ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၅/၁ စာ. ၅-၇
  • ယေဟောဝါကား မည်သူနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါကား မည်သူနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ်တော့်နာမတော်၏ အရေးပါမှု
  • ယေဟောဝါ၏ ထင်ရှားသောအရည်အသွေးများ
  • လူမျိုးအားလုံး၏ဘုရားသခင်
  • ယေဟောဝါအားသိရှိခြင်း၏ အကျိုးကျေးဇူးများ
  • ယေဟောဝါ—ကိုယ်တော်ကား မည်သူနည်း
    ယေဟောဝါ—ကိုယ်တော်ကား မည်သူနည်း
  • ဘုရားသခင်ကို သိကျွမ်းခြင်း
    ကျေနပ်ပျော်ရွှင်ဖွယ် အသက်တာ ပိုင်ဆိုင်နိုင်ပုံ
  • မှန်သောဘုရားသခင်ကား အဘယ်သူနည်း
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ယေဟောဝါအား စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်အဖြစ် ချီးမြှောက်ကြလော့
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၅/၁ စာ. ၅-၇

ယေဟောဝါကား မည်သူနည်း

ယေဟောဝါသည် မိမိအား သစ္စာရှိရှိကိုးကွယ်သူတစ်ဦးကို ဤသို့မိန့်တော်မူခဲ့သည်– “ငါ့မျက်နှာကိုမြင်လျှင် အသက်ရှင်ရသောလူ တစ်စုံတစ်ယောက်မျှမရှိ။” (ထွက်မြောက်ရာ ၃၃:၂၀) “ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ” သည်ဖြစ်၍ လူတို့သည် ကာယမျက်စိဖြင့် ကိုယ်တော်ကိုမမြင်နိုင်ပေ။ (ယောဟန် ၄:၂၄) မွန်းတည့်ချိန်တွင် နေကိုတိုက်ရိုက်ကြည့်ရှုခြင်းက ကျွန်ုပ်တို့၏မျက်စိကို ပျက်ယွင်းစေနိုင်သကဲ့သို့ ကျွန်ုပ်တို့၏ထွန်းတောက်သောနေသာမက စကြဝဠာရှိ မရေမတွက်နိုင်သော နေတာရာများကိုဖန်ဆင်းတော်မူသည့် စိုးရွံ့ထိတ်လန့်ဖွယ် စွမ်းအင်၏ပင်ရင်းအမြစ်ကို မြင်ခြင်းသည် အသက်ဆုံးရှုံးစေပါလိမ့်မည်။

ဝမ်းသာစရာကား၊ ဘုရားသခင်အကြောင်းသိဖို့ရန် ကိုယ်တော့်အား တွေ့မြင်စရာမလိုပေ။ သမ္မာကျမ်းစာသည် အလွန်ကောင်းမွန်သောကမ္ဘာမြေကို ကျွန်ုပ်တို့အတွက် ပြင်ဆင်ပေးတော်မူသောအရှင်အား ခွဲခြားသိမြင်စေရုံမက ထိုအရှင်၏ဂုဏ်ရည်တော်များကိုလည်း ဖော်ပြပေးသည်။ ထို့ကြောင့် ကျွန်ုပ်တို့အား အသက်ပေး၍ အသက်တာကိုပျော်မွေ့စေရန် ကြည်နူးဖွယ်နေအိမ်ကို စီမံပေးထားတော်မူသောအရှင် ခမည်းတော်အကြောင်းသိရှိရန် သမ္မာကျမ်းစာကို စစ်ဆေးလေ့လာထိုက်ပါသည်။

ကိုယ်တော့်နာမတော်၏ အရေးပါမှု

ယနေ့ လူအများက သတိပြုမိကြမည်မဟုတ်သော်လည်း အမည်နာမအားလုံးတွင် အဓိပ္ပာယ်ရှိပါသည်။ ဥပမာ၊ အသုံးများသော အင်္ဂလိပ်နာမည် ဒေးဗစ်သည် “ချစ်သူ” ဟူ၍အဓိပ္ပာယ်ရှိသော ဟေဗြဲစကားလုံးမှဆင်းသက်လာသည်။ ဖန်ဆင်းရှင်၏နာမတော်ဖြစ်သော ယေဟောဝါတွင်လည်း အဓိပ္ပာယ်ရှိပါသည်။ ယင်းကား အဘယ်နည်း။ သမ္မာကျမ်းစာ၏ မူရင်းကျမ်းဟေဗြဲဘာသာစကားတွင် နာမတော်မြတ်ကို အက္ခရာလေးလုံးဖြစ်သော ယဟဝဟ ဖြင့်ရေးသားထားပြီး ကျမ်းစာ၏ဟေဗြဲအပိုင်းတွင် အကြိမ်ပေါင်း ၇,၀၀၀ နီးပါးပါသည်။ နာမတော်မြတ်သည် “ကိုယ်တော်ဖြစ်ပေါ်စေတော်မူသည်” ဟူ၍အဓိပ္ပာယ်ရှိကြောင်း နားလည်ရသည်။ ယေဟောဝါသည် မိမိ၏ရည်ရွယ်တော်မူချက်များကို ဖြစ်မြောက်စေရန် လိုအပ်သလို မိမိကိုယ်ကို ပညာရှိစွာဖြစ်စေသည်ဟု သဘောသက်ရောက်သည်။ ကိုယ်တော်သည် ဖန်ဆင်းရှင်၊ တရားသူကြီး၊ ကယ်တင်ရှင်၊ အသက်ကိုထောက်ပံ့ပေးရှင်ဖြစ်တော်မူသောကြောင့် ရည်ရွယ်တော်မူချက်များကို ပြည့်စုံစေနိုင်တော်မူ၏။ ထိုထက်ကား ယေဟောဝါဟူသောနာမတော်သည် ဖြစ်မြောက်နေဆဲရှိသည့် ဆောင်ရွက်မှုတစ်ခုကိုဖော်ပြသည့် ဟေဗြဲစကားလုံးပုံစံဖြင့်ရှိသည်။ မှန်ပေသည်၊ ယေဟောဝါသည် မိမိ၏ရည်ရွယ်တော်မူချက်များကိုပြည့်စုံစေသူ ဖြစ်လာရန် မိမိကိုယ်ကိုဖြစ်စေတော်မူဆဲဖြစ်သည်။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်ဖြစ်ပါသည်တကား!

ယေဟောဝါ၏ ထင်ရှားသောအရည်အသွေးများ

သမ္မာကျမ်းစာက ဖန်ဆင်းရှင်အား “သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ အမျက်ထွက်နှေးသောသဘော၊ ချစ်ခင်ကြင်နာခြင်းနှင့် သစ္စာကြွယ်ဝသောသဘောရှိတော်မူသော၊ အထောင်အသောင်းသောသူတို့အား ချစ်ခင်ကြင်နာခြင်းတရား ထားတော်မူထသော၊ ပြစ်မှားခြင်း၊ လွန်ကျူးခြင်း၊ ဒုစရိုက်အပြစ်တို့ကိုဖြေလွှတ်သောဘုရား” အဖြစ်ဖော်ပြသည်။ (ထွက်မြောက်ရာ ၃၄:၆၊ ၇၊ ကဘ) “ချစ်ခင်ကြင်နာခြင်း” ဟူသောအသုံးအနှုန်းကို အလွန်အဓိပ္ပာယ်ရှိသော ဟေဗြဲစကားလုံးမှ ပြန်ဆိုထားသည်။ ယင်းက တစ်စုံတစ်ရာအတွက်ရှိသော ရည်ရွယ်ချက် အကောင်အထည်မပေါ်မချင်း ထိုတစ်စုံတစ်ရာကို မေတ္တာပါစွာတွယ်တာသည့် ကြင်နာမှုကိုဖော်ပြသည်။ ၎င်းကို “သစ္စာစောင့်သိသောမေတ္တာ” ဟုလည်းပြန်ဆိုနိုင်ပါသည်။ ယေဟောဝါ၏ကြင်နာမှုက ကိုယ်တော်၏ဖန်ဆင်းရာများကို မေတ္တာပါစွာတွယ်တာတော်မူပြီး အလွန်မွန်မြတ်သောရည်ရွယ်ချက်ကို ဖြစ်မြောက်စေသည်။ သင့်အားအသက်ပေးထားသောအရှင်ထံမှရရှိသည့် ထိုသို့သောမေတ္တာကို သင်မြတ်နိုးမည်မဟုတ်လော။

ယေဟောဝါသည် အမျက်ထွက်နှေးတော်မူပြီး ကျွန်ုပ်တို့အပြစ်များကိုဖြေလွှတ်ရန် လျင်မြန်တော်မူ၏။ ဤသို့သောပုဂ္ဂိုလ်တစ်ဦးနှင့်တရင်းတနှီးရှိခြင်းသည် ကြည်နူးစရာပင်ဖြစ်သည်။ သို့တိုင် ကိုယ်တော်သည် အမှားပြုလုပ်နေခြင်းကို ခွင့်လွှတ်သည်းခံသည်ဟုမဆိုလိုပါ။ ကိုယ်တော်က ဤသို့ကြေညာတော်မူခဲ့သည်– “ငါထာဝရဘုရားသည် တရားသဖြင့်စီရင်ခြင်းကိုနှစ်သက်၏။ လုယူခြင်းအမှုနှင့် အဓမ္မအမှုကိုမုန်း၏။” (ဟေရှာယ ၆၁:၈) တရားမျှတသော ဘုရားသခင်အနေဖြင့် ဆိုးယုတ်မှုကိုဆက်ပြုလုပ်သည့် မျက်နှာပြောင်တိုက်ပြီး ပြစ်မှားနေသူများကို ကိုယ်တော်အစဉ်သည်းခံနေတော်မူလိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် ယေဟောဝါသည် အချိန်တန်သောအခါ ကမ္ဘာပေါ်ရှိ မတရားမှုများကို တည့်မတ်ပေးတော်မူလိမ့်မည်။ ဆင်းရဲခံရသူများကို ကိုယ်တော်လျစ်လျူရှုထားတော်မူမည်မဟုတ်။

ချစ်ခြင်းမေတ္တာနှင့် တရားမျှတမှုကို အပြစ်ဆိုဖွယ်မရှိ မျှမျှတတတင်ပြရန် မလွယ်ကူပါ။ သင်သည် မိဘတစ်ဦးဖြစ်ပါက ကလေးများသည် မလိမ္မာသောအခါ မည်သည့်အချိန်၊ မည်သို့အားဖြင့်နှင့် မည်သည့်အတိုင်းအတာအထိဆုံးမရန် ဆုံးဖြတ်ဖို့ခဲယဉ်းနေပါသလော။ မေတ္တာပါသောထောက်ထားစာနာမှုနှင့်တကွ မျှမျှတတပြုမူရန် ကြီးမားသောဉာဏ်ပညာလိုအပ်သည်။ ယေဟောဝါသည် လူသားများနှင့်ဆက်ဆံရာတွင် ထိုအရည်အချင်းကို လှိုင်လှိုင်တင်ပြတော်မူ၏။ (ရောမ ၁၁:၃၃-၃၆) ဖန်ဆင်းရှင်၏ဉာဏ်ပညာတော်ကို နေရာတိုင်းတွင် အမှန်ပင် တွေ့ရှိနိုင်ပါသည်၊ ဥပမာအနေဖြင့် ကျွန်ုပ်တို့ပတ်ပတ်လည်တွင်ရှိသော အံ့သြဖွယ်ကောင်းသည့် ဖန်ဆင်းရာများတွင်ဖြစ်ပါသည်။—ဆာလံ ၁၀၄:၂၄; သု. ၃:၁၉။

သို့ရာတွင် ဉာဏ်ပညာရှိရုံဖြင့် မလုံလောက်ပေ။ အလိုတော်ဖြစ်မြောက်စေရန် ဖန်ဆင်းရှင်တွင် တန်ခိုးလည်းရှိရမည်ဖြစ်ပြီး ကိုယ်တော်သည် အလွန်ပင်တန်ခိုးကြီးတော်မူကြောင်း သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– “အထက်သို့မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံတော်မူသောကြောင့်၊ တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ။” (ဟေရှာယ ၄၀:၂၆) ယေဟောဝါသည် “တန်ခိုးနှင့်ပြည့်စုံတော်” မူသည်ဖြစ်ရာ အရာအားလုံးကို ပြီးစီးစေတော်မူ၏။ ထိုအရည်အချင်းက ကိုယ်တော်ထံ သင့်အား မဆွဲဆောင်ပေလော။

လူမျိုးအားလုံး၏ဘုရားသခင်

‘ဒါပေမဲ့ ယေဟောဝါဟာ “ဓမ္မဟောင်းကျမ်း” ရဲ့ဘုရားသခင်၊ ရှေးဣသရေလလူမျိုးရဲ့ဘုရားသခင်မဟုတ်ဘူးလား’ ဟုသင်တွေးမိပေမည်။ ယေဟောဝါသည် ဣသရေလလူမျိုးများအား ကိုယ်တော်တိုင် ထင်ရှားဖော်ပြတော်မူခဲ့သည်မှာ မှန်ပါသည်။ သို့တိုင် ပထမလူသားမောင်နှံကိုဖန်ဆင်းတော်မူခဲ့သောကြောင့် ယေဟောဝါသည် ‘မြေကြီးပေါ်မှာရှိသော မိသားစုအားလုံးတို့၏အမည်ကိုရ’ စေသော ဘုရားသခင်ဖြစ်တော်မူ၏။ (ဧဖက် ၃:၁၅၊ ကဘ) သင်၏ဘိုးဘေးများကိုလေးစားခြင်းသည် တော်မှန်သည်ဟု သင်ယူမှတ်ပါက ယနေ့ ကမ္ဘာပေါ်ရှိ မျိုးဆက်အားလုံး၏ပင်ရင်းအမြစ်ဖြစ်သူ၊ ကနဦးလူသားကို အသက်ပေးသည့်အရှင်အား ကြည်ညိုလေးမြတ်ခြင်းသည် သင့်လျော်မည်မဟုတ်ပေလော။

လူသား၏ဖန်ဆင်းရှင်သည် စိတ်ထားမကျဉ်းမြောင်းပါ။ ကိုယ်တော်သည် တစ်ချိန်က ဣသရေလလူမျိုးနှင့် အထူးဆက်ဆံရေးရှိခဲ့သည်မှာ မှန်ပါသည်။ သို့ပင်ငြားလည်း ကိုယ်တော်သည် နာမတော်ကို ဆုတောင်းသူအပေါင်းအား လှိုက်လှိုက်လှဲလှဲကြိုဆိုတော်မူ၏။ ယေဟောဝါထံဆုတောင်းရာတွင် ဣသရေလပညာရှိမင်းတစ်ပါးက ဤသို့ဆိုသည်– “ကိုယ်တော်၏လူ ဣသရေလအမျိုးမဟုတ်၊ တစ်ပါးအမျိုးသားတို့သည် . . . နာမတော်ကိုထောက်သဖြင့် ဝေးသောပြည်မှရောက်လာ၍၊ . . . ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ . . . မြေကြီးသားအပေါင်းတို့သည် . . . နာမတော်ကိုသိစေခြင်းငှာလည်းကောင်း၊ ထိုတစ်ပါးအမျိုးသားတို့သည် ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါ။” (၃ ဓမ္မရာဇဝင် ၈:၄၁-၄၃) ယနေ့တိုင် လူမျိုးအားလုံးသည် ယေဟောဝါအား သိရှိနိုင်ကြပြီး ကိုယ်တော်နှင့် အဓိပ္ပာယ်ပြည့်ဝသောဆက်ဆံရေးရှိနိုင်ကြသည်။ သို့သော် ယင်းက သင်နှင့်မည်သို့သက်ဆိုင်သနည်း။

ယေဟောဝါအားသိရှိခြင်း၏ အကျိုးကျေးဇူးများ

ရှေ့ဆောင်းပါးပါ ပုံဥပမာသို့ပြန်သွားကြရာတွင် သင်သည် အလွန်လှပစွာ ထုပ်ပိုးထားသော ပစ္စည်းတစ်ခုကို လက်ခံရရှိပါက ထိုလက်ဆောင်သည် အဘယ်အတွက်ဖြစ်သည်ကို သင်သိလိုပေမည်။ ယင်းကို မည်သို့အသုံးပြု၊ ကြည့်ရှုသင့်သနည်း။ အလားတူစွာပင်၊ ဘုရားသခင်သည် ကမ္ဘာမြေကြီးကို ကျွန်ုပ်တို့အတွက်ပြင်ဆင်ပေးတော်မူသောအခါ အဘယ်ရည်ရွယ်ချက်ရှိကြောင်း ကျွန်ုပ်တို့သိလိုကြပါသည်။ သမ္မာကျမ်းစာက ၎င်းကို “အချည်းနှီးဖန်ဆင်းသည်မဟုတ်၊” လူသားများ “နေစရာဖို့ ဖန်ဆင်းတော်မူ” ၏ဟုဆိုထားသည်။—ဟေရှာယ ၄၅:၁၈။

သို့သော် လူသားအများစုက ဖန်ဆင်းရှင်၏လက်ဆောင်ကို ဂရုတစိုက်မထိန်းသိမ်းခဲ့ကြချေ။ သူတို့သည် မြေကြီးကိုဖျက်ဆီးနေဆဲရှိကြရာ ယေဟောဝါ၏စိတ်တော်နှင့် မတွေ့ကြပါ။ သို့တိုင် ကိုယ်တော်၏နာမတော်နှင့်အညီ လူနှင့်မြေကြီးအတွက် မိမိ၏မူလရည်ရွယ်တော်မူချက်ကိုပြည့်စုံစေရန် ယေဟောဝါစီရင်ဆုံးဖြတ်ထားတော်မူ၏။ (ဆာလံ ၁၁၅:၁၆; ဗျာဒိတ် ၁၁:၁၈) ကိုယ်တော်သည် ကမ္ဘာမြေကို ပြန်လည်ပြုပြင်ပြီး နာခံမှုရှိသောသားသမီးများအဖြစ် အသက်ရှင်လိုသူများအား အမွေအနေနှင့် ၎င်းကိုပေးတော်မူလိမ့်မည်။—မဿဲ ၅:၅။

ထိုအခါ အခြေအနေမည်သို့ရှိမည်ကို သမ္မာကျမ်းစာ၏နောက်ဆုံးစာစောင်က ဤသို့ဖော်ပြသည်– “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ . . . ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” (ဗျာဒိတ် ၂၁:၃၊ ၄) မည်သူမျှ ချစ်မြတ်နိုးရသူကိုဆုံးရှုံးသောကြောင့် ဝမ်းနည်းပူဆွေးသည့် မျက်ရည်များကျရတော့မည်မဟုတ်။ မည်သူမျှ ကြံရာမရဖြစ်ပြီး အကူအညီရဖို့အတွက် အော်ဟစ်ရတော့မည်မဟုတ်၊ သို့မဟုတ် သေစေနိုင်သောရောဂါများ၏ဝေဒနာကို ခံရကြတော့မည်မဟုတ်။ “သေမင်းသည်” ပင် “ဆုံးရှုံးခြင်းသို့ရောက်ရလတ္တံ့။” (၁ ကောရိန္သု ၁၅:၂၆; ဟေရှာယ ၂၅:၈; ၃၃:၂၄) ယင်းက ကျွန်ုပ်တို့၏ ပထမဦးဆုံးဘိုးဘေးများကို ယေဟောဝါဖန်ဆင်းတော်မူခဲ့သောအခါ မူလအစက ကျွန်ုပ်တို့ကိုစံစားစေလိုတော်မူသည့် အသက်တာဘဝမျိုးကို ဖော်ပြပါသည်။

အမှန်ပင် သင်သည် ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများအလယ်တွင် ထိုသို့သောပရဒိသုအခြေအနေများကို ယခုပင် ကြိုတင်တွေ့မြင်နိုင်ပါသည်။ သူတို့ကို ကိုယ်တော်က ဤသို့မိန့်တော်မူ၏– “ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကိုသွန်သင်၍၊ သင်သွားအပ်သောလမ်းဖြင့်ပို့ဆောင်သော သင်၏အရှင်ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ဖြစ်၏။” (ဟေရှာယ ၄၈:၁၇) ယေဟောဝါသည် မိမိ၏သားသမီးများဖြစ်ကြသော ကျွန်ုပ်တို့ကို အကောင်းဆုံးနည်းဖြင့်အသက်ရှင်ရန် သွန်သင်ပေးတော်မူသော ကြင်နာမှုရှိသည့်ဖခင်တစ်ဦးဖြစ်သည်။ လူတို့အတွက် ကိုယ်တော်၏လမ်းညွှန်ချက်များသည် ကန့်သတ်ချုပ်ချယ်လွန်းခြင်းမဟုတ်ဘဲ မေတ္တာပါပါ ကာကွယ်ပေးဖို့အတွက်ဖြစ်၏။ “[အရှင်ဘုရားသခင်] [“ယေဟောဝါ၊” ကဘ] ဟုဆိုသော် ဝိညာဉ်တော်ကိုဆိုလိုသတည်း။ [အရှင်ဘုရားသခင်] ၏ဝိညာဉ်တော်ရှိရာ၌ လွတ်ခြင်းချမ်းသာ ရှိတတ်၏” ဟူ၍ရေးသားထားသည့်အတိုင်း ၎င်းတို့ကိုလိုက်လျှောက်ခြင်းက စစ်မှန်သောလွတ်လပ်မှုနှင့် ပျော်ရွှင်မှုကိုရရှိစေပါမည်။ (၂ ကောရိန္သု ၃:၁၇) သမ္မာကျမ်းစာတွင်ဖော်ပြထားသည့် လမ်းညွှန်ချက်များကိုလိုက်လျှောက်ခြင်းအားဖြင့် ကိုယ်တော်၏အုပ်ချုပ်ရေးကိုလက်ခံသူများသည် တစ်ချိန်ချိန်တွင် ကမ္ဘာသားအားလုံးထံပျံ့နှံ့သွားမည့် စိတ်ငြိမ်သက်မှုကို ယခုပင် ခံစားနေကြရသည်။—ဖိလိပ္ပိ ၄:၇။

ယေဟောဝါသည် အလွန်ပင် စိတ်စေတနာကောင်းသော ဖခင်တစ်ဦးဖြစ်ပါသည်တကား! အံ့ဖွယ်ကောင်းသော ဖန်ဆင်းရာအားလုံး၏ နောက်ကွယ်တွင်ရှိသောအရှင်သခင်အကြောင်း ပိုမိုသိရှိလိုပါသလော။ ထိုသို့ပြုလိုသူများအတွက် အကျိုးကျေးဇူးများသည် ယခုပင် တန်ဖိုးမဖြတ်နိုင်ပေ။ ထို့ပြင် အနာဂတ်တွင်ရရှိမည့်ကောင်းချီးများသည် ထာဝစဉ်ဖြစ်ပါလိမ့်မည်။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ဟေဗြဲအက္ခရာလေးလုံးဖြင့်ရေးသားထားသည့် နာမတော်မြတ်ကို ရှေးဟောင်းချာ့ချ်အများ၏ နံရံများပေါ်တွင် တွေ့ရှိနိုင်သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ