သတင်းကောင်းပျံ့နှံ့စေဖို့ ဝေစာတွေကို အသုံးပြုပါ
၁။ ဘုရားသခင့်လူမျိုးက ဝေစာတွေကို ဘယ်လိုသုံးခဲ့ကြသလဲ။
၁ ယေဟောဝါရဲ့လူမျိုးက သတင်းကောင်းပျံ့နှံ့စေဖို့ ကျမ်းစာအခြေပြုဝေစာတွေကို အသုံးပြုခဲ့တာ ကြာပါပြီ။ ၁၈၈၀ ပြည့်နှစ်မှာ စီ. တီ. ရပ်စယ်လ်နဲ့ အပေါင်းပါတွေက ကျမ်းစာကျောင်းသားများဝေစာတွေကို စတင်ထုတ်ဝေခဲ့ပြီး အဲဒါတွေကို လူတွေကိုဝေငှဖို့အတွက် ကင်းမျှော်စင်ဖတ်ရှုသူတွေကို ပေးခဲ့တယ်။ ဝေစာတွေရဲ့အရေးပါမှုကို သိခဲ့ကြတဲ့အတွက် ၁၈၈၄ ခုနှစ်မှာ စီ. တီ. ရပ်စယ်လ်က နိုင်ငံတော်သတင်းပျံ့နှံ့စေဖို့ရည်ရွယ်ပြီး အကျိုးအမြတ်မယူတဲ့ တရားဝင်အဖွဲ့အစည်းကို တည်ထောင်တဲ့အခါ အဖွဲ့အစည်းနာမည်မှာ “ဝေစာ” ဆိုတဲ့စကားလုံးကို ထည့်သွင်းပြီး ဇိအုန်ကင်းမျှော်စင်ဝေစာအသင်းလို့ မှည့်ခဲ့တယ်။ အခုအချိန်မှာတော့ ပဲင်စီလ်ဘေးနီးယား ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းလို့ ခေါ်တယ်။ ၁၉၁၈ ခုနှစ်ရောက်တော့ ကျမ်းစာကျောင်းသားတွေဟာ ဝေစာစောင်ရေ သန်း ၃၀၀ ကျော် ဝေငှခဲ့ပြီးဖြစ်တယ်။ ဝေစာတွေဟာ သက်သေခံတဲ့အခါ ထိရောက်တဲ့ကိရိယာတစ်ခု ဆက်ဖြစ်နေဆဲပါပဲ။
၂။ ဝေစာတွေဟာ ဘာကြောင့်ထိရောက်သလဲ။
၂ ဘာကြောင့်ထိရောက်– ဝေစာတွေကအရောင်အသွေးစုံပြီးဆွဲဆောင်မှုရှိတယ်။ လိုရင်းတိုရှင်းရေးသားထားချက်တွေက စိတ်ဝင်စားဖို့ကောင်းပြီး အချက်အလက်တွေကို သိစေတယ်။ မဂ္ဂဇင်း ဒါမှမဟုတ် စာအုပ်ယူဖို့တွန့်ဆုတ်နေတဲ့ အိမ်ရှင်တွေအတွက် လက်ခံရလွယ်ကူစေတယ်။ ဝေစာဝေငှရတာ ကြေညာသူအသစ်တွေ၊ ကလေးတွေအတွက်တောင် လွယ်တယ်။ အရွယ်အစားသေးငယ်တဲ့အတွက် သယ်ရလွယ်တယ်။
၃။ ဝေစာတွေရဲ့တန်ဖိုးကိုဖော်ပြတဲ့ ကိုယ်တွေ့ အတွေ့အကြုံ ဒါမှမဟုတ် စာပေတွေထဲက အတွေ့အကြုံတစ်ခုကို ပြောပြပါ။
၃ လူများစွာဟာ ဝေစာတစ်စောင်နဲ့ အမှန်တရားစသိလာကြတယ်။ ဥပမာ၊ ဟေတီကအမျိုးသမီးတစ်ဦးဟာ ဝေစာတစ်စောင် လမ်းပေါ်ကျနေတာကိုတွေ့တယ်။ သူကောက်ယူ၊ ဖတ်ကြည့်ပြီးနောက် “အမှန်တရားတွေ့ပြီ” လို့ပြောခဲ့တယ်။ အဲဒီနောက် နိုင်ငံတော်ခန်းမကိုသွားတယ်၊ ကျမ်းစာစလေ့လာတယ်၊ ပြီးတော့ နှစ်ခြင်းခံခဲ့တယ်။ ဒီလိုဖြစ်တာက ဝေစာတစ်စောင်မှာတွေ့ရတဲ့ ဘုရားသခင့်တရားစကားတော်ရဲ့ တန်ခိုးကြောင့်ဖြစ်တယ်။
၄။ ဝေစာဝေငှရမယ့်လမှာ ကျွန်ုပ်တို့ရဲ့ပန်းတိုင်က ဘာလဲ။
၄ တစ်အိမ်မှတစ်အိမ်– ဝေစာတွေဟာ သက်သေခံဖို့ ထိရောက်တဲ့ကိရိယာဖြစ်တဲ့အတွက် နိုဝင်ဘာလကစပြီး ဝေစာတွေကိုဝေငှရမယ့်လတွေ မကြာမကြာ သတ်မှတ်ပေးသွားမှာဖြစ်တယ်။ ပန်းတိုင်က ဝေစာတွေ ဝေငှလိုက်ရုံပဲမဟုတ်ဘူး၊ ဝေစာတွေသုံးပြီး စကားစမြည်စပြောဖို့ဖြစ်တယ်။ ဦးဆုံးအကြိမ်မှာ ဒါမှမဟုတ် ပြန်လည်ပတ်တဲ့အခါမှာ စိတ်ဝင်စားမှုပြခဲ့ရင် သမ္မာကျမ်းစာသွန်သင်ရာစာအုပ် ဒါမှမဟုတ် တခြားစာပေကိုသုံးပြီး သင်အံမှုလုပ်ပုံကို ပြပေးနိုင်ပါတယ်။ တစ်အိမ်မှတစ်အိမ်လုပ်ငန်းမှာ ဝေစာတွေကို ဘယ်လိုဝေငှနိုင်ပါသလဲ။ ဝေစာတစ်စောင်နဲ့တစ်စောင်မတူတဲ့အတွက် ဝေငှမယ့်ဝေစာနဲ့ အကျွမ်းတဝင်ရှိထားဖို့လိုပါတယ်။
၅။ တစ်အိမ်မှတစ်အိမ်အမှုဆောင်တဲ့အခါ ဝေစာတွေကို ဘယ်လို ဝေငှနိုင်သလဲ။
၅ ကျွန်ုပ်တို့ရဲ့တင်ဆက်ပုံက ရပ်ကွက်၊ အသုံးပြုတဲ့ဝေစာနဲ့ ကိုက်ညီသင့်တယ်။ အိမ်ရှင်ကို ဝေစာကမ်းပေးပြီး စကားစမြည်စတင်နိုင်ပါတယ်။ စိတ်ဝင်စားဖွယ်ကောင်းတဲ့ မျက်နှာဖုံးက အိမ်ရှင်ရဲ့စိတ်ဝင်စားမှုကို နှိုးဆွပေးနိုင်ပါတယ်။ ဒါမှမဟုတ် ဝေစာအမျိုးမျိုးကို အိမ်ရှင်ကိုပြပြီး အိမ်ရှင်စိတ်ဝင်စားတဲ့တစ်ခုကို ရွေးခိုင်းနိုင်ပါတယ်။ တံခါးဖွင့်ပေးဖို့တွန့်ဆုတ်တဲ့ ရပ်ကွက်မှာ အမှုဆောင်တဲ့အခါ ဝေစာမျက်နှာဖုံးကို အိမ်ရှင်မြင်သာအောင် ကိုင်ထားနိုင်တယ်၊ ဒါမှမဟုတ် ဝေစာကို တံခါးအောက်ကနေ သွင်းပေးလို့ရမလားလို့ မေးနိုင်ပြီး ဝေစာနဲ့ပတ်သက်တဲ့ အိမ်ရှင်ရဲ့သဘောထားကို သိလိုကြောင်း ပြောနိုင်ပါတယ်။ ဝေစာခေါင်းစဉ်က မေးခွန်းဖြစ်နေမယ်ဆိုရင် ဒီမေးခွန်းအပေါ် အိမ်ရှင်သဘောထားကို ပြောပြဖို့ မေးနိုင်ပါတယ်။ ဒါမှမဟုတ် စိတ်ဝင်စားဖွယ်ကောင်းတဲ့၊ စကားစမြည်စတင်စေနိုင်တဲ့ ကိုယ်ပိုင်မေးခွန်းတစ်ခု မေးနိုင်ပါတယ်။ အဲဒီနောက် ဝေစာထဲကအပိုင်းတစ်ခုကို ဖတ်ပြနိုင်တယ်၊ ဖတ်ရင်းမေးခွန်းတွေ့တဲ့အခါ အဲဒီမေးခွန်းအပေါ် အိမ်ရှင်ရဲ့တုံ့ပြန်မှုကို စောင့်နိုင်တယ်။ အဓိကကျမ်းချက်တွေကို ကျမ်းစာကနေ ဖတ်နိုင်တယ်။ အကြောင်းအရာတချို့ကို သုံးသပ်ပြီးနောက် ဆွေးနွေးမှုကို အဆုံးသတ်ပြီး ပြန်လည်ပတ်မှုလုပ်ဖို့ စီစဉ်နိုင်တယ်။ သင့်အသင်းတော်က ပုံမှန်အားဖြင့် လူမရှိတဲ့အိမ်တွေမှာ စာပေထားခဲ့တယ်ဆိုရင် အိမ်ရှင်,မရှိတဲ့အိမ်ရဲ့ လူမမြင်သာတဲ့နေရာမှာ ဝေစာတစ်စောင်ထားခဲ့နိုင်တယ်။
၆။ လမ်းပေါ်သက်သေခံတဲ့အခါ ဝေစာတွေကို ဘယ်လိုအသုံးပြုနိုင်ပါသလဲ။
၆ လမ်းပေါ်သက်သေခံခြင်း– လမ်းပေါ်သက်သေခံတဲ့အခါ ဝေစာတွေကို သင်အသုံးပြုပါသလား။ လမ်းသွားလမ်းလာတချို့က အလောတကြီးသွားလာနေတဲ့အတွက် ကျွန်ုပ်တို့နဲ့ ရပ်ပြီးစကားမပြောလိုကြဘူး။ သူတို့တွေရဲ့ စိတ်ဝင်စားမှုအတိမ်အနက်ကိုလည်း ပိုင်းဖြတ်ဖို့ခက်တယ်။ ဒါကြောင့် သူတို့ဖတ်မဖတ် မသေချာဘဲ နောက်ဆုံးထုတ်မဂ္ဂဇင်းကို ပေးလိုက်တာထက် ဝေစာတစ်စောင်ပေးရင် မကောင်းဘူးလား။ မျက်နှာဖုံးက စိတ်ဝင်စားဖို့ကောင်းပြီး အကြောင်းအရာကလည်း တိုတဲ့အတွက် အားတဲ့အချိန်လေးမှာဖတ်ကြည့်ဖို့ လူတွေကို လှုံ့ဆော်ပေးပါလိမ့်မယ်။ အေးအေးဆေးဆေးရှိတဲ့သူတွေဆိုရင်တော့ ဝေစာပါအကြောင်းအရာတချို့ကို ဆွေးနွေးနိုင်ပါတယ်။
၇။ အလွတ်သဘောသက်သေခံတဲ့အခါ ဝေစာအသုံးပြုနိုင်ပုံကိုဖော်ပြတဲ့ တွေ့ကြုံမှုတွေကို ပြောပြပါ။
၇ အလွတ်သဘောသက်သေခံခြင်း– ဝေစာတွေက အလွတ်သဘောသက်သေခံဖို့ လွယ်ကူစေတယ်။ ညီအစ်ကိုတစ်ယောက်က အပြင်သွားတိုင်း ဝေစာတွေကို ဆောင်သွားတတ်တယ်။ အရောင်းစာရေးလို တစ်ယောက်ယောက်ကိုတွေ့တဲ့အခါ ဒါလေး ဖတ်ကြည့်ပါလို့ပြောပြီး ဝေစာတစ်စောင် ကမ်းပေးလိုက်တယ်။ ဇနီးမောင်နှံတစ်စုံက နယူးယောက်စီးတီးကို အလည်အပတ်သွားတဲ့အခါ နိုင်ငံပေါင်းစုံကလူတွေနဲ့တွေ့ဖြစ်မယ်ဆိုတာ သူတို့သိတယ်။ ဒါကြောင့် လူမျိုးအပေါင်းစာအုပ်ငယ်နဲ့ ဘာသာစကားမျိုးစုံနဲ့ ဝေစာအမျိုးမျိုး ယူသွားတယ်။ လမ်းဘေးမှာဈေးရောင်းနေတဲ့သူ၊ ပန်းခြံ၊ စားသောက်ဆိုင်မှာ သူတို့ဘေးနားမှာထိုင်တဲ့သူတွေက ဘာသာခြားစကားပြောတာကို ကြားတဲ့အခါ အဲဒီသူတွေရဲ့စကားနဲ့ဝေစာကို ဝေငှကြတယ်။
၈။ ဝေစာတွေက ဘယ်လိုနည်းနဲ့ မျိုးစေ့တွေနဲ့တူသလဲ။
၈ “မျိုးစေ့ကိုကြဲလော့”– ဝေစာတွေဟာ မျိုးစေ့တွေနဲ့တူနိုင်ပါတယ်။ လယ်သမားတစ်ဦးဟာ ဘယ်မျိုးစေ့တွေ အမြစ်စွဲပြီး အပင်ပေါက်မယ်ဆိုတာကို မသိတဲ့အတွက် မျိုးစေ့တွေများစွာကြဲမှာဖြစ်တယ်။ ဒေသနာ ၁၁:၆ က ဒီလိုဆိုတယ်– “နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့။ ညဦးအချိန်၌လည်း မကြဲဘဲမနေနှင့်။ အကြောင်းမူကား အဘယ်အရာသည် အကျိုးရှိမည်ကိုလည်းကောင်း၊ နှစ်ပါးစလုံးတို့သည် အညီအမျှအကျိုးရှိမည်ကိုလည်းကောင်း မသိနိုင်။” ဒါကြောင့် သက်သေခံတဲ့အခါ ထိရောက်မှုရှိတဲ့ ဒီကိရိယာကိုသုံးပြီး “အသိပညာကို ဖြန့်ဝေ” နိုင်ကြပါစေ။—သု. ၁၅:၇၊ ကဘ။
[စာမျက်နှာ ၃ ပါ အကျဉ်းဖော်ပြချက်]
ဝေစာတွေဟာ သက်သေခံဖို့ ထိရောက်တဲ့ ကိရိယာဖြစ်တဲ့အတွက် နိုဝင်ဘာလကစပြီး ဝေစာတွေကိုဝေငှရမယ့်လတွေ မကြာမကြာ သတ်မှတ်ပေးသွားမှာဖြစ်တယ်