သင့်ညီအစ်ကိုများကို သိကျွမ်းပါ
၁ သမ္မာကျမ်းစာက မိတ်ဆွေစစ်ကို ညီအကိုချင်းထက် သာ၍ရင်းနှီးသူ၊ အခါခပ်သိမ်းချစ်ပြီး သစ္စာစောင့်သိသူ၊ ဒုက္ခကာလအတွင်း မိမိအဖော်ကိုကူညီတတ်သူအဖြစ် ဖော်ပြသည်။ (သု. ၁၇:၁၇; ၁၈:၂၄) ကျွန်ုပ်တို့သည် တစ်ဦးကိုတစ်ဦး သိကျွမ်းရန်နှင့် ချစ်ခင်ရန် ကြိုးစားကြမည်ဆိုလျှင် အသင်းတော်တွင် ထိုသို့သောမိတ်ဆွေမျိုး ရရှိရန်မရှားပေ။—ယော. ၁၃:၃၅။
၂ အစည်းအဝေးမစမီနှင့် ပြီးသောအခါ ကျွန်ုပ်တို့၏ညီအကိုများနှင့် ရင်းနှီးကျွမ်းဝင်ရန်အခွင့်ကောင်းများ ရရှိနိုင်ပါသည်။ လှိုက်လှဲ၍ တက်ကြွမှုရှိသောပေါင်းသင်းမှုရရှိနိုင်ရန် စောစောရောက်ရှိပြီး ပြီးသည့်အခါ အချိန်အတန်ကြာနေပါလေ။ စကားစမြည်ပြောဆိုရန် အသက်အရွယ်ကြီးသော အတွေ့အကြုံရှိသူများနှင့် ငယ်ရွယ်သူ သို့မဟုတ် ရှက်ကြောက်တတ်သူများအပါအဝင် ညီအကိုမျိုးစုံကိုရှာဖွေပါ။
၃ အစပြုစကားစမြည်ပြောဆိုပါ– သင့်ညီအကိုများအား နှုတ်ခွန်းဆက်စကားပြောဆိုရုံထက်မက ပြောဆိုပါ။ သင်သည် လယ်ကွင်းဓမ္မအမှုအတွေ့အကြုံတစ်ခု၊ မကြာသေးမီက မဂ္ဂဇင်းတစ်စောင်မှ စိတ်ဝင်စားစရာအချက်တစ်ချက် သို့မဟုတ် ခုလေးတင်ပြီးသွားသည့် စည်းဝေးနှင့်ပတ်သက်သောမှတ်ချက်တစ်ခုတို့ကို မျှဝေခြင်းအားဖြင့် အစပြုစကားစမြည်ပြောနိုင်သည်။ ကောင်းစွာနားထောင်သူတစ်ဦးဖြစ်ခြင်း၊ သူတို့သိရှိထားသည့် တွေ့ ကြုံမှုများနှင့် အကြောင်းအရာများကိုပြောပြရန် တိုက်တွန်းပေးခြင်းဖြင့် သင့်ညီအကိုများအကြောင်း များစွာသိရှိလာနိုင်သည်။ ယေဟောဝါအား မည်သို့သိကျွမ်းလာပုံကို မေးရုံမျှဖြင့် သူ့အကြောင်းကို များစွာသိလာနိုင်သည်။ အချို့သူတို့သည် သူတို့၏အသက်တာတွင် ယုံကြည်ခြင်းခိုင်ခံ့စေသောတွေ့ ကြုံမှုများကို တွေ့ရစဉ် အခြားသူများမူ ကျွန်ုပ်တို့စဉ်းစား၍မရနိုင်သော အခြေအနေများကို ယခုခံရပ်နေကြရသည်။ ယင်းတို့ကိုသိရှိနားလည်ထားခြင်းက မိတ်ဆွေစစ်များအနေနှင့် အခြားသူများ၏လိုအပ်ချက်များကို အကင်းပါးပါးသိရှိပြီး ပြန်တုံ့ ပြန်ရန် ကျွန်ုပ်တို့ကိုကူညီပေးမည်ဖြစ်သည်။
၄ တစ်ဦးကိုတစ်ဦးယိုင်းပင်းကူညီပါ– ညီအမတစ်ဦးသည် သူမ၏သမီးသေဆုံးပြီးနောက် ရှင်ပြန်ထမြောက်ခြင်းကို သီကုံးထားသည့် နိုင်ငံတော်သီချင်းများကိုဆိုရန် အခက်တွေ့ခဲ့သည်။ “တစ်ခါမှာ မင်းလမ်းရဲ့တစ်ဖက်မှာထိုင်နေတဲ့ ညီအမတစ်ယောက်က ကျွန်မငိုနေတာကို တွေ့သွားတယ်။ သူမလျှောက်လာပြီး ကျွန်မကိုလက်နဲ့ သိုင်းဖက်ထားလိုက်တယ်၊ အဲဒီနောက် ကျန်တဲ့သီချင်းအပိုင်းကို ကျွန်မနဲ့အတူဆိုတယ်။ ကျွန်မတို့အတွက် အကူအညီရနိုင်တဲ့နေရာလို့သိလာရတဲ့ နိုင်ငံတော်ခန်းမမှာ အစည်းအဝေးတွေတက်ရတာဟာ ကျွန်မအတွက် ညီအကိုညီအမတွေကိုချစ်တဲ့မေတ္တာပြည့်ဝပြီး ပျော်ရွှင်မှုကိုခံစားရစေတယ်” ဟုသူမပြန်ပြောင်းပြောပြသည်။ လိုအပ်သည့်အခါနှစ်သိမ့်ပေးခြင်းနှင့် အခါခပ်သိမ်းအားပေးခြင်းဖြင့် ကျွန်ုပ်တို့၏ညီအကိုများကို ယိုင်းပင်းကူညီသင့်သည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
၅ ဤလောကဟောင်းသည် တစ်ခါကနှင့်မျှမတူအောင် ဖိစီးမှုပိုများလာရာ ကျွန်ုပ်တို့၏ညီအကိုများအား ပိုမိုသိကျွမ်းအောင်လုပ်ဆောင်ဖို့ သန္နိဋ္ဌာန်ချကြစို့။ ဤကဲ့သို့စိတ်ရင်းမှန်ဖြင့် အပြန်အလှန်အားပေးမှုသည် အားလုံးအတွက် ကောင်းချီးတစ်ရပ်ဖြစ်ကြောင်း တွေ့ရပါလိမ့်မည်။—ရော. ၁:၁၁၊ ၁၂။