အခြားသူများအား နှစ်သိမ့်မှုတွေ့ ရှိရန် ကူညီပေး
၁ လူတို့သည် ဘေးအန္တရာယ်များ၊ စစ်ပွဲများ၊ ရာဇဝတ်မှုနှင့် ဆင်းရဲဒုက္ခအကြောင်းကြားနေရ၍ ငြီးငွေ့နေကြသည်။ နှစ်သိမ့်မှုသည် ယနေ့သတင်းမှတ်တမ်းများတွင် လုံးလုံးမပါသော်လည်း လူသားအပေါင်း အမှန်တကယ်လိုအပ်ရာဖြစ်သည်။ နှစ်သိမ့်ပေးရန်၏အဓိပ္ပာယ်မှာ အခြားသူတစ်ဦးကို “ခွန်အားရှိစေပြီး မျှော်လင့်ချက်ပေးရန်” နှင့် “စိတ်ကြေကွဲမှု သို့မဟုတ် ဒုက္ခလျော့နည်းစေရန်” ဟူ၍ဖြစ်သည်။ ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့သည် ဤနည်းဖြင့် လူတို့ကိုကူညီရန် တန်ဆာဆင်ခံရသည်။ (၂ ကော. ၁:၃၊ ၄) ဇူလိုင်နှင့်သြဂုတ်လတွင်ဝေငှမည့် ကျွန်ုပ်တို့၏ကျမ်းစာအခြေပြုဘရိုရှာများတွင် နှစ်သိမ့်ပေးသည့်သမ္မာတရားသတင်းစကားများပါဝင်သည်။ (ရော. ၁၅:၄) အခြေအနေအမျိုးမျိုးအောက် ယင်းတို့ကိုတင်ဆက်ရန်အတွက် အကြံပြုချက်တချို့ကို ဤတွင်ဖော်ပြထားသည်–
၂ ကြေကွဲဖွယ်ရာသတင်းဖြစ်ရပ်တစ်ခုက အခြားသူများအား သက်သေခံရန်နှင့် နှစ်သိမ့်မှုပေးရန် အခွင့်အလမ်းကိုဖန်တီးပေးနိုင်၍ ဤကဲ့သို့ သင်ပြောနိုင်သည်–
▪ “ဒီလိုအရာတွေဖြစ်ပျက်လာတဲ့အခါ ဘုရားသခင်တကယ်မှရှိရဲ့လား၊ ရှိတယ်ဆိုရင် ကျွန်တော်တို့ကိုဂရုမှစိုက်ရဲ့လားဆိုပြီး တချို့သူတွေတွေးကြပါတယ်။ မိတ်ဆွေအနေနဲ့ကော ဘယ်လိုထင်သလဲ။ [တုံ့ ပြန်မှုကိုစောင့်ပါ။] ဘုရားသခင်ရှိ၊ မရှိပိုင်းဖြတ်နိုင်တဲ့နည်းတစ်နည်းကတော့ အခိုင်အမာတည်ရှိပြီးဖြစ်တဲ့မူတစ်ခုကိုအသုံးပြုခြင်းပါပဲ။” ဟေဗြဲ ၃:၄ ကိုဖတ်ပြပါ။ ဖန်ဆင်းတီထွင်သူတစ်ဦးလိုအပ်သည်မှာထင်ရှားကြောင်း ကျွန်ုပ်တို့ဝန်းကျင်ရှိအခြားအရာများကို ညွှန်ပြပါ။ ထို့နောက် “မိတ်ဆွေကိုနှစ်သိမ့်မှုဖြစ်စေမယ်လို့ ကျွန်တော်သိထားတဲ့ ဘရိုရှာတစ်စောင်ယူလာပါတယ်။ အဲ့ဒါကို ဘုရားသခင်သည်ကျွန်ုပ်တို့အားအမှန်ပင်ဂရုစိုက်တော်မူသလော ဆိုပြီးခေါင်းစဉ်တပ်ထားပါတယ်။ [မျက်နှာဖုံးပေါ်မှမေးခွန်းများကိုဖတ်ပြပါ။] ဒီဘရိုရှာထဲမှာ ဘုရားသခင်ဟာ တည်ရှိနေရုံသာမကဘဲ မကြာမီ ကိုယ်တော်ဟာ ယနေ့ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ တရားမျှတမှုမရှိတဲ့အခြေအနေအားလုံးကို အဆုံးတိုင်စေမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တဲ့သက်သေအထောက်အထားပါရှိပါတယ်။ မိတ်ဆွေဖတ်လိုပါသလား။ ၁၂ ကျပ်ပဲကျပါတယ်။” ပြန်သွားရန်စီစဉ်ပါ။
၃ သင်ပြန်သွားသောအခါ ဤသို့ပြောနိုင်သည်–
▪ “ဘုရားသခင်သည်ကျွန်ုပ်တို့အားအမှန်ပင်ဂရုစိုက်တော်မူသလော ဘရိုရှာကိုကျွန်တော်ထားခဲ့တုန်းက ဘုရားသခင်ရဲ့တည်ရှိမှုနဲ့စပ်လျဉ်းတဲ့ သက်သေအထောက်အထားအကြောင်း ကျွန်တော်တို့ပြောကြတယ်။ စာမျက်နှာ ၇ မှာပါတဲ့ ဒီအချက်ကို မိတ်ဆွေသတိပြုမိကောင်းပြုမိပါလိမ့်မယ်။ [ရုပ်ပုံကိုပြပြီး အပိုဒ် ၁၅ ကိုအကျဉ်းချုံးတင်ပြပါ။] ဒါက ဂရုစိုက်တဲ့ဘုရားတစ်ဆူ တကယ်ရှိတယ်ဆိုတာတင်ပြတဲ့ နမူနာတစ်ခုလောက်ပဲဖြစ်တယ်။ [စာမျက်နှာ ၉ ပါအပိုဒ် ၂၇ ကိုဖတ်ပြပါ။] ကိုယ်ပိုင်ကျမ်းစာလေ့လာမှုက ကိစ္စရပ်များအပေါ် ဘုရားသခင့်ရှုမြင်ပုံကိုရရှိစေတဲ့အတွက် နေ့စဉ်ဘဝပြဿနာများကို ဖြေရှင်းနိုင်အောင် အဲ့ဒါက ကျွန်တော့်ကိုကူညီပေးပါတယ်။”လေ့လာပုံကိုပြပေးရန် ကမ်းလှမ်းပါ။
၄ “ဘဝရည်ရွယ်ချက်ကား အဘယ်နည်း—ယင်းကို သင်မည်သို့ရှာတွေ့နိုင်သနည်း” ဘရိုရှာကိုအသုံးပြုပြီး တယ်လီဖုန်းဖြင့်သက်သေခံနိုင်သည်။ သင်ကိုယ်တိုင် ဤသို့နိဒါန်းပျိုးပြီး ပြောနိုင်သည်–
▪ “မိတ်ဆွေကို လူကိုယ်တိုင်လာမတွေ့နိုင်လို့ အရေးကြီးတဲ့သတင်းတရားနဲ့စပ်လျဉ်းပြီး ဖုန်းဆက်ရခြင်းဖြစ်ပါတယ်။” ဘရိုရှာ၏စာမျက်နှာ ၄ ပါပထမအပိုဒ်ကိုဖတ်ပြပြီး လူတစ်ဦးချင်းစီနှင့်စကားပြောသကဲ့သို့ ပင်ကိုအတိုင်းလုပ်ဆောင်ပါ။ သူ့အား မည်သို့ထင်မြင်ယူဆကြောင်းမေးပြီး တုံ့ ပြန်မှုကိုစောင့်ပါ။ “ကျွန်တော့်ကျမ်းစာအုပ်မှာ ဟေရှာယ ၄၅:၁၈ ကိုဖွင့်ထားပါတယ်။ ဒီအခန်းငယ်က ကမ္ဘာမြေကြီးကို ကျွန်တော်တို့အတွက်ရည်ရွယ်ပြီးဖန်ဆင်းထားတယ်လို့ ဖော်ပြပါတယ်။ မိတ်ဆွေကို ကျွန်တော်ဖတ်ပြပါရစေ။” ဖတ်ပြပြီးနောက် ဘရိုရှာ၏ရည်ရွယ်ချက်ကိုရှင်းပြပြီး သင် မည်သို့ပို့ပေးနိုင်ကြောင်း မေးပါ။
၅ သင် ဖုန်းပြန်ဆက်သောအခါ သင်အံမှုစရန် ဤချဉ်းကပ်နည်းကိုစမ်းကြည့်နိုင်သည်–
▪ “ကျွန်တော်တို့ကို ဘဝရည်ရွယ်ချက်အကြောင်း ဘယ်သူပြောပြနိုင်တယ်ဆိုတာ ဥပမာပေးရှင်းပြခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ပြီးခဲ့တဲ့စကားလက်စကိုဆက်ချင်ပါတယ်။ [ဘဝရည်ရွယ်ချက်ဘရိုရှာစာမျက်နှာ ၆ မှအပိုဒ် ၁ နှင့် ၂ ကိုရှင်းပြပါ။] ဗျာဒိတ် ၄:၁၁ က ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ဖန်ဆင်းရှင်ဖြစ်ကြောင်း ရှင်းပြပါတယ်။ [ဖတ်ပါ။] ကိုယ်တော့်မှာ ကျွန်တော်တို့ကိုဖန်ဆင်းရတဲ့အကြောင်းတစ်ခုရှိမှာ သေချာတယ်။ အဲ့ဒီအကြောင်းဟာဘာလဲဆိုတာရှာတွေ့ချင်ကြတဲ့လူတွေဟာ ဘုရားသခင်ရဲ့နှုတ်ကပါဌ်တော်သမ္မာကျမ်းစာကို လေ့လာကြပါတယ်။ မိတ်ဆွေကို အဲ့ဒီအခွင့်အရေး ကျွန်တော်ကမ်းလှမ်းချင်တယ်။” အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအစီအစဉ်ကို မည်သို့ကျင်းပကြောင်းရှင်းပြပြီး သင်အံမှုစရန်အစီအစဉ်များပြုလုပ်ပါ။
၆ ဤအပြုသဘောပါချဉ်းကပ်နည်းက ချစ်မြတ်နိုးရသူတစ်ဦးသေဆုံးသွားခဲ့ရသူများကို နှစ်သိမ့်မှုဖြစ်စေနိုင်သည်–
▪ “ချစ်မြတ်နိုးရသူတစ်ဦးကို သေခြင်းအားဖြင့်ဆုံးရှုံးသွားရသူအားလုံးရဲ့အကျိုးအတွက် အများပြည်သူနဲ့ဆိုင်တဲ့လုပ်ငန်းတစ်ခုကို ကျွန်တော်တို့လုပ်ဆောင်နေပါတယ်။ ဒါက ကျွန်တော်တို့အားလုံးအစဉ်ကြုံတွေ့နေရမယ့် အခက်ခဲဆုံးအရာတွေထဲကတစ်ခုဖြစ်တဲ့အတွက် သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါဆိုတဲ့ဒီဘရိုရှာကို ပြင်ဆင်ပေးရခြင်းဖြစ်ပါတယ်။ ဒီဘရိုရှာက လူသန်းပေါင်းများစွာကို ကူညီပေးလျက်ရှိပါတယ်။ ယေရှုခရစ်ပေးခဲ့တဲ့စိတ်လှုပ်ရှားဖွယ်ကတိတော်နဲ့ပတ်သက်ပြီး ဘာပြောထားတယ်ဆိုတာ ကျွန်တော်ပြပေးချင်တယ်။ [ယောဟန် ၅:၂၁၊ ၂၈၊ ၂၉ ပါသောစာမျက်နှာ ၂၆ မှပဉ္စမအပိုဒ်ကိုဖတ်ပြပါ။] ယေရှုက လာဇရုကို သေရာမှအမှန်တကယ်ထမြောက်ပေးတယ်ဆိုတဲ့ခရစ်ဝင်မှတ်တမ်းကို သရုပ်ဖော်ရေးဆွဲထားတဲ့ စာမျက်နှာ ၂၉ ကဒီရုပ်ပုံကိုသတိပြုပါ။ နှစ်သိမ့်မှုပေးတဲ့ဒီဘရိုရှာကို မိတ်ဆွေဖတ်ချင်တယ်ဆိုရင် ၁၂ ကျပ်နဲ့ထားခဲ့ပေးပါ့မယ်။”
၇ သင်ပြန်သွားသောအခါ “သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါ” ဘရိုရှာ၏စာမျက်နှာ ၂၉ မှရုပ်ပုံကိုပြန်ပြပြီး ဤသို့ပြောနိုင်သည်–
▪ “လာဇရုကို ယေရှုထမြောက်ပေးတဲ့အကြောင်း ကျွန်တော်တို့ဆွေးနွေးခဲ့တာကို ပြန်သတိရပါ။ [စာမျက်နှာ ၂၈ မှပုံစာကိုဖတ်ပြပြီး “တကယ်ဖြစ်ပျက်ခဲ့သလော” ခေါင်းစဉ်ငယ်အောက်ရှိအကြောင်းအရာကို သုံးသပ်ပါ။] ကွယ်လွန်သွားတဲ့ချစ်မြတ်နိုးရသူတစ်ဦးကို ပြန်တွေ့နိုင်တယ်ဆိုတာယုံကြည်ဖို့ မိတ်ဆွေရဲ့နှလုံးကတမ်းတနေတယ်ဆိုရင် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို မိတ်ဆွေရဲ့ကိုယ်ပိုင်မျှော်လင့်ချက်ဖြစ်လာအောင် ကျွန်တော်ကူညီပေးပါရစေ။” အိမ်တွင်းကျမ်းစာသင်အံမှုကမ်းလှမ်းပါ။
၈ “စိတ်မသာညည်းတွားသောသူတို့အား နှစ်သိမ့်” ပေးခြင်းအားဖြင့် ယေရှုကိုတုပရန် လာမည့်လများတွင် ကျွန်ုပ်တို့အတတ်နိုင်ဆုံးကြိုးစားလုပ်ဆောင်ကြစို့။—ဟေရှာ. ၆၁:၂။