သူတို့သည် ယေဟောဝါ၏အလိုတော်ကို ဆောင်ရွက်ခဲ့ကြ
ခွင့်လွှတ်မှုလုပ်ရပ်တစ်ခုကကယ်တင်ခြင်းလမ်းကိုပွင့်စေ
အီဂျစ်ဝန်ကြီးချုပ်ရှေ့တွင် ရပ်နေခဲ့သည့် ယာကုပ်၏သားဆယ်ယောက်တွင် ပူးပေါင်း၍ကျူးလွန်ထားသော လျှို့ဝှက်အပြစ်တစ်ခုရှိသည်။ အစောပိုင်းနှစ်များက သူတို့၏ဖတူမိကွဲညီယောသပ်ကို သားရဲတစ်ကောင် ကိုက်သတ်လိုက်ပြီဟု ဖခင်အားပြောရန် ကြံရွယ်ကြပြီး သူ့ကို ကျွန်သပေါက်အဖြစ်ရောင်းချခဲ့၏။—ကမ္ဘာဦး ၃၇:၁၈-၃၅။
ယခု၊ နောက်အနှစ် ၂၀ ခန့်လောက်အကြာတွင် အကြီးအကျယ်ငတ်မွတ်ခေါင်းပါးမှုကြောင့် ထိုလူတစ်ကျိပ်တို့သည် စပါးဝယ်ယူရန် အီဂျစ်ပြည်သို့ မသွားမဖြစ်သွားရောက်ခဲ့ရသည်။ သို့သော် အဆင်မပြေခဲ့ချေ။ ရိက္ခာဝန်အဖြစ်လည်းတာဝန်ယူရသော ထိုဝန်ကြီးချုပ်သည် သူတို့ကို သူလျှိုများဟု စွပ်စွဲခဲ့သည်။ သူတို့ထဲမှတစ်ဦးကို ဖမ်းချုပ်ခဲ့ပြီး ကျန်သူများကို အိမ်ပြန်ခိုင်းကာ သူတို့၏ညီအငယ်ဆုံး ဗင်ယာမိန်ကိုခေါ်လာရန် အမိန့်ပေးခဲ့သည်။ ထိုသို့လုပ်ခဲ့ကြသောအခါ ဝန်ကြီးချုပ်သည် ဗင်ယာမိန်ကိုဖမ်းဆီးရန် အစီအစဉ်ချခဲ့၏။—ကမ္ဘာဦး ၄၂:၁–၄၄:၁၂။
ယာကုပ်၏သားယုဒသည် ကန့်ကွက်ခဲ့သည်။ ‘ဗင်ယာမိန်မပါဘဲ အိမ်ပြန်သွားလျှင် ကျွန်ုပ်တို့အဘသည် သေရပါလိမ့်မည်’ ဟုသူပြောခဲ့သည်။ ထိုအခါ ယုဒသော်လည်းကောင်း၊ သူ၏ခရီးသွားဖော်များသော်လည်းကောင်း မထင်မမှတ်သည့်အရာ ဖြစ်ပျက်ခဲ့သည်။ ယာကုပ်၏သားများမှလွဲ၍ အားလုံးကို အခန်းအပြင်ထွက်ခိုင်းပြီးနောက် ဝန်ကြီးချုပ်သည် ကျယ်လောင်စွာငိုကြွေးခဲ့သည်။ ထို့နောက် စိတ်ပြန်တည်ငြိမ်လာသည့်အခါ သူက “ကျွန်ုပ်သည် ယောသပ်ဖြစ်၏” ဟူ၍ဖွင့်ပြောခဲ့သည်။—ကမ္ဘာဦး ၄၄:၁၈–၄၅:၃။
သက်ညှာမှုနှင့်ကယ်တင်ခြင်း
“ကျွန်ုပ်အဘသည် အသက်ရှင်သေးသလော” ဟုမိမိ၏ဖတူမိကွဲအစ်ကိုများကို ယောသပ်မေးခဲ့သည်။ တုံ့ပြန်မှုမရှိခဲ့ချေ။ စင်စစ်အားဖြင့် ယောသပ်၏ဖတူမိကွဲအစ်ကိုများသည် ဘာပြန်ပြောရမည်ကို မသိဖြစ်နေသည်။ သူတို့သည် ဝမ်းသာသင့်သလော သို့မဟုတ် ကြောက်သင့်သလော။ အမှန်မှာ လွန်ခဲ့သည့်အနှစ် ၂၀ ကဤသူကို ကျွန်သပေါက်အဖြစ် သူတို့ရောင်းခဲ့သည်။ ယောသပ်သည် သူတို့ကို ဖမ်းချုပ်ပိုင်ခွင့်၊ ရိက္ခာမပေးဘဲ အိမ်ပြန်ခိုင်းခွင့်၊ သို့မဟုတ် သူတို့မတွေးဝံ့သည်မှာ ကွပ်မျက်နိုင်ခွင့်ရှိသည်! အကြောင်းရှိသောကြောင့် ယောသပ်၏ဖတူမိကွဲအစ်ကိုများသည် “စကားတုံ့ပြန်၍ မပြောနိုင်အောင် သူ့ရှေ့မှာမိန်းမောတွေဝေလျက်နေကြ၏။”—ကမ္ဘာဦး ၄၅:၃။
ယောသပ်သည် ထိုသူများ စိတ်ကသိကအောက်မဖြစ်စေရန် အမြန်ဆုံးပြုလုပ်ခဲ့၏။ “ကျွန်ုပ်အနီးအပါးသို့လာကြပါလော့” ဟုပြောသည်။ သူတို့နာခံခဲ့ကြသည်။ ထို့နောက် သူက “ကျွန်ုပ်သည် အဲဂုတ္တုပြည်သို့ ရောင်းလိုက်သော သင်တို့ညီဖြစ်ပါ၏။ သို့ရာတွင် သင်တို့သည် ကျွန်ုပ်ကို ဤအရပ်သို့ရောင်းလိုက်မိသောကြောင့် စိတ်မညှိုးငယ်ကြပါနှင့်။ ကိုယ်ကိုအမျက်မထွက်ကြနှင့်။ အကြောင်းမူကား၊ ဘုရားသခင်သည် လူတို့အသက်ကိုစောင့်မစေခြင်းငှာ သင်တို့ရှေ့မှာ ကျွန်ုပ်ကိုစေလွှတ်တော်မူပြီ” ဟုပြောခဲ့၏။—ကမ္ဘာဦး ၄၅:၄၊ ၅။
ယောသပ်တွင် ကရုဏာပြသရန် အခြေခံအကြောင်းရင်းရှိခဲ့သည်။ သူတို့၏နောင်တကို သူတွေ့ မြင်ခဲ့ပြီဖြစ်သည်။ ဥပမာ၊ ဖတူမိကွဲအစ်ကိုများကို သူလျှိုများအဖြစ် ယောသပ်စွပ်စွဲခဲ့စဉ်က သူတို့အချင်းချင်း ဤသို့ပြောသည်ကိုကြားခဲ့သည်– “အကယ်စင်စစ် ငါတို့သည် ညီ၏အမှု၌အပြစ်ကြီးကြ၏။ . . . ထိုကြောင့် ဤအမှုသည် ငါတို့အပေါ်မှာ ယခုရောက်လာပြီ။” (ကမ္ဘာဦး ၄၂:၂၁) ထို့ပြင် ယုဒသည် သူငယ်ဗင်ယာမိန်ကို ဖခင်ထံပြန်ပို့နိုင်ရန် သူ့အစား မိမိကျွန်ခံမည်ဟု စကားကမ်းလှမ်းထားသည်။—ကမ္ဘာဦး ၄၄:၃၃၊ ၃၄။
ယင်းကြောင့် ယောသပ်သည် ကရုဏာပြသရာတွင် တရားသဖြင့်ဖြစ်ခဲ့သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် သူ၏မိသားစုတစ်စုလုံး ကယ်တင်ခြင်းရနိုင်မည်အကြောင်း သူသိမြင်ခဲ့သည်။ ထို့ကြောင့် ယောသပ်သည် ဖခင်ယာကုပ်ထံပြန်သွားပြီး ဤသို့ပြောဆိုရန် ဖတူမိကွဲအစ်ကိုများကိုမှာခဲ့သည်– “သားယောသပ်က၊ ‘ဘုရားသခင်သည် ကျွန်ုပ်ကို အဲဂုတ္တုပြည်လုံးသခင်ဖြစ်စေတော်မူပြီ။ ကျွန်ုပ်ထံသို့လာပါ၊ မဆိုင်းပါနှင့်။ အဘသည် ဂေါရှင်အရပ်၌နေရမည်။ ကျွန်ုပ်အနားမှာရှိရမည်။ အဘမှစ၍ သားမြေး၊ သိုး၊ နွားနှင့်တကွ ရှိသမျှပါရမည်။ ထိုအရပ်၌ ကျွန်ုပ်ကျွေးမွေးပါမည်။’”—ကမ္ဘာဦး ၄၅:၉-၁၁။
သာ၍ကြီးမြတ်သောယောသပ်
ယေရှုခရစ်အား သာ၍ကြီးမြတ်သောယောသပ်ဟု ခေါ်ဆိုနိုင်သည်၊ အကြောင်းမှာ ထိုသူနှစ်ဦးတွင် ထူးခြားထင်ရှားသော တူညီချက်များရှိသောကြောင့်ဖြစ်သည်။ ယောသပ်နည်းတူ ယေရှုသည် အာဗြဟံ၏သားစဉ်မြေးဆက်ချင်းများဖြစ်ကြသော ညီအစ်ကိုများ၏ မတော်မတရားပြုမူခြင်းကိုခံခဲ့ရသည်။ (တမန်တော် ၂:၁၄၊ ၂၉၊ ၃၇ နှိုင်းယှဉ်။) သို့ရာတွင် နှစ်ဦးစလုံးသည် ထူးခြားသောအလှည့်အပြောင်းကို ကြုံတွေ့ခဲ့ရ၏။ အတန်ကြာလေသော် ယောသပ်သည် ကျွန်သပေါက်ဘဝမှ ဖာရောပြီးလျှင် ဒုတိယအဆင့်ဖြစ်သည့် ဝန်ကြီးချုပ်အရာကိုရသည်။ အလားတူ ယေဟောဝါသည် ယေရှုကို သေခြင်းမှထမြောက်စေကာ ‘ဘုရားသခင်၏ လက်ယာတော်’ ဘက်၌ ချီးမြှင့်ခဲ့သည်။—တမန်တော် ၂:၃၃; ဖိလိပ္ပိ ၂:၉-၁၁။
ဝန်ကြီးချုပ်ယောသပ်သည် အီဂျစ်ပြည်သို့ စပါးဝယ်ယူရန် ရောက်ရှိလာကြသူအားလုံးကို အစားအစာပေးနိုင်ခဲ့သည်။ မျက်မှောက်ခေတ်၌ သာ၍ကြီးမြတ်သောယောသပ်သည် မြေကြီးပေါ်တွင် သစ္စာနှင့်သတိပညာရှိကျေးကျွန်အတန်းအစားအားဖြင့် “အချိန်တန်” ဝိညာဉ်အစာကို ကျွေးမွေးလျက်ရှိသည်။ (မဿဲ ၂၄:၄၅-၄၇; လုကာ ၁၂:၄၂-၄၄) ယေရှုထံရောက်ရှိလာကြသူတို့သည် “နောက်တစ်ဖန် ရေစာကို မငတ်မမွတ်ရကြ။ . . . အကြောင်းမူကား၊ ပလ္လင်တော်အတွင်း၌ရှိသော သိုးသငယ်သည် သူတို့ကိုလုပ်ကျွေး၍၊ အသက်စမ်းရေတွင်းသို့ လမ်းပြလိမ့်မည်။”—ဗျာဒိတ် ၇:၁၆၊ ၁၇။
ကျွန်ုပ်တို့အတွက်သင်ခန်းစာ
ယောသပ်သည် ထူးခြားပြောင်မြောက်သော ကရုဏာပုံသက်သေတစ်ခုကို ပြသခဲ့သည်။ တင်းကျပ်စွာစီရင်ရမည်ဆိုလျှင် သူ့ကို ကျွန်သပေါက်အဖြစ် ရောင်းချသူများကို အပြစ်စီရင်ရမည်ဖြစ်သည်။ တစ်ဖက်မှကြည့်ပြန်လျှင်လည်း စိတ်ပျော့မှုက သူတို့၏အပြစ်ကျူးလွန်မှုကို အမှတ်မထားရုံသာပြုဖို့ လှုံ့ဆော်နိုင်ခဲ့သည်။ ယောသပ်သည် ထိုနှစ်မျိုးစလုံးကို မပြုလုပ်ခဲ့ချေ။ ယင်းအစား ဖတူမိကွဲအစ်ကိုများ၏နောင်တကို သူစမ်းသပ်ခဲ့၏။ ထို့နောက် သူတို့၏ဝမ်းနည်းကြေကွဲမှုအစစ်ကို တွေ့သောအခါ ခွင့်လွှတ်ခဲ့သည်။
ယောသပ်ကို ကျွန်ုပ်တို့အတုယူနိုင်ပါသည်။ ကျွန်ုပ်တို့ကို ပြစ်မှားခဲ့သူတစ်ဦးသည် စစ်မှန်သောနောင်တကို တင်ပြသောအခါ သူ့ကို ခွင့်လွှတ်သင့်သည်။ စိတ်ပျော့ခြင်းကြောင့် ကြီးလေးသောအပြစ်ကို မမြင်နိုင်သည့်အထိတော့ မည်သည့်အခါမျှမဖြစ်သင့်ချေ။ တစ်ဖက်တွင်မူ စစ်မှန်သောနောင်တ၏အပြုအမူကို မမြင်နိုင်သည့်အထိ နာကြည်းသောစိတ်၏လွှမ်းမိုးမှုကို မခံသင့်ချေ။ ထို့ကြောင့် “အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြ” ပါစို့လေ။ (ကောလောသဲ ၃:၁၃) ယင်းသို့ပြုလုပ်ခြင်းဖြင့် “ခွင့်လွှတ်ရန် အသင့်ရှိသော” ကျွန်ုပ်တို့၏ဘုရားသခင်ယေဟောဝါအား တုပရာရောက်ပါလိမ့်မည်။—ဆာလံ ၈၆:၅၊ ကဘ; မိက္ခာ ၇:၁၈၊ ၁၉။