ကြီးမြတ်သောဘဏ္ဍာကို သိမှတ်စေရန် သူတစ်ပါးအား ကူညီပေးခြင်း
၁ နိုင်ငံတော်သတင်းကောင်းကို သူတစ်ပါးအားဟောပြောသည့်အခါ ကျွန်ုပ်တို့၏ရည်မှန်းချက်တစ်ခုမှာ ဘုရားသခင့်နှုတ်ကပါဌ်တော်၏ အဖိုးမဖြတ်နိုင်သောတန်ဖိုးကို စိတ်နှလုံးရိုးဖြောင့်သူများအားသိရှိစေရန် အကူအညီပေးခြင်းဖြစ်သင့်သည်။ (ဖိ၊ ၃:၈) ကျမ်းစာအခြေခံသည့် ကျွန်ုပ်တို့၏စာပေများသည် နိုင်ငံတော်သတင်းတရားကို ဖြန့်ဖြူးရာတွင် အလွန်အရေးပါသည်။ ဥပမာ၊ သမ္မာတရားကိုသိရှိလာသဖြင့် ယေဟောဝါကိုကိုးကွယ်သူများဖြစ်လာကြရန် ထောင်ပေါင်းများစွာသောသူတို့အား ထာဝစဉ်အသက်ရှင်စာအုပ်သည် အကူအညီပေးခဲ့ပေပြီ။
၂ ကျွန်ုပ်တို့၏ဓမ္မအမှုတွင် စာပေလက်ခံလိုသူများအား စာအုပ်ဝေငှပေးရုံထက်မက ပါဝင်သည်။ သတင်းတရားကို နှစ်မြို့ဖွယ်နည်းဖြင့် တင်ပြပြီး အိမ်ရှင်၏စကားကို ထိုးထွင်းဉာဏ်ဖြင့်နားထောင်ကာ ‘ကျမ်းစာကိုအမှီပြု၍ ဆွေးနွေးနှီးနှော’ ရန်အသင့်ရှိဖို့လိုပါသည်။—တ၊ ၁၇:၂။
၃ ယင်းကို မည်သို့ပြုလုပ်နိုင်မည်နည်း။ အိမ်ရှင်များသည် သမ္မာကျမ်းစာနှင့် ယင်း၏သတင်းတရားကို စိတ်ဝင်စားစေရန် ကျွန်ုပ်တို့၏နိဒါန်းများက လမ်းဖွင့်ပေးနိုင်ပါသည်။
သင်ပြောနိုင်သည်ကား:
▪ “ဒီကနေ့ ကျွန်ုပ်တို့ဝန်းကျင်ရှိအဖြစ်အပျက်များရဲ့ အဓိပ္ပာယ်ကို ဆွေးနွေးဖို့ လာပါတယ်။ လူအများဟာ ဘုရားသခင်ရယ်၊ ကျမ်းစာမှပါတဲ့ လူတို့အသက်ရှင်ရမယ့် ဘုရားသခင့်စံချိန်များကိုပါ စိတ်မဝင်စားကြတော့ဘူး။ အဲ့ဒီသဘောဟာ တစ်ယောက်အပေါ်တစ်ယောက် လူတွေရဲ့စိတ်ကို လွှမ်းမိုးနေတယ်။ ဒါကို သတိပြုမိသလား။ [ဖြေပါစေ။ အဖြစ်အပျက်တစ်ခုခုကို တင်ပြလိုပေမည်။] ၂ တိမောသေ ၃:၁-၅ ပါလူတို့ရဲ့စိတ်ထားကို သတိပြုပါ။ အဲ့ဒါ အခုခေတ်နဲ့တူမတူ ဘယ်လိုထင်သလဲ။ [ဖတ်; ဖြေဆိုပါစေ။] အနာဂတ်မှာ အခြေအနေပိုကောင်းလာမယ်လို့ မျှော်လင့်နိုင်စရာအကြောင်း ရှိသလား။” ထာဝစဉ်အသက်ရှင်စာအုပ်၊ စာမျက်နှာ ၁၂ နှင့် ၁၃ ပါရုပ်ပုံနှင့် အပိုဒ် ၁၂ နှင့် ၁၃ ကိုအာရုံပြုစေပါ။ စိတ်မဝင်စားပါက ကမ္ဘာသစ်တွင်ငြိမ်းချမ်းသောအသက်တာဝေစာကို ဝေထားနိုင်ပါသည်။
၄ မိဘတစ်ဦး အိမ်ပေါက်ဝသို့လာလျှင် ဤသို့စတင်စကားပြောနိုင်ပါသည်:
▪ “မိသားစုဘဝရဲ့ပြဿနာတွေကို ဘယ်လိုကောင်းအောင်ဖြေရှင်းပေးနိုင်မဲ့အကြောင်း စိတ်ဝင်စာသူများနဲ့ စကားစမြည်ပြောနေပါတယ်။ ကျွန်တော်တို့အားလုံးကတော့ အတတ်နိုင်ဆုံးကြိုးစားကြတာပဲ။ ဒါပေမဲ့ ပိုအောင်မြင်စေမဲ့နည်းရှိမယ်ဆိုရင် စိတ်ဝင်းစားမယ်မဟုတ်လား။ [ဖြေဆိုပါစေ။] ကောလောသဲ ၃:၁၂-၁၄ မှာပါတဲ့အတိုင်းပဲ ကျမ်းစာက ဒီကိစ္စကို လမ်းပြညွှန်ကြားထားတယ်။ [ဖတ်။] အဲ့ဒီတော့ အောင်မြင်တဲ့မိသားစုဘဝရဖို့ ဘာလိုသလဲ။ ‘မိသားစုဘဝကို အောင်မြင်စေခြင်း’ ခေါင်းစဉ်ပါတဲ့ ဒီစာအုပ်ထဲက အခန်းတစ်ခန်းမှာ ဘာပြောထားတယ်ဆိုတာကို သတိပြုပါ။” စာမျက်နှာ ၂၃၈ ရှိအပိုဒ် ၃ ကိုဖတ်ပါ။ အိမ်ရှင်အလုပ်များနေမည်၊ တုံ့ပြန်မှု ကောင်းကောင်းမတင်ပြဘဲနေမည်ဆိုလျှင် အိမ်ထောင်ရေးကိုဆွေးနွေးသည့် နောက်ဆုံးထုတ်မဂ္ဂဇင်းတစ်စောင်၊ သို့မဟုတ် မိသားစုဘဝကို မွေ့လျော်ခြင်းဝေစာကို တင်ပြရန်ကြိုးစားပါ။
၅ နိုင်ငံတော်အကြောင်း စေ့ငစွာဟောပြောရခြင်းရည်ရွယ်ချက်ကို ဘယ်သောအခါမျှ မျက်ခြည်မပြတ်လိုပါ။ (မ၊ ၂၄:၁၄) သမ္မာကျမ်းစာနှင့် ကျွန်ုပ်တို့အတွက် အမျိုးမျိုးပြင်ဆင်ပေးထားသည့် သီအိုကရက်တစ်စာပေများကို ကောင်းစွာအသုံးပြုခြင်းအားဖြင့် ဤအရေးပါသောကာလအတွင်း ယေဟောဝါ၏အလိုတော်ကို ပြီးမြောက်အောင်ဆောင်ရွက်ရာ၌ ကိုယ်တော့်ကောင်းချီးရရန် ကိုယ်တော်အား စိတ်ချလက်ချ အားထားနိုင်ပါသည်။—ဂလ၊ ၆:၉။