လူ ရှိသည့်နေရာတိုင်းတွင်သက်သေခံပါ
၁ မိမိ၏ဓမ္မအမှုတွင်ပါဝင်သည့် ဘုရားသခင့်ဝိညာဉ်တော်၏ကဏ္ဍကို အသိအမှတ်ပြုလျက် တမန်တော်ပေါလုက “ကြီးပွားစေသောသူကား၊ ဘုရားသခင်ပေတည်း” ဟုဖော်ပြသည်။ “ငါတို့သည် ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြ၏” ဟူ၍လည်း သူအသိအမှတ်ပြုဝန်ခံခဲ့သည်။ (၁ ကော. ၃:၅-၉၊ ကဘ) ယင်းကား အလွန်ပင်ကောင်းမွန်လှသည့်အခွင့်ထူးဖြစ်သည်။ ဘုရားသခင်နှင့်လုပ်ဖော်ဆောင်ဖက်ဖြစ်ရခြင်းကို လေးမြတ်ကြောင်း လူအများရှေ့ကျွန်ုပ်တို့မည်သို့တင်ပြနိုင်သနည်း။ တစ်အိမ်မှတစ်အိမ်နှင့် အခြားနေရာတိုင်းတွင် ကျွန်ုပ်တို့တွေ့ဆုံရသူအားလုံးကို သတင်းကောင်းကြေညာခြင်းအားဖြင့်ဖြစ်သည်။
၂ ‘လူမျိုးတကာတို့ကိုတပည့်ဖြစ်စေ’ ရန်ကျွန်ုပ်တို့မိန့်မှာခံရသည်။ (မ. ၂၈:၁၉) ကျွန်ုပ်တို့သည် ဓမ္မအမှုတွင်ပါဝင်စဉ် လူအနည်းငယ်နှင့်သာတွေ့ဆုံရပါက စိတ်ပျက်လက်ပျက်ဖြစ်ကာ အနည်းငယ်သာပြီးမြောက်သည်ဟု ခံစားရပေမည်။ အခြားတစ်ဖက်တွင်မူ၊ လူများစွာနှင့်တွေ့ရပြီး သူတို့နှင့်စကားစမြည်ပြောနိုင်သောအခါ ကျွန်ုပ်တို့၏ဓမ္မအမှုသည် အကြီးအကျယ်ရွှင်လန်းမှုရရှိသည်။ ယင်းက တချို့သူတို့အတွက် လူတို့နှင့်တွေ့ဆုံနိုင်ဖို့ လူရှိသည့်နေရာတိုင်းသို့သွားရန်မိမိတို့၏အပိုင်းကို အစပြုလုပ်ဆောင်ရန်လိုအပ်သောကြောင့် စိန်ခေါ်ချက်ဖြစ်နိုင်သည်။
၃ လက်တွေ့ကျပုံသက်သေများ– ကျွန်ုပ်တို့သည် စျေး၊ ပန်းခြံ၊ အနားယူရပ်နားသည့်နေရာနှင့် သယ်ယူပို့ဆောင်ရေးယာဉ်ဂိတ်များတွင် ရှိသည့်လူများကို သက်သေခံနိုင်သည်။ လူထုသယ်ယူပို့ဆောင်ရေးယာဉ်ကို သင်စီးသောအခါ လမ်းတစ်လျှောက်သက်သေခံသွားရန် ပြင်ဆင်ထားပါသလော။ လုပ်ငန်းတော်စည်းဝေးတက်ရန် လူပြည့်ကျပ်နေသောဘတ်စကားတွင် စီးနင်းလိုက်ပါလာသည့်သက်သေခံနှစ်ဦးသည် အနာဂတ်အတွက် ဘုရားသခင်၏ကတိတော်များကို ဆွေးနွေးထားသည့်အသိပညာစာအုပ်ပါ ပရဒိသုရုပ်ပုံနှင့်စပ်လျဉ်း၍ စကားလက်ဆုံကျခဲ့ကြသည်။ ဖြစ်လာမည်ဟု သူတို့မျှော်လင့်ကြစဉ် အနားတွင် လူငယ်တစ်ဦးရပ်နားထောင်နေပြီး သူကြားရသည့်အရာများကြောင့် အလွန်စွဲမှတ်သွားခဲ့သည်။ ဘတ်စကားပေါ်မှမဆင်းမီ ထိုသူသည် စာအုပ်တစ်အုပ်ကို လက်ခံယူကာ မိမိ၏အိမ်သို့ တစ်ဦးဦးလာရောက်လည်ပတ်ပါရန် တောင်းဆိုခဲ့သည်။
၄ ကြေညာသူများစွာတို့သည် အလွတ်သဘောသက်သေခံခြင်းဖြင့် ရွှင်လန်းမှုကိုရရှိကြသည်။ ညီအစ်မတစ်ဦးသည် မွန်းလွဲပိုင်းအချိန်တွင် ဒေသခံအရောင်းစင်တာတစ်ခုသို့သွားကာ စျေးဝယ်ခြမ်းပြီးသော်လည်း ရေးကြီးသုတ်ပျာဖြစ်ပုံမရသည့်လူတို့ကို ချဉ်းကပ်ခဲ့သည်။ သူမ၏အိတ်ထဲတွင်ပါသမျှစာပေအားလုံးကို ဝေငှခဲ့ရသည်။ ကားထဲတွင်စောင့်နေသည့်အမျိုးသားတစ်ဦးသည် သူမထံမှ မဂ္ဂဇင်းများရရှိသောကြောင့် ပျော်သွားသည်။ ထိုသူသည် ယခင်က အစည်းအဝေးများတက်ဖူးခဲ့ပြီး သူတို့၏စကားစမြည်ပြောဆိုမှုက ထိုသူ၏စိတ်ဝင်စားမှုကို ပြန်နှိုးဆွပေးခဲ့သည်။
၅ ယေဟောဝါ၏နာမတော်ကို ချီးမြှင့်ဂုဏ်တင်ရခြင်းသည် အခွင့်ထူးတစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဟောပြောခြင်းလုပ်ငန်းအတွက် ဇွဲရှိကြောင်းတင်ပြခြင်းအားဖြင့် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏မခံစားထိုက်သောကရုဏာတော်၏ ရည်ရွယ်ချက်ကို လက်မလွတ်ကြောင်းတင်ပြကြသည်။ အကြောင်းမှာ အခြားသူများကိုကူညီရန် “ယခုပင် နှစ်သက်ဖွယ်သောအချိန်ဖြစ်” သောကြောင့် လူရှိသည့်နေရာတိုင်းသို့သွားပြီး ယေဟောဝါ၏ “ကယ်တင်ရာနေ့ရက်ကာလ” အကြောင်း သက်သေခံကြစို့။—၂ ကော. ၆:၁၊ ၂၊ သမ္မာ။