စည်းဝေးတက်ခြင်း—ကြီးလေးသောတာဝန်တစ်ခု
၁ စည်းဝေးတက်ခြင်းကိစ္စကို မည်မျှအရေးပေးပါသနည်း။ ယင်းသည် ထိုးထွင်းသည့်အမေးတစ်ပုဒ် မဟုတ်ပေလော။ စည်းဝေးကို တန်ဖိုးထားပါသည်ဟု ကိုယ့်ကိုယ်ကို ထင်မှတ်သူချည်းသာဖြစ်ပါမည်။ သို့ရာတွင် အသင်းတော်များစွာတွင် စည်းဝေးတက်သူအရေအတွက် မကြာသေးမီကလျော့နည်းလာကြောင်း မှတ်တမ်းများက ဖော်ပြနေသည်။ အဘယ်ကြောင့် ဖြစ်နိုင်သနည်း။ ကျွန်ုပ်တို့အနက်အချို့သည် မလိုအပ်ဘဲ လုပ်ကိုင်သည့် ဝမ်းစာရှာလုပ်ငန်း၊ မောပန်းမှု၊ အိမ်စာ၊ ကျန်းမာရေးအနည်းအကျဉ်းမကောင်းရုံ၊ ရာသီဥတု အနည်းငယ်မကောင်းခြင်းတို့ကြောင့် စည်းဝေးများမှန်မှန်တက်ခြင်းတာဝန်ကို ပျက်ကွက်နေပါသလော။ (တရား. ၃၁:၁၂) ယင်းသည် ကျမ်းပေးတာဝန်ဖြစ်သောကြောင့် စည်းဝေးတက်ခြင်းကို ကျွန်ုပ်မည်မျှအရေးပေးသနည်းဟူသည့်မေးခွန်းကို ဆုတောင်းခြင်းနှင့်တကွ ဆင်ခြင်သုံးသပ်သင့်သည်။
၂ ညီအစ်ကိုအချို့သည် ဖုန်ထူသောလမ်းပေါ် နာရီပေါင်းများစွာလျှောက်ပြီး မိကျောင်းပေါသည့် မြစ်ချောင်းများကိုကူး၍ စည်းဝေးများတက်ကြရသည်။ သင့်အသင်းတော်တွင် ကျန်းမာရေးအခြေအနေ မကောင်း၊ မသန်မစွမ်းဖြစ်ခြင်း၊ အလုပ်ခွင်၌ တာဝန်ပိနေခြင်း သို့မဟုတ် ကျောင်းစာများခြင်း အခက်အခဲများရှိသော်လည်း စည်းဝေးကို “မပျက်မကွက်တက်” သည့် သစ္စာရှိသူများရှိပါလိမ့်မည်။ (လုကာ ၂:၃၇) သူတို့ အဘယ်ကြောင့် ကြိုးစားတက်ကြပါသနည်း။ အကြောင်းမူကား ဤဖိစီးမှုများသောလောကတွင် ကိုယ့်ခွန်အားနှင့်ကိုယ် စိန်ခေါ်ချက်များကို မရင်ဆိုင်နိုင်ကြောင်း သူတို့သိရှိကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်ပေးသောခွန်အားကို သူတို့အားထားမှီခိုကြရမည်။—၂ ကော. ၁၂:၉၊ ၁၀။
၃ ယနေ့ ရှေးခရစ်ယာန်များ၏ပုံသက်သေကို ကျွန်ုပ်တို့လိုက်လျှောက်ကြပါသည်။ သူတို့သည် ဆုတောင်းခြင်း၊ တွေ့ ကြုံမှုများ ဖလှယ်ခြင်း၊ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လေ့လာခြင်းငှာ မှန်မှန်စုဝေးကြသည်။ (တမန်တော် ၄:၂၃-၃၀; ၁၁:၄-၁၈; ကော. ၄:၁၆) ကျမ်းစာပရောဖက်ပြုချက်နှင့် ယုံကြည်ချက်များ၊ ဘုရားရေးရာ အကျင့်အကြံနှင့် ခရစ်ယာန်စာရိတ္တပင်မက ကျမ်းစာဆိုင်ရာမူများကို အသေအချာကျင့်သုံးခြင်းအားဖြင့် မိမိ၏ဘဝကို တိုးတက်စေရန် အခန့်သင့်ဆုံးမစကားများကိုပါ ကျွန်ုပ်တို့ရရှိကြပါသည်။ (၁ တိ. ၄:၈) ထို့ပြင် တစ်နေ့နေ့ ကျွန်ုပ်တို့၏ပြဿနာများနှင့် ဒုက္ခဆင်းရဲခြင်းများ ကွယ်ပျောက်လိမ့်မည်ဟူသည့်မျှော်လင့်ချက်ကိုလည်း သတိရစေပါသည်။ ဤမျှော်လင့်ချက်ကို ရှင်သန်နေစေရန် အရေးကြီးပါသည်။—ဟေဗြဲ ၆:၁၉။
၄ စည်းဝေးတက်ခြင်းတာဝန်ကို သင့်အိမ်ထောင်သည် မည်မျှအရေးပေးသနည်း။ အစာစားရန်၊ ဝမ်းစာအလုပ်လုပ်ကိုင်ရန် အစီအစဉ်ရှိသကဲ့သို့ ဖြစ်ပါသလော။ စည်းဝေးရက်များတွင် တက်ရ၊ မတက်ရ ဝေဖန်နေရပါသလော။ သို့မဟုတ် သင့်ညီအစ်ကိုများနှင့် မှန်မှန်ပေါင်းသင်းခြင်းအမှုသည် သင့်အိမ်ထောင်တွင် အမြဲတစေလုပ်ကိုင်သည့်အလုပ် ဖြစ်ပါသလော။ မိမိတို့ကြီးပြင်းလာချိန် ဆက်ကပ်အပ်နှံမိဘများ၏ပုံသက်သေကို ကြေညာသူများစွာတို့သည် ပြန်သတိရပြီးပြောပြကြပါသည်။ အကြီးအကဲတစ်ဦး ဤသို့ပြန်ပြောပြသည်။ “ကျွန်တော့်အဖေဟာ တစ်အိမ်ထောင်လုံးကို စည်းဝေးမပျက်မကွက်တက်ဖို့ ဂရုစိုက်ပေးခဲ့တယ်။ တစ်ယောက်ယောက် နေမကောင်းဖြစ်ခဲ့ရင် သူနဲ့ တစ်ယောက်ကိုအိမ်မှာချန်ထားတယ်။ ကျန်တဲ့သူအားလုံးကျတော့ စည်းဝေးသွားကြရတယ်!”
၅ နောက်ဆက်တွဲ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုစာစောင်များတွင် အသင်းတော်အစည်းအဝေးတစ်ခုစီ၏တန်ဖိုးကို ဆွေးနွေးကြပါမည်။ ဤဝိညာဏပြင်ဆင်ချက်များကို တန်ဖိုးထားလေးမြတ်တတ်စေရန်အတွက် ဖြစ်သည်။ စည်းဝေးများကို ပို၍မှန်မှန်တက်နိုင်မည်ဆိုလျှင် မတက်လိုက်သည့်အခါ အဘယ်အရာများကို လက်လွတ်သွားမည်ဖြစ်ကြောင်း ယင်းဆောင်းပါးများက သိရှိစေပါလိမ့်မည်။ စည်းဝေးကိုင်သူများသာမက စည်းဝေးအတွက် ပြင်ဆင်၍ ပါဝင်သည့်အခါ လက်တွေ့ မည်သို့ကျင့်သုံးနိုင်မည့် အချက်အလက်များကိုပါ သိရှိရလိမ့်မည်။ စည်းဝေးတက်သည့်ပုံစံကို သုံးသပ်ခြင်းငှာ မိသားစုလိုက် ဆုတောင်း၍ ဆင်ခြင်သုံးသပ်လျှင် မကောင်းပေလော။ ထိုနောက် သင့်အစီအစဉ်ကို သင့်တော်သလို ပြုပြင်ပြောင်းလဲပါ။ မှန်မှန်စည်းဝေးတက်ခြင်းသည် ကျွန်ုပ်တို့၏သီအိုကရက်တစ် ပညာရေးအစီအစဉ်တွင် အရေးကြီးကဏ္ဍဖြစ်သည်။ ယင်းကို အမှန်အလေးအနက်သဘောထားသင့်သည်။