ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • kl အခန်း ၃ စာ. ၂၃-၃၁
  • မှန်သောဘုရားသခင်ကား အဘယ်သူနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မှန်သောဘုရားသခင်ကား အဘယ်သူနည်း
  • ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မှန်သောဘုရားသခင်၌ နာမတော်ရှိ၏
  • ဘုရားသခင့်နာမတော်ကို သင်အသုံးပြုသင့်သည့်အကြောင်း
  • မှန်သောဘုရားသခင်၏ ဂုဏ်တော်များ
  • “ငဲ့ညှာသောသဘော၊ သနားကြင်နာသောသဘော . . . ရှိတော်မူသော . . . ဘုရားသခင်”
  • အမျက်ထွက်နှေး၏၊ မျက်နှာမလိုက်တတ်၊ ဖြောင့်မတ်၏
  • “ငါတို့ဘုရားသခင်ယေဟောဝါသည် တစ်ပါးတည်း . . . ဖြစ်တော်မူ၏”
  • ယေဟောဝါ၏နည်းလမ်းတော်များကို သိရှိလာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဘုရားသခင်မှာ နာမည် ရှိတယ်
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ယေဟောဝါ—စစ်မှန်၍ အသက်ရှင်တော်မူထသောဘုရား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ယေဟောဝါရဲ့ ကြီးမြတ်တဲ့နာမည်ကို ဂုဏ်တင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ထာဝရအသက်ရစေသော အသိပညာအသိပညာ
kl အခန်း ၃ စာ. ၂၃-၃၁

အခန်း ၃

မှန်သောဘုရားသခင်ကား အဘယ်သူနည်း

၁။ သမ္မာကျမ်းစာ၏ အဖွင့်စကားများကို လူအများအဘယ်ကြောင့် သဘောတူလက်ခံကြသနည်း။

ကြည်လင်သော ညတစ်ညတွင် မိုးကောင်းကင်ကိုမော့ကြည့်လိုက်သည့်အခါ များပြားလှသောကြယ်များကိုတွေ့၍ မိန်းမောတွေဝေခြင်း မဖြစ်မိပေလော။ ၎င်းတို့ မည်သို့ဖြစ်ပေါ်တည်ရှိလာသည်ဟု သင်ရှင်းပြမည်နည်း။ ကမ္ဘာပေါ်မှသက်ရှိအများ—ပန်းများ၊ သာယာနာပျော်ဖွယ်တေးသံသီကျူးသည့်ငှက်များ၊ သမုဒ္ဒရာရေပြင်ပေါ်ခုန်တက်သော အားကြီးသည့်ဝေလငါးများ—ကောမည်သို့ဆိုမည်နည်း။ ဤသို့သောစာရင်းကို ဖော်ပြ၍ဆုံးမည်မဟုတ်။ ဤအရာခပ်သိမ်းတို့သည် မတော်တဆဖြစ်ပေါ်လာနိုင်သည်မဟုတ်။ ယင်းကြောင့် “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏” ဟူသောကျမ်းစာ၏ အဖွင့်စကားများကို လူအများသဘောတူလက်ခံကြသည်မှာ အံ့ဩစရာမဟုတ်ပေ!—ကမ္ဘာဦး ၁:၁။

၂။ သမ္မာကျမ်းစာက ဘုရားသခင့်အကြောင်း မည်သို့ဆိုထားသနည်း။ သမ္မာကျမ်းစာက ကျွန်ုပ်တို့အား ဘာပြုလုပ်ရန်တိုက်တွန်းသနည်း။

၂ လူသားများသည် ဘုရားနှင့်ပတ်သက်၍ သဘောထားကြီးစွာကွဲပြားနေကြသည်။ အချို့က ဘုရားဆိုသည်မှာ သက်မဲ့သဘာဝစွမ်းအားတစ်မျိုးဟု ယူဆကြသည်။ သန်းပေါင်းများစွာသောသူတို့က ဘုရားသည်လူတို့နှင့်အလှမ်းကွာဝေးလွန်းလှသည်ဟု ယုံကြည်ပြီး သေလွန်သောဘိုးဘေးများကို ကိုးကွယ်ကြသည်။ သို့သော် ကျမ်းစာက မှန်သောဘုရားသခင်သည် ကျွန်ုပ်တို့တစ်ဦးစီကို ရင်းနှီးစွာစိတ်ဝင်စားသော တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်ကြောင်း ပြဆိုထားသည်။ ယင်းကြောင့် ကျမ်းစာက “ဘုရားသခင်သည် ငါတို့တွင်အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်” ဟူ၍ဆိုလျက် ‘ဘုရားသခင်ကိုရှာ’ ကြရန်တိုက်တွန်းထားသည်။—တမန်တော် ၁၇:၂၇။

၃။ ဘုရားသခင်၏ပုံတူကိုပြုလုပ်ရန် အဘယ်ကြောင့်မဖြစ်နိုင်သနည်း။

၃ ဘုရားသခင်သည် မည်သို့သောပုံစံရှိသနည်း။ ကိုယ်တော်၏အစေခံအနည်းငယ်သည် ဂုဏ်ကျက်သရေနှင့်ပြည့်စုံသော ကိုယ်တော်၏အသွင်အပြင်နှင့်ဆိုင်သည့် ရူပါရုံများကို တွေ့မြင်ခဲ့ကြသည်။ ထိုရူပါရုံများ၌ ကိုယ်တော်က မိမိကိုယ်ကို ပလ္လင်တော်အထက်စံနေဟန်၊ အထံတော်မှ အံ့သြထိတ်လန့်ဖွယ်ကောင်းသော ထွန်းလင်းတောက်ပမှု ဖြာလျက်ရှိနေဟန်ဖြင့် အမှတ်အသားပြုထားသည်။ သို့တစေ ထိုကဲ့သို့သောရူပါရုံများကို တွေ့မြင်ခဲ့ကြသူတို့သည်မည်သည့်အခါမျှ မျက်နှာတော်အကြောင်းကို ထင်ထင်ရှားရှား ရေးသားဖော်ပြခြင်းမရှိချေ။ (ဒံယေလ ၇:၉၊ ၁၀; ဗျာဒိတ် ၄:၂၊ ၃) ဤသို့ဖော်ပြခြင်း မရှိရသည်မှာ “ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ” ၍ရုပ်ခန္ဓာတော်မရှိသောကြောင့်ပင်တည်း။ (ယောဟန် ၄:၂၄) အမှန်အားဖြင့် “ဘုရားသခင်ကို အဘယ်သူမျှမမြင်စဖူး” သောကြောင့် ဖန်ဆင်းရှင်၏ရုပ်ပုံကို မည်သူမျှ အတိအကျ ပြုလုပ်နိုင်မည်မဟုတ်ပေ။ (ယောဟန် ၁:၁၈; ထွက်မြောက်ရာ ၃၃:၂၀) သို့ပင်ငြားလည်း သမ္မာကျမ်းစာက ကျွန်ုပ်တို့အားဘုရားသခင်အကြောင်း များစွာသင်ကြားပေးပါသည်။

မှန်သောဘုရားသခင်၌ နာမတော်ရှိ၏

၄။ ကျမ်းစာတွင် ဘုရားသခင်အတွက် အဓိပ္ပာယ်ပြည့်ဝသော ဘွဲ့ထူးအချို့ကား အဘယ်နည်း။

၄ ကျမ်းစာတွင် မှန်သောဘုရားသခင်အား “အနန္တတန်ခိုးရှင်ဘုရားသခင်၊” “အမြင့်ဆုံးသောဘုရား၊” “ကြီးမြတ်သောဖန်ဆင်းရှင်၊” “ကြီးမြတ်သောနည်းပြဆရာ၊” “အစိုးရတော်မူသောအရှင်” နှင့် “ထာဝရဘုရင်” အစရှိသောအသုံးအနှုန်းများဖြင့် သီးခြားဖော်ပြထားသည်။ (ကမ္ဘာဦး ၁၇:၁; ဆာလံ ၅၀:၁၄; ဒေသနာ ၁၂:၁၊ ကဘ; ဟေရှာယ ၃၀:၂၀၊ ကဘ; တမန်တော် ၄:၂၄; ၁ တိမောသေ ၁:၁၇၊ သမ) ဤသို့သောဘွဲ့ထူးများအကြောင်းကို လေးနက်စွာတွေးတောပါက ဘုရားသခင်အားသိကျွမ်းခြင်းပညာတွင် တိုးတက်မှုရှိအောင် အထောက်အကူပြုနိုင်သည်။

၅။ ဘုရားသခင့်နာမတော်ကား အဘယ်နည်း။ ဟေဗြဲကျမ်းစာတွင် အကြိမ်မည်မျှတွေ့ရှိရသနည်း။

၅ သို့သော် ဘုရားသခင်၌ အတုမရှိသောနာမတော်တစ်ခု ရှိ၏။ ယင်းကို ဟေဗြဲကျမ်းများ၌ အကြိမ်ပေါင်း ၇,၀၀၀ နီးပါးတွေ့ရှိရသည်။ ကိုယ်တော်၏အခြား မည်သည့်ဘွဲ့ထူးထက်မဆို ပိုမိုတွေ့ရှိရသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၁,၉၀၀ ခန့်က ဂျူးများသည် အယူသီးစွာဖြင့် နာမတော်ကိုအသံထွက်ရွတ်ဖတ်ခြင်းမှ ရပ်စဲခဲ့ကြသည်။ ကျမ်းစာသုံးဟေဗြဲစာကို သရမထည့်ဘဲရေးသားထားသည်။ ယင်းကြောင့် ဘုရားသခင်၏နာမတော်တွင် ပါဝင်သည့်အက္ခရာလေးလုံး (יהוה) ကို မောရှေ၊ ဒါဝိဒ်၊ သို့မဟုတ် ရှေးခေတ်ကအခြားသူများ မည်သို့အသံထွက်ရွတ်ဖတ်ခဲ့ကြောင်း အတိအကျမသိနိုင်တော့ပေ။ ပညာရှင်အချို့က ဘုရားသခင့်နာမတော်ကို “ယာဝေး” ဟူ၍အသံထွက်ရွတ်ဖတ်ခဲ့ဖွယ်ရှိသည်ဟု ဆိုကြသော်လည်း အသေအချာမပြောနိုင်ကြချေ။ မြန်မာအသံထွက် “ယေဟောဝါ” ကို ရာစုနှစ်နှင့်ချီ၍ အသုံးပြုခဲ့ပြီဖြစ်ရာ ယခုအခါတွင် ကျယ်ကျယ်ပြန့်ပြန့် လက်ခံလျက်ရှိကြသည်။—ယေရမိ ၃၃:၂။

ဘုရားသခင့်နာမတော်ကို သင်အသုံးပြုသင့်သည့်အကြောင်း

၆။ ဆာလံ ၈၃:၁၈ ၌ ယေဟောဝါအကြာင်း မည်သို့ဆိုထားသနည်း။ ကိုယ်တော်၏နာမတော်ကို ကျွန်ုပ်တို့အဘယ်ကြောင့် အသုံးပြုသင့်သနည်း။

၆ ယေဟောဝါဟူသော ဘုရားသခင်၏ အတုမရှိသောနာမတော်က ကိုယ်တော်အား အခြားသောဘုရားအားလုံးနှင့် ကွဲပြားခြားနားစေသည်။ ယင်းကြောင့် ထိုနာမတော်ကို သမ္မာကျမ်းစာတွင်၊ အထူးသဖြင့် ဟေဗြဲကျမ်းပိုင်းတွင် မကြာခဏတွေ့ရှိရခြင်းဖြစ်သည်။ ဘာသာပြန်သူအများက ဤမြင့်မြတ်သောနာမတော်ကို အသုံးပြုရန်ပျက်ကွက်ကြသော်လည်း ဆာလံ ၈၃:၁၈ ၌ “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ဟူ၍နာမတော်ရှိသော ကိုယ်တော်တစ်ပါးတည်းသာလျှင် မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားဖြစ်” ကြောင်းရှင်းလင်းစွာဆိုထားသည်။ ထို့ကြောင့် ဘုရားသခင့်အကြောင်း ပြောဆိုသည့်အခါ၌ ကိုယ်တော်၏ကိုယ်ပိုင်နာမတော်ကို အသုံးပြုသင့်ပေသည်။

၇။ ယေဟောဝါဟူသောနာမတော်၏ အဓိပ္ပာယ်မှ ဘုရားသခင့်အကြောင်း ဘာသိရှိရသနည်း။

၇ ယေဟောဝါဟူသောနာမတော်မှာ “ဖြစ်လာသည်” ဟူ၍အဓိပ္ပာယ်ရှိသော ဟေဗြဲကြိယာ၏သဏ္ဌာန်တစ်မျိုးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင့်နာမတော်သည် “ကိုယ်တော်ဖြစ်ပေါ်စေတော်မူသည်” ဟူ၍အဓိပ္ပာယ်ရှိသည်။ ဤသို့ ဖြင့် ယေဟောဝါဘုရားသခင်က မိမိကိုယ်ကို ကြီးမြတ်သောရည်ရွယ်ရှင်အဖြစ် ထုတ်ဖော်ပြသတော်မူ၏။ ကိုယ်တော်သည် မိမိ၏ရည်ရွယ်ချက်များကို အကောင်အထည်ပေါ်အောင် အစဉ်သဖြင့်ဖော်ဆောင်တော်မူ၏။ မှန်သောဘုရားသခင်တစ်ပါးတည်းသာ ဤနာမတော်နှင့် ထိုက်တန်၏။ အကြောင်းမှာ လူသားများသည် ၎င်းတို့၏အစီအစဉ်များ အထမြောက်မည်ဟု အသေအချာမပြောနိုင်ကြချေ။ (ယာကုပ် ၄:၁၃၊ ၁၄) ယေဟောဝါတစ်ပါးတည်းသာ “ထို့အတူ ငါ၏နှုတ်ကပါဌ်စကားသည် ဖြစ်လိမ့်မည်။ . . . ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်” ဟူ၍မိန့်ဆိုနိုင်၏။—ဟေရှာယ ၅၅:၁၁။

၈။ ယေဟောဝါသည် အဘယ်ရည်ရွယ်တော်မူချက်ကို မောရှေအားဖြင့် ကြေညာတော်မူသနည်း။

၈ ဟေဗြဲလူမျိုးတို့၏ ဘိုးဘေးများဖြစ်ကြသော အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ် အသီးသီးတို့သည် “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏နာမတော်ကို ပတ္ထနာပြု” ခဲ့ကြသော်လည်း ထိုမြင့်မြတ်သောနာမတော်၏ အဓိပ္ပာယ်ကို အပြည့်အဝမသိခဲ့ကြချေ။ (ကမ္ဘာဦး ၂၁:၃၃; ၂၆:၂၅; ၃၂:၉; ထွက်မြောက်ရာ ၆:၃) နောက်ပိုင်းတွင် ၎င်းတို့၏သားစဉ်မြေးဆက်များဖြစ်ကြသော ဣသရေလလူမျိုးကို အီဂျစ်ကျွန်ဘဝမှကယ်နုတ်၍ “နို့နှင့်ပျားရည်စီးသောပြည်” ကိုပေးမည်ဟူသော ကိုယ်တော်၏ရည်ရွယ်ချက်ကို ထုတ်ဖော်မိန့်ကြားခဲ့စဉ်က ထိုရည်ရွယ်ချက် အကောင်အထည်ပေါ်မည်မဟုတ်ဟု ထင်မှတ်ခဲ့ပေမည်။ (ထွက်မြောက်ရာ ၃:၁၇) သို့သော် ဘုရားသခင်သည် မောရှေအား “သင်တို့ဘိုးဘေးများ၏ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် ငါ့ကိုသင်တို့ရှိရာသို့ စေလွှတ်တော်မူပြီဟု ဣသရေလအမျိုးသားတို့အား ပြောရမည်။ ထိုအမည်သည် အစဉ်ငါ့အမည်ဖြစ်၏။ လူမျိုးအစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမဖြစ်၏” ဟူ၍မိန့်တော်မူခြင်းအားဖြင့် မိမိနာမတော်၏ ထာဝရအနှစ်သာရကို အလေးထားဖော်ပြတော်မူ၏။—ထွက်မြောက်ရာ ၃:၁၅။

၉။ ဖာရောမင်းက ယေဟောဝါကို အဘယ်သို့ထင်မြင်ယူဆသနည်း။

၉ တောကန္တာရထဲ၌ ယေဟောဝါအားကိုးကွယ်ဝတ်ပြုရန် ဣသရေလလူမျိုးကိုသွားရောက်ခွင့်ပြုပါရန် အီဂျစ်ပြည့်ရှင်ဖာရောမင်းထံ မောရှေတောင်းလျှောက်သည်။ သို့သော် မိမိကိုယ်ကို ဘုရားတစ်ဆူအဖြစ်ယူမှတ်သည့်အပြင် အီဂျစ်လူမျိုး၏ အခြားသောဘုရားများကိုပါကိုးကွယ်သည့်ဖာရောမင်းက “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏စကားကိုနားထောင်၍ ဣသရေလအမျိုးသားတို့ကို ငါလွှတ်စေခြင်းငှာ ထိုဘုရားကားအဘယ်သူနည်း။ ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကိုငါမသိ၊ ဣသရေလအမျိုးသားတို့ကို ငါမလွှတ်” ဟုဆိုလေ၏။—ထွက်မြောက်ရာ ၅:၁၊ ၂။

၁၀။ ရှေးအချိန်ကအီဂျစ်ပြည်တွင် ဣသရေလလူမျိုးပါဝင်ပတ်သက်သော ရည်ရွယ်မူချက်ကို ပြည့်စုံစေရာ၌ ယေဟောဝါသည် မည်သို့အရေးယူဆောင်ရွက်တော်မူခဲ့သနည်း။

၁၀ ထိုအခါ ယေဟောဝါသည် မိမိနာမတော်၏အနှစ်သာရနှင့်အညီ မိမိ၏ရည်ရွယ်ချက်ဖြစ်မြောက်ရေးအတွက် တစ်ဆင့်ပြီးတစ်ဆင့် အရေးယူဆောင်ရွက်တော်မူ၏။ ရှေးအီဂျစ်လူမျိုးတို့အပေါ် ကပ်ဘေးဆယ်ပါးကိုကျရောက်စေတော်မူ၏။ နောက်ဆုံးကပ်ဘေးကြီးသည် ဖာရောမင်း၏သားတော်အပါအဝင် အီဂျစ်ပြည်၏သားဦးမှန်သမျှကို သေဆုံးစေသည်။ ထိုအခါ အီဂျစ်လူမျိုးတို့သည် ဣသရေလလူမျိုးထွက်ခွာသွားရေးအတွက် စိတ်စောလာကြသည်။ သို့သော် အီဂျစ်လူမျိုးအချို့သည် ယေဟောဝါ၏တန်ခိုးတော်ကို အထင်ကြီးလေးစားသည့်စိတ်ဖြစ်ပေါ်ကာ ဣသရေလလူမျိုးနှင့်အတူ အီဂျစ်ပြည်မှထွက်ခွာခဲ့ကြသည်။—ထွက်မြောက်ရာ ၁၂:၃၅-၃၈။

၁၁။ ပင်လယ်နီတွင် အဘယ်အံ့ဖွယ်အမှုကို ယေဟောဝါပြုလုပ်တော်မူသနည်း။ ရန်သူများသည် အဘယ်အချက်ကို မလွှဲမရှောင်သာ ဝန်ခံခဲ့ကြရသနည်း။

၁၁ ခေါင်းမာသောဖာရောမင်းနှင့် စစ်ရထား ၆၀၀ ပါဝင်သော ၎င်း၏စစ်တပ်က ကျွန်များကိုပြန်လည်ဖမ်းဆီးရန်ထွက်ခွာကြသည်။ အီဂျစ်လူမျိုး နီးကပ်လာသည့်အခါ ဘုရားသခင်က ပင်လယ်နီကို အံ့ဖွယ်တန်ခိုးဖြင့်ခွဲလိုက်သဖြင့် ဣသရေလလူမျိုးတို့သည် ခြောက်သွေ့သောမြေပေါ်မှ ဖြတ်ကူးနိုင်ခဲ့လေသည်။ နောက်မှလိုက်လာသူများ ပင်လယ်ကြမ်းပြင်ပေါ်ရောက်သည်နှင့် ယေဟောဝါက “သူတို့ရထား အသွားခက်စေခြင်းငှာ ရထာဘီးများကို ချို့တဲ့စေတော်မူ၏။” အီဂျစ်စစ်သည်များက “ဣသရေလလူတို့ထံမှ ပြေးကြစို့။ ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည်သူတို့ဘက်၊ အဲဂုတ္တု [အီဂျစ်] လူတို့တစ်ဖက်၌ စစ်တိုက်သည်” ဟုအော်ဟစ်ကြ၏။ သို့သော် အလွန်အခါနှောင်းသွားလေပြီ။ ဧရာမရေနံရံကြီးပြိုကျ၍ “ဖာရောဘုရင်၏ရထား၊ မြင်းစီးသူရဲ၊ ဗိုလ်ခြေအပေါင်းကို လွှမ်းမိုး” လိုက်လေသည်။ (ထွက်မြောက်ရာ ၁၄:၂၂-၂၅၊ ၂၈) ဤသို့အားဖြင့် ယေဟောဝါသည် ကြီးမြတ်သောနာမတစ်ခု ရရှိခဲ့သည်။ ထိုဖြစ်ရပ်ကို ယနေ့တိုင် လူတို့မေ့လျော့ခြင်းမရှိကြချေ။—ယောရှု ၂:၉-၁၁။

၁၂၊ ၁၃။ (က) ဘုရားသခင့်နာမတော်သည် ယနေ့ကျွန်ုပ်တို့အဖို့ အဘယ်အဓိပ္ပာယ်ရှိသနည်း။ (ခ) လူတို့ အဘယ်အကြောင်းကိုသင်ကြားရန် အရေးတကြီးလိုအပ်နေသနည်း။ အဘယ်ကြောင့်နည်း။

၁၂ ဘုရားသခင်ရရှိသော ထိုနာမသည် ယနေ့ကျွန်ုပ်တို့အဖို့ အဓိပ္ပာယ်များစွာရှိသည်။ ယေဟောဝါဟူသော ကိုယ်တော့်နာမတော်သည် ရည်ရွယ်သမျှကို ဖြစ်မြောက်စေမည်ဟူသော အာမခံချက်အဖြစ် ရပ်တည်လျက်ရှိသည်။ ၎င်းရည်ရွယ်ချက်တွင် ကမ္ဘာမြေကြီးကို ပရဒိသုဘုံဖြစ်စေမည်ဟူသော မူလရည်ရွယ်ချက်ပါဝင်သည်။ (ကမ္ဘာဦး ၁:၂၈; ၂:၈) ထိုသို့ ဖြစ်မြောက်စေရန် ယနေ့ကိုယ်တော်၏ အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို ဆန့်ကျင်အံတုသူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းတော်မူမည်။ အကြောင်းမှာ “ငါသည် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်” ဟု ကိုယ်တော်မိန့်တော်မူထားသောကြောင့်ဖြစ်သည်။ (ယေဇကျေလ ၃၈:၂၃) ထိုအခါဘုရားသခင်သည် မိမိအားကိုးကွယ်သူတို့ကို ဖြောင့်မတ်သောကမ္ဘာသစ်အတွင်းသို့ ကယ်တင်မည်ဟူသော ကတိတော်ကို ပြည့်စုံစေမည်။—၂ ပေတရု ၃:၁၃။

၁၃ ဘုရားသခင့်မျက်နှာသာတော်ကို ရလိုသူအပေါင်းတို့အနေဖြင့် ယုံကြည်သောစိတ်နှင့် နာမတော်ကိုပတ္ထနာပြုရန် သင်ယူရမည်ဖြစ်သည်။ “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကိုပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ကြလတ္တံ့” ဟူ၍သမ္မာကျမ်းစာက ကတိပြုထား၏။ (ရောမ ၁၀:၁၃) မှန်ပါသည်၊ ယေဟောဝါဟူသောနာမတော်၌ အဓိပ္ပာယ်ကြွယ်ဝလှပေသည်။ ယေဟောဝါကို သင်၏ဘုရားသခင်နှင့် ရွေးနုတ်ရှင်အဖြစ် ပတ္ထနာပြုမည်ဆိုလျှင် မဆုံးနိုင်သော ပျော်ရွှင်ချမ်းမြေ့မှုကို သင်ရရှိမည်ဖြစ်သည်။

မှန်သောဘုရားသခင်၏ ဂုဏ်တော်များ

၁၄။ ဘုရားသခင်၏ အဘယ်အခြေခံဂုဏ်ရည်တော်များကို သမ္မာကျမ်းစာက ပဓာနပြုဖော်ပြထားသနည်း။

၁၄ အီဂျစ်ပြည်မှဣသရေလလူမျိုးများ ကယ်တင်ခံရခြင်းအကြောင်းကို လေ့လာရာမှ ဘုရားသခင်ပိုင်ဆိုင်တော်မူသည့် ချိန်ခွင်လျှာတိမ်းစောင်းခြင်းလုံးဝမရှိသော အခြေခံဂုဏ်တော်လေးပါးကို အထင်အရှားတွေ့ရသည်။ ဖာရောမင်းနှင့်ဆက်ဆံပုံက ကိုယ်တော်၏စိုးရွံ့ထိတ်လန့်ဖွယ်ကောင်းသော တန်ခိုးတော် ကိုပေါ်လွင်စေ၏။ (ထွက်မြောက်ရာ ၉:၁၆) ရှုပ်ထွေးသောထိုအခြေအနေကို ပိုင်နိုင်စွာကိုင်တွယ်ခဲ့ပုံက ကိုယ်တော်၏ပြိုင်ဘက်ကင်းသော ဉာဏ်ပညာတော် ကိုဖော်ပြ၏။ (ရောမ ၁၁:၃၃) မိမိလူမျိုးတော်ကို ခေါင်းမာစွာဆန့်ကျင်၍ ဖိနှိပ်ချုပ်ချယ်သူများကို ဒဏ်စီရင်ရာ၌ တရားမျှတခြင်း ကိုပြသတော်မူ၏။ (တရားဟောရာ ၃၂:၄) ဘုရားသခင်၏ ထူးကဲသောဂုဏ်တော်သည် မေတ္တာ ဖြစ်သည်။ (၁ ယောဟန် ၄:၁၆) ယေဟောဝါသည် အာဗြဟံ၏သားမြေးတို့နှင့်စပ်လျဉ်း၍ ပေးခဲ့သောကတိတော်ကို ပြည့်စုံစေခြင်းအားဖြင့် ထူးခြားသောမေတ္တာတော်ကို ပြသတော်မူ၏။ (တရားဟောရာ ၇:၈) အီဂျစ်လူမျိုးအချို့အား မှားသောဘုရားများကိုစွန့်၍ မှန်သောဘုရားသခင်တစ်ဆူတည်းဘက်ရပ်တည်ကာ ကြီးမားသည့်အကျိုးခံစားစေခြင်းအားဖြင့်လည်း မေတ္တာတော်ကိုပြသတော်မူ၏။

၁၅၊ ၁၆။ မေတ္တာတော်ကို အဘယ်နည်းများဖြင့် ဘုရားသခင်ပြသတော်မူသနည်း။

၁၅ ကျမ်းစာကိုဖတ်ရှုသည့်အခါ ဘုရားသခင်၏အဓိကဂုဏ်တော်မှာမေတ္တာဖြစ်ကြောင်း၊ ကိုယ်တော်သည် မေတ္တာတော်ကိုနည်းမျိုးစုံဖြင့် ပြသတော်မူကြောင်း သင်သတိပြုမိပေမည်။ သာဓကအနေဖြင့် ကိုယ်တော်သည် မေတ္တာတော်ကြောင့် ဖန်ဆင်းရှင်ဖြစ်လာပြီး ရှေးဦးစွာ နာမ်ဝိညာဉ်သတ္တဝါများအား အသက်ရှင်ခြင်း၏ပျော်ရွှင်မှုကို ခံစားစေတော်မူ၏။ သန်းပေါင်းများစွာသော အဆိုပါကောင်းကင်တမန်များသည် ဘုရားသခင်ကိုချစ်၍ချီးမွမ်းကြ၏။ (ယောဘ ၃၈:၄၊ ၇; ဒံယေလ ၇:၁၀) ဘုရားသခင်သည် မြေကြီးကိုဖန်ဆင်း၍ လူသားများပျော်ရွှင်စွာနေထိုင်ရန် ပြင်ဆင်ပေးခြင်းအားဖြင့်လည်း မေတ္တာပြသတော်မူ၏။—ကမ္ဘာဦး ၁:၁၊ ၂၆-၂၈; ဆာလံ ၁၁၅:၁၆။

၁၆ ကျွန်ုပ်တို့သည် ပြောမကုန်နိုင်သောနည်းမျိုးစုံဖြင့် ဘုရားသခင့်မေတ္တာတော်မှ အကျိုးကျေးဇူးခံစားကြရသည်။ ဘဝကိုမွေ့လျော်ခံစားနိုင်ရန် ကျွန်ုပ်တို့၏ခန္ဓာကိုယ်ကို အံ့သြဖွယ်ကောင်းသောနည်းဖြင့် မေတ္တာရှိစွာဖန်ဆင်းတော်မူ၏။ (ဆာလံ ၁၃၉:၁၄) ကျွန်ုပ်တို့အား “အစာအာဟာရနှင့်ဝပြော၍ ဝမ်းမြောက်စေခြင်းငှာ မိုးကောင်းကင်မှမိုးရွာစေတော်မူ၍ အသီးအနှံတို့ကို သီးစေတတ်သောဥတုကို” ပေးတော်မူရာ၌လည်း မေတ္တာတော်ကိုတွေ့ရသည်။ (တမန်တော် ၁၄:၁၇) ဘုရားသခင်သည် “ကောင်းသောသူ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုးကိုရွာစေတော်မူ၏။” (မဿဲ ၅:၄၅) ဘုရားသခင်အားသိကျွမ်းခြင်းပညာကို ရရှိပြီး ကိုယ်တော်အားကိုးကွယ်သောသူအနေနှင့် ပျော်ရွှင်စွာဝတ်ပြုနိုင်အောင် ကျွန်ုပ်တို့အားကူညီမစရန် ထိုမေတ္တာတော်ကပင် ဖန်ဆင်းရှင်ကို လှုံ့ဆော်ပေး၏။ အမှန်အားဖြင့် “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။” (၁ ယောဟန် ၄:၈) သို့သော် ကိုယ်တော့်ဥပဓိရုပ်တော်၌ ကျန်အင်လက္ခဏာများစွာ ရှိပါသေးသည်။

“ငဲ့ညှာသောသဘော၊ သနားကြင်နာသောသဘော . . . ရှိတော်မူသော . . . ဘုရားသခင်”

၁၇။ ထွက်မြောက်ရာ ၃၄:၆၊ ၇ မှ ဘုရားသခင်အကြောင်း ကျွန်ုပ်တို့ဘာသိရှိရသနည်း။

၁၇ ဣသရေလလူမျိုးသည် ပင်လယ်နီကို ဖြတ်ကူးပြီးနောက်၌ပင် ဘုရားသခင်ကို ပိုမိုသိကျွမ်းရန် လိုအပ်လျက်ရှိသေးသည်။ ဤလိုအပ်ချက်ကို မောရှေသိရှိပြီး ဤသို့ဆုတောင်းခဲ့သည်– “သို့ ဖြစ်၍ အကျွန်ုပ်သည် ရှေ့တော်၌မျက်နှာရလျှင်၊ မျက်နှာရကြောင်းကို အကျွန်ုပ်သိပါမည်အကြောင်း ကိုယ်တော်၏လမ်းကိုပြတော်မူပါ။” (ထွက်မြောက်ရာ ၃၃:၁၃) “ယေဟောဝါ၊ ယေဟောဝါ ငဲ့ညှာသောသဘော၊ သနားကြင်နာသောသဘော၊ အမျက်ထွက်နှေးသောသဘော၊ ချစ်ခင်ကြင်နာခြင်းနှင့် သစ္စာကြွယ်ဝသောသဘောရှိတော်မူသော၊ အထောင်အသောင်းသောသူတို့အား ချစ်ခင်ကြင်နာခြင်းတရား ထားတော်မူထသော၊ ပြစ်မှားခြင်း၊ လွန်ကျူးခြင်း၊ ဒုစရိုက်အပြစ်တို့ကို ဖြေလွှတ်သော်လည်း အပြစ်ဒဏ်ပေးခြင်းမှ အဘယ်နည်းနှင့်မျှ ကင်းလွတ်ခွင့်ပြုတော်မမူသော ဘုရားသခင်” ဟူ၍ ဘုရားသခင်ကိုယ်တော်တိုင် ကြွေးကြော်တော်မူသည်ကို ကြားရပြီးနောက် မောရှေသည် ဘုရားသခင်ကိုပိုမို၍ သိကျွမ်းခဲ့လေသည်။ (ထွက်မြောက်ရာ ၃၄:၆၊ ၇၊ ကဘ) ဘုရားသခင်သည် မေတ္တာတော်ကို တရားမျှတမှုဖြင့် ဟန်ချက်ညီအောင်ထိန်းထားတော်မူ၏။ စိတ်လိုကိုယ်လျောက်ပြစ်မှားသူတို့အား သူတို့ပြုသောဒုစရိုက်၏ အကျိုးဆက်ကိုမခံရအောင် ကာကွယ်ပေးတော်မမူချေ။

၁၈။ ယေဟောဝါသည် ငဲ့ညှာတတ်သောသဘောရှိကြောင်း အဘယ်သို့တွေ့ရှိရသနည်း။

၁၈ မောရှေသိမြင်ခဲ့သည့်အတိုင်း ယေဟောဝါသည် ငဲ့ညှာသောသဘော ပြသတော်မူ၏။ ငဲ့ညှာတတ်သောသူသည် ဒုက္ခရောက်သူတို့ကိုသနား၍ သက်သာရာရအောင် ကူညီပေးတတ်၏။ သို့နှင့် ဘုရားသခင်သည် ဒုက္ခ၊ နာခြင်းနှင့်သေခြင်းတို့မှ အစဉ်ထာဝရလွတ်မြောက်ရန် လူသားများအတွက် အစီအမံပြုလုပ်ပေးခြင်းအားဖြင့် ကရုဏာတရားပြသတော်မူသည်။ (ဗျာဒိတ် ၂၁:၃-၅) ဘုရားသခင်အားကိုးကွယ်သူတို့သည် ဤဆိုးယုတ်သောလောက၏ အခြေအနေများကြောင့်၊ ဘေးဆိုးများနှင့်ကြုံတွေ့ရဖွယ်ရှိသည်၊ သို့မဟုတ် အမြော်အမြင်မဲ့စွာပြုမူမိသဖြင့် ဒုက္ခရောက်ရဖွယ်ရှိသည်။ သို့သော်လည်း စိတ်နှိမ့်ချစွာနှင့် ယေဟောဝါထံ ကူညီမစမှုတောင်းခံမည်ဆိုပါက ကိုယ်တော်သည် သူတို့အားနှစ်သိမ့်မှုပေး၍ မစတော်မူမည်။ အဘယ့်ကြောင့်နည်း။ ကိုယ်တော်သည် မိမိအားကိုးကွယ်သူတို့ကို ငဲ့ညှာသောသဘောအပြည့်နှင့် နူးညံ့သိမ်မွေ့စွာ ထောက်ထားညှာတာတော်မူသောကြောင့်ဖြစ်သည်။—ဆာလံ ၈၆:၁၅; ၁ ပေတရု ၅:၆၊ ၇။

၁၉။ ဘုရားသခင်သည် သနားကြင်နာတတ်သောသဘော ရှိတော်မူကြောင်း အဘယ်ကြောင့်ဆိုနိုင်သနည်း။

၁၉ အာဏာရှိသူအများသည် အခြားသူများကို ကြမ်းတမ်းစွာဆက်ဆံတတ်ကြသည်။ ထိုသူတို့နှင့်မတူဘဲ ယေဟောဝါသည် စိတ်နှိမ့်ချသည့်အစေခံများကို မည်မျှသနားကြင်နာလှသည်တကား! ကိုယ်တော်သည် စကြဝဠာတွင် အမြင့်ဆုံးအာဏာပိုင်ဖြစ်လင့်ကစား လူသားအပေါင်းတို့ကို ယေဘုယျသဘောဖြင့် ထူးခြားစွာကြင်နာမှုပြတော်မူ၏။ (ဆာလံ ၈:၃၊ ၄; လုကာ ၆:၃၅) ယေဟောဝါသည် လူတစ်ဦးချင်းကိုလည်း သနားကြင်နာ၍ ၎င်းတို့ သတ်သတ်မှတ်မှတ်ဖော်ပြသော အသနားခံချက်များကို ဖြေကြားတော်မူ၏။ (ထွက်မြောက်ရာ ၂၂:၂၆၊ ၂၇; လုကာ ၁၈:၁၃၊ ၁၄) သို့သော် မည်သူ့ကိုမဆို မျက်နှာသာ သို့မဟုတ် ငဲ့ညှာမှုပြရန် ဘုရားသခင်၌တာဝန်မရှိပါ။ (ထွက်မြောက်ရာ ၃၃:၁၉) ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ငဲ့ညှာမှုနှင့် သနားကြင်နာမှုကို လှိုက်လှိုက်လှဲလှဲ လေးမြတ်တန်ဖိုးထားသည့်သဘော ပြသရန်လိုသည်။—ဆာလံ ၁၄၅:၁၊ ၈။

အမျက်ထွက်နှေး၏၊ မျက်နှာမလိုက်တတ်၊ ဖြောင့်မတ်၏

၂၀။ ယေဟောဝါသည် အမျက်ထွက်နှေးတော်မူသည့်အပြင် မျက်နှာလိုက်ခြင်းလည်း ရှိတော်မမူကြောင်း ဘာကပြသသနည်း။

၂၀ ယေဟောဝါသည် အမျက်ထွက်နှေးတော်မူ၏။ သို့သော် အရေးယူတော်မူမည်မဟုတ်ဟူ၍ ဆိုလိုခြင်းမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ခေါင်းမာသောဖာရောမင်းနှင့်တကွ ၎င်း၏စစ်တပ်ကို ပင်လယ်နီတွင် ကိုယ်တော်ဖျက်ဆီးတော်မူခဲ့သည်။ ယေဟောဝါသည် မျက်နှာမလိုက်သော ဘုရားလည်းဖြစ်တော်မူ၏။ ထို့ကြောင့် မျက်နှာသာတော်ရသောလူမျိုးတော်ဖြစ်သည့် ဣသရေလလူမျိုးသည် ၎င်းတို့တစ်စိုက်မတ်မတ်ပြုလုပ်သည့် ဒုစရိုက်မှုကြောင့် နောက်ဆုံး၌ ဘုရားသခင်၏မျက်နှာသာတော်ကို ဆုံးရှုံးခဲ့ရလေသည်။ ဘုရားသခင်သည် လူမျိုးခပ်သိမ်းတို့ထဲမှလူတို့ကို မိမိအားကိုးကွယ်သူများအဖြစ် လက်ခံသော်လည်း ကိုယ်တော်၏ ဖြောင့်မတ်သောနည်းလမ်းတော်များနှင့်အညီ ကျင့်ကြံသူတို့ကိုသာလက်ခံတော်မူ၏။—တမန်တော် ၁၀:၃၄၊ ၃၅။

၂၁။ (က) ဗျာဒိတ် ၁၅:၂-၄ က ဘုရားသခင်အကြောင်း ဘာသင်ပေးသနည်း။ (ခ) မှန်သည်ဟု ဘုရားသခင်ဆိုသောအရာကို ကျွန်ုပ်တို့ပြုလုပ်ရန် ဘာကပို၍လွယ်ကူစေမည်နည်း။

၂၁ ဗျာဒိတ်ကျမ်းစောင်က ဘုရားသခင်၏ “ဖြောင့်မတ်သောအမိန့်တော်များ” ကိုသင်ကြားဆည်းပူးရန်အရေးကြီးကြောင်း ပဓာနပြုဖော်ပြသည်။ ကောင်းကင်သတ္တဝါများသည် ဤသို့ကျူးဧသီဆိုကြကြောင်း ၎င်းစာစောင်ကဆို– “အနန္တတန်ခိုးရှင် ယေဟောဝါဘုရားသခင်၊ အမှုတော်များသည် ကြီးမြတ်၍အံ့သြဖွယ်ဖြစ်ကြပါ၏။ ထာဝရဘုရင်မင်းမြတ်၊ နည်းလမ်းတော်များသည် ဖြောင့်မတ်မှန်ကန်လှပါ၏။ အိုယေဟောဝါ၊ ကိုယ်တော်အားခန့်ညားခြင်း၊ နာမတော်ကိုချီးမွမ်းခြင်းမပြုဘဲ အဘယ်သူနေဝံ့ပါအံ့နည်း။ အကြောင်းမူကား၊ ကိုယ်တော်တစ်ပါးတည်းသာ သစ္စာတည်တော်မူ၏။ ဖြောင့်မတ်သော အမိန့်တော်များသည် ထင်ရှားပြီးဖြစ်၍ လူမျိုးရှိသမျှသည် ရှေ့တော်သို့လာ၍ ကိုးကွယ်ကြပါလိမ့်မည်။” (ဗျာဒိတ် ၁၅:၂-၄၊ ကဘ) မှန်သည်ဟု ယေဟောဝါမိန့်တော်မူသည်အတိုင်း လိုက်နာကျင့်ကြံခြင်းအားဖြင့် ကိုယ်တော်အားခန့်ညားကြောင်း၊ ကြည်ညိုကိုင်းရှိုင်းကြောင်း ကျွန်ုပ်တို့ပြသကြသည်။ ဘုရားသခင်၏ ဉာဏ်ပညာတော်နှင့် မေတ္တာတော်ကို အမြဲသတိရနေမည်ဆိုပါက ထိုသို့ပြုရန်ပို၍လွယ်ကူမည်။ ကိုယ်တော့်ပညတ်တော်ရှိသမျှသည် ကျွန်ုပ်တို့၏ကောင်းကျိုးအတွက်သာ ဖြစ်ကြသည်။—ဟေရှာယ ၄၈:၁၇၊ ၁၈။

“ငါတို့ဘုရားသခင်ယေဟောဝါသည် တစ်ပါးတည်း . . . ဖြစ်တော်မူ၏”

၂၂။ ကျမ်းစာကို လက်ခံယုံကြည်သူတို့သည် သုံးပါးပေါင်းတစ်ဆူကို အဘယ်ကြောင့်မကိုးကွယ်ကြသနည်း။

၂၂ ရှေးအီဂျစ်လူမျိုးတို့သည် ဘုရားအများကိုကိုးကွယ်ကြသော်လည်း ယေဟောဝါမူကား“သီးသန့်ဖြစ်သော ဝတ်ပြုကိုးကွယ်ခြင်းကို တင်းကျပ်စွာတောင်းဆိုသော ဘုရားသခင်” ဖြစ်တော်မူ၏။ (ထွက်မြောက်ရာ ၂၀:၅၊ ကဘ) “ငါတို့၏ဘုရားသခင်ယေဟောဝါသည် တစ်ပါးတည်းသော ယေဟောဝါဖြစ်တော်မူ၏” ဟုဣသရေလလူမျိုးကို မောရှေသတိပေးခဲ့သည်။ (တရားဟောရာ ၆:၄၊ ကဘ) ယေရှုခရစ်က ထိုစကားများကို ထပ်၍မိန့်တော်မူ၏။ (မာကု ၁၂:၂၈၊ ၂၉၊ ကဘ) သို့ ဖြစ်သောကြောင့် သမ္မာကျမ်းစာကို ဘုရားသခင့်နှုတ်ကပါဌ်တော်အဖြစ် လက်ခံသူတို့သည် ဘုရားတစ်ဆူ၌ ပုဂ္ဂိုလ်သုံးဦး သို့မဟုတ် ဘုရားသုံးပါးပါဝင်သည့် သုံးပါးပေါင်းတစ်ဆူကို ကိုးကွယ်ခြင်းမပြုကြပေ။ အမှန်အားဖြင့် “သုံးပါးပေါင်းတစ်ဆူ” ဟူသောစာလုံးကိုပင် သမ္မာကျမ်းစာတွင် မတွေ့ရှိရပါ။ မှန်သောဘုရားသခင်သည် ပုဂ္ဂိုလ်တစ်ပါးတည်းသာဖြစ်ပြီး ယေရှုခရစ်နှင့် သီးခြားဖြစ်တော်မူသည်။ (ယောဟန် ၁၄:၂၈; ၁ ကောရိန္သု ၁၅:၂၈) ဘုရားသခင်၏ဝိညာဉ်တော်မှာ ပုဂ္ဂိုလ်တစ်ပါးမဟုတ်ပါ။ ယေဟောဝါ၏ တက်ကြွလှုပ်ရှားသောစွမ်းအားသာဖြစ်ပြီး အနန္တတန်ခိုးရှင်က ကိုယ်တော့်ရည်ရွယ်ချက်များကို ပြီးမြောက်အောင်ဖော်ဆောင်ရာ၌ ယင်းကိုအသုံးပြုတော်မူ၏။—ကမ္ဘာဦး ၁:၂; တမန်တော် ၂:၁-၄; ၂ ပေတရု ၁:၂၀၊ ၂၁။

၂၃။ (က) ဘုရားသခင်အားချစ်သော သင်၏မေတ္တာသည် မည်သို့တိုးပွားလာမည်နည်း။ (ခ) ဘုရားသခင်အားချစ်ခြင်းအကြောင်း ယေရှုမည်သို့မိန့်တော်မူခဲ့သနည်း။ ခရစ်တော်နှင့်စပ်လျဉ်းသော မည်သည့်အကြောင်းကို သိရှိရန်လိုသနည်း။

၂၃ ယေဟောဝါသည် မည်မျှအံ့သြဖွယ်ကောင်းကြောင်း စဉ်းစားဆင်ခြင်လိုက်သည့်အခါ ကိုယ်တော်သည် သင်၏ကိုးကွယ်ခြင်းခံထိုက်သည် ဟူသောအချက်ကို သင်သဘောမတူဘဲနေမည်လော။ ကိုယ်တော့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကို လေ့လာဆည်းပူးလာသည်နှင့်အမျှ ကိုယ်တော့်အကြောင်းကို ပို၍ကောင်းစွာသိရှိလာပြီး သင်၏ထာဝရကောင်းစားရေးနှင့် ပျော်ရွှင်ချမ်းမြေ့ရေးအတွက် ကိုယ်တော်သတ်မှတ်သည့် လိုအပ်ချက်များကိုပါ သိရှိလာပေမည်။ (မဿဲ ၅:၃၊ ၆) ထိုမျှမက ဘုရားသခင်ကိုချစ်သောမေတ္တာလည်း တိုးပွားလာမည်။ ဤသို့ ဖြစ်သည်မှာ သင့်တော်လျောက်ပတ်ပေသည်။ အကြောင်းမှာ “သင်၏ဘုရားသခင် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့” ဟူ၍ ယေရှုမိန့်တော်မူခဲ့သောကြောင့်ဖြစ်သည်။ (မာကု ၁၂:၃၀) ယေရှုသည် ဘုရားသခင်အပေါ် ထိုသို့သောမေတ္တာမျိုး ထားရှိတော်မူ၏။ သို့သော် ယေရှုခရစ်အကြောင်း သမ္မာကျမ်းစာ မည်သို့ဖော်ပြသနည်း။ ယေဟောဝါ၏ရည်ရွယ်ချက်တွင် ယေရှုပါဝင်ရသည့်အခန်းကဏ္ဍကား အဘယ်နည်း။

သင်၏အသိပညာကို စစ်ဆေးခြင်း

ဘုရားသခင်၏နာမတော်ကား အဘယ်နည်း။ သမ္မာကျမ်းစာတွင် ယင်းကိုအကြိမ်မည်မျှ အသုံးပြုထားသနည်း။

ဘုရားသခင့်နာမတော်ကို သင်အဘယ်ကြောင့် အသုံးပြုသင့်သနည်း။

ယေဟောဝါ၏ အဘယ်ဂုဏ်ရည်တော်များက သင့်အတွက် အထူးနှစ်သက်စရာဖြစ်သနည်း။

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

အရာခပ်သိမ်းကိုဖန်ဆင်းသောအရှင်အား သင်မည်မျှကောင်းစွာသိရှိသနည်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ