ယေဟောဝါ၏ကောင်းချီးမင်္ဂလာသည် ကျွန်ုပ်တို့ကိုကြွယ်ဝစေ
၁ လူတစ်ဦး၏အောင်မြင်မှုကို သူ၏ဝင်ငွေပမာဏဖြင့် တိုင်းတာလေ့ရှိကြသည်။ ယင်းကြောင့် များစွာသောသူတို့က ငွေရှိသူများအား အပျော်ရွှင်ဆုံး၊ ဆန္ဒအပြည့်ဝဆုံးသူများအဖြစ် ယူမှတ်ကြသည်။ သို့သော် ပျော်ရွှင်မှုကို ငွေဖြင့်ဝယ်ယူနိုင်သည်ဟု ယူမှတ်သူတို့သည် အမှားကြီးမှားနေသည်။ (ဒေ. ၅:၁၂) ရုပ်ပိုင်းအရ “ချမ်းသာကြွယ်ဝလိုသူတို့” အတွက် တည်မြဲသောရွှင်လန်းမှုမရှိပါ။ (၁ တိ. ၆:၉၊ သက) ယင်းနှင့်ဆန့်ကျင်လျက် ယေဟောဝါ၏ကျေးကျွန်များသည် အမှန်ရွှင်လန်းကြကာ ကမ္ဘာပေါ်တွင် အကြွယ်ဝဆုံးသူများဖြစ်ကြသည်။ (သု. ၁၀:၂၂; ဗျာ. ၂:၉) မည်သို့အားဖြင့်နည်း။
၂ ကျွန်ုပ်တို့၏ကြွယ်ဝမှုများဆိုင်ရာသာဓက– ကျွန်ုပ်တို့သည် ကြွယ်ဝသောဝိညာဏထိုးထွင်းသိမြင်မှုနှင့် ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာနားလည်မှုတို့ကို ပိုင်ဆိုင်ထား၏။ ယေဟောဝါသည် မိမိ၏မြေကြီးဆိုင်ရာအဖွဲ့အစည်းမှတစ်ဆင့် ကျွန်ုပ်တို့၏တည်မြဲသောအကျိုးအတွက် မိမိကိုယ်တော်တိုင်အကြောင်းနှင့် သားတော်အကြောင်းကို အဆက်မပြတ်သွန်သင်ပေး၏။ တိကျမှန်ကန်စွာနားလည်ခြင်းက ကျွန်ုပ်တို့အား ယေဟောဝါနှင့်နီးကပ်စေကာ ကိုယ်တော်နှင့် ရင်းနှီးသောဆက်ဆံရေးရရှိစေသည်။ (ယာ. ၄:၈) အကောင်းနှင့်အဆိုးကို ပိုင်းခြားသိမြင်ခြင်းနှင့် ဘုရားသခင့်ပညတ်တော်ကို လိုက်နာခြင်းတို့က ကျွန်ုပ်တို့အား တစ်စုံတစ်ရာသောရောဂါများနှင့် အန္တရာယ်များမှ ကာကွယ်ပေးသည်။ ဘုရားရေးရာရောင့်ရဲမှုနှင့် စိတ်ငြိမ်သက်မှုရရှိရန် ယေဟောဝါစီမံပေးမည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချကြသည်။—မ. ၆:၃၃။
၃ ကျွန်ုပ်တို့သည် ဘုရားသခင့်ဝိညာဉ်တော်အသီးကို သီးကြသောကြောင့် ဝိညာဏညီအစ်ကိုအသင်းအပင်းအတွင်း ငြိမ်သက်မှုနှင့်စည်းလုံးမှု ရရှိကြသည်။ ခိုင်မြဲသည့်မေတ္တာနှောင်ကြိုးအားဖြင့် စည်းလုံးကာ ဘေးဒုက္ခကြုံရသည့်အချိန်တွင် ဘုရားသခင် သို့မဟုတ် ကျွန်ုပ်တို့ညီအစ်ကိုများ၏စွန့်ပစ်ခြင်းခံရသည်ဟု ဘယ်အခါမျှခံစားရဖို့မလိုပေ။—ဂလ. ၆:၁၀။
၄ ကျွန်ုပ်တို့၏အသက်တာသည် စစ်မှန်သောအဓိပ္ပာယ်နှင့် ရည်ရွယ်ချက်ရှိ၏။ ကျွန်ုပ်တို့သည် ကမ္ဘာချီသတင်းကောင်းဟောပြောခြင်းတွင် ပါဝင်ရခြင်းကို အံ့ဖွယ်အခွင့်ထူးအဖြစ် ယူမှတ်ကြသည်။ ယင်းက ဘုရားသခင်နှင့် ကောင်းသောဆက်ဆံရေးရရှိရန်နှင့် စင်ကြယ်သောဝတ်ပြုရေးတွင် ကျွန်ုပ်တို့နှင့်အတူ စည်းလုံးစွာအမှုဆောင်ရန် အခြားသူတို့အားကူညီပေးစဉ် တည်မြဲသောရွှင်လန်းမှုကိုရရှိစေသည်။ ကျွန်ုပ်တို့၏ဓမ္မအမှုဆိုင်ရာ အဖိုးမဖြတ်နိုင်သောရတနာသည် ယေဟောဝါကို ဂုဏ်တင်ပြီး ကိုယ်တော်၏နာမတော်ကို သန့်ရှင်းမြင့်မြတ်စေခြင်းတွင်ပါဝင်ရခြင်းမှ ကျွန်ုပ်တို့ကိုကျေနပ်မှုရရှိစေသည်။ အနာဂတ်အတွက် ကျွန်ုပ်တို့၏မျှော်လင့်ချက် မကြာမီ အကောင်အထည်ပေါ်လာမည်ကိုသိထားကာ ကျွန်ုပ်တို့သည် အပြုသဘောဆောင်သည့် စိတ်နေသဘောထားကို ထိန်းသိမ်းထားကြသည်။
၅ ကျွန်ုပ်တို့၏လေးမြတ်မှုကိုတင်ပြခြင်း– ကျွန်ုပ်တို့အား ကမ္ဘာပေါ်တွင် အကြွယ်ဝဆုံးသူများ အမှန်ဖြစ်စေသည့် ယေဟောဝါ၏ကောင်းချီးမင်္ဂလာများကို ကျွန်ုပ်တို့ အစဉ်လေးမြတ်နိုင်ကြပါစေ။ (သု. ၂၂:၄) နေ့စဉ်အချိန်ယူ၍ ကျွန်ုပ်တို့ရရှိထားရာများကို တွေးတောဆင်ခြင်ခြင်းက ကိုယ်တော့်ရက်ရောသောမေတ္တာတော်အတွက် ယေဟောဝါအား ကျေးဇူးတင်ရန်နှင့် ကိုယ်တော်အား ဆက်၍အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။