သွေးဆောင်ခြင်းနည်းပညာဖြင့် နှလုံးများကိုထိမိခြင်း
များစွာသောသူတို့သည် “သွေးဆောင်ခြင်း” ဟူသောစကားလုံးနှင့်ပတ်သက်၍ သံသယဝင်တတ်ကြသည်။ ယင်းက အတင်းဝယ်ခိုင်းသောဈေးသည် သို့မဟုတ် စားသုံးသူကိုလှည့်ဖြားရန် သို့မဟုတ် ဉာဏ်ဆင်ရန် ဖန်တီးထားသောကြော်ငြာကို သတိရစေပေမည်။ သမ္မာကျမ်းစာ၌ပင် သွေးဆောင်ခြင်းကို အပြုသဘောမပါသောအဓိပ္ပာယ်ဖြင့် မကြာခဏဖော်ပြထားပြီး ယိုယွင်းမှု သို့မဟုတ် လမ်းလွဲစေသောဦးဆောင်မှုသဘောသက်ရောက်သည်။ ဥပမာ၊ ခရစ်ယာန်တမန်တော်ပေါလုက ဂလာတိမြို့သားများထံ ဤသို့ရေးသားခဲ့သည်– “သင်တို့သည် ကောင်းမွန်စွာပြေးကြ၏။ သို့ဖြစ်၍ သမ္မာတရားကိုနားမထောင်စေခြင်းငှာ အဘယ်သူဆီးတားသနည်း။ . . . [“ဤသို့သောသွေးဆောင်မှုသည် သင်တို့အားခေါ်တော်မူသောသူ၊” ကဘ] ထံတော်မှ လာသည်မဟုတ်။” (ဂလာတိ ၅:၇၊ ၈) အဘယ်မည်သောသူမျှ ‘ဖြားယောင်းသောစကားဖြင့် သူတို့ကိုမလှည့်ဖြားစေ’ ရန်လည်း ကောလောသဲမြို့သားများကို ပေါလုသတိပေးခဲ့သည်။ (ကောလောသဲ ၂:၄) ထိုသို့သောသွေးဆောင်မှုသည် မှားယွင်းသောအခြေအမြစ်များအပေါ် တည်ဆောက်ထားသော လိမ္မာပါးနပ်သည့် အချေအတင်စကားများအပေါ် အမှီပြုသည်။
သို့ရာတွင် တိမောသေထံရေးသည့် သူ၏ဒုတိယစာတွင် သွေးဆောင်ခြင်းသဘောကို ခြားနားသောအဓိပ္ပာယ်တစ်ခုဖြင့် တမန်တော်ပေါလု အသုံးပြုထားသည်။ သူဤသို့ရေးသားခဲ့သည်– “သင်သည် အဘယ်သူထံ၌နည်းခံခဲ့ပြီးသည်ကို . . . သိမှတ်သည်နှင့်၊ အထက်ကသင်၍ နှလုံးသွင်းမိသော [“ယုံကြည်ရန် သွေးဆောင်ခံရသော၊” ကဘ] အယူဝါဒ၌တည်နေလော့။” (၂ တိမောသေ ၃:၁၄၊ ၁၅) တိမောသေသည် ‘ယုံကြည်ရန်သွေးဆောင်ခံရ’ ရာတွင် ကျမ်းစာသမ္မာတရားကို သင်ကြားပေးခဲ့သော သူ၏မိခင်နှင့်အဖွားတို့၏ ဉာဏ်ဆင်မှုကို ခံခဲ့ရခြင်းမဟုတ်ပါ။—၂ တိမောသေ ၁:၅။a
ပေါလုသည် ရောမမြို့တွင် အကျယ်ချုပ်ခံနေရစဉ် များစွာသောသူတို့ကို စေ့စေ့စပ်စပ်သက်သေခံပြီး “ထိုသူတို့သည်ယေရှု၏အကြောင်းများကို ယုံကြည်စေခြင်းငှာ၊ မောရှေ၏ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့ကိုအမှီပြု၍ ဖြားယောင်းသွေးဆောင်သဖြင့်လည်းကောင်း၊ နံနက်အချိန်မှစ၍ ညအချိန်တိုင်အောင် ထုတ်ဖော်ဟောပြောလေ၏။” (တမန်တော် ၂၈:၂၃) ပေါလုသည် မိမိ၏ပရိသတ်ကို လှည့်ဖြားနေခြင်းလော။ လုံးဝမဟုတ်ပါ! ထို့ကြောင့် သွေးဆောင်ခြင်းသည် အမြဲမမှားကြောင်း ရှင်းနေပါသည်။
အပြုသဘောပါစွာ အသုံးပြုထားသည့် “သွေးဆောင်” ဟုဘာသာပြန်ထားသော ဂရိစကားလုံး၏အရင်းအမြစ်မှာ ယုံကြည်စိတ်ချစေခြင်း၊ ခိုင်လုံပြီး ဆင်ခြင်တုံတရားနှင့်ညီစွာဆင်ခြင်ခြင်းဖြင့် စိတ်သဘောထားပြောင်းလဲစေခြင်းဟူ၍ အဓိပ္ပာယ်ရှိသည်။ သို့ဖြစ်၍ သင်ကြားပေးသူတစ်ဦးသည် အခြားသူများအား ကျမ်းစာသမ္မာတရားကို ယုံကြည်စိတ်ချစေရန် ကျမ်းစာအခြေအမြစ်တစ်ခုအပေါ် တည်ဆောက်ပြီး သွေးဆောင်ပြောဆိုခြင်းကို အသုံးပြုနိုင်သည်။ (၂ တိမောသေ ၂:၁၅) အမှန်ပင် ၎င်းသည် ပေါလု၏ဓမ္မအမှုဆိုင်ရာ အမှတ်အသားတစ်ခုဖြစ်ခဲ့သည်။ ခရစ်ယာန်သွန်သင်ချက်များသည် မှားယွင်းသည်ဟုယူမှတ်သူ ဒေမေတရိအမည်ရှိသော ပန်းထိမ်သမားတစ်ယောက်ပင်လျှင် ဤသို့သတိပြုမိခဲ့သည်– “ပေါလုက၊ လူလက်ဖြင့်လုပ်သမျှတို့သည် ဘုရား [သခင်] မဟုတ်ဟုဆိုသဖြင့်၊ ဧဖက်မြို့မှစ၍ အာရှိပြည်တစ်လျှောက်လုံးကုန်မတတ်၊ လူအပေါင်းတို့ကိုဖြားယောင်းသွေးဆောင်သည်ကို သင်တို့သည်မြင်လျက်၊ ကြားလျက်ရှိကြ၏။”—တမန်တော် ၁၉:၂၆။
ဓမ္မအမှုတွင် သွေးဆောင်မှုကိုအသုံးပြုခြင်း
ယေရှုခရစ်သည် မိမိနောက်လိုက်များကို ဤသို့သွန်သင်ခဲ့သည်– “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အားပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်။” (မဿဲ ၂၈:၁၉၊ ၂၀) နိုင်ငံပေါင်း ၂၃၀ ကျော်ရှိ ယေဟောဝါသက်သေများသည် ဤအမိန့်တော်ကိုနာခံနေကြပါသည်။ ၁၉၉၇၊ သူတို့၏လုပ်ငန်းတော်နှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် သူတို့သည် အိမ်တွင်းကျမ်းစာသင်အံမှု ပျမ်းမျှ ၄,၅၅၂,၅၈၉ ခုကို လစဉ်ပင် ကျင်းပခဲ့ကြသည်။
သင်သည် အိမ်တွင်းကျမ်းစာသင်အံမှုကျင်းပရန် အခွင့်အရေးရရှိပါက သွေးဆောင်ခြင်းနည်းပညာကိုအသုံးပြုရန် လိုအပ်မည့်စိန်ခေါ်ချက်များကို ကြုံရကောင်းကြုံရပေမည်။ ဥပမာ၊ နောက်တစ်ကြိမ် သင်အံမှုပြုချိန်တွင် သုံးပါးပေါင်းတစ်ဆူနှင့်ပတ်သက်၍ မေးခွန်းတစ်ခုပေါ်ပေါက်သည်ဟုဆိုကြပါစို့။ သင့်သင်သားသည် ဤအယူဝါဒကိုယုံကြည်ကြောင်း သင်သိထားသည်ဆိုလျှင် မည်သို့ပြုမည်နည်း။ ထိုအကြောင်းအရာကိုဆွေးနွေးသည့် စာပေတစ်ခုကို သူ့အား ပေးနိုင်ပါသည်။ ယင်းကို သူဖတ်ပြီးသည့်နောက် ဘုရားသခင်နှင့်ယေရှုသည် အတူတူမဟုတ်ကြောင်းလက်ခံရန် သူသွေးဆောင်ခံရသည်ကို သင်တွေ့ရှိရပေမည်။ သို့သော် မေးခွန်းတချို့ကျန်ရှိနေသေးပါက သင်မည်သို့ဆက်ပြုလုပ်နိုင်သနည်း။
ဂရုတစိုက်နားထောင်ပါ။ ယင်းက သင်၏သင်သားသည် အကြောင်းအရာတစ်ခုကို မည်မျှအထိယုံကြည်ထားနှင့်ကြောင်းပိုင်းဖြတ်သိရှိရန် ထောက်ကူပေးပါလိမ့်မည်။ ဥပမာ၊ သင့်သင်သားက “သုံးပါးပေါင်းတစ်ဆူကို ကျွန်တော်ယုံတယ်” ဟုဆိုပါက ထိုအယူမှားကြောင်းသက်သေပြရန် ချက်ချင်းကျမ်းစာဆွေးနွေးလိုက်နိုင်ပါသည်။ သို့သော် သုံးပါးပေါင်းတစ်ဆူနှင့်စပ်လျဉ်း၍ ယုံကြည်ချက်အမျိုးမျိုးရှိနေပါသည်။ သင့်သင်သားသည် သုံးပါးပေါင်းတစ်ဆူအယူအဖြစ် သင်ရှင်းပြမည့်ခံယူချက်နှင့် အတော်ပင်ခြားနားသည့်အယူအဆကို ယုံကြည်ပေမည်။ ပြန်ဝင်စားခြင်း၊ မသေနိုင်သောဝိညာဉ်စိုးလ်နှင့် ကယ်တင်ခြင်းတို့ကဲ့သို့သော အခြားယုံကြည်ချက်များနှင့်ပတ်သက်၍လည်း အလားတူပြောဆိုနိုင်ကြပေမည်။ ထို့ကြောင့် စကားစတင်မပြောမီ ဂရုတစိုက်နားထောင်ပါ။ သင်သားယုံကြည်ရာကို ထင်မြင်ယူဆမနေပါနှင့်။—သု. ၁၈:၁၃။
မေးခွန်းများမေးပါ။ ယင်းတို့တွင် ဤအချက်များပါဝင်နိုင်ပေသည်– ‘သုံးပါးပေါင်းတစ်ဆူကို လက်ခံယုံကြည်ထားတာ ကြာပြီလား။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကျမ်းစာရဲ့အဆိုကို စေ့စေ့စပ်စပ်လေ့လာဖူးသလား။ ဘုရားသခင်ဟာ သုံးပါးပေါင်းတစ်ဆူအဝင်ဖြစ်တယ်ဆိုရင် ကိုယ်တော်ရဲ့စကားတော်၊ သမ္မာကျမ်းစာက အဲ့ဒီအကြောင်းကို ရှင်းရှင်းလင်းလင်းနဲ့တိုက်ရိုက် ပြောပြလိမ့်မယ်မဟုတ်ဘူးလား။’ သင်သားကိုသွန်သင်ပေးရာတွင် အခါအားလျော်စွာရပ်တန့်ပြီး ဤသို့သောမေးခွန်းများကိုမေးပါ– ‘သုံးသပ်ခဲ့တဲ့အကြောင်းအရာတွေဟာ သင့်အတွက် ကျိုးကြောင်းညီညွတ်ရဲ့လား။’ ‘ဒီရှင်းပြချက်ကိုကော သဘောတူသလား။’ မေးခွန်းများကို ကျွမ်းကျင်စွာအသုံးပြုခြင်းအားဖြင့် သင်ယူခြင်းအစီအစဉ်တွင် သင်သားကို ပါဝင်စေပါသည်။ အကြောင်းအရာတစ်ခုအပေါ် သင်ရှင်းပြနေခြင်းကိုသာ နားထောင်ရုံနားထောင်နေခြင်း မဖြစ်သင့်ပါ။
ခိုင်လုံသောကျိုးကြောင်းဆင်ခြင်မှုကိုအသုံးပြုပါ။ ဥပမာ၊ သုံးပါးပေါင်းတစ်ဆူ အယူဝါဒကိုဆွေးနွေးရာတွင် သင်၏သင်သားကို ဤသို့ပြောနိုင်သည်– ‘ယေရှုနှစ်ခြင်းခံတုန်းက “သင်ကား၊ ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း” ဆိုပြီး ကောင်းကင်ကအသံထွက်လာတယ်။ ဘုရားသခင်ဟာ နှစ်ခြင်းခံနေပြီး ကမ္ဘာပေါ်မှာ တကယ်ပဲရှိနေမယ်ဆိုရင် အဲဒီစကားတွေကို ကမ္ဘာပေါ်မှာကြားနိုင်ရအောင် သူ့အသံကို ကောင်းကင်ကိုပစ်လွှတ်ပြီး ပြန်ကြားရစေတယ်လို့ထင်သလား။ အဲ့ဒီလိုဆိုရင် ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နေတာ မဖြစ်ပေဘူးလား။ “မုသာနှင့်ကင်းစင်တော်မူ” တဲ့ဘုရားသခင်ဟာ အဲဒီလိုလှည့်စားပါ့မလား။’—လုကာ ၃:၂၁၊ ၂၂; တိတု ၁:၁၊ ၂။
ခိုင်လုံသောဆင်ခြင်တုံတရားကို လိမ္မာပါးနပ်စွာတင်ပြပြောဆိုခြင်းသည် အတော်အတန်ထိရောက်လေ့ရှိသည်။ ဗာဘရာဟုကျွန်ုပ်တို့ခေါ်ကြမည့် အမျိုးသမီးတစ်ဦး၏ပုံနမူနာကို သုံးသပ်ကြည့်ပါ။ သူမ၏အသက်တာတစ်လျှောက်လုံး သူမခမျာ ယေရှုသည် ဘုရားသခင်ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်ပါဝင်သည့် သုံးပါးပေါင်းတစ်ဆူအဝင်ဖြစ်၏ဟု ယုံကြည်ခဲ့သည်။ သို့သော် ယေဟောဝါသက်သေတစ်ဦးက ဘုရားသခင်နှင့်ယေရှုသည် ကွဲပြားခြားနားသောပုဂ္ဂိုလ်များဖြစ်ကြောင်း ပြောပြပြီးနောက် သူ၏အဆိုကိုထောက်ခံသည့်ကျမ်းချက်များကိုပါ သူမအား ဖော်ပြခဲ့သည်။b ဗာဘရာသည် ကျမ်းစာကိုမချေပနိုင်ချေ။ တစ်ကြိမ်တည်းတွင် သူမသည် စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့သည်။ သုံးပါးပေါင်းတစ်ဆူအယူသည် သူမအလွန် အမြတ်တနိုးထားခဲ့သောအယူဖြစ်သည်။
၎င်းသက်သေခံသည် ဗာဘရာကို စိတ်ရှည်စွာဖြင့် ကျိုးကြောင်းဆင်ခြင်၍ ရှင်းပြခဲ့သည်။ “ပုဂ္ဂိုလ်နှစ်ဦးဟာ တူညီတယ်ဆိုတာကို သင်ပေးချင်ရင် အဲ့ဒါကိုပုံဖော်ပြဖို့ မိသားစုထဲက ဘယ်တော်စပ်မှုမျိုးကိုတင်ပြမလဲ” ဟုသူကမေးခဲ့သည်။ တစ်ခဏတာစဉ်းစားပြီးနောက် သူမက ဤသို့ဖြေလိုက်သည်– “ညီအစ်ကိုနှစ်ဦးကိုအသုံးပြုမယ်။” “သိပ်မှန်တာပေါ့” ဟုသက်သေခံကပြန်ပြောသည်။ “ခွဲမရအောင်တူတဲ့အမြွှာတောင်ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘုရားသခင်ကို ဖခင်အဖြစ်နဲ့ သူ့ကိုယ်နှိုက်ကိုတော့ သားတော် အဖြစ်ရှုမြင်ဖို့ ယေရှုသင်ပေးခဲ့တာ ဘာကိုဆိုလိုတာလဲ။” ဗာဘရာ၏မျက်လုံးများ ပြူးကျယ်လာပြီးမှ သူမက “ကျွန်မနားလည်ပြီ” ဟုဆိုသည်။ “တစ်ဦးဟာ အသက်ပိုကြီးပြီး အခွင့်အာဏာပိုရှိတာကို ကိုယ်တော်ဖော်ပြနေတာဖြစ်တယ်။”
“မှန်တယ်” ဟုသက်သေခံက ပြန်ဖြေဆို၍ “နောက်ပြီးတော့ ဖခင်ကြီးစိုးတဲ့အသိုင်းအဝိုင်းမှာ နေထိုင်ခဲ့ကြတဲ့ ယေရှုရဲ့ဂျူးပရိသတ်ဟာ အဲ့ဒီကောက်ချက်ကို အထူးသဖြင့်ချခဲ့ကြမှာပဲ။” သူပြောလိုသည့်အချက်ကို ထိထိမိမိပေါ်လွင်စေရန် သက်သေခံက ဤသို့နိဂုံးချုပ်လိုက်သည်– “တန်းတူဖြစ်တာကိုသွန်သင်ပေးဖို့ ဒီလောက်သင့်တော်တဲ့ ညီအစ်ကိုချင်း ဒါမှမဟုတ် ခွဲမရအောင်တူတဲ့အမြွှာပူးဥပမာကို ကျွန်တော်တို့ပေးနိုင်ရင် ကြီးမြတ်တဲ့ဆရာ ယေရှုလည်းပဲ ပေးနိုင်မှာသေချာပါတယ်။ အဲဒီအစား သူနဲ့ဘုရားသခင်စပ်ကြားမှာရှိတဲ့ တော်စပ်ပုံကိုဖော်ပြဖို့ ‘ဖခင်’ နဲ့ ‘သား’ ဆိုတဲ့အသုံးအနှုန်းတွေကို ကိုယ်တော်အသုံးပြုခဲ့တယ်။”
ဗာဘရာသည် နောက်ဆုံးတွင်သဘောပေါက်သွားပြီး လက်ခံယုံကြည်ခဲ့သည်။ သွေးဆောင်ခြင်းနည်းပညာက သူမ၏နှလုံးကို ထိမိခဲ့ပါသည်။
စိတ်လှုပ်ရှားမှုများကို ကိုင်တွယ်ခြင်း
ဆွဲနုတ်၍မရအောင် အမြစ်တွယ်နေသည့် ဘာသာရေးယုံကြည်ချက်များသည် များသောအားဖြင့် စိတ်လှုပ်ရှားမှုပိုင်းနှင့် စပ်ဆိုင်လေ့ရှိသည်။ ဘာသာတရားကိုင်းရှိုင်းသော ကက်သလစ်အသင်းသူ အဲဒ်နာ၏ကိစ္စကိုသုံးသပ်ကြည့်ပါ။ သူမ၏ ဆယ်ကျော်သက်အရွယ်မြေးနှစ်ဦးက ဘုရားသခင်နှင့်ယေရှုသည် တစ်ဦးတည်းမဟုတ်ကြောင်းသိရှိစေရန် ရှင်းလင်းသော ကျမ်းစာသာဓကကို တင်ပြခဲ့ကြသည်။ အဲဒ်နာသည် ကြားသမျှကို သဘောပေါက်ပါသည်။ သို့သော်ငြားလည်း သူမသည် ကြင်နာစွာနှင့် တစ်ကြိမ်တည်းတွင် ခိုင်မာစွာဖြင့် ဤသို့ပြောသည်– “သန့်ရှင်းသော သုံးပါးပေါင်းတစ်ဆူကိုပဲ အဖွားယုံတယ်။”
သင်သည် အလားတူတွေ့ကြုံမှုမျိုး ကြုံဖူးကောင်းကြုံဖူးမည်။ များစွာသောသူတို့သည် ၎င်းတို့၏ဘာသာရေးအယူများကို မိမိတို့မည်သူမည်ဝါဖြစ်သည်နှင့် စပ်ဆိုင်သည့်အလား ရှုမြင်ကြသည်။ ထိုသို့သောကျမ်းစာသင်သားများကိုသွေးဆောင်ရန် အေးတိအေးစက်ဖြစ်သော ဆင်ခြင်တုံတရား၊ သို့မဟုတ် လူတစ်ဦး၏မှားယွင်းသောအမြင်ကို ထောက်ပြသည့် ကျမ်းချက်တသီတတန်းကြီးထက်ပင် လိုအပ်ပေသည်။ ထိုသို့သောအခြေအနေများကို ထောက်ထားစာနာမှုနှင့်အတူ သွေးဆောင်ခြင်းနည်းပညာကို ဟန်ချက်ညီညီ တွဲပြီးအသုံးပြုခြင်းအားဖြင့် ကောင်းစွာကိုင်တွယ်နိုင်ပါသည်။ (ရောမ ၁၂:၁၅; ကောလောသဲ ၃:၁၂ နှိုင်းယှဉ်။) မှန်ပါသည်၊ ထိရောက်စွာသွန်သင်ပေးသူကိုယ်တိုင်သည် ခံယူချက်ခိုင်မာရမည်ဖြစ်သည်။ ဥပမာ၊ “ငါစိတ်ချသတည်း” နှင့် “အရှင်ယေရှုအားဖြင့် ငါစိတ်ချစွာသိ” ၏ဟူသောစကားစုများကို ပေါလုအသုံးပြုခဲ့ပါသည်။ (ရောမ ၈:၃၈; ၁၄:၁၄၊ သမ) သို့ရာတွင် ကျွန်ုပ်တို့၏ခံယူချက်များကိုဖော်ပြရာတွင် တစ်ယူသန်ဖြစ်ခြင်း၊ မိမိသာဖြောင့်မတ်သည့်လေသံမျိုးဖြင့်၊ သို့မဟုတ် ကျမ်းစာသမ္မာတရားကိုတင်ဆက်ရာတွင် ထေ့ငေါ့ပြောဆိုခြင်း၊ မလေးမခန့်ပြုခြင်းတို့ကို မပြုသင့်ချေ။ ကျွန်ုပ်တို့သည် သင်သားကို ထိပါးစော်ကားခြင်း သို့မဟုတ် မထီလေးစားပြုခြင်းကိုပင် အမှန်မပြုလုပ်လိုကြပါ။—သု. ၁၂:၁၈။
သင်သား၏ယုံကြည်ချက်များကိုလေးစားခြင်းနှင့် သူ၏ခံယူချက်ရှိပိုင်ခွင့်ကိုအသိအမှတ်ပြုခြင်းသည် သာ၍ပင်ထိရောက်ပေသည်။ နှိမ့်ချမှုသည် သော့ချက်ဖြစ်သည်။ စိတ်နှိမ့်ချသောသွန်သင်သူတစ်ဦးသည် မိမိ၏သင်သားထက် မိမိသာသည်ဟုယူမှတ်မည်မဟုတ်ချေ။ (လုကာ ၁၈:၉-၁၄; ဖိလိပ္ပိ ၂:၃၊ ၄) ဘုရားရေးရာသွေးဆောင်မှုတွင် တစ်နည်းအားဖြင့် ဤသို့ပြောဆိုသည့် စိတ်နှိမ့်ချသောသဘောရှိသည်– ‘ဒါကိုသဘောပေါက်ဖို့ ယေဟောဝါက ကရုဏာတော်နဲ့ ကျွန်တော့်ကိုကူညီပေးခဲ့ပါတယ်။ ခင်ဗျားကို ကျွန်တော်ဝေမျှပေးပါရစေ။’
ကောရိန္သုမြို့ရှိ ခရစ်ယာန်ချင်းတို့ထံ ပေါလု ဤသို့ရေးသားခဲ့သည်– “ငါတို့စစ်တိုက်၍သုံးစွဲသောလက်နက်သည် ဇာတိပကတိလက်နက်မဟုတ်။ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြတို့ကိုဖြိုဖျက်နိုင်သော လက်နက်ဖြစ်၏။ ထိုလက်နက်အားဖြင့် လူတို့၏အကြံအစည်တို့ကိုလည်းကောင်း၊ ဘုရားသခင်ကိုသိသောပညာကို ဆီးတားသော မာန်မာနရှိသမျှတို့ကိုလည်းကောင်း နှိမ့်ချမှောက်လှန်၍ ခပ်သိမ်းသောစိတ်တို့ကို ဖမ်းသွားချုပ်ထားလျက်၊ ခရစ်တော်၏စကားကို နားထောင်စေကြ၏။” (၂ ကောရိန္သု ၁၀:၄၊ ၅) ယနေ့ ယေဟောဝါသက်သေများသည် ဘုရားသခင့်နှုတ်ထွက်စကားတော်ကို အသုံးပြုပြီး ဆွဲနုတ်၍မရနိုင်အောင် အမြစ်တွယ်နေသည့် အယူမှားများကိုသာမက ကိုယ်တော်မနှစ်သက်သော အရိုးစွဲနေသည့်အကျင့်အကြံများနှင့် စရိုက်လက္ခဏာများကို မှောက်လှန်နေကြပါသည်။ (၁ ကောရိန္သု ၆:၉-၁၁) ဤသို့ပြုရာတွင် ယေဟောဝါသည် သူတို့ကို မေတ္တာပါပါသည်းခံတော်မူခဲ့ကြောင်းကို သက်သေခံများသတိရကြပါသည်။ သူတို့တွင် ကိုယ်တော့်နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာရှိပြီး မှားယွင်းသောသွန်သင်ချက်များကို အမြစ်ပါမကျန်ဆွဲနုတ်ပစ်ရန်နှင့် သွေးဆောင်ခြင်းနည်းပညာဖြင့် နှလုံးများကိုထိမိရန် ဤထက်မြတ်သောလက်နက်ကိုအသုံးပြုရသည့်အတွက် မည်မျှဝမ်းသာကြပါသည်တကား!
[အောက်ခြေမှတ်ချက်များ]
a ဤကင်းမျှော်စင် စာမျက်နှာ ၇-၉ ရှိ “ဥနိတ်နှင့်လောဣ—စံထားလောက်သောနည်းပေးလမ်းပြသူများ” ဆောင်းပါးကိုရှု။
b ယောဟန် ၁၄:၂၈; ဖိလိပ္ပိ ၂:၅၊ ၆; ကောလောသဲ ၁:၁၃-၁၅ ရှု။ ထပ်ဆင့်သိသင့်သိအပ်သော အကြောင်းအရာအတွက် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ နယူးယောက်မှထုတ်ဝေသော သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည်သင့်သလော [လိပ်] ဘရိုရှာကိုရှု။
[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်]
သင့်သင်သား၏နှလုံးကိုထိမိခြင်း
▫ ကျမ်းစာသင်သား၏နှလုံးကိုထိမိခြင်းငှာ ယေဟောဝါ၏လမ်းပြညွှန်ကြားမှုအတွက် ဆုတောင်းပါ။—နေဟမိ ၂:၄၊ ၅; ဟေရှာယ ၅၀:၄။
▫ သင်သားယုံကြည်သည့်အရာနှင့် အဘယ်ကြောင့် အယူမှားကို နှစ်သက်နေရသည့်အကြောင်းကို ပိုင်းခြားသိမြင်ပါ။—တမန်တော် ၁၇:၂၂၊ ၂၃။
▫ နှစ်ဦးနှစ်ဖက်သဘောတူနိုင်သောအကြောင်းကိုရယူကာ စိတ်ရှည်ရှည်နှင့် ကြင်နာစွာဖြင့် ဆင်ခြင်တုံတရားနှင့်ညီသော ကျမ်းဆိုင်ရာအချေအတင်ပြောဆိုချက်တစ်ခုကို တည်ဆောက်ပါ။—တမန်တော် ၁၇:၂၄-၃၄။
▫ ဖြစ်နိုင်ပါက ထိရောက်သောပုံဥပမာများဖြင့် ကျမ်းစာသမ္မာတရားကို ခိုင်လုံစေပါ။—မာကု ၄:၃၃၊ ၃၄။
▫ သမ္မာကျမ်းစာမှ တိကျမှန်ကန်သောအသိပညာဆည်းပူးခြင်း၏ အကျိုးကျေးဇူးများကို သင်သားအား ဖော်ပြပါ။—၁ တိမောသေ ၂:၃၊ ၄; ၂ တိမောသေ ၃:၁၄၊ ၁၅။