တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ရွှင်လန်းမှု မည်သို့ရရှိနိုင်ပုံ
လူတစ်ဦး ခံစားနိုင်သော အားကြီးသည့်ရွှင်လန်းမှုတစ်ခုမှာ ဘုရားသခင်နှင့် လုပ်ဖော်ဆောင်ဖက်ဖြစ်ခွင့်ရခြင်းဖြစ်သည်။ ယနေ့ ဘုရားသခင်၏လုပ်ငန်းတော်တွင် ဖြောင့်မတ်ခြင်းတရားမြတ်နိုးသူများကို ခရစ်ယာန်အသင်းတော်အတွင်းသို့ စုသိမ်းပြီး ခရစ်ယာန်များအဖြစ် ယခုအသက်ရှင်ရန်နှင့် ကမ္ဘာသစ်ထဲသို့ ကပ်ကျော်ဝင်ရန် သူတို့အားလေ့ကျင့်ပေးခြင်း ပါဝင်သည်။—မိက္ခာ ၄:၁-၄; မဿဲ ၂၈:၁၉၊ ၂၀; ၂ ပေတရု ၃:၁၃။
လက်တင်အမေရိကားရှိ ယေဟောဝါသက်သေများသည် ၁၉၈၀ ခုနှစ်ကတည်းက သန်းပေါင်းများစွာသောသူတို့ကို ယေရှုခရစ်တော်၏တပည့်များဖြစ်လာစေရန် ကူညီပေးနိုင်ခဲ့သည့်အတွက် အလွန်ဝမ်းမြောက်ရွှင်လန်းခဲ့ကြပြီ။ သမ္မာကျမ်းစာကို တန်ဖိုးထားလေးမြတ်၍ယုံကြည်သူများစွာရှိသည့် ဤအသီးသီးသော လယ်ကွင်းတွင် အချိန်ပြည့်ဓမ္မအမှုဆောင်အချို့သည် များစွာသောသူတို့ကို ယေဟောဝါထံ ဆက်ကပ်အပ်နှံသူများ ဖြစ်လာစေရန် ကူညီပေးနိုင်ခဲ့ကြပေပြီ။ ဤမျှအတွေ့အကြုံများသည့်အတွက် တပည့်ဖြစ်စေခြင်း၏ရွှင်လန်းမှုအကြောင်းကို သူတို့ပြောပြနိုင်ကြပေမည်။ သူတို့၏အကြံပေးချက်အချို့သည် သင်နေထိုင်ရာအရပ်တွင် တပည့်ဖြစ်စေခြင်းလုပ်ငန်း၌ အသုံးပြုရန် အကူအညီဖြစ်ကောင်းဖြစ်ပေမည်။
“သိုး” ဖြစ်လာနိုင်ရန် အလားအလာ ရှိသူများကို သိမြင်ခြင်း
‘မည်သည့်မြို့ မည်သည့်ရွာသို့ဝင်လျှင် ထိုမြို့ရွာ၌ရှိသော ထိုက်တန်သူကိုရှာလော့’ ဟု ဟောပြောခြင်းလုပ်ငန်းသို့ တမန်တော်များကို စေလွှတ်ချိန်တွင် ယေရှုမှာကြားတော်မူခဲ့သည်။ (မဿဲ ၁၀:၁၁) သင်သည် လူတို့ထံလည်ပတ်သွားသည့်အခါ ဝိညာဉ်ရေးအရ သင်ကူညီပေးနိုင်မည့်သူများကို မည်သို့သိမြင်နိုင်မည်နည်း။ နှစ်ပေါင်း ၅၀ ကျော် အချိန်ပြည့်ဓမ္မအမှုဆောင်ခဲ့သူ အဲဒဝါဒ်က ဤသို့ဆိုသည်– “အမှန်သိနားလည်လို၍ မေးမြန်းသောမေးခွန်းများနှင့် ကျမ်းစာမှအဖြေရသည့်အခါ သူတို့ကျေနပ်မှုတင်ပြကြသည်။” ကယ်ရာလ်က ဤသို့ထပ်လောင်းပြောသည်– “တစ်ဦးတစ်ယောက်သည် သူ၏ကိုယ်ရေးကိုယ်တာပြဿနာ သို့မဟုတ် စိုးရိမ်မှုတစ်ခုခုကို ကျွန်မအား ရင်ဖွင့်ပြောဆိုလျှင် ယင်းကား အမှန်အားဖြင့် အကူအညီတောင်းခံချက်ဖြစ်သည်။ ကင်းမျှော်စင်အသင်း၏စာပေများတွင် အကူအညီဖြစ်မည့် အချက်အလက်များကို ကျွန်မရှာပေးပါသည်။ ဤသို့စိတ်ဝင်စားမှုတင်ပြခြင်းက များသောအားဖြင့် ကျမ်းစာသင်အံမှုရရှိစေသည်။” သို့တိုင် စိတ်ရင်းမှန်သူများကို အမြဲအလွယ်တကူ မတွေ့ရှိနိုင်ပါ။ လူးအီးစ္စက ဤသို့ပြောပြသည်– “အလွန်စိတ်ဝင်စားပုံပေါက်သူအချို့သည် လုံးလုံးစိတ်မဝင်စားကြောင်း၊ သို့သော် အစကနဦးတွင် အတိုက်အခံပြုပုံရှိသူအချို့မှာမူ ကျမ်းစကားများကို အတိအလင်းသိရှိလာသည့်အခါ ပြောင်းလဲလာကြောင်း တွေ့ရှိရ၏။” လက်တင်အမေရိကန်အများစုသည် သမ္မာကျမ်းစာကို လေးစားသူများဖြစ်ကြသဖြင့် သူကဤသို့ထပ်လောင်းပြောပြသည်– “ကျမ်းစာသွန်သင်ချက်များကို ကျွန်တော်တင်ပြပေးသည့်အခါ လွယ်လင့်တကူလက်ခံနာယူသူများကို ဝိညာဉ်ရေးအရ ကူညီပေးနိုင်ကြောင်း ချက်ချင်းရိပ်မိသည်။” ဤကဲ့သို့ “ထိုက်တန်သော” သူများကို ဝိညာဉ်ရေးဘက် တိုးတက်ရန် အကူအညီပေးခြင်းသည် စစ်မှန်သောရွှင်လန်းမှုနှင့် ကျေနပ်မှုရှိစေသည်။ ယင်းကို သင်မည်သို့ပြုနိုင်မည်နည်း။
ကျမ်းစာသင်အံမှုစတင်ကျင်းပခြင်း
ကျမ်းစာသမ္မာတရားကို လူတို့နားလည်ရန် ကူညီပေးရာတွင် “သစ္စာနှင့်သတိပညာရှိသောကျွန်” ထုတ်ဝေသည့် ကျမ်းစာလေ့လာရန် အထောက်အကူများကိုအသုံးပြုခြင်းက များသောအားဖြင့် အကောင်းဆုံးနည်းဖြစ်သည်။ (မဿဲ ၂၄:၄၅၊ သမ) ဤကဲ့သို့သောကျမ်းစာလေ့လာမှုအတွက် အကူအညီများကို တန်ဖိုးထားမှု မည်သို့တိုးပွားစေနိုင်မည်နည်း။ အဲဒဝါဒ်က ဤသို့ပြောသည်– “လူတို့၏အခြေအနေ၊ ဥပဓိရုပ်နှင့် ရှုမြင်ပုံတို့သည် အလွန်ကွာခြားသည့်အတွက် သင်အံမှုများစရာတွင် ကျွန်တော်လိုက်လျောညီထွေပြုလုပ်ရန် အတတ်နိုင်ဆုံးကြိုးစားသည်။” လူအားလုံးနှင့် တစ်နည်းတည်းကို အသုံးမပြုနိုင်ပါ။
အချို့သူများနှင့် ကျမ်းစာအကြောင်း အလွတ်သဘောအကြိမ်ကြိမ်ဆွေးနွေးပြီးနောက်မှ ကျမ်းစာလေ့လာရန် ပြဋ္ဌာန်းစာအုပ်ကို တင်ပြနိုင်ပေမည်။ မည်သို့ဆိုစေကာမူ သာသနာပြုမောင်နှံစုံတစ်စုံက ဤသို့ဆိုသည်– “ပထမအကြိမ်လည်ပတ်ချိန်တွင်ပင် သင်အံမှုကမ်းလှမ်းပါသည်။” ဆက်ကပ်အပ်နှံရန် လူပေါင်း ၅၅ ဦးကိုကူညီပေးခဲ့သူ အခြားသက်သေခံတစ်ဦးကလည်း ဤသို့ဆိုသည်– “ကျမ်းစာသင်အံမှုများစဖို့ ကျွန်မအသုံးပြုသော အဓိကနည်းမှာ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည်စာအုပ်ကို တိုက်ရိုက်ဖော်ပြခြင်းဖြစ်သည်။” အချို့သူများက အဘယ်အရာကိုမျှ လေ့လာလိုစိတ်မရှိသော်လည်း အခြားသူများမှာမူ သူတို့၏ဘဝအတွက် အထောက်အကူပြုမည့် အဘယ်အရာကိုမဆိုလေ့လာလိုစိတ်ရှိကြသည်။ ဤကဲ့သို့သောသူများအတွက် အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ကမ်းလှမ်းခြင်းသည် များသောအားဖြင့် နှစ်သက်စရာဖြစ်သည်။ သာသနာပြုအချို့ကား ယင်းကမ်းလှမ်းချက်ကိုရှင်းပြပြီးနောက် ဤသို့ပြောကြသည်– “ယင်းကို ကျွန်တော်တို့ မည်သို့ပြုကြောင်း တင်ပြပါရစေ။ ဆက်လေ့လာလိုမလို သင်ကိုယ်တိုင်ရွေးချယ်နိုင်ပါသည်။” ဤသို့တင်ပြပါက လူတို့သည် လက်ခံရန် စိုးရိမ်မှုမရှိကြချေ။
ငွေအင်အားနှင့် ပညာအရည်အချင်း အနည်းငယ်သာရှိသူများစွာတို့ကို ကူညီပေးခဲ့သော အခြားသက်သေခံတစ်ဦးက ဤသို့ဆိုသည်– “ဝေစာများသည် ကျမ်းစာသင်အံမှုများစဖို့ရန် အထူးလွယ်ကူကြောင်း ကျွန်မတွေ့ရှိခဲ့ပြီ။” အချိန်ပြည့်သွန်သင်ပေးသူများသည် မည်သည့်စာအုပ်ကိုပင် အသုံးပြုစေကာမူ သမ္မာကျမ်းစာကို အလေးအနက်ဖော်ပြတတ်ကြသည်။ ကာရိုလာဆိုသူက ဤသို့ပြောပြသည်– “ကျမ်းစာသည် နားလည်ရန် ခဲယဉ်းသောစာအုပ်ဖြစ်သည်ဟု မထင်စေရန်နှင့် အဓိကအချက်များ ပေါ်လွင်စေရန် ပထမအကြိမ်တွင် ရုပ်ပုံများနှင့် ကျမ်းချက်ငါးခုကိုမျှသာ ကျွန်မပြသည်။”
စိတ်ဝင်စားမှုကို သက်ဝင်ရှင်သန်နေစေခြင်း
လူအများသည် တိုးတက်မှုကိုခံစားလိုကြသဖြင့် ဂျင်နီဖာက ဤသို့ပြုလုပ်ရန် အားပေးသည်– “သင်အံမှုကို အသက်ပါစေပါ။ တိုးတက်မှုရှိစေပါ။” အပတ်ပေါင်းများစွာ အဆက်မပြတ်စေဘဲ သင်အံမှုကို မှန်မှန်ကျင်းပခြင်းက တိုးတက်နေသည်ဟု ကျမ်းစာသင်သားအားခံစားစေသည်။ ကျေးလက်ပိုင်းတွင် ကြီးပြင်းလာသူ အထူးရှေ့ဆောင်တစ်ဦးက ကျောင်းပညာနည်းသူများပင် တိုးတက်နိုင်ရန် လွယ်ကူစွာရှင်းပြပြီး အဓိကအချက်များကို အာရုံစူးစိုက်ခြင်း၏အရေးကြီးမှုကို ဖော်ပြပါသည်။ သူက ဤသို့ဆိုသည်– “ကျွန်တော်၏ရွာတွင် မျိုးကြဲပြီးနောက် ရေဖြန်းပေးရသည်။ ရေများလျှင် မြေကြီးအပေါ်ယံလွှာသည် မာကျောသွားပြီး အပင်များမပေါက်နိုင်သည့်အတွက် သေသွားတတ်သည်။ ထိုနည်းတူ စိတ်ဝင်စားခါစသူများကို အချက်အလက်များစွာနှင့် လွှမ်းမိုးမည်ဆိုလျှင် ခဲယဉ်းလွန်းသည်ဟူ၍ သူတို့ယူမှတ်ကာ နောက်ဆုတ်သွားကြပေမည်။” စူးစမ်းလိုစိတ်ရှိသူများပင် တိုး၍သိနားလည်နိုင်ရန် တစ်ကြိမ်လျှင် တစ်ကြောင်းကိုသာ အာရုံစိုက်ရမည်။ ယေရှုက တမန်တော်များအား ဤသို့မိန့်တော်မူသည်– “သင်တို့အား ငါပြောစရာစကား အများရှိသော်လည်း သင်တို့သည် ယခုမခံနိုင်ကြ။”—ယောဟန် ၁၆:၁၂။
စိတ်ဝင်စားမှုရှင်သန်နေစေရန် အခြားနည်းတစ်နည်းမှာ သင်ပြန်သွားပြီးနောက် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဆက်ဆင်ခြင်နေဖို့အားပေးခြင်းဖြစ်သည်။ ယိုလန်ဒါက ဤသို့ပြုလုပ်ရန် အားပေးသည်– “အဖြေမပေးဘဲ မေးခွန်းတစ်ခုမေးမြန်းခဲ့ပါ။ ကျမ်းချက်တစ်ပိုဒ် သို့မဟုတ် သူတို့နှင့်ပတ်သက်သည့်အကြောင်းတစ်ခုကို ဆည်းပူးထားရန် အိမ်စာတစ်မျိုးမျိုးပေးခဲ့ပါ။”
ယေဟောဝါကိုချစ်မြတ်နိုးစိတ် တိုးပွားစေခြင်း
သင်နှင့်ကျမ်းစာလေ့လာသူများသည် “နှုတ်ကပါဌ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူ” များဖြစ်လာကြရန် သင်ကူညီပေးသည့်အခါ သင့်ရွှင်လန်းမှုသည် တိုးများလာပေမည်။ (ယာကုပ် ၁:၂၂) ယင်းကို သင်မည်သို့ပြုလုပ်နိုင်သနည်း။ စစ်မှန်သောခရစ်ယာန်များသည် ယေဟောဝါကိုချစ်သောစိတ်၏ လှုံ့ဆော်မှုကို ခံရကြသည်။ မက္ကဆီကိုနိုင်ငံမှဖြစ်သူ ပဲဒရိုက ဤသို့ရှင်းပြသည်– “လူတို့သည် မသိကျွမ်းသူတစ်ဦးကို မချစ်နိုင်သည့်အတွက် သင်အံမှုစကတည်းကပင် ကျမ်းစာတွင်ရှိ ဘုရားသခင်၏နာမတော်ကို ကျွန်တော်သွန်သင်ပေးပြီး ယေဟောဝါ၏အရည်အချင်းများကို အလေးအနက်ပေါ်လွင်စေရန် အခွင့်ကောင်းများရှာယူပါသည်။” စကားစမြည်ပြောဆိုစဉ်လည်း ယေဟောဝါအပေါ် သင်၏စိတ်ထားကိုထင်ရှားစေခြင်းအားဖြင့် ကိုယ်တော်ကိုတန်ဖိုးထားလေးမြတ်မှု တိုးပွားစေနိုင်သည်။ အလစ်ဇဗက်သ်က ဤသို့ဆိုသည်– “ယေဟောဝါ၏ကောင်းမြတ်ခြင်းကို ကျွန်မအမြဲကြိုးစားဖော်ပြသည်။ ကျွန်မသင်အံမှုကျင်းပစဉ် လှပသောပန်းတစ်ပွင့်၊ ချစ်စဖွယ်ငှက်ကလေးတစ်ကောင်၊ သို့မဟုတ် မြူးထူးနေသောကြောင်ကလေးတစ်ကောင်ကို တွေ့သည့်အခါ ၎င်းသည် ယေဟောဝါ၏လက်ရာတော်ဖြစ်ကြောင်း အမြဲဖော်ပြလေ့ရှိသည်။” “အမှန်တကယ်ဖြစ်မည်ဟု သင်သိထားသည့်အတိုင်း ဘုရားသခင်ကတိထားရာ ကမ္ဘာသစ်အကြောင်း ပြောဆိုပါ” ဟုဂျင်နီဖာက အကြံပြုသည်။ “ကမ္ဘာသစ်တွင် သူတို့ဘာလုပ်လိုမည်နည်းဟု မေးမြန်းပါ။”
လူတစ်ဦးသည် ယေဟောဝါနှင့်စပ်လျဉ်း၍ သိကျွမ်းလာရာများကို တန်ဖိုးထားလေးမြတ်စွာ ဆင်ခြင်သုံးသပ်သည့်အခါ သူ၏နှလုံးထဲစိမ့်ဝင်ပြီး ကျင့်ကြံပြုမူရန် လှုံ့ဆော်တိုက်တွန်းခံရသည်။ သို့သော် ထိုသူသည် မမှတ်မိလျှင် ဆင်ခြင်သုံးသပ်နိုင်မည်မဟုတ်ပါ။ သင်အံမှုပြုလုပ်ပြီးတိုင်း အဓိကအချက် သုံးလေးချက်ကို အကျဉ်းချုပ်ပြန်လေ့လာခြင်းသည် မှတ်ဉာဏ်ကို အထောက်အကူပြုသည်။ ကျမ်းစာသင်ပေးသူများစွာတို့သည် လူသစ်များအား အဓိကကျမ်းချက်များနှင့်မှတ်စုတို့ကို သူတို့၏ကျမ်းစာနောက်တွင် ရေးမှတ်စေတတ်ကြသည်။ ပြန်လေ့လာခြင်း၏ အခြားအကျိုးတစ်ခုကို အင်္ဂလန်နိုင်ငံမှ သာသနာပြုတစ်ဦးက ဤသို့ရှင်းပြသည်– “လေ့လာခဲ့သောအကြောင်းသည် သူတို့အတွက် အဘယ်အကျိုးရှိသနည်းဟု မေးကြည့်ပါသည်။ သို့ပြုခြင်းက ယေဟောဝါ၏နည်းလမ်းတော်နှင့် ပညတ်တော်များကို သူတို့သဘောပေါက်ပြီး ဆင်ခြင်သုံးသပ်စေသည်။”
ဂိလဒ်ကျောင်း၏ တတိယအကြိမ်မြောက်သင်တန်းဆင်းသူဖြစ်သော သစ္စာရှိသက်သေခံတစ်ဦးက ဤသို့ဆိုသည်– “ကျွန်မတို့သည် အားတက်သရောရှိရမည်။ မိမိသွန်သင်ပေးသည့်အရာကို မိမိကိုယ်တိုင်ယုံကြည်ကြောင်း သင်သားများ သိမြင်ကြရမည်။” သင့်အား ပျော်ရွှင်စွာ “အကျင့်ကျင့်သောသူ” ဖြစ်စေသည့် ယုံကြည်ခြင်းကို သင်တင်ပြမည်ဆိုလျှင် ယင်းသည်ကူးစက်လိမ့်မည်။—ယာကုပ် ၁:၂၅။
ယေဟောဝါကိုကိုးကွယ်သူများဖြစ်လာစေရန် များစွာသောသူတို့ကို ကူညီပေးနိုင်ခဲ့သည့် သက်သေခံတစ်ဦးက ဤသို့ပြောဆိုသည်။ “သူတို့၏ဆုတောင်းချက်များ၏အဖြေကို သူတို့သိရှိလျှင် ဘုရားသခင်နှင့်ပိုရင်းနှီးလာကြောင်း ကျွန်မတွေ့ခဲ့ပြီ။ ကျွန်မကိုယ်တိုင်၏အတွေ့အကြုံများမှ ဤကဲ့သို့သောဥပမာမျိုးကို တင်ပြပါသည်– ကျွန်မနှင့်ကျွန်မ၏အမှုဆောင်ဖက်သည် ရပ်ကွက်သစ်ကိုရောက်ခါစတွင် ပိုက်ဆံလုံးဝမရှိဘဲ ဟင်းသီးဟင်းရွက်အနည်းငယ်နှင့် ထောပတ်တစ်ထုပ်သာရှိသည်။ ရှိရာအစာကို ညစာအတွက်စားသုံးကြပြီး ‘ယခုနက်ဖြန်နေ့အတွက် စားစရာမရှိတော့’ ကြောင်းကို ထည့်ဆုတောင်းပြီး ကျွန်မတို့အိပ်ရာဝင်ခဲ့ကြသည်။ နောက်တစ်နေ့နံနက်စောစောတွင် ဒေသခံသက်သေခံတစ်ဦးရောက်ရှိလာပြီး မိမိကိုယ်ကိုမိတ်ဆက်၍ ‘ရှေ့ဆောင်များစေလွှတ်ပေးရန် ယေဟောဝါကို ကျွန်မဆုတောင်းခဲ့တယ်။ ဒီနေ့တစ်နေ့လုံး ရှင်တို့နဲ့အတူ ကျွန်မအမှုဆောင်ထွက်မလို့။ ကျွန်မအိမ်ကဝေးတော့ ရှင်တို့နဲ့နေ့လယ်စာစားရအောင် စားစရာတွေယူလာတယ်’ ဟုဆိုသည်။ ထိုစားစရာများမှာ အမဲသားနှင့်ဟင်းသီးဟင်းရွက်အတော်များများဖြစ်သည်။ ဘုရားသခင်၏နိုင်ငံတော်ကို ရှေးဦးထားမည်ဆိုလျှင် ကျွန်မတို့ကို ယေဟောဝါဘယ်သောအခါမျှ စွန့်ပစ်ထားတော်မူမည်မဟုတ်ကြောင်း သင်သားများကို ကျွန်မအမြဲပြောပြပါသည်။”—မဿဲ ၆:၃၃။
လက်တွေ့ကျအကူအညီပေးပါ
ခရစ်တော်၏တပည့်ဖြစ်စေရန် ကျမ်းစာသင်အံမှုကျင်းပခြင်းထက် ပြုလုပ်စရာရှိပါသေးသည်။ နယ်လှည့်ကြီးကြပ်မှူးတစ်ဦးအဖြစ် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သော သာသနာပြုတစ်ဦးက ဤသို့ဆိုသည်– “သူတို့ကို အချိန်ပေးပါ။ သင်အံမှုပြီးသည်နှင့် ချက်ချင်းထွက်မပြေးပါနှင့်။ ဖြစ်နိုင်မည်ဆိုလျှင် ခေတ္တခဏစကားစမြည်ပြောဆိုနေပါ။” အလစ်ဇဗက်သ်က ဤသို့ဆိုသည်– “သေရေးရှင်ရေးနှင့်ပတ်သက်နေသည့်အတွက် သူတို့ကိုကျွန်မစိတ်ဝင်စားမှုပြသည်။ ကျွန်မသားသမီးများဖြစ်ဘိသကဲ့သို့ သူတို့အတွက် ကျွန်မအကြိမ်ကြိမ်ပူပန်ခဲ့ရပါသည်။” အခြားသက်သေခံများက ဤကဲ့သို့အကြံပြုသည်– “သူတို့နေထိုင်မကောင်းသည့်အခါ သူတို့ထံလည်ပတ်ပါ။” “လယ်ကွင်းဓမ္မအမှုဆောင်ရွက်စဉ် သူတို့အိမ်အနီးအနားတွင်ရောက်ရှိနေသည့်အခါ အခြားသက်သေခံများနှင့် မိတ်ဆက်ပေးရန် သူတို့ထံ ခေတ္တဝင်ပါ။” အီဗားက ဤသို့ဆိုသည်– “သူတစ်ဦး၏နောက်ခံနှင့် ဘဝအခြေအနေကို သိနားလည်နိုင်ရန် ဂရုစိုက်နားထောင်ပါ။ ယင်းတို့က သမ္မာတရားကို သူတို့တုံ့ပြန်ပုံနှင့် သူတို့၏တိုးတက်မှုအတွက် အတားအဆီးဖြစ်နိုင်သည်။ သူတို့၏မိတ်ဆွေဖြစ်ပါ။ သို့ဖြင့် သူတို့၏ပြဿနာများကို သင့်အား ယုံကြည်စိတ်ချစွာပြောဆိုဝံ့ကြလိမ့်မည်။” ကယ်ရာလ်က ဤသို့ထပ်လောင်းပြောဆိုသည်– “သမ္မာတရားသည် သူတစ်ဦး၏ဘဝအသက်တာတွင် ပြောင်းလဲမှုများဖြစ်စေသည့်အခါ မိသားစုနှင့် မိတ်ဆွေများကို တစ်ခါတစ်ရံဆုံးရှုံးရမည်ဖြစ်သောကြောင့် သူ့အပေါ် တကယ်စိတ်ဝင်စားမှုရှိကြောင်း ဖော်ပြခြင်းသည် အလွန်အရေးကြီးသည်။ များသောအားဖြင့် ကျွန်မတို့လိပ်စာကို သူတို့သိထားဖို့နှင့် အချိန်အခါမရွေး ကျွန်မတို့နှင့်လာတွေ့ဆုံနိုင်ကြောင်း သူတို့သိရှိဖို့ ကောင်းသည်။” အသင်းတော်ကို သူ၏မိသားစုသစ်အဖြစ် ယူမှတ်နိုင်ရန် ကူညီပေးပါ။—မဿဲ ၁၀:၃၅; မာကု ၁၀:၂၉၊ ၃၀။
“လက်တွေ့ကျအကူအညီပေးရန် နိုးနိုးကြားကြားရှိပါ။ အစည်းအဝေးတွင် သူတို့နှင့်အတူထိုင်ပြီး သူတို့၏သားသမီးများကို ဝိုင်းဝန်းထိန်းပေးပါ” ဟုယိုလန်ဒါကပြောသည်။ သူတို့၏သားသမီးများကို လေ့ကျင့်သွန်သင်ပေးနည်း၊ သန့်ရှင်းမှုစံနှုန်းများကို တိုးတက်စေနည်း၊ အစည်းအဝေးများတွင် ဖြေဆိုရန်နှင့် သီအိုကရက်တစ်ကျောင်းတွင် ဟောပြောချက်ပေးရန် ကြိုတင်ပြင်ဆင်နည်းတို့ကိုတင်ပြခြင်းသည် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင်ပါဝင်သောအမှုများဖြစ်သည်။ အခြားညီအစ်မတစ်ဦးက ဤသို့ထပ်လောင်းပြောဆိုသည်– “လူသစ်များကို ဓမ္မအမှုအတွက် လေ့ကျင့်ပေးရန် အရေးကြီးသည်။ ဤသို့သောလေ့ကျင့်မှုကို လျစ်လျူရှုထားသည့်အခါ ဟောပြောခြင်းလုပ်ငန်း၌ပါဝင်ရန် အမြဲကြောက်ရွံ့နေတတ်ပြီး ယေဟောဝါ၏အမှုတော်ဆောင်ခြင်း၌ ရွှင်လန်းမှုကင်းမဲ့သွားကာ တည်ကြည်မှုမရှိနိုင်ပါ။” ထို့ကြောင့် တစ်အိမ်မှတစ်အိမ်လုပ်ငန်း၊ ပြန်လည်ပတ်မှုများပြုလုပ်ခြင်း၊ ကျမ်းစာသင်အံမှုများစတင်ခြင်းတို့ကို အသေအချာလေ့ကျင့်ပေးပါ။ သင်၏ကူညီလမ်းပြမှုဖြင့် သင်၏ကျမ်းစာသင်အံမှုသည် တိုးတက်လာသည်ကို တွေ့ရှိရသောအခါ သင်သည် များစွာရွှင်လန်းအားရလိမ့်မည်။
ခံနိုင်ရည်ရှိရန် သူတို့ကို ခွန်အားပေးပါ
“ကျမ်းစာသင်အံမှုသည် နှစ်ခြင်းယူပြီးပြီဆိုလျှင် သူတို့နှင့်ဆက်ကျမ်းစာသင်ခြင်းကို လျစ်လျူရှုထားတတ်ကြသည်” ဟုအတွေ့အကြုံရင့်ကျက်သော တပည့်ဖြစ်စေသူတစ်ဦးက သတိပေးသည်။ သွန်သင်ပေးသူနှင့် ကျမ်းစာလေ့လာသူပါ သတိရသင့်သည်ကား နှစ်ခြင်းခံပြီးခါစခရစ်ယာန်သည် ဝိညာဉ်ရေးဘက် မရင့်ကျက်နိုင်သေးကြောင်းဖြစ်သည်။ သူ၏ယုံကြည်ခြင်း၊ ဘုရားသခင်၏ပညတ်တော်ကို တန်ဖိုးထားနားလည်ခြင်း၊ ယေဟောဝါကို ချစ်မြတ်နိုးခြင်းတို့တွင် ဆက်လက်တိုးပွားနေရန် များစွာလိုအပ်နေပါသေးသည်။ ဆက်လက်တိုးတက်နိုင်ရန် ကိုယ်ပိုင်လေ့လာမှုပြုလုပ်သည့် အကျင့်ကောင်းများကို ပြုစုပျိုးထောင်ပေးရန် သူ့ကိုအားပေးဖို့ အရေးကြီးသည်။—၁ တိမောသေ ၄:၁၅။
လူသစ်တစ်ဦးသည် တိုးတက်မှုရှိရန်နှင့် ညီအစ်ကိုများအသင်းအပင်းတွင် ဧည့်ဝတ်ပျူငှာသော အသင်းဝင်တစ်ဦးဖြစ်လာရန် အကူအညီလိုပေမည်။ ညီအစ်ကိုများနှင့် ပိုမိုရင်းနှီးလာသည့်အခါ သူတို့၏မစုံလင်မှုများအပေါ်သဘောထားနှင့်ပတ်သက်၍ လမ်းပြမှုလိုကောင်းလိုပေမည်။ (မဿဲ ၁၈:၁၅-၃၅) သူသည် ကိုယ်တိုင်ဆည်းပူးလေ့လာမှုပြုကာ ကျွမ်းကျင်သောသွန်သင်ပေးသူတစ်ဦးဖြစ်လာနိုင်ရန် အကူအညီလိုအပ်ပေမည်။ သာသနာပြုတစ်ဦး ဤသို့ပြောပြသည်– “ကျမ်းစာသင်သားတစ်ဦးသည် နှစ်ခြင်းခံပြီးနောက် သွန်သင်ပေးသူတစ်ဦးအဖြစ် သူမ၏အရည်အချင်းကို တိုးတက်စေလိုသဖြင့် သူမက ‘နောက်အပတ်မှာ ကျမ်းစာသင်အံမှုအသစ်တစ်ခု ကျွန်မကျင်းပရမယ်။ ဒါပေမဲ့ ကျွန်မလေ့လာခဲ့တဲ့ အစောပိုင်းအခန်းတွေကအကြောင်းတွေကို ပြန်သတိရနိုင်ဖို့ အကူအညီလိုတယ်။ ကျမ်းချက်တွေနဲ့ ရုပ်ပုံတွေကို ဘယ်လိုရှင်းပြနိုင်မယ်ဆိုတာကို ကျွန်မသိထားပြီး သင်အံမှုမှာ ပြန်အသုံးပြုနိုင်ဖို့ အဲ့ဒီအခန်းများကို ကျွန်မနဲ့ ကျေးဇူးပြုပြီး ပြန်လေ့လာပေးနိုင်မလား’ ဟုကျွန်မထံမှ အကူအညီတောင်းပါသည်။ သူမသည် အသင်အပြအထူးကောင်းသော သွန်သင်ပေးသူတစ်ဦးဖြစ်လာရာ စည်းဝေးကြီးတစ်ခုတွင် သူမ၏ကျမ်းစာသင်အံမှုလေးယောက် နှစ်ခြင်းယူခဲ့ပါသည်။”
တပည့်ဖြစ်စေခြင်းလုပ်ငန်းသည် အဘယ်ကြောင့်အကျိုးနပ်ရခြင်း
“တပည့်ဖြစ်စေခြင်းဖြင့် ယေဟောဝါအားချီးမွမ်းသူအရေအတွက် တိုးများလာစေသည်။ သမ္မာတရားကိုလက်ခံသူများအတွက် အသက်ရှင်ခြင်းဖြစ်သည်” ဟုပဲမလာကပြောသည်။ “သမ္မာတရားကို ကျွန်မသင်ပေးရခြင်းသည် ကျွန်မ၏ပျော်ရွှင်မှုဖြစ်သည်—အလွန်နှစ်ခြိုက်ဖွယ်ရာဖြစ်၏! ကျမ်းစာသင်အံမှုများသည် တဖြည်းဖြည်းချင်း တိုးတက်လာ၍ သူတို့ဘဝအသက်တာတွင် ပြောင်းလဲမှုများပြုလုပ်ပြီး ကျော်လွှား၍မရနိုင်ပုံရှိသောအတားအဆီးများကို ကျော်လွှားနိုင်ခဲ့ခြင်းသည် ယေဟောဝါ၏ဝိညာဉ်တော်ကြောင့်သာလျှင်ဖြစ်သည်။ ယေဟောဝါကိုချစ်မြတ်နိုးလာသူများစွာတို့သည် ယခု ကျွန်မချစ်မြတ်နိုးရသောမိတ်ဆွေများဖြစ်လာကြပြီ။”
“တပည့်ဖြစ်လာစေရန် ကျွန်မကူညီပေးခဲ့သူများအကြောင်း ပြန်စဉ်းစားကြည့်သည့်အခါ ကျွန်မမယုံနိုင်သည်တိုင်ဖြစ်ရသည်။ တစ်ချိန်က အလွန်ရှက်ကြောက်တတ်သူများသည် ယနေ့ဘုရားသခင်၏ဓမ္မအမှုဆောင်များအဖြစ်သို့ အကြီးအကျယ်တိုးတက်လာသည်ကို တွေ့ရှိရ၏။ ယေဟောဝါ၏အကူအညီဖြင့်သာလျှင် အလွန်ကြီးမားသောအတားအဆီးများကို ကျော်လွှားခဲ့သူများကိုလည်း တွေ့ရှိရ၏။ တစ်ချိန်က အိမ်ထောင်ပြိုကွဲနေသောမိသားစုများသည် ယခုပြန်စည်းလုံးနေကြသည့်—တာဝန်သိတတ်သောမိဘများလက်အောက်ရှိ ပျော်ရွှင်နိုင်သည့်သားသမီးများ—မိသားစုများဖြစ်လာသည်ကို တွေ့ရ၏။ အဓိပ္ပာယ်ပြည့်ဝသောအသက်တာဘဝ၌ ယခုပျော်မွေ့နေကြပြီး ယေဟောဝါကိုချီးမွမ်းနေသူများကိုလည်း တွေ့ရှိရသည်။ ဤမည်ကား တပည့်ဖြစ်စေခြင်း၏ ရွှင်လန်းမှုဖြစ်သည်” ဟုဂျာမနီမှ သာသနာပြုတစ်ဦးပြောကြားသည်။
မှန်ပါသည်။ တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ယေဟောဝါဘုရားသခင်နှင့်အတူ လုပ်ဖော်ဆောင်ဖက်ဖြစ်ရခြင်းသည် နှိုင်းယှဉ်၍မရသောရွှင်လန်းမှုတစ်ခုဖြစ်သည်။ ယင်းကို သာသနာပြုနှင့်ရှေ့ဆောင်များ၏ တွေ့ကြုံမှုများက သက်သေထူသည်။ ဤအကြံပြုချက်များကို လက်တွေ့ကျင့်သုံးပြီး စိုးလ်အကြွင်းမဲ့ကြိုးစားလုပ်ကိုင်ကြမည်ဆိုလျှင် ထပ်တူရွှင်လန်းမှုနှင့် ကျေနပ်မှုမျိုးကို သင်ခံစားရပေမည်။ ယေဟောဝါ၏ကောင်းချီးများခံစားရသဖြင့် သင်၏ရွှင်လန်းမှုသည် ပြည့်ဝစုံလင်ပါလိမ့်မည်။—သု. ၁၀:၂၂; ၁ ကောရိန္သု ၁ ၁၅:၅၈။