အပြင်ပန်းအသွင်အပြင်ကိုသာ သင်ကြည့်သလော
၁ ကျွန်ုပ်တို့သည် လူထုရှေ့ဓမ္မအမှုကိုလုပ်ဆောင်စဉ် အချို့သူတို့နှင့်စပ်လျဉ်း၍ အရင်ဆုံးထင်မြင်ချက်ရှိထားခြင်းသည် သတင်းကောင်းကို သူတို့အားဝေငှရန် တွန့်ဆုတ်စေနိုင်သည်။ ဥပမာ၊ ခက်ထန်သည့်ပုံပန်းသဏ္ဌာန်ရှိသူတစ်ဦးသည် သမ္မာတရားကိုစိတ်ဝင်စားသည့် သူ၏အိမ်နီးချင်းထံ သင်လည်ပတ်သည့်အခါ သံသယမျက်လုံးဖြင့် သင့်ကိုအမြဲကြည့်နေပါက မည်သို့တုံ့ ပြန်မည်နည်း။ ထိုသို့တွေ့ ကြုံခဲ့သောညီအစ်မတစ်ဦးသည် ထိုသူထံချဉ်းကပ်၍စကားပြောရန် ဆုံးဖြတ်ခဲ့သည်။ ထိုသူသည် သူ့အား ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံသည်။ သို့သော် အံ့ဩစရာမှာ ထိုသူသည် ကျမ်းစာသတင်းစကားကို နားထောင်ကာ အတော်အတန်စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ကျမ်းစာလေ့လာရန် သဘောတူခဲ့သည်။ ဤညီအစ်မသည် အပြင်ပန်းအသွင်အပြင်ကိုကြည့်၍ မဆုံးဖြတ်ခဲ့ခြင်းကြောင့် ထိုသူနှင့်သူ့ဇနီးအတွက် သမ္မာတရားကိုသင်ယူရန် လမ်းပွင့်ခဲ့သည်။
၂ နောက်ညီအစ်မတစ်ဦးသည် ဆံရှည်လူငယ်တစ်ဦး၏ အပြင်ပန်းအသွင်အပြင်ကြောင့် အစတွင် ထိတ်လန့်ခဲ့ရသော်လည်း မိမိအလုပ်လုပ်သည့်ဆိုင်သို့ ထိုလူငယ်လာတိုင်း မဆုတ်မနစ်သောဇွဲဖြင့် တိုတိုတုတ်တုတ်သက်သေခံခဲ့သည်။ သူ၏ကြိုးစားအားထုတ်မှုများသည် အကျိုးဖြစ်ထွန်းခဲ့ကာ ယခု ထိုလူငယ်သည် နှစ်ခြင်းခံပြီးသောသက်သေခံတစ်ဦးဖြစ်နေပါပြီ။ ထိုသို့သောသူများသည် တုံ့ ပြန်မည်မဟုတ်ပါဟု အလျင်စလိုဆုံးဖြတ်ချက်ချခြင်းမှ ကျွန်ုပ်တို့ကို မည်သည့်အရာက ဆီးတားပေးမည်နည်း။
၃ ယေရှု၏ပုံသက်သေကိုတုပခြင်း– လူတိုင်းအတွက် မိမိ၏အသက်ကိုပေးရမည်ဖြစ်ကြောင်း ယေရှုသိခဲ့သည်။ ထို့ကြောင့် အခြားသူများ၏အပြင်ပန်းအသွင်အပြင်က ကိုယ်တော်အား အဟန့်အတားမဖြစ်စေခဲ့ပါ။ နာမည်ဆိုးရထားသူများပင် သင့်လျော်သည့်အကူအညီကိုပေး၍ လှုံ့ဆော်ပေးမည်ဆိုလျှင် လိုလိုလားလားပြောင်းလဲလာနိုင်ကြောင်း ကိုယ်တော်သိရှိခဲ့သည်။ (မ. ၉:၉-၁၃) ကိုယ်တော်သည် ချမ်းသာသူကော ဆင်းရဲသူကိုပါ သာတူညီမျှကူညီရန်ကြိုးစားခဲ့သည်။ (မ. ၁၁:၅; မာ. ၁၀:၁၇-၂၂) ကျွန်ုပ်တို့သည် စိတ်နှလုံးကောင်းရှိသည်ကို မမြင်ဘဲ ဓမ္မအမှုတွင် ကျွန်ုပ်တို့တွေ့ရသူတို့အား အပြင်ပန်းအသွင်အပြင်ကိုကြည့်၍ မဆုံးဖြတ်ကြစို့နှင့်။ (မ. ၇:၁; ယော. ၇:၂၄) ယေရှု၏ထူးခြားသောပုံသက်သေကိုတုပရန် မည်သည့်အရာက ကျွန်ုပ်တို့ကိုကူညီပေးနိုင်သနည်း။
၄ ဘုရားသခင့်နှုတ်ကပါဌ်တော်သည် လူတစ်ဦး၏အတွေးအခေါ်၊ အကျင့်အကြံနှင့် ဥပဓိရုပ်ကို ပြောင်းလဲပေးနိုင်သည့်အစွမ်းတန်ခိုးရှိကြောင်း ကျမ်းစာလေ့လာခြင်းအားဖြင့် ကျွန်ုပ်တို့သဘောပေါက်လာကြသည်။ (ဧ. ၄:၂၂-၂၄; ဟေဗြဲ ၄:၁၂) ထို့ကြောင့် ကျွန်ုပ်တို့သည် အပြုသဘောထားရှိသင့်ကာ ကျန်သည့်အပိုင်းကို လူ့နှလုံးများကိုသိမြင်တော်မူသောအရှင်၊ ယေဟောဝါ၏လက်တော်၌ထားသင့်သည်။—၁ ရာ. ၁၆:၇; တ. ၁၀:၃၄၊ ၃၅။
၅ အပြင်ပန်းအသွင်အပြင်မည်သို့ပင်ရှိပါစေ ကျွန်ုပ်တို့သည် လူအမျိုးအစားအားလုံးကို မျက်နှာမလိုက်ဘဲ သတင်းကောင်းဝေငှခြင်းဖြင့် ဤနောက်ဆုံးကာလ၌ ကြီးစွာသောရိတ်သိမ်းခြင်းလုပ်ငန်းကို အထောက်အကူပြုနိုင်ကြပါစေ။—၁ တိ. ၂:၃၊ ၄။