ဆေးဝါးများ
အဓိပ္ပာယ်သတ်မှတ်ချက်– “ဆေးဝါး” ဟူသောစကားလုံး၏ဖွင့်ဆိုချက်အများအပြားရှိသည်။ ယခုဆွေးနွေးခန်း၌ ဆေးဝါးသည် ဆေးအဖြစ်သုံးရန်မလိုသော်လည်း ဘဝပြဿနာများကိုမေ့ပျောက်ပြီး အိပ်မက်ဆန်ဆန်ခံစားချက်၊ စိတ်စည်းစိမ် သို့မဟုတ် စိတ်အားတက်ကြွမှုခံစားနိုင်ရန်အသုံးပြုသော၊ အစာမဟုတ်သောပစ္စည်းကိုဆိုလိုသည်။
မူးယစ်ဆေးများအပျော်သုံးခြင်းကို သမ္မာကျမ်းစာတကယ်ပင်တားမြစ်သလော
သမ္မာကျမ်းစာ၌ဘိန်းဖြူ၊ ကိုကင်း၊ အယ်လ်အက်စ်ဒီ၊ ပီစီပီ (နတ်မှုန့်)၊ ဆေးခြောက်၊ ဆေးလိပ် စသည့်အမည်များကိုမတွေ့ရပါ။ သို့သော် ဘုရားသခင့်စိတ်တော်နှင့်တွေ့နိုင်ရန် ဘာကိုလုပ်ပြီး ဘာကိုရှောင်ရမည်နှင့်ပတ်သက်၍လိုအပ်သောစည်းမျဉ်းများကိုမူချမှတ်ထားပေသည်။ သေနတ်ကိုသုံး၍လူကိုမသတ်ရဟု မဆိုထားသော်လည်း လူမသတ်ရဟုပညတ်ထားသည့်နည်းတူပင်။
လု. ၁၀:၂၅-၂၇– “‘ထာဝရအသက်ကိုအမွေခံရအံ့သောငှာ အကျွန်ုပ်သည်အဘယ်အမှုကိုပြုရပါမည်နည်း။’ . . . ‘“သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ [“စိုးလ်အကြွင်းမဲ့၊” ကဘ] အစွမ်းသတ္တိရှိသမျှ၊ ဉာဏ်ရှိသမျှနှင့်ချစ်လော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့။”’” (လူသည် မလိုအပ်ဘဲနှင့်မိမိအသက်ကိုတိုအောင်၊ မိမိ၏စိတ်ကိုမှုန်ဝါးဝါးဖြစ်အောင်လုပ်လျှင် ဘုရားသခင်ကို စိုးလ်အကြွင်းမဲ့၊ စိတ်အကြွင်းမဲ့ဖြင့်ချစ်ရာရောက်မည်လော။ မိမိ၏မူးယစ်ဆေးစွဲအကျင့်ကိုရှင်သန်လျက်နေစေရန် သူ့ဥစ္စာကိုခိုးလျှင် သူတစ်ပါးကိုချစ်ရာရောက်မည်လော။)
၂ ကော. ၇:၁– “ချစ်သူတို့၊ [ယေဟောဝါကို ကျွန်ုပ်တို့၏ဘုရားသခင်နှင့်အဘအဖြစ် ပိုင်ဆိုင်နိုင်မည်ဟူသော] ထိုကတိတော်များနှင့်ငါတို့သည်ဆိုင်ကြသည်ဖြစ်၍ ကိုယ်ခန္ဓာ၏အညစ်အကြေး၊စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့်ကိုယ်ကိုကိုယ်ကင်းစင်စေလျက် ဘုရားသခင်ကိုကြောက်ရွံ့၍ သန့်ရှင်းခြင်းပါရမီနှင့်ပြည့်စုံကြကုန်အံ့။” (ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို တမင်ညစ်ညူးအောင်လုပ်လျှင် ဘုရားသခင့်စိတ်တော်နှင့်တွေ့ဖို့မျှော်လင့်နိုင်မည်လော။)
တိ. ၂:၁၁-၁၃၊ သက– “ထာဝရဘုရားသည် လူသားအပေါင်းတို့အား မိမိ၏ကယ်တင်ခြင်းကျေးဇူးတော်ကို ပေါ်လွင်ထင်ရှားစေတော်မူလေပြီ။ ငါတို့သည် . . . ဘုရားမဲ့တရားမဲ့ ပြုကျင့်ခြင်းနှင့်လောကတပ်မက်ခြင်းတို့ကို စွန့်ပစ်ကြရန်လည်းကောင်း၊ ဣန္ဒြေစောင့်စည်းခြင်း [“စိတ်မာချာမှု၊” ကဘ။ “ကိုယ်ကိုထိန်းချုပ်၊” JB; “ကိုယ်ကိုချုပ်တည်းလျက်နေထိုင်၊” TEV] ရိုးသားဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းတို့ဖြင့် ဤလောက၌အသက်ရှင်ကြစေရန်လည်းကောင်း ထိုကျေးဇူးတော်က ငါတို့အားဆုံးမသွန်သင်လျက်ရှိ၏။” (မူးယစ်ဆေးဝါးသုံးစွဲမှုသည် စိတ်၏ပိုင်းဖြတ်ဉာဏ်ကိုပျက်ယွင်းဖောက်ပြန်စေ၍ လူကိုချုပ်တည်းမှုလက်လွတ်စေသည်ဖြစ်၍ အထက်သြဝါဒနှင့်ညီညွတ်သလော။)
ဂလ. ၅:၁၉-၂၁– “ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား၊ . . . သူတစ်ပါးကိုပြုစားခြင်း [“စုန်းအတတ်ဖြင့်ပြုစားခြင်း၊” သက။ “နတ်ဝိဇ္ဇာအတတ်လိုက်စားခြင်း၊” ကဘ] . . . ပွဲလုပ်ခြင်း [“အပျော်ကြူးခြင်း၊” ကဘ] မှစ၍ထိုသို့သောအကျင့်ပေတည်း။ ထိုသို့သောအကျင့်ကိုကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကိုအမွေမခံရကြ။” (“နတ်ဝိဇ္ဇာအတတ်လိုက်စားခြင်း” ဟူ၍ဘာသာပြန်သော ဂရိစကားလုံး phar·ma·kiʹa (ဖာမကီယာ) ၏ပကတိစာသားအဓိပ္ပာယ်မှာ “ဆေးခတ်ခြင်း” ဖြစ်သည်။ ဒဗ္ဗလျူ. အီး. ဗိုင်းပြုစုသော ဓမ္မသစ်ကျမ်းစကားဆိုင်ရာအဖွင့်အဘိဓာန် က ဤဂရိစကားလုံးနှင့်ပတ်သက်၍ဤသို့ဆို၏– “စုန်းအတတ်တွင်၊ သာမန်မူးယစ်ဆေးကိုဖြစ်စေ၊ ထက်မြက်သောမူးယစ်ဆေးကိုဖြစ်စေ၊ အသုံးပြုသောအခါ၊ အဆောင်၊ လက်ဖွဲ့စသည်တို့နှင့်တကွမန်းမှုတ်ခြင်း၊ နတ်ပင့်ခြင်းပြုလေ့ရှိသည်။ အသုံးပြုသူ၊ သို့မဟုတ် လူနာအား မကောင်းဆိုးဝါးရန်တန်ခိုးမှ ကင်းဝေးစေရန်ရည်သန်သည်ဆိုသော်လည်း အမှန်မှာ သုံးစွဲသူအား အောက်လမ်းအတတ်၏လျှို့ဝှက်ဆန်းကြယ်သောအင်အားတန်ခိုးကို အထင်ကြီးစေလို၍သာဖြစ်သည်။” [လန်ဒန်၊ ၁၉၄၀၊ အတွဲ ၄၊ စ. ၅၁၊ ၅၂] အလားတူ ယနေ့လည်း မူးယစ်ဆေးသုံးစွဲသူအမြောက်အမြားတို့သည် နတ်ဝိဇ္ဇာအတတ်နှင့်ပတ်သက်လေ့ရှိသည်။ သို့မဟုတ်၊ စိတ်ကိုဗလာဖြစ်အောင်ထား၍ဖြစ်စေ၊ သွေးလေချောက်ချား၍ဖြစ်စေ နတ်ဆိုးများ၏စက်ကွင်းသို့အကျလွယ်သောသူတို့နှင့်ပေါင်းဖော်တတ်သည်။ လုကာ ၁၁:၂၄-၂၆ နှင့်နှိုင်းယှဉ်ပါ။)
တိ. ၃:၁၊ သက– “တိုင်းပြည်အုပ်ချုပ်သူများနှင့်အာဏာပိုင်များ၏အုပ်စိုးခြင်းကိုဝန်ခံ [ပါ။]” (တစ်မျိုးတစ်မည်သောမူးယစ်ဆေးများကိုလက်ဝယ်ထားရှိခြင်း၊ သို့မဟုတ် သုံးစွဲခြင်းသည် ဒေသများစွာတို့၌ ဥပဒေနှင့်မကင်းချေ။)
အချို့သောမူးယစ်ဆေးများသည် လူကိုနေပျော်ထိုင်ပျော်စေနိုင်သည်ဖြစ်ရကား၊ တကယ်ပင်လူကိုဥပဒ်ပေးသလော
၂ တိ. ၃:၁-၅၊ သမ္မာ– “နောက်ဆုံးသောနေ့ရက်များ၌ ခဲယဉ်းသောကာလများဖြစ်မည်။ . . . အကြောင်းမူကား၊ လူတို့သည် . . . ဘုရားသခင်ကိုနှစ်သက်သည်ထက်ပျော်မွေ့ခြင်းကိုသာနှစ်သက်သောသူ . . . ဖြစ်ကြလိမ့်မည်။ ထိုသို့သောသူတို့ကိုရှောင်လော့။” (ဘုရားသခင့်နှုတ်ကပါဌ်တော်ပါ ဖြောင့်မတ်သောမူများကို ကျင့်သုံးခြင်းဖြင့်စိတ်တော်နှင့်တွေ့ဖို့ထက်၊ အပျော်အပါးကိုဦးစားပေးကာ ရမ္မက်တကြီး သာယာမှုကိုတောင့်တခြင်းမရှိရန် သမ္မာကျမ်းစာက ရှင်းလင်းစွာသတိပေးထားပေသည်။)
အချို့ထိုင်းမှိုင်းဆေးများသည် အနာကိုသက်သာစေပြီး တင်းတိမ်သောစိတ်ကိုဖြစ်ပေါ်စေသော်လည်း ဆေးစွဲစေနိုင်ပြီး ဆေးလွန်လျှင်သေစေနိုင်သည်။ အချို့ဖျော်ရည်များကိုရှူလျှင် စိတ်ကြွစေသော်လည်း စကားဗလုံးဗထွေးပြောခြင်း၊ အမြင်မှားခြင်း၊ကြွက်သားကိုမထိန်းချုပ်နိုင်ခြင်းအပြင်၊ ကုမရနိုင်လောက်အောင် ဦးနှောက်၊ အသည်းနှင့်ကျောက်ကပ်များပျက်စီးခြင်းဖြစ်စေနိုင်သည်။ သွေးလေချောက်ချားစေသောဆေးများသည် “နတ်နန်းစံသလို” ခံစားစေပြီး ပန်းဟိုက်မှုကို ပြယ်ပျောက်စေသယောင်ရှိသော်လည်း အနီးအဝေးဝေခွဲမရ၊ ယုတ္တိတန်တန်စဉ်းစား၍မရဖြစ်စေနိုင်သည့်ပြင် ပြန်လည်ပြုပြင်၍မရနိုင်အောင် စရိုက်ကိုပြောင်းလဲစေနိုင်သည်။ ထို့ပြင် သေကြောင်းကြံလိုသော၊ လူသတ်လိုသောစိတ်ကိုဖြစ်ပေါ်စေနိုင်သည်။
ဆေးခြောက်ကော—ဥပဒ်ပေးတတ်သလော။ အချို့ဆရာဝန်များကပေးတတ်သည်ဆို၏
ဘားကလီမြို့ရှိ ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ် ကောင်းဝဲဆေးရုံမှ ယခင်စိတ်ရောဂါကုပညာဌာနမှူးဒေးဗစ်ပါဝယ်စင်သည် တစ်ချိန်က ဆေးခြောက်သုံးစွဲမှုကို တရားဝင်ဖြစ်စေရန် ထောက်ခံခဲ့သည်။ နောက်ပိုင်း၌ သာဓကပို၍ရရှိလာသောအခါ ဤသို့ရေးသားလိုက်သည်– “ဆေးခြောက်သည် ကျွန်ုပ်တို့ရင်ဆိုင်သတ်ပုတ်ရမည့် အန္တရာယ်အကြီးမားဆုံးသောမူးယစ်ဆေးဖြစ်ကြောင်း ယခုကျွန်ုပ်ယုံကြည်ပြီ။ ၁။ သုံးစွဲစ၌ ဘာမျှမဖြစ်သလိုပင်။ သုံးစွဲသူသည် စည်းစိမ်တစ်မျိုးကိုခံစားရသယောင်ရှိသည်။ မိမိ၏စိတ်နှင့်ဇီဝကမ္မဖြစ်စဉ် ယိုယွင်းလျက်ရှိသည်ကို သူ့ခမျာမသိနိုင်ရှာ။ ၂။ ဆက်၍သုံးစွဲပါက ထင်မိယောင်မှားတွေးတောလာမည်။ တစ်နှစ်မှသုံးနှစ်အထိဆက်တိုက်သုံးစွဲသည့်နောက်၌ စိတ္တဇနာအတွေးက စဉ်းစားမှုအစဉ်ကိုလွှမ်းမိုးသွားလေတော့သည်။”—စီမံခွင့်ပိုင်ကျန်းမာရေးအစီရင်ခံချက်၊ ၁၉၇၇၊ အောက်တိုဘာ၊ စ. ၈။
အမေရိကန်ပြည်၊မူးယစ်ဆေးအလွဲသုံးစွဲမှုဆိုင်ရာအမျိုးသားအဖွဲ့ ဒါရိုက်တာဟောင်း ဒေါက်တာ ရောဘတ် အယ်လ်ဒူပေါင်ကလည်း သတင်းအရ၊ ယခင်က ဆေးခြောက်အန္တရာယ်ကိုအထင်သေး၍ပြောဆိုခဲ့သော်လည်း နောက်ပိုင်း၌ အောက်ပါအတိုင်းပြောကြားခဲ့သည်– “တကယ့်ပြဿနာကြီးမှာ ဤကူးစက်ရောဂါ [သက်ငယ်ပိုင်းဆေးခြောက်သုံးစွဲမှု] ကြောင့်ဖြစ်သော ကျန်းမာရေးဆိုင်ရာဥပဒ်ပင်ဖြစ်သည်။ အနည်းဆုံး ဥပဒ်နှစ်မျိုးရှိသည်။ တစ်မျိုးမှာ၊ မူးယစ်ခြင်းဖြစ်၍ အသက်အန္တရာယ်ပြုသောကားမောင်းမှုမှသည် အရာရာတိုင်းကိုအရေးမလုပ်ခြင်းအထိအကျုံးဝင်သည်။ နောက်တစ်မျိုးမှာ ကာယဆိုင်ရာသက်သက်ဖြစ်၍ ဆေးခြောက်သုံးစွဲသူများနာတာရှည်အဆုတ်ပြွန်ရောင်ရမ်းနာဖြစ်လေ့ရှိခြင်းမှစ၍ ဟော်မုန်းဆိုင်ရာဥပဒ်ဖြစ်စေနိုင်သော အကျိုးသက်ရောက်မှုများ၊ ရောဂါပြီးအဖွဲ့အပေါ်သက်ရောက်သောအကျိုးများသာမက ကင်ဆာဖြစ်စေနိုင်သော ကြီးမားသည့်အလားအလာအထိ စိုးရိမ်ဖွယ်နယ်ပယ်ကျယ်ဝန်းလှသည်။—မွန်ထရီအော်မြို့ထုတ် အစိုးရပြန်တမ်း၊ ၁၉၇၉၊ မတ်လ ၂၂၊ စ. ၉။
သိပ္ပံအကျဉ်းချုပ်က အောက်ပါအသေးစိတ်အချက်များတင်ပြလိုက်သည်– “ဆေးခြောက်မှန်မှန်ရှူလျှင် မှတ်ဉာဏ်၊ စိတ်လှုပ်ရှားမှုနှင့်အပြုအမူစသော အလွန်အရေးပါသောလုပ်ဆောင်ချက်များအတွက်လိုအပ်သော နဗ်ကြောဆုံးများသည် တစ်ခုနှင့်တစ်ခု အလှမ်းဝေးသွားနိုင်သည်။ နဗ်ကြောချင်းဆက်သွယ်မှုရှိမှသာ မိမိတို့အလုပ်ကိုမိမိတို့လုပ်ဆောင်ကြမည်ဖြစ်သည်။” ထိုဆောင်းပါးက ဆက်လက်၍ တိရစ္ဆာန်များအပေါ်စမ်းသပ်ရာမှ ရရှိသောရလဒ်များအကြောင်းကို ဤသို့တင်ပြလိုက်သည်– “အသိသာဆုံးအကျိုးသက်ရောက်မှုကို စိတ်လှုပ်ရှားမှုဆိုင်ရာ အကန့်နယ်ပယ်တွင်လည်းကောင်း၊ မှတ်ဉာဏ်ဖြစ်ပေါ်ခြင်းဆိုင်ရာ ဟစ်ပိုကင်းပတ်၌လည်းကောင်း၊ အချို့သောအပြုအမူဆိုင်ရာလုပ်ဆောင်ချက်များကိုတာဝန်ယူသော အမစ်ဒါလာ၌လည်းကောင်းတွေ့နိုင်သည်။”—၁၉၈၁၊ မတ်လ၊ စ. ၁၀၄။
ဆေးခြောက်သုံးစွဲခြင်းသည် အရက်သောက်ခြင်းထက်ပို၍ဆိုးသလော
အရက်သည် အစာတစ်မျိုးဖြစ်ပြီး ကိုယ်ခန္ဓာက ဓာတ်ပြောင်း၍စွမ်းအားဖြစ်စေပြီး အဆုံးဒြပ်ကိုစွန့်ထုတ်သည်။ သို့သော်၊ စိတ်ဆေးဝါးဗေဒပညာရှင်တစ်ဦးက ဤသို့ဆို၏– “ဆေးခြောက်သည် အလွန်ပြင်းသောဆေးဝါးဖြစ်ပြီး ကျွန်ုပ်တို့၏အကြီးဆုံးအမှားမှာ ၎င်းကိုအရက်နှင့်နှိုင်းခြင်းပင်တည်း။ မော်လီကျူးချင်းယှဉ်လျှင်၊ [ဆေးခြောက်ထဲမှ] THC သည် ယစ်မူးစေနိုင်စွမ်းတွင် အရက်ထက် အဆ ၁၀,၀၀၀ ပို၍ ပြင်းသည်။ . . . ကိုယ်ခန္ဓာသည် THC ကိုဖယ်ထုတ်ရာ၌နှေးကွေး၏။ လပေါင်းများစွာကြာမှ ၎င်း၏အာနိသင်နှင့်လွတ်ကင်းနိုင်သည်။ (စီမံခွင့်ပိုင်ကျန်းမာရေးအစီရင်ခံချက်၊ ၁၉၇၇၊ အောက်တိုဘာ၊ စ. ၃) ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့၏ဆောက်တည်ပုံကို ကောင်းစွာနားလည်၏။ နှုတ်ကပါဌ်တော်က အရက်ကိုသင့်တော်သလောက် သောက်သုံးခွင့်ပြုတော်မူပေသည်။ (ဆာ. ၁၀၄:၁၅; ၁ တိ. ၅:၂၃) သို့ရာတွင် စားကြူးခြင်းကိုပြစ်တင်သကဲ့သို့ အရက်သောက်ကြူးခြင်းကိုလည်း အပြင်းအထန်ရှုတ်ချတော်မူသည်။—သု. ၂၃:၂၀၊ ၂၁; ၁ ကော. ၆:၉၊ ၁၀။
ယေဟောဝါသက်သေများက ဆေးလိပ်သောက်ခြင်းကို ကြီးလေးသောအပြစ်အဖြစ် အဘယ်ကြောင့်ယူမှတ်ကြသနည်း
အသက်ဆုကျေးဇူးကိုမလေးစားရာရောက်သောကြောင့်
တ. ၁၇:၂၄၊ ၂၅– “လောကဓာတ်မှစ၍ . . . ရှိသမျှသောအရာတို့ကိုဖန်ဆင်းတော်မူသောဘုရားသခင်သည် . . . ခပ်သိမ်းသောသူတို့အား ဇီဝအသက်နှင့်တကွထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသောအရာတို့ကိုပေးတော်မူ [၏။]”
စီးကရက်သည် အသက်တိုစေနိုင်သည်မှာ အထောက်အထားပြည့်လျှံလျက်နေသည်။ ၎င်း၏အကျိုးနှင့်အကြောင်းဆက်သွယ်မှုမှာလည်း ဆေးဝါးလောကထဲမှ မည်သည့်အရာကဲ့သို့မဆို ခိုင်လုံသည်။”—သိပ္ပံ ၈၀၊ စက်တင်ဘာ/အောက်တိုဘာ၊ စ. ၄၂။
အစီရင်ခံချက်များအရ၊ ဆေးလိပ်သောက်၍ နှစ်စဉ်သေဆုံးသူဦးရေသည် အမေရိကန်ပြည်၌ ၃၀၀,၀၀၀၊ ဗြိတိန်နိုင်ငံ၌ ၅၀,၀၀၀၊ ကနေဒါ၌ ၅၀,၀၀၀ တွက်ချက်ရရှိကြောင်းသိရသည်။ ဆေးလိပ်သောက်ခြင်းနှင့်ဆက်နွှယ်သောရောဂါကြောင့် နှစ်စဉ်လူတစ်သန်းမကသေဆုံးလျက်ရှိသည်။ ကမ္ဘာတစ်ဝန်း ဆေးလိပ်သုံးစွဲမှု၏ ၅၂ ရာနှုန်းဝင်သော ဖွံ့ဖြိုးဆဲနိုင်ငံများသည် သေနှုန်းအချိုးအဆ၌ အရှိန်အဟုန်ဖြင့်ကြီးထွားလျက်နေသည်။”—ဂျာနယ် (တိုရန်တိုမြို့)၊ ၁၉၈၃၊စက်တင်ဘာ ၁၊ စ. ၁၆။
အမေရိကန်ပြည်၊ ကျန်းမာရေး၊ ပညာရေးနှင့်လူမှုဖူလုံရေးဆိုင်ရာအတွင်းရေးမှူးဟောင်း ဂျိုးဇက် ကယ်လီဖာနို ဤသို့ပြောကြားခဲ့သည်– “ဆေးလိပ်သောက်ခြင်းသည် ကိုယ်ကိုတစ်စစသတ်ခြင်းဖြစ်သည်မှာ ယနေ့ ယုံမှားသံသယမရှိ။”—သုခမိန်သိပ္ပံလောက၊ ၁၉၈၀၊ စက်တင်ဘာ ၁၊ စ. ၁၆။
ခရစ်ယာန်များဘုရားသခင်အားပေးရမည့် ဘုရားသခင်တောင်းဆိုသောအရာနှင့်မလိုက်ဖက်သောကြောင့်
ရော. ၁၂:၁၊ သက– “သို့ဖြစ်၍ညီအစ်ကိုတို့၊ ထာဝရဘုရားသည် ငါတို့အား လွန်စွာကရုဏာထားတော်မူသောကြောင့် ကိုယ်တော်အမှုတော်ကိုဆောင်ရွက်ရန်နှင့် ကိုယ်တော်နှစ်သက်သောသက်ရှိယဇ်ကောင်သဖွယ်ဖြစ်ရန် သင်တို့၏ကိုယ်ကိုဆက်ကပ်ပူဇော်ကြလော့ဟု ငါတိုက်တွန်းနှိုးဆော်ပါ၏။ သို့မှသာလျှင် သင်တို့သည် ကိုယ်တော်အား မှန်ကန်စွာဝတ်ပြုကိုးကွယ်နိုင်ကြမည်။”
အမေရိကန်ပြည်၏ပြည်သူ့ကျန်းမာရေးဌာနဆေးမှူးချုပ် စီ. အဲဗရက် ကူ့က ဤသို့ဆိုသည်– “စီးကရက်သောက်ခြင်းသည် ကျွန်ုပ်တို့၏လူ့အဖွဲ့အစည်းအတွင်း လူကိုသေစေသောအကြောင်းတစ်ရပ်ဖြစ်သော်လည်း တားဆီး၍ရနိုင်ကြောင်း သိသာထင်ရှားပါသည်။” (နယူးယောက်တိုင်းမ်စ်၊ ၁၉၈၂၊ ဖေဖော်ဝါရီ ၂၃၊ စ. အေ ၁) ”ဆေးဝါးသုတေသနပြုချက်အရ၊ . . . ဆေးလိပ်သောက်သူ၏ပျမ်းမျှသက်တမ်းသည် မသောက်သူ၏သက်တမ်းထက် သုံးလေးနှစ်ခန့် ပို၍တိုသည်။ ဆေးလိပ်ချိုးကပ်သူ—တစ်ရက်အနည်းဆုံးနှစ်ဘူးသောက်သူ—ဖြစ်လျှင် ရှစ်နှစ်ပို၍တိုဖွယ်ရှိသည်။ (ကမ္ဘာ့စာအုပ်စွယ်စုံကျမ်း၊ ၁၉၈၄၊ အတွဲ ၁၇၊ စ. ၄၃၀) လူသည် မိမိဘဝကို ဘုရားသခင့်အတွက်အပ်နှံပြီးနောက် ဘဝကိုတစ်စစဖျက်ဆီးလျှင်သင့်တော်မည်လော။
“ဆေးလိပ်သောက်ခြင်းသည် အထူးသဖြင့် နှလုံးနှင့်အဆုတ်ကိုဖျက်ဆီးနိုင်လွန်းသဖြင့် လူတစ်ယောက် ဆေးလိပ်သောက်လျှင် ရောဂါကာကွယ်မှု၏အခြားကဏ္ဍပိုင်းများသည် အဓိပ္ပာယ်မရှိသလောက်ဖြစ်သွားသည်။” (တောင်ပိုင်းကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ်သတင်းဌာန၊ ၁၉၈၂၊ ဖေဖော်ဝါရီ ၁၈) “ဆေးလိပ်သောက်ခြင်းသည် ကမ္ဘာ့ကျန်းမာရေးချို့တဲ့မှု၏အဓိက တစ်ပင်တိုင်တရားခံဖြစ်သော်လည်း တားဆီး၍ရနိုင်သောအကြောင်းဖြစ်သည်။” (၁၉၈၀၊ ဖေဖော်ဝါရီ/မတ်ထုတ် ကမ္ဘာ့ကျန်းမာရေး၊ စ. ၃ ပါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အထွေထွေညွှန်ကြားရေးမှူး ဒေါက်တာ အိပ်ချ်မားလာ) လူတစ်ယောက် မိမိကိုယ်ကို ဘုရားသခင့်အမှုတော်မြတ်ထမ်းရွက်ရန်ဆက်သပြီးမှ မိမိကျန်းမာရေးကိုတမင်ဖျက်ဆီးလျှင် ရှေ့နောက်ညီသလော။
ဆေးလိပ်သောက်ခြင်းသည် ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ရမည်ဟူသော ဘုရားသခင့်တောင်းဆိုချက်ကို ချိုးဖောက်၏
ယာ. ၂:၈– “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့။”—မဿဲ ၇:၁၂ နှင့်နှိုင်းယှဉ်။
“မကြာမီကသုတေသနပြုချက်အရ၊ . . . ဆေးလိပ်မသောက်သောဇနီးများသည် ဆေးလိပ်သောက်သောခင်ပွန်းကြောင့် ဆေးလိပ်မသောက်သောယောက်ျားများ၏ဇနီးများထက် ပျမ်းမျှလေးနှစ်အသက်တို၏။” (နယူးယောက်တိုင်းမ်စ်၊ ၁၉၇၈၊ နိုဝင်ဘာ ၂၂၊ စ. စီ ၅) “ကိုယ်ဝန်ဆောင်စဉ်ဆေးလိပ်သောက်လျှင် သန္ဓေသားအင်္ဂါချို့တဲ့မှုမည်မျှတိုင်ပြင်းထန်သနည်းဟူမူ၊ ကလေးသည် သန္ဓေသားဘဝတွင်သေလျှင်သေ၊ မသေလျှင်တောင်မွေးပြီးနောက်မကြာမီသေဆုံးရရှာသည်။” (မိသားစုကျန်းမာရေး၊ ၁၉၇၉၊ မေလ၊ စ. ၈) အိမ်သားများအပေါ်ထိုသို့ပြုသည်မှာ ခရစ်ယာန်မပီသကြောင်းသိသာလှ၏။—၁ တိ. ၅:၈။
“သုတေသနပြုချက်အရ၊ သာမန်ဆေးလိပ်သောက်သူတစ်ယောက် တကယ်ဆေးလိပ်သောက်သောအချိန်မှာ မီးညှိထားသောအချိန်၏သေးငယ်သောအပိုင်းလောက်သာရှိတတ်ရာ၊ ဆေးလိပ်မသောက်သူသည် မိမိဘေးဘက်ရှိ သောက်သူနှင့်အမျှ၊ ကာဗွန်မိုနိုအောက်ဆိုဒ်၊ ကတ္တရာစေးနှင့်နစ်ကိုတင်းကို မရှူချင်ဘဲရှူရှိုက်ရဖွယ်ရှိသည်။” (ယနေ့ကျန်းမာရေး၊ ၁၉၇၂၊ ဧပြီ၊ စ. ၃၉) လူချင်းပေါ် ဤမျှတိုင်မေတ္တာမဲ့သောသူသည် ဘုရားသခင်ကိုချစ်ကြောင်းလည်း သက်သေမပြချေ။—၁ ယောဟန် ၄:၂၀ ကိုရှု။
မူးယစ်ဆေးများကိုမသုံးသင့်လျှင် ၎င်းတို့ကိုထုတ်လုပ်နိုင်သောအပင်များကို ဘုရားသခင် အဘယ်ကြောင့်ဖန်ဆင်းခဲ့သနည်း
လူတို့အလွဲသုံးသောပစ္စည်းများသည် အသုံးကျသောအပိုင်းလည်းရှိတတ်သည်။ လူ့မျိုးပွားခြင်းသတ္တိသည် သာဓကတစ်ရပ်ဖြစ်၏။ ဝိုင်အရက်လည်းထို့အတူပင်။ ဆေးခြောက်ကို ပိုက်ဆံလျှော်ပင်၏ရွက်ခြောက်နှင့် ပန်းပွင့်များမှထုတ်လုပ်သည်။ သို့ရာတွင် ပိုက်ဆံလျှော်မှ ကြိုးနှင့်ပိတ်များပြုလုပ်နိုင်သောလျှော်မျှင်ကိုရယူနိုင်ပေသည်။ ဆေးလိပ်သောက်သူများအလွဲသုံးသော ဆေးရွက်မှလည်း ပိုးသတ်ဆေးနှင့် အင်းဆက်ပိုးသတ်ဆေးများထုတ်လုပ်နိုင်သည်။ ကမ္ဘာ့သယံဇာတများကို အကျိုးရှိရှိမည်သို့အသုံးချနိုင်သည်နှင့်ပတ်သက်၍ လေ့လာသင်အံစရာများစွာရှိသေးသည်။ ပေါင်းပင်များပင်လျှင် ရေတိုက်စားမှုကာကွယ်ရာ၌လည်းကောင်း၊ လယ်မြေမထွန်ယက်သောအခါ မြေငွေ့ပြန်ထိန်းပစ္စည်းအဖြစ်လည်းကောင်း အသုံးဝင်ပေသည်။
ဆေးလိပ်နှင့်မူးယစ်ဆေးဖြတ်ဖို့ကြိုးစားသော်လည်း မအောင်မြင်ခဲ့လျှင် မည်သို့ပြုနိုင်သနည်း
ရှေးဦးစွာသမ္မာကျမ်းစာလေ့လာမှုနှင့် အလေးအနက်ဆင်ခြင်မှုဖြင့် ဘုရားသခင့်စိတ်တော်ကို ရွှင်လန်းစေလိုသောဆန္ဒ၊ ကိုယ်တော့်ဖြောင့်မတ်သောစနစ်သစ်တွင်နေထိုင်လိုသောပြင်းပြသည့်ဆန္ဒတို့ကို မွေးမြူရန်လိုသည်။ အထံတော်သို့ချည်းကပ်လျှင် သင့်ထံချည်းကပ်တော်မူမည်။ သင့်အား လိုအပ်သောအကူအညီပေးတော်မူမည်။—ယာ. ၄:၈။
ထိုအကျင့်စွဲများ မည်မျှဆိုးရွားကြောင်း တထစ်ချယုံကြည်ပြီး ၎င်းတို့ကိုတကယ်မုန်းတီးသောစိတ် မွေးမြူရန်အရေးကြီး၏။ (ဆာ. ၉၇:၁၀) ဤအပိုင်းမှအချက်အလက်များကို ပြန်လည်သုံးသပ်ပါက ထိုမုန်းတီးစိတ်ကိုမွေးမြူနိုင်မည်။ ထို့ပြင် ထိုအကျင့်စွဲများမှခံစားရသော တဒင်္ဂသာယာမှုအစား ဘုရားသခင်နှစ်သက်သောအရာများကိုလည်းကောင်း၊ ထိုအကျင့်ဆိုးများ၏ စက်ဆုပ်ဖွယ်ဆိုးကျိုးများကိုလည်းကောင်း တွေးတောဆင်ခြင်ရမည်။
ဆေးလိပ် သို့မဟုတ် မူးယစ်ဆေးသုံးစွဲလိုသောဆန္ဒပြင်းပြလျှင် ဘုရားသခင်မစပါရန် ထက်သန်စွာဆုတောင်းပါ။ (လု. ၁၁:၉၊ ၁၃; ဖိလိပ္ပိ ၄:၁၃ နှင့်နှိုင်းယှဉ်။) ချက်ချင်းဆုတောင်းပါ။ ကျမ်းစာကိုထုတ်ပြီး ကျယ်လောင်စွာဖတ်ပါ။ သို့မဟုတ် ရင့်ကျက်သောခရစ်ယာန်တစ်ဦးနှင့် ဆက်သွယ်ပါ။ သူ့အား အဖြစ်အပျက်ကိုပြောပြပြီးအကူအညီယူပါ။