ကျွန်ုပ်တို့၏ မဂ္ဂဇင်းများနှင့် စာအုပ်အဟောင်းများကို ကောင်းစွာအသုံးပြုခြင်း
၁ ယေဟောဝါသည် အဆီအနှစ်ပြည့်သော ဝိညာဏအစာ အလျှံပယ် ပေးထားတော်မူသည်။ ယင်းတို့သည် များသောအားဖြင့် မကြာမီ နှစ်အနည်းက ထုတ်ဝေခဲ့သော ၁၉၂-မျက်နှာရှိ စာအုပ်များတွင် ပါရှိသည်။ ဇန်နဝါရီလအတွင်း ၁၉၈၂ မတိုင်မီက ထုတ်ဝေခဲ့သော ၁၉၂-မျက်နှာရှိ မည်သည့်စာအုပ်ကိုမဆို ဝေငှကြမည်။ အခြေအနေကောင်းနေသေးသည့် ဤစာအုပ်အချို့ သင့်အိမ်တွင် ရှိနေပါသလော။ အသင်းတော်တွင်လည်း ရှိသလော။ ရှိမည်ဆိုလျှင် ၎င်းတို့တွင်ပါသောအကြောင်းကို ပြန်ဖတ်ရှုကာ ယင်းကိုဝေငှရာတွင် အသုံးပြုနိုင်မည့် ပြောဆိုစရာ အချက်ကောင်းများကို ရွေးချယ်ထားပါ။
၂ သင်သည် မဂ္ဂဇင်းအစုံလိုက် ဝေငှနေမည်ဆိုလျှင် ဤသို့စတင်ပြောဆိုနိုင်မည်–
▪ “ဒီကမ္ဘာပေါ်မှာ ကမ္ဘာ့စစ်ကြီးနှစ်ခုအပြင် စစ်ကြီးစစ်ငယ် ရာချီ၊ ထောင်ချီ ဖြစ်ပျက်ခဲ့ပြီ။ အခုတောင်မှ အချို့နေရာတွေမှာ တိုက်ခိုက်နေကြတုန်းပဲ။ ကမ္ဘာဟာ တကယ်ပဲငြိမ်းချမ်းနိုင်ပါ့မလား။ လူတွေက ငြိမ်းချမ်းရေးစကားပြောကြပေမဲ့ တကယ့်ငြိမ်းချမ်းရေး မဟုတ်ဘူး။ ယေဟောဝါဘုရားသခင့် အစီအစဉ်အတွင်း၌သာတွေ့နိုင်တဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုအကြောင်းကို ဒီမဂ္ဂဇင်းထဲမှာ (ကင်းမျှော်စင်၊ ၁၉၉၄ ဩဂုတ် ၁၊ စာမျက်နှာ ၆၊ အပိုဒ် ၈ ပြ) ဖော်ပြထားတယ်။ (ဆာလံ ၄:၈ ဖတ်ပြီး စာမျက်နှာ ၇ ပါရုပ်ပုံကို ပြပါ။) ရောက်လာတော့မဲ့ ဒီငြိမ်းချမ်းတဲ့ကမ္ဘာမှာ ခင်ဗျားနဲ့ ခင်ဗျားချစ်မြတ်နိုးတဲ့သူတွေ ပျော်နိုင်ပါတယ်။ ဒီမဂ္ဂဇင်းနဲ့ အတူတွဲဖက်မဂ္ဂဇင်းကို ၁၅ ကျပ် နဲ့ ယူဖတ်ကြည့်စေချင်တယ်။”
၃ “ကြည့်ရှု” ဘရိုရှာကို ဖော်ပြနေသည်ဆိုလျှင် ဤချဉ်းကပ်ပုံကို စမ်းကြည့်လိုပေမည်–
▪ “ပြဿနာတွေ၊ အဖျားအနာတွေရယ်လို့မရှိတဲ့ကမ္ဘာ တစ်နေ့ကျတွေ့ရလိမ့်မယ်လို့ ထင်သလား။ လူသားအနေနဲ့တော့ ငြိမ်းချမ်းရေး၊ ပျော်ရွှင်မှုကို တစ်ခဏပဲပေးနိုင်မယ်။ ဒါပေမဲ့ အမြဲတော့မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ယေဟောဝါဘုရားသခင်က ပြဿနာတွေ၊ အဖျားအနာတွေမရှိ၊ မအိုတော့မဲ့ကမ္ဘာတစ်ခုကို ကတိပြုထားတယ်။ သေခြင်းကို အဆုံးတိုင်စေပြီး ကွယ်လွန်သူများကိုတောင် ပြန်အသက်ရှင်စေမယ်လို့ ကိုယ်တော်ကတိထားခဲ့တယ်။ (ဗျာ. ၂၁:၄ ဖတ်။) ဘုရားသခင်ရဲ့ ဒီကတိတော်ကို ယုံလို့ရပါ့မလား။ (ဖြေဆိုစေပြီးနောက် ဗျာ. ၂၁:၅ ကိုဖတ်။) ဒီ ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည် စာစောင်က အရမ်းဝမ်းသာအားရစရာကောင်းတဲ့ အဲ့ဒီကမ္ဘာသစ်ကို ဘုရားသခင် ဘယ်လိုယူဆောင်လာမဲ့အကြောင်းနဲ့ ဘုရားသခင်ရဲ့ ဒီကတိတော်ကို ဘာကြောင့် ယုံကြည်နိုင်တဲ့အကြောင်း ရှင်းပြထားတယ်။ ဒီစာစောင်ကို အလှူငွေ ၉ ကျပ်ထဲနဲ့ ယူထားနိုင်တယ်။”
၄ “စစ်မှန်သောငြိမ်းချမ်းရေးနှင့်လုံခြုံမှု—ယင်းကိုသင်မည်သို့တွေ့ရှိနိုင်မည်နည်း” [လိပ်] စာအုပ်ကို သင်အသုံးပြုပါက ဤနည်းကို စမ်းကြည့်လိုပေမည်–
▪ “ငြိမ်းချမ်းလုံခြုံတဲ့ကမ္ဘာမှာ လူတိုင်းနေချင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသက်တာမှာ တစ်ခါမှ မကြုံဖူးသေးလို့ ဝမ်းနည်းစရာပဲ။ ငြိမ်းချမ်းလုံခြုံမှု တကယ်ရှိလာရအောင် ဘာလုပ်ဖို့လိုမယ်လို့ ထင်သလဲ။ [ဖြေဆိုပါစေ။] ဒီကမ္ဘာမြေကြီးပေါ်မှာ ငြိမ်းချမ်းရေးရရှိအောင် ဘုရားသခင်မှာပြုလုပ်ပေးနိုင်တဲ့ တန်ခိုးရှိတယ်။ ပြုလုပ်ပေးမယ်လို့လဲ ကတိပေးထားတယ်။” စာမျက်နှာ ၉၈ ပါရုပ်ပုံသို့ဖွင့်၍ မိက္ခာ ၄:၃၊ ၄ ကိုဖတ်။ တုံ့ပြန်မှု ကောင်းမည်ဆိုလျှင် နိုင်ငံတော်မျှော်လင့်ချက်အကြောင်း ထပ်ဆင့်ရှင်းပြပြီး စာအုပ်ကိုဝေငှကာ ပြန်လည်ပတ်မှုပြုလုပ်ဖို့ စီစဉ်ပါ။
၅ “ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော” ဘရိုရှာကို အသင် အသုံးပြုကောင်း အသုံးပြုလိုပေမည်။ သို့ဖြစ်လျှင် ဤသို့ဆိုနိုင်သည်–
▪ “ဘုရားသခင်ဟာ ဒီကမ္ဘာပေါ်မှာ ဒုက္ခဆင်းရဲတွေကို ဘာကြောင့်ဒီလောက်တောင်များစေရတာလဲဆိုပြီး လူအများက အံ့အားသင့်ကြတယ်။ ကိုယ်တော်ဟာ အနန္တတန်ခိုးရှင် ဖြစ်တယ်ဆိုတော့၊ ကျွန်တော်တို့ရဲ့ စိတ်ဆင်းရဲမှုတွေကို ဘာကြောင့် အဆုံးမတိုင်စေတာလဲ။ ခင်ဗျားကော ဘယ်လိုထင်သလဲ။ [ဖြေဆိုပါစေ။] ကျွန်တော်တို့ကို ဘုရားသခင် စွန့်ပစ်မထားပါဘူးလို့ ကျမ်းစာက အာမခံထားတယ်။” စာမျက်နှာ ၂၇၊ အပိုဒ် ၂၂ သို့ဖွင့်၍ ဆာလံ ၃၇:၁၁၊ ၂၉ ကိုဖတ်ပါ။ ကျွန်ုပ်တို့စောင့်မျှော်နိုင်သည့် အခြေအနေကို ဖော်ပြသော ရုပ်ပုံကို ညွှန်ပြပါ။ ဘရိုရှာကို လက်ခံယူထားမည်ဆိုလျှင် ကျမ်းစာသင်အံမှုအတွက် ယင်းကို မည်သို့အသုံးပြုနိုင်ကြောင်း နည်းလမ်းပြခြင်းငှာ ပြန်လာမည်ဟူ၍ပြောပြပါ။
၆ ကျွန်ုပ်တို့၏စာပေများသည် ထောင်ပေါင်းများစွာသောသူတို့အား ကျမ်းစာကိုအသေးစိတ်လေ့လာကြည့်ရန် လှုံ့ဆော်ခဲ့ပေပြီ။ ကျွန်ုပ်တို့သိရှိထားသည့်အကြောင်းများက သူတို့အား ပျော်ရွှင်သောအနာဂတ်ကို စောင့်မျှော်စေခဲ့ပြီ။ (ဆာ. ၁၄၆:၅) ကျွန်ုပ်တို့သည် သူတို့ကို ကူညီပေးခွင့် ရရှိထားသည်။