ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၁၁/၁၅ စာ. ၂၁-၂၃
  • ထူးခြားသောဤအခွင့်အရေးကို မလွတ်တမ်းဆုပ်ကိုင်လေ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထူးခြားသောဤအခွင့်အရေးကို မလွတ်တမ်းဆုပ်ကိုင်လေ!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပညာရှိဆုံးဖြတ်ချက်ချခြင်း
  • ကျွန်ုပ်တို့ခေတ် ထူးခြားလှ
  • ‘နိုင်ငံတော်ကို ရှေးဦးစွာ ဆက်၍ရှာကြလော့’
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • သင့်အတွက်ဓမ္မအမှုလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဘုရားပေး တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နေသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • စေ့စေ့စပ်စပ် သက်သေခံရန် လေ့ကျင့်ပေးခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၁၁/၁၅ စာ. ၂၁-၂၃

ထူးခြားသောဤအခွင့်အရေးကို မလွတ်တမ်းဆုပ်ကိုင်လေ!

သမ္မာကျမ်းစာ၏ ကယ်တင်ခြင်းသတင်းသည် ပီတာအတွက်စိတ်ဝင်စားရာဖြစ်ချိန်မှာ သူဆေးကျောင်းပြီးခါနီးတွင်ဖြစ်သည်။ ကျောင်းဆင်းပြီးနောက် ဆရာဝန်တစ်ဦးအဖြစ် ဆေးရုံတစ်ရုံတွင် စတင်အလုပ်ဆင်းသည့်အခါ သူ၏အထက်လူကြီးများက နဗ်ကြောအထူးကု ခွဲစိတ်ဆရာဝန်ဖြစ်ဖို့ကြိုးစားရန် သူ့ကိုအဆက်မပြတ် အားပေးတိုက်တွန်းခဲ့သည်။ ယင်းသည် ဆရာဝန်သစ်လွင် မြောက်မြားစွာတို့ လက်မနှေးတမ်းဆုပ်ကိုင်ကြမည့် အခွင့်ကောင်းတစ်ခုဖြစ်သည်မှာအမှန်ပင်။

သို့တိုင် ပီတာaသည် ဤအခွင့်အရေးကို လက်လွှတ်လိုက်ရန် ဆုံးဖြတ်ပါသည်။ အဘယ်ကြောင့်နည်း။ လိုအပ်သော ရည်မှန်းချက်နှင့်တွန်းအား ကင်းမဲ့နေ၍လော။ မဟုတ်ပါ။ အကြောင်းမှာ ယင်းအခွင့်အလမ်းကို ပီတာအသေအချာစဉ်းစားခဲ့ပါသည်။ သူသည် ယေဟောဝါ၏ ဆက်ကပ်အပ်နှံနှစ်ခြင်းခံပြီးသား သက်သေခံတစ်ဦးဖြစ်ပြီးနောက် ခရစ်ယာန်ဓမ္မအမှုအဘက်ဘက်တွင် အချိန်ပေးနိုင်သမျှပေးရန် အလိုရှိခဲ့၏။ မိမိသည် နဗ်ကြောကုခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်လာသည်နှင့်အမျှ မိမိ၏အချိန်နှင့်ခွန်အားကို မိမိ၏လုပ်ငန်းတွင် နစ်မြုပ်ရတော့မည်ဟု သူစဉ်းစားမိသည်။ ဤထူးခြားသောအခွင့်အလမ်းကို သူလက်လွှတ်ခဲ့ခြင်းသည် ပညာမဲ့ရာကျသလော၊ သို့မဟုတ် ပညာရှိရာကျသလော။

အချို့သူများက ပီတာ၏ဆုံးဖြတ်ချက်ကို ပညာမဲ့ရာကျသည်ဟု ယူမှတ်ပေမည်။ သို့ရာတွင် သူသည် ဧဖက် ၅:၁၅၊ ၁၆ ကဲ့သို့သောကျမ်းချက်တို့ကို ထည့်စဉ်းစားခဲ့သည်။ ထိုတွင် ခရစ်ယာန်ချင်းတို့အား တမန်တော်ပေါလုက “ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။ ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလ [“အခွင့်သာသော၊” ကဘ] အချိန်ကို ရွေးနုတ်ကြလော့” ဟုတိုက်တွန်းထားသည်။

‘အခွင့်သာချိန်’ ဟူသောစကားကို ကျေးဇူးပြု၍ ဂရုပြုပါ။ ယင်းသည် သမ္မာကျမ်းစာတွင် များသောအားဖြင့် တစ်စုံတစ်ရာသောလက္ခဏာများရှိ၊ သို့မဟုတ် လုပ်ငန်းတစ်စုံတစ်ခုအတွက် သင့်တော်သည့်အချိန် သို့မဟုတ် ကာလတစ်ခုကို ရည်ညွှန်းသည့် ဂရိစကားလုံးတစ်လုံးကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ခရစ်ယာန်များသည် အရေးကြီးရာများအတွက် အချိန်ပေးသင့်ကြောင်း ထိုတွင်ပေါလုအလေးအနက်ဖော်ပြထားသည်။ သူတို့သည် “အမြတ်ဆုံးသောအရာကို ရွေးယူနိုင်အံ့သောငှာ . . . ပိုင်းခြားဝေဖန်” ဖို့အမှန်လိုပါသည်။ (ဖိလိပ္ပိ ၁:၁၀၊ သတင်းကောင်း) ၎င်းသည် ဦးစားပေးသင့်ရာများကို ဦးစားပေးခြင်းကိစ္စဖြစ်ပေသည်။

သို့ဖြစ်လျှင် ကျွန်ုပ်တို့အချိန်အတွက် မြင့်မြတ်သောရည်ရွယ်ချက်ကား အဘယ်နည်း။ ဘုရားသခင်အားချစ်မြတ်နိုးသူများအတွက် ကိုယ်တော်၏အလိုတော်ကား အဘယ်နည်း။ သမ္မာကျမ်းစာ ပရောဖက်ပြုချက်များကား ကျွန်ုပ်တို့အချိန်သည် “အမှုကုန်ရသည့်ကာလ” သို့မဟုတ် “နောက်ဆုံးအချိန်” ဟုရှင်းလင်းပြတ်သားစွာ ခွဲခြားဖော်ပြထားသည်။ (ဒံယေလ ၁၂:၄; ၂ တိမောသေ ၃:၁၊ ကဘ) ကျွန်ုပ်တို့၏ခေတ်တွင် အဘယ်အရာသည် အရေးအကြီးဆုံးဖြစ်မည့်အကြောင်းကို ခရစ်တော်ယေရှုက အတိအလင်းဖော်ပြထားသည်။ ဤအစီအစဉ်စနစ်မကုန်ဆုံးမီ ‘နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း လူနေရာမြေတစ်ပြင်လုံးနှံ့ ဟောရလိမ့်မည်’ ဟုကိုယ်တော်အတိအကျမိန့်တော်မူခဲ့သည်။ သို့ ပြီးမှသာ အဆုံးသည်ဖြစ်ရလိမ့်မည်။—မဿဲ ၂၄:၃၊ ၁၄၊ ကဘ။

ထို့ကြောင့် ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သောသတင်းကောင်းကို ဟောပြောရန်နှင့် တပည့်ဖြစ်စေရန် ရရှိသမျှအခွင့်အရေးကို လက်မနှေးဘဲယူလိုက်ဖို့ လိုအပ်ပါသည်။ (မဿဲ ၂၈:၁၉၊ ၂၀) ထိုလုပ်ငန်းများကို နောက်တစ်ဖန်ပြန်ကျော့တော့မည်မဟုတ်သောကြောင့် ယင်းသည် ဤအသက်ကယ်ဆယ်ရေးလုပ်ငန်းတွင် ကျွန်ုပ်တို့အစွမ်းကုန်ပါဝင်ရန် နောက်ဆုံးအခွင့်အရေးရခြင်းဖြစ်သည်။ ‘ယခုပင် နှစ်သက်ဖွယ်သောအချိန်’၊ “ကယ်တင်ရာ နေ့ရက်ကာလ” အမှန်ဖြစ်သည်။—၂ ကောရိန္သု ၆:၂။

ပညာရှိဆုံးဖြတ်ချက်ချခြင်း

ပီတာ—အစအဦးတွင်ဖော်ပြခဲ့သောလူငယ်—သည် သူ၏ဆုံးဖြတ်ချက်ကို အသေအချာစဉ်းစားပြီး ရွေးချယ်စရာများကို တွက်ချက်ချင့်ချိန်ကြည့်ခဲ့သည်။ မိမိသည် နဗ်ကြောကုခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ရန် ပညာသင်ခြင်းသည်မမှားကြောင်း သူသဘောပေါက်ပါသည်။ သို့သော် သူ့အတွက် အရေးအကြီးဆုံးအရာကားအဘယ်နည်း။ ခရစ်ယာန်ဓမ္မအမှုကို အရေးတကြီးဆောင်ရွက်ရန်လိုအပ်နေသည်ကိုထောက်ရှု၍ ယင်းလုပ်ငန်း၌ သူပါဝင်ရန်ပင်ဖြစ်သည်။ တစ်ချိန်တည်းတွင် သူထမ်းဆောင်ရမည့်တာဝန်များရှိနေသည်။ သူ့မှာအိမ်ထောင်ရှိပြီး အချိန်ပြည့်ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်နေသည့်ဇနီးဖြစ်သူကို ထောက်ပံ့ရန်တာဝန်ရှိနေပါသည်။ (၁ တိမောသေ ၅:၈) ပီတာသည် သူ၏ပညာသင်ကြားမှုနှင့်ပတ်သက်၍လည်း အကြွေးဆပ်နေရသည်။ သို့ဖြစ်၍ မည်သို့ပြုလုပ်ရန် သူဆုံးဖြတ်သနည်း။

ပီတာသည် ဓာတ်ရောင်ခြည်ပညာကိုအထူးပြုလေ့လာပြီး အသံလွန်လှိုင်းဖြင့် ရောဂါရှာဖွေခြင်းကိုပြုရန် ဆုံးဖြတ်လေသည်။ ယင်းသည် သာမန်တစ်နေ့တာလုပ်ငန်းချိန်တွင် လုပ်ကိုင်ရမည့်လုပ်ငန်းဖြစ်သည်။ ထို့ပြင် သာမန်လုပ်ငန်းချိန်အတွင်း သင်တန်းလည်းတက်နိုင်မည်ဖြစ်သည်။ ယင်းကို အချို့က ဂုဏ်မရှိလှသည့်အဆင့်ရာထူးဖြစ်သည်ဟု ယူမှတ်ကြမည်ဖြစ်သော်လည်း ထိုသို့ပြုခြင်းဖြင့် သူသည် ဝိညာဏရေးရာများအတွက် အချိန်ပိုပေးနိုင်မည်ဖြစ်သည်။

ဤသို့ပီတာဆုံးဖြတ်ရသည့် အခြားအကြောင်းတစ်ခုလည်းရှိသေးသည်။ မိမိကဲ့သို့မဟုတ်ဘဲ ခြားနားစွာဆုံးဖြတ်ခဲ့ကြသူများကို ဝေဖန်နေခြင်းမဟုတ်ဘဲ မိမိသည် လောကီအမှုများတွင် အလွန်အကျွံပါဝင်မည်ဆိုလျှင် ခရစ်ယာန်တစ်ဦးအနေနှင့် အန္တရာယ်ရှိနိုင်ကြောင်း သူကောင်းစွာသိထားပါသည်။ ယင်းက သူ့အားဝိညာဏတာဝန်များကို လျစ်လျူရှုစေမည်ဖြစ်သည်။ ၎င်းအချက်ကို လုပ်ငန်းကိုင်ငန်းနှင့်ပတ်သက်သော အခြားပုံဥပမာတစ်ခုက သဘောပေါက်စေသည်။

အချိန်ပြည့်ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောသူတစ်ဦးသည် ပန်းချီပညာရှင်တစ်ဦးဖြစ်သည်။ သူသည် မိမိ၏ပန်းချီကားများကို ရောင်းခြင်းဖြင့် စားဝတ်နေရေးဖူလုံနေပါသည်။ မိမိ၏အချိန်အများစုကို အရေးတကာ့အရေးအကြီးဆုံးဖြစ်သော ခရစ်ယာန်ဓမ္မအမှုတွင်အသုံးပြုသော်လည်း ထိုလုပ်ငန်းနှင့်ပင် လုံလုံလောက်လောက်ရှိမြဲရှိနေသည်။ သို့ရာတွင် သူ၏ပန်းချီလုပ်ငန်းကို ပိုတွင်ကျယ်အောင်လုပ်လိုစိတ်များ စတင်ပေါ်ပေါက်လာလေသည်။ ထိုအခါ ပန်းချီဆွဲခြင်းနှင့် အနုပညာလောကတွင် ပိုမိုပါဝင်ပတ်သက်လာပြီး အချိန်ပြည့်ဓမ္မအမှုကို မဆောင်ရွက်တော့ဘဲ နောက်ဆုံး ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းနှင့်ပတ်သက်၍ လုံးဝမလှုပ်မရှားဖြစ်လေတော့သည်။ အတန်ကြာလေသော် ကျမ်းစာနှင့်မကိုက်ညီသောအကျင့်ကိုပြုကျင့်ခဲ့ရာ ခရစ်ယာန်အသင်းတော်အဝင်မဖြစ်တော့ချေ။—၁ ကောရိန္သု ၅:၁၁-၁၃။

ကျွန်ုပ်တို့ခေတ် ထူးခြားလှ

ယခု ယေဟောဝါ၏အမှုတော်ကို ထမ်းဆောင်နေသူများအနေနှင့် ကျွန်ုပ်တို့သည် ကိုယ်တော်အား သစ္စာရှိလိုကြပါသည်။ လူ့သမိုင်းတွင် အထူးခြားဆုံးအချိန်၌ ကျွန်ုပ်တို့အသက်ရှင်နေကြောင်း သိရှိထားကြသည်။ ဘုရားသခင့်အမှုတော်ကို ဆက်ဆောင်ရွက်ပြီး မျက်မှောက်ခေတ်အခြေအနေများကို ထိထိရောက်ရောက် ရင်ဆိုင်အောင်မြင်နိုင်ရန် အမျိုးမျိုးသောပြုပြင်ပြောင်းလဲမှုများ လိုအပ်ပေမည်။ ယင်းကို လယ်သမားတစ်ဦး၏ ကောက်ရိတ်သိမ်းချိန်နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ ၎င်းအချိန်သည် လယ်လုပ်သူများအတွက် အချိန်ပိုအလုပ်လုပ်ပြီး အထူးတလည်ကြိုးပမ်းရသည့် ကာလဖြစ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကန့်သတ်ထားချိန်အတွင်း ကောက်ရိတ်သိမ်းရမည်ဖြစ်သောကြောင့်တည်း။

မျက်မှောက်အစီအစဉ်စနစ်အတွက် အချိန်အနည်းငယ်သာ ကျန်ကြွင်းတော့သည်။ ခရစ်ယာန်စစ်တစ်ဦးသည် ယခင်ကထက် ယေရှု၏ပုံသက်သေကို ပိုမိုကြိုးစားလိုက်လျှောက်ပြီး ခြေတော်ရာအတိုင်းလျှောက်လှမ်းဖို့ လိုအပ်နေသည့်အချိန်ဖြစ်သည်။ ကိုယ်တော်မြေကြီးပေါ်ရှိစဉ်က ကိုယ်တော့်အတွက် အဘယ်အရာသည် အရေးအကြီးဆုံးဖြစ်ကြောင်း ကိုယ်တော်၏ဘဝလမ်းစဉ်က ထင်ရှားစေသည်။ ကိုယ်တော်က “ငါ့ကိုစေလွှတ်တော်မူသောသူ၏အမှုကို နေ့အချိန်ရှိစဉ်တွင် ငါပြုရမည်။ အဘယ်သူမျှ အမှုမပြုနိုင်သော အချိန်တည်းဟူသော ညအချိန်လာသေး၏” ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၉:၄) ယေရှုသည် ညအချိန်လာသေး၏ဟု မိန့်တော်မူရာတွင် ကိုယ်တော်၏ မြေကြီးပေါ်ဓမ္မအမှု ပြီးဆုံးပြီး ကောင်းကင်ခမည်းတော်၏အမှုတော်ကို မပြုနိုင်တော့မည့်အချိန်၊ ကိုယ်တော်အမှုစစ်ဆေးခံရပြီး နှက်တိုင်တင်အသတ်ခံရမည့်အချိန်ကို ရည်ညွှန်းနေခြင်းဖြစ်သည်။

မှန်ပါသည်၊ ယေရှုဓမ္မအမှုဆောင်ချိန် သုံးနှစ်ခွဲကာလအတွင်း ကိုယ်တော်သည် အံ့ဖွယ်ရာများပြုလျက် လူနာများကိုကုသပေးခဲ့ပါသည်။ သို့ပြုသော်လည်း ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောရန်နှင့် မှောက်မှားသောဘာသာတွင် “ဖမ်းသွားချုပ်ထားလျက်ရှိသောသူတို့အား လွှတ်ခြင်း” သတင်းကိုဟောရန် အချိန်အများဆုံးအကုန်ခံခဲ့သည်။ (လုကာ ၄:၁၈; မဿဲ ၄:၁၇) ယေရှုသည် မိမိ၏ဓမ္မအမှုကို အားသွန်ခွန်စိုက်ဆောင်ရွက်တော်မူ၍ ကိုယ်တော်ချမှတ်ထားတော်မူသော အခြေခံအုတ်မြစ်အပေါ် တပည့်တော်များတည်ဆောက်၍ ထိရောက်စွာဆက်လက်ဟောပြောနိုင်စေရန် ကိုယ်တော်သည် သူတို့ကို အချိန်ပေးပြီးလေ့ကျင့်တော်မူခဲ့သေးသည်။ ယေရှုသည် ဘုရားသခင့်နိုင်ငံတော်ရေးရာ တိုးပွားစေရန် ရသမျှအခွင့်အရေးကို လက်နှေးတော်မမူဘဲ ယူခဲ့သကဲ့သို့ တပည့်တော်များကိုလည်း ထပ်တူပြုစေလိုတော်မူသည်။—မဿဲ ၅:၁၄-၁၆; ယောဟန် ၈:၁၂။

ယေရှုနည်းတူ ကိုယ်တော်၏ ယခုခေတ်တပည့်နောက်လိုက်များဖြစ်သော ကျွန်ုပ်တို့သည် လူသားအပေါင်း၏အခြေအနေကို ယေဟောဝါဘုရားသခင် တွေ့မြင်တော်မူသကဲ့သို့ တွေ့မြင်ဖို့လိုပါသည်။ ဤအစီအစဉ်စနစ်၏ကျန်ကြွင်းချိန်သည် အလျင်အမြန်ကုန်ခန်းနေသည်။ ဘုရားသခင်သည် ကရုဏာရှိစွာဖြင့် လူအားလုံးကိုကယ်တင်ခြင်း ရစေလိုတော်မူ၏။ (၂ ပေတရု ၃:၉) ထို့ကြောင့် ယေဟောဝါ၏အလိုတော်ကိုဆောင်ရွက်ရန် အခြားသောအမှုအားလုံးတို့ကို ဒုတိယနေရာတွင်ထားခြင်းသည် ပညာရှိလိမ့်မည် မဟုတ်ပေလော။ (မဿဲ ၆:၂၅-၃၃) အထူးသဖြင့် ဤအချိန်တမျှ ထူးခြားသောကာလအတွင်းတွင် လူအများကအရေးကြီးသည်ဟု ယူမှတ်ထားသောအရာသည် ခရစ်ယာန်များဖြစ်သော ကျွန်ုပ်တို့၏အသက်တာတွင် ထိုမျှအရေးမကြီးလှသည့်အရာဖြစ်ပေမည်။

ဘုရားသခင်၏အလိုတော်ကို ရှေးဦးထားသည့်အတွက် ကျွန်ုပ်တို့တွင် တစ်ဦးတစ်ယောက် နောင်တရမည်လော။ ဘယ်တော့မျှမရပါ။ အကြောင်းမူကား၊ ကိုယ်ကျိုးစွန့်ခရစ်ယာန်လမ်းစဉ်သည် အကျိုးကျေးဇူးအလွန်ကြီးမားသောကြောင့်ဖြစ်သည်။ ဥပမာ၊ ယေရှုက တပည့်တော်များကို ဤသို့မိန့်တော်မူ၏– “ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ငါ့အတွက်နှင့်ဝမ်းမြောက်ဖွယ်ရာသတင်းကြောင့် အိမ်၊ ညီအစ်ကိုမောင်နှမ၊ မိဘ၊ သားသမီး၊ လယ်မြေများကိုစွန့်ခဲ့လျှင် ယခုကာလညှဉ်းပန်းခြင်းနှင့်တကွ အိမ်၊ ညီအစ်ကိုမောင်နှမ၊ မိဘ၊ သားသမီး၊ လယ်မြေ အဆတစ်ရာကိုလည်းကောင်း၊ လာလတ္တံ့သောအစီအစဉ်တွင် ထာဝရအသက်ကိုလည်းကောင်း မရဘဲနေရသူမရှိရ။”—မာ ၁၀:၂၉၊ ၃၀၊ ကဘ။

ယေဟောဝါအားချီးမွမ်းရန်နှင့် ဘုရားသခင့်နိုင်ငံတော်သတင်းကို ကြွေးကြော်ရန် မိမိတို့၏အချိန်ကို အသုံးပြုသူများခံစားရသည့် ဆုကျေးဇူးများကို မည်သူမျှတန်ဖိုးဖြတ်၍မရနိုင်ပါ။ သူတို့သည် ကောင်းချီးများစွာခံစားကြရပါသည်တကား! ယင်းတို့ထဲတွင် စစ်မှန်သောမိတ်ဆွေများ၊ မြင့်မြတ်သောအလိုတော်ကို ဆောင်ရွက်ခြင်းမှခံစားရသည့်ကျေနပ်မှု၊ ဘုရားသခင်၏နှစ်သက်မှုအပြုံးနှင့် အဆုံးမဲ့အသက်ရှင်နိုင်ခွင့်တို့ ပါဝင်ပါသည်။ (ဗျာဒိတ် ၂၁:၃၊ ၄) လူတို့ကို ဝိညာဉ်ရေးအရ ကူညီပေးပြီး ယေဟောဝါ၏သက်သေများအဖြစ် ကိုယ်တော်၏ သန့်ရှင်းသောနာမတော်ကို ဂုဏ်တင်ခွင့်ရခြင်းသည် အလွန်ထူးမြတ်သောကောင်းချီးပါတကား! ‘အခွင့်သာသောအချိန်ကို ရွေးနုတ်ခြင်း’ သည် အမှန်တကယ်ပင် ပညာရှိပြီး အကျိုးကျေးဇူးများသောလမ်းစဉ်ဖြစ်ပါသည်။ ယခုအချိန်သည် တစ်ချိန်တစ်ခါနှင့်မျှမတူအောင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကြွေးကြော်ရမည့်အချိန်ဖြစ်ပေသည်။ ထူးခြားသော ဤအခွင့်အရေးကို အသင်မလွတ်တမ်းကိုင်ဖမ်းကာ ဆုပ်ကိုင်ထားပါမည်လော။

[အောက်ခြေမှတ်ချက်များ]

a အစားထိုးအမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ