ယေဟောဝါရှင်သည် သင်၏စာရင်းရှင်းချက်ကို မျက်နှာသာပြပါစေ
“အိုအကျွန်ုပ်၏ဘုရားသခင်၊ ထိုအမှုကြောင့် အကျွန်ုပ် [“စာရင်းရှင်းချက်၊” ကဘ] ကို အောက်မေ့တော်မူပါ။ . . . အိုအကျွန်ုပ်၏ဘုရားသခင်၊ ကျေးဇူးပြုပါမည်အကြောင်း အကျွန်ုပ်ကို အောက်မေ့တော်မူပါ။”—နေဟမိ ၁၃:၂၂၊ ၃၁။
၁။ ဘုရားသခင်ထံ ဆက်ကပ်အပ်နှံသူများ ယေဟောဝါထံ စာရင်းရှင်းချက်ကောင်းတင်သွင်းရန် မည်သည့်အရာက ထောက်ကူမည်နည်း။
ယဟောဝါ၏ ကျေးကျွန်တို့သည် ကိုယ်တော်ထံ စာရင်းရှင်းချက်ကောင်း တင်သွင်းဖို့အတွက် လိုအပ်သောအကူအညီအားလုံး ရရှိထားကြသည်။ အဘယ်ကြောင့်နည်း။ သူတို့သည် ဘုရားသခင်၏မြေကြီးဆိုင်ရာ အဖွဲ့အစည်းဝင်များအနေနှင့် ကိုယ်တော်နှင့်ရင်းနှီးသောဆက်ဆံရေး ရရှိထားသောကြောင့်ဖြစ်သည်။ ကိုယ်တော်သည် မိမိ၏ရည်ရွယ်တော်မူချက်များကို သူတို့အား ဖွင့်ပြတော်မူပြီး မိမိ၏သန့်ရှင်းသောဝိညာဉ်တော် အားဖြင့် ထောက်မမှုနှင့် ဝိညာဉ်ရေးဆိုင်ရာ ထိုးထွင်းသိမြင်မှုကို ပေးထားတော်မူသည်။ (ဆာလံ ၅၁:၁၁; ၁၁၉:၁၀၅; ၁ ကောရိန္သု ၂:၁၀-၁၃) အဆိုပါအထူးအခြေအနေများကို ထည့်သွင်းစဉ်းစားကာ ယေဟောဝါသည် မိမိ၏မြေကြီးသား ကျေးကျွန်များအား မိမိတို့သည် မည်သို့သောသူများဖြစ်ကြောင်းနှင့် ကိုယ်တော်၏အစွမ်းခွန်အား၊ ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော် အကူအညီဖြင့် မိမိတို့ပြီးမြောက်ခဲ့သည်များကို စာရင်းရှင်းရန် မေတ္တာပါပါတောင်းဆိုထားတော်မူသည်။
၂။ (က) နေဟမိသည် မည်သည့်နည်းများဖြင့် မိမိကိုယ်တိုင်နှင့်ပတ်သက်၍ ဘုရားသခင်ထံ စာရင်းရှင်းချက်ကောင်းတင်သွင်းခဲ့သနည်း။ (ခ) နေဟမိသည် မိမိနာမည်တပ်ထားသော ကျမ်းစာကို အဘယ်တောင်းပန်ချက်ဖြင့် နိဂုံးချုပ်ခဲ့သနည်း။
၂ မိမိနှင့်ပတ်သက်၍ ဘုရားသခင်ထံ စာရင်းရှင်းချက်ကောင်း တင်သွင်းခဲ့သူတစ်ဦးမှာ ပါးရှားဘုရင် အာတဇေရဇ် (လောန်ဂင်မနပ်စ်) ၏ ဖလားတော်ဝန် နေဟမိဖြစ်သည်။ (နေဟမိ ၂:၁) နေဟမိသည် ဂျူးတို့၏မြို့တော်ဝန်ဖြစ်လာပြီး ရန်သူများနှင့် အန္တရာယ်များကို ရင်ဆိုင်ရသည့်ကြားမှ ယေရုရှလင်မြို့ရိုးကို ပြန်တည်ဆောက်ခဲ့သည်။ သူသည် စစ်မှန်သောဝတ်ပြုရေးအတွက် ဇွဲစိတ်ထက်သန်ကာ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လိုက်နာဖို့အားပေးခဲ့ပြီး နိမ့်ကျသောသူများအပေါ် စာနာထောက်ထားခဲ့သည်။ (နေဟမိ ၅:၁၄-၁၉) မိမိတို့ကိုယ်ကို မှန်မှန်သန့်စင်ကြရန်၊ ဂိတ်များကို စောင့်ကြရန်နှင့် ဥပုသ်နေ့ကို သန့်ရှင်းစေရန် လေဝိလူများကို နေဟမိတိုက်တွန်းသည်။ ထို့ကြောင့်သူက “အိုအကျွန်ုပ်၏ဘုရားသခင် ထိုအမှုကြောင့် အကျွန်ုပ် [“စာရင်းရှင်းချက်၊” ကဘ] ကို အောက်မေ့တော်မူပါ။ ကရုဏာတော်များပြားသည်အတိုင်း အကျွန်ုပ်ကို ကယ်မသနားတော်မူပါ” ဟု ဆုတောင်းနိုင်ခဲ့သည်။ ထို့အပြင် “အိုအကျွန်ုပ်၏ဘုရားသခင်၊ ကျေးဇူးပြုပါမည်အကြောင်း၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ” ဟူသည့် အသနားခံချက်ဖြင့် ဘုရားမှုတ်သွင်းသော မိမိ၏ကျမ်းကို လျော်ကန်စွာနိဂုံးချုပ်ခဲ့သည်။—နေဟမိ ၁၃:၂၂၊ ၃၁။
၃။ (က) ကောင်းမှုပြုသောသူတစ်ဦးကို သင်မည်သို့ သတ်မှတ်ဖော်ပြမည်နည်း။ (ခ) နေဟမိ၏ လမ်းစဉ်ကို ပြန်လည်သုံးသပ်ကြည့်ခြင်းက ကျွန်ုပ်တို့ကိုယ်ကို မည်သည့်မေးခွန်းများ မေးဖို့ စေ့ဆော်ပေးမည်နည်း။
၃ ကောင်းမှုပြုသူသည် အကျင့်သီလကောင်းပြီး အခြားသူများအတွက် အကျိုးရှိစေသည့် ဖြောင့်မှန်သော အကျင့်များ ကျင့်ကြံသည်။ နေဟမိသည် ဤကဲ့သို့သောလူစားမျိုးဖြစ်သည်။ သူ့တွင် ဘုရားသခင်ကို ရိုသေလေးစားသော ကြောက်ရွံ့မှုရှိပြီး စစ်မှန်သော ဝတ်ပြုရေးအတွက် ဇွဲကြီးသည်။ ထို့အပြင် ဘုရားသခင်၏လုပ်ငန်းတော်တွင် ရရှိထားသည့် မိမိ၏အခွင့်ထူးများအတွက် ကျေးဇူးတင်ပြီး မိမိကိုယ်တိုင်နှင့်ပတ်သက်၍ ယေဟောဝါထံ စာရင်းရှင်းချက်ကောင်း တင်သွင်းခဲ့သည်။ သူ့လမ်းစဉ်ကို ပြန်လည်သုံးသပ်ခြင်းက မိမိတို့ကိုယ်ကို ‘ကျွန်ုပ်သည် ဘုရားပေးအခွင့်ထူးများနှင့် တာဝန်များကို မည်သို့သဘောထားသနည်း၊ ကိုယ့်ကိုယ်တိုင်နဲ့ပတ်သက်ပြီး ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့ထံ မည်သည့်စာရင်းရှင်းချက်မျိုးကို တင်သွင်းနေပါသနည်း’ ဟု မေးစရာပေါ်လာစေသည်။
အသိပညာက ကျွန်ုပ်တို့အား အစီရင်ခံရန်တာဝန်ရှိစေ
၄။ ယေရှုသည် မိမိနောက်တော်လိုက်များကို မည်သည့်တာဝန်ပေးတော်မူခဲ့သနည်း၊ “ထာဝရအသက်ကို တလိုတလားရှိ” သူများသည် မည်သည့်အမှုကို ပြုကြသနည်း။
၄ ယေရှုသည် မိမိ၏နောက်တော်လိုက်များအား “သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့” ဟူသည့် တာဝန်ကို ပေးတော်မူခဲ့သည်။ (မဿဲ ၂၈:၁၉၊ ၂၀) သူတို့အားသွန်သင်ပေးခြင်းအားဖြင့် တပည့်များဖြစ်လာစေရန်တည်း။ ထို့ကြောင့် သွန်သင်ခံရသူများနှင့် “ထာဝရအသက်ကို တလိုတလားရှိသူများ” သည် ယေရှုမိန့်တော်မူခဲ့သည့်အတိုင်း နှစ်ခြင်းခံကြမည်ဖြစ်သည်။ (တမန်တော် ၁၃:၄၈၊ ကဘ; မာကု ၁:၉-၁၁) ကိုယ်တော်မိန့်မှာသမျှသော ပညတ်တို့ကို စောင့်ရှောက်လိုသည့် ဆန္ဒသည် နှလုံးမှယိုဖိတ်လာမည်။ သူတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်၏ တိကျမှန်ကန်သောအသိပညာကို ရယူကာ လက်တွေ့ကျင့်သုံးခြင်းဖြင့် ဆက်ကပ်အပ်နှံသည့်အဆင့်သို့ ရောက်ကြမည်။—ယောဟန် ၁၇:၃။
၅၊ ၆။ ကျွန်ုပ်တို့သည် ယာကုပ် ၄:၁၇ ကို မည်သို့နားလည်ရန်ဖြစ်သနည်း၊ ယင်း၏သက်ဆိုင်မှုကို ရှင်းပြပါ။
၅ ကျမ်းစာအသိပညာ တိုး၍နက်ရှိုင်းစွာသိလာလေလေ ကျွန်ုပ်တို့၏ယုံကြည်ခြင်းအုတ်မြစ် သာ၍အခြေခိုင်လာလေလေဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်ထံ စာရင်းရှင်းရမည့် ကျွန်ုပ်တို့၏တာဝန်သည် သာ၍ကြီးလာသည်။ ယာကုပ် ၄:၁၇ က “ကောင်းသောအကျင့်ကို သိလျက်မကျင့်ဘဲနေသောသူသည် အပြစ်ရှိ၏” ဟု ဆိုသည်။ ဤထုတ်ဖော်ပြောဆိုချက်သည် တပည့်တော်ယာကုပ် ပြောပြီးခါစရှိသေးသည့်အကြောင်းဖြစ်သော ဘုရားသခင်ကို လုံးလုံးအားမကိုးဘဲ ဝါကြွားနေခြင်းအတွက် ကောက်ချက်တစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ လူတစ်ဦးက မိမိသည် ယေဟောဝါအကူအညီမပါဘဲ မည်သည့်အရာကိုမျှ ဆက်လက်တည်တံ့သွားအောင်မလုပ်နိုင်ကြောင်းသိသော်လည်း သိသည့်အတိုင်းမပြုပါက ယင်းသည် အပြစ်တစ်ခုဖြစ်သည်။ သို့သော် ယာကုပ်၏စကားများသည် တာဝန်ပျက်ကွက်သောအပြစ်များနှင့်လည်း သက်ဆိုင်ပါသည်။ ဥပမာ ယေရှု၏ သိုးနှင့်ဆိတ်ဥပမာတွင် ဆိတ်များ ပြစ်တင်ရှုတ်ချခံရခြင်းမှာ မကောင်းမှုများပြုသည့်အတွက်ကြောင့်မဟုတ် ခရစ်တော်၏ညီတော်များကို မကူညီသည့်အတွက်ကြောင့်ဖြစ်သည်။—မဿဲ ၂၅:၄၁-၄၆။
၆ ယေဟောဝါသက်သေတို့နှင့် ကျမ်းစာလေ့လာနေသော အမျိုးသားတစ်ဦးသည် ဝိညာဉ်ရေးဘက် မတိုးတက်ဘဲဖြစ်နေသည်၊ ဆေးလိပ်ဖြတ်ရမည်ကိုသူသိသော်လည်း မဖြတ်ခြင်းကြောင့် မတိုးတက်ခြင်းဖြစ်ကြောင်းထင်ရှားသည်။ အကြီးအကဲတစ်ဦးက သူ့ကို ယာကုပ် ၄:၁၇ ဖတ်ခိုင်းလိုက်သည်။ ထိုကျမ်းချက်၏ပေါ်လွင်ချက်ကို တင်ပြပြီးနောက် အကြီးအကဲက “ခင်ဗျားနှစ်ခြင်းမခံပေမဲ့လည်း ခင်ဗျား စာရင်းရှင်းဖို့တာဝန်ရှိတယ်၊ ခင်ဗျားဆုံးဖြတ်ချက်အတွက် ခင်ဗျားမှာ တာဝန်လုံးလုံးရှိတယ်” ဟု ပြောလိုက်သည်။ ဝမ်းသာစရာမှာ ထိုအမျိုးသားသည် တုံ့ပြန်နာခံကာ ဆေးလိပ်ဖြတ်လိုက်ပြီး မကြာမီတွင် ယေဟောဝါထံ ဆက်ကပ်အပ်နှံခြင်းအထိမ်းအမှတ်ဖြစ်သော နှစ်ခြင်းအတွက် အရည်အချင်းပြည့်မီလာပါသည်။
ကျွန်ုပ်တို့၏ ဓမ္မအမှုအတွက် စာရင်းရှင်းရန်တာဝန်ရှိ
၇။ ‘ဘုရားသခင်ကို သိကျွမ်းခြင်း အသိပညာ’ အတွက် ကျွန်ုပ်တို့ ကျေးဇူးတင်ကြောင်း တင်ပြနည်းတစ်နည်းကား အဘယ်နည်း။
၇ နှလုံးမှယိုဖိတ်လာသော ကျွန်ုပ်တို့၏ဆန္ဒသည် မိမိတို့၏ဖန်ဆင်းရှင်ကို နှစ်သက်သဘောကျစေသင့်သည်။ ‘ဘုရားသခင်ကို သိကျွမ်းခြင်းအသိပညာ’ အတွက် ကျွန်ုပ်တို့ကျေးဇူးတင်ကြောင်းပြသနိုင်သည့် နည်းတစ်နည်းမှာ သားတော် ယေရှုခရစ်၏ တပည့်ဖြစ်စေခြင်း တာဝန်ကို သယ်ပိုးခြင်းဖြစ်သည်။ ယင်းသည် ဘုရားသခင်နှင့် မိမိတို့၏အိမ်နီးချင်းကိုချစ်ကြောင်း တင်ပြသည့်နည်းတစ်နည်းလည်းဖြစ်သည်။ (သု. ၂:၁-၅; မဿဲ ၂၂:၃၅-၄၀) မှန်ပါသည်၊ ဘုရားသခင်ကို သိကျွမ်းသည့်အသိပညာက ကျွန်ုပ်တို့အား ကိုယ်တော်ထံစာရင်းရှင်းရန် တာဝန်ရှိစေပြီး လူသားချင်းကို တပည့်တော်ဖြစ်လာရန် အလားအလာရှိသူများကဲ့သို့ ရှုမြင်ဖို့လိုသည်။
၈။ မိမိ၏ဓမ္မအမှုအတွက် ဘုရားသခင်ထံ စာရင်းရှင်းရန် တာဝန်ရှိသည်ဟု ပေါလုခံစားခဲ့ရကြောင်း ကျွန်ုပ်တို့အဘယ်ကြောင့် ဆိုနိုင်သနည်း။
၈ သတင်းကောင်းကို စိတ်ရောကိုယ်ပါလက်ခံ နာယူခြင်းသည် ကယ်တင်ခြင်းရပြီး ငြင်းပယ်လျှင်မူ ပျက်စီးကိန်းဆိုက်နိုင်ကြောင်း တမန်တော်ပေါလု သိသည်။ (၂ သက်သာလောနိတ် ၁:၆-၈) ထို့ကြောင့် မိမိ၏ဓမ္မအမှုအတွက် စာရင်းရှင်းရန်တာဝန်ရှိသည်ဟု သူခံစားရသည်။ အမှန်မှာ ပေါလုနှင့် အပေါင်းအပါတို့သည် သူတို့ဓမ္မအမှုကို အလွန်တန်ဖိုးထားရကား အသပြာအတွက်လုပ်နေခြင်းဖြစ်သည်ဟု အထင်ခံရမည့်အဖြစ်ကိုပင် ဂရုတစိုက်ရှောင်ရှားခဲ့သည့် အထိပင်တည်း။ ထို့အပြင် ပေါလု၏နှလုံးက သူ့အား ဤသို့ပြောရန် စေ့ဆော်ခဲ့သည်– “ငါသည် ဧဝံဂေလိတရားကို ဟောရုံပြုလျှင် ဝါကြွားခြင်းမရှိသေး။ အဘယ်ကြောင့်နည်းဟူမူကား မဟောဘဲမနေ [“ရ၊” သမ္မာ] နိုင်၊ မဟောဘဲနေလျှင် အမင်္ဂလာရှိ၏။”—၁ ကောရိန္သု ၉:၁၁-၁၆။
၉။ ခရစ်ယာန်အားလုံးသည် မည်သည့်အရေးကြီးသည့် အကြွေးတင်ရှိနေသနည်း။
၉ ကျွန်ုပ်တို့သည် ယေဟောဝါ၏ ဆက်ကပ်အပ်နှံကျေးကျွန်များဖြစ်ရကား ‘သတင်းကောင်းကို မဟောဘဲမနေရပါ။’ ကျွန်ုပ်တို့၏တာဝန်မှာ ဘုရားသခင့်နိုင်ငံတော်သတင်း ကြေညာဖို့ဖြစ်သည်။ ဘုရားသခင်ထံ မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံချိန်တွင် ထိုတာဝန်ကို ကျွန်ုပ်တို့ လက်ခံယူခဲ့သည်။ (လုကာ ၉:၂၃၊ ၂၄ နှိုင်းယှဉ်။) ထို့အပြင် ကျွန်ုပ်တို့ အကြွေးတင်နေသည်။ ပေါလုက “ဟေလသလူဖြစ်စေ၊ လူရိုင်းဖြစ်စေ၊ ပညာရှိဖြစ်စေ၊ ပညာမဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏ကြွေးသည် ငါ၌တင်လျက်ရှိသည်။ သို့ဖြစ်လျှင် ငါတတ်နိုင်သမျှအတိုင်း ရောမမြို့သားဖြစ်သောသင်တို့အား ဧဝံဂေလိတရားကို ဟောခြင်းငှာ စေတနာစိတ်ရှိ၏” ဟုပြောခဲ့သည်။ (ရောမ ၁:၁၄၊ ၁၅) လူများ သတင်းကောင်းကိုကြားနာကာ ကယ်တင်ခံရနိုင်ရန် ဟောပြောရမည့်တာဝန်မှာ မိမိ၏တာဝန်ဖြစ်သည်ဟု ပေါလုသိထားသောကြောင့် သူသည် အကြွေးတင်နေသူဖြစ်သည်။ (၁ တိမောသေ ၁:၁၂-၁၆; ၂:၃၊ ၄) ထို့ကြောင့် သူသည် မိမိ၏တာဝန်ကို ကျေပွန်စေဖို့နှင့် လူသားချင်းတို့အပေါ်တွင် တင်ရှိနေသည့် မိမိ၏အကြွေးကို ဆပ်ရန် အပင်ပန်းခံကာလုပ်ဆောင်ခဲ့သည်။ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့လည်း အဆိုပါအကြွေးမျိုးတင်ရှိနေသည်။ ဘုရားသခင့်နိုင်ငံတော် ကြေညာခြင်းသည်လည်း ဘုရားသခင်၊ ကိုယ်တော့်သားတော်နှင့် ကျွန်ုပ်တို့၏ အိမ်နီးချင်းတို့အပေါ်ထားသော မေတ္တာကို အဓိကတင်ပြနည်းတစ်နည်းဖြစ်သည်။—လုကာ ၁၀:၂၅-၂၈။
၁၀။ အချို့သူများသည် မည်သို့လုပ်ဆောင်ခြင်းအားဖြင့် မိမိတို့၏ဓမ္မအမှုကို တိုးချဲ့လိုက်ကြပြီနည်း။
၁၀ ဘုရားသခင်ထံ လက်ခံနိုင်တော်မူဖွယ် စာရင်းရှင်းချက် တင်သွင်းနည်းတစ်နည်းမှာ ကျွန်ုပ်တို့၏စွမ်းရည်များကို မိမိတို့၏ဓမ္မအမှုတိုးချဲ့ဖို့ အသုံးပြုခြင်းဖြစ်သည်။ ဥပမာအနေနှင့် မကြာသေးမီနှစ်များက လူမျိုးစုများစွာမှလူများသည် ဗြိတိန်နိုင်ငံသို့ အစုလိုက်အပြုံလိုက် ရောက်ရှိလာကြသည်။ ဤသူများထံ သတင်းကောင်း ရောက်ရှိဖို့ ရှေ့ဆောင် (အချိန်ပြည့် ဘုရားသခင့် နိုင်ငံတော်ကြေညာသူများ) ၈၀၀ ကျော်နှင့် ရာပေါင်းများစွာသော အခြားသက်သေခံတို့သည် ဘာသာခြားစကားများကို သင်ယူနေကြသည်။ ယင်းသည် ဓမ္မအမှုအတွက် စေ့ဆော်မှုကောင်းတစ်ခုဖြစ်ခဲ့သည်။ တရုတ်စကားပြောသင်တန်းကို ပို့ချနေသော ရှေ့ဆောင်တစ်ယောက်က “ကျွန်မရဲ့ဘာသာစကားကို တခြားသက်သေခံတွေကိုသင်ပေးပြီး အဲ့ဒီနည်းနဲ့ သူတို့က တခြားသူတွေကို သမ္မာတရား ဝေမျှပေးနိုင်မယ်လို့ တစ်ခါမှ မတွေးမိဖူးဘူး။ တကယ့်ကို ကျေနပ်စရာကောင်းတာပဲ!” ဟု ပြောခဲ့သည်။ သင်လည်း အလားတူနည်းဖြင့် သင့်ဓမ္မအမှုကို တိုးချဲ့နိုင်ပါသလော။
၁၁။ ခရစ်ယာန်တစ်ယောက်သည် အလွတ်သဘောသက်သေခံလိုက်ရာ မည်သည့်ရလဒ်ပေါ်ထွက်ခဲ့သနည်း။
၁၁ ကျွန်ုပ်တို့အသီးသီးသည် ရေနစ်နေသူတစ်ဦးကို ကယ်ဖို့ မိမိတို့အတတ်နိုင်ဆုံး ကြိုးစားကြပေမည်။ ယေဟောဝါသက်သေများသည် အခွင့်အရေးရတိုင်း သက်သေခံရန် မိမိတို့၏စွမ်းရည်များကို အလားတူ တလိုတလားအသုံးပြုလိုကြသည်။ သက်သေခံတစ်ယောက်သည် ဘတ်စကားပေါ်တွင် အမျိုးသမီးတစ်ဦး၏ ဘေးတွင်ဝင်ထိုင်လိုက်ကာ ကျမ်းစာအကြောင်း သူမအား ပြောပြသည်။ ထိုအမျိုးသမီးသည် သူမကြားရသည့်အရာကို ဘဝင်တွေ့သွားရာ မေးခွန်းများစွာမေးခဲ့သည်။ သက်သေခံ ဘတ်စကားပေါ်မှဆင်းခါနီးတွင် အမျိုးသမီးက မိမိ၌ မေးခွန်းများစွာ မေးစရာ ကျန်သေးသည့်အတွက် ဤသို့ပြောမည့်အစား သူမ၏အိမ်ကို လာပြီးပြောဖို့ အနူးအညွှတ်တောင်းပန်သည်။ သက်သေခံက သဘောတူလိုက်သည်။ ရလဒ်ကား အသို့နည်း။ ကျမ်းစာသင်အံမှု စတင်ခဲ့ရာ နောက်ခြောက်လအကြာတွင် အဆိုပါအမျိုးသမီးသည် နှစ်ခြင်းမခံရသေးသော ဘုရားသခင့်နိုင်ငံတော်ကြေညာသူဖြစ်လာလေသည်။ မကြာမီတွင် သူမသည် ကိုယ်တိုင် ကျမ်းစာသင်အံမှု ခြောက်ခု ကျင်းပလေတော့သည်။ ဘုရားသခင့် နိုင်ငံတော်လုပ်ငန်းတွင် မိမိ၏စွမ်းရည်ကို အသုံးပြုခြင်းအတွက်ရရှိသည့် ပီတိဖြာဖွယ်ဆုလာဘ်ပါတကား!
၁၂။ ဓမ္မအမှုဆောင်များအနေနှင့် ကျွန်ုပ်တို့၏အရည်အသွေးများကို လယ်ကွင်းလုပ်ငန်းတွင် အကျိုးရှိရှိမည်သို့အသုံးချနိုင်သနည်း။
၁၂ ဓမ္မအမှုဆောင်များအနေနှင့် ကျွန်ုပ်တို့၏စွမ်းရည်ကို ၁၉၂ မျက်နှာပါ ထာဝရအသက်ရရှိစေသောအသိပညာ စာအုပ်ကိုအသုံးပြုကာ လယ်ကွင်းတွင် ထိထိရောက်ရောက်အသုံးချနိုင်သည်။ ၁၉၉၆ ဧပြီလအရောက်တွင် ယေဟောဝါသက်သေတို့၏ အုပ်ချုပ်ရေးအဖွဲ့မှ စာပေပြုစုရေးကော်မတီသည် အသိပညာ စာအုပ်ကို ဘာသာစကား ၁၄၀ ကျော်ဖြင့် ထုတ်ဝေဖို့ လက်ခံအတည်ပြုခဲ့ရာ ဤအချိန်မှစ၍ အုပ်ရေ ၃၀,၅၀၀,၀၀၀ ကို ဘာသာစကားပေါင်း ၁၁၁ ဘာသာဖြင့် ပုံနှိပ်ခဲ့ပြီးဖြစ်သည်။ ကျမ်းစာလေ့လာသူများသည် ယေဟောဝါထံဆက်ကပ်အပ်နှံကာ နှစ်ခြင်းခံနိုင်ရန် ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် ရည်ရွယ်တော်မူချက်များကို လုံလုံလောက်လောက် သိရှိဖို့အတွက်ရည်ရွယ်၍ ဤစာအုပ်ကို ရေးသားခြင်းဖြစ်သည်။ ဘုရားသခင့် နိုင်ငံတော်ကြေညာသူများသည် အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခုကို သင်သားတစ်ဦးနှင့် နှစ်ပေါင်းများစွာ ပြုလုပ်နေမည်မဟုတ်သောကြောင့် ကျမ်းစာသင်အံမှုကို ပို၍များများကျင်းပနိုင်ပြီး တစ်အိမ်မှတစ်အိမ်လုပ်ငန်းနှင့် ဓမ္မအမှု၏အခြားပုံစံများတွင် ပို၍ပါဝင်နိုင်ကြသည်။ (တမန်တော် ၅:၄၂; ၂၀:၂၀၊ ၂၁) သူတို့သည် ဘုရားသခင်ထံ စာရင်းရှင်းရမည့် မိမိတို့၏တာဝန်ကို သိရှိကာ ဘုရားပေးသတိပေးချက်များကို ဂရုပြုကြဖို့ ဖိတ်ခေါ်ကြသည်။ (ယေဇကျေလ ၃၃:၇-၉) သို့သော် သူတို့အဓိကအာရုံစိုက်သည့်အရာမှာ ယေဟောဝါရှင်ကို ဂုဏ်တင်ချီးမြှောက်ရန်နှင့် ဤဆိုးသွမ်းသော အစီအစဉ်စနစ်၏ ကျန်ရှိနေသည့် အချိန်တိုလေးတွင် သတင်းကောင်းအကြောင်းကို များနိုင်သည်ထက်များများ တတ်သိဖို့ အကူအညီပေးရန်ဖြစ်သည်။
မိသားစုများအလိုက် စာရင်းရှင်းချက်ကောင်းတင်သွင်းခြင်း
၁၃။ ဘုရားတရားကိုင်းရှိုင်းသော မိသားစုများတွင် မိသားစု ပုံမှန်ကျမ်းစာလေ့လာမှု အဘယ်ကြောင့် ရှိသင့်သနည်း။
၁၃ ခရစ်ယာန်အယူဝါဒကို ယုံကြည်လက်ခံထားကြသူတိုင်းနှင့် မိသားစုတိုင်းသည် ဘုရားသခင်ထံ စာရင်းရှင်းရန်တာဝန်ရှိကြရာ “အရွယ်ရောက်သူအဖြစ်သို့ တက်” လှမ်းသင့်ပြီး “ယုံကြည်ခြင်း၌ တည်” နေသင့်သည်။ (ဟေဗြဲ ၆:၁-၃၊ သမ; ၁ ပေတရု ၅:၈၊ ၉) ဥပမာ အသိပညာ စာအုပ်နှင့် သင်အံမှုပြုကာ နှစ်ခြင်းခံလိုက်သူများသည် အစည်းအဝေးများကို မှန်မှန်တက်ခြင်းအပြင် ကျမ်းစာနှင့် ခရစ်ယာန်စာပေများကို ဖတ်ရှုခြင်းဖြင့် မိမိတို့၏ကျမ်းစာအသိပညာ စုံသွားရန်လုပ်ဖို့လိုသည်။ ဘုရားတရားကိုင်းရှိုင်းသောမိသားစုများတွင် ပုံမှန်မိသားစုလေ့လာမှုလည်း ရှိသင့်သည်။ အကြောင်းမှာ ယင်းသည် ‘သတိနှင့်စောင့်နေရန်၊ ယုံကြည်ခြင်း၌ တည်ကြည်ရန်၊ ယောက်ျားအစွမ်းသတ္တိနှင့်တကွ ခွန်အားစုံလင်လျက်နေရန်’ အရေးပါသောနည်းလမ်းတစ်ခုဖြစ်သောကြောင့်တည်း။ (၁ ကောရိန္သု ၁၆:၁၃) သင်သည် အိမ်ထောင်ဦးစီးဖြစ်ပါမူ သင့်မိသားစုသည် ဝိညာဉ်အစာကို ကျိန်းသေ ဝဝလင်လင်စားနေရကြောင်း ဘုရားသခင်ထံ အစီရင်ခံရန် အထူးတာဝန်ရှိသူဖြစ်သည်။ အာဟာရရှိသော ကာယအစာသည် ပင်ကိုကျန်းမာရေးအတွက် အထောက်အကူပြုသကဲ့သို့ပင် သင်နှင့် သင့်မိသားစုသည် “ယုံကြည်ခြင်း၌ ကျန်းခံ့ကြ” ဖို့အတွက်ဆိုလျှင် လှိုင်လှိုင်နှင့် ပုံမှန်ကျွေးသော ဝိညာဉ်အစာ လိုအပ်ပါသည်။—တိတု ၁:၁၃၊ သမ။
၁၄။ ကောင်းစွာသွန်သင်ထားခြင်းခံရသော ဣသရေလမိန်းကလေးက သက်သေခံလိုက်ရာ မည်သည့်ရလဒ်ပေါ်ထွက် ခဲ့သနည်း။
၁၄ သင့်မိသားစုတွင် သားသမီးများရှိပါက အကျိုးအကြောင်းခိုင်လုံသော ဝိညာဏညွှန်ကြားချက်ကို ပေးနေသည့်အတွက် ဘုရားသခင်သည် သင့်စာရင်းရှင်းချက်ကို အသိအမှတ်ပြုလက်ခံတော်မူလိမ့်မည်။ ဤကဲ့သို့သောသွန်သင်ချက်သည် ဘုရားသခင့်ပရောဖက် ဧလိရှဲခေတ်က ရှုရိလူမျိုးတို့၏ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော ဣသရေလ လုံမငယ်လေးကို အကျိုးပွားစေခဲ့သကဲ့သို့ပင် သူတို့ကိုလည်း အကျိုးပွားစေမည်။ သူမသည် နူနာရောဂါသည် ရှုရိစစ်ဦးစီးအရာရှိချုပ် နေမန်ဇနီး၏ အိမ်စေတစ်ယောက်ဖြစ်သွားသည်။ သူမသည် ငယ်ရွယ်သော်လည်း မိမိ၏သခင်မအား “ကျွန်မသခင်သည် ရှမာရိမြို့၌ရှိသော ပရောဖက်ထံသို့ရောက်ပါစေသော။ ထိုပရောဖက်သည် သခင်၌စွဲသောနူနာကို ပျောက်စေလိမ့်မည်” ဟုပြောလိုက်သည်။ သူမ၏သက်သေခံမှုကြောင့် နေမန်သည် ဣသရေလနိုင်ငံသို့ သွားကာ ဧလိရှဲ၏ညွှန်ကြားချက်အတိုင်း နောက်ဆုံး၌ ယော်ဒန်မြစ်တွင် ခုနစ်ကြိမ်ရေချိုးလိုက်ရာ နူနာပျောက်ကင်းသွားတော့သည်။ ထို့အပြင် နေမန်သည် ယေဟောဝါကို ဝတ်ပြုသူတစ်ယောက်ဖြစ်လာလေသည်။ ယင်းက ထိုလုံမငယ်လေးကို မည်မျှပီတိဖြာစေလိုက်မည်ဖြစ်ခြင်း!—၄ ဓမ္မရာဇဝင် ၅:၁-၃၊ ၁၃-၁၉။
၁၅။ မိဘတို့သည် မိမိတို့၏သားသမီးများကို ဝိညာဉ်ရေးဘက် ကောင်းကောင်းလေ့ကျင့်ပေးရန် အဘယ်ကြောင့် အရေးကြီးသနည်း။ ရှင်းပြပါ။
၁၅ စာတန့်ဩဇာအောက်တွင် ရှိနေသည့် စာရိတ္တချွတ်ခြုံကျနေသော ဤလောကတွင် သားသမီးများကို ဘုရားသခင်အားကြောက်ရွံ့သောသူများအဖြစ်ကြီးပြင်းလာရန် ပြုစုပျိုးထောင်ပေးရန်မှာ မလွယ်ကူပါ။ (၁ ယောဟန် ၅:၁၉) သို့သော် တိမောသေ၏ အဖွား လောဣနှင့် မိခင် ဥနိတ်တို့သည် သူ့အား ကျမ်းစာကို လူမမယ်ဘဝမှစ၍ အောင်မြင်စွာသွန်သင်ပေးခဲ့ကြသည်။ (၂ တိမောသေ ၁:၅; ၃:၁၄၊ ၁၅) သင့်သားသမီးများနှင့်အတူ ကျမ်းစာလေ့လာခြင်း၊ သူတို့အား ခရစ်ယာန် အစည်းအဝေးများသို့ မှန်မှန်ခေါ်သွားခြင်းနှင့် နောင်တွင် ဓမ္မအမှု၌ သင်နှင့်အတူ ပါဝင်စေခြင်းတို့သည် ဘုရားသခင်ကို သင်စာရင်းရှင်းရမည့် လေ့ကျင့်ရေးပုံစံတွင်ပါဝင်သော ကဏ္ဍအားလုံးဖြစ်သည်။ ယခုအချိန်တွင် အသက် ၈၅ နှစ်ဝန်းကျင်ရှိနေသော ဝေလနယ်ရှိခရစ်ယာန်တစ်ဦးသည် ၁၉၂၀ ပြည့်လွန်နှစ်များ အစောပိုင်းက သူမ၏ဖခင်ဖြစ်သူသည် နောက်တောင်ကြားတွင်ရှိသော ရွာများတွင် ကျမ်းစာဝေစာများကို ဖြန့်ဝေရန် တောင်ကိုဖြတ်ကာ ၆ မိုင် (ခရီးတစ်ခုလုံး ၁၂ မိုင်) ခရီး လမ်းလျှောက်သွားလျှင် သူမကိုခေါ်ခေါ်သွားကြောင်း ဇာတ်ကြောင်းပြန်ပြသည်။ “လမ်းလျှောက်ရင်း အဖေဟာ ကျွန်မရဲ့နှလုံးထဲကို သမ္မာတရား သွတ်သွင်းပေးတယ်” ဟု ကျေးဇူးတင်စိတ်ဖြင့် ပြောသည်။
အကြီးအကဲများ စာရင်းရှင်းချက် တင်သွင်း—မည်သို့နည်း
၁၆၊ ၁၇။ (က) ရှေးဣသရေလနိုင်ငံတွင် ဝိညာဉ်ရေးအရ ရင့်ကျက်သော အသက်ကြီးသူများသည် မည်သည့်အခွင့်ထူးများကို ရရှိခဲ့သနည်း။ (ခ) ရှေးဣသရေလနိုင်ငံ၏ အခြေအနေနှင့် နှိုင်းယှဉ်ကြည့်ပါက ယနေ့အချိန်တွင် ခရစ်ယာန်အကြီးအကဲများ အဘယ်ကြောင့် သာ၍လိုအပ်သနည်း။
၁၆ “ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်းတရားလမ်း၌ တည်လျှင်၊ ဘုန်းကြီးသောသရဖူဖြစ်၏” ဟု ပညာရှိ ရှောလမုန်ဆိုသည်။ (သု. ၁၆:၃၁) သို့သော် ဘုရားသခင့်လူမျိုးတော်၏အသင်းတော်တွင် အမျိုးသားတစ်ဦးကို တာဝန်ရှိသူတစ်ဦးဖြစ်စေသည်မှာ ကာယအသက်ရွယ်မျှသာမဟုတ်ပါ။ ရှေးဣသရေလနိုင်ငံတွင် ဝိညာဉ်ရေးအရ ရင့်ကျက်သော အသက်ကြီးသူများသည် တရားမျှတမှုကို ကြီးကြပ်ကွပ်ကဲရန်နှင့် ငြိမ်သက်မှု၊ အစီအစဉ်ကျနမှုနှင့် ဝိညာဉ်ရေးကျန်းမာမှုတို့ကို ထိန်းသိမ်းရန်အတွက် တရားသူကြီးများ၊ အရာရှိများအနေနှင့် တာဝန်ထမ်းဆောင်ကြသည်။ (တရားဟောရာ ၁၆:၁၈-၂၀) ခရစ်ယာန်အသင်းတော်တွင် အလားတူဖြစ်သော်လည်း ဤအစီအစဉ်စနစ်၏ အဆုံးနီးကပ်လာသည်နှင့်အမျှ အကြီးအကဲများ ပို၍လိုအပ်လာပါသည်။ အဘယ်ကြောင့်နည်း။
၁၇ ဣသရေလလူမျိုးသည် ရှေးအီဂျစ်ပြည်မှ ဘုရားသခင် လွတ်မြောက်ပေးခဲ့သော ‘ရွေးချယ်ထားသည့် လူမျိုး’ ဖြစ်သည်။ သူတို့၏ဖျန်ဖြေစေ့စပ်ရေးမှူး မောရှေမှတစ်ဆင့် ပညတ်တော်ကိုလက်ခံရရှိခဲ့သည့်အချိန်မှစ၍ သူတို့၏သားစဉ်မြေးဆက်များသည် ဆက်ကပ်အပ်နှံထားသော လူမျိုးတစ်မျိုးအဖြစ် မွေးဖွားလာပြီး ယေဟောဝါ၏ ပညတ်ချက်များနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်။ (တရားဟောရာ ၇:၆၊ ၁၁) သို့သော် ယနေ့အချိန်တွင်မူ ဤကဲ့သို့ ဆက်ကပ်အပ်နှံထားသော လူမျိုးတစ်မျိုးအနေနှင့် မွေးဖွားလာသည့်သူ မည်သူမျှမရှိပါ၊ ကျမ်းစာသမ္မာတရားနှင့် ကောင်းကောင်းရင်းနှီးကျွမ်းဝင်သော ဘုရားတရားကိုင်းရှိုင်းသည့် မိသားစုများတွင် ကြီးပြင်းလာသူ အတော်လေးနည်းသည်။ အထူးသဖြင့် မကြာသေးမီကမှစ၍ ‘သမ္မာတရားတွင် လျှောက်လှမ်း’ သူများသည် ကျမ်းစာမူများအတိုင်း အသက်ရှင်နေထိုင်ပုံနှင့်ပတ်သက်၍ ညွှန်ကြားချက် လိုအပ်ပေမည်။ (၃ ယောဟန် ၄၊ သမ) ထို့ကြောင့် ‘ကျန်းခံ့ရေးတရားပုံစံကို စွဲကိုင်’ ပြီး ယေဟောဝါ၏လူမျိုးတော်ကို ထောက်မကူပံ့ရသည့် သူများဖြစ်သော သစ္စာရှိအကြီးအကဲများ၏ ပခုံးပေါ်တွင် တာဝန်ရှိနေသည်တကား!—၂ တိမောသေ ၁:၁၃၊ ၁၄၊ သမ။
၁၈။ အသင်းတော်အကြီးအကဲများသည် မည်သို့သော ထောက်မမှုမျိုးပေးရန် အသင့်ရှိနေသင့်သနည်း၊ အဘယ်ကြောင့်နည်း။
၁၈ လမ်းစမ်းလျှောက်နေသည့် ကလေးငယ်တစ်ယောက်သည် ခလုတ်တိုက်ကာ လဲကျသွားနိုင်သည်။ သူလေး စိတ်အားငယ်လာရာ မိဘများ၏အကူအညီနှင့် အားပေးမှုလိုသည်။ ယေဟောဝါထံ ဆက်ကပ်အပ်နှံထားသူတိုင်းသည် အလားတူပင် ဝိညာဉ်ရေးအရ ထိမိ၍လဲသွားနိုင်သည်။ တမန်တော်ပေါလုပင် ဘုရားသခင့်အမြင်တွင် မှန်ကန်သည့်အရာ သို့မဟုတ် ကောင်းမြတ်သည့်အရာကိုလုပ်ဖို့ တိုက်လှန်ရန်လိုကြောင်း တွေ့ရှိခဲ့သည်။ (ရောမ ၇:၂၁-၂၅) ဘုရားသခင့်သိုးတော်စု၏ သိုးထိန်းများသည် အပြစ်ပြုမိသော်လည်း အမှန်တကယ်နောင်တရသည့် ခရစ်ယာန်များကို မေတ္တာပါသောကူညီထောက်မမှု ပေးဖို့လိုသည်။ ကြီးလေးသည့်အမှားပြုမိခဲ့သည့် ဆက်ကပ်အပ်နှံထားသော အမျိုးသမီးတစ်ဦးထံ အကြီးအကဲများ သွားရောက်လည်ပတ်သောအခါ ဆက်ကပ်အပ်နှံထားသော လင်သားဖြစ်သူ၏ရှေ့တွင် သူမက “ရှင်တို့ ကျွန်မကို နှင်ထုတ်မယ်ဆိုတာ ကျွန်မ သိပါတယ်” ဟု ပြောချလိုက်သည်။ သို့သော် အကြီးအကဲများက မိသားစုဝိညာဉ်ရေး ပုံမှန်အနေအထားပြန်ဖြစ်ဖို့ မည်သည့်အကူအညီလိုသည်ကို သိလိုကြောင်း ပြောပြသောအခါ သူမခမျာ မျက်ရည်မဆည်နိုင်တော့ပါ။ အကြီးအကဲများသည် မိမိတို့ စာရင်းရှင်းရမည်ကို သိရှိကာ နောင်တရသော ယုံကြည်သူချင်းကို ဝမ်းသာအယ်လဲ ထောက်မပေးခဲ့ကြသည်။—ဟေဗြဲ ၁၃:၁၇။
စာရင်းရှင်းချက်ကောင်းကို ဆက်ပြီး တင်သွင်းနေပါ
၁၉။ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်တိုင်နှင့်ပတ်သက်၍ ဘုရားသခင်ထံ စာရင်းရှင်းချက်ကောင်းကို မည်သို့ဆက်၍ တင်သွင်းနိုင်သနည်း။
၁၉ အသင်းတော်အကြီးအကဲများနှင့် ဘုရားသခင်၏ အခြားကျေးကျွန်အားလုံးသည် မိမိတို့ကိုယ်တိုင်နှင့်ပတ်သက်၍ စာရင်းရှင်းချက်ကောင်းကို အမြဲတင်သွင်းနေဖို့လိုသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်အတိုင်းလိုက်နာပြီး ကိုယ်တော့်အလိုတော်ကို လုပ်ဆောင်နေမည်ဆိုလျှင် ယင်းသို့ ပြုလုပ်နိုင်ပါသည်။ (သု. ၃:၅၊ ၆; ရောမ ၁၂:၁၊ ၂၊ ၉) ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအရ ဆွေမျိုးတော်စပ်သူများအတွက် အထူးသဖြင့် ကောင်းမှုပြုလိုကြသည်။ (ဂလာတိ ၆:၁၀) သို့သော် ရိတ်စရာများစွာ ရှိနေပြီး လုပ်သားများမှာမူ နည်းနေတုန်းပင်။ (မဿဲ ၉:၃၇၊ ၃၈) ထို့ကြောင့် ဘုရားသခင့် နိုင်ငံတော်သတင်းကို ဝီရိယစိုက်ထုတ်ကြေညာခြင်းဖြင့် အခြားသူများအတွက် ကောင်းမှုပြုကြပါစို့။ ကျွန်ုပ်တို့ကသာ မိမိတို့၏ ဆက်ကပ်အပ်နှံမှုနှင့်အညီ ပြည့်မီအောင်နေမည်၊ ကိုယ်တော့်အလိုတော်ကျ လုပ်ဆောင်မည်၊ သတင်းကောင်းကို သစ္စာရှိရှိကြေညာမည်ဆိုလျှင် ယေဟောဝါသည် ကျွန်ုပ်တို့၏ စာရင်းရှင်းချက်ကို လက်ခံပါလိမ့်မည်။
၂၀။ နေဟမိ၏ လမ်းစဉ်ကို သုံးသပ်ခြင်းမှ ကျွန်ုပ်တို့ မည်သည့်သင်ခန်းစာရသနည်း။
၂၀ ထို့ကြောင့် သခင်အရှင်၏ လုပ်ငန်းတော်တွင် ဆက်၍အလုပ်များနေကြစို့။ (၁ ကောရိန္သု ၁၅:၅၈၊ ကဘ) ကျွန်ုပ်တို့သည် ယေရုရှလင်မြို့ရိုးကို ပြန်လည်တည်ဆောက်ခဲ့သူ၊ ဘုရားသခင့်ပညတ်တော်ကို လိုက်နာဖို့ တိုက်တွန်းခဲ့သူ၊ စစ်မှန်သောဝတ်ပြုရေးကို ဇွဲနပဲနှင့် မြေတောင်မြှောက်ပေးခဲ့သူဖြစ်သော နေဟမိအကြောင်းကို သုံးသပ်ဖို့ ကောင်းသည်။ မိမိပြုခဲ့သည့် ကောင်းမှုများအတွက် မိမိအား ယေဟောဝါသတိရဖို့ သူဆုတောင်းခဲ့သည်။ သင်သည် ယေဟောဝါထံ ဆည်းကပ်ဝတ်ပြုသူဖြစ်ကြောင်း တင်ပြနိုင်ပါစေ၊ သင့်စာရင်းရှင်းချက်ကို ကိုယ်တော်မျက်နှာသာပြပါစေ။
သင့်အဖြေများကား အဘယ်နည်း
◻ မည်သည့်နမူနာကို နေဟမိတင်ပြခဲ့သနည်း။
◻ အသိပညာက ကျွန်ုပ်တို့အား အဘယ်ကြောင့် ဘုရားသခင်ထံ စာရင်းရှင်းရန်တာဝန်ရှိသူများ ဖြစ်စေသနည်း။
◻ ကျွန်ုပ်တို့သည် မိမိတို့၏ဓမ္မအမှုဖြင့် ယေဟောဝါထံ လက်ခံနိုင်တော်မူဖွယ်စာရင်းရှင်းချက်ကို မည်သို့တင်သွင်းနိုင်သနည်း။
◻ မိသားစုများသည် ဘုရားသခင်ထံ စာရင်းရှင်းချက်ကောင်းတင်သွင်းရန် မည်သည့်အရာလုပ်နိုင်သနည်း။
◻ ခရစ်ယာန်အကြီးအကဲတို့သည် စာရင်းရှင်းချက်ကို မည်သို့တင်သွင်းကြသနည်း။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ပေါလုကဲ့သို့ပင် ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများအနေနှင့် ဘုရားသခင်ထံ အစီရင်ခံချက်ကောင်း တင်သွင်းနိုင်သည်
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
သင့်သားသမီးတို့သည် နေမန်အိမ်တွင်ရောက်နေသော ဣသရေလ လုံမငယ်လေးကဲ့သို့ ယုံကြည်ခြင်း ခိုင်မာသလော