ယေဟောဝါ၏ကောင်းချီးများကို သင်အမှန်လေးမြတ်ပါသလော
ကနီချီအမည်ရှိ လူလတ်ပိုင်းအမျိုးသားတစ်ဦးသည် အနည်းငယ်အအေးမိသောကြောင့် ဆေးဝယ်ရန်ဆေးခန်းတစ်ခုသို့သွားခဲ့သည်။ ဆေးသောက်လိုက်သည့်အခါ မတည့်သောကြောင့် ယားယံလာပြီး သူ့တစ်ကိုယ်လုံးတွင် အရည်ကြည်ဖုများပေါက်လာလေသည်။ ဆေးရောင်းပေးသူသည် မိမိလိုအပ်ရာများကို အပြည့်အဝဂရုစိုက်မစိုက်နှင့်ပတ်သက်၍ ကနီချီကသံသယဝင်ခြင်းသည် အံ့အားသင့်စရာမဟုတ်ပါ။
အချို့သူများသည် ဆေးရောင်းပေးသူကို ကနီချီမြင်သကဲ့သို့ ယေဟောဝါဘုရားသခင်ကို ရှုမြင်ကြပေမည်။ မတိုင်းမဆနိုင်သောတန်ခိုးရှင် ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့အား တစ်ဦးချင်းအနေနှင့် အမှန်ပင်စိတ်ဝင်စားတော်မူကြောင်းကို သူတို့သံသယဝင်ကြပါသည်။ ဘုရားသခင်သည် ကောင်းမြတ်တော်မူကြောင်းကို သူတို့အသိအမှတ်ပြုကြသော်လည်း ကိုယ်တော်သည် ကျွန်ုပ်တို့တစ်ဦးချင်းစီကို ဂရုစိုက်တော်မူကြောင်း သူတို့မယုံကြည်ကြချေ။ ယင်းသည် အထူးသဖြင့် သူတို့အဆင်မပြေသည့်အခါ သို့မဟုတ် ကျမ်းစာမူများကို လိုက်နာကြလျက်နှင့် အခက်အခဲပြဿနာများတက်လာသည့်အခါမျိုးတွင် မှန်ကန်ပါသည်။ ပိုင်းခြားသိမြင်မှုမရှိခြင်းကြောင့် မိမိတို့၏အခက်အခဲများကို မမျှော်လင့်ဘဲကနီချီ၌ ဖြစ်ပေါ်လာသော ယားနာဖုနှင့် အရည်ကြည်ဖုများကဲ့သို့ တစ်နည်းနည်းဖြင့် ဘုရားသခင်၏အပြစ်ဟု သူတို့ရှုမြင်ကြသည်။—သု. ၁၉:၃။
ယေဟောဝါအား မစုံလင်သည့်လူသားများနှင့် နှိုင်းယှဉ်၍မရနိုင်ပါ။ လူသားတို့၌ အသိပညာနှင့် စွမ်းရည်အကန့်အသတ်သာရှိသည်။ ကနီချီအား ဆေးရောင်းပေးခဲ့သူကဲ့သို့ သူတို့သည် အခြားသူများ၏အမှန်လိုအပ်ရာများကို ကောင်းစွာပိုင်းခြားမသိမြင်တတ်ပါ။ ယင်းနှင့်ဆန့်ကျင်လျက် ယေဟောဝါမသိမမြင်သောအရာ မည်သည့်အရာမျှမရှိ။ ယေဟောဝါသည် ကျွန်ုပ်တို့ကိုမကြာခဏ ကူညီပေးလျက်ရှိကြောင်း ကျွန်ုပ်တို့ရိပ်မိချင်မှရိပ်မိမည်ဖြစ်ပြီး တန်ဖိုးထားလေးမြတ်မှုရှိချင်မှရှိမည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၌မရှိသည့်အရာကို သတိပြုမိတတ်ကြပြီး ကျွန်ုပ်တို့ရရှိထားသော ကောင်းချီးများစွာတို့ကိုမူကား သတိမမူဘဲနေတတ်သည့်ဝသီရှိကြသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့ကြုံတွေ့ရသည့် မည်သည့်အခက်အခဲမဆိုသည် ယေဟောဝါကြောင့်ဖြစ်သည်ဟု အလျင်အမြန်အပြစ်ပုံချကြမည့်အစား ယေဟောဝါထံတော်မှ ကျွန်ုပ်တို့ခံစားရသောကောင်းချီးများကို သိမြင်ရန်ကြိုးစားသင့်ပါသည်။
ဝက်ဘ်စတား၏ နဝမကောလိပ်အဘိဓာန်သစ်က “ကောင်းချီးမင်္ဂလာ” ကို “ပျော်ရွှင်မှု သို့မဟုတ် ကောင်းကျိုးချမ်းသာကို ဖြစ်ပေါ်စေသောအရာတစ်ခု” အဖြစ်အနက်ဖွင့်ထားသည်။ အထူးသဖြင့် ယေဟောဝါထံတော်မှရရှိသော ကောင်းချီးများနှင့်ပတ်သက်၍ ဤသို့ပင်ဖြစ်သည်ဟု သင်ယူမှတ်ပါသလော။
တုနှိုင်းဖွယ်မရှိသည့်ထောက်ပံ့ပေးရှင်
ဇနီးသည်တစ်ဦးက သူမ၏ခင်ပွန်းသည် ကောင်းစွာထောက်ပံ့ပေးသည်ဟုဆိုရာတွင် ယေဘုယျအားဖြင့် သူမဆိုလိုသည်မှာ ခင်ပွန်းသည်သည် မိသားစု၏လိုအပ်ရာများကို လိုလေသေးမရှိဂရုစိုက်ပေးသည်၊ မိသားစု၏ပျော်ရွှင်မှုနှင့် ကောင်းကျိုးချမ်းသာအတွက် စားဝတ်နေရေးဖူဖူလုံလုံထောက်ပံ့သည်ဟုဆိုလိုသည်။ ယေဟောဝါသည် ကျွန်ုပ်တို့၏ထောက်ပံ့ပေးရှင်အဖြစ် မည်မျှကောင်းမြတ်တော်မူသနည်း။ လူသားတို့၏နေအိမ်ဖြစ်သော ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်ကို အနီးကပ်လေ့လာကြည့်ပါ။ ကမ္ဘာသည် သက်ရှိများအသက်ရှင်နိုင်ပြီး သင့်တော်သောအပူချိန်ရှိရန်အတွက် ရှိသင့်သည့်အကွာအဝေးဖြစ်သော နေမှမိုင်ပေါင်း ၉၃,၀၀၀,၀၀၀ တွင်တည်ရှိနေပါသည်။ ကျွန်ုပ်တို့၏ကမ္ဘာကို ၂၃.၅ ဒီဂရီစောင်းထားခြင်းသည် သီးနှံလှိုင်လှိုင်ဖြစ်ထွန်းစေသည့် ရာသီဥတုအပြောင်းအလဲဖြစ်စေရန် အပြစ်အနာအဆာမရှိ ပုံစံဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်။ အကျိုးရလဒ်မှာ ကမ္ဘာကြီးသည် လူဦးရေသန်းပေါင်းငါးထောင်ကျော်အတွက် အစားအစာကို ထောက်ပံ့ပေးနေနိုင်ခြင်းဖြစ်သည်။ ယေဟောဝါသည် အမှန်ပင် အံ့ချီးဖွယ်ထောက်ပံ့ပေးရှင်ပါတကား!
ထို့အပြင် သမ္မာကျမ်းစာက ယေဟောဝါသည် ကျွန်ုပ်တို့တစ်ဦးချင်းစီနှင့် ကျွန်ုပ်တို့၏ကောင်းကျိုးချမ်းသာကို အလွန်စိတ်ဝင်စားတော်မူကြောင်း ကျွန်ုပ်တို့ကိုစိတ်ချစေပါသည်။ ယေဟောဝါသည် သန်းနှင့်ချီသောကြယ်များကို နာမည်ဖြင့်ခေါ်တော်မူပြီး ကိုယ်တော်အခွင့်မရှိလျှင် စာငှက်တစ်ကောင်ပင် မြေပေါ်သို့မကျရသည်ကိုသာ စဉ်းစားကြည့်ပါ။ (ဟေရှာယ ၄၀:၂၆; မဿဲ ၁၀:၂၉-၃၁) ကိုယ်တော်အားချစ်မြတ်နိုးပြီး မိမိချစ်မြတ်နိုးတော်မူသောသားတော် ယေရှု၏အသွေးတော်မြတ်နှင့်ဝယ်ယူထားသောလူသားများကို ကိုယ်တော်မည်မျှပို၍ ဂရုစိုက်တော်မူမည်ပါတကား! (တမန်တော် ၂၀:၂၈) ပညာရှိတစ်ဦးက သင့်လျော်စွာ ဤသို့ကြွေးကြော်ခဲ့သည်– “ထာဝရဘုရား၏ကောင်းချီးမင်္ဂလာတော်သည် ကြွယ်ဝစေ၍ မည်သည့်ဝမ်းနည်းခြင်းကိုမျှ ထပ်သွင်းတော်မမူ။”—သု. ၁၀:၂၂၊ သမ။
ကျွန်ုပ်တို့ကိုကြွယ်ဝစေသည့်ကောင်းချီးများ
ကျွန်ုပ်တို့ပိုင်ဆိုင်ထားရာများထဲတွင် ကျွန်ုပ်တို့အလွန်ကျေးဇူးတင်သင့်သော တန်ဖိုးကြီးမားသည့်အရာတစ်ခုရှိသည်။ မည်သည့်အရာနည်း။ သမ္မာကျမ်းစာက ယင်းကို ဤသို့ဖော်ပြခဲ့သည်– “နှုတ်တော်ထွက်တရားတော်သည် ရွှေ ငွေ အထောင်အသောင်းထက်မက၊ အကျွန်ုပ်၌သာ၍ကောင်းပါ၏။” (ဆာလံ ၁၁၉:၇၂; သု. ၈:၁၀) ရွှေစင်သည် အဖိုးထိုက်သည်မှန်သော်လည်း ယေဟောဝါ၏ပညတ်တော်များသည် ပို၍နှစ်သက်ဖွယ်ရာဖြစ်သည်။ သမ္မာတရားကိုစိတ်ရင်းမှန်နှင့် ရှာဖွေသူများကို ယေဟောဝါပေးသနားသည့် ထိုးထွင်းသိမြင်မှု၊ ပိုင်းခြားသိမြင်မှုနှင့်အတူ ကိုယ်တော်၏ပညတ်တော်ဆိုင်ရာ တိကျမှန်ကန်သောအသိပညာသည် တန်ဖိုးထားလေးမြတ်ရမည့်အရာများ ဖြစ်ပါသည်။ ယင်းတို့သည် မိမိတို့ကိုယ်ကိုကာကွယ်ရန်၊ ခက်ခဲသည့်အခြေအနေများကို နိုင်နင်းရန်၊ ပြဿနာများကို အောင်မြင်စွာကိုင်တွယ်ဖြေရှင်းရန် အသင့်ပြင်ဆင်ပေးထားရာ သို့ဖြင့် ကျေနပ်မှုနှင့် ပျော်ရွှင်မှုကိုရရှိစေရန်ဖြစ်သည်။
ယင်းသည် အလွန်ငယ်ရွယ်သူများနှင့်စပ်လျဉ်း၍ပင် မှန်ကန်ပါသည်။ မိန်းကလေးတစ်ဦးသည် ယေဟောဝါ၏ပညတ်တော်ကိုလိုက်နာခြင်းဖြင့် သူမ၏အခက်အခဲများကို မည်သို့ဖြေရှင်းခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ အာကီမီအမည်ရှိသော ထိုမိန်းကလေးသည် တိုကျိုမြို့အနီးတွင် နေထိုင်ပါသည်။ သူမ၏ဖခင်နှင့်မိခင်တို့သည် သူမကိုလေ့ကျင့်ပေးရာတွင် သမ္မာကျမ်းစာမူများကို လက်တွေ့ကျင့်သုံးခဲ့ကြပြီး ယေဟောဝါနှင့် အိမ်နီးချင်းကိုမေတ္တာရှိလာရန် မိမိတို့၏သမီးလေးကို အပြောနှင့်ပုံနမူနာအားဖြင့် ကူညီပေးခဲ့ကြသည်။ ကျောင်း၌သူမတွေ့ကြုံရမည့် အခက်အခဲများကိုကြိုတင်သိမြင်ထားကြရာ သူမကို အတတ်နိုင်ဆုံး ကြိုးစားပြင်ဆင်ပေးကြသည်။ သို့သော် မူလတန်းကျောင်းကို အာကီမီတက်ရောက်သည့်အခါ သူမသည် အစာမစားမီဆုတောင်းခြင်း၊ ကိုယ်ကိုကိုယ်သိသောစိတ်အရ ကျမ်းစာနှင့်မညီသည့် အချို့သောလှုပ်ရှားမှုများတွင် မပါဝင်သောကြောင့် အတန်းဖော်အချို့က သူမကို “တစ်မူထူးခြား” သူအဖြစ်မြင်ကြသည်။ မကြာမီ သူမသည် ကျောင်းဆင်းလျှင်သူမကိုချောင်ပိတ်ပြီး ပါးကိုရိုက်၊ လက်ကိုလိမ်ချိုးကာ သူမကိုလှောင်ပြောင်ကြသည့် အနိုင်ကျင့်သူတစ်စု၏ ပစ်မှတ်ဖြစ်လာလေတော့သည်။
အာကီမီလေးသည် လက်တုံ့ပြန်ခြင်းမပြုသကဲ့သို့ အနှောင့်အယှက်ပေးသူများရှေ့၌လည်း ကြောက်ဒူးတုန်မနေပါ။ ထိုသို့ဖြစ်မည့်အစား သူမသင်ယူခဲ့ရာများကို ကြိုးစား၍လက်တွေ့ကျင့်သုံးပါသည်။ သူမ၏ကောင်းသောအမူအကျင့်နှင့် ရဲရင့်မှုတို့ကြောင့် အခြားကျောင်းသားချင်းတို့၏ လေးစားမှုကိုခံရလေသည်။ သူတို့သည် အဆိုပါကိစ္စကို ဆရာဖြစ်သူအားတင်ပြကြပြီး ထိုနေ့မှစ၍ အာကီမီသည် ကျောင်း၌မတရားပြုခြင်းကို မခံရတော့ပေ။
ခက်ခဲသည့်အခြေအနေတစ်ခုကို အောင်မြင်စွာဖြေရှင်းရန် အာကီမီအား မည်သည့်အရာကကူညီပေးပါသနည်း။ မိဘများက သူမ၏နှလုံးထဲသွတ်သွင်းပေးခဲ့သည့် တိကျမှန်ကန်သောအသိပညာ၊ ထိုးထွင်းသိမြင်မှုနှင့် ယေဟောဝါထံတော်မှ ဉာဏ်ပညာတို့ဖြစ်သည်။ ယေရှု၏ခံနိုင်ရည်ရှိမှုကို သူမကောင်းစွာသိကျွမ်းခဲ့ပြီး ယင်းက ကိုယ်တော်၏ပုံနမူနာကိုတုပရန် သူမကိုလှုံ့ဆော်ပေးခဲ့ပါသည်။ သမ္မာကျမ်းစာက လူအချို့သည် မသိဘဲလျက်အမှားပြုလုပ်ကြကြောင်း သူမကိုပိုင်းခြားသိမြင်စေပြီး လူကိုယ်၌ကိုမမုန်းဘဲ ထိုအနိုင်ကျင့်သူများပြုလုပ်သည့် အမှားကိုမုန်းရန် သူမကိုလှုံ့ဆော်ခဲ့သည်။—လုကာ ၂၃:၃၄; ရောမ ၁၂:၉၊ ၁၇-၂၁။
မှန်ပါသည်၊ မိမိတို့၏သားသမီးကို လှောင်ပြောင်၍ မတရားပြုသည်ကို မည်သည့်မိဘမျှမြင်လိုမည်မဟုတ်ပါ။ သို့သော် ဖြစ်ကြောင်းကုန်စင်ကို ကြားသိကြသည့်အခါ အာကီမီ၏မိဘများသည် မည်မျှဂုဏ်ယူလိုက်မည်ကို သင်စဉ်းစားကြည့်နိုင်ပါမည်။ ဤသို့သော သားသမီးများသည် အမှန်ပင်ယေဟောဝါထံတော်မှ ကောင်းချီးတစ်ရပ်ဖြစ်ပါသည်။—ဆာလံ ၁၂၇:၃; ၁ ပေတရု ၁:၆၊ ၇။
ယေဟောဝါအား စိတ်ရှည်စွာဖြင့်စောင့်ဆိုင်းနေခြင်း
သို့သော် ယေဟောဝါ၏ကောင်းချီးများကိုမခံစားရမီ တစ်ခါတစ်ရံ ကိုယ်တော့်အချိန်ကို သင်စောင့်ဆိုင်းဖို့လိုပါသည်။ သင့်အခြေအနေကို ယေဟောဝါသိတော်မူပြီး လိုအပ်ရာမှန်သမျှကို သင့်အတွက်အကျိုးအဖြစ်ဆုံးအချိန်တွင် ပေးသနားတော်မူသည်။ (ဆာလံ ၁၄၅:၁၆; ဒေသနာ ၃:၁; ယာကုပ် ၁:၁၇) သင်သည် သစ်သီးကိုကြိုက်နှစ်သက်ပေမည်၊ သို့သော် စား၍မရသေးသောသစ်သီးကို ချကျွေးသည့်အိမ်ရှင်ကို သင်မည်သို့ယူမှတ်မည်နည်း။ ပန်းသီး၊ လိမ္မော်သီး သို့မဟုတ် အခြားသစ်သီးတစ်ခုခုပင်ဖြစ်ပါစေ မှည့်နေပြီး အရည်ရွှမ်း၍ ချိုမြိန်နေမှသာ သင်ပို၍နှစ်သက်ပေမည်။ အလားတူစွာ ယေဟောဝါသည် သင်လိုအပ်ရာကို စောလွန်းခြင်း နောက်ကျလွန်းခြင်းမရှိဘဲ အချိန်ကိုက် ပေးတော်မူသည်။
ယောသပ်၏အဖြစ်အပျက်ကို ပြန်လည်အမှတ်ရပါ။ သူ့မှာအမှားမရှိဘဲလျက် အီဂျစ်မြေအောက်အကျဉ်းတိုက်ထဲရောက်ခဲ့ရသည်။ ထောင်သားချင်းတစ်ဦးဖြစ်သူ ဖာရော၏ဖလားတော်ဝန်သည် လွတ်မြောက်ရန်မျှော်လင့်နေလျက် ယောသပ်၏ကိစ္စကို ဖာရောအာရုံစိုက်မိစေရန်ပြုလုပ်ပေးမည်ဟု ကတိပေးလေသည်။ သို့သော် သူလွတ်မြောက်ပြီးနောက် ယောသပ်ကို မေ့သွားလေတော့သည်။ ယောသပ်သည် စွန့်ပစ်ခံထားရပုံဖြစ်နေသည်။ သို့သော် နှစ်နှစ်တင်းတင်းပြည့်ပြီးနောက် ထောင်မှလွတ်လာပြီး နောက်ဆုံးတွင် အီဂျစ်နိုင်ငံ၏ ဒုတိယမင်းဖြစ်လာလေသည်။ ယောသပ်သည် စိတ်မရှည်နိုင်ဘဲဖြစ်မည့်အစား ယေဟောဝါကိုစောင့်ဆိုင်းခဲ့သည်။ ယင်းကြောင့် သူသည် ဣသရေလလူမျိုးနှင့် အီဂျစ်လူမျိုးနှစ်မျိုးစလုံး၏ အသက်ကိုထိန်းသိမ်းကာကွယ်ပေးရသည့်နည်းဖြင့် ကောင်းချီးခံစားခဲ့ရသည်။—ကမ္ဘာဦး ၃၉:၁–၄၁:၅၇။
မာဆာရှီသည် ဂျပန်နိုင်ငံမြောက်ပိုင်းရှိ အသင်းတော်တစ်ခုမှ အကြီးအကဲတစ်ဦးဖြစ်သည်။ သူသည် မြေအောက်အကျဉ်းတိုက်ထဲ မနေခဲ့ရသော်လည်း ယေဟောဝါကို စောင့်ဆိုင်းခဲ့ရပါသည်။ အဘယ်ကြောင့်နည်း။ အရည်အချင်းရှိ ခရစ်ယာန်ဓမ္မအမှုဆောင်များကို လေ့ကျင့်ပေးသော ကျောင်းတစ်ခုဖြစ်သည့် ဓမ္မအမှုထမ်းသင်တန်းကျောင်းကို ဂျပန်နိုင်ငံ၌စဖွင့်ကတည်းက မဖြစ်မနေတက်ရောက်ရန် သူပန်းတိုင်ထားခဲ့ပါသည်။ ထိုအခွင့်ထူးကိုရဖို့ သူပြင်းပြစွာဆုတောင်းခဲ့ပါသည်။ သူ၏တွဲဖက်ရှေ့ဆောင်ဖြစ်သူမှာ ခေါ်ဖိတ်ခံခဲ့ရပြီး မာဆာရှီမှာမူ ပြင်းပြသည့်ဆန္ဒရှိသော်လည်း ခေါ်ဖိတ်ခြင်းမခံခဲ့ရပါ။ သူသည် အလွန်အမင်း စိတ်ပျက်သွားခဲ့သည်။
သို့ဖြစ်စေကာမူ ထိုခံစားချက်များကို နိုင်နင်းရန် ကြိုးစားခဲ့သည်။ သူသည် သမ္မာကျမ်းစာကိုလည်းကောင်း၊ နှိမ့်ချခြင်းနှင့် စိတ်လှုပ်ရှားမှုများကိုထိန်းချုပ်ခြင်း စသည့်အကြောင်းများကို ဆွေးနွေးထားသော ကင်းမျှော်စင်အသင်းမှထုတ်ဝေသည့် စာအုပ်စာတမ်းများကိုလည်းကောင်း သူလေ့လာလေသည်။ သူ့အတွေးအခေါ်ကို ပြန်လည်ပြုပြင်ခြင်းအားဖြင့်လည်း သူ၏တာဝန်၌ ပို၍ကျေနပ်မှုရရှိလေသည်။ ထို့နောက် သူလုံးဝမမျှော်လင့်သည့်အချိန်တွင် သင်တန်းကျောင်းတက်ရန် ခေါ်ဖိတ်ခံခဲ့ရပါသည်။
သူ၌ စိတ်ရှည်ခြင်းနှင့် နှိမ့်ချခြင်းကဲ့သို့သော အရည်အသွေးများကို တိုးပွားလာစေခဲ့ရာ ကျောင်းမှပို၍အကျိုးရရှိခဲ့ပါသည်။ နောက်ပိုင်းတွင် မာဆာရှီသည် တိုက်နယ်ကြီးကြပ်မှူးတစ်ဦးအဖြစ် အမှုထမ်းရသည့်အခွင့်ထူးကို ပေးအပ်ခံခဲ့ရသည်။ မှန်ပါ၏၊ မာဆာရှီသည် မည်သည့်အရာလိုအပ်ကြောင်းကို ယေဟောဝါသိတော်မူ၍ အကျိုးအများဆုံးရှိမည့်အချိန်၌သာ ပေးသနားတော်မူသည်။
ကိုယ်တော်၏ကောင်းချီးများကိုရှာဖွေပါ
သို့ဖြင့် ယေဟောဝါသည် ၎င်းဆေးရောင်းပေးသူနှင့်မတူပါ။ ယေဟောဝါ၏ဂရုစိုက်မှုနှင့် စိုးရိမ်မကင်းဖြစ်မှုတို့ကို ကျွန်ုပ်တို့ပိုင်းခြားသိမြင်ခြင်း မရှိဘဲဖြစ်နိုင်သော်လည်း ကိုယ်တော်၏ကြင်နာမှုကို အချိန်ကျလျှင် ပုံစံအမျိုးမျိုးဖြင့်၊ ကျွန်ုပ်တို့အတွက် အကောင်းဆုံးဖြစ်သည့်နည်းများဖြင့် ခံစားကြရပါသည်။ ထို့ကြောင့် ကိုယ်တော်၏ကောင်းချီးများကိုခံစားရဖို့ ဆက်၍ကြိုးစားရှာပါလေ။ သင်၌ ကျေးဇူးတင်စရာအကြောင်းများစွာ ရှိထားနှင့်ပြီဖြစ်ကြောင်း သတိရပါ။ သင်သည် မြေကြီးပေါ်ဆက်အသက်ရှင်နိုင်ရန် အခြေခံကျသည့် ပြင်ဆင်ပေးချက်များကို ရရှိထားပြီ။ ယေဟောဝါနှင့် ပတ်သက်သောအသိပညာနှင့် ကိုယ်တော်၏စုံလင်သည့် နည်းလမ်းတော်များကိုလည်း သင်သိရှိထားပြီ။ ထိုးထွင်းသိမြင်မှုကို ရထားပြီဖြစ်သည်။ ထို့အပြင် ပိုင်းခြားသိမြင်မှုကိုလည်း သင်ရရှိထားပြီ။ ဤအရာအားလုံးတို့က သင့်ကောင်းကျိုးနှင့် ပျော်ရွှင်မှုကို ဖြစ်စေပါသည်။
ယေဟောဝါ၏ကောင်းချီးကို ပို၍အပြည့်အဝခံစားရရန် သမ္မာကျမ်းစာကို မှန်မှန်ဆက်လေ့လာပါ။ ကိုယ်တော်၏မှုတ်သွင်းခံစကားတော်ရှိ အဖိုးတန်သွန်သင်ချက်များကို သဘောပေါက်နားလည်ရန်နှင့် လက်တွေ့ကျင့်သုံးရန် သင့်ကိုကူညီပေးဖို့ ယေဟောဝါထံအသနားခံပါလေ။ ယင်းတို့သည် သင်၌ လိုလေသေးမရှိစေရန် အမှန်ကြွယ်ဝစေပါလိမ့်မည်။ မှန်ပါ၏၊ ထိုအရာတို့သည် ယခုပင် သင်သည် ပျော်ရွှင်မှုနှင့် ကျေနပ်ရောင့်ရဲမှုရှိပြီး လာမည့်ကမ္ဘာသစ်၌ ကြွယ်ဝသောအသက်တာကို ရရှိစေပါလိမ့်မည်။—ယောဟန် ၁၀:၁၀; ၁ တိမောသေ ၄:၈၊ ၉။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ယေဟောဝါ၏ကောင်းချီးသည် ရွှေထက်သာ၍အဖိုးထိုက်၏