ဘိုးဘေးကိုးကွယ်ခြင်း
အဓိပ္ပာယ်သတ်မှတ်ချက်– သေလွန်သွားသောဘိုးဘေးများသည် မမြင်နိုင်သောဘုံတစ်ခုတွင် သတိတရားနှင့်ရှိနေကြကာ အသက်ရှင်နေသူများကို အကူအညီဖြစ်စေ၊ ဘေးဥပဒ်ဖြစ်စေ ပေးနိုင်သဖြင့် သူတို့အား ကျေအေးရောင့်ရဲစေရန်ပြုအပ်သည် ဟူသောယုံကြည်ချက်ကိုပိုက်လျက် (အခမ်းအနားစသည်ဖြင့်) ဂုဏ်ပြု၍ ကန်တော့ကိုးကွယ်သည့် လုပ်ရပ်ဖြစ်သည်။ သမ္မာကျမ်းစာသွန်သင်ချက် မဟုတ်ပါ။
သေလွန်သူဘိုးဘေးများသည် အသက်ရှင်နေသူများဘာလုပ်နေသည်ကိုသိသလော။ အသက်ရှင်နေသူများကိုအကူအညီပေးနိုင်သလော
ဒေ. ၉:၅– “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။”
ယောဘ ၁၄:၁၀၊ ၂၁– “လူသည်အသက်ချုပ်ပြီးလျှင် အဘယ်မှာရှိသနည်း။ သူ၏သားတို့သည် ချီးမြှောက်ခြင်းသို့ရောက်သော်လည်း သူသည်မသိရပါ။”
ဆာ. ၄၉:၁၀၊ ၁၇-၁၉– “ပညာရှိသောသူတို့သည် သေတတ်ကြ၏။ ထို့အတူ မိုက်သောသူနှင့် တိရစ္ဆာန်သဘောရှိသောသူတို့သည် ပျက်စီးခြင်းသို့ရောက်၍ မိမိတို့ဥစ္စာကို သူတစ်ပါးတို့၌ ချန်ထားကြ၏။ . . . သေသောအခါ အဘယ်ဥစ္စာမျှမပါရ။ သူ၏ဂုဏ်အသရေသည် သူ့နောက်သို့မဆင်းသက်ရ။ . . . ဘိုးဘေးအမျိုးရှိရာသို့သွားရလိမ့်မည်။ ကာလအစဉ်အဆက် . . . အလင်းကိုမမြင်ရကြ။”
ပူဇော်ရာစင် သို့မဟုတ် အုတ်ဂူပေါ်တင်ထားသောအစားအသောက်များသည် ပုံစံမပျက်နဂိုအတိုင်းရှိနေတတ်သည်မဟုတ်ပေလော။ ဤအချက်က သေလွန်သူသည် ယင်းမှအကျိုးမခံစားရကြောင်း မသိသာပေလော။
အဓိကခေါင်းစဉ် “နတ်ဝိဇ္ဇာ” ကိုပါရှု။
သေလွန်သူကျွန်ုပ်တို့၏ဘိုးဘေးများ ကျွန်ုပ်တို့အားပြန်၍ဘေးပြုမည်ဟု ကြောက်စရာအကြောင်းရှိသလော။
ဒေ. ၉:၅၊ ၆– “သေသောသူမူကား . . . ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်း ပျောက်ပျက်၏။ နေအောက်မှာပြုသမျှသောအမှု၌ သူတစ်ပါးနှင့်ရောနှော၍မဆိုင်ရ။”
လူ၌ ခန္ဓာသေစဉ် မသေဘဲကျန်ရစ်သော ဝိညာဏအစိတ်အပိုင်းတစ်ခု ရှိသလော
ယေဇ. ၁၈:၄– “ဝိညာဉ် [စိုးလ်] အပေါင်းတို့ကို ငါပိုင်၏။ အဘ၏ဝိညာဉ် [စိုးလ်] ကိုငါပိုင်သကဲ့သို့ သား၏ဝိညာဉ် [စိုးလ်] ကိုလည်း ငါပိုင်၏။ ပြစ်မှားသောဝိညာဉ် [စိုးလ်] သည် အသက်သေရမည်။” (အခန်းငယ် ၂၀ ကိုပါရှု။)
ဆာ. ၁၄၆:၃၊ ၄– “မင်းများမှစ၍ . . . လူသားကို မကိုးစားကြနှင့်။ သူသည် အသက် [စပစ်ရစ်] ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ချင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။”
လူသေသောအခါ မသေသေးဘဲ သတိတရားရှိနေသည့် အစိတ်အပိုင်းတစ်ခု လူ၌ရှိသည်ဟူသော အထောက်အထားတစ်စုံတစ်ရာကိုမျှ သိပ္ပံပညာရှင်များ၊ ခွဲစိတ်ဆရာဝန်များ မတွေ့ရကြချေ။
“သေခြင်း” ဟူသောအဓိကခေါင်းစဉ်အောက်၊ စာမျက်နှာ ၃၃၀-၃၃၂ ကိုပါရှု။
သင်သည် အသက်ရှင်စဉ် သားမြေးများ၏ရိုသေချစ်ခင်မှုကိုရလိုသလော။ သို့တည်းမဟုတ် သင်သေလွန်သည့်နောက်မှ အုတ်ဂူတွင် ကန်တော့ပွဲကျင်းပကြသည်ကိုလိုလားသလော
ဧ. ၆:၂၊ ၃– “မိဘကိုရိုသေစွာပြုလော့။ ဤပညတ်တော်ကား သင်သည် ပြည်တော်၌ကောင်းစား၍ အသက်တာရှည်မည်အကြောင်းဟူ၍ ကတိတော်နှင့်ဆိုင်သောပထမပညတ်ဖြစ်၏။” (ကျမ်းစာစည်းမျဉ်းများအတိုင်း ဆုံးမလေ့ကျင့်ခံရသောကလေးများသည် မိဘများအသက်ရှင်ခိုက် ရိုသေသမှုပြုသဖြင့် မိဘများနှလုံးကို ရွှင်ပြုံးစေကြပေသည်။)
သု. ၂၃:၂၂– “သင့်ကိုဖြစ်ဖွားစေသောအဘ၏စကားကို နားထောင်လော့။ အသက်ကြီးသောအမိကို မထီမဲ့မြင်မပြုနှင့်။”
၁ တိ. ၅:၄– “သားမြေးရှိသောမုဆိုးမဖြစ်လျှင် ထိုသားမြေးတို့သည် ရှေးဦးစွာဘုရားဝတ်ကိုရည်မှတ်လျက် မိမိအိမ်ကိုပြုစု၍ မိဘဘိုးဘွား၌ကျေးဇူးဆပ်ခြင်းငှာသင်ကြစေ။ ထိုအမှုသည် ဘုရားသခင်နှစ်သက်တော်မူသောအမှုဖြစ်၏။”
နတ်ဝင်သည်များက မိမိတို့သည် လူသေထံမှလာသောသတင်းကိုပြန်ကြားနေခြင်းဖြစ်သည်ဟု အတည်ပြောသော်လည်း အမှန်အားဖြင့် မည်သူ့ထံမှလာသောသတင်းနည်း
ဟေရှာ. ၈:၁၉– “တိုးတိုးပြော၍ မန္တန်သရဇ္စျာယ်တတ်သော နတ်ဝင်နှင့်စုန်းတို့ကိုဆည်းကပ်ကြလော့ဟု သင်တို့အားဆိုလျှင်မူကား၊ လူတို့သည် မိမိတို့ဘုရား၌မဆည်းကပ်အပ်သလော။ အသက်ရှင်သောသူ၏အမှုမှာ အသက်သေသောသူ၌ဆည်းကပ်အပ်သလော။” (ထိုလုပ်ရပ်များဖြင့် ကျွန်ုပ်တို့မြတ်နိုးသူများနှင့် ကျွန်ုပ်တို့ဆက်သွယ်မှုရရိုးမှန်လျှင် ထိုသို့မပြုရန် ကျွန်ုပ်တို့အား ဘုရားသခင်တားမြစ်သတိပေးတော်မူမည်လော။)
တ. ၁၆:၁၆– “ငါတို့သည် ပတ္ထနာဇရပ်သို့သွားစဉ်တွင် [“ရှေ့ ဖြစ်ဟောသောနတ်ဆိုး ဝင်သော၊” ကဘ] နတ်ဝင်ဖြစ်၍ အနာဂတ်ကိုဟောသဖြင့် မိမိသခင်တို့အား စီးပွားများကိုပြုတတ်သောမိန်းမငယ်တစ်ယောက်သည် ငါတို့ကိုဆီးကြိုလေ၏။”
“နတ်ဝိဇ္ဇာ” အောက် စာမျက်နှာ ၁၅၂-၁၅၄ ကိုပါရှု။
ကျွန်ုပ်တို့သည် မည်သူ့အားရည်စူး၍ကိုးကွယ်သင့်သနည်း
လု. ၄:၈– “ယေရှုကလည်း သင်၏ဘုရားသခင် [“ယေဟောဝါ၊” ကဘ] ကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာဝတ်ပြုရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။”
ယော. ၄:၂၃၊ ၂၄– “ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည့်အချိန်သည်လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည်အလိုရှိတော်မူ၏။ ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကိုကိုးကွယ်သောသူတို့သည် နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်ဟုမိန့်တော်မူ၏။”
သေလွန်သူများအပါအဝင် မိသားစုအားလုံးပြန်လည်ဆုံစည်းနိုင်ရေးအတွက် အဘယ်အနာဂတ်မျှော်လင့်ချက်ရှိသနည်း
ယော. ၅:၂၈၊ ၂၉– “ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့။ ကောင်းသောအကျင့်ကိုကျင့်သောသူတို့သည် အသက်ရှင်ရာထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးယုတ်သောအကျင့်ကိုကျင့်သောသူတို့သည် အပြစ်စီရင်ရာထမြောက်ခြင်းသို့လည်းကောင်း ထွက်ရကြလတ္တံ့။”