လယ်ကွင်းဓမ္မအမှုတော်သုံးနိဒါန်းများ
မှတ်ချက်– လယ်ကွင်းဓမ္မအမှုတွင်အမှုဆောင်နေစဉ် မည်သို့သောနိဒါန်းမျိုးအသုံးပြုရမည်ကိုဆုံးဖြတ်ရာ၌ အချက်သုံးချက်ကို အလေးအနက်ဆင်ခြင်စဉ်းစားသင့်သည်။ (၁) ဖြန့်ချိရန်ကျွန်ုပ်တို့တာဝန်ရထားသည့်သတင်းမှာ “နိုင်ငံတော်နှင့်ယှဉ်သောဤသတင်းကောင်း” ဖြစ်သည်။ (မ. ၂၄:၁၄၊ ကဘ) ယင်းကို ကျွန်ုပ်တို့တိုက်ရိုက်ဆွေးနွေးနေခြင်းမဟုတ်သည့်တိုင် လူတိုင်းနိုင်ငံတော်ကိုလိုအပ်ကြောင်း သိရှိရန်ကူညီရမည်၊နိုင်ငံတော်အကြောင်းစဉ်းစားလိုသည့်ဆန္ဒမရှိရန်ဟန့်တားသောခလုတ်များကို ဖယ်ရှားဖို့လိုကောင်းလိုမည်ဖြစ်ကြောင်း ကျွန်ုပ်တို့စိတ်မှတ်သင့်သည်။ (၂) ယေရှုသည် တစ်ဖက်သားအပေါ် တကယ်စေတနာစိတ်ရှိသောကြောင့် တစ်ဖက်လူ၏နှလုံးသားကိုစေ့ဆော်နိုင်သကဲ့သို့ ကျွန်ုပ်တို့လည်းစေတနာစိတ်ရှိရမည်။ (မာ. ၆:၃၄) ဖော်ရွေလှိုက်လှဲသည့်အပြုံးနှင့်ခင်မင်သည့်အပြုအမူဖြင့်လည်းကောင်း၊ သူတစ်ထူးစကားပြောစဉ် အာရုံစူးစိုက်နားထောင်ပြီး အလိုက်အထိုက်ပြန်ပြောခြင်းဖြင့်လည်းကောင်း ထိုစေတနာစစ်ကိုပေါ်လွင်စေနိုင်သည်။ ထိုမျှမက သူတစ်ပါးအမြင်ကိုကောင်းစွာသိရှိနိုင်ခြင်းငှာ တစ်ဖက်သားခံစားချက်များကို ဖော်ထုတ်ရန်အားပေးသည့်မေးခွန်းများမေးခြင်းအားဖြင့်လည်း ထိုစေတနာစစ်ကိုသိသာစေနိုင်သည်။ ကောရိန္သုပထမစောင် ၉:၁၉-၂၃ က တမန်တော်ပေါလုသည်တစ်ဖက်သား၏အခြေအနေကိုလိုက်၍ သတင်းကောင်းကိုဟောပြောကြောင်း ဖော်ပြထားသည်။ (၃) ကမ္ဘာ့ဒေသအချို့တွင် ဧည့်သည်များသည် လာရောက်သည့်အကြောင်းကိုမပြောမီ ယဉ်ကျေးမှုဓလေ့အချို့ကိုစောင့်ထိန်းလိုက်နာကြရသည်။ အချို့ဒေသများတွင်မူ အိမ်ရှင်က မမျှော်ဘဲပေါက်လာသည့်ဧည့်သည်အား တိုတိုနှင့်လိုရင်းပြောစေလိုပေမည်။—လုကာ ၁၀:၅ နှင့်နှိုင်း။
အောက်ပါနိဒါန်းများက အတွေ့အကြုံရင့်သက်သေခံအချို့ မည်သို့စကားပလ္လင်ခံကြသည်ကို ဖော်ပြထားသည်။ သင်ယခုအသုံးပြုနေသည့်နိဒါန်းများသည် စကားစနိုင်ခဲပါက အောက်ပါအကြံပေးချက်များကိုစမ်းကြည့်ပါ။ သို့ ပြုရာတွင် သင်သည်ကိုယ်ပိုင်စကားဖြင့်ပြောလိုပေမည်။ အသင်းတော်ထဲမှအောင်မြင်မှုရှိသောအခြားသက်သေခံများ၏အကြံဉာဏ်များလည်း အထောက်အကူဖြစ်နိုင်ပေသည်။
စစ်ပွဲ/ငြိမ်းချမ်းရေး
• ‘ဒီနေ့လူတိုင်းလိုလို နျူကလီးယားစစ်ပွဲကို ထိတ်လန့်နေကြတယ်။ တစ်နေ့သောအခါ ကမ္ဘာပေါ်မှာ တကယ့်ငြိမ်းချမ်းရေးကို မြင်ရမယ်လို့မိတ်ဆွေထင်သလား။ . . . (ဆာ. ၄၆:၈၊ ၉; ဟေရှာ. ၉:၆၊ ၇)’
• စစ်မဲ့ကမ္ဘာမှာနေချင်တဲ့လူတွေကို ကျွန်တော်လိုက်ရှာနေတယ်။ ဒီရာစုတစ်ခုအတွင်းမှာပဲ ကမ္ဘာစစ်ကြီးနှစ်ခုအပါအဝင် စစ်ပွဲရာပေါင်းများစွာဖြစ်ပွားခဲ့ပြီ။ ခုလည်း ကျွန်တော်တို့ နျူကလီးယားစစ်ပွဲရဲ့ ခြိမ်းခြောက်မှုကို ခံနေကြရတယ်။ ဒီစစ်ပွဲမဖြစ်ရအောင် ဘာလိုမယ်လို့မိတ်ဆွေထင်သလဲ။ . . . ငြိမ်းချမ်းတဲ့ကမ္ဘာကို ဘယ်သူဖန်တီးပေးနိုင်မလဲ။ . . . (မိ. ၄:၂-၄)’
• ‘လူတိုင်းလိုလိုကမ္ဘာ့ငြိမ်းချမ်းရေး လိုလားတယ်လို့ပြောတာကို ကျွန်တော်တို့သိရတယ်။ ကမ္ဘာ့ခေါင်းဆောင်အများစုကလည်း အဲဒီလိုပဲပြောကြတယ်။ ဒါဆိုရင် ငြိမ်းချမ်းရေးရဖို့ ဘာကြောင့် ဒါလောက်ခက်ခဲရသလဲ။ . . . (ဗျာ. ၁၂:၇-၁၂)’
နောက်ဆုံးကာလ
• ‘ဒီနေ့ ကျွန်တော်လာတဲ့ကိစ္စက ကျွန်တော်တို့ပတ်ဝန်းကျင် ကမ္ဘာ့အဖြစ်အပျက်တွေရဲ့အဓိပ္ပာယ်ကို ဆွေးနွေးဖို့ဖြစ်ပါတယ်။ လူတော်တော်များများဟာ ဘုရားသခင်အကြောင်းကိုကော၊ အသက်ရှင်နေထိုင်မှုနဲ့ဆိုင်တဲ့ သမ္မာကျမ်းစာချမှတ်တဲ့ စံချိန်တွေအကြောင်းကိုပါ စိတ်ဝင်စားမှုလျော့နည်းလာပါတယ်။ အဲဒါကြောင့် လူလူချင်းအပေါ်ထားရှိတဲ့သဘောထားလည်း အပြောင်းလဲကြီးပြောင်းလာခဲ့ပါပြီ။ ၂ တိမောသေ ၃:၁-၅ မှာဖော်ပြထားတဲ့အချက်ကို မိတ်ဆွေကိုပြပါရစေ။ ပြီးတော့ ခုလောကအခြေအနေနဲ့ ကိုက်မကိုက် တစ်ဆိတ်ပြောပြပါ။ (ဖတ်) . . . အနာဂတ်မှာ ဒီထက်ပိုကောင်းတဲ့အခြေအနေကိုမျှော်လင့်နိုင်ဖို့ ခိုင်လုံတဲ့အကြောင်းရှိသလား။ (၂ ပေ. ၃:၁၃)’
• ‘ဒီလောကအတွက် အချိန်သိပ်မကျန်တော့ဘူးလို့ လူတော်တော်များများ ယူဆကြတယ်။ ကျွန်တော်တို့ရဲ့ခေတ်ကို “နောက်ဆုံးကာလ” လို့ ဆိုကြတယ်။ ဒါပေမဲ့ လက်ရှိကမ္ဘာကုန်တဲ့အခါကပ်ကျော်ပြီး ပရဒိသုဥယျာဉ်ဖြစ်လာမယ့် ကမ္ဘာမြေကြီးပေါ်မှာနေနိုင်တဲ့နည်းကို သမ္မာကျမ်းစာမှာပြောထားတာ မိတ်ဆွေသတိပြုမိသလား။ (ဇေ. ၂:၂၊ ၃)’ (“နောက်ဆုံးကာလ” ဟူသောအဓိကခေါင်းစဉ်အောက် စာမျက်နှာ ၁၃၅-၁၄၃ ကိုပါရှု။)
ဤတွင်အကြံပြုထားသောနိဒါန်းများတွင်ပါသည့် “မျက်မှောက်အဖြစ်အပျက်များ” ကိုပါရှု။
နိုင်ငံတော်
• ‘အိမ်နီးချင်းတွေနဲ့ကျွန်တော်စကားပြောတဲ့အခါ လူအတော်များများဟာ ရာဇဝတ်မှုနဲ့ မြင့်မားတဲ့နေထိုင်မှုစရိတ် (သို့မဟုတ် လောလောဆယ်လူများစိတ်စွဲနေသည့်အရာ) စတဲ့ ဒီနေ့ကျွန်တော်တို့တွေ့နေရတဲ့ပြဿနာကြီးတွေကို အမှန်တကယ်ဖြေရှင်းပေးနိုင်မဲ့ အစိုးရရဲ့အောက်မှာ နေချင်ကြတာကိုသတိထားမိတယ်။ အဲဒါဟာလိုချင်စရာပဲ။ ဟုတ်တယ်မဟုတ်လား။ . . . ဒီနေ့ အဲဒီလိုအစိုးရမျိုးရှိသလား။ . . . တကယ်ပြောရရင် လူတော်တော်များများ ဒါတွေကိုဖန်တီးပေးနိုင်မဲ့အစိုးရတစ်ခု တည်ထောင်ဖို့အတွက် ဆုတောင်းကြတယ်။ မိတ်ဆွေလည်း ဒီအတွက်ဆုတောင်းဖူးမှာပဲ။ ဒါပေမဲ့ လူအတော်များများက အဲဒါဟာ အစိုးရတစ်ခုဖြစ်မှန်းမသိကြဘူး။ (ဒံ. ၂:၄၄၊ ၄၅; ဆာ. ၆၇:၆၊ ၇; မိ. ၄:၄)’ (“နိုင်ငံတော်” နှင့် “အစိုးရ” ဟူသောအဓိကခေါင်းစဉ်များအောက် စာမျက်နှာ ၁၄၄-၁၅၂ နှင့် ၃၇၉-၃၈၄ တို့ကိုပါရှု။)
• အိမ်နီးချင်းတွေကို ကျွန်တော်တို့ မေးခွန်းတစ်ခု မေးပါတယ်။ မိတ်ဆွေရဲ့အဖြေကိုလည်း သိပါရစေ။ ဘုရားနိုင်ငံတော်လာဖို့နဲ့ အလိုတော်ဟာကောင်းကင်မှာပြည့်စုံသလို မြေကြီးပေါ်မှာပြည့်စုံဖို့အတွက် ဆုတောင်းကြဖို့ ယေရှုကျွန်တော်တို့ကိုသင်ပေးခဲ့တယ်မဟုတ်လား။ ဘုရားသခင်ဟာ ဒီဆုတောင်းချက်ကိုဖြေကြားလို့ အလိုတော်ဟာ တကယ်ပဲ ဒီမြေကြီးပေါ်မှာပြည့်စုံလာမယ်လို့မိတ်ဆွေထင်သလား။ . . . (ဟေရှာ. ၅၅:၁၀၊ ၁၁; ဗျာ. ၂၁:၃-၅)
• ‘ကျွန်တော်တို့အားလုံးရင်ဆိုင်နေရတဲ့ ဆုံးဖြတ်ချက်တစ်ရပ်နဲ့ပတ်သက်ပြီး အိမ်နီးချင်းတွေနဲ့ ကျွန်တော်ဆွေးနွေးဖို့လာပါတယ်။ ဘုရားသခင်ရဲ့အစိုးရကို ကျွန်တော်တို့နှစ်သက်သလား၊ ဒါမှမဟုတ် လူ့အုပ်ချုပ်ရေးကို ပိုကြိုက်သလား ဆိုတဲ့မေးခွန်းပါပဲ။ ဒီနေ့ကမ္ဘာ့အခြေအနေကိုထောက်ရင် ကျွန်တော်တို့ဟာ လူသားများဖန်တီးတဲ့ လူ့ဘောင်ထက် ကောင်းတဲ့လူ့ဘောင်တစ်ခု လိုအပ်နေတယ်လို့ မိတ်ဆွေမထင်ဘူးလား။ . . . (မ. ၆:၉၊ ၁၀; ဆာ. ၁၄၆:၃-၅)’
ဘဝ (အသက်)/ပျော်ရွှင်မှု
• ဘဝရဲ့အဓိပ္ပာယ်ကို လေးလေးနက်နက်စိတ်ဝင်စားတဲ့လူတွေကိုတွေ့ချင်လို့ ကျွန်တော်တို့အိမ်နီးချင်းဆီ လိုက်လံလည်ပတ်နေပါတယ်။ လူအများစုဟာ ပျော်ရွှင်မှုအနည်းအကျဉ်းခံစားကြရတာမှန်ပေမဲ့ ပြဿနာတွေလည်း အများကြီးကြုံကြရတယ်။ လူဟာ အသက်ကြီးလာတာနဲ့အမျှ ဘဝဟာတိုတောင်းလှပါလားဆိုတဲ့အသိတရား ဝင်လာပါတယ်။ ဘဝဆိုတာ ဒါတင်ပဲလား။ အဲဒါနဲ့ပတ်သက်လို့ မိတ်ဆွေဘယ်လိုခံစားရသလဲ။ . . . (ဧဒင်တွင်ထင်ရှားခဲ့သော ဘုရားသခင့်မူလရည်ရွယ်ချက်အကြောင်း၊ ၎င်းနောက် ယောဟန် ၁၇:၃ နှင့် ဗျာဒိတ် ၂၁:၃၊ ၄ ပါအကြောင်းကိုတင်ပြပါ။)’ (“အသက် (ဘဝ)” ဟူသောခေါင်းစဉ်အောက် စာမျက်နှာ ၄၀၆-၄၁၀ ကိုပါရှု။)
• ကိုယ့်သမ္မာကျမ်းစာမှာ “ထာဝရအသက်” ဆိုတဲ့အသုံးအနှုန်းကိုဖတ်မိတဲ့အခါ ဘယ်လိုထင်ကြသလဲဆိုတာကို ဒီနေ့ ကျွန်တော်တို့ရဲ့အိမ်နီးချင်းတွေကို လိုက်မေးနေပါတယ်။ အဲဒီအချက်ဟာ သမ္မာကျမ်းစာထဲမှာ အကြိမ်ပေါင်း ၄၀ လောက်ပါတဲ့အတွက် အထူးစိတ်ဝင်စားဖို့ကောင်းတယ်။ ဒီလိုအသက်ဟာ ကျွန်တော်တို့အတွက် ဘယ်လိုအဓိပ္ပာယ်မျိုးရှိနိုင်မလဲ။ . . . အဲဒါကို ကျွန်တော်တို့ဘယ်လိုရနိုင်မလဲ။ (ယော. ၁၇:၃; ဗျာ. ၂၁:၄)
• ‘ဒီကနေ့ဘဝရဲ့အရည်အသွေးနဲ့ပတ်သက်လို့ အမှန်တကယ်စိတ်ဝင်စားတဲ့သူတွေနဲ့ ကျွန်တော်တို့ပြောဆို ဆွေးနွေးနေပါတယ်။ ကျွန်တော်တို့အများစုဟာ အသက်ရှင်နေရတာကိုဝမ်းသာကြပါတယ်။ ဒါပေမဲ့ တကယ်ပျော်ရွှင်တဲ့ဘဝဆိုတာက ရှိမှရှိပါ့မလားဆိုပြီး တွေးတောတဲ့လူတွေလဲမနည်းပါဘူး။ မိတ်ဆွေကော ဘယ်လိုယူဆသလဲ။ . . . ဒီနေ့ ပျော်ရွှင်မှုရဲ့အကြီးမားဆုံးခလုတ်ဆူးညှောင့်ဟာ ဘာရယ်လို့မိတ်ဆွေပြောမလဲ။ . . . (ဆာ. ၁:၁၊ ၂; အိမ်ရှင်နှင့်သင့်လျော်မည့်အခြားကျမ်းချက်များ။)’
မတရားမှု/ဆင်းရဲဒုက္ခ
• ‘လူသားတွေ တွေ့ ကြုံခံစားနေရတဲ့မတရားမှုနဲ့ဆင်းရဲဒုက္ခတွေကို ဘုရားသခင်တကယ်မှ အရေးစိုက်ရဲ့လား ဆိုတာကို မိတ်ဆွေစဉ်းစားဖူးပါသလား။ . . . (ဒေ. ၄:၁; ဆာ. ၇၂:၁၂-၁၄)’ (“ဆင်းရဲဒုက္ခ” နှင့် “အားပေးခြင်း” ဟူသော အဓိကခေါင်းစဉ်များကိုပါရှု။)
မိသားစု/ကလေးများ
• ‘မိသားစုဘဝပြဿနာတွေကိုဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာနဲ့ပတ်သက်လို့ စိတ်ဝင်စားတဲ့လူတွေနဲ့ ကျွန်တော်တို့ဆွေးနွေးနေပါတယ်။ ကျွန်တော်တို့အားလုံးကတော့ အကောင်းဆုံးဖြစ်ဖို့ကြိုးစားနေကြတာပါပဲ။ ဒါပေမဲ့ ပိုပြီးအောင်မြင်နိုင်ဖို့ တခြားအကူအညီတွေရနိုင်သေးတယ်ဆိုရင် ကျွန်တော်တို့စိတ်ဝင်စားကြမှာပဲ၊ မဟုတ်ဘူးလားခင်ဗျား။ . . . (ကော. ၃:၁၂၊ ၁၈-၂၁) ကျွန်တော်တို့မိသားစုအတွက် စစ်မှန်တဲ့ အနာဂတ်ကိုပေးမဲ့ မျှော်လင့်ချက်တစ်ခုကို သမ္မာကျမ်းစာကကမ်းလှမ်းပေးထားတယ်။ (ဗျာ. ၂၁:၃၊ ၄)’
• ‘ကျွန်တော်တို့အားလုံး ကိုယ့်ကလေးတွေ ဆင်စီးလို့ မြင်းရံနေတာကိုမြင်လိုကြတာချည်းပဲ။ ဒါပေမဲ့ ဒီကနေ့ ကမ္ဘာ့ဒုက္ခဝဲသြဃထဲက ပျော်ရွှင်တဲ့အနာဂတ်ကိုမျှော်လင့်နိုင်ဖို့အကြောင်း ရှိပါသလား။ . . . ဒီတော့ ကျွန်တော်တို့ကလေးတွေကြီးလာတဲ့အခါ ဘယ်လိုလောကမျိုးနဲ့ရင်ဆိုင်ရမယ်လို့ မိတ်ဆွေထင်သလဲ။ . . . ဘုရားသခင်ဟာ ဒီကမ္ဘာကြီးကို အင်မတန်နေပျော်စရာကောင်းတဲ့နေရာပြန်ဖြစ်လာအောင် လုပ်ပေးမယ်လို့ သမ္မာကျမ်းစာကဖော်ပြထားတယ်။ (ဆာ. ၃၇:၁၀၊ ၁၁) ဒါပေမဲ့ ကျွန်တော်တို့ကလေးတွေ အဲဒီမှာနေခွင့်ရမရဆိုတာ၊ ကျွန်တော်တို့ရဲ့ရွေးချယ်မှုအပေါ်မှာ အများကြီးမူတည်တယ်။ (တရား. ၃၀:၁၉)’
မေတ္တာ/ကြင်နာမှု
• ‘ဒီနေ့လောကမှာ မေတ္တာစစ်ကင်းမဲ့နေတဲ့အတွက် လူတော်တော်များများစိုးရိမ်မကင်းဖြစ်နေကြတာကို ကျွန်တော်တို့တွေ့ရတယ်။ မိတ်ဆွေကော အဲဒီလိုပဲခံစားရသလား။ . . . ဘာကြောင့်ဒီလိုဖြစ်နေတယ်လို့ မိတ်ဆွေထင်သလဲ။ . . . ဒီအခြေအနေကို သမ္မာကျမ်းစာကကြိုပြောထားတာ မိတ်ဆွေသိသလား။ (၂ တိ. ၃:၁-၄) ဘာကြောင့်ဒီလိုဖြစ်နေရတာကိုလည်း ရှင်းပြထားတယ်။ (၁ ယော. ၄:၈)
• ‘ကျွန်တော့်နာမည် __________ လို့ခေါ်ပါတယ်။ ကျွန်တော်ဟာ မိတ်ဆွေရဲ့ အိမ်နီးချင်းတစ်ယောက်ပါ။ ကျွန်တော်အိမ်နီးချင်းတွေဆီ ခဏတစ်ဖြုတ်လည်ပတ်ပြီး ကျွန်တော်အတော့်ကို စိုးရိမ်မကင်းဖြစ်တဲ့ အကြောင်းတစ်ခုကိုဆွေးနွေးဖို့ပါ။ မိတ်ဆွေလည်းဒါကိုသတိထားမိပါလိမ့်မယ်။ ကြင်နာတရားထားဖို့ဆိုတာ မထောင်းတာပေမဲ့ ဒီနေ့သိပ်ရှားပါးနေပုံရတယ်။ ဘာကြောင့်ဒီအခြေဆိုက်နေရတယ်ဆိုတာကို မိတ်ဆွေစဉ်းစားဖူးသလား။ . . . (မ. ၂၄:၁၂; ၁ ယော. ၄:၈)’
မျက်မှောက်အဖြစ်အပျက်များ
• ‘နေကောင်းတယ်နော်။ ကျွန်တော့်နာမည် __________ လို့ခေါ်ပါတယ်။ ကျွန်တော် (လမ်း၊ရပ်ကွက်ဖော်ပြလျက်) မှာနေပါတယ်။ ညက တီဗွီသတင်းကြည့်လိုက်သေးသလား။ . . . အကြောင်း သတင်းမှာတွေ့လိုက်ရတယ်။ (လူတကာအလေးပေးသောမျက်မှောက်သတင်းအချို့ကိုဖော်ပြလျက်)—အဲဒါနဲ့ပတ်သက်ပြီး မိတ်ဆွေဘယ်လိုထင်သလဲ။ . . . ဒီကမ္ဘာကြီးဘယ်ကိန်းဆိုက်တော့မလို့ပါလိမ့် ဆိုပြီးလူတွေမေးကြတာဟာ မဆန်းတော့ဘူး။ ကျွန်တော်တို့ယေဟောဝါသက်သေများအနေနဲ့ လူသားတွေဟာ “နောက်ဆုံးကာလ” လို့ကျမ်းစာခေါ်တဲ့အချိန်ပိုင်းကိုရောက်နေတယ်လို့ ယုံကြည်ကြတယ်။ ၂ တိမောသေ ၃:၁-၅ မှာ ဒီလိုအသေးစိတ်ဖော်ပြထားတာကို သတိထားကြည့်ပါ။’ (စာမျက်နှာ ၁၃၅-၁၄၃ ကိုပါရှု။)
• ‘ဒီအပတ်သတင်းစာထဲက ဒီအကြောင်းကိုဖတ်လိုက်ရသလား။ (သင့်လျော်သည့်သတင်းစာဖြတ်စကိုပြပါ။) မိတ်ဆွေဘယ်လိုယူဆသလဲ . . . ။’
• ‘မိတ်ဆွေကိုမေးခွန်းတစ်ခုမေးပါရစေ။ မိတ်ဆွေသာရွေးချယ်ခွင့်ရှိမယ်ဆိုရင် ကမ္ဘာမှာခုရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲက ဘယ်ဟာကို ဦးဆုံးဖြေရှင်းစေချင်ပါသလဲ။ (အိမ်ရှင်အလေးအထားဆုံးအချက်ကို သိပြီးနောက် ယင်းကိုအခြေပြုပြီးဆွေးနွေးပါ။)
ရာဇဝတ်မှု/လုံခြုံမှု
• ‘မင်္ဂလာပါ။ အသက်အိုးအိမ်လုံခြုံမှုနဲ့ပတ်သက်ပြီး လူတွေနဲ့ပြောဆိုဆွေးနွေးဖို့ ကျွန်တော်တို့လာပါတယ်။ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ ရာဇဝတ်မှုအတော်များများဖြစ်ပွားနေပြီး ကျွန်တော်တို့ရဲ့ အသက်အိုးအိမ်ကိုပါ ထိပါးလာတယ်။ နောင်တစ်နေ့ ညအချိန်မှာ ဘာကိုမှကြောက်စရာမလိုဘဲ လမ်းပေါ်သွားလာနိုင်မယ်လို့ မိတ်ဆွေထင်ပါသလား။ (သို့မဟုတ် “ဒီပြဿနာကိုတကယ်ဖြေရှင်းနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးဦးရှိတယ်လို့ ယူဆပါသလား။”) . . . (သု. ၁၅:၃; ဆာ. ၃၇:၁၀၊ ၁၁)’
• ‘ကျွန်တော့်နာမည်__________ ပါ။ ကျွန်တော်ဒီနားမှာပဲနေပါတယ်။ ဒီမနက်ကျွန်တော်လာတဲ့အခါမှာ လူတိုင်း . . . အကြောင်းပြောနေတာကို သတိထားမိတယ်။ (မကြာမီက အနီးတစ်ဝိုက်တွင်ဖြစ်ခဲ့သောရာဇဝတ်မှု သို့မဟုတ် ဒေသဆိုင်ရာအခြားအရေးအကြောင်းတစ်ရပ်ကိုဖော်ပြပါ။) အဲဒါနဲ့ပတ်သက်ပြီး မိတ်ဆွေဘယ်လိုထင်သလဲ။ . . . ကျွန်တော်တို့ရဲ့အသက်အိုးအိမ် ပိုလို့လုံခြုံမှုရှိဖို့ဘာကအထောက်အကူပြုမယ်လို့ ထင်ပါသလဲ။ . . . (သု. ၁:၃၃; ၃:၅၊ ၆)’
သမ္မာကျမ်းစာ/ဘုရားသခင်
• ‘နေကောင်းတယ်နော်။ မိတ်ဆွေဆီ အရေးကြီးတဲ့သတင်းတစ်ခုပြောပြဖို့ ခဏတစ်ဖြုတ်လာခဲ့တာပါ။ သမ္မာကျမ်းစာမှာပြောတဲ့ဟောဒီအချက်ကို ကျေးဇူးပြုပြီးသတိထားကြည့်ပါ။ (ဗျာ. ၂၁:၃၊ ၄ စသောကျမ်းချက်ကိုဖတ်ပြပါ။) အဲဒါ မိတ်ဆွေဘယ်လိုထင်သလဲ။ ကောင်းတယ်မဟုတ်လား။’
• ‘ဘဝပြဿနာတွေကိုဖြေရှင်းနိုင်တဲ့ လက်တွေ့ကျအကူအညီတွေကို ဘယ်မှာရှာတွေ့နိုင်မလဲဆိုတာ အိမ်နီးချင်းတွေနဲ့ဆွေးနွေးဖို့ ကျွန်တော်တို့ လာပါတယ်။ အရင်တုန်းကဆိုရင် လူတော်တော်များများဟာ သမ္မာကျမ်းစာထဲမှာအကူအညီရှာခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ခေတ်မှာ အတွေးအမြင်အပြောင်းအလဲမြန်ဆန်လှတယ်။ မိတ်ဆွေဘယ်လိုယူဆပါသလဲ။ သမ္မာကျမ်းစာဟာ ဘုရားသခင်ရဲ့စာအုပ်ဖြစ်တယ်လို့ ယုံကြည်သလား၊ ဒါမှမဟုတ် လူတွေရေးတဲ့စာကောင်းပေကောင်းလို့ပဲ ယူမှတ်သလား။ . . . ဘုရားသခင်ဆီကဆိုရင် ဘယ်လိုလုပ်သေချာပေါက်သိနိုင်မယ်ထင်သလဲ။ (“သမ္မာကျမ်းစာ” ဟူသောအဓိကခေါင်းစဉ်အောက် စာမျက်နှာ ၃၄၀-၃၅၀ ကိုရှု။)
• ‘တွေ့ရတာဝမ်းသာပါတယ်။ သမ္မာကျမ်းစာမှာပါတဲ့ အားတက်စရာသတင်းတစ်ရပ်နဲ့ပတ်သက်ပြီး အိမ်နီးနားချင်းတွေသိအောင် ကျွန်တော်လိုက်ပြီးပြောပြနေပါတယ်။ . . . နဲ့ပတ်သက်ပြီး မိတ်ဆွေစဉ်းစားဖူးသလား။ (ကိုယ်ဆွေးနွေးလိုသည့်အကြောင်းအရာသို့ ဦးတည်သည့်မေးခွန်းတစ်ခုကို မေးပါ။)’
• ‘ကျမ်းစာဖတ်ကြပါလို့ လူတွေကိုကျွန်တော်တို့လိုက်ပြီးအားပေးနေပါတယ်။ အရေးကြီးတဲ့မေးခွန်းတွေကိုကျမ်းစာကဖြေကြားနိုင်မှန်းသိရလို့ လူတွေအံ့အားသင့်ကြပါတယ်။ ဥပမာ . . . (ဆာ. ၁၀၄:၅ သို့မဟုတ် ဒံ. ၂:၄၄၊ ၄၅ သို့မဟုတ် အခြားကျမ်းချက်တစ်ခုခု။)
• ‘ဒီနေ့ ကျွန်တော်တို့ အိမ်နီးနားချင်းတွေဆီ ခဏတစ်ဖြုတ်လာလည်ပတ်ကြတာပါ။ ကျွန်တော်တို့နဲ့ စကားပြောခဲ့တဲ့လူတချို့က ဘုရားကိုယုံကြည်ကြတယ်။ တချို့ကျတော့ ဘုရားကိုယုံရခက်တယ်။ မိတ်ဆွေကော။ . . . စကြဝဠာကြီးရဲ့ထူးခြားဆန်းကြယ်ပုံကို စဉ်းစားဆင်ခြင်ကြည့်ဖို့ သမ္မာကျမ်းစာကကျွန်တော်တို့ကို အားပေးထားတယ်။ (ဆာ. ၁၉:၁) ဒီကောင်းကင်ကြယ်တာရာတွေကိုထိန်းချုပ်တဲ့နိယာမများရဲ့အရှင်ဟာ ကျွန်တော်တို့အတွက်လည်း တန်ဖိုးရှိတဲ့လမ်းညွှန်မှုကိုပေးထားတယ်။ (ဆာ. ၁၉:၇-၉)’ (“ဘုရားသခင်” နှင့် “ဖန်ဆင်းခြင်း” ဟူသော အဓိကခေါင်းစဉ်များအောက် စာမျက်နှာ ၁၉၅-၂၀၂၊ ၁၇၁-၁၇၅ ကိုပါရှု။)
အနာဂတ်/လုံခြုံမှု
• ‘မင်္ဂလာပါ။ နေကောင်းတယ်နော်။ . . . အနာဂတ်နဲ့ပတ်သက်တဲ့ အကောင်းမြင်သဘောထားမျိုးကို အိမ်နီးချင်းတွေနဲ့ ကျွန်တော်တို့ဝေမျှဖို့ လာပါတယ်။ မိတ်ဆွေလည်း ဘဝကိုအဲဒီလိုမြင်ဖို့ကြိုးစားနေပါသလား။ . . . တချို့အခြေအနေတွေကြောင့် အဲဒီလိုအကောင်းမြင်ဖို့မလွယ်မှန်း မိတ်ဆွေသတိထားမိပါသလား။ . . . ဒီကိစ္စမှာ သမ္မာကျမ်းစာက အထောက်အကူအများကြီးပေးနိုင်တာကို ကျွန်တော်တွေ့ရပါတယ်။ ကျွန်တော်တို့ခေတ်မှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ဟုတ်တိုင်းမှန်ရာဖော်ပြထားတယ်။ ဒိအပြင် အဲဒါတွေရဲ့အဓိပ္ပာယ်ကိုရှင်းပြပြီး ဘာတွေဆက်ဖြစ်လာမယ်ဆိုတာကိုလည်း ပြောပြထားတယ်။ (လု. ၂၁:၁၀၊ ၁၁၊ ၃၁)’
• ‘ကျွန်တော့်နာမည် __________ လို့ခေါ်ပါတယ်။ မိတ်ဆွေနာမည်ကော။ . . . သမ္မာကျမ်းစာ ကမ်းလှမ်းထားတဲ့ တောက်ပတဲ့အနာဂတ်အကြောင်းကို စဉ်းစားဆင်ခြင်နိုင်ဖို့ မိတ်ဆွေလိုလူငယ်တွေကို ကျွန်တော်လိုက်ပြီးအားပေးနေတာပါ။ (ဗျာ. ၂၁:၃၊ ၄ စသောကျမ်းပိုဒ်များကိုဖတ်ပြပါ။) အဲဒါမိတ်ဆွေအတွက် မကောင်းဘူးလား။
အလုပ်အကိုင်/အိုးအိမ်
• ‘လူတိုင်း အိမ်နဲ့ရာနဲ့အလုပ်နဲ့အကိုင်နဲ့ဖြစ်အောင် ဘာလုပ်ရမလဲဆိုတာနဲ့ပတ်သက်လို့ ကျွန်တော်တို့က မိတ်ဆွေရဲ့အိမ်နီးချင်းတွေနဲ့ လာပြီးဆွေးနွေးနေပါတယ်။ အဲဒါကို လူသားအစိုးရများအနေနဲ့ စွမ်းဆောင်နိုင်မယ်လို့ ယုတ္တိရှိရှိမျှော်လင့်နိုင်မယ် ထင်ပါသလား။ . . . ဒီပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးရှိပါတယ်။ သူဟာ လူသားတွေရဲ့ဖန်ဆင်းရှင်ပါပဲ။ (ဟေရှာ. ၆၅:၂၁-၂၃)’
• ‘ကောင်းတဲ့အစိုးရနဲ့ပတ်သက်လို့ အိမ်နီးချင်းတွေနဲ့ ကျွန်တော်တို့အမြင်ချင်းဖလှယ်နေကြပါတယ်။ လူအများစုက လာဘ်ယူလာဘ်စားကင်းပြီး လူတိုင်းအတွက်အလုပ်အကိုင်နဲ့ အိမ်ကောင်းရာကောင်းပေးနိုင်တဲ့ အစိုးရမျိုးကိုလိုလားကြတယ်။ ဒါတွေအားလုံးဖြစ်မြောက်လာအောင် ဘယ်လိုအစိုးရမျိုးက ဆောင်ရွက်ပေးနိုင်မယ်လို့ မိတ်ဆွေထင်သလဲ။ . . . (ဆာ. ၉၇:၁၊ ၂; ဟေရှာ. ၆၅:၂၁-၂၃)’ (“အစိုးရ” ဟူသော အဓိကခေါင်းစဉ်အောက် စာမျက်နှာ ၃၇၉-၃၈၄ ကိုပါရှု။)’
အာမဂေဒုန်
• ‘လူတော်တော်များများ အာမဂေဒုန်အကြောင်းကြောင့် စိုးရိမ်တကြီးဖြစ်နေကြတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေက မီးကုန်ယမ်းကုန်ကြဲမဲ့နျူကလီးယားစစ်ပွဲကိုရည်ညွှန်းပြီး အဲဒီစကားလုံးကိုအသုံးပြုကြတာ လူတွေကြားဖူးကြတယ်။ အာမဂေဒုန်ဟာ လူသားတွေအတွက် ဘယ်လိုအဓိပ္ပာယ်ရှိမယ်လို့ မိတ်ဆွေယုံကြည်ပါသလဲ။ . . . အမှန်မှာ အာမဂေဒုန်ဆိုတဲ့စကားလုံးကို ကျမ်းစာထဲကယူထားတာပါ။ သူ့အဓိပ္ပာယ်က ဒီနေ့လူတွေသုံးနေကျအဓိပ္ပာယ်နဲ့ အများကြီးကွာတယ်။ (ဗျာ. ၁၆:၁၄၊ ၁၅) သမ္မာကျမ်းစာက ကျွန်တော်တို့လွတ်မြောက်နိုင်ဖို့ကိုယ်တိုင်ဘာလုပ်နိုင်သလဲဆိုတာကိုလည်း ဖော်ပြထားတယ်။ (ဇေ. ၂:၂၊ ၃)’ (“အာမဂေဒုန်” ဟူသောအဓိကခေါင်းစဉ်အောက် စာမျက်နှာ ၄၁၃-၄၁၈ ကိုပါရှု။)
အိုခြင်း/သေခြင်း
• ကျွန်တော်တို့ဘာကြောင့်အိုရသေရသလဲဆိုတာကို မိတ်ဆွေစဉ်းစားဖူးသလား။ တချို့ပင်လယ်လိပ်တွေဆိုရင် နှစ်ပေါင်းရာနဲ့ချီ ပြီးအသက်ရှင်နိုင်တယ်။ သစ်ပင်တချို့ဆိုရင် ထောင်နဲ့ချီ ပြီးအသက်ရှင်နိုင်တယ်။ ဒါပေမဲ့ လူကျတော့ ၇၀၊ ၈၀ လောက်ပဲအသက်ရှင်ပြီး သေသွားကြရတယ်။ ဘာကြောင့်လဲဆိုပြီးတွေးဖူးသလား။ . . . (ရော. ၅:၁၂) ဒီလိုအခြေအနေ တစ်နေ့ ပြောင်းလဲသွားနိုင်မလား။ . . . (ဗျာ. ၂၁:၃၊ ၄)’
• ‘မိတ်ဆွေဒီလိုမေးဖူးပါသလား။ သေရင်အားလုံးပြီးငြိမ်းရောလား၊ ဒါမှမဟုတ် သေပြီးနောက်ပိုင်း တစ်ခုခုကျန်နေသေးသလား။ . . . သမ္မာကျမ်းစာကတော့ သေခြင်းနဲ့ပတ်သက်တဲ့ဘယ်မေးခွန်းမျိုးကိုမဆို ရှင်းပြပေးတယ်။ (ဒေ. ၉:၅၊ ၁၀) ယုံကြည်တဲ့သူတွေအတွက် စစ်မှန်တဲ့မျှော်လင့်ချက်ရှိတယ်ဆိုတာလည်း တင်ပြထားတယ်။ (ယော. ၁၁:၂၅)’ (“သေခြင်း” နှင့် “အားပေးခြင်း” ဟူသော ခေါင်းစဉ်များအောက် စာမျက်နှာ ၃၂၈-၃၃၅ နှင့် ၄၁၉၊ ၄၂၀ တို့ကိုပါရှု)။
အိမ်တွင်းကျမ်းစာသင်အံမှု
• ‘မိတ်ဆွေကို အခမဲ့ကျမ်းစာသင်တန်းပေးဖို့ရောက်လာတာပါ။ နိုင်ငံပေါင်း ၂၀၀ ကျော်ကလူတချို့ သူတို့အိမ်မှာ မိသားစုလိုက်ကျမ်းစာဘယ်လိုဆွေးနွေးကြတယ်ဆိုတာကိုသိအောင် ဖြစ်နိုင်ရင် မိနစ်အနည်းငယ်အချိန်ယူပြီး ကျွန်တော်သရုပ်ပြချင်ပါတယ်။ ဒီထဲက ဘယ်ခေါင်းစဉ်ကိုမဆို အခြေပြုပြီး ဆွေးနွေးနိုင်ပါတယ်။ (လေ့လာမည့်စာအုပ်၏မာတိကာကိုပြပါ။) မိတ်ဆွေ ဘယ်အကြောင်းကို အထူးစိတ်ဝင်စားသလဲ။’
• ‘ကျမ်းစာလေ့လာဖို့ အကူအညီဖြစ်စေနိုင်တဲ့ဒီစာအုပ်ကို အိမ်နီးနားချင်းတွေကို ကျွန်တော်တို့လိုက်လံပြသပါတယ်။ (ပြပါ။) ဒါကိုမြင်ဖူးပါသလား။ . . . မိတ်ဆွေသာ အချိန်နည်းနည်းရမယ်ဆိုရင် မိတ်ဆွေရဲ့ကိုယ်ပိုင်ကျမ်းစာနဲ့တွဲပြီး ဒီစာအုပ်ကိုဘယ်လိုအသုံးပြုနိုင်တယ်ဆိုတာ ကျွန်တော်သရုပ်ပြပါရစေ။’
‘ကျွန်တော့်မှာကိုယ့်ဘာသာနဲ့ကိုယ်ရှိပြီးသား’ ဟု လူအများပြောကြသောအခါ
• ‘မင်္ဂလာပါ။ မိတ်ဆွေတို့ရပ်ကွက် (သို့မဟုတ် ဒီနယ်မြေ) မှာရှိတဲ့အိမ်ထောင်အားလုံးဆီ ကျွန်တော်တို့လာရောက်လည်ပတ်ပါတယ်။ အများစုက ကိုယ်ပိုင်ဘာသာရှိကြတာကို ကျွန်တော်တို့တွေ့ရပါတယ်။ မိတ်ဆွေလည်းရှိမှာပါပဲ။ . . . ဒါပေမဲ့ ကျွန်တော်တို့ဘယ်ဘာသာပဲကိုးကွယ်ကိုးကွယ် နေထိုင်မှုစရိတ်ကြီးမြင့်မှု၊ ရာဇဝတ်မှု၊ ဖျားနာမှုစတဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေကြရတာချည်းပဲ။ ဟုတ်တယ်မဟုတ်လား။ . . . ဒီပြဿနာတွေကို တကယ်ဖြေရှင်းနိုင်မယ်လို့ယူဆပါသလား။ . . . (၂ ပေ. ၃:၁၃၊ စသည်။)
‘ကျွန်တော်မအားဘူး’ ဟု လူအများပြောကြသောအခါ
• ‘နေကောင်းတယ်နော်။ ဒီအနီးတစ်ဝိုက်ကလူအားလုံးကို အရေးကြီးတဲ့သတင်းတစ်ခု ကျွန်တော်တို့လိုက်ပြီးပြောပြပါတယ်။ မိတ်ဆွေက အလုပ်များနေတော့ကာ ကျွန်တော်တိုတိုတုတ်တုတ်ပဲပြောပါ့မယ်။’
• ‘မင်္ဂလာပါ။ ကျွန်တော်က __________ လို့ခေါ်ပါတယ်။ ကျွန်တော်လာရတဲ့ရည်ရွယ်ချက်ကတော့ ဘုရားသခင့်နိုင်ငံတော်ကောင်းချီးတွေအကြောင်း၊ အဲဒါတွေကို ကျွန်တော်တို့ ဘယ်လိုဝေမျှခံစားနိုင်ကြမလဲ ဆိုတဲ့အကြောင်းကို မိတ်ဆွေနဲ့ဆွေးနွေးဖို့ပါပဲ။ ဒါပေမဲ့ မိတ်ဆွေအလုပ်များနေတာ (သို့မဟုတ် အပြင်ထွက်တော့မှာ) တွေ့ရလို့ စဉ်းစားစရာကလေးတစ်ခုကို ထားခဲ့ပါရစေလား။
မကြာခဏအမှုဆောင်သော ရပ်ကွက်တွင်
• ‘မိတ်ဆွေကိုအိမ်မှာတွေ့ရတာဝမ်းသာတယ်။ အိမ်နီးချင်းတွေဆီ ကျွန်တော်တို့ အပတ်စဉ်လည်ပတ်မှုပြုနေတာပါ။ ဘုရားသခင့်နိုင်ငံတော်ဟာ လူသားတွေအတွက် အလွန်ကောင်းမွန်တဲ့အရာတွေ လုပ်ပေးမှာနဲ့ပတ်သက်တဲ့ ထပ်ဆင့်အကြောင်း မိတ်ဆွေကိုပြောပြစရာရှိတယ်။
• ‘မင်္ဂလာပါ။ ပြန်တွေ့ရတာဝမ်းသာပါတယ်။ . . . မိသားစုအားလုံးကျန်းကျန်းမာမာပဲနော်။ . . . ။ . . . နဲ့ပတ်သက်တဲ့အကြောင်း မိတ်ဆွေကိုပြောပြဖို့ဝင်လာတာပါ။’
• ‘မင်္ဂလာပါ။ နေကောင်းတယ်နော်။ . . . မိတ်ဆွေနဲ့နောက်တစ်ခါစကားပြောဖို့ အခွင့်အရေးကိုမျှော်နေတာ။ (သင်ဆွေးနွေးလိုသည့် အကြောင်းအရာကို ဖော်ပြပါ။)