ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၄/၁၅ စာ. ၅-၇
  • မြဲမြံသောငြိမ်သက်ခြင်း ဘယ်သောအခါ တကယ်ရှိမည်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မြဲမြံသောငြိမ်သက်ခြင်း ဘယ်သောအခါ တကယ်ရှိမည်နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ငြိမ်သက်ခြင်းတည်ရှိစေနိုင်သောအရှင်
  • မြဲမြံသောငြိမ်သက်ခြင်းသို့ဦးတည်သည့် အဖြစ်အပျက်များ
  • နောက်ဆုံးအချက်ပြချက်
  • စစ်မှန်သော ငြိမ်သက်ခြင်း—အဘယ်ဇာစ်မြစ်မှနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • “ဘုရားသခင်၏ငြိမ်သက်ခြင်း” သည် သင်၏စိတ်နှလုံးကို စောင့်မစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • စစ်မှန်သောငြိမ်သက်ခြင်းကိုရှာ၍ မီအောင်လိုက်စေ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • “စစ်ငြိမ်းရသောအချိန်” နီးပြီ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၄/၁၅ စာ. ၅-၇

မြဲမြံသောငြိမ်သက်ခြင်း ဘယ်သောအခါ တကယ်ရှိမည်နည်း

“လူ့ လောကမှသော်လည်းကောင်း၊ ဒီမိုကရေစီကြောင့်သော်လည်းကောင်း စစ်မှုသည်မပပျောက်သေးဘဲ သမိုင်းတွင်ရှိမြဲအရာတစ်ခုဖြစ်သည်” ဟုဝီလ်နှင့် အေရီအဲလ်ဒူရန့်တို့သည် သူတို့၏ The Lessons of History စာအုပ်တွင်ရေးသားခဲ့သည်။ “ငြိမ်းချမ်းရေးသည် မတည်မြဲသောဟန်ချက်ဖြစ်သည်။ ယင်းကို အများအသိပြုတန်ခိုးအာဏာ၊ သို့မဟုတ် ညီမျှသောအာဏာသာ ထိန်းသိမ်းနိုင်ပါမည်။”

အားသွန်ခွန်စိုက်ကြိုးစားနေကြငြား ယနေ့ထိ မြဲမြံသောငြိမ်သက်မှုမရှိသေးသည်ကားအမှန်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား၊ စစ်ဖြစ်စရာအကြောင်းပေါ်လာရခြင်းသည် အပေါ်ယံ၌သာ ကျွန်ုပ်တို့မြင်ရသည့် နိုင်ငံရေး၊ နယ်နိမိတ်၊ သို့မဟုတ်လူမှုရေးပဋိပက္ခတို့ထက် သာ၍နက်ရှိုင်းစွာအမြစ်တွယ်နေသောကြောင့်ဖြစ်သည်။ ဒူရန့်မောင်နှံစုံ ဤသို့သတိပြုခဲ့ကြသည်။ “စစ်ဖြစ်ရခြင်းအကြောင်းများမှာ လူလူချင်းအပြိုင်အဆိုင် ပိုင်ဆိုင်သိမ်းဆည်းလိုခြင်း၊ ရန်လိုခြင်းနှင့်မာန်မာနစိတ်ထားခြင်း၊ အစာရေစာကိုလည်းကောင်း၊ လယ်ယာမြေကိုလည်းကောင်း၊ စည်းစိမ်ကိုလည်းကောင်း၊ လောင်စာနှင့်စိုးမိုးခြင်းကိုလည်းကောင်းတပ်မက်ခြင်းများပါဝင်သည်။”

သို့ရာတွင် တစ်ဦးချင်း သို့မဟုတ် အများလူထုပဋိပက္ခနှင့်စစ်မှုဖြစ်ရသည့် ဇာစ်မြစ်အကြောင်းကို ကျမ်းစာကအထူးသဖြင့်ဖေါ်ပြပေးသည်။ ဖတ်ရသည်ကား ဤသို့။ “သင်တို့တွင်စစ်တိုက်ခြင်း၊ ရန်တွေ့ခြင်းသည် အဘယ်အကြောင်းကြောင့်ဖြစ်သနည်း။ သင်တို့အင်္ဂါများ၌ စစ်ပြိုင်သောကိလေသာ ကာမစိတ်ကြောင့်ဖြစ်သည်မဟုတ်လော။ သင်တို့သည် တပ်မက်၍မရကြ။ လူအသက်ကိုသတ်၍လည်းကောင်း၊ အလွန်လိုချင်သောလောဘစိတ်ရှိ၍လည်းကောင်း အလိုမပြည့်စုံနိုင်ကြ။ ရန်တွေ့ခြင်း၊ စစ်တိုက်ခြင်းကိုလည်းပြု၍ မရကြ။”—ယာကုပ် ၄:၁၊ ၂။

ထို့ကြောင့် အရေးကိစ္စကဤသို့သာဖြစ်သည်။ စစ်မှန်သောငြိမ်သက်မှုရှိစေရန် အရိပ်လက္ခဏာများဖြစ်သည့် စစ်မှုများ၊ ဆူပူထကြွမှုများ၊ အာဏာလုယူမှုများ၊ တော်လှန်ရေးများကိုသာ ချေဖျက်ပစ်ရမည်မဟုတ်ဘဲ အရင်းခံအကြောင်းများဖြစ်သည့် လူတို့တွင်ရှိ မယုံသင်္ကာဖြစ်မှု၊ လောဘရမ္မက်၊ မုန်းတီးမှုနှင့်ရန်လိုခြင်းတို့ကိုပါ အမြစ်မှထုတ်ပစ်ရမည်ဖြစ်သည်။ ၄င်းတို့အစား အတ္တကင်းမဲ့သောအရည်အချင်းများဖြစ်သည့် ချစ်ခြင်း၊ ကြင်နာခြင်း၊ ယုံကြည်စိတ်ချခြင်းနှင့်ရက်ရောပြည့်ဝသောစိတ်များနှင့်လိုက်ဖက်သည့် အကျင့်များကိုကျင့်ကြံပြုမူရကြမည်။ ယင်းကိုပြုလုပ်နိုင်သူ ရှိနိုင်ပါမည်လော။ လူသားကိုသာ အားကိုးရမည်ဆိုလျှင် မရှိပါဟုဖြေဆိုရပေမည်။ သို့သော် ယင်းအမှုသည်မခဲယဉ်းပါဟုဆိုနိုင်သော အရှင်တစ်ပါးရှိပါသည်။ ဤအရှင်သခင်သည် ငြိမ်သက်ခြင်း ဘယ်သောအခါ တကယ်ရှိမည်နည်းဟူသောမေးခွန်း၏အဖြေကို ဖြေဆိုပေးနိုင်စွမ်းရှိသောသူဖြစ်ပေသည်။

ငြိမ်သက်ခြင်းတည်ရှိစေနိုင်သောအရှင်

လွန်ခဲ့သော ၂၈ ရာစုနှစ်က ပရောဖက်ဟေရှာယသည် ဤသို့ပရောဖက်ပြုရန် မှုတ်သွင်းခံခဲ့ရသည်။ “ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့သြဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံတော်မူလိမ့်မည်။ . . . အာဏာတော်တိုးတက်ခြင်းနှင့်ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။”—ဟေရှာယ ၉:၆၊ ၇။

ငြိမ်သက်ခြင်းနိစ္စအမြဲတည်စေမည့် ဤသူသည် မည်သူမည်ဝါဖြစ်ကြောင်းကို နောင်တွင်ဖေါ်ပြခဲ့ရာ “အမြင့်ဆုံးသောဘုရား၏သားတော်” ယေရှုခရစ်တော်ပင်ဖြစ်ကြောင်း ထင်ရှားလာသည်။ (လုကာ ၁:၃၀-၃၃။ မဿဲ ၁:၁၈-၂၃) သို့သော်အခြားမင်းသားများ၊ အုပ်စိုးရှင်များ မစွမ်းဆောင်နိုင်ရာကို ဤအရှင်သခင် အဘယ်ကြောင့်အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်တော်မူမည်နည်း။ ဦးဆုံးသတိပြုရကြမည်ကား အချို့သူတို့ထင်မြင်သည်အတိုင်း ကတိတော်တည်ရာ “သားတော်” သည် အစဉ်သဖြင့်နို့စို့ကလေးသာ ဖြစ်နေမည်မဟုတ်ပါ။ လူသားတို့အတွက်ထာဝရကောင်းကျိုးပြုမည့် “ငြိမ်းချမ်းရေးမင်းသား” အဖြစ် “အာဏာတော်တိုးတက်” စေမည်ဖြစ်သည်။

သို့သော် ယေရှုအုပ်ချုပ်ရေးအကြောင်း ထိုထက်မကဆိုစရာအကြောင်းရှိသည်။ လူ့မနောကို ထူးခြားစွာသိရှိပြီး ထူးချွန်သာလွန်သောအရည်အချင်းရှိသူ “အံ့သြဖွယ်တိုင်ပင်ဖက်” အနေနှင့် ဖြေရှင်းရခဲယဉ်းသော ဤအရေးကိစ္စများ၏အကြောင်းရင်းကို ကိုယ်တော်သိမြင်နိုင်မည်ဖြစ်ရာ ယနေ့လူ့အုပ်စိုးရှင်များ ရင်ဆိုင်နေရသည့် ဦးနှောက်ခြောက်စရာ၊ ခက်ခဲပွေလီသောပြဿနာများကို ဖြေရှင်းပေးနိုင်သည်။ (မဿဲ ၇:၂၈၊ ၂၉။ မာကု ၁၂:၁၃-၁၇။ လုကာ ၁၁:၁၄-၂၀) ရှင်ပြန်ထမြောက်ခဲ့၍ ဘုရားကဲ့သို့သောသခင် ယေရှုခရစ်သည် မေရှိယဘုရင်အဖြစ် ကောင်းကင်တွင်နန်းထိုင်နေတော်မူသည့် “တန်ခိုးကြီးသောဘုရားသခင်” အဖြစ် ကမ္ဘာပေါ်ကိုယ်တော်ရှိစဉ်က ပြုမူတော်မူခဲ့ရာများကို အကျယ်တဝင့်တစ်ဖန်ပြန်ပြုတော်မူခြင်းအားဖြင့် ငြိမ်သက်ခြင်းရှိလာစေရန် အကျိုးဆောင်တော်မူမည်။ ယင်းအမှုများမှာ မကုသနိုင်သောရောဂါများကို ကုသပေးခြင်း၊ လူအုပ်ကို ကျွေးမွေးပြုစုခြင်း၊ ရာသီဥတုကိုပင် ထိန်းချုပ်နိုင်ခြင်းတို့ဖြစ်သည်။ (မဿဲ ၁၄:၁၄-၂၁။ မာကု ၄:၃၆-၃၉။ လုကာ ၁၇:၁၁-၁၄။ ယောဟန် ၂:၁-၁၁) “ထာဝရအဘ” အဖြစ် သေခြင်းကြောင့်ပျက်စီးသူတို့ကို ပြန်အသက်ရှင်စေပြီး သူတို့အားထာဝရအသက်ပေးနိုင်စွမ်း ယေရှု၌ရှိသည်။ ကိုယ်တော်တိုင်လည်း ထာဝစဉ်အသက်ရှင်တော်မူမည့်အတွက် ကိုယ်တော်၏အုပ်ချုပ်မှုနှင့်ငြိမ်သက်ခြင်းသည် အဆုံးတိုင်မည်မဟုတ်ပေ။—မဿဲ ၂၀:၂၈။ ယောဟန် ၁၁:၂၅၊ ၂၆။ ရောမ ၆:၉။

ဤသို့အရည်အချင်းပြည့်မီသည့်အတွက် စစ်မှုနှင့်ပဋိပက္ခများ၏အကြောင်းရင်းခြာကို ပယ်ဖျက်ရန်တတ်စွမ်းသူအမှန်ဖြစ်ပေသည်။ ငြိမ်းချမ်းရေးသဘောတူစာချုပ် သို့မဟုတ် တိုင်းနိုင်ငံအချင်းချင်း ငြိမ်သက်စွာအတူနေရန်စီမံကိန်းကို ကိုယ်တော်စီမံရုံစီမံပြီး စစ်ပြန်ဖြစ်သည့်အတွက် အကြံပျက်စီးသွားမည်မဟုတ်ပါ။ ထိုသို့မဖြစ်ရဘဲ ကိုယ်တော်၏မေရှိယနိုင်ငံတော်အစိုးရတစ်ခုတည်းအောက် လူသားအပေါင်းကိုရောက်စေခြင်းအားဖြင့် နိုင်ငံရေး၊ နယ်နိမိတ်၊ လူမှုရေးနှင့်စီးပွားရေးမညီမျှမှုရှိရှိသမျှကို ဖျောက်ပစ်မည်ဖြစ်သည်။ တစ်ဆူတည်းသောဘုရားမှန် ယေဟောဝါ၏ဝတ်ပြုရေးတွင် လူအပေါင်းတို့ကိုဦးစီးပေးတော်မူခြင်းအားဖြင့် စစ်ဖြစ်ရခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်လေ့ရှိသော မှောက်မှားသောဘာသာတရားကို ကိုယ်တော်ဖျက်ဆီးပစ်တော်မူမည်။ ငြိမ်းချမ်းရေးမင်းသားယေရှုခရစ်သည် ဤအမှုအလုံးစုံကို အမှန်ပြုတော်မူမည်။ သို့သော် မေးစရာကား ဘယ်သောအခါ၌နည်း။

မြဲမြံသောငြိမ်သက်ခြင်းသို့ဦးတည်သည့် အဖြစ်အပျက်များ

စီအီး ၃၃ ခုနှစ်တွင် ရှင်ပြန်ထမြောက်၍ ကောင်းကင်သို့တက်ကြွပြီးနောက် ခန့်အပ်ထားသည့်အချိန်နှင့်အရေးယူရန်အတွက် ယေရှုစောင့်ဆိုင်းတော်မူသည်။ ယင်းသည် ယေဟောဝါ၏အမိန့်တော်အတိုင်း ဖြစ်တော်မူ၏။ “‘သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ၊ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ ထိုင်နေလော့’ ဟုငါ၏သခင်အားမိန့်တော်မူသည်။ ထာဝရဘုရား [ယေဟောဝါ၊ NW] သည်အရှင်၏အာဏာတော်လှံတံကို ဇိအုန်မြို့မှ လွှတ်တော်မူမည်။ ‘ကိုယ်တော်သည် ရန်သူတို့၏အလယ်၌ အုပ်စိုးတော်မူလိမ့်မည်။’” (ဆာလံ ၁၁၀:၁၊ ၂။ လုကာ ၂၂:၆၉။ ဧဖက် ၁:၂၀။ ဟေဗြဲ ၁၀:၁၂၊ ၁၃) ထိုသို့ဘယ်သောအခါဖြစ်မည်နည်း။ ၁၉၁၄ ခုနှစ်တွင် ကောင်းကင်၌ ဘုရားသခင်၏နိုင်ငံတော်ကို ယေရှုခရစ်စတင်အုပ်စိုးတော်မူသည့်သတင်းကောင်းကို ယေဟောဝါသက်သေများသည် နှစ်ပေါင်း ၇၀ ကျော်ကမ္ဘာတစ်ဝန်းကြွေးကြော်ခဲ့ပေပြီ။a

သို့သော် အသင်က ‘၁၉၁၄ ခုနှစ်ကတည်းက ငြိမ်သက်မှုမရှိပါ။ ဆိုးသည်ထက်သာ ဆိုးရွားလာနေသည်’ ဟုပြောပေမည်။ သင့်အဆိုမှန်သည်။ ယင်းသို့ဖြစ်ခြင်းက ကြိုတင်ဟောထားသည်အတိုင်းသာ ဖြစ်ပျက်နေကြောင်း သက်သေထူသည်။ “လောကီနိုင်ငံသည် ငါတို့အရှင်၏နိုင်ငံ၊ ထိုအရှင်၏ခရစ်တော်နိုင်ငံဖြစ်” ချိန်တွင် “လူမျိုးတို့သည် အမျက်ထွက်ကြသည်ဖြစ်” ကြောင်း သမ္မာကျမ်းစာဆိုသည်။ (ဗျာဒိတ် ၁၁:၁၅၊ ၁၈) ယေဟောဝါဘုရားသခင်နှင့်ကိုယ်တော်၏ငြိမ်းချမ်းရေးမင်းသား၏အုပ်ချုပ်မှုကို လက်အောက်ခံကြမည့်အစား လူမျိုးတို့သည် သွေးရူးသွေးတန်းဖြင့် ကမ္ဘာ့စိုးမိုးမှုအတွက် တိုက်ခိုက်ကြသည်။ ဘုရားသခင်၏တည်ထောင်လျက်ရှိသောနိုင်ငံတော်အကြောင်း သက်သေခံသူခရစ်ယာန်များကို အထူးအမျက်ထွက်ကြောင်းတင်ပြကြသည်။

ဘုရားသခင်၏နိုင်ငံတော်အာဏာကို ယေရှုခရစ်သိမ်းပိုက်ချိန်တွင်ပင် ကောင်းကင်မှ စာတန်နှင့်သူ၏နတ်ဆိုးများကိုနှင်ထုတ်ရန် ကိုယ်တော်အရေးယူစီရင်တော်မူခဲ့ကြောင်း ဗျာဒိတ်ကျမ်းကလည်းဖေါ်ပြပါသည်။ “ယခုမှာ ကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ဘုရားသခင်၏နိုင်ငံတော်နှင့်သူ၏ခရစ်တော်၏အာဏာတော်စက်လည်းဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင့်ရှေ့တော်၌ နေ့ညဉ့်မပြတ် အပြစ်တင်သောရန်သူကို အောက်သို့ချလေပြီ။” ရလဒ်ကားအဘယ်နည်း။ ဤသို့ဆက်တင်ပြ၏။ “ထိုကြောင့်ကောင်းကင်နှင့်ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီ။”—ဗျာဒိတ် ၁၂:၁၀၊ ၁၂။

နောက်ဆုံးအချက်ပြချက်

လူမျိုးတို့သည် ကြိုးစားအားထုတ်လျက်နှင့် အဘယ်ကြောင့်ငြိမ်သက်မှုမရှိစေနိုင်ကြောင်း ယင်းကထိုးထွင်းသိမြင်စေသည်။ လူမျိုးတို့၏အမျက်၌ထင်ရှားသည့် မာရ်နတ်၏အမျက်ဒေါသသည် လူ့သမိုင်းတွင် တစ်ခါနှင့်မျှမတူရအောင် ဤလောကကိုဆူပူထကြွ၊ ဗရုတ်သုတ်ခဖြစ်စေနေပါသည်။ ယင်းတို့အားလုံး အဘယ်အချိန်တွင်အဆုံးတိုင်မည်နည်း။ သမ္မာကျမ်းက အရေးကြီးသဲလွန်စပေးထားပါသည်။ “ငြိမ်းချမ်းပြီလုံခြုံပြီဟုဆိုစဉ်တွင် . . . သူတို့အပေါ်၌ လျင်မြန်စွာသောပျက်စီးခြင်းရောက်” လိမ့်မည်။—၁ သက်သာလောနိတ် ၅:၃၊ NW.

ဤသတိပေးချက်၏ဆိုလိုချက်ကို သင်သဘောပေါက်ပါသလော။ ရှေ့ဆောင်းပါးတွင်အသေးစိတ်ဖေါ်ပြသည့် ကမ္ဘာ့အဖြစ်အပျက်များကြောင့် များစွာသောသူတို့က ကမ္ဘာ့ငြိမ်းချမ်းရေးသည် လက်တစ်လှမ်းသာရှိတော့သည်ဟု စတင်ယူဆနေကြပြီ။ အခြားသူတို့ကား စစ်အေးပြီးဆုံးသည့်အတွက် နျူကလီးယားမီးလောင်တိုက်ဖြစ်မည်ကို စိုးရိမ်စရာအကြောင်းလုံးလုံးမရှိတော့ ဟုယူဆနေကြသည်။ လူမျိုးတို့က “ငြိမ်းချမ်းရေးနှင့်လုံခြုံရေး” အကြောင်း အတော်အတန်ပြောဆိုနေကြပါသည်။ သို့သော် ကမ္ဘာ့အခြေအနေသည် ထိုအဖြစ်မျိုးသို့ အမှန်ဦးတည်နေပါသလော။ ၁၉၁၄ ခုနှစ်တွင်စတင်သည့် နောက်ဆုံးကာလအတွင်းအသက်ရှင်သူများအကြောင်း ယေရှုက “ငါအမှန်ဆိုသည်ကား ယခုဖြစ်သောလူများမကုန်မီ ထိုအကြောင်းအရာအလုံးစုံတို့သည်ဖြစ်ကြလိမ့်မည်” ဟုမိန့်တော်မူခဲ့ကြောင်း သတိရပါ။ (မဿဲ ၂၄:၃၄) မှန်ပေ၏။ ဤလူမျိုးဆက်တွင်ပင် ငြိမ်သက်မှုအမှန်ရှိလာပေမည်။ သို့သော် လူမျိုးတို့၏ကြိုးပမ်းမှုများကြောင့်မဟုတ်ပါ။ ယေဟောဝါဘုရားသခင်ကတိထားတော်မူသော တည်မြဲခိုင်ခံ့၍ တရားသဖြင့်ဖြစ်သော ဖြောင့်မတ်သည့်ငြိမ်သက်မှုသည် ကိုယ်တော်၏ငြိမ်းချမ်းရေးမင်းသားယေရှုခရစ်၏ ချဉ်းကပ်နီးစပ်လာနေသည့်အုပ်ချုပ်မှုဖြင့်သာ ရောက်ရှိလာပေမည်။—ဟေရှာယ ၉:၇။

ငြိမ်းချမ်းသာယာမှု အမှန်တကယ်ရောက်ရှိလာမည့်အချိန်ကို သင်တွေ့လိုလျှင်လည်းကောင်း၊ သင်ချစ်မြတ်နိုးရသူများနှင့်အတူ ယင်းကိုခံစားလိုလျှင်လည်းကောင်း ငြိမ်းချမ်းရေးမင်းသားကို အားကိုးအားထားပါ။ “ထိုကြောင့် သင်တို့သည်ဖြစ်လတံ့သောအမှုအရာတို့နှင့်ကင်းလွတ်၍ လူသားထံသို့ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း အစဉ်ဆုတောင်းလျက် စောင့်နေကြလော့” ဟူသည့်ကိုယ်တော်၏အားရှိစရာစကားများကို စိတ်စွဲလမ်းနေပါ။—လုကာ ၂၁:၃၆။

[အောက်ခြေမှတ်ချက်များ]

a ကျမ်းစာသက္ကရာဇ်စဉ်နှင့် ကျမ်းစာပရောဖက်ပြုချက်များပြည့်စုံခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကိုသိရှိရန် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းထုတ်ဝေသည့် “Let Your Kingdom Come” စာအုပ်၊ အခန်း ၁၂ မှ ၁၄ ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ