ရှေ့ဆောင်များ အခြားသူများကိုထောက်ကူပေး
၁။ ယေရှုသည် ဟောပြောရန် မိမိတပည့်များအား မည်သို့စေလွှတ်ခဲ့သနည်း။
၁ “စပါးရိတ်စရာ များစွာရှိ၏။ လုပ်သားတို့မူကား နည်းကြ၏။ ထို့ကြောင့် လုပ်သားများစေလွှတ်ပေးရန် စပါးရှင်ထံ တောင်းလျှောက်ကြလော့” ဟုယေရှုမိန့်တော်မူခဲ့သည်။ ပထမရာစုတွင် ရိတ်သိမ်းသူအရေအတွက်သည်နည်းပြီး သူတို့တွင် ပြီးစီးရန်ရပ်ကွက်များစွာရှိခဲ့ရာ ယေရှုက သူတို့အား တစ်ဦးစီစေလွှတ်ခြင်းဖြင့် လူများနိုင်သလောက်များများထံ သတင်းကောင်းရောက်ရှိရန် ညွှန်ကြားနိုင်ပါသည်။ ယင်းအစား ကိုယ်တော်သည် “နှစ်ဦးစီ စေလွှတ်” တော်မူ၏။ (လု. ၁၀:၁၊ ၂) အဘယ်ကြောင့် နှစ်ဦးစီစေလွှတ်ရသနည်း။
၂။ အတူတကွလုပ်ဆောင်ခြင်းသည် အဘယ်ကြောင့်အကျိုးရှိသနည်း။
၂ ထိုတပည့်များသည် လူသစ်များဖြစ်ပြီး အတွေ့အကြုံမရှိကြချေ။ သူတို့သည် အတူတကွအမှုဆောင်ခြင်းဖြင့် အပြန်အလှန်သင်ယူနိုင်၊ အားပေးနိုင်သည်။ ရှောလမုန်တင်ပြခဲ့သကဲ့သို့ “လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏။” (ဒေ. ၄:၉၊ ၁၀) စီ.အီး. ၃၃ ပင်တေကုတ္တေပွဲတွင် သန့်ရှင်းသောစွမ်းအားတော်သွန်းလောင်းခံရပြီးနောက်၌ပင် ပေါလု၊ ဗာနဗနှင့်အခြားသူတို့သည် ဓမ္မအမှုတွင် ယုံကြည်သူချင်းများနှင့်တွဲ၍ အမှုဆောင်ခဲ့ကြသည်။ (တ. ၁၅:၃၅) ထိုသို့သောအရည်အချင်းရှိအမျိုးသားများ၏ ကိုယ်တိုင်ကိုယ်ကျလေ့ကျင့်မှုခံရခြင်းသည် အချို့သူတို့အတွက် အခွင့်ထူးပင်။
၃။ (က) ရှေ့ဆောင်များ အခြားသူများကို ထောက်ကူပေးသည့် အစီအစဉ်ကား အဘယ်နည်း။ (ခ) အဘယ်အရာက ရှေ့ဆောင်များအား ထိရောက်သောလေ့ကျင့်ပေးသူများဖြစ်စေသနည်း။
၃ ကောင်းစွာလေ့ကျင့်ပေးသောအစီအစဉ်– ပထမရာစုအချိန်ကဲ့သို့ပင် မျက်မှောက်ခေတ်ခရစ်ယာန်အသင်းတော်သည် မည်သို့ဟောပြောရမည်ကို လေ့ကျင့်ပေးသည်။ “ရှေ့ဆောင်များ အခြားသူများကိုထောက်ကူပေး” သည့်အစီအစဉ်သည် ရှေ့ဆောင်များ လယ်ကွင်းဓမ္မအမှုတွင် အခြားသူတို့ကိုကူညီပေးဖို့ စီစဉ်ထားခြင်းဖြစ်သည်။ ယင်းအစီအစဉ်သည် ရှေ့ဆောင်လုပ်ငန်းကျောင်းတက်ခဲ့ဖူးသော မှန်မှန်နှင့် အထူးရှေ့ဆောင်များ၏အတွေ့အကြုံနှင့် လေ့ကျင့်ခံထားရမှုတို့ကို အသုံးချခြင်းဖြစ်သည်။ ရှေ့ဆောင်များသည် နှစ်ပတ်ကြာ ရှေ့ဆောင်လုပ်ငန်းကျောင်းမှ များစွာသင်ယူခဲ့ကြပြီး တိုက်နယ်၊ ခရိုင်ကြီးကြပ်မှူးများနှင့်ပြုလုပ်သော အစည်းအဝေးများမှလည်း အကျိုးခံစားကြရသည်။ ရှေ့ဆောင်အားလုံးသည် ပေါလုနှင့် ဗာနဗကဲ့သို့ အတွေ့အကြုံရှိသူများမဟုတ်သော်လည်း သူတို့သည် ဤတန်ဖိုးရှိလေ့ကျင့်ပေးမှုကို ပြန်လည်မျှဝေရာတွင် ပျော်ရွှင်ကြသည်။
၄။ ရှေ့ဆောင်များ အခြားသူများကို ထောက်ကူပေးသည့်အစီအစဉ်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (ခ) ယင်းအစီအစဉ်တွင် မည်သူတို့ပါဝင်နိုင်သနည်း။
၄ ရှေ့ဆောင်များ အခြားသူများကိုထောက်ကူပေးသည့်အစီအစဉ်၏ ရည်ရွယ်ချက်မှာ ရှေ့ဆောင်တစ်ဦးစီက တစ်နှစ်လျှင် ကြေညာသူနှစ်ဦးအား ဓမ္မအမှုတွင်ပို၍ကျွမ်းကျင်သူဖြစ်လာရန်နှင့် တိုးချဲ့ပါဝင်လာရန် ကူညီပေးဖို့ဖြစ်သည်။ ကြေညာသူအသစ်များ သို့မဟုတ် နှစ်ခြင်းခံသူလူသစ်များသာ ဤအစီအစဉ်တွင်ပါဝင်ရန် ကန့်သတ်ထားသလော။ လုံးဝမကန့်သတ်ထားပါ။ အမှန်တရားရထားသည်မှာ နှစ်များစွာရှိပြီဖြစ်သော်လည်း ဓမ္မအမှု၏ကဏ္ဍအချို့တွင် ကူညီပေးသည်ကို ကျေးဇူးတင်မည့် လူငယ်များနှင့် လူကြီးများလည်းရှိပါသည်။ အချို့သူတို့သည် စာပေဝေငှရာတွင် အလွန်တော်သော်လည်း ပြန်လည်ပတ်မှုပြုလုပ်ရာတွင်နှင့် ကျမ်းစာသင်အံမှုစရာတွင် အခက်တွေ့ကြသည်။ အခြားသူများမူ လွယ်ကူစွာဖြင့် ကျမ်းစာသင်အံမှုများစနိုင်သော်လည်း သူတို့၏သင်သားများမှာ တိုးတက်မှုမရှိသည်ကို တွေ့ရသည်။ သူတို့၏တိုးတက်မှုကို အဟန့်အတားဖြစ်စေသည့်အရာကား အဘယ်နည်း။ အတွေ့အကြုံရှိသောရှေ့ဆောင်များသည် ယင်းကဏ္ဍရပ်များတွင်ကူညီပေးရန် တောင်းဆိုခံရပေမည်။
၅။ (က) ရှေ့ဆောင်တစ်ဦးသည် သင့်ဇယားနှင့်အညီ သင့်ကို မည်သို့ကူညီပေးနိုင်သနည်း။ (ခ) အစီအစဉ်တွင် ပါဝင်ခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့စိုးရိမ်သင့်သလော။
၅ သင့်ဇယားကြောင့် အသင်းတော်၏ ပုံမှန်လယ်ကွင်းတွေ့ဆုံမှုတွင် သင်ဆန္ဒရှိသလောက် မပါဝင်နိုင်ကြောင်း တွေ့ရှိပါသလော။ ရှေ့ဆောင်များ အခြားသူများကို ထောက်ကူပေးသည့်အစီအစဉ်အားဖြင့် ရှေ့ဆောင်တစ်ဦးသည် အခြားကြေညာသူများ မရှိသည့်အခါများတွင် ရံဖန်ရံခါ သင်နှင့်အတူအမှုဆောင်နိုင်ပေမည်။ ထောက်ကူပေးခြင်းခံရသူများသည် စိုးရိမ်စရာမလိုပါ၊ အကြောင်းမှာ မေတ္တာဖြင့် ကြင်နာစွာအားပေးသွားမည်ဖြစ်သည်။ ရှေ့ဆောင်များ အခြားသူများကိုထောက်ကူပေးသည့်အစီအစဉ်က များစွာသောသူတို့အား ပိုမိုထိရောက်သောဓမ္မအမှုဆောင်များဖြစ်စေနိုင်သည်။
၆။ (က) ရှေ့ဆောင်များ အခြားသူများကို ထောက်ကူပေးသည့်အစီအစဉ်ကို အကြီးအကဲများ မည်သို့စီစဉ်ပေးမည်နည်း။ (ခ) ကြေညာသူနှင့် ရှေ့ဆောင်သည် မည်သို့အတူတကွလုပ်ဆောင်မည်နည်း။
၆ ပူးပေါင်းလုပ်ဆောင်မှုကောင်းလိုအပ်– ရှေ့ဆောင်များ အခြားသူများကိုထောက်ကူပေးသည့်အစီအစဉ်တွင်ပါဝင်ရန် ကိုယ်တိုင်ကိုယ်ကျအကူအညီရလိုသောကြေညာသူများအတွက် အကြီးအကဲများသည် တစ်နှစ်လျှင်နှစ်ကြိမ် အစီအစဉ်များလုပ်ပေးမည်ဖြစ်သည်။ သင်သည် ထိုအကူအညီကို လက်ခံဖို့သဘောတူမည်ဆိုလျှင် သင့်ကိုကူညီရန်တာဝန်ပေးခံရသည့် ရှေ့ဆောင်ကြေညာသူနှင့် အတူတကွလုပ်ဆောင်ပါ၊ လုပ်ငန်းတော်အတွက် လက်တွေ့ကျဇယားတစ်ခုကိုဆွဲကာ ယင်းအတိုင်းလိုက်လျှောက်ပါ။ ပေးအပ်သည့်တာဝန်တိုင်းကို လုပ်ဆောင်ပါ။ သင်သည် အတူတကွလုပ်ဆောင်စဉ် သတင်းကောင်းကို ထိရောက်စွာတင်ဆက်နိုင်သည့်နည်းများကို သတိပြုကြည့်ပါ။ အချို့သောချဉ်းကပ်နည်းများသည် အဘယ်ကြောင့်ထိရောက်ရကြောင်း ဆန်းစစ်ပါ။ သင့်တင်ဆက်ပုံကို တိုးတက်စေရန် ရှေ့ဆောင်ကြေညာသူပေးမည့်အကြံဉာဏ်များကို သုံးသပ်ပါ။ သင်ယူခဲ့ရသည့်အရာများကို လက်တွေ့အသုံးချသည်နှင့်အမျှ ဓမ္မအမှုတွင်သင်၏တိုးတက်မှုကို သင်ကိုယ်တိုင်နှင့် အခြားသူများ မြင်တွေ့လာမည်ဖြစ်သည်။ (၁ တိမောသေ ၄:၁၅ ကိုကြည့်ပါ။) ဖြစ်နိုင်သည့်အခါတိုင်း အတူတကွလုပ်ဆောင်ပါ၊ အလွတ်သဘောသက်သေခံခြင်းအပါအဝင် ဓမ္မအမှု၏ကဏ္ဍအားလုံးတွင် ပါဝင်သည့်အပြင် သင်အကူအညီလိုအပ်သည့်ကဏ္ဍများတွင် အာရုံစူးစိုက်ပါ။
၇။ ရှေ့ဆောင်များ အခြားသူများကို ထောက်ကူပေးသည့်အစီအစဉ်ကို မည်သို့ စောင့်ကြပ်မည်နည်း။
၇ လုပ်ငန်းတော်ကြီးကြပ်မှူးသည် ရရှိလာမည့်တိုးတက်မှုကို စိတ်ဝင်စားသည်။ အခါအားလျော်စွာ သူသည် အစီအစဉ်မှ သင်မည်သို့အကျိုးခံစားနေရသည်ကိုသိရှိရန် သင့်အုပ်စုကြီးကြပ်မှူးနှင့်အတူ စစ်ဆေးမည်ဖြစ်သည်။ အလားတူပင် တိုက်နယ်ကြီးကြပ်မှူးသည်လည်း အသင်းတော်သို့လည်ပတ်သည့်အခါ သင့်အား အကူအညီပေးမည်ဖြစ်သည်။
၈။ ရှေ့ဆောင်များ အခြားသူများကို ထောက်ကူပေးသည့်အစီအစဉ်ကို ကျွန်ုပ်တို့ မည်သို့ ရှုမြင်သင့်သနည်း။
၈ ယေဟောဝါသည် မိမိလူမျိုးတော်ကို လေ့ကျင့်ပေးရန်နှင့် “ကောင်းသောအမှုအမျိုးမျိုးအတွက် အရည်အချင်းပြည့်ဝ” စေရန်အလိုရှိ၏။ (၂ တိ. ၃:၁၇) ရှေ့ဆောင်များ အခြားသူများကိုထောက်ကူပေးသည့်အစီအစဉ်ကို နှုတ်မြွက်စကားဟောပြောခြင်းစွမ်းရည် တိုးတက်လိုသူများအားကူညီရန် ကောင်းမွန်သောပြင်ဆင်ပေးမှုတစ်ရပ်အဖြစ် ရှုမြင်ပါ။ ယင်းအစီအစဉ်တွင် သင် ပါဝင်ခွင့်ရမည်ဆိုလျှင် ကျေးဇူးတင်ခြင်း၊ နှိမ့်ချခြင်းနှင့် ရွှင်လန်းခြင်းတို့ဖြင့် ယင်းကိုလုပ်ဆောင်ပါ။