ဘုရားသခင်သည် သင့်အတွက်ပုဂ္ဂိုလ်စင်စစ်ဖြစ်သလော
စိတ်ဆင်းရဲစရာပြဿနာများ သင်ကြုံရသောအခါ ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံ လိုလိုလားလားချဉ်းကပ်သလော။ ချဉ်းကပ်မည်ဆိုလျှင် သင်သည် ပုဂ္ဂိုလ်စင်စစ်တစ်ပါးအား စကားပြောဆိုနေသည်ဟု သဘောထားသလော။
မိမိ၏ကောင်းကင်ခမည်းတော်ကိုရည်ညွှန်း၍ ယေရှုခရစ် ဤသို့မိန့်မြွက်ခဲ့သည်– “ငါ့ကို စေလွှတ်တော်မူလိုက်သောအရှင်၊ အစစ်အမှန်ရှိတော်မူ၏။” (ယောဟန် ၇:၂၈၊ သမ) မှန်ပါသည်၊ ယေဟောဝါသည် ပုဂ္ဂိုလ်စင်စစ်ဖြစ်ပြီး ကိုယ်တော့်ထံဆုတောင်းခြင်းသည် အလွန်ရင်းနှီးသောလူသားမိတ်ဆွေတစ်ဦးထံ အကူအညီ သို့မဟုတ် အကြံဉာဏ်တောင်းခြင်းနှင့်တူသည်။ သို့သော် ဘုရားသခင်နားညောင်းတော်မူရန် ကျွန်ုပ်တို့၏ဆုတောင်းချက်များသည် နားညောင်းဖွယ်ဆုတောင်းချက်ဖြစ်ဖို့ ကျမ်းစာဆိုင်ရာတောင်းဆိုချက်များနှင့်ကိုက်ညီရပေမည်။ ဥပမာ၊ ကျွန်ုပ်တို့သည် ‘[ဆုတောင်းချက်] ကိုနားညောင်းတော်မူသောအရှင်’ အားကိုယ်တော့်သားတော်ယေရှုခရစ်မှတစ်ဆင့် နှိမ့်ချစွာချဉ်းကပ်ကြရမည်။—ဆာလံ ၆၅:၂; ၁၃၈:၆; ယောဟန် ၁၄:၆။
အချို့က ဘုရားသခင်ကိုမမြင်နိုင်သောကြောင့် ကိုယ်တော်သည် ပုဂ္ဂိုလ်တစ်ပါးမဟုတ်ဟု ယူဆကြပေမည်။ ထိုသူတို့အတွက် ဘုရားသခင်သည် စိတ်ဖြင့်သာတွေးတောသိရှိရသော သဘောမျှသာဖြစ်ဟန်ရှိသည်။ ဘုရားသခင်၏ အံ့ဖွယ်ဂုဏ်ရည်တော်များကို သိရှိလာသူခရစ်ယာန်အချို့ပင်လျှင် ကိုယ်တော်သည် ပုဂ္ဂိုလ်စင်စစ်ဖြစ်ကြောင်း နားလည်သဘောပေါက်ရန်တစ်ခါတစ်ရံအခက်တွေ့ပေမည်။ ဤသို့ သင်ခံစားဖူးသလော။ သို့ဆိုလျှင် ယေဟောဝါဘုရားသခင်သည် သင့်အတွက်ပုဂ္ဂိုလ်စင်စစ်ဖြစ်ရန် အဘယ်အရာကထောက်ကူနိုင်မည်နည်း။
ကျမ်းစာကိုလေ့လာပါ
သန့်ရှင်းသောကျမ်းစာစောင်များကို သင်မှန်မှန်လေ့လာသလော။ သင်သည် ကျမ်းစာကိုဝီရိယရှိရှိ များများလေ့လာလေ၊ ယေဟောဝါဘုရားသခင်သည် သင့်အတွက် ပုဂ္ဂိုလ်စင်စစ်သာ၍ဖြစ်လာပါလိမ့်မည်။ သို့နှင့် သင့်ယုံကြည်ခြင်းသည် ခိုင်ခံ့လာကာ “မျက်မြင်မရသောဘုရားသခင်ကိုမြင်” နိုင်ဘိသကဲ့သို့ဖြစ်မည်။ (ဟေဗြဲ ၁၁:၆၊ ၂၇) တစ်ဖက်မှကြည့်လျှင် တစ်ခါတစ်ရံသာ၊ သို့မဟုတ် ပြတ်တောင်းပြတ်တောင်းသာ ကျမ်းစာလေ့လာခြင်းသည် သင့်ယုံကြည်ခြင်းကို သိသိသာသာအကျိုးပြုမည်မဟုတ်ချေ။
ဥပမာ– သင့်ဆရာဝန်က နာတာရှည်အင်ပျဉ်ကိုပျောက်ကင်းစေရန် လိမ်းဆေးတစ်မျိုးကို တစ်နေ့နှစ်ကြိမ်လိမ်းရန် ညွှန်ကြားသည်ဆိုပါစို့။ တစ်လလျှင် တစ်ကြိမ်နှစ်ကြိမ်ခန့်သာ ဆေးလိမ်းမည်ဆိုလျှင် သင့်အင်ပျဉ်နာပျောက်ပါမည်လော။ ပျောက်နိုင်မည်မဟုတ်ချေ။ အလားတူစွာ ဆာလံဆရာက ဝိညာဉ်ရေးကျန်းမာမှုအတွက် “ဆေးညွှန်း” တစ်ခုကိုကျွန်ုပ်တို့အားပေးထားသည်။ ဘုရားသခင့် “တရားတော်ကို နေ့ညမပြတ်” ဖတ်ရွတ်ပါလေ။ (ဆာလံ ၁:၁၊ ၂) အဆင့်ဆင့်တိုး၍ အကျိုးခံစားရရန် “ဆေးညွှန်း”—ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ခရစ်ယာန်စာပေများအကူအညီဖြင့် နေ့စဉ်ဆင်ခြင်သုံးသပ်ခြင်းဖြင့် လိုက်လျှောက်ဖို့လိုသည်။—ယောရှု ၁:၈။
သင့်လေ့လာချိန်များကို ယုံကြည်ခြင်းပိုမိုခိုင်ခံ့စေသည့်အချိန်များ ဖြစ်လာစေလိုသလော။ အကြံပြုချက်တစ်ခုမှာ ဤသို့– သန့်ရှင်းသောကျမ်းစာစောင်များ၏ ကမ္ဘာသစ်ဘာသာပြန်ကျမ်း သို့မဟုတ် အပြန်အလှန်ကိုးကားချက်များပါရှိသော အခြားကျမ်းစာတစ်စောင်မှ အခန်းကြီးတစ်ခုကိုဖတ်ပြီးနောက် စိတ်ဝင်စားစရာကောင်းသောအခန်းငယ်တစ်ခုကိုရွေးကာ ကိုးကားထားသော ကျမ်းချက်များကို ရှာဖွေဖတ်ရှုပါ။ ယင်းသည် သင့်လေ့လာမှုကိုတိုးတက်စေမည်၊ သို့နှင့် ကျမ်းစာ၏အတွင်းသဘောညီညွတ်မှုကို သင်စွဲမှတ်လာမည်မှာ ယုံမှားဖွယ်မရှိချေ။ ထိုအခါ ယင်း၏အာဘော်ရှင် ယေဟောဝါဘုရားသခင်သည် သင့်အတွက် ပုဂ္ဂိုလ်စင်စစ်သာ၍ဖြစ်လာပေမည်။
အပြန်အလှန်ကိုးကားချက်များကိုအသုံးပြုခြင်းသည် သမ္မာကျမ်းစာပရောဖက်ပြုချက်များနှင့် ယင်းတို့၏ပြည့်စုံချက်များကို သင်ကောင်းမွန်စွာသိမြင်နားလည်ထားရန်လည်း အကူအညီရနိုင်သည်။ ဗာဗုလုန်လက်ချက်ဖြင့် ယေရုရှလင်မြို့ပျက်စီးခြင်းကဲ့သို့သော အဓိကကျမ်းစာပရောဖက်ပြုချက်များကို သင်သိရှိထားပြီးဖြစ်ပေမည်။ သို့တိုင် သမ္မာကျမ်းစာတွင် အပြန်အလှန်ဆက်စပ်နေသောပရောဖက်ပြုချက်များနှင့် ယင်းတို့၏ပြည့်စုံချက်မြောက်မြားစွာပါရှိသည်။ ယင်းတို့အနက် အချို့ကို လူအများမသိကြချေ။
ဥပမာ၊ ယေရိခေါမြို့ကိုပြန်လည်တည်ဆောက်ခြင်းအတွက် ခံရမည့်အပြစ်ဒဏ်နှင့်ပတ်သက်သော ပရောဖက်ပြုချက်ကိုဖတ်ပြီး ယင်း၏ပြည့်စုံချက်ကို သုံးသပ်ပါ။ ယောရှု ၆:၂၆ ကဤသို့ဖော်ပြသည်– “ထိုအခါ ယောရှုက ‘အကြင်သူသည်ထ၍ ယေရိခေါမြို့ကိုတည်ပြန်၏၊ ထိုသူသည် ထာဝရဘုရားရှေ့တော်၌ ကျိန်အပ်သောသူဖြစ်ပါစေ။ သူသည်သားဦးလက်ထက်၌ မြို့ရိုးအမြစ်ကိုတည်၍ သားထွေးလက်ထက်၌ မြို့တံခါးတို့ကိုထောင်ပါစေ’ ဟုကျိန်ဆိုလေ၏။” နှစ်ပေါင်း ၅၀၀ ခန့်ကြာပြီးနောက် ၎င်းသည်ပြည့်စုံလာခဲ့ကြောင်း ၃ ဓမ္မရာဇဝင် ၁၆:၃၄ တွင်ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “အာဟပ်လက်ထက်၌ ဗေသလမြို့သား ဟိဧလသည် ယေရိခေါမြို့ကိုတည်၏။ ထာဝရဘုရားသည် နုန်၏သားယောရှုအားဖြင့် မိန့်တော်မူသည်နှင့်အညီ၊ သားဦးအဘိရံလက်ထက်၌ မြို့ရိုးအမြစ်ကိုတည်၍၊ သားထွေးစေဂုပ်လက်ထက်၌ မြို့တံခါးတို့ကိုထောင်၏။”a ပုဂ္ဂိုလ်စင်စစ်ဖြစ်သောဘုရားသခင်တစ်ပါးတည်းသာ ထိုသို့သောပရောဖက်ပြုချက်များကိုမှုတ်သွင်းနိုင်ပြီး ယင်းတို့ပြည့်စုံလာစေရန် စီမံပေးနိုင်သည်။
သမ္မာကျမ်းစာကိုဖတ်ရှုနေစဉ် အကြောင်းအရာတစ်ခုကို သင်သိလိုစိတ်ပြင်းပြလာပေမည်။ သာဓကအနေဖြင့် ပရောဖက်ပြုချက်တစ်ခုနှင့် ယင်း၏ပြည့်စုံချက်စပ်ကြား နှစ်ပေါင်းမည်မျှကြာကြောင်း သင်တွေးကြည့်ပေမည်။ တစ်စုံတစ်ယောက်ကိုမေးလိုက်ခြင်းထက် သင်ကိုယ်တိုင် ကြိုးစားရှာဖွေပါလေ။ မြေပုံကားချပ်များနှင့် ကျမ်းစာသင်ကြားမှုအထောက်အကူများကိုအသုံးပြုကာ ရတနာမြေပုံအညွှန်းတစ်ခုကိုနားလည်ရန်ကြိုးစားသကဲ့သို့ ဝီရိယစိုက်ထုတ်ပြီး အဖြေကိုမရရအောင်ရှာပါ။ (သု. ၂:၄၊ ၅) အဖြေများကိုတွေ့ရှိခြင်းသည် သင့်ယုံကြည်ခြင်းကို သိသိသာသာအကျိုးပြုမည်ဖြစ်ပြီး ယေဟောဝါဘုရားသခင်သည် သင့်အတွက် ပုဂ္ဂိုလ်စင်စစ် သာ၍ဖြစ်လာပါလိမ့်မည်။
မှန်မှန်နှင့် စွဲစွဲမြဲမြဲဆုတောင်းပါ
ဆုတောင်းခြင်းနှင့် ယုံကြည်ခြင်း၏အရေးကြီးမှုကို လျစ်လျူမရှုလိုက်ပါနှင့်။ ယေရှု၏တပည့်တော်များက “အကျွန်ုပ်တို့ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါ” ဟုတောင်းလျှောက်ခဲ့ကြသည်။ (လုကာ ၁၇:၅) ယေဟောဝါသည် သင့်အတွက်ပုဂ္ဂိုလ်စင်စစ်ဖြစ်ပုံမရပါက ယုံကြည်ခြင်းပိုရှိရန်လိုအပ်နေကြောင်းကို ကိုယ်တော်အားဆုတောင်းတင်ပြပါ။ ကိုယ်တော်ကိုယ်နှိုက်ကို သင့်အတွက် ပုဂ္ဂိုလ်စင်စစ်ဖြစ်လာစေရန် လုပ်ဆောင်ရာတွင်ကူညီပေးဖို့ သင့်ကောင်းကင်ခမည်းတော်ထံ ယုံကြည်စိတ်ချစွာတောင်းဆိုပါလေ။
ပြဿနာတစ်ခုသည် သင့်အားစိတ်ဆင်းရဲစေနေမည်ဆိုလျှင် သင့်ကောင်းကင်အဆွေတော်အား လှိုက်လှိုက်လှဲလှဲဖော်ပြရန် အချိန်ယူပါ။ ယေရှုသည် သေခါနီးအချိန်တွင် အပြင်းအထန်ဆုတောင်းခဲ့သည်။ လူသူရှေ့ရှည်ရှည်ဝေးဝေးဆုတောင်းသည့် ဘာသာရေးထုံးစံကို ကိုယ်တော်အပြစ်တင်ခဲ့သော်လည်း တမန်တော် ၁၂ ပါးကိုမရွေးချယ်မီ တစ်ညလုံးသီးသန့်ဆုတောင်းခဲ့သည်။ (မာကု ၁၂:၃၈-၄၀; လုကာ ၆:၁၂-၁၆) ပရောဖက်ရှမွေလ၏မိခင်ဖြစ်လာသူ ဟန္နထံမှလည်း ကျွန်ုပ်တို့သင်ခန်းစာရယူနိုင်သည်။ သားရတနာရရှိရန် တောင့်တကာ “ထာဝရဘုရားရှေ့တော်၌ ကြာမြင့်စွာဆုတောင်း” ခဲ့သည်။—၁ ဓမ္မရာဇဝင် ၁:၁၂။
ဤအရာအားလုံးတွင် အဓိကသင်ခန်းစာကားအဘယ်နည်း။ သင့်ဆုတောင်းချက်များကို ဖြေဆိုစေလိုလျှင် ဘုရားသခင့်အလိုတော်နှင့်အညီ စိတ်အားထက်သန်စွာ စွဲစွဲမြဲမြဲဆုတောင်းရမည်ဖြစ်သည်။ (လုကာ ၂၂:၄၄; ရောမ ၁၂:၁၂; ၁ သက်သာလောနိတ် ၅:၁၇; ၁ ယောဟန် ၅:၁၃-၁၅) ဤသို့ပြုခြင်းအားဖြင့် သင့်အတွက် ဘုရားသခင်သည် ပုဂ္ဂိုလ်စင်စစ် ဖြစ်လာပါလိမ့်မည်။
ဖန်ဆင်းရာများကို လေ့လာမှတ်သားပါ
ပန်းချီဆရာတစ်ဦး၏ဥပဓိရုပ်ကို သူ၏ပန်းချီများကဖော်ပြနိုင်သည်။ အလားတူစွာ စကြဝဠာ၏ ပုံစံပြုဖန်ဆင်းရှင်ယေဟောဝါ၏ ‘မျက်မြင်မရသောအရည်အသွေးတို့’ ကိုဖန်ဆင်းခြင်း၌ ထင်ရှားစွာတွေ့မြင်ရသည်။ (ရောမ ၁:၂၀) ယေဟောဝါ၏လက်ရာတော်ကို ကျွန်ုပ်တို့အသေအချာလေ့လာမှတ်သားသည့်အခါ ကိုယ်တော့်ဥပဓိရုပ်ကို ပိုမိုသိရှိနားလည်လာရာ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် ပုဂ္ဂိုလ်စင်စစ်သာ၍ဖြစ်လာပေသည်။
ဘုရားသခင်၏ဖန်ဆင်းရာများကို အလေးအနက်လေ့လာမှတ်သားပါက ကိုယ်တော့်အရည်အသွေးများသည် ထင်ရှားပေါ်လွင်လာကာ အလွန်စွဲမှတ်စရာဖြစ်လာပေမည်။ သာဓကအနေဖြင့် ငှက်များ၏လေကြောင်းဆိုင်ရာ စွမ်းပကားများအကြောင်းက သင့်အားယေဟောဝါ၏ဉာဏ်ပညာတော်ကို သာ၍လေးမြတ်စေပေမည်။ စကြဝဠာအကြောင်းဖတ်ရှုရာ၌ တစ်စွန်းမှတစ်စွန်း အလင်းနှစ်ပေါင်း ၁၀၀,၀၀၀ ခန့်ရှိသောနဂါးငွေ့တန်းသည် အာကာသတစ်ပြင်လုံးရှိ ဂလက်ဆီဘီလီယံပေါင်းများစွာအနက် တစ်ခုမျှသာဖြစ်ကြောင်း သင်သိရှိလာပေမည်။ ထင်ရှားပေါ်လွင်သည့် ဖန်ဆင်းရှင်၏ဉာဏ်ပညာတော်သည် သင့်အတွက်စွဲမှတ်စရာ မဖြစ်ပေလော။
ယေဟောဝါ၌ဉာဏ်ပညာသည် အမှန်စင်စစ်ပါတကား! သို့သော် ယင်းသည် သင့်အတွက်အဘယ်အဓိပ္ပာယ်ရှိသနည်း။ ကျွန်ုပ်တို့မည်သူမဆို ကိုယ်တော့်ထံဆုတောင်းတင်ပြသည့် ပြဿနာများသည် ကိုယ်တော်အား စိတ်ရှုပ်ထွေးသွားစေနိုင်မည်မဟုတ်ချေ။ မှန်ပါသည်၊ ဖန်ဆင်းခြင်းဆိုင်ရာအသိပညာအနည်းငယ်မျှပင် ယေဟောဝါအား သင့်အတွက်ပုဂ္ဂိုလ်စင်စစ်ဖြစ်စေနိုင်သည်။
ယေဟောဝါနှင့်အတူ လျှောက်လှမ်းပါ
ယေဟောဝါသည် ပုဂ္ဂိုလ်စင်စစ်ဖြစ်ကြောင်းကို သင်ကိုယ်တိုင်တွေ့ကြုံခံစားနိုင်သလော။ သင်သည် သစ္စာရှိဘိုးဘေးနောဧနှင့်တူမည်ဆိုလျှင် တွေ့ကြုံနိုင်ပါသည်။ သူသည် ယေဟောဝါအားအမြဲနာခံခဲ့ရာ သူနှင့်ပတ်သက်၍ ဤသို့ဆိုနိုင်ခဲ့သည်– “နောဧသည် . . . ဘုရားသခင်နှင့်အတူသွားလာ၏။” (ကမ္ဘာဦး ၆:၉) ယေဟောဝါသည် သူ၏နံဘေး၌ရှိနေသည့်အလား နောဧအသက်ရှင်ခဲ့သည်။ ဘုရားသခင်သည် သင့်အတွက် ထိုအထိ ပုဂ္ဂိုလ်စင်စစ်ဖြစ်နိုင်သည်။
သင်သည် ဘုရားသခင်နှင့်အတူလျှောက်လှမ်းနေသည်ဆိုလျှင် ကျမ်းစာဆိုင်ရာကတိတော်များကို ယုံကြည်စိတ်ချပြီး ယင်းနှင့်အညီကျင့်ကြံပြုမူမည်။ သာဓကအနေဖြင့် ယေရှု၏ဤစကားများကိုသင်ယုံ၏– “ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများ [လိုအပ်သောရုပ်ပိုင်းအရာများ] ကိုထပ်၍ ပေးတော်မူလတ္တံ့။” (မဿဲ ၆:၂၅-၃၃) ယေဟောဝါသည် သင့်လိုအပ်ရာများကို သင်မျှော်လင့်သည့်နည်းအတိုင်း အမြဲပေးမည်မဟုတ်သည်မှာ မှန်ပါသည်။ သို့တိုင် သင်ဆုတောင်းပြီး ကိုယ်တော့်အကူအညီကိုရရှိသောအခါ ကိုယ်တော်သည် သင့်နံဘေးတွင်ရှိနေသည့်အလား သင့်အတွက် ပုဂ္ဂိုလ်စင်စစ်ဖြစ်လာပါလိမ့်မည်။
ယေဟောဝါနှင့် ဆက်၍လျှောက်လှမ်းနေစဉ် ထိုသို့သောရင်းနှီးသည့်ဆက်ဆံရေးတိုးပွားလာပါသည်။ အခက်အခဲအမျိုးမျိုးကိုခံရပ်ခဲ့ရသော စပိန်ဘာသာစကားပြောသည့် သက်သေခံတစ်ဦးဖြစ်သူ မန်နွယ်လာကိုသုံးသပ်ကြည့်ပါ။ သူမက ဤသို့ဆိုသည်– “ကျွန်မပြဿနာကြုံရတဲ့အခါ ဒါမှမဟုတ် အကူအညီလိုတဲ့အခါ နယပုံပြင် ၁၈:၁၀ မှာတွေ့ရတဲ့မူကို ကျွန်မလိုက်နာခဲ့တယ်။ ယေဟောဝါဆီပြေးပြီး အကူအညီယူတယ်။ ကိုယ်တော်ဟာ ကျွန်မအတွက် ‘ခိုင်ခံ့တဲ့ရဲတိုက်’ အမြဲဖြစ်ခဲ့တယ်။” ယေဟောဝါအား ၃၆ နှစ်တိုင်မှီခိုအားထားခဲ့၍ ကိုယ်တော့်ထောက်မမှုကိုခံစားခဲ့သဖြင့် မန်နွယ်လာသည် ဤသို့ပြောနိုင်ခြင်းဖြစ်သည်။
ယေဟောဝါအား သင့်ယုံကြည်စိတ်ချစရာပြုဖို့သင်ခါစဖြစ်သလော။ ကိုယ်တော်နှင့်သင့်ဆက်ဆံရေးသည် သင့်ဆန္ဒအတိုင်းဖြစ်မလာသေးသည့်တိုင် စိတ်ဓာတ်မကျပါနှင့်။ ဘုရားသခင်နှင့်လျှောက်လှမ်းသူတစ်ဦးအဖြစ် နေ့စဉ်အသက်ရှင်နေထိုင်ပါ။ သင်သည် သစ္စာရှိသည့်ဘဝပုံစံတည်ဆောက်နေစဉ် ယေဟောဝါနှင့်ပို၍နီးကပ်သောဆက်ဆံရေးရရှိလာပေမည်။—ဆာလံ ၂၅:၁၄; သု. ၃:၂၆၊ ၃၂။
ဘုရားသခင်နှင့်အတူလျှောက်လှမ်းရန်နောက်တစ်နည်းမှာ ကိုယ်တော့်အမှုတော်၌ မိမိကိုယ်ကိုမြှုပ်နှံထားခြင်းဖြစ်သည်။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းလုပ်ငန်းတွင် သင်ပါဝင်သောအခါ သင်သည် ယေဟောဝါ၏လုပ်ဖော်ဆောင်ဖက်တစ်ဦးဖြစ်သည်။ (၁ ကောရိန္သု ၃:၉) ယင်းကိုသတိမူနေခြင်းဖြင့် သင့်အတွက် ဘုရားသခင်သည် ပုဂ္ဂိုလ်စင်စစ်ဖြစ်စေရန် အကူအညီရသည်။
ဆာလံဆရာက ဤသို့တိုက်တွန်းထားသည်– “ကိုယ်အမှုအရာကို ထာဝရဘုရား၌အပ်လော့။ ကိုယ်တော်ကိုကိုးစားလော့။ သို့ပြုလျှင် စီရင်တော်မူမည်။” (ဆာလံ ၃၇:၅) သင်၌ရှိသော မည်သည့်ဝန် သို့မဟုတ် မည်သည့်ပူပန်မှုကိုမဆို ဘုရားသခင်၌အပ်ထားဖို့ လုံးဝမမေ့ပါနှင့်။ အကူအညီနှင့်လမ်းညွှန်မှုအတွက် ကိုယ်တော်အားအမြဲမျှော်ကိုးပါ။ ယေဟောဝါဘုရားသခင်ကို စိတ်အားထက်သန်စွာမှီခိုအားထားပြီး အမြဲတမ်းလုံးလုံးလျားလျားယုံကြည်စိတ်ချနေမည်ဆိုလျှင် သင့်အကျိုးအတွက်လုပ်ဆောင်ရန် ပျက်ကွက်လိမ့်မည်မဟုတ်ကြောင်း သိထားသောကြောင့် လုံခြုံမှုရှိပါလိမ့်မည်။ ယေဟောဝါထံချဉ်းကပ်၍ သင့်ကိုယ်ရေးကိုယ်တာကိစ္စများကို တင်ပြသောအခါ သင့်မှာယုံကြည်စိတ်ချမှုရှိသလော။ ဘုရားသခင်သည် သင့်အတွက်ပုဂ္ဂိုလ်စင်စစ်ဖြစ်မည်ဆိုလျှင် ယုံကြည်စိတ်ချပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a နောက်ဥပမာတစ်ခုအဖြစ် ၃ ဓမ္မရာဇဝင် ၁၃:၁-၃ တွင်ပါသည့် ယေရောဗောင်၏ယဇ်ပလ္လင်ကိုညစ်ညူးစေလိမ့်မည်ဟု ကြိုဟောထားခြင်းကို ဖတ်ကြည့်ပါ။ ထို့နောက် ၄ ဓမ္မရာဇဝင် ၂၃:၁၆-၁၈ တွင်ဖော်ပြထားသောပြည့်စုံချက်ကို သတိပြုမှတ်သားပါ။
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
သင့်လေ့လာချိန်များကို ယုံကြည်ခြင်းခိုင်ခံ့စေသည့်အချိန်များ ဖြစ်စေပါ
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
အချိန်ယူပြီး စွဲစွဲမြဲမြဲမှန်မှန်ဆုတောင်းပါ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဖန်ဆင်းခြင်း၌ ကိုယ်တော့်အရည်အသွေးများ မည်သို့ထင်ရှားကြောင်း လေ့လာမှတ်သားပါ
[Credit Lines]
ငှက်ပိတုန်း– U.S. Fish and Wildlife Service, Washington, D.C./Dean Biggins; ကြယ်များ– Photo: Copyright IAC/RGO 1991, Dr. D. Malin et al, Isaac Newton Telescope, Roque de los Muchachos Observatory, La Palma, Canary Islands