အခန်း တစ်
မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်ဟူ၍ ရှိပါသလော
၁။ လူ့ဘောင်အဖွဲ့အစည်းတွင် ကြံ့ခိုင်သန်စွမ်းသောမိသားစုများရှိရန် အဘယ်ကြောင့်အရေးကြီးသနည်း။
မိသားစုသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးသော ဖွဲ့စည်းမှုအစဉ်အလာတစ်ရပ်ဖြစ်သည့်အပြင် လူ့ဘောင်အဖွဲ့အစည်း၌ မရှိမဖြစ်အရေးပါသောအခန်းကဏ္ဍတစ်ခုကို ယူထားပါသည်။ သမိုင်းစဉ်တစ်လျှောက်တွင် ကြံ့ခိုင်သန်စွမ်းသောမိသားစုများက ကြံ့ခိုင်သန်စွမ်းသောလူ့အဖွဲ့အစည်းများ ဖြစ်ထွန်းလေအောင် ပံ့ပိုးခဲ့ကြပြီဖြစ်သည်။ မိသားစုသည် ကလေးသူငယ်များအား လူကြီးအဖြစ်သို့ ရင့်ကျက်လာအောင် မွေးမြူပျိုးထောင်ရေးအတွက် အကောင်းဆုံးသောအစီအစဉ်လည်း ဖြစ်ပေသည်။
၂-၅။ (က) ပျော်ရွှင်သည့်မိသားစုတွင် ကလေးတစ်ယောက်ခံစားရသည့် လုံခြုံမှုအကြောင်းဖော်ပြပါ။ (ခ) သတင်းများအရ အချို့မိသားစုများတွင် အဘယ်ပြဿနာများရှိသနည်း။
၂ ပျော်ရွှင်သောမိသားစုသည် ဘေးကင်းလုံခြုံမှုအတိပြီးသော ခိုနားရာရိပ်မြုံပေတည်း။ စံပြမိသားစုတစ်ခုကို ယခုပင်စိတ်ကူးဖြင့်ပုံဖော်ကြည့်ပါလေ။ သူတို့၏ညစာစားချိန်တွင် ဂရုစိုက်တတ်သောမိဘတို့သည် ကလေးများနှင့်အတူထိုင်ကာ နေ့ခင်းချိန်ကဖြစ်ရပ်များကို ပြန်လည်ပြောဆိုကြသည်။ ကလေးများကလည်း ကျောင်းတွင်ဖြစ်ပျက်ခဲ့သည်များကို မိဘတို့အား အားတက်သရော ပြန်၍ဖောက်သည်ချကြသည်။ စိတ်ဖြေကိုယ်လျှော့ အတူအသုံးပြုသည့်ထိုအချိန်နာရီက အပြင်လောကတွင်ကုန်လွန်စေမည့် နောက်တစ်ရက်တာအတွက် ယောက်တိုင်းအား အားသစ်လန်းစေသည်။
၃ ဖျားနာပါက မိဘတို့သည် မိမိအားအရေးတယူ ဂရုစိုက်ကြမည်ဖြစ်ကြောင်း၊ လိုအပ်ပါက မိမိခုတင်ဘေးတွင် ညလုံးပေါက် တစ်ယောက်တစ်လှည့် ပြုစုကြည့်ရှုကြမည်ဖြစ်ကြောင်း ပျော်ရွှင်သောမိသားစုအတွင်းရှိ ကလေးငယ်တစ်ဦးကသိသည်။ မိမိ၏သက်ငယ်ပြဿနာရပ်များကို မိဘနှစ်ပါးထံ အချိန်မရွေးတင်ပြနိုင်ပြီး အကြံဉာဏ်နှင့်ထောက်မမှုကို ရယူနိုင်ကြောင်းသိထားသည်။ မှန်ပါသည်၊ အပြင်လောကတွင် မည်မျှပင်ဒုက္ခပင်လယ်ဝေနေပါစေ ထိုကလေးငယ်အနေဖြင့် စိတ်လုံခြုံမှုကို ခံစားရပေသည်။
၄ ထုံးစံအတိုင်းပင်၊ ကလေးများသည် အချိန်တန်အရွယ်ရောက်လာသောအခါ အိမ်ထောင်ပြုကာ တစ်အိုးတစ်အိမ်ထူထောင်လေ့ရှိကြသည်။ “မိဘကျေးဇူးမည်မျှကြီးမားသည်ကို လူတစ်ဦးသည် ကိုယ်တိုင်ကလေးရလာသောအခါ သဘောပေါက်တတ်သည်” ဟုအရှေ့တိုင်းစကားပုံတစ်ခုကဆိုသည်။ လူကြီးဖြစ်လာသောထိုကလေးများသည် နက်ရှိုင်းသောမေတ္တာနှင့်ကျေးဇူးသိတတ်မှုတို့ဖြင့် မိမိတို့၏ကိုယ်ပိုင်မိသားစုပျော်ရွှင်ရေးအတွက် တစ်ဖက်ကကြိုးစားရင်း ယခုအိုမင်းမစွမ်းဖြစ်လာပြီဖြစ်သော သူတို့၏မိဘတို့ကိုလည်း ကြည့်ရှုစောင့်ရှောက်ကြသည်။ မိဘအိုနှစ်ပါးတို့ကလည်း မြေးတစ်သိုက်နှင့်နေရသည်ကို နှစ်ခြိုက်ကြသည်။
၅ ဤနေရာ၌ သင့်အနေဖြင့် “ကောင်းပါပြီ၊ ကျုပ်ရဲ့မိသားစုကို ကျုပ်ချစ်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့က အခုပြောတဲ့ဟာမျိုးမဟုတ်ဘူး။ ကျုပ်တို့လင်မယားက အချိန်ဇယားတစ်မျိုးစီနဲ့ အလုပ်လုပ်ကြရပြီး တစ်ယောက်ကိုတစ်ယောက် တွေ့ခဲကြတယ်။ တွေ့ရင်လည်း ငွေရေးကြေးရေးကိစ္စလောက်ပဲ အများအားဖြင့်ပြောကြတယ်” ဟုစိတ်ထဲတွင်ဆိုပေမည်။ သို့မဟုတ်၊ “ကျုပ်ရဲ့သားသမီးနဲ့မြေးတွေက တခြားမြို့မှာနေထိုင်ကြတယ်။ သူတို့ကို ကျုပ်ဘယ်တော့မှသွားမတွေ့ ဖြစ်ဘူး” ဟုအသင်ဆိုသလော။ မှန်ပါသည်၊ အစိုးမရတတ်သော အကြောင်းတရားများကြောင့် မိသားစုဘဝအတော်များများ စိတ်တိုင်းကျပျော်ရွှင်မှု မခံစားကြရပါ။ သို့ဖြစ်လင့်ကစား အချို့သောမိသားစုတို့မှာ ပျော်ရွှင်ကြသည်သာဖြစ်သည်။ မည်သို့သောနည်းအားဖြင့်နည်း။ မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်ဟူ၍ ရှိပါသလော။ အဖြေမှာ ရှိပါသည်ဟူ၍သာ။ သို့သော်၊ ဤအချက်ကိုမသုံးသပ်မီ အရေးကြီးသောမေးခွန်းတစ်ခုကို ကျွန်ုပ်တို့ဖြေဆိုရန်လိုအပ်ပါသည်။
မိသားစုဆိုသည်မှာ အဘယ်နည်း
၆။ အဘယ်မိသားစုအမျိုးအစားများအကြောင်းကို ဤစာအုပ်တွင် ဆွေးနွေးသွားမည်နည်း။
၆ အနောက်နိုင်ငံများ၌ မိသားစုအများတွင် ဖခင်၊ မိခင်နှင့် သားသမီးများသာပါဝင်ကြသည်။ အဖိုးအဖွားဖြစ်သူတို့သည် ကိုယ့်အိမ်ထောင်နှင့်ကိုယ် နေနိုင်သမျှ သတ်သတ်နေထိုင်ကြသည်။ ရပ်ဝေးမှဆွေမျိုးသားချင်းများနှင့် အဆက်အသွယ်မပြတ်ရှိကြသော်လည်း ထိုသူတို့အပေါ်တင်ရှိသော တာဝန်များမှာ ကန့်သတ်ချက်ရှိပေသည်။ ဤစာအုပ်တွင် ဤကဲ့သို့သောမိသားစုမျိုးအကြောင်းကို အဓိကထားဆွေးနွေးသွားပါမည်။ သို့သော် မကြာမီနှစ်များအတွင်း အခြားပုံသဏ္ဌာန်များဖြင့်တည်ရှိသော မိသားစုများ—မိမစုံဖမစုံမိသားစု၊ မိထွေးပထွေးမိသားစုနှင့် အကြောင်းတစ်ခုမဟုတ်တစ်ခုကြောင့် မိဘနှစ်ပါးအတူမနေသည့်မိသားစု—မှာ များပြားသည်ထက် များပြားလာသည်။
၇။ သားချင်းမိသားစုဆိုသည်မှာ အဘယ်နည်း။
၇ အချို့သောယဉ်ကျေးမှုများ၌ သားချင်းမိသားစုကို အများအားဖြင့်တွေ့မြင်ရသည်။ ဤသို့သောအစီအစဉ်မျိုး၌ ဖြစ်နိုင်သည်ရှိသော် အဖိုးအဖွားဖြစ်သူတို့ကို သားသမီးများက ကြည့်ရှုစောင့်ရှောက်ပေးနေကျဖြစ်ပြီး ဆွေနီးမျိုးစပ်များနှင့် ရင်းနှီးစွာဆက်ဆံကြသည့်အပြင် သူတို့အတွက်လည်း အထိုက်အလျောက်တာဝန်ယူကြသည်။ သာဓကအနေဖြင့် တူ၊ တူမများ၊ သို့မဟုတ် သွေးဝေးသောဆွေမျိုးများကို ထောက်ပံ့ကျွေးမွေးစောင့်ရှောက်သည့်အပြင် ပညာရေးအတွက်ပင် ငွေကြေးထောက်ပံ့ကြသည်။ ဤစာအုပ်တွင် ဆွေးနွေးတင်ပြမည့်မူများသည် သားချင်းမိသားစုများနှင့်လည်း သက်ဆိုင်ပေသည်။
ဖိစီးမှုဒဏ်ခံနေရသည့် မိသားစု
၈၊ ၉။ အချို့နိုင်ငံများ၌ရှိသော အဘယ်ပြဿနာများက မိသားစုသည် ပြောင်းလဲလျက်ရှိကြောင်း ပြသသနည်း။
၈ ယနေ့မိသားစုသည် ပြောင်းလဲလျက်ရှိသည်။ သို့သော် ဝမ်းနည်းစရာမှာ အကောင်းဘက်သို့ပြောင်းလဲခြင်းမဟုတ်ပါ။ သာဓကတစ်ခုကို အိန္ဒိယနိုင်ငံတွင်တွေ့နိုင်သည်။ အိန္ဒိယနိုင်ငံတွင် ဇနီးသည်တစ်ဦးသည် လင်သားဖြစ်သူ၏မိသားစုနှင့်အတူနေထိုင်၍ လင်ဘက်မှဆွေမျိုးများ၏ ညွှန်ကြားမှုအောက်တွင် အိမ်အလုပ်ကိုလုပ်ရသည်။ သို့သော်၊ ယခုအခါတွင် အိန္ဒိယအိမ်ထောင်ရှင်မများ အိမ်ပြင်ထွက်အလုပ်လုပ်ခြင်းသည် သာမန်ကိစ္စဖြစ်လာလေပြီ။ သို့သော်လည်း အစဉ်အလာရှိသည့်အိမ်မှုကိစ္စများကိုမူ ကျေပွန်ရန်သူတို့ထံမှ မျှော်လင့်နေကြဆဲ ရှိပုံရသည်။ နိုင်ငံများစွာတွင် ပေါ်ပေါက်လာသည့်မေးခွန်းမှာ ကျန်မိသားစုဝင်များနှင့်စာလျှင် အပြင်ထွက်အလုပ်လုပ်ရသည့်အမျိုးသမီးတစ်ဦးထံမှ အိမ်အလုပ်မည်မျှလုပ်ကိုင်ရန် မျှော်လင့်သင့်သနည်း ဟူ၍ဖြစ်သည်။
၉ အရှေ့တိုင်း လူ့ဘောင်အဖွဲ့အစည်းများတွင် အစဉ်အလာအရ သားချင်းမိသားစုနှောင်ကြိုးသည် ခိုင်မြဲလေ့ရှိသည်။ သို့ရာတွင် အနောက်တိုင်းတစ်ဦးချင်းသီးခြားရပ်တည်မှုဝါဒ၏ လွှမ်းမိုးမှုနှင့် စီးပွားရေးဖိစီးမှုပြဿနာများကြောင့် အစဉ်အလာရှိခဲ့သည့် သားချင်းမိသားစုသည် ချိနဲ့အားနည်းလာသည်။ သို့နှင့်၊ အသက်ကြီးသောမိသားစုဝင်များကို ကြည့်ရှုစောင့်ရှောက်ရခြင်းကို အများသောသူတို့က တာဝန်တစ်ခု၊ အခွင့်အရေးတစ်ခုအဖြစ် မယူမှတ်တော့ဘဲ ဝန်ထုပ်တစ်ခုအဖြစ် သဘောထားလာကြသည်။ အချို့သောမိအိုဖအိုများသည် အကြင်နာမဲ့စွာဆက်ဆံခံရကြသည်။ မှန်ပါသည်၊ သက်ကြီးရွယ်အိုများကို အကြင်နာမဲ့စွာဆက်ဆံခြင်း၊ ပစ်ပယ်ခြင်းကို နိုင်ငံများစွာ၌ ယနေ့တွေ့မြင်ရသည်။
၁၀၊ ၁၁။ ဥရောပနိုင်ငံများ၌ မိသားစုသည် ပြောင်းလဲလျက်ရှိကြောင်း အဘယ်အချက်များက ပြသသနည်း။
၁၀ လင်မယားကွာရှင်းမှုသည် တစ်နေ့တခြားများပြားလာသည်။ ဤနှစ်ဆယ်ရာစု၏ နောက်ဆုံးဆယ်စုနှစ်အစပိုင်း၌ စပိန်နိုင်ငံတွင် လင်မယားကွာရှင်းမှုနှုန်းသည် မင်္ဂလာဆောင်မှု ၈ ခုတွင် ၁ ခုအထိမြင့်တက်လာရာ လွန်ခဲ့သော ၂၅ နှစ်က ၁၀၀ တွင် ၁ ခုသာရှိသဖြင့် ရုတ်တရက် ခုန်တက်မှုကြီးပင်ဖြစ်သည်။ ဥရောပတွင် လင်မယားကွာရှင်းမှုနှုန်း အမြင့်ဆုံးဟုဆိုသော ဗြိတိန်နိုင်ငံ (မင်္ဂလာဆောင်မှု ၁၀ ခုတွင် ၄ ခုသည် ကွာရှင်းမှုဖြင့်အဆုံးသတ်ဖို့ရှိသည်) တွင် မိမစုံဖမစုံ မိသားစုဦးရေ တစ်မုဟုတ်ချင်းတိုးပွားလာသည်ကို တွေ့မြင်ရသည်။
၁၁ ဂျာမနီနိုင်ငံတွင် များစွာသောသူတို့သည် အစဉ်အလာမိသားစုကို လုံးဝစွန့်ပယ်လိုက်ပုံရသည်။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဂျာမန်အိမ်ထောင်စုအားလုံး၏ ၃၅ ရာခိုင်နှုန်းမှာ တစ်ကိုယ်တည်းနေထိုင်သော အိမ်ထောင်စုဖြစ်ပြီး အခြား ၃၁ ရာခိုင်နှုန်းမှာ လူနှစ်ယောက်သာရှိသော အိမ်ထောင်စုများဖြစ်ကြသည်။ ပြင်သစ်လူမျိုးများလည်း မင်္ဂလာဆောင်ခြင်းနည်းပါးလာပြီး မင်္ဂလာဆောင်ထားသူများမှာလည်း ယခင်ကထက်ပို၍ လင်မယားကွာရှင်းလာကြသည့်ပြင် ယခင်ကထက်လည်း ပို၍စောစောကွာရှင်းလာကြသည်။ အိမ်ထောင်တာဝန်မယူဘဲ နှစ်ဦးသဘောတူပေါင်းသင်းသူဦးရေမှာ တစ်နေ့တခြားများပြားလာသည်။ ကမ္ဘာတစ်ဝန်းတွင် ဆင်တူသောရေစီးကြောင်းများကို တွေ့မြင်ရသည်။
၁၂။ ခေတ်သစ်မိသားစုပြောင်းလဲမှုများကြောင့် ကလေးသူငယ်များ မည်သို့ဒုက္ခရောက်ရကြသနည်း။
၁၂ သားသမီးများ မည်သို့ဖြစ်ကြသနည်း။ အမေရိကန်ပြည်ထောင်စုနှင့် အခြားတိုင်းပြည်များစွာ၌ လက်ထပ်ထိမ်းမြားခြင်းမရှိသူများမှ မွေးဖွားလာသည့်ကလေးဦးရေ များသည်ထက်များလာသည်။ အချို့ကလေးများမှာ ဆယ်ကျော်သက်ရွယ်ကလေးများမှ မွေးဖွားသူများဖြစ်ကြသည်။ ဆယ်ကျော်သက်ရွယ်မိန်းကလေးအများ၌ ဖအေမတူသောကလေးများစွာရှိကြသည်။ အိုးမဲ့အိမ်မဲ့ကလေးသူငယ် သန်းပေါင်းများစွာသည် လမ်းမများတွင် လေလွင့်ကျက်စားနေကြကြောင်း၊ မတော်မတရားပြုကျင့်သည့်အိမ်များမှ ထွက်ပြေးနေကြကြောင်း၊ မကျွေးမွေးနိုင်သည့်မိသားစုများမှ နှင်ချခံနေရကြောင်း ကမ္ဘာတစ်ဝန်းမှရရှိသောသတင်းများအရ သိရှိရသည်။
၁၃။ အနှံ့အပြားဖြစ်ပွားနေသည့် အဘယ်ပြဿနာများက မိသားစုများ၏ပျော်ရွှင်ချမ်းမြေ့မှုကို ပျက်ပြားစေသနည်း။
၁၃ မှန်ပါသည်၊ မိသားစုသည် အကျပ်အတည်းဆိုက်နေသည်။ အထက်တွင်ဖော်ပြသည့်အချက်များအပြင် ဆယ်ကျော်သက်ပုန်ကန်မှု၊ ကလေးများကို မတော်မတရားပြုကျင့်မှု၊ လင်မယားအကြမ်းဖက်မှု၊ အရက်နာကျမှုနှင့် အခြားအခြားသောပြဿနာများက မိသားစုများစွာ၏ပျော်ရွှင်ချမ်းမြေ့မှုကို ပျက်ပြားစေသည်။ ကလေးသူငယ်နှင့်လူကြီးများစွာအဖို့ မိသားစုဆိုသည်မှာ အေးငြိမ်းရာအရပ် လုံးဝမဟုတ်ပါလေ။
၁၄။ (က) အချို့သူများ၏အဆိုအရ မိသားစုအကျပ်အတည်းဖြစ်ပွားရသည့် အကြောင်းတရားများကား အဘယ်နည်း။ (ခ) ယနေ့ကမ္ဘာအကြောင်းကို ပထမရာစုမှရှေ့နေတစ်ဦးက မည်သို့ဖော်ပြခဲ့သနည်း။ သူ၏စကားများပြည့်စုံခြင်းက မိသားစုဘဝအပေါ် အဘယ်အကျိုးအပြစ်သက်ရောက်သနည်း။
၁၄ မိသားစုအကျပ်အတည်း အဘယ်ကြောင့်ရှိရသနည်း။ အချို့က မျက်မှောက်ခေတ် မိသားစုအကျပ်အတည်းသည် အမျိုးသမီးများ လုပ်ငန်းခွင်ဝင်ခြင်းကြောင့်ဟု အပြစ်ဆိုကြသည်။ အခြားသူတို့ကမူ ယခုခေတ် ကိုယ်ကျင့်တရားပျက်စီးယိုယွင်းမှုကြောင့်ဟု ထောက်ပြကြသည်။ အခြားအခြားသော အကြောင်းတရားများကိုလည်း ကိုးကားပြဆိုကြသည်။ လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်နီးပါးက ထင်ရှားသောရှေ့နေတစ်ဦးက မိသားစုကိုဒုက္ခပေးနှိပ်စက်မည့် ဖိအားများစွာအကြောင်းကို ကြိုဟောခဲ့သည်။ ဤသို့ရေးသားခဲ့၏– “နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟုသိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ” ဖြစ်ကြလိမ့်မည်။ (၂ တိမောသေ ၃:၁-၄) ဤစကားများ ယနေ့ပြည့်စုံလျက်ရှိကြောင်း မည်သူသံသယဖြစ်မည်နည်း။ ဤသို့သော ကမ္ဘာ့အခြေအနေမျိုးတွင် မိသားစုအများ အကျပ်အတည်းဆိုက်နေရသည်မှာ ထူးဆန်းပါသလော။
မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
၁၅-၁၇။ ဤစာအုပ်တွင် မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက် ပါရှိသောအရာအဖြစ် အဘယ်အခွင့်အာဏာကို ညွှန်ပြမည်နည်း။
၁၅ မိသားစုပျော်ရွှင်မှုရယူရေးနှင့်ပတ်သက်၍ အဘက်ဘက်မှ အကြံဉာဏ်ပေးကြသည်။ အနောက်တိုင်းတွင် အဆုံးအစမရှိသော ကိုယ်ထူကိုယ်ထပြဿနာဖြေရှင်းနည်း စာအုပ်နှင့်မဂ္ဂဇင်းများက အကြံဉာဏ်အမျိုးမျိုးပေးကြသည်။ ပြဿနာမှာ အကြံပေးပုဂ္ဂိုလ်များအချင်းချင်း သဘောထားဆန့်ကျင်ကွဲလွဲကြသည့်အပြင် ယနေ့ခေတ်စားသောအကြံဉာဏ်သည် နောက်တစ်နေ့တွင် အသုံးမတည့်ဖြစ်သွားတတ်ခြင်းပင်တည်း။
၁၆ သို့ဖြစ်လျှင် ယုံကြည်စိတ်ချရသော မိသားစုလမ်းညွှန်ကို အဘယ်မှရနိုင်မည်နည်း။ လွန်ခဲ့သောနှစ်ပေါင်း ၁,၉၀၀ ခန့်ကရေးသားပြီးစီးသည့်စာအုပ်ကို သင်အားထားမည်လော။ သို့မဟုတ် ဤသို့သောစာအုပ်မျိုးသည် လုံးဝရစရာမရှိအောင် ခေတ်နောက်ကျမည်ဟု သင်ယူမှတ်မည်လော။ အမှန်ဆိုရလျှင် မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်အစစ်အမှန်ကို ထိုစာအုပ်၌ပင်တွေ့ရှိရသည်။
၁၇ ၎င်းစာအုပ်မှာ သမ္မာကျမ်းစာဖြစ်သည်။ ဤစာအုပ်ကို ဘုရားသခင်ကိုယ်တော်တိုင် မှုတ်သွင်းတော်မူကြောင်း သက်သေသာဓကအရပ်ရပ်က ထောက်ခံသည်။ သမ္မာကျမ်းစာတွင် အောက်ပါဖော်ပြချက်ကိုတွေ့ရှိနိုင်သည်– “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍၊ . . . ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကို ပြုတတ်၏။” (၂ တိမောသေ ၃:၁၆၊ ၁၇) ယနေ့ မိသားစုများရင်ဆိုင်နေရသည့် ဖိစီးမှုဒဏ်များနှင့် ပြဿနာများကိုကိုင်တွယ်ရာ၌ ‘ဖြောင့်မတ်စွာပြုပြင်’ ရန် သမ္မာကျမ်းစာက မည်သို့ကူညီပေးနိုင်ကြောင်း စဉ်းစားသုံးသပ်ကြည့်ပါရန် ဤစာအုပ်တွင် သင့်အားကျွန်ုပ်တို့ အားပေးသွားပါမည်။
၁၈။ အိမ်ထောင်ရေးအကြံပေးအခွင့်အာဏာအဖြစ် ကျမ်းစာကိုလက်ခံခြင်းသည် အဘယ်ကြောင့် ကျိုးကြောင်းဆီလျော်သနည်း။
၁၈ မိသားစုပျော်ရွှင်ချမ်းမြေ့ရေးအတွက် သမ္မာကျမ်းစာအကူအညီပေးနိုင်သည်ကို ယုံကြည်လက်ခံရခက်နေမည်ဆိုလျှင် ဤအချက်ကိုစဉ်းစားကြည့်လိုက်ပါ– ကျမ်းစာကိုမှုတ်သွင်းတော်မူသောအရှင်သည် အိမ်ထောင်အစီအစဉ်ကို စတင်ဖန်တီးတော်မူသောအရှင်ပင်ဖြစ်သည်။ (ကမ္ဘာဦး ၂:၁၈-၂၅) ကိုယ်တော်၏နာမတော်ကား ယေဟောဝါဖြစ်ကြောင်း သမ္မာကျမ်းစာကဆို၏။ (ဆာလံ ၈၃:၁၈၊ ကဘ) ကိုယ်တော်သည် ဖန်ဆင်းရှင်ဖြစ်သည့်အပြင် ‘မိသားစုတိုင်းကို နာမည်ပေးသော ခမည်းတော်’ လည်းဖြစ်တော်မူ၏။ (ဧဖက် ၃:၁၄၊ ၁၅) ယေဟောဝါသည် လူသားတို့၏အစဦးကတည်းက မိသားစုဘဝကို စိတ်ဝင်စားစွာ စောင့်ကြည့်တော်မူခဲ့သည်။ ပေါ်လာနိုင်သည့်ပြဿနာများကို ကိုယ်တော်သိတော်မူသည့်အပြင် ၎င်းတို့ကိုဖြေရှင်းနိုင်သည့် အကြံဉာဏ်ကိုလည်းပေးထားတော်မူ၏။ သမိုင်းတစ်လျှောက်အတွင်း ကျမ်းစာမူများကို မိမိတို့၏မိသားစုဘဝတွင် အမှန်တကယ် လက်တွေ့လိုက်နာကျင့်သုံးသူတို့၏မိသားစုသည် ပို၍ချမ်းမြေ့ပျော်ရွှင်ကြသည်။
၁၉-၂၁။ အိမ်ထောင်ရေးပြဿနာများကို ကျမ်းစာကဖြေရှင်းပေးနိုင်စွမ်းရှိကြောင်း အဘယ်ခေတ်သစ်တွေ့ကြုံမှုများက ပြသသနည်း။
၁၉ သာဓကအားဖြင့် အင်ဒိုနီးရှားနိုင်ငံမှ အိမ်ထောင်ရှင်မတစ်ဦးသည် ဖဲချိုးတစ်ဦးဖြစ်သည်။ သူသည် သားသမီးများကိုဂရုမစိုက်ဘဲ နှစ်များစွာပစ်ထားသည်မက လင်သားဖြစ်သူနှင့်လည်း မကြာခဏ စကားများသည်။ နောက်ပိုင်းတွင် ကျမ်းစာကိုစ၍သင်အံလေ့လာသည်။ တဖြည်းဖြည်းနှင့် ကျမ်းစာမှဆုံးမစကားများကို ယုံကြည်လက်ခံလာသည်။ ၎င်းတို့ကို လက်တွေ့ကျင့်သုံးလာသည့်အခါ သာ၍ကောင်းသောဇနီးသည်တစ်ဦး ဖြစ်လာသည်။ ကျမ်းစာမူအတိုင်း သူ၏ကြိုးစားအားထုတ်မှုများသည် မိသားတစ်စုလုံးအဖို့ ပျော်ရွှင်ချမ်းမြေ့မှု ဖြစ်ထွန်းစေသည်။
၂၀ စပိန်နိုင်ငံမှ အိမ်ထောင်ရှင်မတစ်ဦးက “ကျွန်မတို့ရဲ့အိမ်ထောင်သက် တစ်နှစ်ပဲရှိသေးတယ်၊ ပြဿနာအကြီးအကျယ် စပြီးတက်တော့တာပဲ” ဟုဆိုသည်။ သူနှင့် သူ၏ခင်ပွန်းတို့သည် အသွင်တူသည့်အချက် နည်းပါးလှသည်။ စကားများသည့်အခါမှလွဲလျှင် စကားသိပ်မပြောကြချေ။ လူမမည်သမီးလေးတစ်ယောက် ရှိစေကာမူ တရားဝင်ခွဲနေရန် သူတို့ဆုံးဖြတ်လိုက်ကြသည်။ သို့သော် ထိုသို့ခွဲမနေမီ ကျမ်းစာကိုလေ့လာကြည့်ရန် သူတို့အားပေးခံရသည်။ အိမ်ထောင်သည်အမျိုးသားနှင့် အမျိုးသမီးများအတွက် ကျမ်းစာပေးထားသည့်ဆုံးမစကားကိုလေ့လာ၍ လက်တွေ့စတင်ကျင့်သုံးကြသည်။ များမကြာမီ သူတို့သည် အေးအေးဆေးဆေးနှင့် စကားပြောလာနိုင်ကြပြီး သူတို့၏မိသားစုလေးမှာလည်း စည်းလုံးပျော်ရွှင်လာသည်။
၂၁ ကျမ်းစာသည် အသက်ကြီးသူများကိုလည်း အကူအညီပေးသည်။ သာဓကအားဖြင့် ဂျပန်ဇနီးမောင်နှံတစ်စုံ၏အတွေ့အကြုံကို သုံးသပ်ကြည့်ပါ။ လင်ယောက်ျားဖြစ်သူသည် စိတ်တိုသည့်အပြင် တစ်ခါတစ်ရံတွင် ပြင်းပြင်းထန်ထန်ပေါက်ကွဲတတ်သည်။ ပထမတွင်၊ ထိုမောင်နှံ၏သမီးဖြစ်သူများက မိဘတို့ဆန့်ကျင်သည့်ကြားမှ ကျမ်းစာကိုစ၍သင်ကြသည်။ ထို့နောက် ယောက်ျားဖြစ်သူက သမီးများနှင့်အတူ ကျမ်းစာသင်လာသည်။ သို့သော် ဇနီးဖြစ်သူက ဆက်လက်၍ဆန့်ကျင်သည်။ သို့သော်လည်း နှစ်အတန်ကြာပြီးနောက် မိသားစုအပေါ် ကျမ်းစာမူများ၏ ကောင်းကျိုးသက်ရောက်မှုကို သူမသတိပြုမိလာသည်။ သမီးဖြစ်သူတို့သည် သူ့ကို ကောင်းစွာပြုစုစောင့်ရှောက်ပြီး ယောက်ျားဖြစ်သူသည်လည်း များစွာနူးညံ့သိမ်မွေ့လာသည်။ ထိုပြောင်းလဲမှုများကြောင့် ၎င်းအမျိုးသမီးကလည်း ကျမ်းစာကိုလေ့လာခဲ့ရာ အလားတူကောင်းကျိုးမျိုး သက်ရောက်ခဲ့သည်။ “ကျွန်မတို့ဟာ တကယ့်လင်မယားစစ်စစ် ဖြစ်လာပါတယ်” ဟူ၍ အသက်ကြီးသော ထိုအမျိုးသမီးက ထပ်ခါထပ်ခါပြောရှာသည်။
၂၂၊ ၂၃။ တိုင်းနိုင်ငံအသီးသီးမှလူတို့ကို မိသားစုဘဝတွင် ချမ်းမြေ့ပျော်ရွှင်မှုရရှိခံစားနိုင်အောင် ကျမ်းစာက အဘယ်သို့ကူညီပေးသနည်း။
၂၂ ဤသူတို့သည် မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်ကို သိရှိလာကြသူအမြောက်အမြားတွင် ပါဝင်ကြသည်။ သူတို့သည် ကျမ်းစာ၏ဆုံးမစကားကိုလက်ခံ၍ လက်တွေ့လိုက်နာကျင့်သုံးကြသည်။ သူတို့သည် အကြမ်းဖက်မှု၊ ကိုယ်ကျင့်တရားပျက်ပြားမှု၊ စီးပွားရေးကျပ်တည်းမှုနှင့်ပြည့်နေသော ဤလောက၌ အများနည်းတူ နေထိုင်လျက်ပင်ရှိကြသည်။ ထို့ပြင်၊ သူတို့သည် မစုံလင်ကြပါ။ သို့သော်လည်း မိသားစုအစီအစဉ်ကို တီထွင်ဖန်တီးတော်မူသောအရှင်၏ အလိုတော်ကိုဆောင်ရန်ကြိုးပမ်းရာ၌ ပျော်ရွှင်မှုကို သူတို့တွေ့ရှိကြသည်။ ကျမ်းစာဆိုသည့်အတိုင်း ယေဟောဝါဘုရားသခင်သည် “သင်တို့ကိုယ်တိုင် အကျိုးကျေးဇူးခံစားရရန် သွန်သင်ပေးသောအရှင်၊ လျှောက်သင့်သောလမ်းအတိုင်း သင်တို့၏ခြေကိုလှမ်းစေသောအရှင်ဖြစ်၏။”—ဟေရှာယ ၄၈:၁၇၊ ကဘ။
၂၃ သမ္မာကျမ်းစာသည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်နီးပါးက ရေးသားပြီးစီးခဲ့ရာဖြစ်သော်လည်း ယင်း၏ဆုံးမစကားသည် နောက်ဆုံးပေါ်ဖြစ်၏။ ၎င်းပြင်၊ လူ အပေါင်း အတွက်ရေးသားရာလည်းဖြစ်ပေသည်။ သမ္မာကျမ်းစာသည် အမေရိကန်စာအုပ် သို့မဟုတ် အနောက်တိုင်းစာအုပ် မဟုတ်ပါ။ ယေဟောဝါသည် “လူတစ်ယောက်အားဖြင့် လူမျိုးအားလုံးကို ဖြစ်ပွားစေတော်မူ” သောကြောင့် နေရာဒေသတိုင်းရှိ လူသားများ၏တည်ဆောက်ဖွဲ့စည်းပုံကို သိတော်မူ၏။ (တမန်တော် ၁၇:၂၆) ကျမ်းစာမူများသည် လူတိုင်းအတွက် လက်တွေ့အသုံးဝင်သည်။ ၎င်းတို့ကို လက်တွေ့ကျင့်သုံးလျှင် သင်လည်း မိသားစုပျော်ရွှင်ချမ်းမြေ့မှု၏ လျှို့ဝှက်ချက်ကိုသိရှိပေမည်။