သင်ခန်းစာ ၁၆
တည်ငြိမ်ခြင်း
ဟောပြောသူအနေနှင့် ဟောပြောဖို့မတ်တတ်ရပ်သည့်အခါ ကတုန်ကယင်ဖြစ်တတ်သည်မှာ မဆန်းချေ၊ အထူးသဖြင့် မကြာခဏ ဟောပြောချက်များပေးလေ့မရှိလျှင် ဖြစ်တတ်သည်။ ကြေညာသူတစ်ဦးသည် လယ်ကွင်းဓမ္မအမှုတွင် ပထမဆုံးနေ့၌ လူတို့ထံသွားရောက်သောအခါ ကတုန်ကယင်ဖြစ်သလိုခံစားရပေမည်။ ပရောဖက်အဖြစ် တာဝန်ပေးခံရသည့်အခါ ယေရမိ ဤသို့တုံ့ပြန်ခဲ့သည်– “အကျွန်ုပ်သည် မဟောမပြောတတ်ပါ။ သူငယ်ဖြစ်ပါ၏။” (ယေ. ၁:၅၊ ၆) ယေဟောဝါသည် ယေရမိအား ကူညီပေးခဲ့ပြီး သင့်ကိုလည်း ကိုယ်တော်ကူညီပေးမည်။ အချိန်တန်သော် သင်သည် တည်ငြိမ်မှု ရှိလာနိုင်သည်။
တည်ငြိမ်သောဟောပြောသူတစ်ဦးသည် အေးဆေးသူဖြစ်သည်။ ကိုယ်ဟန်အပြုအမူဖြင့် ထိုအေးဆေးမှုကို ထင်ရှားပြသည်။ သူ၏ကိုယ်ဟန်အနေအထားသည် သဘာဝကျပြီး သမယနှင့်လျော်ညီသည်။ သူ့လက်များလှုပ်ရှားပုံသည် အဓိပ္ပာယ်ပြည့်ဝသည်။ သူ၏အသံသည် သရုပ်သကန်ပေါ်ကာ ထိန်းချုပ်မှုရှိသည်။
ဤသို့သော တည်ငြိမ်သည့်အသွင်အပြင် သင့်တွင်မရှိဟု ခံစားရနိုင်သော်လည်း သင်တိုးတက်နိုင်ပါသည်။ မည်သို့နည်း။ ဟောပြောသူတစ်ဦး ကတုန်ကယင်ဖြစ်မှုခံစားရခြင်းနှင့် တည်ငြိမ်မှုကင်းမဲ့ရသည့်အကြောင်းကို ဆင်ခြင်သုံးသပ်ကြည့်ကြစို့။ အကြောင်းရင်းမှာ ရုပ်ပိုင်းဆိုင်ရာဖြစ်ကောင်းဖြစ်မည်။
သင်သည် စိန်ခေါ်ချက်တစ်ရပ်နှင့်ရင်ဆိုင်နေရသောအခါ ကောင်းစွာလုပ်ဆောင်လိုသော်လည်း သင်လုပ်ဆောင်နိုင်လိမ့်မည်ကို မသေမချာဖြစ်နေလျှင် စိုးရိမ်ပူပန်လာသည်။ ရလဒ်အနေဖြင့် ခန္ဓာကိုယ်အား အတ်ဒရီနယ်လင်ဟော်မုန်း ပိုမိုထုတ်လွှတ်ရန် ဦးနှောက်က အချက်ပြလေတော့သည်။ ထိုထုတ်လွှတ်လိုက်သည့်အကျိုးဆက်က နှလုံးခုန် ပိုမြန်လာခြင်း၊ အသက်ရှူနှုန်းပြောင်းလဲလာခြင်း၊ ချွေးထွက်များလာခြင်း သို့မဟုတ် ခြေလက်များပင် တုန်လာနိုင်သည့်အပြင် အသံပါတုန်လာနိုင်သည်။ စွမ်းအင်တိုးပေးခြင်းအားဖြင့် သင့်အခြေအနေကို ဖြေရှင်းနိုင်ရန် သင့်ကိုယ်ခန္ဓာက အားထုတ်နေပါသည်။ စိန်ခေါ်ချက်မှာ ထုတ်လွှတ်လိုက်သောစွမ်းအင်ကို စဉ်းစားတွေးတောမှုနှင့် စိတ်အားထက်သန်စွာဟောပြောခြင်းထဲသို့ လမ်းကြောင်းတည့်ပေးရေးဖြစ်သည်။
စိုးရိမ်ပူပန်မှုကို လျော့ပါးစေနိုင်ပုံ။ စိုးရိမ်ပူပန်မှုခံစားရခြင်းမှာ သာမန်ဖြစ်ကြောင်း သတိရပါ။ သို့သော်လည်း တည်ငြိမ်မှုကို ထိန်းသိမ်းထားရန် စိုးရိမ်ပူပန်မှုအဆင့်ကို လျှော့ချကာ အခြေအနေကို ငြိမ်သက်စွာ၊ သိက္ခာရှိရှိ ဖြေရှင်းတတ်ဖို့ လိုအပ်သည်။ ယင်းကို သင်မည်သို့ပြီးမြောက်နိုင်သနည်း။
စေ့စပ်သေချာစွာပြင်ဆင်ပါ။ သင့်ဟောပြောချက်ပြင်ဆင်ရာတွင် အချိန်ကို ရင်းနှီးမြှုပ်နှံပါ။ သင်ဟောပြောမည့် အကြောင်းအရာကို ရှင်းလင်းစွာ နားလည်ကြောင်း သေချာစေပါ။ သင့်ဟောပြောချက်သည် ဆွေးနွေးရန် အချက်များကို သင်ရွေးချယ်ရသည့် ဟောပြောချက်မျိုးဖြစ်လျှင် ဤအကြောင်းအရာနှင့်ပတ်သက်၍ ပရိသတ် အဘယ်အရာသိထားပြီးကြောင်းနှင့် အောင်မြင်ပြီးမြောက်ရန် အဘယ်အရာကို သင်မျှော်လင့်ကြောင်းတို့ကို ထည့်တွက်စဉ်းစားပါ။ ယင်းက အကျိုးအနပ်ဆုံးသော အကြောင်းအရာကို ရွေးချယ်ရန် သင့်အား ကူညီပေးမည်။ ခက်ခဲသည်ဟု အစပထမ၌ သင်ထင်လျှင် ပြဿနာကို အတွေ့အကြုံရှိ ဟောပြောသူတစ်ဦးနှင့် ဆွေးနွေးပါ။ သင့်အကြောင်းအရာနှင့်ပရိသတ်ကို အထောက်အကူပြုသည့် လေ့လာဆန်းစစ်မှုတစ်ခုပြုလုပ်ရန် သင့်ကိုသူကူညီပေးနိုင်ပါသည်။ ပရိသတ်အား အကျိုးရှိစေမည့်အကြောင်းအရာ သင့်တွင်ရှိကြောင်းသေချာကာ စိတ်ထဲတွင်ရှင်းလင်းပီပြင်နေလျှင် ယင်းကို ဝေမျှလိုသည့်ဆန္ဒက ဟောပြောချက်နှင့်ပတ်သက်၍ ခံစားနိုင်သည့် စိုးရိမ်ပူပန်မှုကို လွှမ်းအုပ်စပြုလာမည်။
သင်၏နိဒါန်းပျိုးမှုကို အထူးအာရုံစိုက်ပါ။ သင်မည်သို့နိဒါန်းပျိုးမည်ကို သိမြင်ပါ။ သင့်ဟောပြောချက်ကိုပေးနေစဉ်အတွင်း သင့်ကတုန်ကယင်ဖြစ်မှုသည် လျော့ပါးလာဖွယ်ရှိမည်။
ထပ်တူအခြေခံအဆင့်များသည် လယ်ကွင်းဓမ္မအမှုအတွက် ပြင်ဆင်ရာတွင်လည်း သက်ဆိုင်သည်။ ဆွေးနွေးဖို့ကြံရွယ်ထားသည့် အကြောင်းအရာကိုသာမက သက်သေခံမည့်လူအမျိုးအစားကိုလည်း ထည့်စဉ်းစားပါ။ သင်၏နိဒါန်းကို သေချာစွာ စီစဉ်ထားပါ။ ရင့်ကျက်သောကြေညာသူများ၏ အတွေ့အကြုံမှ အကျိုးရယူပါ။
လူအုပ်ရှေ့ဟောပြောသည့်အခါ စာမူဟောပြောချက်ကို အသုံးပြုပါက ပို၍တည်ငြိမ်မည်ဖြစ်ကြောင်း သင်ခံစားပေမည်။ အမှန်မှာ ယင်းက သင်ဟောပြောချက်ပေးသည့်အချိန်တိုင်း တိုး၍စိုးရိမ်ပူပန်နေစေနိုင်သည်။ ဟောပြောချက်ပေးသူများတွင် အချို့က မှတ်စုများစွာအသုံးပြုပြီး အချို့ကမူ အနည်းငယ်သာ အသုံးပြုကြသည်မှာ မှန်ပါသည်။ သို့သော် သင်အာရုံစိုက်တွေးတောရာကို ပြောင်းလဲပေးမည့်အရာနှင့် သင့်စိုးရိမ်ပူပန်မှုအဆင့်ကို လျော့ပေါ့ပေးမည့်အရာသည် စာရွက်ပေါ်ရှိစကားလုံးများမဟုတ်ဘဲ ပရိသတ်အတွက် ပြင်ဆင်ပေးထားသည့်အရာသည် အမှန်ပင် ပြင်ဆင်ရကျိုးနပ်ကြောင်း သင့်နှလုံးတွင်ရှိသည့် ယုံကြည်စိတ်ချမှုဖြစ်သည်။
သင့်ဟောပြောချက်ကို အသံထွက်လေ့ကျင့်ပါ။ ထိုကဲ့သို့ လေ့ကျင့်မှုက သင်စဉ်းစားရာကို စကားလုံးများအဖြစ် ဖန်တီးနိုင်ကြောင်း ယုံကြည်စေမည်။ သင်လေ့ကျင့်သည်နှင့်အမျှ ဟောပြောချက်ပေးသည့်အခါ အလွယ်တကူ အသက်ဝင်စေနိုင်သည့် မှတ်ဉာဏ်ပုံစံများကို သင်တည်ဆောက်သည်။ သင့်လေ့ကျင့်မှုကဏ္ဍကို တကယ့်အလားဖြစ်စေပါ။ သင့်ပရိသတ်ကို စိတ်တွင်မြင်ယောင်ပါ။ ဟောပြောနေဘိသကဲ့သို့ စားပွဲနား ထိုင်၍ သို့မဟုတ် ရပ်၍ လေ့ကျင့်ပါ။
အကူအညီအတွက် ယေဟောဝါထံ ဆုတောင်းပါ။ ထိုသို့သော ဆုတောင်းချက်ကို ကိုယ်တော်ဖြေကြားတော်မူမည်လော။ “ငါတို့သည် ဘုရားသခင့်အထံတော်၌ ရဲရင့်ခြင်းအကြောင်းဟူမူကား၊ ငါတို့သည် အလိုတော်နှင့်အညီ တစ်စုံတစ်ခုသောဆုကိုတောင်းလျှင်၊ ဘုရားသခင်သည် နားထောင်တော်မူ၏။” (၁ ယော. ၅:၁၄) သင်သည် ဘုရားသခင်အား ဂုဏ်တင်လိုပြီး ကိုယ်တော့်နှုတ်ကပါဌ်တော်မှ လူတို့အကျိုးရရန် ကူညီပေးလိုပါက သင့်ဆုတောင်းချက်ကို ကိုယ်တော် အမှန်ပင် ဖြေကြားတော်မူလိမ့်မည်။ ထိုအာမခံချက်က သင့်တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်ရန် ခွန်အားများစွာ ပေးနိုင်ပါသည်။ ထို့အပြင် ဝိညာဉ်အသီးများဖြစ်ကြသည့် ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ နူးညံ့သိမ်မွေ့ ခြင်းနှင့် ချုပ်တည်းခြင်းတို့ကို သင်ပြုစုပျိုးထောင်သည်နှင့်အမျှ အခြေအနေများကို တည်တည်ငြိမ်ငြိမ်ဖြင့် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည့် စိတ်ထားကို ဖြစ်ပေါ်လာစေပါလိမ့်မည်။—ဂလ. ၅:၂၂၊ ၂၃။
အတွေ့အကြုံ ရယူပါ။ လယ်ကွင်းဓမ္မအမှုတွင် သင်များများပါဝင်လေ တုန်လှုပ်မှုနည်းလာလေ ဖြစ်လိမ့်မည်။ အသင်းတော် အစည်းအဝေးများတွင် သင်များများပါဝင်ဖြေဆိုလေ အခြားသူများရှေ့ ဟောပြောရန် လွယ်ကူလာလေဖြစ်မည်။ အသင်းတော်တွင် ဟောပြောချက်များပေးခြင်းတိုးလာသည်နှင့်အမျှ ဟောပြောချက်တစ်ခုမပေးမီ သင်ခံစားရသော စိုးရိမ်ပူပန်မှုအဆင့်သည် လျော့ကျသွားကောင်းသွားပေမည်။ ဟောပြောဖို့ အခွင့်အရေးများတိုး၍ ရလိုပါသလော။ ကျောင်း၌ အခြားသူများသည် မိမိတို့၏တာဝန်များကို မဆောင်ရွက်နိုင်သည့်အခါ အစားထိုးပါဝင်ပေးနိုင်သည်။
အထက်ဖော်ပြပါ အဆင့်များကို သင်လုပ်ဆောင်ပြီးသည့်နောက် တည်ငြိမ်မှုမရှိရခြင်း၏ လက္ခဏာများကို စစ်ဆေးကြည့်ခြင်းသည် အကျိုးရှိကြောင်း သင်တွေ့ရှိရလိမ့်မည်။ ထိုလက္ခဏာများကို ခွဲခြားသိမြင်ခြင်းနှင့် ယင်းတို့ကိုဖြေရှင်းတတ်ရန် သင်ယူခြင်းတို့က တည်ငြိမ်စွာ ဟောပြောရန် ကူညီပေးမည်။ ထိုလက္ခဏာများမှာ ကိုယ်ဟန်အမူအရာပိုင်းဆိုင်ရာ သို့မဟုတ် အသံပိုင်းဆိုင်ရာ ဖြစ်ကောင်းဖြစ်မည်။
ကိုယ်ဟန်အမူအရာပိုင်းဆိုင်ရာ လက္ခဏာများ။ သင် တည်ငြိမ်မှုရှိခြင်း၊ မရှိခြင်းကို ကိုယ်ဟန်အမူအရာနှင့် သင့်လက်များအသုံးပြုသည့်နည်းတို့က ပြသည်။ ရှေးဦးစွာ လက်များကို သုံးသပ်ကြည့်ပါ။ လက်နှစ်ဖက်ကို နောက်ပြန်ချိတ်ထားခြင်း၊ ဘေး၌တောင့်ထားခြင်း သို့မဟုတ် ဟောပြောစင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခြင်း; လက်ကို အိတ်ထဲနှိုက်လိုက် ထုတ်လိုက်လုပ်ခြင်း၊ အင်္ကျီကြယ်သီးများကို ဖြုတ်ချည်တပ်ချည်လုပ်ခြင်း၊ အကြောင်းမရှိဘဲ ပါး၊ နှာခေါင်း၊ မျက်မှန်တို့ကို ကိုင်ခြင်း; လက်ပတ်နာရီ၊ ခဲတံ၊ လက်စွပ် သို့မဟုတ် မှတ်စုများနှင့် ကစားနေခြင်း; တုံ့ဆိုင်း သို့မဟုတ် တစ်ဝက်တစ်ပျက်ဖြစ်သော လက်အမူအရာများ—ဤအရာအားလုံးတို့က တည်ငြိမ်မှုကင်းမဲ့ကြောင်းကို ဖော်ပြနေသည်။
ခြေထောက်နှစ်ဖက်ကို အဆက်မပြတ် ဟိုရွှေ့ဒီရွှေ့လုပ်ခြင်း၊ ကိုယ်ခန္ဓာကို ယိမ်းထိုးနေခြင်း၊ လွန်ကဲစွာ တောင့်တင်းထားခြင်း၊ ကုန်းကိုင်းကိုင်းထားခြင်း၊ နှုတ်ခမ်းများကို မကြာခဏ တံတွေးဆွတ်ခြင်း၊ ထပ်ခါတလဲ တံတွေးမျိုချခြင်းနှင့် အသက်ကို မြန်မြန်နှင့် အပေါ်ယံသာရှူခြင်းတို့သည် ယုံကြည်စိတ်ချမှုကင်းမဲ့ကြောင်းကို ဖော်ညွှန်းသည်။
သတိထားပြီးကြိုးစားပါက ထိုကတုန်ကယင်ဖြစ်မှု လက္ခဏာများကို ထိန်းချုပ်ထားနိုင်သည်။ တစ်ကြိမ်လျှင် တစ်ခုကိုသာ ကြိုးစားလုပ်ဆောင်ကြည့်ပါ။ ပြဿနာတစ်ခုကို ခွဲထုတ်ပြီး ယင်းကို ကာကွယ်ဖို့ ဘာပြုရန်လိုအပ်သည်ကို ကြိုတင်သုံးသပ်ထားပါ။ ထိုသို့အားထုတ်လုပ်ဆောင်မည်ဆိုလျှင် ကိုယ်ဟန်အမူအရာတွင် တည်ငြိမ်မှုကို ပြသပါလိမ့်မည်။
အသံပိုင်းဆိုင်ရာ လက္ခဏာများ။ ကတုန်ကယင်ဖြစ်ကြောင်း အသံဆိုင်ရာအထောက်အထားများတွင် အသံမြင့်လွန်းခြင်း သို့မဟုတ် အသံတုန်ခြင်းတို့ ပါဝင်နိုင်သည်။ ထပ်တလဲလဲချောင်းဟန့်ခြင်း သို့မဟုတ် စကားပြောမြန်လွန်းခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ယင်းအခက်အခဲများနှင့် အကျင့်ပါနေမှုများကို အသံကိုထိန်းချုပ်နိုင်ရန် အပတ်တကုတ်ကြိုးပမ်းခြင်းဖြင့် အောင်မြင်နိုင်သည်။
သင်ကတုန်ကယင်ဖြစ်ပါက စင်မြင့်ပေါ်သို့မသွားမီ အသက်ပြင်းပြင်းရှူရန် ခေတ္တရပ်တန့်ပါ။ သင့်ကိုယ်ခန္ဓာတစ်ခုလုံးကို သက်သောင့်သက်သာထားရန် ကြိုးပမ်းပါ။ သင့်ကတုန်ကယင်ဖြစ်မှုကို စဉ်းစားနေမည့်အစား သင်ပြင်ဆင်ထားရာများကို အဘယ်ကြောင့်ပရိသတ်အားဝေမျှပေးလိုခြင်းအပေါ် အာရုံစိုက်ပါ။ စတင်၍မဟောပြောမီ ပရိသတ်သို့ကြည့်ရန် ခေတ္တအချိန်ယူပြီး ဖော်ရွေသည့်မျက်နှာနှင့်အပြုံးကို ရှာဖွေပါ။ နိဒါန်းကို ဖြည်းဖြည်းပြောကာ ယင်းနောက် သင့်ဟောပြောချက်ထဲတွင် နစ်မျောနေပါ။
မျှော်လင့်ရမည့်အရာ။ ကတုန်ကယင်ခံစားမှုများ အားလုံးပျောက်ကွယ်သွားရန် မမျှော်လင့်ပါနှင့်။ စင်မြင့်ပေါ်တွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော ဟောပြောသူများစွာတို့သည် ပရိသတ်ရှေ့ ထမရပ်မီ ကြောက်လန့်ကြသည်။ သို့သော်လည်း မိမိတို့၏ ကတုန်ကယင်ဖြစ်မှုကို ထိန်းချုပ်ရန် သူတို့သင်ယူခဲ့ကြပြီ။ ထိုကဲ့သို့သော ဟောပြောသူတစ်ဦးက ဤသို့ဆိုခဲ့သည်– “ကျွန်တော်အခုထက်ထိ စိတ်တင်းကျပ်မှုခံစားနေရတုန်းပဲ၊ ဒါပေမဲ့ အဲဒီတင်းကျပ်မှုတွေကို အခု ထိန်းချုပ်လို့ရပါပြီ။”
ကတုန်ကယင်ဖြစ်မှုအပြင်ပန်းလက္ခဏာများကို ပပျောက်စေရန် အရိုးခံစိတ်ဖြင့် အားစိုက်လုပ်ဆောင်ပါက ပရိသတ်က သင့်ကို တည်ငြိမ်သော ဟောပြောသူတစ်ဦးအဖြစ် ရှုမြင်ပါလိမ့်မည်။ သင်သည် ကတုန်ကယင်ဖြစ်နေဆဲရှိနေနိုင်သော်လည်း ယင်းကိုသူတို့သတိပြုမိချင်မှပြုမိမည်။
ကတုန်ကယင်ဖြစ်မှုလက္ခဏာများကိုဖြစ်ပေါ်စေသည့် အတ်ဒရီနလင်ဟော်မုန်းထုတ်လွှတ်မှုသည် စွမ်းအင်ကိုတိုးပွားစေကြောင်းကိုလည်း သတိရပါ။ ၎င်းကို ခံစားမှုဖြင့်ဟောပြောရန် အသုံးပြုပါ။
ဤအရာအားလုံးတို့ကို လေ့ကျင့်ရန် စင်မြင့်ပေါ်သွားချိန်အထိ စောင့်စရာမလိုချေ။ တည်ငြိမ်ရန်နှင့်ထိန်းချုပ်တတ်ရန်နှင့် သင့်နေ့စဉ်ဘဝအသက်တာတွင် လျောက်ပတ်သောခံစားမှုဖြင့် ပြောတတ်ရန် သင်ယူပါ။ ထိုသို့ သင်ပြုလုပ်ခြင်းက စင်မြင့်ပေါ်တွင်နှင့် အရေးကြီးဆုံးနေရာဖြစ်သည့် လယ်ကွင်းဓမ္မအမှုတွင် သင်ယုံကြည်မှုရှိလာရန် လွန်စွာထောက်ကူပေးပါလိမ့်မည်။