှာ တခြားသူတွေထက် သာသွားတာ မဟုတ်ဘဲ ဘုရားသခင်ရဲ့ အိမ်ထောင်စုမှာ အတူတကွ လုပ်ဆောင်နေတယ်လို့ စဉ်းစားတတ်ရမယ်။—၁ တိ. ၃:၁၅။
ဝေဖန်ခံရတဲ့အခါ၊ ချီးမွမ်းခံရတဲ့အခါ
၉၊ ၁၀။ မတရားဝေဖန်ခံရတဲ့အခါ ကျိုးနွံမှုက ဘယ်လိုကူညီပေးနိုင်သလဲ။
၉ မတရားဝေဖန်ခံရတဲ့အခါ ခံစားချက်တွေကို ထိန်းချုပ်ဖို့ ခက်နိုင်တယ်။ မယားပြိုင် ပေနိန္နရဲ့ ကဲ့ရဲ့မှု အမြဲခံရလို့ ဟန္န မကြာခဏ ငိုခဲ့ရတယ်။ ဟန္နဟာ ခင်ပွန်းရဲ့ အချစ်ခံရပေမဲ့ မြုံနေရှာတယ်။ နောက်ပိုင်း တဲတော်မှာ ဆုတောင်းနေတဲ့အခါ ပုရောဟိတ်မင်း ဧလိက အရက်မူးနေတယ်လို့ မှားယွင်းစွာ စွပ်စွဲခဲ့တယ်။ ဒါတွေကြုံရတာတောင် ကျိုးနွံမှုရှိတဲ့ ဟန္နဟာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပြီး ဧလိကို လေးလေးစားစား ပြန်ပြောခဲ့တယ်။ ဟန္နရဲ့ ထိမိလှတဲ့ ဆုတောင်းချက်ကို ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ အဲဒီဆုတောင်းချက်မှာ ယုံကြည်ခြင်း၊ ချီးမွမ်းခြင်း၊ ကျေးဇူးတင်လေးမြတ်ခြင်း အပြည့်ပဲ။—၁ ရာ. ၁:၅-၇၊ ၁၂-၁၆။ ၂:၁-၁၀။
၁၀ ကျိုးနွံမှုက “အကောင်းအားဖြင့် အဆိုးကို ဆက်၍အနိုင်ယူနေ” ဖို့လည်း ကူညီပေးနိုင်တယ်။ (ရော. ၁၂:၂၁) မမျှတတဲ့ စာတန့်လောကမှာ လူဆိုးတွေရဲ့ လုပ်ရပ်ကြောင့် မနာကြည်းဖို့ တိုက်လှန်ရမယ်။ (ဆာ. ၃၇:၁) ညီအစ်ကို/မတွေနဲ့ ပြဿနာဖြစ်တဲ့အခါ ပိုလို့တောင် နာကျင်ခံစားရနိုင်တယ်။ ဒါပေမဲ့ ကျိုးနွံသူဟာ ယေရှုကို တုပပါလိမ့်မယ်။ ယေရှုဟာ “ကဲ့ရဲ့ရှုတ်ချခံရသောအခါ ပြန်၍ကဲ့ရဲ့ရှုတ်ချခြင်း မပြု။ . . . ဖြောင့်မတ်စွာ တရားစီရင်တော်မူသောအရှင်ထံ မိမိကိုယ်ကို အပ်တော်မူ၏” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ပေ. ၂:၂၃) လက်စားချေခြင်းဟာ ယေဟောဝါရဲ့ ကိစ္စမှန်း ယေရှု သိထားတယ်။ (ရော. ၁၂:၁၉) ခရစ်ယာန်တွေလည်း နှိမ့်ချနေဖို့၊ “အဆိုးကို အဆိုးနှင့် တုံ့ပြန်ခြင်း” မပြုဖို့ တိုက်တွန်းခံရတယ်။—၁ ပေ. ၃:၈၊ ၉။
၁၁၊ ၁၂။ (က) ချီးမွမ်းမြှောက်ပင့်ခံရတဲ့အခါ ကျိုးနွံမှုက ဘယ်လို ကူညီပေးနိုင်သလဲ။ (ခ) ကျိုးနွံမှုက ဝတ်စားဖြီးလိမ်းပုံနဲ့ အပြုအမူအပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။
၁၁ အလွန်အကျွံ ချီးမွမ်းမြှောက်ပင့်ခြင်းက ကျိုးနွံမှုကို စမ်းသပ်မှု ဖြစ်စေနိုင်တယ်။ အံ့ဩစရာကောင်းလောက်အောင် အခြေအနေတွေ ပြောင်းလဲသွားတဲ့အခါ ဧသတာရဲ့ တုံ့ပြန်ပုံကို သုံးသပ်ကြည့်ပါ။ ချောမောလှပပြီး တစ်နှစ်ပတ်လုံး အလှပြုပြင်ခံရတယ်။ ဘုရင့်ဂရုစိုက်မှုရဖို့ အပြိုင်အဆိုင်ဖြစ်နေတဲ့ ပါးရှားအင်ပါယာတစ်ခွင်က မိန်းကလေးတွေနဲ့ ဧသတာ နေ့တိုင်း ထိတွေ့ဆက်ဆံခဲ့ရတယ်။ ဒါပေမဲ့ လေးလေးစားစား၊ တည်တည်ငြိမ်ငြိမ်ပဲ။ မိဖုရားအဖြစ် ရွေးကောက်ခံရပြီးနောက်မှာတောင် မာနကြီးတာ၊ ရောင့်တက်တာမျိုး မရှိခဲ့ဘူး။—ဧသ. ၂:၉၊ ၁၂၊ ၁၅၊ ၁၇။
ကျွန်တော်တို့ရဲ့ ဝတ်စားဖြီးလိမ်းပုံက ယေဟောဝါနဲ့ တခြားသူတွေကို လေးစားကြောင်း ဖော်ပြသလား ဒါမှမဟုတ် ကျိုးနွံမှု မရှိကြောင်း ဖော်ပြနေသလား (အပိုဒ် ၁၂ ကိုကြည့်ပါ)
၁၂ ကျိုးနွံမှုက ဣန္ဒြေရှိရှိ၊ လေးလေးစားစား ဝတ်စားဖြီးလိမ်း၊ ပြုမူဖို့ အမြဲ ကူညီပေးတယ်။ ကြွားဝါခြင်း၊ အာရုံစိုက်ခံရဖို့ လုပ်ဆောင်ခြင်းကြောင့် မဟုတ်ဘဲ “နူးညံ့ငြိမ်သက်ခြင်းသဘော” ကြောင့်သာ လူအထင်ကြီးခံရမယ်ဆိုတာ သိမှတ်ကြတယ်။ (၁ ပေတရု ၃:၃၊ ၄ ကိုဖတ်ပါ။ ယေ. ၉:၂၃၊ ၂၄) မာနကြီးတဲ့ သဘောထားတွေဟာ ကိုယ့်အပြုအမူမှာ ပေါ်လာပါလိမ့်မယ်။ အခွင့်ထူးတွေ ရထားတယ်၊ အတွင်းရေးတွေ သိထားတယ်၊ တာဝန်ရှိ ညီအစ်ကိုတွေနဲ့ ရင်းနှီးတယ်ဆိုတာတွေကို မသိမသာ ပြောမိနိုင်တယ်။ ပူးပေါင်းလုပ်ဆောင်လို့ ရလာတဲ့အောင်မြင်မှုတွေကို ကိုယ့်ကြောင့်ပဲ ရသလို ပြောလာနိုင်တယ်။ ဒီကိစ္စမှာလည်း ယေရှု စံနမူနာ ပြခဲ့တယ်။ ယေရှု ပြောခဲ့တဲ့စကားအများစုဟာ ဟီဘရူးကျမ်းစောင်တွေကနေ ကိုးကားထားတာဖြစ်တယ်။ မိမိပြောတာတွေဟာ ကိုယ်ပိုင်စကား မဟုတ်ဘဲ ယေဟောဝါဆီက လာတယ်ဆိုတာ နားထောင်သူတွေ သိအောင် ယေရှု ကျိုးနွံစွာ ကိုးကားခဲ့တာဖြစ်တယ်။—ယော. ၈:၂၈။
မသေချာမရေရာမှု ကြုံရတဲ့အခါ
၁၃၊ ၁၄။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ ကျိုးနွံမှုက ဘယ်လို ကူညီပေးနိုင်သလဲ။
၁၃ ဆုံးဖြတ်ချက်တွေ ချတဲ့အခါမှာလည်း ကျိုးနွံမှု စမ်းသပ်ခံရနိုင်တယ်။ တမန်တော်ပေါလု ကဲသရိမြို့မှာ ရှိနေတုန်း ပရောဖက်အာဂဗုက ပေါလု ဂျေရုဆလင်မြို့ကို ဆက်သွားရင် အဖမ်းခံရမယ်လို့ ပြောတယ်။ အသတ်တောင် ခံရနိုင်တယ်။ ဒါကြောင့် ညီအစ်ကိုတွေက ပေါလုကို မသွားဖို့ ပြောကြတယ်။ ဒါပေမဲ့ ပေါလုကို နားချလို့ မရဘူး။ ပေါလုဟာ ယုံကြည်စိတ်ချမှု လွန်ကဲတာ၊ အကြောက်လွန်တာမျိုး မဖြစ်ခဲ့ဘူး။ ယေဟောဝါကို အကြွင်းမဲ့ ယုံကြည်စိတ်ချပြီး ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘုရားပေးတာဝန်ကို ကျေပွန်ဖို့ အသင့်ပဲ။ ဒါကို ကြားတဲ့အခါ ကျိုးနွံမှုရှိတဲ့ ညီအစ်ကိုတွေဟာ ဂျေရုဆလင်ကို သွားမယ်ဆိုတဲ့ ပေါလုရဲ့ ဆုံးဖြတ်ချက်ကို ဆက်မတားတော့ဘူး။—တ. ၂၁:၁၀-၁၄။
၁၄ အခြေအနေတွေ ဘယ်လို ဖြစ်လာမှာကို မသိတဲ့အခါ၊ မထိန်းချုပ်နိုင်တဲ့အခါမှာတောင် ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့ ကျိုးနွံမှုက ကူညီပေးနိုင်တယ်။ ဥပမာ၊ အချိန်ပြည့်လုပ်ငန်းတစ်မျိုးမျိုးမှာ ပါဝင်ဖို့ စဉ်းစားနေတယ် ဆိုပါစို့။ ဖျားနာတဲ့အခါ၊ သက်ကြီးရွယ်အို မိဘတွေ အကူအညီ လိုအပ်တဲ့အခါ၊ ကိုယ်တိုင် အသက်ကြီးလာတဲ့အခါ ဘယ်လို လုပ်မလဲ။ ဆုတောင်းပြီး ရှာဖွေလေ့လာမှု လုပ်ပြီးနောက်မှာတောင် အဖြေမရဘူး။ (ဒေ. ၈:၁၆၊ ၁၇) ယေဟောဝါကို ယုံကြည်ကိုးစားခြင်းက ကိုယ့်ကန့်သတ်ချက်တွေကို အသိအမှတ်ပြုရုံသာမက လက်ခံဖို့ ကူညီပေးပါလိမ့်မယ်။ ရှာဖွေလေ့လာ၊ တခြားသူတွေနဲ့ တိုင်ပင်၊ လမ်းညွှန်မှုရဖို့ ဆုတောင်းပြီးနောက် ဘုရားသခင့် စွမ်းအားတော် လမ်းညွှန်မှုအတိုင်း လုပ်ဆောင်ရမယ်။ (ဒေသနာ ၁၁:၄–၆ ကိုဖတ်ပါ။) ဒါဆိုရင် ယေဟောဝါ ကောင်းချီးပေးမယ်၊ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ အစီအစဉ်တွေကို ပြောင်းလဲဖို့ ကူညီပေးပါလိမ့်မယ်။—သု. ၁၆:၃၊ ၉။
ကျိုးနွံမှုကို ပျိုးထောင်ခြင်း
၁၅။ ယေဟောဝါအကြောင်း စဉ်းစားခြင်းက နှိမ့်ချနေဖို့ ဘယ်လို ကူညီပေးသလဲ။
၁၅ ကျိုးနွံမှုရှိတာက အကျိုးများစွာ ရရှိစေလို့ ဒီအရည်အသွေး ပိုတိုးတက်အောင် ဘယ်လို ပျိုးထောင်နိုင်မလဲ။ နည်းလေးနည်းကို သုံးသပ်ကြည့်ကြစို့။ ပထမ၊ ယေဟောဝါရဲ့ အရည်အသွေးတွေနဲ့ အနေအထားအကြောင်း စဉ်းစားခြင်းအားဖြင့် ယေဟောဝါကို ပိုကြောက်ရွံ့ရိုသေလာပြီး ကျိုးနွံမှု ရှိလာပါလိမ့်မယ်။ (ဟေရှာ. ၈:၁၃) ကောင်းကင်တမန်တွေ၊ လူတွေနဲ့ မဟုတ်ဘဲ အနန္တတန်ခိုးရှင် ဘုရားသခင်နဲ့အတူ လျှောက်လှမ်းနေမှန်း သတိရပါ။ အဲဒီလို သတိရခြင်းက ‘တန်ခိုးကြီးသောလက်တော်အောက်တွင် မိမိကိုယ်ကို နှိမ့်ချ’ နေဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။—၁ ပေ. ၅:၆။
၁၆။ ဘုရားသခင့် မေတ္တာတော်ကို တွေးတောဆင်ခြင်ခြင်းက ကျိုးနွံမှုရှိအောင် ဘယ်လို ကူညီပေးနိုင်သလဲ။
၁၆ ဒုတိယ၊ ယေဟောဝါရဲ့ မေတ္တာတော်အကြောင်း တွေးတောဆင်ခြင်ခြင်းက ကျိုးနွံမှုကို ပျိုးထောင်ဖို့ ကူညီပေးပါလိမ့်မယ်။ ယေဟောဝါက အသရေနည်းတယ်လို့ ထင်ရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို “သာ၍ကြီးသော တင့်တယ်ခြင်း” ပေးထားတယ်လို့ တမန်တော်ပေါလု ပြောခဲ့တယ်။ (၁ ကော. ၁၂:၂၃၊ ၂၄) အဲဒီလိုပဲ ကျွန်တော်တို့မှာ အကန့်အသတ်တွေ ရှိပေမဲ့ ယေဟောဝါက တစ်ယောက်ချင်းစီကို ဂရုစိုက်တယ်။ ကျွန်တော်တို့ကို တခြားသူတွေနဲ့ မနှိုင်းယှဉ်ဘူး။ အမှားလုပ်မိတဲ့အခါ မေတ္တာမပျက်ဘူး။ ယေဟောဝါရဲ့ မေတ္တာကြောင့် ကိုယ်တော့်အဖွဲ့အစည်းအတွင်း ဘယ်နေရာမှာပဲ အမှုဆောင်ရပါစေ လုံခြုံတယ်လို့ ခံစားနိုင်တယ်။
၁၇။ တခြားသူတွေရဲ့ ကောင်းကွက်ကို ရှာခြင်းက ကျွန်တော်တို့အပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။
၁၇ တတိယ၊ ဘုရားသခင်ကို တုပတဲ့အနေနဲ့ တခြားသူတွေရဲ့ ကောင်းကွက်ကို ရှာဖွေတဲ့အခါ ယေဟောဝါရဲ့ အစီအစဉ်အတွင်း ကိုယ့်နေရာကို ပိုတန်ဖိုးထား လေးမြတ်လာပါလိမ့်မယ်။ အာရုံစိုက်ခံရဖို့၊ အမြဲဆရာလုပ်ဖို့ ကြိုးစားမယ့်အစား တခြားသူတွေရဲ့ အကြံဉာဏ်ကို ကျိုးနွံစွာ တောင်းခံပြီး လက်ခံတတ်လာပါလိမ့်မယ်။ (သု. ၁၃:၁၀) တခြားသူတွေ အခွင့်ထူးတွေ ရရှိတဲ့အခါ သူတို့နဲ့အတူ ဝမ်းမြောက်ပါလိမ့်မယ်။ ‘လောကတွင်ရှိသော ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံး’ ကို ယေဟောဝါ ဘယ်လို ကောင်းချီးပေးနေမှန်း တွေ့ရတဲ့အခါ ကိုယ်တော့်ကို ချီးမွမ်းပါလိမ့်မယ်။—၁ ပေ. ၅:၉။
၁၈။ ယဉ်ကျေးသိမ်မွေ့မှုရှိအောင် သိစိတ်ကို ဘယ်လို လေ့ကျင့်ပေးနိုင်သလဲ။
၁၈ စတုတ္ထ၊ ကျမ်းစာမူတွေနဲ့အညီ သိစိတ်ကို လေ့ကျင့်ခြင်းအားဖြင့် ပိုယဉ်ကျေးသိမ်မွေ့ပြီး လေးစားတတ်လာပါလိမ့်မယ်။ ယေဟောဝါ စဉ်းစားသလို စဉ်းစားတတ်ဖို့ ကျိုးနွံစွာ သင်ယူခြင်းအားဖြင့် ကောင်းကောင်း ဝေဖန်ပိုင်းခြားတတ်လာပါလိမ့်မယ်။ ပုံမှန် လေ့လာခြင်း၊ ဆုတောင်းခြင်း၊ သိရှိလာတာတွေကို ကျင့်သုံးခြင်းအားဖြင့် သိစိတ် တဖြည်းဖြည်း အားကောင်းလာနိုင်တယ်။ (၁ တိ. ၁:၅) တခြားသူတွေကို ဦးစားပေးတတ်လာမယ်။ ကိုယ့်အပိုင်းကို လုပ်ဆောင်မယ်ဆိုရင် ယေဟောဝါက “လေ့ကျင့်မှုကို အဆုံးသတ်စေ” မယ်၊ ကျိုးနွံမှုနဲ့ တခြားအရည်အသွေးကောင်းတွေ ရှိလာအောင် ကူညီပေးမယ်လို့ ကတိပေးထားတယ်။—၁ ပေ. ၅:၁၀။
၁၉။ ကျိုးနွံမှုကို ထာဝစဉ် ထိန်းသိမ်းနိုင်အောင် ဘာက ကူညီပေးမလဲ။
၁၉ ရောင့်တက်တဲ့လုပ်ရပ်တစ်ခုက ယုဒပြည်က အမည်မဖော်ပြထားတဲ့ ပရောဖက်ကို အသက်၊ ဘုရားသခင့် မျက်နှာသာ ဆုံးရှုံးစေခဲ့တယ်။ ဒါပေမဲ့ စမ်းသပ်မှုအောက်မှာ ကျိုးနွံမှုကို ထိန်းသိမ်းထားနိုင်ပါတယ်။ ရှေးခေတ်နဲ့ အခုခေတ် သစ္စာရှိသူတွေ၊ ကျိုးနွံသူတွေက အဲဒီအချက်ကို သက်သေထူတယ်။ ယေဟောဝါနဲ့အတူ လျှောက်လှမ်းတာ ပိုကြာလေ ပိုကျိုးနွံမှုရှိလေ ဖြစ်သင့်တယ်။ (သု. ၈:၁၃) အခုချိန်မှာ ဘယ်အနေအထားပဲ ရှိပါစေ ယေဟောဝါနဲ့ လျှောက်လှမ်းရတာကိုက နှိုင်းယှဉ်လို့မရတဲ့ အခွင့်ထူးကြီးပါပဲ။ အဲဒီအခွင့်ထူးကို တန်ဖိုးထားပါ။ ယေဟောဝါနဲ့ ကျိုးနွံစွာ ထာဝစဉ် လျှောက်လှမ်းနိုင်အောင် အတတ်နိုင်ဆုံး ဆက်ကြိုးစားပါ။
a မိက္ခာ ၆:၈၊ (ကဘ)– ‘ဘယ်အရာ ကောင်းတယ်ဆိုတာ ဘုရားသခင် ပြောပြပြီးပြီပဲ။ တရားမျှတစွာ ကျင့်ဖို့၊ သစ္စာစောင့်သိမှုကို မြတ်နိုးဖို့၊ ဘုရားသခင်နဲ့အတူ ကျိုးနွံစွာ လျှောက်လှမ်းဖို့ကလွဲလို့ ယေဟောဝါ ဘာများတောင်းဆိုနေလို့လဲ။’