မိသားစုဘဝကို မွေ့လျော်ခြင်း
မိသားစုများ အမှန်ပျော်ရွှင် နိုင်မည်လော
ယင်းသည် မည်သို့ ဖြစ်နိုင်မည်နည်း
ဤဝေစာတွင် တွေ့မြင်ရသောမိသားစုများလောက် စည်းလုံးပျော်ရွှင်သောမိသားစုများကို သင်သိသလော။ နေရာတိုင်းတွင် မိသားစုများသည် အစိတ်စိတ်အမြွှာမြွှာပြိုကွဲနေကြသည်။ လင်မယားကွာရှင်းခြင်း၊ အလုပ်အကိုင်အာမခံချက်မရှိခြင်း၊ ဖော်မစုံမိဘအဖြစ်အကြပ်အတည်းများ၊ စိတ်ဓာတ်ကျဆင်းမှုများ—ဤအရာအားလုံးတို့သည် အရေးပေါ်အခြေအနေ၌ရှိနေကြသည်။ မိသားစုဘဝနှင့်ပတ်သက်၍ ကျွမ်းကျင်သူတစ်ဦးက “ယခုမှစ၍ မိသားစုဘဝ၏နိဂုံးကိုကြိုတင်မြင်ခြင်းသည် လူတိုင်းအတွက်မဆန်းတော့ပါ” ဟုမြည်တမ်းခဲ့သည်။
ယနေ့မိသားစုများသည် အဘယ့်ကြောင့် ဤမျှကြီးလေးသည့်ပြဿနာများ၏ ဝိုင်းဝန်းဖိစီးမှုကို ခံနေကြရသနည်း။ မိသားစုဘဝကို ကျွန်ုပ်တို့မည်သို့မွေ့လျော်နိုင်သနည်း။
မိသားစုမည်သို့အစပြုခဲ့ပုံ
ဤမေးခွန်းများကိုဖြေဆိုနိုင်ရန် အိမ်ထောင်ပြုခြင်းနှင့်မိသားစု၏မူလအစကို ကျွန်ုပ်တို့သိရန်လိုသည်။ အကြောင်းမှာ ယင်းတို့ကိုအစပြုသူ—ဖန်ဆင်းရှင်တစ်ပါး—ရှိမည်ဆိုလျှင် မိသားစုဘဝကို ကျွန်ုပ်တို့အပြည့်အဝမွေ့လျော်နိုင်သည့်အကောင်းဆုံးနည်းကို ကိုယ်တော်သိရှိမည်ဖြစ်ရာ မိသားစုအဝင်တို့သည် လမ်းညွှန်မှုအတွက်ကိုယ်တော့်ကိုမျှော်လင့်သင့်သည်။ စိတ်ဝင်စားဖွယ်ကား မိသားစုအစီအစဉ်ကိုအစပြုသူမရှိဟု လူအများယုံကြည်ကြခြင်းပင်ဖြစ်သည်။ The Encyclopedia Americana က “အချို့ပညာရှင်များသည် အိမ်ထောင်ပြုခြင်းကို လူထက်နိမ့်ကျသောတိရစ္ဆာန်များမိတ်ဖက်သည့်အစီအစဉ်မှ ခြေရာကောက်ရန်ကြိုးစားကြသည်” ဟုဖော်ပြထားသည်။ သို့သော်ယေရှုခရစ်က လူယောက်ျားနှင့်လူမိန်းမတို့အား ဖန်ဆင်းခဲ့ပုံ ကိုပြောခဲ့သည်။ ရှေးကျမ်းမှတ်တမ်းကိုအာဏာပိုင်အဖြစ်ကိုးကားပြီး ကိုယ်တော်ဤသို့ပြောခဲ့သည်။ “ဘုရားသခင်ဖက်စပ်၍ထမ်းပိုးတင်တော်မူသောအရာကို လူမခွဲမခွာစေနှင့်။”—မဿဲ ၁၉:၄-၆။
ထို့ကြောင့် ယေရှုပြောသည်မှာမှန်သည်။ ဉာဏ်ပညာနှင့်ပြည့်စုံတော်မူသောဘုရားတစ်ဆူသည် ကနဦးလူသားများကိုဖန်ဆင်းခဲ့ပြီး ပျော်ရွှင်သည့်မိသားစုဘဝကိုစီစဉ်တော်မူခဲ့သည်။ ကနဦးမောင်နှံကို ဘုရားသခင်လက်ဆက်ပေးခဲ့ပြီး လူယောက်ျားအား ‘ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်တစ်သားတစ်ကိုယ်တည်းဖြစ်ရမည်’ ဟုမိန့်တော်မူခဲ့သည်။ (ကမ္ဘာဦး ၂:၂၂-၂၄) ဖန်ဆင်းရှင်က မိမိ၏နှုတ်ကပါဌ်တော်သမ္မာကျမ်းစာတွင် ချမှတ်ခဲ့သည့်စံချိန်များကို ချိုးဖောက်သည့်ဘဝပုံစံများကိုလိုက်စားခြင်းကြောင့် ယနေ့မိသားစုပြဿနာများခြင်း ဖြစ်နိုင်မည်လော။
မည်သည့်နည်းဖြင့်အောင်မြင်နိုင်မည်နည်း
ကိုယ့်အကျိုးကိုသာကြည့်ပြီး ကိုယ့်လိုဘကိုသာဖြည့်တတ်သည့်သဘောများတိုးပွားလာနေသည်ကို အမှန်ပင်သင်သတိထားမိပေမည်။ “လောဘကြီးတာကောင်းတယ်။ လောဘကြီးလျက်နဲ့ ကိုယ့်ကိုယ်ကိုကောင်းတယ်လို့ဆက်လက်ယူမှတ်နေနိုင်တယ်” ဟုအမေရိကန်ပြည်ထောင်စုရှိဘွဲ့ယူနေသောကောလိပ်ကျောင်းသားများကို ဘဏ္ဍာရေးမှူးတစ်ဦးကပြောခဲ့သည်။ သို့သော် ရုပ်ပစ္စည်းများကိုလိုက်စားခြင်းသည် အောင်မြင်ခြင်းသို့မပို့ဆောင်ပါ။ ရုပ်ဝါဒလိုက်စားမှုသည် မိသားစုဘဝအတွက် အကြီးမားဆုံးသောအန္တရာယ်အမှတ်လက္ခဏာတစ်ခုမျှသာဖြစ်သည်။ အကြောင်းမှာ ယင်းသည်လူ့ဆက်ဆံရေးလမ်းကြောင်းများအတွင်းသို့ဝင်ရောက်လာပြီး လူတို့၏အချိန်နှင့်ငွေကိုကုန်ခန်းစေသည်။ ဆန့်ကျင်ဘက်အနေနှင့် သမ္မာကျမ်းစာ၏စကားနှစ်ချက်က ပျော်ရွှင်မှုအတွက်အရေးကြီးသောအရာကို ကျွန်ုပ်တို့သိမြင်ရန်မည်သို့အကူအညီပေးကြောင်း သုံးသပ်ကြည့်ပါ။
“မုန်းတီးမှုဖြင့်အကောင်းဆုံးအသားကိုစားသည်ထက် သင်ချစ်သောသူများနှင့် ဟင်းသီးဟင်းရွက်ကိုစားခြင်းက သာ၍ကောင်း၏။”
“ဒုက္ခပြည့်နေသောအိမ်တွင် ကြီးစွာသောစားပွဲကိုစားရသည်ထက် ငြိမ်းအေးသည့် စိတ်နှလုံးဖြင့် ပေါင်မုန့်အကာသားအခြောက်ကလေးကိုစားရခြင်းသည် သာ၍ကောင်း၏။”
သု၊ ၁၅:၁၇။ ၁၇:၁။ “Today’s English Version.”
မည်မျှတန်ခိုးပါလှပါသည်တကား။ မိသားစုတိုင်း ဤအချက်များကိုဦးစားပေးလိုက်နာပါက ကမ္ဘာကြီးသည် လက်ရှိအခြေအနေနှင့်မည်မျှခြားနားသွားမည်ကို စဉ်းစားကြည့်ပါ။ မိသားစုတွင် တစ်ဦးကိုတစ်ဦးမည်သို့ဆက်ဆံသင့်သည်နှင့်ပတ်သက်၍လည်း သမ္မာကျမ်းစာက တန်ဖိုးရှိလမ်းညွှန်မှုများကိုပေးထားသည်။ လမ်းညွှန်မှုအနည်းငယ်ကို သုံးသပ်ကြည့်ပါ။
လင်ယောက်ျားတို့၊ ‘ မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ရကြမည်။’ —ဧဖက် ၅:၂၈-၃၀။
ရိုးရှင်းသော်လည်း အလွန်လက်တွေ့ကျလေစွ။ ‘သူ၏ဇနီးသည်ကို လေးစားမှုတင်ပြ’ ရန်ကိုလည်း သမ္မာကျမ်းစာက လင်ယောက်ျားအားလမ်းညွှန်ထားသည်။ (၁ ပေတရု ၃:၇၊ ကဘ) ဖြည်းညင်းသိမ်မွေ့ ခြင်း၊ နားလည်ခြင်း၊ အားပေးနှစ်သိမ့်ခြင်းတို့ပါဝင်သော သူမကိုအထူးဂရုပြုစောင့်ရှောက်ခြင်းအားဖြင့် ယင်းကိုသူလုပ်ဆောင်သည်။ သူမ၏ထင်မြင်ချက်များကိုလည်း သူတန်ဖိုးထားပြီးနားထောင်သည်။ (ကမ္ဘာဦး ၂၁:၁၂ နှိုင်းယှဉ်။) လင်ယောက်ျားများသည် မိမိတို့၏ဇနီးသည်များကို မိမိတို့အားဆက်ဆံစေလိုသည့်အတိုင်း စာနာထောက်ထားမှုဖြင့်ဆက်ဆံသည့်မည်သည့်အိမ်ထောင်မဆို အကျိုးကျေးဇူးဖြစ်ထွန်းမည်ကို သင်သဘောမတူပေလော။—မဿဲ ၇:၁၂။
ဇနီးသည်များ၊ ‘ [သင့်] ခင်ပွန်းကိုအလွန်ရိုသေခြင်းရှိလော့။’ —ဧဖက် ၅:၃၃၊ ကဘ။
ဇနီးသည်,သည် မိမိလင်ယောက်ျား၏ကြီးလေးသောတာဝန်ဝတ္တရားများကိုထမ်းဆောင်ရာတွင် ထောက်မပေးခြင်းအားဖြင့် မိသားစုပျော်ရွှင်ရေးကိုဖြစ်စေသည်။ ဇနီးသည်ကို ‘သူနှင့်တော်သောအထောက်အမ’ အဖြစ် ဘုရားသခင်ပေးတော်မူခဲ့ခြင်းဖြစ်ရာ ယင်းသို့ဖြစ်ရန်ပင် ဘုရားသခင်ရည်ရွယ်တော်မူခဲ့သည်။ (ကမ္ဘာဦး ၂:၁၈) ဇနီးသည်, သည် လင်ယောက်ျား၏ဆုံးဖြတ်ချက်များကိုထောက်ခံခြင်း၊ မိသားစုပန်းတိုင်များကိုတက်လှမ်းနိုင်ရန် သူနှင့်ပူးပေါင်းလုပ်ဆောင်ခြင်းများအားဖြင့် သူ့အားရိုသေလေးမြတ်ခြင်းကိုတင်ပြသောအိမ်ထောင်ရေးတွင် ခံစားရသည့်ကောင်းချီးများကို သင်လေးမြတ်နိုင်မည်လော။
အိမ်ထောင်ဖက်များ၊ “လင်ယောက်ျားနှင့်ဇနီးသည်တို့သည် တစ်ယောက်ကိုတစ်ယောက်သစ္စာရှိရမည်။”—ဟေဗြဲ ၁၃:၄။ TEV.
ယင်းသို့ဖြစ်လျှင် မိသားစုဘဝသည် အလွန်အကျိုးကျေးဇူးဖြစ်ထွန်းမည်အမှန်။ လင်မယားသစ္စာပျက်မှုသည် မိသားစုဘဝကိုပျက်စီးစေလေ့ရှိသည်။ (သု၊ ၆:၂၇-၂၉၊ ၃၂) ထို့ကြောင့် ကျမ်းစာက ပညာရှိစွာဤသို့တိုက်တွန်းထားသည်။ “သင့်ဇနီးမယားနှင့်ပျော်မွေ့ ပြီး သင်လက်ထပ်သောမိန်းကလေးနှင့်ရွှင်လန်းမှုကိုရှာလော့ . . . သင့်မေတ္တာကို အခြားသောမိန်းမအား အဘယ်ကြောင့်ပေးရမည်နည်း။”—သု၊ ၅:၁၈-၂၀။ TEV.
မိဘများ၊ “[သင့်ကလေးများ] သွားရာလမ်းဝ၌ဆုံးမသွန်သင်လော့။”—သု၊ ၂၂:၆။
မိဘများသည် ကလေးများကိုအချိန်ပေးပြီးဂရုစိုက်လျှင် မိသားစုဘဝသည် အမှန်တိုးတက်ပေမည်။ ထို့ကြောင့် ‘အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီးသွားသည်ဖြစ်စေ၊ အိပ်လျက်ထလျက်ရှိသည်ဖြစ်စေ’ မိဘများသည် သားသမီးများအား ဖြောင့်မှန်သည့်စည်းမျဉ်းများကိုသွန်သင်ပေးရန် တိုက်တွန်းထားသည်။ (တရားဟောရာ ၁၁:၁၉) မိဘများသည် သားသမီးများကိုဆုံးမခြင်းအားဖြင့် သူတို့ကိုချစ်ကြောင်းတင်ပြရန်ကိုလည်း သမ္မာကျမ်းစာကပြောထားသည်။—ဧဖက် ၆:၄။
သားသမီးများ၊ “သားသမီးတို့၊ သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကိုနားထောင်ကြလော့။”—ဧဖက် ၆:၁။
ဤဆိုးသွမ်းသည့်လောကတွင် သင့်မိဘစကားကိုနားထောင်ရန် အမြဲမလွယ်ကူသည်မှာ မှန်ပါသည်။ သို့သော် ကျွန်ုပ်တို့အား မိသားစုကိုအစပြုသူပြောထားသည့်အတိုင်း လုပ်ခြင်းသည် ပညာရှိရာရောက်သည်ဟုသင်သဘောမတူပေလော။ ကျွန်ုပ်တို့မိသားစုဘဝပိုမိုပျော်ရွှင်အောင် အကောင်းဆုံးလုပ်နိုင်သည့်အရာကို ကိုယ်တော်သိတော်မူသည်။ ထို့ကြောင့် သင့်မိဘစကားကိုနားထောင်ရန် အပြင်းအထန်ကြိုးစားပါ။ ဆိုးညစ်သောအရာများကိုပြုလုပ်စေမည့် လောက၏သွေးဆောင်မှုများကို ရှောင်ရှားရန် သင့်စိတ်ကိုပိုင်းဖြတ်ထားပါ။—သု၊ ၁:၁၀-၁၉။
မိသားစုဝင်ယောက်စီသည် ကျမ်းစာသြဝါဒများကို လိုက်လျှောက်ကျင့်ကြံသည့်အတိုင်းအတာအတိုင်း မိသားစုဘဝကိုအကျိုးဖြစ်ထွန်းစေမည်။ မိသားစုသည် ယခုဘဝအတွက်ကောင်းသောအသက်တာကို မွေ့လျော်နိုင်သည်သာမက ဘုရားသခင်ကတိပေးထားသည့် အံ့ဖွယ်အနာဂတ်ဖြစ်သောကမ္ဘာသစ်ကိုလည်း မျှော်လင့်နိုင်ပေသည်။ (၂ ပေတရု ၃:၁၃။ ဗျာဒိတ် ၂၁:၃၊ ၄) ထို့ကြောင့် ကျမ်းစာအတူတကွလေ့လာခြင်းကို မိသားစု၏အလေ့အထဖြစ်စေပါ။ ကမ္ဘာတစ်ဝန်းရှိမိသားစုသန်းပေါင်းများစွာတို့သည် လှပသည့်ရုပ်ပုံများစွာပါရှိသော သင်သည်ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်အသက်ရှင်နိုင် စာအုပ်မှ စစ်မှန်သောအကူအညီပေးသည့်လမ်းညွှန်ချက်များကို ရှာဖွေတွေ့ရှိထားကြပြီ။
အခြားသောအမှတ်အသားမပါရှိသည့်ကျမ်းကိုးကားချက်အားလုံးသည် ယုဒသန်ပြန်ဆိုသည့် သမ္မာကျမ်း မှဖြစ်သည်။