ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၁၀/၁ စာ. ၈-၁၃
  • သင့်မိသားစုတွင် ဘုရားသခင်ကို ရှေးဦးထားသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်မိသားစုတွင် ဘုရားသခင်ကို ရှေးဦးထားသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “သင်၏ဘုရားသခင်ယေဟောဝါကို . . . စိတ်နှလုံး . . . အကြွင်းမဲ့ချစ်လော့။”—မာကု ၁၂:၂၉၊ ၃၀၊ ကဘ။
  • မိသားစုအတိုက်အခံ ကျော့ကွင်း
  • စိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်း
  • ရရှိနိုင်ရာ ကြွယ်ဝသောဆုကျေးဇူး
  • ယေရှုထံမှ သင်ယူခြင်း
  • လင်ယောက်ျားများ၊ ဇနီးသည်များ—ခရစ်တော်ကို တုပလေ!
  • သင့်မိသားစုဘဝကို ပျော်ရွှင်စေနိုင်ပုံ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • လင်ယောက်ျားတို့—⁠ခရစ်တော်၏ဦးစီးမှုကို တုပလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • အိမ်ထောင်သည် မောင်နှံများအတွက်ပညာရှိလမ်းညွှန်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • မိသားစုဘဝကို အောင်မြင်စေခြင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၁၀/၁ စာ. ၈-၁၃

သင့်မိသားစုတွင် ဘုရားသခင်ကို ရှေးဦးထားသလော

“သင်၏ဘုရားသခင်ယေဟောဝါကို . . . စိတ်နှလုံး . . . အကြွင်းမဲ့ချစ်လော့။”—မာကု ၁၂:၂၉၊ ၃၀၊ ကဘ။

၁ ယေဟောဝါကိုချစ်ခြင်းသည် မည်မျှအရေးကြီးသနည်း။

“အဘယ်မည်သောပညတ်သည် ပထမပညတ်ဖြစ်သနည်း” ဟူ၍ ကျမ်းတတ်ဆရာတစ်ဦးက ယေရှုအားမေးလျှောက်ခဲ့သည်။ ကိုယ်တော်သည် သူ၏အမေးကို မိမိ၏ထင်ကြေးနှင့် ဖြေဆိုမည့်အစား ဘုရားသခင်၏နှုတ်ကပါဌ်တော်မှ တရားဟောရာ ၆:၄၊ ၅ ကိုကိုးကား၍ ဤသို့ဖြေတော်မူသည်– “ပထမပညတ်ကား ‘အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင်ယေဟောဝါသည် တစ်ဆူတည်းသောယေဟောဝါပေတည်း။ သင်၏ဘုရားသခင်ယေဟောဝါကို စိတ်နှလုံး၊ အသက်ဝိညာဉ်၊ ဉာဏ်သတ္တိ၊ အစွမ်းသတ္တိ အကြွင်းမဲ့ချစ်လော့။”—မာကု ၁၂:၂၈-၃၀၊ ကဘ။

၂။ (က) အဘယ်အတိုက်အခံပြုမှုကို ယေရှု ရင်ဆိုင်ရသနည်း။ (ခ) တစ်ခါတစ်ရံ ယေဟောဝါနှစ်သက်သောအမှုကိုပြုလုပ်ရန် အဘယ်အရာက ခဲယဉ်းစေမည်နည်း။

၂ ပထမပညတ်—အရေးအကြီးဆုံးပညတ်—ဟူ၍ယေရှုခေါ်ခဲ့သောပညတ်ကို လိုက်နာရန် ယေဟောဝါနှစ်သက်တော်မူသောအမှုကို အမြဲပြုလုပ်ရန်လိုသည်။ ယေရှုသည် မိမိလိုက်လျှောက်သောလမ်းစဉ်ကို တစ်ကြိမ်တွင် တမန်တော်ပေတရု၊ အခြားတစ်ကြိမ်တွင် ကိုယ်တော်၏ နီးစပ်သောအဆွေအမျိုးတို့က ကန့်ကွက်ခဲ့ကြသော်လည်း ထိုသို့ပြုတော်မူခဲ့သည်။ (မဿဲ ၁၆:၂၁-၂၃; မာကု ၃:၂၁; ယောဟန် ၈:၂၉) အသင်သည်လည်း ထပ်တူအခြေအနေမျိုးတွင် ရောက်နေလျှင်ကော၊ မည်သို့ပြုမည်နည်း။ သင့်မိသားစုအဝင်ရှိသူများက သင်ကျမ်းစာသင်ခြင်းကိုလည်းကောင်း၊ ယေဟောဝါသက်သေများနှင့် ပေါင်းသင်းခြင်းကိုလည်းကောင်း ရပ်စဲစေလိုသည်ဆိုကြပါစို့။ ဘုရားသခင်နှစ်သက်သောအမှုကိုပြုခြင်းအားဖြင့် ကိုယ်တော်ကို ရှေးဦးထားမည်လော။ ဘုရားသခင်ကို ဝတ်ပြုရန် သင်၏ကြိုးစားမှုများကို သင့်မိသားစုအဝင်ရှိသူများက ဆန့်ကျင်စေကာမူ ဘုရားသခင်ကို သင်ရှေးဦးထားသလော။

မိသားစုအတိုက်အခံ ကျော့ကွင်း

၃။ (က) ယေရှုခရစ်၏သွန်သင်ချက်များက မိသားစုအပေါ် အဘယ်အကျိုးဆက်များရှိစေနိုင်သနည်း။ (ခ) မည်သူ့ကိုမိမိတို့သာ၍ချစ်ကြောင်း မိသားစုအဝင်ရှိသူများ မည်သို့တင်ပြနိုင်သနည်း။

၃ ယေရှု၏သွန်သင်ချက်များကို လက်ခံသူတစ်ဦး၏မိသားစုက ထိုသူအား အတိုက်အခံပြုသည့်အခါ ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများကို အသေးအဖွဲပါဟူ၍ ကိုယ်တော်လျှော့ပေါ့ပြောမည့်အစား “ကိုယ်အိမ်သူအိမ်သားတို့သည်လည်း ကိုယ်ရန်သူဖြစ်ကြလိမ့်မည်” ဟူ၍ ယေရှုမိန့်တော်မူခဲ့သည်။ ဤဝမ်းနည်းဖွယ်အခြေအနေ ဖြစ်ပေါ်လာစေကာမူ မည်သူအား ရှေးဦးထားသင့်ကြောင်းကို ယေရှုဤသို့ဖော်ပြသည်– “အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကိုသာ၍ချစ်၏၊ ထိုသူသည် ငါနှင့်မထိုက်မတန်။ အကြင်သူသည် ငါ့ကိုချစ်သည်ထက် သားသမီးကိုသာ၍ချစ်၏၊ ထိုသူသည် ငါနှင့်မထိုက်မတန်။” (မဿဲ ၁၀:၃၄-၃၇) ကျွန်ုပ်တို့သည် ယေဟောဝါ “ဘုရားသခင်၏ . . . ဇာတိအဖြစ်တော်၏ပုံသဏ္ဌာန်ဖြစ်” တော်မူသော သားတော်ယေရှုခရစ်၏ သွန်သင်ချက်များကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ဘုရားသခင်ကိုရှေးဦးထားကြသည်။—ဟေဗြဲ ၁:၃; ယောဟန် ၁၄:၉။

၄။ (က) မိမိ၏တပည့်နောက်လိုက်ဖြစ်ရာတွင် အဘယ်အရာပါဝင်သည်ဟု ယေရှုပြောသနည်း။ (ခ) ခရစ်ယာန်များသည် မိသားစုအဝင်ရှိသူများကို အဘယ်သဘောမျိုးဖြင့် မုန်းရမည်နည်း။

၄ နောင်တစ်ကြိမ်တွင် မိမိ၏တပည့်နောက်လိုက်အစစ်အမှန်ဖြစ်ခြင်း၌ အဘယ်အရာတကယ်ပါဝင်ကြောင်းကို ဆွေးနွေးတင်ပြစဉ် ယေရှုကဤသို့မိန့်တော်မူသည်– “အကြင်သူသည်၊ ငါ့ထံသို့လာ၍ မိဘ၊ သားမယား၊ ညီအစ်ကို၊ နှမတို့ကိုလည်းကောင်း၊ ထိုမျှမက မိမိအသက်ကိုလည်းကောင်း မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။” (လုကာ ၁၄:၂၆) ယေရှုက ရန်သူများကိုပင် ချစ်ကြရမည်ဟု လူတို့အား မိန့်မှာတော်မူခဲ့သောကြောင့် ကိုယ်တော့်နောက်လိုက်များသည် သူတို့၏မိသားစုအဝင်ရှိသူများကို စာသားအတိုင်း မုန်းရန် ကိုယ်တော်ဆိုလိုနေခြင်းမဟုတ်သည်ကား ထင်ရှားပါသည်။ (မဿဲ ၅:၄၄) ယင်းအစား ဤတွင်ယေရှုဆိုလိုတော်မူသည်ကား ကိုယ်တော်၏တပည့်နောက်လိုက်များသည် ဘုရားသခင်ကိုချစ်ခြင်းနှင့်ယှဉ်လျှင် မိသားစုအဝင်ဖြစ်သူတို့ကို လျှော့ချစ်ရမည်ဖြစ်သည်။ (မဿဲ ၆:၂၄ နှိုင်းယှဉ်။) ဤသဘောတရားနှင့်အညီ ယာကုပ်သည် လေအာကို ‘မုန်း” ၍ ရာခေလကိုချစ်သည်ဟုသမ္မာကျမ်းစာက ဆိုထားသည်။ ယာကုပ်သည် လေအာ၏ညီမ ရာခေလကို ချစ်သလောက် လေအာကိုမချစ်ဟုဆိုလိုခြင်းဖြစ်သည်။(ကမ္ဘာဦး ၂၉:၃၀-၃၂) မိမိတို့၏စိုးလ် သို့မဟုတ် အသက်ကိုပင် မုန်းသင့်သည်၊ သို့မဟုတ် ယေဟောဝါလောက် မချစ်သင့်ဟူ၍ ယေရှုမိန့်တော်မူသည်!

၅။ မိသားစုအစီအစဉ်ကို စာတန်သည် မည်သို့စဉ်းလဲစွာ အမြတ်ထုတ်သနည်း။

၅ ယေဟောဝါသည် ဖန်ဆင်းရှင်နှင့် အသက်ပေးသခင်အဖြစ် ကျေးကျွန်တော်အပေါင်းတို့ထံမှ အကြွင်းမဲ့ချစ်မြတ်နိုးဝတ်ကို ရသင့်ရထိုက်တော်မူသည်။ (ဗျာဒိတ် ၄:၁၁) “ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော မိသားစုအားလုံး မိမိတို့အမည်ကိုရ” စေတော်မူသော “ခမည်းတော်ရှေ့မှာ ငါသည် ဒူးထောက်” သည်ဟူ၍ တမန်တော်ပေါလုရေးသားခဲ့သည်။ (ဧဖက် ၃:၁၄၊ ၁၅၊ ကဘ) မိသားစုအစီအစဉ်ကို အလွန်အံ့သြဖွယ်ကောင်းသောနည်းဖြင့် ယေဟောဝါဖန်ဆင်းထားတော်မူခဲ့ရာ မိသားစုအဝင်ဖြစ်သူ အချင်းချင်းတို့သည် တစ်ဦးကိုတစ်ဦး ပကတိကြင်နာစုံမက်ခြင်း ရှိကြသည်။ (၃ ဓမ္မရာဇဝင် ၃:၂၅၊ ၂၆; ၁ သက်သာလောနိတ် ၂:၇) သို့ရာတွင် မိမိချစ်မြတ်နိုးသူများနှစ်သက်သောအမှုကို ပြုလိုစိတ်အပါအဝင် မိသားစု၏ ဤပကတိကြင်နာစုံမက်ခြင်းကို စာတန်မာရ်နတ်သည် စဉ်းလဲစွာ အမြတ်ထုတ်သည်။ သူသည် မိသားစု အတိုက်အခံပြုမှုကို မီးလောင်ရာလေပင့်ပေးသဖြင့် ကျမ်းစာသမ္မာတရားဘက် မားမားမတ်မတ်ရပ်တည်ခြင်းသည် များစွာသောသူတို့အတွက် စိန်ခေါ်ချက်ဖြစ်သည်။—ဗျာဒိတ် ၁၂:၉၊ ၁၂။

စိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်း

၆၊ ၇။ (က) ကျမ်းစာလေ့လာခြင်းနှင့် ခရစ်ယာန်ပေါင်းသင်းမှုတို့၏ အရေးပါခြင်းအပေါ် တန်ဖိုးထားလေးမြတ်မှုရှိရန် မိသားစုအဝင်ရှိသူများကို မည်သို့ကူညီပေးနိုင်မည်နည်း။ (ခ) ကျွန်ုပ်တို့၏မိသားစုအဝင်ရှိသူများကို အမှန်ချစ်မြတ်နိုးကြောင်း မည်သို့ဖော်ပြနိုင်သနည်း။

၆ ဘုရားသခင်နှစ်သက်တော်မူသောအမှု သို့မဟုတ် မိသားစုအဝင်ဖြစ်သူတစ်ဦး နှစ်သက်သောအမှုနှစ်ခုတွင် တစ်ခုခုကို မဖြစ်မနေရွေးချယ်မည်ဆိုလျှင် အသင်ဘာလုပ်မည်နည်း။ ဘုရားသခင်၏နှုတ်ကပါဌ်တော်ကိုလေ့လာ၍ ယင်း၏မူများကို ကျင့်သုံးခြင်းကြောင့် မိသားစုစိတ်ဝမ်းကွဲမှုဖြစ်စေမည်ဆိုလျှင် ထိုသို့ပြုရန် ဘုရားသခင်တောင်းဆိုလိမ့်မည်မဟုတ်ဟု ဆင်ခြင်သင့်ပါသလော။ သို့သော် စဉ်းစားကြည့်ပါ။ သင်သည် အရှုံးပေးပြီး သမ္မာကျမ်းစာလေ့လာမှုကိုလည်းကောင်း၊ ယေဟောဝါသက်သေများနှင့် ပေါင်းသင်းမှုကိုလည်းကောင်း ရပ်စဲလိုက်မည်ဆိုလျှင် သမ္မာကျမ်းစာ၏ တိကျမှန်ကန်သောအသိပညာသည် သေရေးရှင်ရေးကိစ္စဖြစ်ကြောင်းကို ချစ်မြတ်နိုးရသူများက မည်သို့သဘောပေါက်လာတော့မည်နည်း။—ယောဟန် ၁၇:၃; ၂ သက်သာလောနိတ် ၁:၆-၈။

၇ အခြေအနေကို ဤနည်းဖြင့် ရှင်းပြနိုင်ပေမည်– မိသားစုအဝင်တစ်ဦးသည် အရက်ကို အလွန်အကျွံမက်မောကောင်းမက်မောနေမည်။ သူ၏သောက်စားခြင်းပြဿနာကို လျစ်လျူရှုခြင်း သို့မဟုတ် သည်းခံခြင်းက သူ့ကို အမှန်အကျိုးပြုမည်လော။ သူ၏ပြဿနာကို မဖြေရှင်းဘဲ သူ့ကို လွှတ်ထားပြီး အလျှော့ပေးခြင်းအားဖြင့် ငြိမ်သက်မှုရှိစေခြင်းသည် သာ၍ကောင်းမည်မဟုတ်ပေလော။ မဟုတ်ပါ၊ သူ၏အမျက်ဒေါသနှင့် ခြိမ်းခြောက်မှုများကိုခံရဦးတော့ သူ၏သောက်စားခြင်းပြဿနာကို ဖြတ်နိုင်ရန် အကူအညီပေးခြင်းသည် သာ၍ကောင်းမည်ဖြစ်ကြောင်း အသင်လည်း သဘောတူပေမည်။ (သု. ၂၉:၂၅) ထိုနည်းတူ၊ သင်သည် သင့်မိသားစုအဝင်ရှိသူများကို အမှန်ချစ်မည်ဆိုလျှင် သမ္မာကျမ်းစာမဖတ်ရှုရန် သူတို့၏ကြိုးစားတားဆီးမှုတို့ကို အလျှော့ပေးမည်မဟုတ်ပါ။ (တမန်တော် ၅:၂၉) ခရစ်တော်၏သွန်သင်ချက်များအတိုင်း အသက်ရှင်မှသာ ကျွန်ုပ်တို့အသက်ရနိုင်မည်ဖြစ်ကြောင်းကို သဘောပေါက်စေရန် ကိုယ်ကိုယ်တိုင် မားမားမတ်မတ်ရပ်တည်ခြင်းအားဖြင့်သာလျှင် သူတို့ကို အကူအညီပေးနိုင်ပါလိမ့်မည်။

၈။ ယေရှုသည် ဘုရားသခင်၏အလိုတော်ကို သစ္စာရှိရှိဆောင်ရွက်ခဲ့သည့်အတွက် ကျွန်ုပ်တို့ အဘယ်အကျိုးကျေးဇူးခံစားရသနည်း။

၈ ဘုရားသခင်ကို ရှေးဦးထားခြင်းသည် တစ်ခါတစ်ရံ အလွန်ခဲယဉ်းပေမည်။ သို့သော် ဘုရားသခင်၏အလိုတော်ကို ယေရှုဆောင်ရွက်ရန် စာတန် ခဲယဉ်းစေခဲ့ကြောင်းကိုလည်း သတိရပါ။ သို့တိုင် ယေရှုသည် တစ်ခါမျှအရှုံးမပေးခဲ့ပါ; ကျွန်ုပ်တို့အတွက် နှက်တိုင်ပေါ်အသေခံခြင်းဝေဒနာကိုပင် ကိုယ်တော် ခံတော်မူခဲ့သည်။ ‘ယေရှုခရစ်သည် ငါတို့ကိုကယ်တင်သောအရှင်ဖြစ်သည်’ ဟုသမ္မာကျမ်းစာကဆိုသည်။ ကိုယ်တော်သည် “ငါတို့အဖို့ အသေခံတော်မူပြီ။” (တိတု ၃:၆; ၁ သက်သာလောနိတ် ၅:၁၀) ယေရှုသည် အတိုက်အခံပြုခြင်းကို အရှုံးမပေးခဲ့သည့်အတွက် ကျွန်ုပ်တို့ကျေးဇူးမတင်ပေလော။ ယဇ်သကာအဖြစ် ကိုယ်တော်အသေခံခဲ့သောကြောင့် ကိုယ်တော်သွန်းလောင်းခဲ့သည့် အသွေး၌ ယုံကြည်ခြင်းတင်ပြမည်ဆိုလျှင် ငြိမ်းချမ်းသောကမ္ဘာသစ်တွင် ထာဝစဉ်အသက်ရှင်နိုင်ရန် မျှော်လင့်ချက်ရှိသည်။—ယောဟန် ၃:၁၆၊ ၃၆; ဗျာဒိတ် ၂၁:၃၊ ၄။

ရရှိနိုင်ရာ ကြွယ်ဝသောဆုကျေးဇူး

၉။ (က) ခရစ်ယာန်များသည် အခြားသူများကို ကယ်တင်ခြင်းရရှိစေခြင်း၌ မည်သို့ပါဝင်နိုင်သနည်း။ (ခ) တိမောသေ၏ မိသားစုအခြေအနေကား အဘယ်နည်း။

၉ အသင်လည်း မိမိချစ်မြတ်းနိုးရသော ဆွေမျိုးများအပါအဝင် အခြားသူများကို ကယ်တင်နိုင်ခွင့်ရှိကြောင်း သိပါသလော။ တမန်တော်ပေါလုက တိမောသေအား ဤသို့တိုက်တွန်းသည်– “ကိုယ်ကိုလည်းကောင်း၊ ကိုယ်ဆုံးမသြဝါဒကိုလည်းကောင်း သတိပြု၍ အမြဲတည်နေလော့။ ထိုသို့ပြုလျှင် ကိုယ်ကိုလည်းကောင်း၊ နားထောင်သောသူတို့ကိုလည်းကောင်း ကယ်တင်လိမ့်မည်။” (၁ တိမောသေ ၄:၁၆) တိမောသေသည် ယုံကြည်ခြင်းကွဲပြားသောမိသားစုတွင် မယုံကြည်သူဂရိလူမျိုးဖခင်နှင့်အတူနေခဲ့ရသည်။ (တမန်တော် ၁၆:၁; ၂ တိမောသေ ၁:၅; ၃:၁၄) တိမောသေ၏ဖခင်သည် ယုံကြည်သူတစ်ဦး ဖြစ်လာမလာ ကျွန်ုပ်တို့မသိကြရသော်လည်း ဇနီးဖြစ်သူ ဥနိတ်နှင့် တိမောသေတို့၏ သစ္စာရှိအကျင့်အကြံက သူ့အားဖြစ်လာနိုင်စရာအကြောင်း များစွာရှိစေသည်။

၁၀။ မယုံကြည်သူအိမ်ထောင်ဖက်များကို အကျိုးပြုခြင်းငှာ ခရစ်ယာန်များသည် အဘယ်အရာကိုပြုလုပ်နိုင်သနည်း။

၁၀ ကျမ်းစာသမ္မာတရားကို စွဲမြဲစွာထောက်ခံသော လင်ယောက်ျား၊ ဇနီးမယားတို့သည် မိမိတို့၏ ခရစ်ယာန်မဟုတ်သော အိမ်ထောင်ဖက်တို့ကို ယုံကြည်သူများဖြစ်စေခြင်းအားဖြင့် ကယ်တင်ခြင်းရရန် အထောက်အကူပြုနိုင်ကြောင်း ကျမ်းစာက ဖော်ပြသည်။ တမန်တော်ပေါလုက ဤသို့ရေးသားသည်– “တစ်စုံတစ်ယောက်သော ညီအစ်ကိုသည် မယုံကြည်သောမယားရှိ၍ ထိုမယားသည် မိမိခင်ပွန်းနှင့် နေခြင်းငှာ အလိုရှိလျှင် မကွာစေနှင့်။ ထိုနည်းတူ မိန်းမသည်လည်း မယုံကြည်သောခင်ပွန်းရှိ၍ ထိုခင်ပွန်းသည် မိမိမယားနှင့်နေခြင်းငှာ အလိုရှိလျှင် မကွာစေနှင့်။ အချင်းမိန်းမ၊ သင်သည် ကိုယ်ခင်ပွန်းကိုကယ်တင်မည်၊ မကယ်တင်မည်ကို အဘယ်သို့သိသနည်း။ အချင်းယောက်ျား၊ သင်သည် ကိုယ်ခင်ပွန်းကို ကယ်တင်မည်၊ မကယ်တင်မည်ကို အဘယ်သို့သိသနည်း။” (၁ ကောရိန္သု ၇:၁၂၊ ၁၃၊ ၁၆) ဇနီးမယားတို့သည် တစ်နည်းအားဖြင့် သူတို့၏လင်ယောက်ျားများကို မည်သို့ကယ်တင်နိုင်ကြောင်း တမန်တော်ပေတရုက ဤသို့ဖော်ပြ၍ တိုက်တွန်းသည်– “ကိုယ်ခင်ပွန်းတို့ကို လက်အောက်ခံကြလော့။ သို့ပြုခြင်းဖြင့် နှုတ်ကပါဌ်တော်ကို မနာခံသူအချို့ရှိလျှင်ပင် . . . သူတို့ဇနီးတို့၏အကျင့်အားဖြင့် စကားတစ်ခွန်းမျှမပါဘဲ သူတို့ကိုသွေးဆောင်နိုင်ပေမည်။”—၁ ပေတရု ၃:၁၊ ကဘ။

၁၁၊ ၁၂။ (က) ထောင်ပေါင်းများစွာသောခရစ်ယာန်များသည် အဘယ်ဆုကျေးဇူးကို ရရှိခဲ့ပြီနည်း။ ယင်းကိုရရှိရန် သူတို့အဘယ်အမှုကို ပြုခဲ့ကြသနည်း။ (ခ) သစ္စာရှိရှိ သည်းခံခဲ့သောကြောင့် ဆုကျေးဇူးခံစားရသော မိသားစုအဝင်ရှိသူတစ်ဦး၏ တွေ့ကြုံမှုကို တင်ပြပါ။

၁၁ မကြာသေးမီ နှစ်အနည်းငယ်အတွင်းက ထောင်ပေါင်းများစွာသောသူတို့သည် မိမိတို့၏ သက်သေခံဆွေမျိုးတို့၏ ခရစ်ယာန်လုပ်ငန်းကို လပေါင်းများစွာ၊ နှစ်ပေါင်းများစွာပင် အတိုက်အခံပြုပြီးနောက်မှ ယေဟောဝါသက်သေများ ဖြစ်လာခဲ့ကြပြီ။ ယင်းသည် တည်ကြည်ခဲ့သူ ခရစ်ယာန်များအတွက် ကြီးမားသောဆုကျေးဇူးဖြစ်ပြီး တစ်ချိန်က အတိုက်အခံပြုခဲ့သူများအတွက်လည်း ကောင်းချီးဖြစ်ပါသည်တကား! ခံစားချက်အပြည့်ပါသောအသံဖြင့် ၇၄-နှစ်အရွယ်ရှိ ခရစ်ယာန်အကြီးအကဲတစ်ဦးက ဤသို့ပြောပြသည်– “ကျွန်တော်အတိုက်အခံပြုခဲ့တဲ့နှစ်တွေတစ်လျှောက် ကျွန်တော်ရဲ့ဇနီးနဲ့ သားသမီးတွေဟာ သမ္မာတရားဘက်မှာ စွဲစွဲမြဲမြဲရှိခဲ့တာကို ကျွန်တော်ကျေးဇူးတင်တယ်လို့ သူတို့ကို မကြာခဏပြောပြတယ်။” ဇနီးဖြစ်သူက သူ့ကို ကျမ်းစာအကြောင်းပြောပြရန်ပင် ခွင့်မပြုဘဲ သုံးနှစ်တိုင် ခေါင်းမာမာနှင့် ငြင်းဆန်ခဲ့ကြောင်း သူကပြောပြသည်။ “ဒါပေမဲ့ သူက စိတ်ပညာအသုံးပြုပြီး ကျွန်တော့်ခြေထောက်ကိုနှိပ်ပေးရင်း သက်သေခံခဲ့တယ်။ ကျွန်တော်အတိုက်အခံလုပ်တာကို သူအလျှော့မပေးခဲ့လို့ ကျေးဇူးတင်မဆုံးနိုင်ဘူး!”

၁၂ မိသားစုကို အတိုက်အခံပြုခဲ့သော အခြားလင်ယောက်ျားတစ်ဦးက ဤသို့ရေးသားသည်– ‘ကျွန်တော်ဟာ ကျွန်တော့်မိန်းမရဲ့ အဆိုးဆုံးရန်သူဖြစ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူ သမ္မာတရားရပြီးနောက် သူ့ကို ကျွန်တော်ကြိမ်းမောင်းခဲ့တယ်၊ ကျွန်တော်တို့ နေ့တိုင်းရန်ဖြစ်ခဲ့ကြတယ်; ဆိုလိုတာက သူ့ကို ကျွန်တော်ရန်စပြီး အမြဲစကားများတယ်။ ဒါပေမဲ့ မရပါဘူး; ကျွန်တော့်မိန်းမက သမ္မာကျမ်းစာကိုပဲ လက်ဆုပ်လက်ကိုင်ပြုထားတယ်။ ဒီလိုနဲ့ ဆယ့်နှစ်နှစ်တိုင် ကျွန်တော်ဟာ သမ္မာတရားနဲ့ ကျွန်တော့်မိန်းမ၊ ကျွန်တော့်ကလေးကို ခက်ခက်ထန်ထန်တိုက်ခိုက်ခဲ့တယ်။ နှစ်မျိုးစလုံးအတွက် ကျွန်တော်ဟာ မာရ်နတ်ကောင်ကြီးပဲ။’ နောက်ဆုံးတွင် ထိုသူသည် သူ့ကိုယ်သူ ဆန်းစစ်မိလာသည်။ ‘ကျွန်တော်ဟာ ဘယ်လောက်တောင် ရက်စက်ယုတ်မာတယ်ဆိုတာကို သဘောပေါက်လာတယ်’ ဟုသူရှင်းပြသည်။ ‘ကျမ်းစာကို ကျွန်တော်ဖတ်ပြီး ကျမ်းစာရဲ့သွန်သင်ပို့ချမှုကြောင့် အခုကျွန်တော်ဟာ နှစ်ခြင်းခံပြီးသားသက်သေခံတစ်ယောက်ဖြစ်နေပြီ။’ ၁၂ နှစ်တိုင် အတိုက်အခံပြုခြင်းကို သစ္စာရှိရှိ သည်းခံခဲ့ရာ ‘ခင်ပွန်းကိုကယ်တင်’ ခြင်းရနိုင်စေရန် ကူညီပေးခဲ့သည့်ဇနီးအတွက် ကြီးမြတ်သောဆုကျေးဇူးကို စဉ်းစားကြည့်ပါလေ!

ယေရှုထံမှ သင်ယူခြင်း

၁၃။ (က) ယေရှု၏အသက်တာလမ်းစဉ်မှ လင်ယောက်ျားများနှင့် ဇနီးမယားများတို့ သင်ယူသင့်သည့် အဓိကသင်ခန်းစာကားအဘယ်နည်း။ (ခ) ဘုရားသခင်၏အလိုတော်ကို လိုက်နာရန် အခက်အခဲတွေ့သူတို့သည် ယေရှု၏ပုံနမူနာမှ အဘယ်အကျိုးခံစားနိုင်သနည်း။

၁၃ ယေရှု၏အသက်တာလမ်းစဉ်မှ လင်ယောက်ျားများနှင့် ဇနီးမယားများ သင်ယူသင့်သည့် အဓိကသင်ခန်းစာမှာ ဘုရားသခင်ကို နာခံခြင်းဖြစ်သည်။ ယေရှုက “နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ် ငါပြုသည်။” “ငါသည် ကိုယ်အလိုသို့မလိုက်၊ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏အလိုသို့လိုက်၏” ဟူ၍မိန့်တော်မူသည်။ (ယောဟန် ၅:၃၀; ၈:၂၉) တစ်ချိန်တစ်ခါတွင် ယေရှုသည် ဘုရားသခင့်အလိုတော်၏အသွင်တစ်ခုကို မနှစ်မြို့ခဲ့သော်လည်း နာခံမှုတင်ပြခဲ့သည်။ “အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်မှ လွှဲတော်မူပါ” ဟုကိုယ်တော်ဆုတောင်းခဲ့သည်။ ထပ်ဆင့်၍ ဤသို့ဆက်မိန့်တော်မူသည်– “သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော။” (လုကာ ၂၂:၄၂) ဘုရားသခင်၏အလိုတော်ကို ပြောင်းလဲပေးပါရန် ယေရှုတောင်းဆိုတော်မမူ; ကိုယ်တော်အတွက် ဘုရားသခင်၏အလိုတော်သည် မည်သို့ပင်ရှိစေကာမူ နာခံမှုရှိစွာ လိုက်နာခြင်းအားဖြင့် ဘုရားသခင်ကို ကိုယ်တော်အမှန်တကယ်ချစ်ကြောင်း ဖော်ပြတော်မူခဲ့သည်။ (၁ ယောဟန် ၅:၃) တစ်ကိုယ်ရေဘဝတွင်သာမက အိမ်ထောင်သည်နှင့် မိသားစုဘဝတွင်ပင် အောင်မြင်မှုရှိရန်ယေရှုနည်းတူ ဘုရားသခင်၏အလိုတော်ကို အမြဲရှေးဦးထားခြင်းသည် အလွန်အရေးကြီးသည်။ ယင်းသို့ အဘယ်ကြောင့်ဖြစ်ရသည်ကို ဆင်ခြင်ကြည့်လေ။

၁၄။ ခရစ်ယာန်အချို့တို့သည် မည်သို့မလျောက်ပတ်စွာ ဆင်ခြင်ကြသနည်း။

၁၄ ရှေ့တွင်ဖော်ပြထားသည့်အတိုင်း ယုံကြည်သူများသည် ဘုရားသခင်ကို ရှေးဦးထားသည့်အခါ မယုံကြည်သူအိမ်ထောင်ဖက်များနှင့် ဆက်နေထိုင်ရန် ကြိုးစားကြရာ များသောအားဖြင့် ကယ်တင်ခြင်းရစေရန် အကူအညီပေးနိုင်ခွင့်ရှိသည်။ အိမ်ထောင်ဖက်နှစ်ဦးစလုံးသည် ယုံကြည်သူများဖြစ်သည့်အခါ၌ပင်လျှင် သူတို့၏အိမ်ထောင်ရေးသည် စံမမီဘဲ ဖြစ်နေနိုင်သည်။ အပြစ်ရှိသောစိတ်နှလုံးအကြံအစည်များကြောင့် လင်ယောက်ျားနှင့် ဇနီးမယားတို့သည် တစ်ဦးအပေါ်တစ်ဦး အမြဲချစ်ခင်ကြင်နာနေကြမည်မဟုတ်ပါ။ (ရောမ ၇:၁၉၊ ၂၀; ၁ ကောရိန္သု ၇:၂၈) အချို့ဆိုလျှင် ကွာရှင်းနိုင်ရန် ကျမ်းစာအကြောင်းပြချက်မရှိဘဲ အခြားအိမ်ထောင်ဖက်တစ်ဦးကိုရှာယူသည်အထိပြုကြသည်။ (မဿဲ ၁၉:၉; ဟေဗြဲ ၁၃:၄) လင်နှင့်မယားတို့သည် အတူနေထိုင်ရမည်ဟူသော ဘုရားသခင်၏အလိုတော်သည် မိမိတို့အတွက် ခဲယဉ်းလွန်းသည်ဟုယူဆကာ ကွာရှင်းခြင်းသည် မိမိတို့အတွက် အကောင်းဆုံးဖြစ်သည်ဟု ဆင်ခြင်ကြသည်။ (မာလခိ ၂:၁၆; မဿဲ ၁၉:၅၊ ၆) ယင်းသည်ကား ဘုရားသခင်၏အတွေးအခေါ်အစား လူတို့၏အတွေးအခေါ်အတိုင်း စဉ်းစားနည်းတစ်နည်းအမှန်ပင်ဖြစ်သည်။

၁၅။ ဘုရားသခင်ကို ရှေးဦးထားခြင်းသည် အဘယ်ကြောင့်အကာအကွယ်ဖြစ်သနည်း။

၁၅ ဘုရားသခင်ကို ရှေးဦးထားခြင်းသည် အမှန်တကယ်ပင် အကာအကွယ်ပေးပါသည်တကား! ထိုသို့ပြုသော အိမ်ထောင်ဖက်များသည် တစ်ဦးကိုတစ်ဦး စွဲမြဲတွယ်တာပြီး ဘုရားသခင်၏နှုတ်ကပါဌ်တော်မှ ဆုံးမသြဝါဒကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် သူတို့၏ပြဿနာများကိုဖြေရှင်းရန် ကြိုးစားကြမည်။ ဤသို့အားဖြင့် ကိုယ်တော်၏အလိုတော်ကို လျစ်လျူရှုသောကြောင့် ဖြစ်ပေါ်တတ်သော စိတ်ထိခိုက်စရာ အမျိုးမျိုးတို့ကို ရှောင်ကြဉ်နိုင်ပေမည်။ (ဆာလံ ၁၉:၇-၁၁) ယင်းကို ကွာရှင်းလုဆဲဆဲဖြစ်နေသည့်အချိန်တွင် ကျမ်းစာသြဝါဒကိုလိုက်နာရန် ဆုံးဖြတ်လိုက်သော လူငယ်မောင်နှံတို့၏အဖြစ်က ဖော်ပြသည်။ နောင်နှစ်ပေါင်းများစွာအကြာတွင် ဇနီးဖြစ်သူသည် သူမ၏အိမ်ထောင်ရေးဘဝ၏သာယာမှုကို ပြန်သုံးသပ်ကြည့်သည့်အခါ သူမဤသို့ဆိုသည်– “ဒီလောက်ကြာရှည်တဲ့နှစ်တွေတစ်လျှောက် ကျွန်မခင်ပွန်းနဲ့ ကျွန်မခွဲနေရမဲ့အလားအလာကို ပြန်စဉ်းစားကြည့်ရင် ထိုင်ငိုမိတယ်။ နောက်ပိုင်းမှာ ယေဟောဝါဘုရားသခင်ရဲ့ ဆုံးမသြဝါဒနဲ့ လမ်းပြမှုကြောင့် ကျွန်မတို့နှစ်ယောက် ဒီလိုပျော်ရွှင်တဲ့ဆက်ဆံရေးနှင့်အတူပြန်နေနိုင်တဲ့အတွက် ဘုရားသခင်ကိုကျေးဇူးတင်တယ်လို့ ဆုတောင်းပြောပြရတယ်။”

လင်ယောက်ျားများ၊ ဇနီးသည်များ—ခရစ်တော်ကို တုပလေ!

၁၆။ ယေရှုသည် လင်ယောက်ျားနှင့် ဇနီးသည်နှစ်ဦးစလုံးတို့အတွက်ပါ အဘယ်ပုံသက်သေကို ချမှတ်ပေးတော်မူသနည်း။

၁၆ ဘုရားသခင်ကို အမြဲရှေးဦးထားသူ ယေရှုသည် လင်ယောက်ျားနှင့် ဇနီးသည်နှစ်ဦးစလုံးတို့အတွက် အလွန်ကောင်းသောပုံသက်သေကို ချမှတ်တော်မူသည်။ ယင်းကို သူတို့ဂရုတစိုက်သတိပြုသင့်သည်။ ခရစ်ယာန်အသင်းတော်သားများအပေါ် ယုယကြင်နာစွာဦးစီးခဲ့သော ယေရှု၏နည်းလမ်းကိုတုပရန်လင်ယောက်ျားများကို တိုက်တွန်းထားသည်။ (ဧဖက် ၅:၂၃) ခရစ်ယာန်ဇနီးသည်များလည်း ဘုရားသခင်ကို လက်အောက်ခံခြင်းတွင် အပြစ်ဆိုဖွယ်မရှိသော ယေရှု၏ပုံသက်သေမှ သင်ယူနိုင်စရာများစွာရှိသည်။—၁ ကောရိန္သု ၁၁:၃။

၁၇၊ ၁၈။ ယေရှုသည် လင်ယောက်ျားများအတွက် အဘယ်နည်းများဖြင့် ပုံနမူနာကောင်း ဖြစ်သနည်း။

၁၇ သမ္မာကျမ်းစာက ဤသို့မိန့်မှာသည်– “ခင်ပွန်းသည်တို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်၍ ယင်းအတွက် မိမိကိုယ်ကိုပေးဆက်သကဲ့သို့ သင်တို့၏ဇနီးသည်များကို ချစ်မြဲချစ်နေကြလော့။” (ဧဖက် ၅:၂၅၊ ကဘ) ယေရှုသည် သူ၏တပည့်နောက်လိုက်အသင်းတော်ကိုချစ်ကြောင်းပြသည့် အရေးကြီးသောနည်းတစ်နည်းမှာ သူတို့နှင့် ရင်းနှီးမှုရှိခြင်းအားဖြင့်ဖြစ်သည်။ “သင်တို့ကို အဆွေဟူ၍ ငါခေါ်၏။ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံ၌ ကြားသမျှသောအရာတို့ကို သင်တို့အား ငါပြသ၏။” (ယောဟန် ၁၅:၁၅) တပည့်တော်များနှင့် ယေရှုစကားစမြည်ပြောဆိုခဲ့ချိန် ရှိရှိသမျှ—သူတို့နှင့် ကိုယ်တော်၏မြောက်မြားစွာသော ဆွေးနွေးနှီးနှောခြင်းများ—မက သူတို့၌ ယုံကြည်အားထားစိတ် ရှိစေခြင်းတို့ကိုပါ စဉ်းစားကြည့်လေ။ ယင်းသည် လင်ယောက်ျားများအတွက် အလွန်ကောင်းသောပုံသက်သေ မဟုတ်ပေလော။

၁၈ ယေရှုသည် သူ၏တပည့်များကို တကယ်စိတ်ဝင်စားပြီး အမှန်ချစ်တော်မူသည်။ (ယောဟန် ၁၃:၁) ကိုယ်တော်၏သွန်သင်ချက်များကို သူတို့နားမလည်နိုင်ကြသောအခါ ကိုယ်တော်သည် သီးသန့်အချိန်ယူပြီး စိတ်ရှည်စွာဖြင့် ရှင်းပြတော်မူခဲ့သည်။ (မဿဲ ၁၃:၃၆-၄၃) လင်ယောက်ျားတို့ သင့်ဇနီး၏ ဝိညာဏကောင်းကျိုးသည် သင့်အတွက် ထပ်တူအရေးကြီးသည့်ကိစ္စဖြစ်ပါသလော။ သင်တို့နှစ်ဦးစလုံး ကျမ်းစာသမ္မာတရားကို စိတ်နှလုံး၌ ရှင်းလင်းပြတ်သားစွာ နားလည်အောင်ပြုရန် သူမနှင့်အတူတကွအချိန်ယူပါသလော။ ယေရှုသည် တမန်တော်များနှင့်အတူ ဓမ္မအမှုတွင် လိုက်ပါခဲ့စဉ် တစ်ဦးစီကို လေ့ကျင့်သွန်သင်ပေးခဲ့ပေမည်။ အသင်သည် ဇနီးနှင့်အတူ ဓမ္မအမှုတွင်၊ တစ်အိမ်မှတစ်အိမ်လည်ပတ်မှုနှင့် ကျမ်းစာသင်အံမှုများကျင်းပရာတွင် လိုက်ပါလုပ်ဆောင်ပါသလော။

၁၉။ ထပ်ခါတလဲလဲ ပေါ်ပေါက်တတ်သည့် ယေရှုတမန်တော်များ၏ အားနည်းချက်များကို ကိုယ်တော်ကိုင်တွယ်စီရင်ပုံက လင်ယောက်ျားများအတွက် မည်သို့ပုံသက်သေဖြစ်သနည်း။

၁၉ အထူးသဖြင့် မိမိတမန်တော်တို့၏ မစုံလင်မှုများကို ယေရှုကိုင်တွယ်စီရင်သောနည်းသည် လင်ယောက်ျားများအတွက် အထူးကောင်းမွန်သောပုံသက်သေဖြစ်သည်။ တမန်တော်များနှင့်အတူ နောက်ဆုံးအစာသုံးဆောင်ချိန်တွင် သူတို့၌အပြိုင်အဆိုင်စိတ်ဓာတ် ထပ်မံပေါ်ပေါက်ကြောင်းကို ကိုယ်တော်သတိပြုမိသည်။ ထိုအခါ သူတို့ကို ခက်ထန်စွာ ပြစ်တင်ပြောဆိုတော်မူခဲ့ပါသလော။ ထိုသို့မပြုဘဲ ကိုယ်တော်သည် တစ်ဦးစီ၏ခြေကို နှိမ့်ချစွာ ဆေးကြောပေးတော်မူခဲ့သည်။ (မာကု ၉:၃၃-၃၇; ၁၀:၃၅-၄၅; ယောဟန် ၁၃:၂-၁၇) အသင်သည် ဇနီးအပေါ် ဤသို့သောစိတ်ရှည်မှုမျိုးတင်ပြပါသလော။ ထပ်ခါတလဲလဲ ပေါ်တတ်သည့် အားနည်းချက်တစ်ခုခုကို အပြစ်ဆိုနေမည့်အစား သူမကို စိတ်ရှည်စွာကူညီပေးပြီး သင့်ပုံသက်သေအားဖြင့် သူမ၏နှလုံးကိုထိမိစေရန် ကြိုးစားပါသလော။ နောက်ဆုံးတွင် တမန်တော်များကဲ့သို့ပင် ဇနီးသည်များသည်လည်း ဤသို့သောမေတ္တာပါစာနာမှုကို တုံ့ပြန်ကြပါလိမ့်မည်။

၂၀။ ခရစ်ယာန်ဇနီးသည်များသည် အဘယ်အရာကို ဘယ်သောအခါမျှ မမေ့သင့်သနည်း။ သူတို့အတွက် မည်သူများသည် ပုံနမူနာဖြစ်သနည်း။

၂၀ ဇနီးသည်များလည်း “ခရစ်တော်၏ခေါင်းကား ဘုရားသခင်ဖြစ်တော်မူသည်” ကို ဘယ်သောအခါမျှ မေ့တော်မမူသော ယေရှုကို ဆင်ခြင်သုံးသပ်သင့်သည်။ ကိုယ်တော်သည် ကောင်းကင်ခမည်းတော်ကို အမြဲလက်အောက်ခံတော်မူခဲ့သည်။ ထိုနည်းတူစွာ၊ “မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်” ဟူသည့်အကြောင်း၊ သူတို့၏ခင်ပွန်းသည် သူတို့၏ခေါင်းအမှန်ဖြစ်ကြောင်းကို ဇနီးသည်များ မမေ့သင့်ပါ။ (၁ ကောရိန္သု ၁၁:၃; ဧဖက် ၅:၂၃) ခရစ်ယာန်ဇနီးသည်များသည် “သန့်ရှင်းသောမိန်းမတို့” ၏ပုံနမူနာ၊ အထူးသဖြင့် “အာဗြဟံကို ‘သခင်’ ဟုခေါ်ဝေါ်၍ သူ၏စကားကိုနားထောင်” ခဲ့သောစာရာ၏ ပုံနမူနာတို့ကို ဆင်ခြင်သုံးသပ်သင့်သည်ဟု တမန်တော်ပေတရုက တိုက်တွန်းသည်။—၁ ပေတရု ၃:၅၊ ၆။

၂၁။ အာဗြဟံနှင့်စာရာတို့၏အိမ်ထောင်ရေးသည် အောင်မြင်ပြီး လောတနှင့်သူ၏ဇနီးတို့၏အိမ်ထောင်ရေးတွင် ဆုံးရှုံးမှုကြုံရသည့်အကြောင်းကား အဘယ်နည်း။

၂၁ စာရာသည် တိုင်းတစ်ပါးတွင် တဲထိုးနေထိုင်ရန် သူမ၏ စည်းစိမ်ရှိသောအိမ်ကိုစွန့်ပြီး ကြီးပွားသောမြို့မှ ထွက်ခွာခဲ့ရကြောင်း ထင်ရှားပါသည်။ အဘယ်ကြောင့်နည်း။ ထိုသို့သောဘဝပုံစံမျိုးကို သူမပိုနှစ်သက်၍လော။ မဟုတ်နိုင်ပါ။ သူမ၏ခင်ပွန်းက သွားခိုင်းသောကြောင့်လော။ စာရာသည် အာဗြဟံ၏ ဘုရားရေးရာအရည်အချင်းများကြောင့် သူ့ကိုချစ်မြတ်နိုးပြီး လေးစားသဖြင့် ယင်းအကြောင်းလည်းပါဝင်သည်။ (ကမ္ဘာဦး ၁၈:၁၂) သို့သော် သူမ၏လင်ယောက်ျားနှင့်အတူ လိုက်ပါသွားခဲ့သည့် အဓိကအကြောင်းမှာ ယေဟောဝါကို သူမချစ်မြတ်နိုးပြီး ဘုရားသခင်၏လမ်းညွှန်မှုကို စိတ်ဆန္ဒအပြည့်နှင့် လိုက်လျှောက်လိုသောကြောင့်ဖြစ်သည်။ (ကမ္ဘာဦး ၁၂:၁) သူမသည် ဘုရားသခင်ကို နာခံခြင်း၌ ပျော်မွေ့သည်။ လောတ၏မိန်းမမူကား ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်ရန် ချီတုံချတုံဖြစ်သောကြောင့် သူမနေထိုင်ရာ သောဒုံမြို့တွင် ကျန်ရစ်သောပစ္စည်းဥစ္စာတို့ကို တောင့်တစွာ ပြန်လှည့်ကြည့်ခဲ့သည်။ (ကမ္ဘာဦး ၁၉:၁၅၊ ၂၅၊ ၂၆; လုကာ ၁၇:၃၂) ဘုရားသခင်ကို သူမနာခံမှုမရှိသောကြောင့် ထိုအိမ်ထောင်သည် ဝမ်းနည်းကြေကွဲမှုဖြင့် နိဂုံးချုပ်ခဲ့သည်တကား!

၂၂။ (က) မိသားစုအဝင်ရှိသူများသည် မိမိကိုယ်ကို ပညာရှိရှိ အဘယ်စစ်ဆေးမှုပြုရမည်နည်း။ (ခ) နောက်သင်ခန်းစာတွင် ကျွန်ုပ်တို့အဘယ်အရာကိုသုံးသပ်မည်နည်း။

၂၂ ထို့ကြောင့် လင်ယောက်ျား သို့မဟုတ် ဇနီးသည်တစ်ဦးအနေနှင့် သင့်ကိုယ်သင် ဤသို့မေးမြန်းရန် အရေးကြီးသည်။ ‘ကျွန်ုပ်တို့မိသားစုတွင် ဘုရားသခင်ကိုရှေးဦးထားသလော။ အကျွန်ုပ်အား ဘုရားသခင်ပေးသနားတော်မူသည့် မိသားစုတာဝန်ကို အမှန်တကယ်ကြိုးစားဖြည့်စွက်နေပါသလော။ အကျွန်ုပ်အိမ်ထောင်ဖက်ကို ချစ်ဖို့ရန်နှင့် သူသည်လည်း ယေဟောဝါနှင့် ကောင်းသောဆက်ဆံရေးရှိပြီး ဆက်ရှိနေရန် အမှန်တကယ်ကြိုးစားနေပါသလော။’ မိသားစုတွင် များသောအားဖြင့် သားသမီးများရှိတတ်သည်။ နောက်ဆက်ပြီး မိဘများ၏တာဝန်ကိုလည်းကောင်း၊ သူတို့နှစ်ဦးစလုံးနှင့် သူတို့၏သားသမီးများပါ ဘုရားသခင်ကိုရှေးဦးထားရန် လိုအပ်သည့်အကြောင်းကိုလည်းကောင်း သုံးသပ်ကြပါမည်။

သင်မှတ်မိသလော

◻ ယေရှုခရစ်၏သွန်သင်ချက်များသည် မိသားစုများစွာတို့အပေါ် အဘယ်အကျိုးဆက်များရှိစေနိုင်သနည်း။

◻ မြဲမြံတည်ကြည်သော ခရစ်ယာန်ထောင်ပေါင်းများစွာတို့သည် အဘယ်ဆုကျေးဇူးကို ရရှိခဲ့ကြပြီနည်း။

◻ စာရိတ္တယိုယွင်းခြင်းနှင့် လင်မယားကွာရှင်းခြင်းကို အိမ်ထောင်ဖက်များရှောင်ကြဉ်ကြရန် အဘယ်အရာက အကူအညီပေးမည်နည်း။

◻ လင်ယောက်ျားများသည် ယေရှု၏ပုံနမူနာမှ အဘယ်သင်ခန်းစာ ရနိုင်သနည်း။

◻ ဇနီးမယားတို့သည် သာယာသောအိမ်ထောင်ရေးဖြစ်စေရန် မည်သို့အထောက်အကူပြုနိုင်သနည်း။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

စာရာသည် သူမ၏အိမ်ထောင်ရေး အောင်မြင်ရန် မည်သို့အထောက်အကူပြုသနည်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ