ကျွန်ုပ်တို့သည် ဝိညာဉ်ရေးအရ ဤမျှလောက်မကောင်းစားခဲ့ဖူးပါ!
၁ “ကျွန်ုပ်တို့သည် ဤမျှလောက်မကောင်းစားခဲ့ဖူးပါ!” ဟုပြောနိုင်သည့်အချိန်ကို လူအများစု တမ်းတကြသည်။ ‘အေးအေးဆေးဆေးနေ၊ စားသောက်ပျော်မွေ့’ နိုင်သည့်အထိ ရုပ်ပစ္စည်းကြွယ်ဝချမ်းသာမည့်အချိန် ရောက်လာမည့်နေ့ ရှိမည်ဟု သူတို့စိတ်ထဲတွင် ရှိသည်။ (လု. ၁၂:၁၉) ဆန့်ကျင်ဘက်အနေနှင့် ကျွန်ုပ်တို့သည် ဝိညာဉ်ရေးသဘောဖြင့် ကောင်းသောအရာလိုလေသေးမရှိ၊ ယခုပင်ရနိုင်သည်ဟု ပြောနိုင်သည်။ (ဆာ. ၃၄:၁၀) ယင်းသည် မည်သို့ဖြစ်နိုင်ပါသနည်း။
၂ သုတ္တံ ၁၀:၂၂ က “ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏” ဟုထုတ်ဆင့်ထားသည်။ ဤကဲ့သို့သော ဘုရားသခင့်မျက်နှာသာခံစားရသည့် ကျွန်ုပ်တို့ကိုဘုရားသခင်သည် “ငါတို့ခံစားဖို့ရာ အလုံးစုံတို့ကိုကြွယ်ဝစွာပေးသနားတော်မူ” သည်ဟု အမှန်ဆိုနိုင်ကြသည်။ (၁ တိ. ၆:၁၇) ယင်းက ကျွန်ုပ်တို့အား ကမ္ဘာပေါ်တွင်အကြွယ်ဝဆုံးပုဂ္ဂိုလ်များဖြစ်စေသည်။
၃ ကျွန်ုပ်တို့ရရှိထားသည့် ကောင်းချီးများကို ရေတွက်ခြင်း– ကျွန်ုပ်တို့တွင် ရုပ်ပစ္စည်းကြွယ်ဝချမ်းသာသူ အနည်းငယ်သာရှိသည်။ သို့တိုင် ကျွန်ုပ်တို့သည် နေ့စဉ်လိုအပ်နေသည့်အရာများအတွက် အလွန်အကျွံစိုးရိမ်ပူပန်ခြင်းမရှိသောကြောင့် ကောင်းချီးခံစားရကြသည်။ ယေဟောဝါသည် ကျွန်ုပ်တို့အဘယ်အရာလိုအပ်နေသည်ကို သိတော်မူပြီး ယင်းတို့ကို ပေးသနားတော်မူမည်ဟု ကတိပေးတော်မူသည်။ (မ. ၆:၃၁-၃၃) ကိုယ်တော်၏အာမခံချက်အတိုင်း အမှန်ပင်တန်ဖိုးမဖြတ်နိုင်သည့် စိတ်ငြိမ်သက်မှုကို ကျွန်ုပ်တို့အား ပေးသနားတော်မူသည်။
၄ သို့သော် ကျွန်ုပ်တို့ရရှိထားသော ဝိညာဏကောင်းချီးများသည် သာ၍ပင်တန်ဖိုးရှိသည်။ ကျွန်ုပ်တို့၏အသက်သည် ယေဟောဝါထံတော်မှရသော ဝိညာဉ်အစာပေါ်တွင် တည်မှီနေသည်။ (မ. ၄:၄) ‘သစ္စာရှိသောကျွန်’ က ကျွန်ုပ်တို့အား ထာဝရအသက်ရစေသော မကုန်မခန်းနိုင်သည့် အသိပညာကို ရယူသုံးစွဲဖို့ အခွင့်အလမ်းပေးထားသည်။—မ. ၂၄:၄၅; ယော. ၁၇:၃။
၅ အဖိုးတန်လှသော ကျွန်ုပ်တို့၏ကမ္ဘာချီညီအစ်ကိုအသင်းအပင်းက ကမ္ဘာ့ဒေသအသီးသီးတွင်နေထိုင်သည့် မေတ္တာပြည့်ဝသော ညီအစ်ကိုညီအစ်မများ၏ နွေးထွေးသောပေါင်းသင်းမှုကို ရရှိစေသည်။ (ယော. ၁၃:၃၅) ဒေသခံအသင်းတော်သည် နှစ်သိမ့်မှုနှင့် အားသစ်လောင်းမှုကို ကျွန်ုပ်တို့ရယူနိုင်သည့် အေးဆေးငြိမ်သက်သည့် ဂေဟာတစ်ခုဖြစ်သည်။ အကြီးအကဲများသည် ကျွန်ုပ်တို့စိုးလ်များအတွက် မပြတ်ဂရုစိုက်ပေးနေပြီး ပြဿနာအမျိုးပေါင်းများစွာကို ဖြေရှင်းရန် ကျွန်ုပ်တို့အား ကူညီပေးနေသည်။ (ဟေဗြဲ ၁၃:၁၇) ကျွန်ုပ်တို့၏ညီအစ်ကိုများနှင့်ပူးပူးကပ်ကပ်နေခြင်းဖြင့် အပြန်အလှန်အားပေးမှုများရပြီး စွဲမြဲတည်ကြည်ရန် ခွန်အားရှိလာစေသည်။—ရော. ၁:၁၁၊ ၁၂။
၆ ကျွန်ုပ်တို့လုပ်ငန်းသည်ပင်လျှင် ကောင်းချီးတစ်ရပ်ဖြစ်သည်။ လောကီအလုပ်များစွာသည် ငြီးငွေ့ဖွယ်ကောင်းပြီး အထင်နှင့်အမြင် မကိုက်ပါ။ သတင်းကောင်းဝေငှခြင်းမူ အခြားသူများအားရွှင်လန်းစေရာ ကျွန်ုပ်တို့ကိုယ်တိုင်ပျော်ရွှင်မှုရသည်။ (တ. ၂၀:၃၅) ကျွန်ုပ်တို့ကြိုးစားလုပ်ဆောင်လေသမျှအတွက် ကောင်းကျိုးကိုအမှန်ပင်ကျွန်ုပ်တို့တွေ့ မြင်နိုင်သည်။—ဒေ. ၂:၂၄။
၇ ကျွန်ုပ်တို့အများစုတွင် အနာဂတ်အတွက် အံ့ချီးဖွယ်မျှော်လင့်ချက်တစ်ခုရှိသည်။ (ရော. ၁၂:၁၂) ကျွန်ုပ်တို့သည် ဖြောင့်မတ်၍ စုံလင်သည့်ကမ္ဘာသစ်ကို ရှုမျှော်နိုင်သည်။ ယင်းတွင် မိမိတို့ချစ်မြတ်နိုးရသူများနှင့်အတူ ပျော်ရွှင်အေးချမ်းစွာ ထာဝစဉ်နေကြမည်တည်း! ဤမျှော်လင့်ချက်သည် ဤလောကပေးကမ်းသည့် အဘယ်အရာထက်မဆို သာ၍အဖိုးထိုက်သည်။—၁ တိ. ၆:၁၉။
၈ ကျွန်ုပ်တို့၏ တန်ဖိုးထားမှုကို မည်သို့ပြသနိုင်သနည်း။ ယေဟောဝါရှင် ကျွန်ုပ်တို့အား ပြုလုပ်ပေးထားသည့်အရာများအတွက် ဘယ်တော့မျှပြန်မဆပ်နိုင်ပါ။ ကျွန်ုပ်တို့သည် (၁) ကိုယ်တော်၏မခံစားထိုက်သောကြင်နာမှုအတွက် နေ့စဉ်ကျေးဇူးတင်ခြင်း (ဧ. ၅:၂၀)၊ (၂) နာခံမှုရှိရှိဖြင့် ကျွန်ုပ်တို့မေတ္တာကို ပြသခြင်း (၁ ယော. ၅:၃)၊ (၃) သတင်းကောင်းကို ကြေညာခြင်းအားဖြင့် ကိုယ်တော်၏နာမတော်ကို သန့်ရှင်းမြင့်မြတ်စေခြင်း၊ (ဆာ. ၈၃:၁၈)၊ နှင့် (၄) စိတ်နှလုံးအကြွင်းမဲ့ ပူးပေါင်းလုပ်ဆောင်ကာ ခရစ်ယာန်အသင်းတော်ကို ထောက်မကူညီခြင်းတို့အားဖြင့်သာ ကျွန်ုပ်တို့၏တန်ဖိုးထားမှုကို ဖော်ပြနိုင်သည်။—၁ တိ. ၃:၁၅။
၉ ကျွန်ုပ်တို့သည် ကမ္ဘာပေါ်တွင် အပျော်ဆုံးလူမျိုးဖြစ်ရန် ဒိဋ္ဌအကြောင်းရှိထားသည်။ (ဆာ. ၁၄၄:၁၅ခ) ကျွန်ုပ်တို့၏သဘောထား၊ အကျင့်အကြံနှင့် လုပ်ဆောင်မှုတို့သည် ဝိညာဏပရဒိသုတွင် ကျွန်ုပ်တို့ခံစားရသည့် ရွှင်လန်းမှုကို ထင်ဟပ်နိုင်ပါစေ။ ကျွန်ုပ်တို့ ဤမျှလောက်မကောင်းစားခဲ့ဖူးပါလေ!