အုပ်ချုပ်ရေးအဖွဲ့ ထံမှစာ
ချစ်လှစွာသောယေဟောဝါသက်သေများထံသို့–
ကျွန်ုပ်တို့သည် စကြဝဠာအချုပ်အခြာအာဏာရှင် ယေဟောဝါ၏နာမတော်ကိုခံယူသည့် အခွင့်ထူးခံလူမျိုးဖြစ်ကြသည်။ ယင်းနာမတော်သည် ထာဝရဖြစ်သော၊ ဖောက်ပြန်ပျက်စီးခြင်းမရှိသော၊ တုနှိုင်း၍မရသောနာမတော်ဖြစ်သည်။ နာမတော်ကို ခံယူခွင့်ပေးသောအရှင်မှာ ယေဟောဝါဖြစ်ပြီး အထူးသဖြင့် ၁၉၃၁ ခုနှစ်မှစ၍ ခွဲခြားသိမှတ်စေသောယင်းနာမတော်ဖြင့် ကျွန်ုပ်တို့ ခွဲခြားသိမှတ်ခံရကြသည်။ (ဟေရှာ. ၄၃:၁၀) ကျွန်ုပ်တို့သည် ယေဟောဝါ၏သက်သေများအဖြစ် ခွဲခြားသိမှတ်ခံရသောကြောင့် ဂုဏ်ယူကြပါသည်။
မာရ်နတ်သည် ဘုရားသခင်၏နာမတော်ကို ပျောက်ပျက်ရန် မနားတမ်းကြိုးစားသည်။ သူ့ထိန်းချုပ်မှုအောက်ရှိတိုင်းနိုင်ငံတို့သည် ယေဟောဝါ၏နာမတော်ကို ငြင်းပယ်ကြသည်။ ကမ္ဘာ့အယူမှားဘာသာရေးအင်ပါယာတည်းဟူသော မဟာဗာဗုလုန်သည် မြင့်မြတ်သောနာမတော်ကို မုန်းတီးပြီး ကျမ်းစာဘာသာပြန်ကျမ်းများစွာမှ ဖယ်ထုတ်ခဲ့သည်။ ယင်းနှင့်ဆန့်ကျင်လျက် ယေရှုသည် မိမိခမည်းတော်၏နာမတော်ကို လွန်စွာဂုဏ်တင်ခဲ့ပြီး မိမိနောက်လိုက်များအား သင်ပေးခဲ့သောစံပြဆုတောင်းချက်တွင် ယင်းကို ပထမနေရာ၌ထားခဲ့သည်။ ကိုယ်တော် ဤသို့ပြောခဲ့သည်– “ထို့ကြောင့် သင်တို့ ဤသို့ဆုတောင်းရမည်။ ‘ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမတော် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ။” (မ. ၆:၉) နောက်ပိုင်း ခမည်းတော်ထံ နှလုံးပါပါဆုတောင်းရာတွင် ကိုယ်တော်ဤသို့ပြောခဲ့သည်– “ဤလောကထဲမှယူ၍ ကျွန်ုပ်ကို ပေးအပ်တော်မူသောသူတို့အား ကျွန်ုပ်သည် ကိုယ်တော်၏နာမကို ဖော်ပြပါပြီ။” (ယော. ၁၇:၆) ကျွန်ုပ်တို့သည် ယေရှု၏ ကောင်းသောပုံနမူနာကို လိုက်လျှောက်ကာ ကမ္ဘာတစ်ဝန်းတွင် ယေဟောဝါ၏နာမတော်ကို အားကြိုးမာန်တက်ကြွေးကြော်ရန် ခါတိုင်းထက်ပို၍ စိတ်ပိုင်းဖြတ်ထားကြသည်။
‘သတင်းကောင်းကို စေ့စေ့စပ်စပ်သက်သေခံလော့’ ဟူသော ၂၀၀၉ နှစ်ချုပ်ကျမ်းချက်က ကျွန်ုပ်တို့၏ဓမ္မအမှုကို အပြည့်အဝပြီးမြောက်စေရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးခဲ့သည်။ (တ. ၂၀:၂၄) လွန်ခဲ့သောလုပ်ငန်းတော်နှစ်တွင် ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုများကို ယေဟောဝါကြွယ်ဝစွာကောင်းချီးပေးခဲ့သည်မှာ သံသယရှိစရာမလိုပါ။ ယေဟောဝါ၏နာမတော်ကို ချီးမွမ်းဂုဏ်တင်ရန် ကမ္ဘာတစ်ဝန်းတွင် ဧရာမသက်သေခံချက်တစ်ရပ်ဖြစ်စေခဲ့ကြပြီ။ ကြေညာသူနှုန်းသစ် ၇,၃၁၃,၁၇၃ ဦးတို့သည် ဟောပြောခြင်းတွင်နှင့် နေ့စဉ်ရင်ဆိုင်နေရသည့် ပြဿနာများစွာအတွက် ဖြေရှင်းနည်းရှာဖွေနေကြသော စိတ်ရိုးဖြောင့်သူတို့ကို သွန်သင်ပေးခြင်းတွင် ပူးပေါင်းပါဝင်လာခဲ့ကြသည်။ ခရစ်တော်၏ သေခြင်းသတိရအောက်မေ့ပွဲတွင် လူပေါင်း ၁၈,၁၆၈,၃၂၃ တက်ရောက်ခြင်းက ဤလောကစနစ်ဆိုး၏အဆုံးမရောက်မီ သန်းပေါင်းများစွာ ယေဟောဝါ၏နာမတော်ကို ခေါ်ကြမည့်အလားအလာရှိကြောင်း ဖော်ပြသည်။
ယေဟောဝါခွင့်ပြုသမျှကာလပတ်လုံး ကျွန်ုပ်တို့သည် နိုင်ငံတော်သတင်းကောင်းကို ဇွဲဖြင့်ဆက်ဟောပြောကြမည်ဖြစ်ကာ ကျွန်ုပ်တို့ရပ်ကွက်များရှိလူတို့ထံရောက်ရန် မည်သည့်နည်းကိုမဆို အသုံးပြုသွားကြမည်ဖြစ်သည်။ (မ. ၂၄:၁၄; မာ. ၁၃:၁၀) တစ်အိမ်မှတစ်အိမ်ဖြစ်စေ၊ လမ်းပေါ်တွင်ဖြစ်စေ၊ စာရေးခြင်းနှင့် တယ်လီဖုန်းဖြင့်သက်သေခံခြင်းဖြင့်ဖြစ်စေ သို့မဟုတ် အလွတ်သဘောဖြင့်ဖြစ်စေ လူများနိုင်သမျှများများထံ ယေဟောဝါ၏နာမနှင့် ရည်ရွယ်ချက်တို့ကို ကြားသိစေဖို့ ကျွန်ုပ်တို့ ကြိုးစားနိုင်ကြပါစေ။
ယေဟောဝါသည် မိမိနာမတော်သန့်ရှင်းမြင့်မြတ်ခြင်းရှိစေရန် မကြာမီလုပ်ဆောင်တော့မည်ဖြစ်ကြောင်း ယုံကြည်ဖို့ ကျွန်ုပ်တို့တွင် အကြောင်းရင်းများစွာရှိသည်။ (ယေဇ. ၃၆:၂၃) ဘုရားသခင်၏နာမတော်ကို ကဲ့ရဲ့ရှုတ်ချသူအားလုံး တိတ်ဆိတ်သွားရမည့်အချိန် အလျင်အမြန်ချဉ်းကပ်နေပါသည်။ ယေဟောဝါ၏နာမတော်ကို သိကြားစေပြီး ကိုယ်တော်၏စကြဝဠာအချုပ်အခြာအာဏာကို ထောက်ခံကြသည့် ယေဟောဝါ၏သစ္စာရှိကျေးကျွန်အားလုံးအတွက် အလွန်ဘုန်းအသရေရှိသောနေ့ရက်ဖြစ်ပါလိမ့်မည်။
မိမိလူမျိုးအပေါ် ယေဟောဝါ၏မေတ္တာပါဂရုစိုက်မှုသည် ၂၀၀၉ ခုနှစ်၌ ကမ္ဘာတစ်ဝန်းတွင်ကျင်းပသော ခရိုင်နှင့် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးဖြစ်သည့် “စောင့်နေကြလော့” တွင် အထင်အရှားတွေ့ရသည်။ ယင်းစည်းဝေးကြီးများသည် ကျွန်ုပ်တို့၏သီအိုကရက်တစ်သမိုင်းတွင် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ခဲ့သည်မှာ ထင်ရှားသည်၊ ယင်းစည်းဝေးကြီးက ယေဟောဝါ၏နေ့ရက်ကို စောင့်နေကြရန် လိုအပ်မှုကို ပို၍သတိပြုရန် ကျွန်ုပ်တို့အား လှုံ့ဆော်နေသည်။—မာ. ၁၃:၃၇; ၁ သက်. ၅:၁၊ ၂၊ ၄။
မှန်ပါသည်၊ ယေဟောဝါသည် ကျွန်ုပ်တို့အတွက် ကောင်းမြတ်တော်မူ၏၊ ကျွန်ုပ်တို့၏စိတ်နှလုံးကို ရွှင်လန်းမှုဖြင့် ပြည့်စေတော်မူ၏။ စိမ်းလန်းသောကျက်စားရာအရပ်၌ ကျွန်ုပ်တို့ကို အိပ်စေတော်မူပြီး သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏။—ဆာ. ၂၃:၁၊ ၂; ၁၀၀:၂၊ ၅။
ရှေ့လာမည့်လများတွင် သင်သည် နိုင်ငံတော်လုပ်ငန်း၌ အလုပ်များနေသည်နှင့်အမျှ သင့်အပေါ် ယေဟောဝါ၏ကောင်းချီး ဆက်၍ရှိနေမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချပါလေ။
ကျွန်ုပ်တို့၏ကမ္ဘာချီညီအစ်ကိုအသင်းအပင်းထံ နွေးထွေးသောခရစ်ယာန်မေတ္တာကို ပို့လိုက်ပါသည်၊
သင်တို့၏ညီအစ်ကိုများ၊
Governing Body of Jehovah’s Witnesses