ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက သင်ခန်းစာ ၃၂ စာ. ၁၉၄-စာ. ၁၉၆ ပိုဒ်. ၄
  • အခိုင်အမာ ယုံကြည်ချက်ဖြင့် ပြောဆိုခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အခိုင်အမာ ယုံကြည်ချက်ဖြင့် ပြောဆိုခြင်း
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခိုင်မာသောခံယူချက်ဖြင့် သတင်းကောင်းဟောပြောခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • ယုံကြည်စိတ်ချမှုရှိရှိ ပြောဆိုခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • ခိုင်မြဲသောစိတ်ချမှုဖြင့် အပြည့်အဝရပ်တည်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • မိဘတို့၊ ‘ကယ်တင်ခြင်း ရနိုင်အောင် ဉာဏ်ပညာရှိစေ’ ဖို့ သားသမီးတွေကို ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက သင်ခန်းစာ ၃၂ စာ. ၁၉၄-စာ. ၁၉၆ ပိုဒ်. ၄

သင်ခန်းစာ ၃၂

အခိုင်အမာ ယုံကြည်ချက်ဖြင့် ပြောဆိုခြင်း

သင်ဘာပြုလုပ်ဖို့ လိုအပ်သနည်း။

သင်ပြောဆိုနေသည့်အရာသည် အမှန်တရားဖြစ်သည်၊ အရေးကြီးသည် စသည်ဖြင့် အပြည့်အဝ သင်အခိုင်အမာယုံကြည်ကြောင်း ပြသည့်နည်းဖြင့် ပြောဆိုပါ။

ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

သင်၏အခိုင်အမာယုံကြည်ချက်သည် သင်ပြောဆိုရာကို လေးနက်စွာသုံးသပ်ရန်နှင့် ယင်းအတိုင်းလုပ်ဆောင်ရန် အခြားသူများအား တိုက်တွန်းအားပေးမည်။

လူတစ်ဦးသည် အခိုင်အမာယုံကြည်ချက်ဖြင့် ပြောဆိုသည့်အခါ သူပြောဆိုနေသည့်အရာကို ခိုင်မြဲစွာ ယုံကြည်ကြောင်း အခြားသူများ တွေ့ မြင်ကြသည်။ တမန်တော်ပေါလု၏ ဓမ္မအမှုတွင် ထိုသို့သောအခိုင်အမာယုံကြည်ချက် အထင်အရှားတွေ့ရသည်။ သက်သာလောနိတ်မြို့ရှိ ယုံကြည်သူများဖြစ်လာကြသူများထံ သူဤသို့ရေးသားခဲ့သည်– ‘ငါတို့ဟောပြောသောဝမ်းမြောက်ဖွယ်သတင်းတရားသည်၊ သင်တို့၌ စကားမျှသာဖြစ်သည်မဟုတ်။ . . . အမှန်သိခြင်း [“ခိုင်မာသောယုံကြည်ချက်၊” ကဘ] နှင့်ပြည့်စုံသောတရားဖြစ်၏။’ (၁ သက်. ၁:၅၊ သမ္မာ) အခိုင်အမာယုံကြည်ချက်သည် သူပြောဆိုပုံနှင့် အသက်ရှင်နေထိုင်ပုံတွင်ပါ ပေါ်လွင်ထင်ရှားခဲ့သည်။ ခိုင်မာသောယုံကြည်ချက်ကို ကျမ်းစာသမ္မာတရားများ တင်ဆက်သည့်နည်းတွင်လည်း ထင်ရှားစေသင့်သည်။

အခိုင်အမာယုံကြည်ချက်ကိုဖော်ပြခြင်းသည် တစ်ယူသန်၊ တရားသေပြောခြင်း သို့မဟုတ် မောက်မောက်မာမာပြောဆိုခြင်းတို့နှင့် မတူပါ။ သို့အစား အခိုင်အမာယုံကြည်ချက်ရှိသူတစ်ဦးသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ရှိ အကြောင်းအရာများကို ပြောဆိုသည့်အခါ ခိုင်မာသောယုံကြည်ခြင်းကို တင်ပြသည်ပုံစံဖြင့် သူပြောဆိုသည်။—ဟေဗြဲ ၁၁:၁။

အခိုင်အမာယုံကြည်ချက်ကိုပြောဆိုရသည့် အချိန်အခါများ။ သင်သည် လယ်ကွင်းဓမ္မအမှုထမ်းဆောင်နေသည့်အခါ အခိုင်အမာယုံကြည်ချက်ဖြင့် ဟောပြောရန် အရေးကြီးသည်။ လူတို့သည် သင့်ဟောပြောပုံကို သင့်သတင်းတရားတမျှ သတိပြုမိတတ်ကြသည်။ သူတို့သည် သင်ပြောဆိုရာနှင့်ပတ်သက်၍ အမှန်တကယ် သင်မည်သို့ခံစားကြောင်းကို သိမြင်ကြသည်။ သင်၏အခိုင်အမာယုံကြည်ချက်က စကားလုံးများထက်ပို၍ အားပါစေနိုင်ကာ သင့်တွင် ဝေမျှပေးစရာ တန်ဖိုးကြီးမားသောအရာတစ်ခုရှိကြောင်း ဖော်ပြသည်။

ယုံကြည်သူချင်းများဖြစ်သော ပရိသတ်တစ်ခုကို ပြောဆိုရာတွင်လည်း အခိုင်အမာယုံကြည်ချက်ဖြင့်ဖော်ပြဖို့ လိုအပ်သည်။ တမန်တော်ပေတရုသည် “တိုက်တွန်းသွေးဆောင်လျက်၊ . . . ဤအရာများသည် ဘုရားသခင်၏ကျေးဇူးတော်အမှန်ဖြစ်သည်ဟု သက်သေခံ [ရန်]” သူ၏ပထမဆုံး မှုတ်သွင်းခံစာစောင်၌ ရေးသားခဲ့သည်။ ဤတွင် သူသည် “အခိုင်အမာရပ်တည်ပါ” ဟု ညီအစ်ကိုများအား တိုက်တွန်းခဲ့သည်။ (၁ ပေ. ၅:၁၂၊ ကဘ) တမန်တော်ပေါလုသည် ရောမမြို့ရှိအသင်းတော်ကို စာရေးသောအခါ သူတို့အား အကျိုးကျေးဇူးဖြစ်ထွန်းစေသည့် အခိုင်အမာယုံကြည်ချက်ကို တင်ပြခဲ့သည်။ သူဤသို့ရေးသားခဲ့သည်– “အကြောင်းမူကား သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတ္တံ့သောအရာဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ အခြားအဘယ်နိမ္မိတအရာဖြစ်စေ ငါတို့အရှင်ခရစ်တော်ယေရှု၌ရှိသော ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကိုမကွာစေနိုင်ဟု ငါသည် သဘောကျလျက်ရှိ၏။” (ရော. ၈:၃၈၊ ၃၉) အခြားသူများအား ဟောပြောဖို့လိုကြောင်းလည်း ပေါလုက နားဝင်အောင်ရေးသားခဲ့သည်။ ထိုလုပ်ဆောင်မှုတွင် သူ၏ဇွဲထက်သန်ခြင်းက ၎င်းကိုအရေးကြီးသည်ဟု ကိုယ်တိုင်ကိုယ်ကျ ယုံကြည်လက်ခံထားကြောင်း ရှင်းရှင်းလင်းလင်းတင်ပြသည်။ (တ. ၂၀:၁၈-၂၁; ရော. ၁၀:၉၊ ၁၃-၁၅) ဘုရားသခင့်နှုတ်ကပါဌ်တော်မှ သွန်သင်ချက်ပေးသောအခါ ယနေ့ ခရစ်ယာန်အကြီးအကဲများ၏အပိုင်းမှ အလားတူအခိုင်အမာယုံကြည်ချက်မျိုး ပေါ်လွင်ထင်ရှားသင့်သည်။

သင်အံမှုကာလအတောအတွင်းနှင့် အခြားအချိန်များ၌ မိဘများသည် မိမိတို့သားသမီးများနှင့် ဝိညာဉ်ရေးကိစ္စများ ဆွေးနွေးနေသည့်အခါ အခိုင်အမာယုံကြည်ချက်ဖြင့် တင်ပြဖို့လိုသည်။ မိဘများသည် ဘုရားသခင်နှင့် ကိုယ်တော့်နည်းလမ်းတော်များအား ချစ်သည့်မေတ္တာကို မိမိတို့နှလုံးတွင် ပြုစုပျိုးထောင်ဖို့လိုသည်။ ထို့နောက် “စိတ်နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ် [သောကြောင့်]” မိဘများသည် မိမိတို့သားသမီးများအား လှိုက်လှဲသောအခိုင်အမာယုံကြည်ချက်ဖြင့် ပြောဆိုနိုင်ကြသည်။ (လု. ၆:၄၅; တရား. ၆:၅-၇) ထိုသို့သောအခိုင်အမာယုံကြည်ချက်ရှိခြင်းက ‘ဖောက်ပြန်မှုလုံးဝမပါသည့်ယုံကြည်ခြင်း’ ၏ပုံသက်သေပြဖို့လည်း မိဘများအား လှုံ့ဆော်ပေးပေမည်။—၂ တိ. ၁:၅။

အထူးသဖြင့် သင့်ယုံကြည်ခြင်းနှင့်ပတ်သက်၍ စောဒကတက်ခံရသည့်အခါ အခိုင်အမာယုံကြည်ချက်ဖြင့် တင်ပြပေးရန် အရေးကြီးသည်။ ကျောင်းနေဖက်၊ ဆရာ သို့မဟုတ် လုပ်ဖော်ဆောင်ဖက်တစ်ဦးက အချို့သောအခမ်းအနားတွင် သင်မပါဝင်သည်ကို အံ့အားသင့်မိကြောင်းဆိုပေမည်။ ခိုင်မာပြီး ကောင်းစွာကျိုးကြောင်းဆင်ခြင်ထားသည့်အဖြေက သင်၏ ကျမ်းစာအခြေပြုရပ်တည်ချက်ကို ရိုသေလေးစားရန် သူ့အားကူညီပေးမည်။ တစ်ဦးတစ်ယောက်က သင့်အား မှားယွင်းသောအမူအကျင့်ဖြစ်သည့် မရိုးသားမှု၊ မူးယစ်ဆေးဝါး အလွဲသုံးစားမှု သို့မဟုတ် လိင်စာရိတ္တယိုယွင်းမှုထဲသို့ သွေးဆောင်ဖို့ ကြိုးစားလာပါက အသို့နည်း။ ထိုသို့သောအမူအကျင့်တွင် လုံးဝ သင်ပါဝင်လိမ့်မည်မဟုတ်ကြောင်းနှင့် မည်သည့်ကြိုးပမ်းမှုကမျှ သင့်စိတ်ကို ပြောင်းလဲသွားစေမည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းဖြစ်စေရန် အရေးကြီးသည်။ ကမ်းလှမ်းမှုကို ငြင်းဆန်သည့်အခါ အခိုင်အမာယုံကြည်ချက်ဖြင့် ပြောဆိုရန်လိုအပ်သည်။ ပေါတိဖာမိန်းမ၏ လျှပ်ပေါ်သောမြှူဆွယ်မှုကို ခုခံတွန်းလှန်သောအခါ ယောသပ်က “အပြစ်ကြီးသောဤအမှုကိုကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်း” ဟု ခိုင်မာစွာပြောဆိုခဲ့သည်။ သူမ ဇွတ်တရွတ်သွေးဆောင်သောအခါ ယောသပ်သည် အိမ်မှထွက်ပြေးခဲ့သည်။—က. ၃၉:၉၊ ၁၂။

အခိုင်အမာယုံကြည်ချက်ကို ထင်ရှားပြသည့်နည်း။ သင်အသုံးပြုသည့်စကားလုံးများက သင်၏အခိုင်အမာယုံကြည်ချက်ကို ကြားသိစေရန် များစွာလုပ်ဆောင်နိုင်ပါသည်။ အချိန်အခါအတော်များများတွင် “ငါအမှန်အကန်ဆိုသည်ကား” ဟု မိန့်တော်မူခြင်းအားဖြင့် အရေးပါသော ဖော်ပြချက်များကို ယေရှုနိဒါန်းပျိုးခဲ့သည်။ (ယော. ၃:၃၊ ၅၊ ၁၁; ၅:၁၉၊ ၂၄၊ ၂၅) “ငါသည် သဘောကျလျက်ရှိ၏၊” “ငါသည် သခင်ယေရှုကိုအမှီပြုလျက် သဘောကျ၍ အမှန်သိ၏” နှင့် “မုသာစကားကိုမဆို မှန်သောစကားကိုဆို၏” ဟူသောဖော်ပြချက်များတွင် ပေါလု၏အခိုင်အမာယုံကြည်ချက်သည် ထင်ဟပ်နေခဲ့သည်။ (ရော. ၈:၃၈; ၁၄:၁၄; ၁ တိ. ၂:၇) မိမိ၏နှုတ်ကပါဌ်တော် ပြည့်စုံချက်နှင့်စပ်လျဉ်း၍ “နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်မည်” ကဲ့သို့သော လေးနက်သည့်ဖော်ပြချက်များပြုရန် တစ်ခါတစ်ရံ ယေဟောဝါသည် မိမိပရောဖက်များအား မှုတ်သွင်းခဲ့သည်။ (ဟဗ. ၂:၃) ဤပရောဖက်ပြုချက်များကို သင်ရည်ညွှန်းသောအခါ ထပ်တူစကားကို အသုံးပြုနိုင်ပေသည်။ ကိုယ့်ကိုယ်ကို၌ ယုံကြည်မှုမထားဘဲ ယေဟောဝါ၌သာ ယုံကြည်မှုထားကာ၊ အခြားသူများကို ရိုသေလေးစားသောအသွင်ဖြင့် စကားပြောဆိုမည်ဆိုပါက အလားတူခံယူချက်မျိုးထင်ဟပ်သည့် အသုံးအနှုန်းများသည် သင်၌ ခိုင်မာသောယုံကြည်ခြင်းရှိကြောင်း ထင်ရှားဖော်ပြမည်။

အခိုင်အမာယုံကြည်ချက်ကို စိတ်အားထက်သန်မှုနှင့် သင်၏ ပြင်းပြသောစကားအသုံးအနှုန်းတို့ဖြင့်လည်း ပြသနိုင်ပေမည်။ မျက်နှာထား၊ ခြေလက်လှုပ်ရှားပုံနှင့် ကိုယ်ဟန်အမူအရာတို့သည် လူတစ်ဦးနှင့်တစ်ဦး အတော်အတန် ကွဲပြားနိုင်သော်လည်း အားလုံးသည် ယင်းကို ထောက်ကူပေးသည်။ သင်သည် ပင်ကိုအားဖြင့် ရှက်တတ် သို့မဟုတ် အပြောအဆိုနူးညံ့သည့်တိုင် သင်ပြောဆိုနေသည့်အရာသည် အမှန်တရားဖြစ်ကြောင်းနှင့် ယင်းကို အခြားသူများ ကြားဖို့လိုကြောင်း လုံးလုံးကျိန်းသေသောအခါ သင်၏အခိုင်အမာယုံကြည်ချက် ထင်ရှားလာမည်။

ကျွန်ုပ်တို့ပြောဆိုသည့် အခိုင်အမာယုံကြည်ချက်တိုင်းသည် စစ်မှန်ရမှာတော့ ဟုတ်ပါသည်။ အကယ်၍ ကျွန်ုပ်တို့သည် နှလုံးမှပြောသည်ထက် ဟန်ဆောင်ပြောနေသည်ဟု လူတို့ခံစားမိပါက ကျွန်ုပ်တို့၏သတင်းတရားသည် အခြေအမြစ်မရှိကြောင်း သူတို့ကောက်ချက်ချနိုင်ဖွယ်ရှိမည်။ ထို့ကြောင့် အထူးသဖြင့် သင့်ပင်ကိုအတိုင်းပြောဆိုပါ။ သင့်ပရိသတ်၏အရွယ်အစားပေါ်မူတည်၍ ပြောနေကျအသံပမာဏထက် အသံပိုကျယ်ဖို့နှင့် အားမာန်ပါဖို့ လိုအပ်ပေသည်။ သို့သော် အရိုးခံစိတ်နှင့် ပင်ကိုသဘာဝအတိုင်း တင်ပြခြင်းက သင့်ရည်မှန်းချက်ဖြစ်သင့်သည်။

အခိုင်အမာယုံကြည်ချက်ဖော်ပြရန် အကူအညီများ။ သင်၏အခိုင်အမာယုံကြည်ချက်သည် ဟောမည့်အကြောင်းအရာအပေါ် သင့်ခံစားချက်များနှင့် ပတ်သက်နေသောကြောင့် ပြင်ဆင်မှုကောင်းသည်သော့ချက်ဖြစ်သည်။ အကြောင်းအရာကို စာပေတစ်ခုမှ ကူးယူရေးသားပြီး ၎င်းကို အလွတ်ရွတ်ဆိုပြခြင်းသည် မလုံလောက်ချေ။ အကြောင်းအရာကို ရှင်းလင်းစွာ နားလည်ဖို့လိုပြီး ၎င်းကို သင့်ကိုယ်ပိုင်စကားဖြင့် ဖော်ပြနိုင်ရမည်။ ယင်းသည်မှန်ကန်ကြောင်းနှင့် သင်ပြောဆိုနေသည့်အရာသည် ပရိသတ်အတွက် တန်ဖိုးရှိကြောင်းကို လုံးလုံးခံယူထားရမည်။ ယင်းက သင့်တင်ဆက်မှုကို ပြင်ဆင်သည့်အခါ သူတို့၏အခြေအနေများအပြင် အကြောင်းအရာနှင့်ပတ်သက်၍ သူတို့အဘယ်အရာသိထားကြောင်း သို့မဟုတ် သူတို့မည်သို့ခံစားနိုင်ကြောင်းကိုပါ ထည့်တွက်စဉ်းစားပါ။

ကျွန်ုပ်တို့၏ဟောပြောပုံသည် ချောမောပြေပြစ်သောအခါ ကျွန်ုပ်တို့၏အခိုင်အမာယုံကြည်ချက်ကို အခြားသူများခံစားရစေရန် ပို၍လွယ်ကူစေသည်။ ထို့ကြောင့် အကြောင်းအရာကောင်းကို ပြင်ဆင်ခြင်းအပြင် သင့်ပြောဆိုပုံတွင် ကြိုးစားလုပ်ဆောင်ပါ။ ကြီးမားသော စိတ်အားထက်သန်မှုလိုအပ်သည့် အကြောင်းအရာ၏ အပိုင်းကဏ္ဍများကို အထူးအာရုံစိုက်ပါ၊ ဤသို့ဖြင့် သင့်မှတ်စုများအပေါ် အလွန်အကျွံ အားမထားဘဲ ဟောပြောနိုင်မည်။ သင့်ကြိုးပမ်းမှုများအပေါ် ကောင်းချီးပေးရန် ယေဟောဝါထံတောင်းလျှောက်ဖို့လည်း သတိရပါ။ ဤသို့အားဖြင့် သင့်သတင်းတရား၏ အရေးကြီးမှုနှင့် မှန်ကန်မှုတို့နှင့်စပ်လျဉ်း၍ သင်၏အခိုင်အမာယုံကြည်ချက်ကို ရောင်ပြန်ဟပ်စေသည့်နည်းဖြင့်ဟောရန် ‘ဘုရားသခင်ကိုအမှီပြု၍ ရဲစွမ်းသတ္တိရှိ’ ပါလိမ့်မည်။—၁ သက်. ၂:၂၊ ကဘ။

ယင်းကို လုပ်ဆောင်နိုင်ပုံ

  • သင့်အကြောင်းအရာနှင့်ဆီလျော်သော ခံစားချက်ဖြင့် ပြောဆိုပါ။

  • သင်၏အခိုင်အမာယုံကြည်ချက်အား ရောင်ပြန်ဟပ်သည့်စကားလုံးများနှင့် အသုံးအနှုန်းများကို အသုံးပြုပါ။

  • အကြောင်းအရာကို ရှင်းလင်းစွာ နားလည်ပြီး ယင်းကို ကိုယ်ပိုင်စကားဖြင့် ဖော်ပြနိုင်သည်အထိ လေ့လာပါ။ ယင်းသည် သင့်ပရိသတ်အတွက် တကယ်ပင်မှန်ကန်ကြောင်းနှင့် တန်ဖိုးရှိကြောင်း လုံးဝခံယူရမည်။

လေ့ကျင့်ခန်း– အောက်ပါ သမ္မာကျမ်းစာမှတ်တမ်းများကို လေ့လာပါ– ထွက်မြောက်ရာ ၁၄:၁၀-၁၄; ၄ ဓမ္မရာဇဝင် ၅:၁-၃; ဒံယေလ ၃:၁၃-၁၈; တမန်တော် ၂:၂၂-၃၆။ ဖော်ပြထားသည့် အဖြစ်အပျက်များတွင် ဘုရားသခင့်ကျေးကျွန်များ မိမိတို့၏အခိုင်အမာယုံကြည်ချက်ကို မည်သို့ ဖော်ပြခဲ့ကြသနည်း။ သူတို့အခိုင်အမာယုံကြည်ချက်၏ အခြေခံကား အဘယ်အရာနည်း။ ယနေ့ အလားတူအခိုင်အမာယုံကြည်ချက်မျိုးကို သင်မည်သို့ ပြသနိုင်မည်နည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ