သင်ခန်းစာ ၁၅
ကောင်းမွန်သော ကိုယ်အသွင်အပြင်
သင့်အကြောင်းကို သင့်ကိုယ်အသွင်အပြင်က များစွာပြောပြသည်။ ယေဟောဝါသည် နှလုံးကိုကြည့်ရှုစဉ် လူသားတို့မူကား များသောအားဖြင့် “အဆင်းသဏ္ဌာန်ကိုကြည့်ရှု” ၍ ကောက်ချက်ချတတ်ကြသည်။ (၁ ရာ. ၁၆:၇) သင်သည် သန့်ရှင်းပြီး သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ထားသောအခါ သင်၌ ကိုယ့်ကိုယ်ကိုလေးစားမှုရှိကြောင်း အခြားသူများ ကောက်ချက်ချနိုင်ဖွယ်ရှိပြီး သင့်အားနားထောင်ပေးလိုစိတ် ပို၍ရှိလာမည်ဖြစ်သည်။ လျောက်ပတ်စွာ ဝတ်စားထားခြင်းက သင်ကိုယ်စားပြုသည့်အဖွဲ့အစည်းအပေါ်နှင့် သင်ဝတ်ပြုသောဘုရားသခင်အပေါ် သင့်အားနားထောင်နေသူများ၏အမြင်ကို အကောင်းဘက်မှဖြစ်စေသည်။
ကျင့်သုံးရန် လမ်းညွှန်ချက်များ။ ကိုယ်အသွင်အပြင်နှင့်ပတ်သက်သော စည်းမျဉ်းဥပဒေများစွာကို သမ္မာကျမ်းစာက ချမှတ်မထားချေ။ သို့သော် ဆုံးဖြတ်ချက်ကောင်းများ ချစေနိုင်သည့် မျှတသောမူများကိုကား ဖော်ပြပေးထားသည်။ ယင်းတို့အားလုံးအတွက် အဓိကအခြေခံကျသောအချက်မှာ ကျွန်ုပ်တို့သည် “ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြ” ရန်ဖြစ်သည်။ (၁ ကော. ၁၀:၃၁) ကျွန်ုပ်တို့၏ကိုယ်အသွင်အပြင်နှင့်စပ်လျဉ်း၍ အဘယ်မူများပါဝင်ပါသနည်း။
ပထမဦးဆုံးအနေနှင့်၊ သမ္မာကျမ်းစာက ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ကိုယ်ခန္ဓာနှင့်အဝတ်အစားကိုပါ သန့်ရှင်းနေစေရန် အားပေးထားသည်။ ရှေးဣသရေလလူမျိုးတို့အား ပေးထားသည့် ကိုယ်တော့်ပညတ်တော်တွင် သန့်ရှင်းမှုနှင့်ပတ်သက်သော တောင်းဆိုချက်များကို ယေဟောဝါပြဋ္ဌာန်းပေးထားသည်။ ဥပမာအနေနှင့်၊ ယဇ်ပုရောဟိတ်များ တာဝန်ထမ်းဆောင်စဉ် သတ်မှတ်ထားသောအချိန်များတွင် ရေချိုးသန့်စင်ရပြီး မိမိတို့၏ဝတ်ရုံများကို လျှော်ဖွပ်ကြရသည်။ (ဝတ်. ၁၆:၄၊ ၂၄၊ ၂၆၊ ၂၈) ခရစ်ယာန်များသည် မောရှေပညတ်အောက်၌ မရှိကြ၊ သို့သော် ၎င်းတွင် ပါဝင်ပြဋ္ဌာန်းထားသောမူများသည် အကျိုးသက်ရောက်နေဆဲပင်။ (ယော. ၁၃:၁၀; ဗျာ. ၁၉:၈) အထူးသဖြင့် ဝတ်ပြုရာအရပ်သို့ ကျွန်ုပ်တို့သွားမည် သို့မဟုတ် လယ်ကွင်းဓမ္မအမှုတွင် ပါဝင်မည်ဆိုလျှင်၊ အခြားသူများအတွက် မနှစ်မြို့စရာမဖြစ်စေရန် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာ၊ ခံတွင်းနှင့် ကျွန်ုပ်တို့၏အဝတ်အစားတို့ကို သန့်ရှင်းနေစေသင့်သည်။ အသင်းတော်ရှေ့တွင် ဟောပြောချက်ပေးသူများ သို့မဟုတ် သရုပ်ပြများတွင် ပါဝင်သူများသည် ထိုကိစ္စ၌ ပုံသက်သေကောင်းပြသင့်ပေသည်။ ကျွန်ုပ်တို့၏ကိုယ်အသွင်အပြင်အား ဂရုပြုခြင်းက ယေဟောဝါနှင့်ကိုယ်တော့်အဖွဲ့အစည်းကို လေးစားရာရောက်သည်။
ဒုတိယအနေနှင့် ကျိုးနွံစိတ်နှင့်သမ္မာသတိစိတ်တို့ကို ပြုစုပျိုးထောင်ရန် ကျမ်းစာက ကျွန်ုပ်တို့အား တိုက်တွန်းထားသည်။ ခရစ်ယာန်အမျိုးသမီးများအား “ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲ အဖိုးထိုက်သောအဝတ်နှင့် ကိုယ်ကိုမဆင်ဘဲ၊ ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့်၊ . . . ဘုရားသခင်အားရိုသေလေးမြတ်ခြင်းကို ဝန်ခံပြုစုသောမိန်းမဆင်သင့်သည်အတိုင်း . . . ကိုယ်ကိုတန်ဆာဆင်စေခြင်းငှာ” တမန်တော်ပေါလုက အားပေးတိုက်တွန်းခဲ့သည်။ (၁ တိ. ၂:၉၊ ၁၀) ကျိုးနွံစိတ်နှင့်သမ္မာသတိစိတ်တို့သည် အမျိုးသားများ၏ ဝတ်စားဆင်ယင်မှုတွင်လည်း အရေးပါ ပါသည်။
ကျိုးနွံသောလူတစ်ယောက်သည် အခြားသူများကို အကြောင်းမဲ့ မထိခိုက်မနစ်နာစေရန်နှင့် မိမိကို အာရုံစိုက်လွန်းခြင်းမဖြစ်စေရန် အလေးထားသည်။ သမ္မာသတိစိတ်ရှိလျှင် ပိုင်းခြားဝေဖန်တတ်သည် သို့မဟုတ် ကောင်းစွာချင့်ချိန်တတ်သည်။ ထိုအရည်အသွေးများကိုပြသသောသူသည် ဘုရားရေးရာစံနှုန်းများအား ရိုသေလေးမြတ်ခြင်းကြောင့် ရရှိလာသောဟန်ချက်ညီမှုကို ပိုင်ဆိုင်သည်။ ယင်းအရည်အသွေးများကို တင်ပြခြင်းသည် ကြည့်ကောင်းရှုပျော်ဝတ်စားဆင်ယင်မှုကို ဖယ်ပစ်လိုက်ခြင်းမဟုတ်သော်လည်း ကျွန်ုပ်တို့၏အသွင်အပြင်၌ ဆင်ဆင်ခြင်ခြင်ရှိရန်နှင့် အလွန်အကျွံ ဝတ်စားဆင်ယင်မှုမျိုးကို ရှောင်ကြဉ်ရန် ကူညီပေးသည်။ (၁ ယော. ၂:၁၆) ကျွန်ုပ်တို့သည် ဝတ်ပြုရာနေရာ၌ ရှိနေသည်ဖြစ်စေ၊ လယ်ကွင်းဓမ္မအမှုတွင် ပါဝင်နေသည်ဖြစ်စေ သို့မဟုတ် အခြားသောလုပ်ဆောင်မှုများတွင် ပါဝင်နေသည်ဖြစ်စေ ထိုမူများကို ကျင့်သုံးလိုကြပေသည်။ ကျွန်ုပ်တို့၏ နေ့စဉ်ထသွားထလာအဝတ်အစားပင်လျှင် ကျိုးနွံစိတ်နှင့်သမ္မာသတိစိတ်တို့ကို ရောင်ပြန်ဟပ်စေသင့်သည်။ ကျောင်း၌ သို့မဟုတ် လောကလုပ်ငန်းခွင်တွင် အလွတ်သဘောသက်သေခံရန် အခွင့်အရေးများရှိပေလိမ့်မည်။ အစည်းအဝေးများ၊ စည်းဝေးပွဲများနှင့် စည်းဝေးကြီးများ တက်ရောက်သောအခါတွင် ဝတ်ဆင်သကဲ့သို့ တထေရာတည်း ဝတ်နိုင်ချင်မှဝတ်နိုင်မည်ဖြစ်သော်လည်း ကျွန်ုပ်တို့၏အဝတ်အစားသည် သပ်ရပ်သန့်ရှင်းပြီး ဣန္ဒြေရှိသင့်ပေသည်။
မှန်ပါသည်၊ ကျွန်ုပ်တို့အားလုံး တစ်ပုံစံတည်းမဝတ်ဆင်ကြပါ။ ဤသို့ဝတ်ဆင်ရန်လည်း ကျွန်ုပ်တို့မျှော်လင့်မခံရပါ။ လူတို့သည် အကြိုက်တစ်မျိုးစီရှိကြပြီး ယင်းက လျောက်ပတ်လှပေသည်။ သို့သော် ကျမ်းစာလမ်းညွှန်ချက်များကိုကား အမြဲကျင့်သုံးသင့်သည်။
“စိတ်နှလုံး၏အတွင်းလူ” ကိုဆင်မြန်းခြင်းက ဆံပင်ပုံစံများနှင့်အပေါ်ယံဝတ်ရုံများကို ဆင်မြန်းခြင်းထက် ပို၍ပင်အရေးကြီးကြောင်း တမန်တော်ပေတရုက ပြသခဲ့သည်။ (၁ ပေ. ၃:၃၊ ၄) ကျွန်ုပ်တို့၏နှလုံးကို ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ ကြင်နာခြင်းနှင့် ခြေမြစ်ခိုင်လုံသော ယုံကြည်ခြင်းတို့ဖြင့် ပြည့်နေသည့်အခါ ကျွန်ုပ်တို့အတွက် ယင်းတို့သည် ဘုရားသခင်ကို အမှန်ပင် ဂုဏ်တင်သည့် ဝိညာဏဝတ်ရုံများ ဖြစ်လာမည်။
တတိယ၊ ကျွန်ုပ်တို့၏အသွင်အပြင်သည် လျောက်ပတ်စွာဝတ်ဆင်ထားခြင်းဖြစ်မဖြစ် ဆင်ခြင်သုံးသပ်ရန် ကျမ်းစာက တိုက်တွန်းထားသည်။ ၁ တိမောသေ ၂:၉ ၌ “လျောက်ပတ်သောအဝတ်” ဖြင့်ဟု ဆိုထားသည်။ တမန်တော်ပေါလုသည် အမျိုးသမီးများ၏အဆင်တန်ဆာကို ရည်ညွှန်းပြောဆိုနေခြင်းဖြစ်သော်လည်း ထပ်တူမူသည် အမျိုးသားများနှင့်သက်ဆိုင်သည်။ တစ်ခုခုကို လျောက်ပတ်စွာစီစဉ်သည်ဟုဆိုခြင်းမှာ သပ်ရပ်ပြီး အစီအစဉ်တကျပြုခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည်ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ သပ်ရပ်သောအသွင်အပြင် ရရှိနိုင်ပါသည်။
အခြားသူများက သတိပြုမိသော ကိုယ်အသွင်အပြင်များမှ ပထမဦးဆုံးသောအသွင်အပြင်တစ်ခုမှာ ကျွန်ုပ်တို့၏ဆံပင်ဖြစ်သည်။ ယင်းကို သပ်သပ်ရပ်ရပ် သို့မဟုတ် လျောက်ပတ်စွာဖြီးသင်ထားသင့်သည်။ ဒေသခံဓလေ့ထုံးစံနှင့် မျိုးရိုးအကြောင်းနှစ်ရပ်စလုံးက လူတို့၏ဆံပင်ပုံစံများအပေါ် သက်ရောက်မှုရှိသည်။ ၁ ကောရိန္သု ၁၁:၁၄၊ ၁၅ ၌ ယင်းအကြောင်းနှစ်ရပ်စလုံးကို ထည့်တွက်စဉ်းစားထားကြောင်းထင်ရှားသည့် ဆံပင်ပုံစံများနှင့်ပတ်သက်၍ တမန်တော်ပေါလု၏ဆုံးမမှုကို ကျွန်ုပ်တို့တွေ့ရသည်။ သို့ရာတွင် လူတစ်ဦး၏ဆံပင်ပုံစံက လိင်ခြားသူ၏ဆံပင်ပုံစံနှင့်တူအောင် ကြိုးစားနေသည်ဟု အထင်ရောက်စေမည်ဆိုလျှင် ယင်းသည် ကျမ်းစာမူများနှင့်ဆန့်ကျင်နေသည်။—တရား. ၂၂:၅။
အမျိုးသားများအတွက် သပ်ရပ်သောကိုယ်အသွင်အပြင်တွင် ကောင်းစွာညှပ်ရိတ်ထားခြင်း ပါဝင်နိုင်သည်။ နှုတ်ခမ်းမွှေးထားခြင်းကို ဂုဏ်အသရေရှိသည်ဟု အများယူမှတ်ကြသည့်ဒေသများတွင် ထိုပုံစံထားသူမည်သူမဆိုသည် ယင်းကို သပ်ရပ်စွာတိညှပ်ထားသင့်သည်။
စတုတ္ထမှာ၊ ကျွန်ုပ်တို့၏အသွင်အပြင်သည် လောကနှင့်ယင်း၏လမ်းစဉ်ကို ချစ်မြတ်နိုးသည့်အသွင် မဆောင်သင့်ပေ။ တမန်တော်ယောဟန်က ဤသို့သတိပေးထားသည်– “လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာတို့ကိုလည်းကောင်း မချစ်ကြနှင့်။” (၁ ယော. ၂:၁၅-၁၇) အပြစ်ရှိသောလိုအင်ဆန္ဒများစွာတို့သည် ဤလောက၏အသွင်သဏ္ဌာန်ဖြစ်သည်။ ၎င်းတို့အထဲတွင် အပြစ်ရှိသောသွေးသားတပ်မက်မှုနှင့် တစ်ဦးဦး၏ပိုင်ဆိုင်ရာများကို ဟိတ်ဟန်ထုတ်ပြခြင်းတို့အကြောင်း ယောဟန်က ဖော်ပြသည်။ ထို့အပြင် ပုန်ကန်သည့်စိတ် သို့မဟုတ် အာဏာဖီဆန်မှုကိုလည်း ကျမ်းစာက အာရုံစူးစိုက်သည်။ (သု. ၁၇:၁၁; ဧ. ၂:၂) ထိုဆန္ဒများနှင့်သဘောထားများကို လူတို့ဝတ်စားဆင်ယင်ပုံဖြင့် ထင်ရှားပြလေ့ရှိသည်။ ရလဒ်အနေနှင့်၊ သူတို့၏အသွင်အပြင်သည် ဣန္ဒြေမဲ့သော၊ ရာဂစိတ်လှုံ့ဆော်ပေးသော၊ တောက်တောက်ပြောင်ပြောင်ဖြစ်လွန်းသော၊ ပစ်စလက်ခတ်နိုင်သော၊ သေသပ်မှုမရှိသော သို့မဟုတ် ဖြစ်ကတတ်ဆန်းနိုင်လွန်းသောအသွင် ဖြစ်သွားပေမည်။ ယေဟောဝါ၏ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့သည် ထိုသို့သော ခရစ်ယာန်မဆန်သည့်လမ်းစဉ်များ ထင်ဟပ်စေသည့် ပုံစံများကို ရှောင်ကြဉ်ကြသည်။
လောကကို လိုက်တုမည့်အစား၊ ခရစ်ယာန်အသင်းတော်ရှိ ဝိညာဉ်ရေးအရ ရင့်ကျက်သော အမျိုးသားအမျိုးသမီးများ၏ ကောင်းသောပုံသက်သေက သင့်ဝတ်စားဆင်ယင်မှုကို ဩဇာလွှမ်းမိုးခွင့်ပြုခြင်းသည် သာ၍ကောင်းလှသည်တကား! တစ်နေ့နေ့တွင် လူထုရှေ့ဟောပြောသူများဖြစ်ရန် မျှော်လင့်ထားသော လူငယ်များသည် လူထုဟောပြောချက်များပေးရန် အရည်အချင်းပြည့်မီပြီးဖြစ်သောသူတို့၏ ဝတ်စားပုံကို တစေ့တစောင်းလေ့လာနိုင်ပေသည်။ လူထုရှေ့ဓမ္မအမှုဆောင်ရာတွင် နှစ်ပေါင်းများစွာ သစ္စာရှိရှိပါဝင်ခဲ့ကြသောသူတို့ ချမှတ်ခဲ့သည့်ပုံသက်သေကို အားလုံးသင်ယူနိုင်ကြပါသည်။—၁ တိ. ၄:၁၂; ၁ ပေ. ၅:၂၊ ၃။
ပဉ္စမမှာ၊ အဘယ်အရာလျောက်ပတ်သည်ကို ဆုံးဖြတ်ရာတွင် “ခရစ်တော်သည်[ပင်] ကိုယ်အလိုသို့မလိုက်” ကြောင်းကို ကျွန်ုပ်တို့စိတ်တွင် စွဲမှတ်ထားသင့်ပေသည်။ (ရော. ၁၅:၃) ယေရှုအထူးအရေးပေးသည့်အရာမှာ ဘုရားသခင့်အလိုတော်ဆောင်ခြင်းဖြစ်သည်။ ယေရှုသည် အခြားသူများကိုကူညီပေးခြင်းကိုလည်း ကိုယ်တိုင်အဆင်ပြေမှုထက် ဦးစားပေးခဲ့သည်။ အချို့သော ဝတ်စားဆင်ယင်ပုံများနှင့်စပ်လျဉ်း၍၊ တစ်စုံတစ်ရာက ယခု ကျွန်ုပ်တို့အမှုဆောင်နေသောနေရာရှိ လူတို့နှင့် ကျွန်ုပ်တို့စပ်ကြား အတားအဆီးတစ်ခု ပေါ်ပေါက်လာစေမည်ဆိုလျှင် ကျွန်ုပ်တို့ဘာလုပ်သင့်သနည်း။ ခရစ်တော်ပြသခဲ့သော နှိမ့်ချသည့်စိတ်ကို တုပခြင်းက ကျွန်ုပ်တို့အား ပညာရှိစွာဆုံးဖြတ်ရန် ကူညီပေးနိုင်သည်။ တမန်တော်ပေါလုသည် ဤမူကိုဖော်ပြပေးခဲ့သည်– “ထိမိ၍လဲစရာအကြောင်း တစ်စုံတစ်ခုကိုမျှမပြု။” (၂ ကော. ၆:၃) ထိုအကြောင်းကြောင့် ကျွန်ုပ်တို့သက်သေခံလိုသောလူတို့၏ စိတ်တံခါးကို ပိတ်ပစ်လိုက်စေတတ်သည့် ဆံပင်ပုံစံများ သို့မဟုတ် ဆင်မြန်းသောအဆင်တန်ဆာများကို ကျွန်ုပ်တို့စွန့်လွှတ်လိုက်နိုင်ပေသည်။
ကိုယ်ဟန်အနေအထား။ တော်လျော်သော ကိုယ်အသွင်အပြင်တွင် လျောက်ပတ်သော ကိုယ်ဟန်အနေအထားလည်း ပါဝင်သည်။ မှန်ပါသည်၊ ကျွန်ုပ်တို့အားလုံးသည် မိမိတို့ကိုယ်ဟန်အနေအထားကို တစ်ပုံစံတည်း မထားကြသကဲ့သို့ တစ်စုံတစ်ရာသောပုံစံနှင့်အံကိုက်ဖြစ်ရန်လည်း ကျွန်ုပ်တို့ကြိုးပမ်းကြမည်မဟုတ်ပါ။ သို့ရာတွင်၊ ကျမ်းစာအသုံးအနှုန်းအရ မတ်မတ်ရပ်ခြင်းက ဂုဏ်သိက္ခာနှင့် အကောင်းမြင်တတ်သည့်သဘောကို ဖော်ဆောင်ပေသည်။ (တော. ၂၆:၁၃; လု. ၂၁:၂၈) သို့သော်ငြားလည်း၊ နှစ်ပေါင်းများစွာ ကိုင်းကိုင်းကြီးအနေအထားဖြင့်နေခြင်းကြောင့် သို့မဟုတ် အသက်ကြီးရင့်လာသောကြောင့် သို့မဟုတ် ခွန်အားနည်းမှုကြောင့် ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးသည် တည့်တည့်ရပ်နိုင်ချင်မှရပ်နိုင်မည်၊ သို့မဟုတ် ထောက်မပေးထားရန် မှီစရာတစ်ခု လိုကောင်းလိုမည်။ သို့သော် ဖြစ်နိုင်သူများအတွက် အခြားသူများကို ဟောပြောရာတွင် လျစ်လျူရှုသည့်သဘောထား သို့မဟုတ် တောင်းပန်တိုးလျှိုးသည့်သဘောထားမဖြစ်စေရန် အသင့်အတင့်မတ်မတ်ရပ်ခြင်းကို ထောက်ခံအားပေးထားသည်။ ထိုနည်းထပ်တူပင်၊ ဟောပြောသူအတွက် အခါအားလျော်စွာ မိမိလက်ကို ဟောပြောစင်ပေါ်တွင်တင်ထားခြင်းက မမှားသော်လည်း များသောအားဖြင့် ဟောပြောစင်ကို မမှီထားလျှင် ပရိသတ်အတွက် အကောင်းမြင်သဘောထား စွဲကျန်ရစ်စေသည်။
သပ်ရပ်သော အသုံးအဆောင်။ ကျွန်ုပ်တို့၏ကိုယ်အသွင်အပြင်သာ သန့်ရှင်းသပ်ရပ်သင့်သည်မဟုတ်ဘဲ ဓမ္မအမှုကျောင်းတွင်အသုံးပြုရန်အတွက် ကျွန်ုပ်တို့၏အသုံးအဆောင်ပစ္စည်းများကိုလည်း သန့်ရှင်းသပ်ရပ်စေသင့်သည်။
သင့်ကျမ်းစာအုပ်ကို ထည့်တွက်စဉ်းစားပါ။ ကျွန်ုပ်တို့၏ကျမ်းစာအုပ်များ ဟောင်းနွမ်းသွားသောအခါ အသစ်တစ်အုပ်ပြန်ရရှိရန် ကျွန်ုပ်တို့ယောက်တိုင်းအတွက်တော့ မဖြစ်နိုင်ချေ။ သို့ဖြစ်စေကာမူ ကျွန်ုပ်တို့ ကျမ်းစာအုပ်ကို မည်မျှကြာကြာလက်ဝယ်ရရှိခဲ့ပါစေ ယင်းကို ဂရုတစိုက်ဖြင့်ကိုင်တွယ်အသုံးပြုခဲ့ကြောင်း ထင်ရှားစေသင့်သည်။
သက်သေခံထွက်သည့်အိတ်ထဲ ထည့်ပုံထည့်နည်း များစွာရှိသည်မှာမှန်ပါသည်၊ သို့သော် ယင်းသည် သပ်ရပ်သင့်သည်။ ကြေညာသူတစ်ဦးသည် အိမ်ရှင်တစ်ဦးအား ကျမ်းချက်တစ်ချက်ကိုဖတ်ပြရန် ပြင်ဆင်နေသည့်အခါ သို့မဟုတ် ညီအစ်ကိုတစ်ဦး အသင်းတော်ဟောပြောချက်ပေးနေသည့်အခါ ကျမ်းစာအုပ်မှ စာရွက်များထွက်ကျလာသည်ကို သင်မြင်ဖူးပါသလော။ သင်စိတ်ပျံ့လွင့်သွားသည် မဟုတ်ပေလော။ ကျမ်းစာအုပ်ထဲတွင် စာရွက်များထည့်သိမ်းထားခြင်းသည် အာရုံပျံ့လွင့်စရာဖြစ်စေမည်ဆိုလျှင် ယင်းတို့ကို အခြားနေရာတွင်သိမ်းထားခြင်းသည် သင့်ပစ္စည်းများကို လျောက်ပတ်စွာထားရာရောက်သည်။ ထို့အပြင် အချို့သောဓလေ့ထုံးစံများတွင် ကျမ်းစာအုပ်နှင့် အခြားဘာသာရေးစာပေများအား ကြမ်းပြင်တွင်ထားခြင်းကို အလွန်မလေးမစားပြုသည်ဟု ရှုမြင်ကြကြောင်းကိုလည်း နားလည်ထားပါ။
ကိုယ်အသွင်အပြင်ကောင်းသည် ကျွန်ုပ်တို့အတွက် အရေးပါစေသင့်သည်။ ကျွန်ုပ်တို့အား အခြားသူများမည်သို့ရှုမြင်ပုံကိုလည်း ယင်းက ဩဇာလွှမ်းမိုးသည်။ သို့သော် ထိုအရာအားလုံးထက် ကျွန်ုပ်တို့သည် “ကယ်တင်တော်မူသောအရှင် ဘုရားသခင်၏သြဝါဒကို အရာရာ၌ တန်ဆာဆင်” လိုသောကြောင့် ယင်းကို အသေအချာဂရုစိုက်ကြသည်။—တိ. ၂:၉။