ကိုယ်ပိုင်ရပ်ကွက် ယူထားခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ
၁။ ကိုယ်ပိုင်ရပ်ကွက်ဆိုတာ ဘာလဲ။
၁ ကိုယ်ပိုင်ရပ်ကွက်ဆိုတာ ဘာလဲ။ သင်အမှုဆောင်ရမယ့် ရပ်ကွက်ဖြစ်ပြီး သင်နေထိုင်တဲ့နေရာ အနီးတစ်ဝိုက်မှာဖြစ်နိုင်တယ်၊ ရပ်ကွက်အများကြီးရှိတဲ့ အသင်းတော်တွေမှာ ရနိုင်တယ်။ ဖွဲ့စည်းထားခြင်း စာအုပ် စာမျက်နှာ ၁၀၃ က ခုလိုရှင်းပြတယ်– ‘အဆင်ပြေတဲ့ ကိုယ်ပိုင်ရပ်ကွက်ရှိထားမယ်ဆိုရင် အမှုဆောင်ချိန်အများစုကို လယ်ကွင်းလုပ်ငန်းအတွက် အသုံးပြုနိုင်မှာဖြစ်တယ်။ တခြားကြေညာသူတွေကို သင့်ကိုယ်ပိုင်ရပ်ကွက်မှာ သင်နဲ့အတူ လာရောက်အမှုဆောင်ဖို့လည်း ဖိတ်ခေါ်နိုင်ပါတယ်။’
၂။ ကိုယ်ပိုင်ရပ်ကွက်မှာ အမှုဆောင်ခြင်းနဲ့ အုပ်စုလိုက်အမှုဆောင်ခြင်းကို ဘယ်လိုနည်းနဲ့ မျှမျှတတလုပ်ဆောင်နိုင်သလဲ။
၂ အုပ်စုလိုက်အမှုဆောင်ခြင်းအပြင် လုပ်ဆောင်နိုင်တဲ့အရာ– သင်ရတဲ့ ကိုယ်ပိုင်ရပ်ကွက်က သင့်အလုပ်ခွင်နဲ့နီးမယ်ဆိုရင် နေ့ခင်းနားချိန် ဒါမှမဟုတ် ညနေ အိမ်မပြန်ခင် အမှုဆောင်နိုင်တယ်။ အနီးအနားမှာအလုပ်လုပ်တဲ့ ကြေညာသူတစ်ယောက်ရှိမယ်ဆိုရင် အတူအမှုဆောင်ဖို့ ဖိတ်ခေါ်နိုင်တယ်။ ကိုယ်ပိုင်ရပ်ကွက်က သင့်အိမ်နဲ့နီးမယ်ဆိုရင် ညနေပိုင်းအမှုဆောင်ခြင်းမှာ မိသားစုလိုက် ပါဝင်နိုင်တယ်။ အဲဒီနေ့အတွက် လယ်ကွင်းတွေ့ဆုံမှုကိုတော့ သင်မတက်ရောက်ပေမဲ့ ဘုရားသခင့်လမ်းညွှန်မှုရဖို့ ဟောပြောခြင်းမစတင်ခင် အရင်ဆုတောင်းတာက သင့်တော်ပါတယ်။ (ဖိ. ၄:၆) အဲဒီအပြင် ကိုယ်ပိုင်ရပ်ကွက်မှာ အမှုဆောင်ချိန်နဲ့ အသင်းတော်ရဲ့ အုပ်စုလိုက်အမှုဆောင်ခြင်းအစီအစဉ်မှာ ပါဝင်တာကို မျှမျှတတရှိစေသင့်ပါတယ်။ အထူးသဖြင့် လယ်ကွင်းတွေ့ဆုံမှုအတွက် ညီအစ်ကို၊ ညီအစ်မများစွာ ရောက်လာတတ်ကြတဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာ သင့်ရဲ့လယ်ကွင်းအုပ်စုနဲ့ပူးပေါင်းတာက အကောင်းဆုံးဖြစ်ပါတယ်။
၃။ ကိုယ်ပိုင်ရပ်ကွက် ယူထားခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ။
၃ အကျိုးကျေးဇူးများ– သင့်မှာ ကိုယ်ပိုင်ရပ်ကွက်ရှိမယ်ဆိုရင် သင် အချိန်ရရင်ရသလို အမှုဆောင်နိုင်မှာဖြစ်တယ်။ သွားဖို့လာဖို့အချိန်မကုန်တော့တဲ့အတွက် ဟောပြောခြင်းလုပ်ငန်းမှာ အချိန်ပိုပေးနိုင်ပါလိမ့်မယ်။ ဒီလိုနည်းနဲ့ တချို့တွေက အရန်ရှေ့ဆောင်၊ မှန်မှန်ရှေ့ဆောင် လုပ်နိုင်ခဲ့ကြတယ်။ စိတ်ဝင်စားသူတွေကလည်း သင့်အနီးတစ်ဝိုက်ကလူတွေဖြစ်တာကြောင့် သူတို့ဆီပြန်သွားဖို့၊ ကျမ်းစာသင်အံမှုကျင်းပဖို့ ပိုလွယ်ကူပါလိမ့်မယ်။ ရရှိထားတဲ့ ကိုယ်ပိုင်ရပ်ကွက်ကို ပြန်မအပ်ခင်၊ အဲဒီရပ်ကွက်ကို နောက်တစ်ယောက်မသွားခင် တစ်ကြိမ်ထက်မက လုပ်ဆောင်နိုင်မယ်ဆိုရင် အိမ်ရှင်တွေက ကိုယ့်ကိုမြင်နေကျဖြစ်လာပြီး သူတို့ရဲ့ယုံကြည်မှုကို ရရှိလာနိုင်တယ်ဆိုတာ ကြေညာသူများစွာ သတိပြုမိခဲ့ကြတယ်။ ကိုယ်ပိုင်ရပ်ကွက်က အမှုတော်ကို ဒီထက်ပို ပြီးမြောက်စေဖို့ သင်နဲ့ သင့်မိသားစုကို များစွာထောက်ကူပေးနိုင်ပါတယ်။—၂ တိ. ၄:၅။