ဘရိုရှာဝေငှခဲ့သည့်နေရာတိုင်းထံ ပြန်လည်ပတ်သွားလေ
၁ ဖိလိပ္ပိမြို့သားများသည် တမန်တော်ပေါလုကို “ကြည့်ရှုပြုစုချင်သော စေတနာစိတ်နှင့်ပြည့်စုံပြန်သည်ဖြစ်” သောကြောင့် ချီးမွမ်းခံခဲ့ကြရသည်။ (ဖိ. ၄:၁၀) လယ်ကွင်းဓမ္မအမှုတွင် သူတို့၏ပုံသက်သေကို စံအနေနှင့်အသုံးပြုမည်ဆိုလျှင် ကျွန်ုပ်တို့သက်သေခံထားသူများကို ‘ပြန်ကြည့်ရှုပြုစုချင်စိတ်’ ပေါ်လာစေမည်ဖြစ်၍ ပြန်လည်ပတ်သွားရန် တိုက်တွန်းခံရမည်။
၂ “ပရဒိသုဖြစ်ပေါ်စေမည့် ဘုရားသခင့်အစိုးရ” ဘရိုရှာကို သင်ဝေငှခဲ့မည်ဆိုလျှင် ဤသို့ပြောဆိုလိုပေမည်–
◼ “ဟိုတစ်နေ့က ပြောဆိုခဲ့တဲ့အကြောင်းကို စဉ်းစားနေရင်း ခင်ဗျားကိုဖတ်စေချင်တဲ့ကျမ်းချက်နှစ်ချက်ကို သတိရမိတယ်။ ကမ္ဘာမြေကြီးကို ဘုရားသခင်အုပ်ချုပ်မယ့်အကြောင်း ကျွန်တော်တို့ပြောဆိုခဲ့တာ သတိရမယ်။ ကျမ်းစာထဲမှာ အဲ့ဒီလိုဖြစ်မယ်လို့ ယေဟောဝါဘုရားသခင် ကတိပေးထားတယ်။ [ဒံယေလ ၂:၄၅ ဖတ်။] အဲ့ဒီလို တကယ်ဖြစ်မယ်ထင်သလား။ [တုံ့ပြန်ပါစေ။] ကတိတော်များကို ဘုရားသခင်ပြည့်စုံစေနိုင်စွမ်းနဲ့ပတ်သက်ပြီး ဘုရားဘာပြောတယ်ဆိုတာကို နားထောင်ကြည့်ပါ။ [ဟေရှာယ ၅၅:၁၁ ဖတ်။] အဲ့ဒါကြောင့် ဘုရားသခင့်နိုင်ငံတော်ကို အားကိုးဖို့ တိုက်တွန်းခံရတယ်မဟုတ်လား။ ဒါပေမဲ့ ကတိတော်တွေကို ဘုရားသခင် ဘယ်တော့ပြည့်စုံစေမှာလဲ။” နောက်တစ်ကြိမ်ပြန်လာသည့်အခါ ယင်းမေးခွန်းကိုဖြေဆိုပေးမည်ဟု ရှင်းပြပါ။
၃ “သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ” ဘရိုရှာကိုယူထားသူတစ်ဦးထံ ပြန်လည်ပတ်သွားသည့်အခါ ဤချဉ်းကပ်နည်းကိုအသုံးပြုလိုပေမည်–
◼ “သေခြင်းတရားမှာတစ်ဦးတစ်ယောက်ကို ဆုံးရှုံးခဲ့ရတဲ့အကြောင်း ဆွေးနွေးခဲ့လို့ အခုအထူးကြိုးစားပြီးပြန်လာတာပါ။” ဤသို့ပြောဆိုစဉ် စာမျက်နှာ ၃၀ ပါရုပ်ပုံကိုပြပါ– “လူတွေ ရှင်ပြန်ထမြောက်လာလို့ ချစ်ရသူတွေနဲ့ ပြန်ဆုံစည်းမဲ့ ဒီပျော်ရွှင်စရာကောင်းတဲ့ မြင်ကွင်းကို သတိရတယ်မဟုတ်လား။ ဒီအဖြစ်မျိုးဟာ ကောင်းကင်မှာ၊ ဒါမှမဟုတ် မြေကြီးပေါ်မှာ ဖြစ်ပျက်မှာလားဆိုတဲ့မေးခွန်းကိုမေးခဲ့တယ်။ ဒီဘရိုရှာရဲ့ စာမျက်နှာ ၂၆ မှာ အဖြေတွေ့ခဲ့မယ်ထင်တယ်။” တတိယမှ ပဉ္စမအပိုဒ်များပါ အဓိကအချက်များကို ဆွေးနွေးပြီး ယောဟန် ၅:၂၁၊ ၂၈၊ ၂၉ ကိုဖတ်ပါ။ အချိန်ရလျှင် ထိုစာမျက်နှာရှိ အခြားကျမ်းချက်တစ်ခုခုကိုဖတ်ပါ။
၄ “ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်” ဖြင့် ကျမ်းစာသင်အံမှုစတင်ခဲ့သလော။ ပြန်လည်ပတ်သွားချိန်တွင် ဤသို့ပြုလုပ်နိုင်သည်–
◼ စာမျက်နှာ ၃၀ ကိုပြန်ပြကာ “သမ္မာကျမ်းစာသည် အဘယ်နည်းများဖြင့် ထူးခြားသနည်း” မေးခွန်းကို ညွှန်ပြပါ။ စာမျက်နှာ ၃ နှင့် ၄ သို့ဖွင့်ကာ အပိုဒ် ၁-၄ နှင့် ဘရိုရှာ၏မျက်နှာဖုံးပေါ် ရုပ်ပုံကိုလည်း ပြန်ဆွေးနွေးပါ။ အပိုဒ် ၄ ၏အောက်ခြေမှတ်ချက်တွင် ကိုးကားထားသည့် ကျမ်းချက်တစ်ခုနှစ်ခုကို ဖတ်ပါ။ သမ္မာကျမ်းစာတစ်ခုတည်းကသာ ဤကဲ့သို့သောအံ့ဖွယ်မျှော်လင့်ချက်ကို ကမ်းလှမ်းပေးကြောင်း ရှင်းပြပါ။ နောက်တစ်ကြိမ်လည်ပတ်လာရန်အတွက် စီစဉ်ပါ။ တတိယအကြိမ်လည်ပတ်သွား၍ သင်အံမှုကို ဆက်ပြုလုပ်နိုင်မည့်ပုံရှိလျှင် သင်အံမှုအသစ် မှတ်တမ်းသွင်းနိုင်ပေမည်!
၅ “ထာဝစဉ်တည်တံ့သွားမည့် မြင့်မြတ်သောနာမတော်” ဘရိုရှာနှင့်ဆွေးနွေးခြင်းကို ဤနည်းအတိုင်း ပြန်ဆွေးနွေးလိုပေမည်–
◼“အရင်တစ်ခါက ကျမ်းစာထဲမှာ ဘုရားသခင်ရဲ့နာမတော်ကို ပြခွင့်ရခဲ့တယ်။ ယေဟောဝါနာမတော်ကို သိပြီး အသုံးပြုတာဟာ ကျွန်တော်တို့ဝတ်ပြုရေးအတွက် အရေးကြီးတယ်။ စာမျက်နှာ ၃၁ သို့ဖွင့်ပြီး နောက်ဆုံးအပိုဒ် လေးပိုဒ်ပါ အဓိကအချက်များကို ပြန်သုံးသပ်ပါ။ ယောဟန် ၁၇:၃ နှင့် မိက္ခာ ၄:၅ တို့ကိုဖတ်ပါ။ ဘုရားသခင်၏နာမတော်ကို သင့်တော်စွာ ရိုသေလေးမြတ်ပြီး ပရဒိသုကမ္ဘာမြေကြီးပေါ်တွင် ကောင်းချီးများ မည်သို့ခံစားနိုင်ကြောင်းကို ဖော်ပြသည့် ကျမ်းစာသင်အံမှုအစီအစဉ်ကို ကျွန်ုပ်တို့ကျင်းပပေးကြောင်း ရှင်းပြပါ။
၆ ဤနည်းဖြင့် သင်အဆက်အသွယ်ရရှိထားသူများကို ပြန်ကြည့်ရှုပြုစုရန် ကြိုးစားပါ။ ဇွဲရှိရှိပြန်သွားပါ။ အကျိုးရှိစကားများတင်ပြနိုင်ရန် ပြင်ဆင်သွားပါ။ သင်သည် တပည့်တော်အသစ်များဖြစ်စေရာတွင် “အသီးသီးတတ်” သူတစ်ဦးဖြစ်နိုင်ပါသည်။—မ. ၁၃:၂၃၊ သမ္မာ။