ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၈/၁၅ စာ. ၈-၉
  • အမျက်ဒေါသကြောင့်ထိမိ၍အလဲမခံပါနှင့်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမျက်ဒေါသကြောင့်ထိမိ၍အလဲမခံပါနှင့်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဒေါသနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာဆိုထားသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ဒေါသကြီးတဲ့ ပြဿနာ
    နိုးလော့!—၂၀၁၂
  • ထိုးထွင်းဉာဏ်က ဒေါသကိုပြေစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဒေါသကို ထိန်းချုပ်နိုင်ပုံ
    နိုးလော့!—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၈/၁၅ စာ. ၈-၉

အမျက်ဒေါသကြောင့်ထိမိ၍အလဲမခံပါနှင့်

“အသက်ပြင်းပြင်းရှူ!” “တစ်ဆယ်အထိရေတွက်!” “လျှာကိုကိုက်!” ဤသို့ပြောဆိုခြင်းကို အကျွမ်းတဝင်ရှိသလော။ အတွင်းစိတ်လှုပ်ရှားမှုတည်ငြိမ်ရန် သင်ကိုယ်တိုင် ယင်းတို့ကို ရွတ်ဆိုကောင်းရွတ်ဆိုပေမည်။ လူအချို့သည် ဒေါသအိုးမပေါက်ကွဲစေရန် လမ်းလျှောက်ထွက်တတ်ကြသည်။ ၎င်းတို့သည် အမျက်ဒေါသကိုထိန်းချုပ်ပြီး သူတစ်ပါးနှင့်ပေါင်းသင်းဆက်ဆံရေးမပျက်စေသည့် နည်းရိုးရိုးလေးများဖြစ်သည်။

သို့သော် မကြာသေးမီနှစ်များက အမျက်ဒေါသကိုထိန်းချုပ်သင့်သည် သို့မဟုတ် ချိုးနှိမ်သင့်သည်နှင့်ပတ်သက်၍ ပညာရှင်များ၏ကွဲလွဲသောအကြံပြုချက်များသည် များစွာသောသူတို့ကို စိတ်ရှုပ်ထွေးစေသည်။ ဥပမာ၊ စိတ်ပညာရှင်အချို့က “စိတ်သက်သာစေမည်ဟုထင်လျှင်” သင့်အမျက်ဒေါသကို အန်ထုတ်ပစ်ပါဟုဆိုကြသည်။ အခြားသူများကမူ အမျက်ဒေါသမကြာခဏပေါက်ကွဲတတ်ခြင်းသည် “အသက်အန္တရာယ်ရှိစေသည့် ဆေးလိပ်သောက်ခြင်း၊ သွေးတိုးခြင်းနှင့် ကိုလက်စထရောများခြင်းတို့ထက် အချိန်မတန်ဘဲသေရဖို့အကြောင်းပိုများသည်” ဟူ၍သတိပေးကြသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်က ရိုးရှင်းစွာဤသို့ဖော်ပြသည်– “အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကို စွန့်ပယ်လော့။ ပြစ်မှားစေခြင်းငှာ တိုက်တွန်းတတ်သောစိတ်မရှိစေနှင့်။” (ဆာလံ ၃၇:၈) သမ္မာကျမ်းစာက ယင်းသို့သော သတ်သတ်မှတ်မှတ်ဆုံးမစကားကို အဘယ်ကြောင့်ပေးရသနည်း။

စိတ်လှုပ်ရှားမှုကိုမချုပ်တည်းလျှင် အထိန်းအကွပ်မဲ့ ပြုမူစေသည်။ ၎င်းသည် လူ့သမိုင်းအစောပိုင်း၌ ထင်ရှားလာခဲ့၏။ ကျွန်ုပ်တို့ ဤသို့ဖတ်ရှုရသည်– “ကာဣနသည် အလွန်စိတ်ဆိုး၍ မျက်နှာပျက်လေ၏။” ထို့ကြောင့် မည်သို့ဖြစ်ပျက်ခဲ့သနည်း။ ကောင်းမှုပြုရန် ယေဟောဝါ၏သတိပေးချက်ကို လက်မခံသည်အထိ နှလုံးခိုင်မာပြီး သူ၏အမျက်ဒေါသသည် သူ့ကိုအနိုင်ယူခဲ့၏။ ကာဣန၏စောင့်စည်းမှုမရှိသောအမျက်ဒေါသက ညီကိုသတ်သည့်အထိ သူ့ကိုကြီးလေးသောအပြစ်သို့ ဦးတည်စေခဲ့သည်။—ကမ္ဘာဦး ၄:၃-၈။

ဒါဝိဒ်အား အကြီးအကျယ်ချီးမွမ်းပြောဆိုခြင်းကို ဣသရေလ၏ဦးဆုံးရှင်ဘုရင်ရှောလုကြားသောအခါ အလားတူအမျက်ဒေါသထွက်ခဲ့သည်။ “မိန်းမများတို့သည် . . . ‘ရှောလုအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်းသတ်လေစွတကား’ ဟု လှည့်လည်သီချင်းဆိုကြ၏။ ရှောလုသည် . . . အလွန်အမျက်ထွက်၍ ထိုစကားကြောင့် စိတ်ပျက်လေ၏။” ဒါဝိဒ်ကိုလုပ်ကြံဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သည်အထိ အမျက်ဒေါသက ရှောလုကိုအနိုင်ယူခဲ့သည်။ ဒါဝိဒ်သည် မိတ်ဖွဲ့ဖို့ကြိုးစားခဲ့သော်လည်း ရှောလုမူ ပြန်သင့်မြတ်ဖို့ အလိုမရှိခဲ့ချေ။ နောက်ဆုံး၌ သူသည် ယေဟောဝါ၏မျက်နှာသာတော်ကို လုံးဝဆုံးရှုံးခဲ့၏။—၁ ဓမ္မရာဇဝင် ၁၈:၆-၁၁; ၁၉:၉၊ ၁၀; ၂၄:၁-၂၁; သု. ၆:၃၄၊ ၃၅။

အမျက်ဒေါသကို မထိန်းချုပ်ဘဲ စိတ်အလိုရှိသည်အတိုင်း ပြုလုပ်သောအခါ ပတ်သက်သည့်လူတိုင်းကို ထိခိုက်နစ်နာစွာ ပြုမူပြောဆိုပေလိမ့်မည်။ (သု. ၂၉:၂၂) ကာဣနနှင့်ရှောလုတို့သည် သူ့နည်းသူ့ဟန်ဖြင့် မနာလိုဝန်တိုစိတ်ရှိကြသောကြောင့် အမျက်ဒေါသထွက်ခဲ့ကြသည်။ သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့်အမျက်နှင့်တုံ့ပြန်နိုင်၏။ အကြောင်းမဲ့အပြစ်ရှာခြင်း၊ စော်ကားခံရခြင်း၊ နားလည်မှုလွဲခြင်း၊ သို့မဟုတ် အနှိမ်ခံရခြင်းတို့သည် ဒေါသအိုးပေါက်ကွဲစေနိုင်သည်။

ကာဣနနှင့်ရှောလုတို့၏နမူနာက သူတို့တွင်ရှိသည့် အလွန်အမင်းအားနည်းချက်တစ်ခုကိုဖော်ပြသည်။ ကာဣန၏ယဇ်သကာသည် ယုံကြည်ခြင်း၏လှုံ့ဆော်မှုကြောင့်မဟုတ်ကြောင်း ထင်ရှားခဲ့သည်။ (ဟေဗြဲ ၁၁:၄) ယေဟောဝါ၏မိန့်မှာချက်များကို နားထောင်ရန် ရှောလု၏ပျက်ကွက်မှုနှင့် ဆက်လက်၍ ဆင်ခြေပေးခဲ့ခြင်းတို့ကြောင့် သူသည် ဘုရားသခင်၏မျက်နှာသာတော်နှင့်ဝိညာဉ်တော်ကို ဆုံးရှုံးခဲ့ရသည်။ ရှင်းနေသည်မှာ သူတို့နှစ်ဦးစလုံးသည် ယေဟောဝါနှင့်ဆက်ဆံရေးပျက်ခဲ့ရသည်။

မိမိအား ရှောလုပြုမူဆက်ဆံပုံကြောင့် အမျက်ဒေါသထွက်သင့်သော ဒါဝိဒ်၏စိတ်သဘောနှင့် အဆိုပါစိတ်ထားများကို နှိုင်းယှဉ်ပါ။ ဒါဝိဒ်သည် သူ့စိတ်ကိုသူထိန်းခဲ့၏။ အဘယ်ကြောင့်နည်း။ “ငါ့အရှင်သည်၊ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသူဖြစ်သောကြောင့်၊ ထိုအရှင်ကိုထိခိုက်ခြင်းငှာ ငါလက်ဆန့်သောအမှုကို ထာဝရဘုရားဆီးတားတော်မူပါစေသော” ဟူ၍သူပြောခဲ့သည်။ ဒါဝိဒ်သည် မိမိနှင့်ယေဟောဝါ၏ဆက်ဆံရေးကို စိတ်တွင်ကောင်းစွာထားရှိခဲ့သည့်အတွက် ယင်းသည် ရှောလုနှင့်သူ၏ဆက်ဆံရေးကိုလည်း အကျိုးသက်ရောက်ခဲ့သည်။ သူသည် ယေဟောဝါထံ နှိမ့်ချစွာပုံအပ်ခဲ့သည်။—၁ ဓမ္မရာဇဝင် ၂၄:၆၊ ၁၅။

အမျက်ဒေါသကို မထိန်းချုပ်ခြင်း၏အကျိုးဆက်များသည် အမှန်ပင်စိုးရိမ်ဖွယ်ဖြစ်သည်။ “အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်” ဟုတမန်တော်ပေါလုသတိပေးခဲ့သည်။ (ဧဖက် ၄:၂၆) အမျက်ဒေါသထွက်သင့်သည့်အခါရှိသော်လည်း ထိုအမျက်ဒေါသသည် ကျွန်ုပ်တို့ကို ထိမိလဲစေနိုင်သောအန္တရာယ်အမြဲဖြစ်စေသည်။ ထို့ကြောင့် အမျက်ဒေါသကို ထိန်းချုပ်ခြင်းစိန်ခေါ်မှုကို ကျွန်ုပ်တို့ရင်ဆိုင်ရခြင်းသည် အံ့ဩစရာမဟုတ်ချေ။ ကျွန်ုပ်တို့ မည်သို့ထိန်းချုပ်နိုင်မည်နည်း။

အဓိကနည်းတစ်နည်းမှာ ယေဟောဝါနှင့်ဆက်ဆံရေးကောင်းရှိခြင်းဖြစ်သည်။ ကိုယ်တော်က မိမိအား ရင်ဖွင့်ရန် သင့်ကို အားပေးတိုက်တွန်း၏။ သင့်စိုးရိမ်ပူပန်မှုများကို ကိုယ်တော်အားပြောပြပြီး အမျက်ဒေါသကို ထိန်းချုပ်နိုင်ရန် တည်ငြိမ်သောစိတ်ကိုတောင်းပါ။ (သု. ၁၄:၃၀) “ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ဆုတောင်းခြင်းကိုလည်း နားထောင်တော်မူ” ကြောင်းကို ယုံကြည်စိတ်ချပါ။—၁ ပေတရု ၃:၁၂။

ဆုတောင်းခြင်းသည် သင့်ကို ပုံသွင်းပြီး လမ်းညွှန်ပေးနိုင်ပါသည်။ မည်သည့်နည်းအားဖြင့်နည်း။ ယင်းသည် အခြားသူများနှင့်သင့်ဆက်ဆံရေးအပေါ် များစွာအကျိုးသက်ရောက်နိုင်သည်။ ယေဟောဝါသည် သင်နှင့်မည်သို့ဆက်ဆံသည်ကို သတိရပါ။ ကျမ်းစာဆိုသည့်အတိုင်း ယေဟောဝါသည် “ငါတို့ပြစ်မှားခြင်းနှင့်အလျောက် ငါတို့၌ပြုတော်မမူတတ်။” (ဆာလံ ၁၀၃:၁၀) သင့်ကို “စာတန် . . . နိုင်မည်ဟု စိုးရိမ်စရာရှိ” သည့်အတွက် ခွင့်လွှတ်တတ်သောစိတ်သည် အလွန်အရေးကြီးသည်။ (၂ ကောရိန္သု ၂:၁၀၊ ၁၁) ထို့ပြင် ဆုတောင်းခြင်းသည် ဘဝအသက်တာတွင် အမြစ်တွယ်နေပြီဖြစ်သောအကျင့်များကို ဖယ်ရှားပစ်နိုင်သည့် သန့်ရှင်းသောဝိညာဉ်တော်၏လမ်းညွှန်မှုကိုလက်ခံရန် သင့်စိတ်နှလုံးကိုဖွင့်ပေးသည်။ ယေဟောဝါသည် အမျက်ဒေါသ၏လက်ထဲမှ ကျွန်ုပ်တို့ကိုလွတ်မြောက်စေနိုင်သည့် “အဘယ်သူမျှကြံ၍မမီနိုင်သော . . . ငြိမ်သက်ခြင်း” ကိုသင့်အား ဝမ်းမြောက်စွာပေးသနားထားသည်။—ဖိလိပ္ပိ ၄:၇။

သို့ရာတွင် ကျွန်ုပ်တို့သည် “သခင်ဘုရား၏အလိုတော်ရှိရာကို ပိုင်းခြား၍သိ” ရန်ဆုတောင်းခြင်းနှင့်သမ္မာကျမ်းစာကို မှန်မှန်ဆန်းစစ်ခြင်းဖြင့် တွဲထားရမည်။ (ဧဖက် ၅:၁၇; ယာကုပ် ၃:၁၇) သင့်အမျက်ဒေါသကိုထိန်းရန် အခက်အခဲတွေ့နေမည်ဆိုလျှင် ယင်းကိစ္စနှင့်ပတ်သက်၍ ယေဟောဝါ၏ရှုမြင်ချက်ကို သိမြင်ဖို့ကြိုးစားပါ။ အမျက်ဒေါသထိန်းချုပ်ခြင်းနှင့် အထူးသက်ဆိုင်သောကျမ်းချက်များကို ပြန်လည်သုံးသပ်ပါ။

တမန်တော်ပေါလုသည် အရေးကြီးသော ဤသတိပေးနှိုးဆော်ချက်ကိုပေးသည်– “ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့်ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။” (ဂလာတိ ၆:၁၀) သင့်အတွေးအခေါ်အကျင့်အကြံတို့ကို သူတစ်ပါး၏ကောင်းကျိုးဆောင်ခြင်းအပေါ်အာရုံစိုက်ပါ။ ဤကဲ့သို့အကျိုးရှိ၊ အပြုသဘောပါသောလုပ်ဆောင်မှုသည် ကိုယ်ချင်းစာနာမှုနှင့် ယုံကြည်အားထားမှုရှိစေမည့်အပြင် အမျက်ဒေါသ အလွယ်တကူထွက်စေသည့် အထင်လွဲမှားမှုများကို ပြေပျောက်စေပါလိမ့်မည်။

“မိန့်တော်မူချက်အစဉ်အတိုင်း အကျွန်ုပ်ခြေလှမ်းတို့ကို ဖြောင့်စေတော်မူပါ။ အကျွန်ုပ်ကို အဘယ်မည်သောဒုစရိုက်မျှ အစိုးမရပါစေနှင့်။ တရားတော်ကို နှစ်သက်သောသူတို့၌ ကြီးစွာသောငြိမ်ဝပ်ခြင်းရှိပါ၏။ သူတို့စိတ်ပျက်စရာအကြောင်းမရှိပါ” ဟူ၍ ဆာလံဆရာပြောခဲ့သည်။ (ဆာလံ ၁၁၉:၁၃၃၊ ၁၆၅) သင့်အတွက်လည်း ထိုသို့ဖြစ်နိုင်ပါသည်။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/​ရုပ်ပုံ]

အမျက်ဒေါသထိန်းချုပ်ရန်ခြေလှမ်းများ

□ ယေဟောဝါထံဆုတောင်းပါ။—ဆာလံ ၁၄၅:၁၈။

□ ကျမ်းစာကို နေ့စဉ်ဆန်းစစ်ပါ။—ဆာလံ ၁၁၉:၁၃၃၊ ၁၆၅။

□ လုပ်သင့်လုပ်ထိုက်ရာများနှင့် အလုပ်များနေပါ။—ဂလာတိ ၆:၉၊ ၁၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ