ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jr အခန်း ၁၅ စာ. ၁၈၂-၁၉၂
  • “ငါသည် တိတ်ဆိတ်စွာမနေနိုင်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ငါသည် တိတ်ဆိတ်စွာမနေနိုင်”
  • ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လျစ်လျူရှုမှုကြား ဆက်ဟောခဲ့
  • ဆန့်ကျင်သူတွေက အမြဲဒုက္ခပေးနိုင်မှာမဟုတ်
  • “မကြောက်နှင့်”
  • သင့်အတွက်ရေးထားတဲ့ စကားများ
  • ‘ဒီစကားကို သူတို့ကို သင်ပြောရမယ်’
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ဘယ်လိုမိတ်ဆွေတွေကို သင် ရွေးချယ်မလဲ
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • “ခြေကုန်လက်ပန်းကျနေသူကို ငါ လန်းဆန်းစေမယ်”
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • “သင်၏နှုတ်၌ ငါ့စကားကို ငါသွင်းထားပြီ”
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
နောက်ထပ် ကြည့်ပါ
ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
jr အခန်း ၁၅ စာ. ၁၈၂-၁၉၂

အခန်းဆယ့်ငါး

“ငါသည် တိတ်ဆိတ်စွာမနေနိုင်”

၁။ ယေရမိနဲ့တခြားပရောဖက်တွေက ဘာကြောင့်တိတ်ဆိတ်စွာမနေခဲ့ကြသလဲ။

‘ထာဝရဘုရား၏စကားကို နားထောင်ကြလော့’ ဆိုတဲ့စကားကို ဘီစီ ၆၄၇ ကစပြီး ဂျေရုဆလင်ရဲ့လမ်းတွေ၊ လုထုရင်ပြင်တွေမှာ ကြားခဲ့ရတယ်။ ဘုရားသခင့်ပရောဖက်ယေရမိက လက်မလျှော့ခဲ့ဘူး။ အနှစ် ၄၀ ကြာပြီးနောက် ဂျေရုဆလင်ဖျက်ဆီးခံရချိန်မှာတောင် သူ အဲဒီလိုတိုက်တွန်းနေတုန်းပဲ။ (ယေ. ၂:၄; ၄၂:၁၅) တန်ခိုးအကြီးဆုံးဘုရားသခင်က သူ့ဆုံးမစကားတွေကို ဂျူးတွေကြားပြီး နောင်တယူနိုင်ဖို့ ပရောဖက်တွေကို စေလွှတ်ခဲ့တယ်။ ဒီစာအုပ်ရဲ့အစပိုင်းမှာဖော်ပြခဲ့တဲ့အတိုင်း ယေရမိဟာ ဘုရားသခင်ရဲ့ပရောဖက်တွေထဲမှာ ထူးခြားတဲ့ပရောဖက်တစ်ယောက်ဖြစ်ခဲ့တယ်။ ဘုရားသခင်က ယေရမိကိုတာဝန်ပေးတဲ့အခါ “ငါမှာထားသမျှကို သူတို့အား ဟောပြောလော့။ . . . သူတို့ကိုမကြောက်နှင့်” ဆိုပြီး ပြောခဲ့တယ်။ (ယေ. ၁:၁၇) အဲဒီတာဝန်က ခက်ခဲတဲ့တာဝန်ဖြစ်တယ်။ ယေရမိက စိတ်ရောကိုယ်ပါ နာကျင်ခံစားခဲ့ရပေမဲ့ သူ့တာဝန်ကို မဖြစ်မနေ ကျေပွန်အောင်ထမ်းဆောင်ခဲ့တယ်။ “ငါ့အထဲ၌ ငါ့နှလုံးပူဆွေး၏။ ငါသည် တိတ်ဆိတ်စွာမနေနိုင်” လို့သူပြောခဲ့တယ်။—ယေ. ၄:၁၉။

၂၊ ၃။ (က) ယေရှုရဲ့တပည့်တွေက ယေရမိကို ဘယ်လိုအတုယူခဲ့ကြသလဲ။ (ခ) ယေရမိရဲ့ပုံနမူနာကို သင်ဘာကြောင့်အတုယူသင့်သလဲ။

၂ ပရောဖက်တာဝန်ကို ယေရမိထမ်းဆောင်ခဲ့ပုံက ယေဟောဝါရဲ့ တခြားကျေးကျွန်တွေအတွက် စံနမူနာကောင်းဖြစ်တယ်။ (ယာ. ၅:၁၀) အေဒီ ၃၃၊ ပင်တေကုတ္တေပွဲပြီးနောက် သိပ်မကြာခင်မှာ ဂျူးအာဏာပိုင်တွေက တမန်တော်ပေတရုနဲ့ယောဟန်ကို ဖမ်းဆီးပြီး ဆက်မဟောဖို့ အမိန့်ပေးခဲ့တယ်။ သူတို့ ဘယ်လိုတုံ့ပြန်ခဲ့တယ်ဆိုတာ သင်ဖတ်ဖူးပါလိမ့်မယ်။ “ငါတို့မူကား ကြားခဲ့မြင်ခဲ့ရာများကို မဟောပြောဘဲ မနေနိုင်” လို့ သူတို့ပြန်ပြောကြတယ်။ (တ. ၄:၁၉၊ ၂၀) အာဏာပိုင်တွေက နောက်တစ်ခါထပ်ဟောရင် ဒီထက်ပိုဆိုးတဲ့ပြစ်ဒဏ်ခံရမယ်လို့ ခြိမ်းခြောက်ပြီး သူတို့ကို လွှတ်လိုက်တယ်။ ဘာဆက်ဖြစ်ခဲ့တယ်ဆိုတာ သင်သိပါလိမ့်မယ်။ အဲဒီသစ္စာရှိသူတွေက မဟောဘဲမနေခဲ့ကြဘူး။

၃ တမန်တော် ၄:၂၀ မှာမှတ်တမ်းတင်ထားတဲ့ ပေတရုနဲ့ယောဟန်တို့ရဲ့စကားတွေက သူတို့လည်း ယေရမိလိုပဲ စိတ်အားထက်သန်တယ်ဆိုတာကို ဖော်ပြတယ်။ ဒီနောက်ဆုံးကာလမှာအသက်ရှင်နေတဲ့ အမှုဆောင်တစ်ယောက်အနေနဲ့ သင်လည်း သူတို့လိုပဲ ‘ငါ တိတ်ဆိတ်စွာမနေနိုင်ဘူး’ လို့ စိတ်ပိုင်းဖြတ်ထားတယ်မဟုတ်လား။ ကျွန်တော်တို့ဝန်းကျင်မှာ အခြေအနေတွေဆိုးနေတဲ့ကြားက သတင်းကောင်းကိုဆက်ဟောနိုင်ဖို့ ယေရမိမှာရှိတဲ့ ခွန်အားမျိုး ဘယ်လိုဆက်ရှိနိုင်တယ်ဆိုတာ သုံးသပ်ကြည့်ကြစို့။

လျစ်လျူရှုမှုကြား ဆက်ဟောခဲ့

၄။ ရှေးဂျေရုဆလင်မြို့မှာ ယေရမိဟောတဲ့သတင်းကို လူတွေ ဘယ်လိုသဘောထားကြသလဲ။

၄ ဘုရားသခင့်သားတော်ရဲ့အုပ်ချုပ်မှုအောက်မှာ ကောင်းမွန်တဲ့အနာဂတ်ရမယ်ဆိုတဲ့ ဘုရားသခင်ရဲ့ကတိက လူတွေအတွက် အကောင်းဆုံးသတင်းဖြစ်တယ်ဆိုတာ သင်ယုံကြည်တယ်မဟုတ်လား။ ဒါပေမဲ့ ဒီနေ့ခေတ်လူအများစုက “သင်သည် ထာဝရဘုရား၏နာမတော်ကိုအမှီပြု၍ ငါတို့အား ဟောပြောသောစကားကို ငါတို့သည် နားမထောင်” လို့ ယေရမိကိုပြောခဲ့တဲ့ ဂျူးတချို့လို တုံ့ပြန်နေကြတယ်။ (ယေ. ၂၉:၁၉; ၄၄:၁၆) အဲဒီစကားတွေကို ယေရမိ မကြာခဏကြားခဲ့ရတယ်။ ဒီနေ့ ယေဟောဝါရဲ့ကျေးကျွန်တွေလည်း အဲဒီလိုပဲ။ လူအများစုက “ငါတို့စိတ်မဝင်စားဘူး” လို့ ပြောနေကြတယ်။ လျစ်လျူရှုသူတွေများလာတဲ့အတွက် သတင်းကောင်းဟောပြောသူတွေရဲ့ ဇွဲက လျော့နည်းသွားနိုင်တယ်။ သင့်ဒေသမှာ လူများစွာက လျစ်လျူရှုတဲ့အတွက် အသင်းတော်မှာရှိတဲ့ လူတချို့နဲ့ သင်ကိုယ်တိုင်က ဇွဲလျော့နည်းလာပြီဆိုရင် ဘာလုပ်နိုင်သလဲ။

၅။ (က) ယေရမိက လူတွေရဲ့လျစ်လျူရှုမှုကို ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ (ခ) သတင်းကောင်းကိုငြင်းပယ်သူတွေအတွက် ဘာကြောင့်အန္တရာယ်ရှိနေသလဲ။

၅ ယုဒလူတွေရဲ့လျစ်လျူရှုမှုကို ကြုံရတဲ့အခါ ယေရမိဘယ်လိုတွေးခေါ်ခဲ့တယ်ဆိုတာကို သုံးသပ်ကြည့်ပါ။ ပရောဖက်တာဝန်ကို ယေရမိစထမ်းဆောင်တဲ့အခါ ယေဟောဝါက ရောက်လာတော့မယ့်တရားစီရင်ချိန်မှာ ဘာတွေဖြစ်မယ်ဆိုတာ သူ့ကိုကြိုပြခဲ့တယ်။ (ယေရမိ ၄:၂၃-၂၆ ကိုဖတ်ပါ။) ဒါကြောင့် လူထောင်ပေါင်းများစွာရဲ့အသက်က သူဟောမယ့်စကားကို သူတို့ကြားပြီး အဲဒီအတိုင်းလုပ်ဆောင်ခြင်းအပေါ် မူတည်တယ်ဆိုတာ ယေရမိသဘောပေါက်သွားတယ်။ သင့်ရပ်ကွက်မှာရှိတဲ့လူတွေအပါအဝင် ဒီနေ့ခေတ်ကလူတွေလည်း အဲဒီလိုအခြေအနေမျိုးမှာ ရှိနေတယ်။ ဒီနေ့ခေတ် ဆိုးညစ်တဲ့လောကကို ဘုရားသခင်တရားစီရင်မယ့်နေ့နဲ့ပတ်သက်ပြီး ယေရှုက “ထိုနေ့ရက်သည် မြေကြီးပေါ်ရှိ လူအပေါင်းတို့အပေါ် . . . ကျရောက်လိမ့်မည်။ ထို့ကြောင့် နိုးကြားလျက်နေကြလော့။ အစဉ်တိုးလျှိုးအသနားခံ ဆုတောင်းလျက် နေကြလော့။ ထိုသို့ပြုမှသာ ဖြစ်ပျက်လာမည့် အမှုအရာအလုံးစုံနှင့် ကင်းလွတ်၍ လူသား၏ရှေ့တော်၌ ရပ်နေနိုင်ခွင့် ရကြလိမ့်မည်” လို့ပြောခဲ့တယ်။ (လု. ၂၁:၃၄-၃၆) သတင်းကောင်းကိုငြင်းပယ်သူတွေအတွက် အန္တရာယ်ရှိနေတယ်ဆိုတာကို ယေရှုရဲ့စကားတွေကနေ သိနိုင်တယ်။

လျစ်လျူရှုရာမှ စိတ်ဝင်စားလာ

နယူးဇီလန်နိုင်ငံမှာရှိတဲ့ အမျိုးသမီးတစ်ယောက်က သက်သေခံတွေလာဟောတဲ့အခါ တစ်ခါမှနားမထောင်ခဲ့ပေမဲ့ အခုတော့ စိတ်ဝင်စားလာပြီလို့ ပြောခဲ့တယ်။ သူ့ယောက်ျားရဲ့အလုပ်ဖော်တစ်ယောက်က သက်သေခံဖြစ်တယ်။ အဲဒီသက်သေခံရဲ့ဇနီးဆုံးသွားတဲ့အတွက် စျာပနကို သူတို့တက်ရောက်ခဲ့တယ်။ စျာပနကိုလာတဲ့သူတွေက ဝမ်းနည်းနေတဲ့မုဆိုးဖိုကို အားပေးနှစ်သိမ့်တာကို အဲဒီအမျိုးသမီး သတိထားမိတယ်။ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်နဲ့ပတ်သက်တဲ့ ကျမ်းစာကိုအခြေခံတဲ့ရှင်းပြချက်တွေက ယုတ္တိရှိတယ်လို့ သူပြောခဲ့တယ်။

ဒီအမျိုးသမီးက နာတာရှည်ရောဂါခံစားနေရသူတွေကို ပြုစုပေးတဲ့သူနာပြုတွေကို လေ့ကျင့်ပေးနေသူဖြစ်တယ်။ သူက အဲဒီစျာပနကိုတက်ပြီးတဲ့နောက် ယေဟောဝါသက်သေတွေလုပ်တဲ့ စျာပနအခမ်းအနားတွေကိုတက်ဖို့ ကျောင်းသားတွေကိုအားပေးတယ်။ ဘာကြောင့်လဲ။ သက်သေခံတွေက လူသေတွေရဲ့အခြေအနေမှန်နဲ့ အနာဂတ်မျှော်လင့်ချက်အကြောင်း ရှင်းပြတဲ့အတွက် သူ့ကျောင်းသားတွေကို တက်ခိုင်းတာပါဆိုပြီး သက်သေခံတွေကို သူပြန်ပြောပြတယ်။ သူနာပြုတွေက အဲဒီအချက်တွေကိုသုံးပြီး လူနာတွေကို အားပေးနိုင်တယ်လို့ သူယူဆတယ်။

လူတွေ နှစ်ပေါင်းများစွာလျစ်လျူရှုတဲ့အတွက် ယေဟောဝါက သူ့အကြောင်း “သိနိုင်သောစိတ်နှလုံးကို” မပေးတော့ဘူးလို့ မဆိုလိုဘူး။ (ယေ. ၂၄:၇) ဒါကြောင့် သင့်ဒေသမှာရှိတဲ့ လျစ်လျူရှုသူတွေလည်း သတင်းကောင်းကို တုံ့ပြန်လာနိုင်ပါတယ်။

စာမျက်နှာ ၁၈၄ ပါ ရုပ်ပုံ

၆။ သင်ဟောတဲ့သတင်းကို သိပ်စိတ်မဝင်စားတဲ့သူတွေကိုတောင် ဘာကြောင့်ဆက်ဟောသင့်သလဲ။

၆ ကျွန်တော်တို့ဟောတဲ့ ယေဟောဝါရဲ့စကားကို လျစ်လျူမရှုဘဲ နားထောင်တုံ့ပြန်သူတွေက တန်ဖိုးမဖြတ်နိုင်တဲ့အကျိုးကျေးဇူးတွေ ရပါလိမ့်မယ်။ ဘုရားသခင်က ဖျက်ဆီးခြင်းဘေးကနေ ကျွန်တော်တို့လွတ်မြောက်ပြီး ကမ္ဘာသစ်ထဲဝင်နိုင်ဖို့ လမ်းဖွင့်ပေးထားတယ်။ ကျွန်တော်တို့ရဲ့ဟောပြောခြင်းလုပ်ငန်းနဲ့ ယေရမိရဲ့ဟောပြောခြင်းလုပ်ငန်းမှာ ဆင်တူချက်တွေရှိတယ်။ ယုဒပြည်သူပြည်သားတွေက ဖျက်ဆီးခြင်းဘေးကနေ လွတ်မြောက်အောင်လုပ်နိုင်တယ်။ (ယေရမိ ၂၆:၂၊ ၃ ကိုဖတ်ပါ။) ယေရမိက သူတို့ကိုကူညီဖို့အတွက် စစ်မှန်တဲ့ဘုရားသခင်ရဲ့စကားကို သူတို့ ‘နားထောင်ပြီး အဓမ္မလမ်းကို လွှဲရှောင်’ ဖို့ ဆယ်စုနှစ်များစွာတိုက်တွန်းခဲ့တယ်။ ယေရမိရဲ့တိုက်တွန်းချက်ကြောင့် လူဘယ်နှစ်ယောက် နောင်တရပြီးပြုပြင်ပြောင်းလဲခဲ့တယ်ဆိုတာ ကျွန်တော်တို့မသိဘူး။ ဒါပေမဲ့ တချို့ကတော့ ပြုပြင်ပြောင်းလဲခဲ့ကြတယ်။ ဒီနေ့ခေတ်မှာလည်း လူများစွာက အဲဒီလိုလုပ်ခဲ့ကြတယ်။ သတင်းကောင်းကို ကျွန်တော်တို့ဆက်ဟောတဲ့အခါ အရင်ကနားမထောင်ခဲ့သူတွေက စိတ်ပြောင်းလဲပြီးနားထောင်လာတဲ့အကြောင်း ကြားရလေ့ရှိတယ်။ (စာမျက်နှာ ၁၈၄ မှာပါတဲ့ “လျစ်လျူရှုရာမှ စိတ်ဝင်စားလာ” ဆိုတဲ့ လေးထောင့်ကွက်ကို ကြည့်ပါ။) အဲဒါက အသက်ကယ်တဲ့ဟောပြောခြင်းလုပ်ငန်းမှာ ဆက်ပြီးတက်တက်ကြွကြွပါဝင်သင့်တဲ့ နောက်အကြောင်းရင်းတစ်ခုပဲ မဟုတ်လား။

လျစ်လျူရှုမှုကြုံရတဲ့ကြားက သတင်းကောင်းဆက်ဟောဖို့ သင် ဘာကြောင့်စိတ်ပိုင်းဖြတ်ထားသလဲ။

ဆန့်ကျင်သူတွေက အမြဲဒုက္ခပေးနိုင်မှာမဟုတ်

၇။ ရန်သူတွေက ယေရမိရဲ့ပရောဖက်တာဝန်ကို ဖျက်လိုဖျက်ဆီးလုပ်ဖို့ ဘယ်လိုကြိုးစားခဲ့ကြသလဲ။

၇ ယေရမိရဲ့ဟောပြောခြင်းလုပ်ငန်းမှာ ထူးခြားချက်တစ်ခုက သူနဲ့သူ့အလုပ်ကို ဖျက်လိုဖျက်ဆီးလုပ်ဖို့ ဆန့်ကျင်သူတွေ ဘယ်နှစ်ကြိမ်တောင်ကြိုးစားခဲ့တယ်ဆိုတဲ့အချက်ပဲ။ ပရောဖက်အတုအယောင်တွေက သူ့ကို လူရှေ့သူရှေ့မှာပဲ ဆန့်ကျင်ခဲ့ကြတယ်။ (ယေ. ၁၄:၁၃-၁၆) ဂျေရုဆလင်လမ်းတွေပေါ် ယေရမိဖြတ်လျှောက်သွားတဲ့အခါ ရပ်ကြည့်နေသူတွေက သူ့ကို အော်ဟစ်ကျိန်ဆဲပြီး ပြောင်လှောင်ကြတယ်။ (ယေ. ၁၅:၁၀) ရန်သူတချို့က သူ့ကိုသိက္ခာချဖို့ နည်းအမျိုးမျိုးနဲ့ကြံစည်ကြတယ်။ (ယေ. ၁၈:၁၈) တခြားသူတွေက ယေရမိဟောတဲ့အမှန်တရားကို စိတ်ရိုးဖြောင့်သူတွေ နားမထောင်အောင် သူ့မကောင်းကြောင်းကို ကောလာဟလတွေလွှင့်ကြတယ်။ (မြည်. ၃:၆၁-၆၂) ယေရမိ လက်လျှော့ခဲ့သလား။ လက်မလျှော့ခဲ့ဘူး။ သူဆက်ဟောခဲ့တယ်။ ဘယ်လိုနည်းနဲ့ ဆက်ဟောနိုင်ခဲ့တာလဲ။

၈။ ဆန့်ကျင်သူတွေက ပိုပြီးတားဆီးတဲ့အခါ ယေရမိ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

၈ ဆန့်ကျင်မှုအားလုံးကို တိုက်ခိုက်တွန်းလှန်ဖို့ ယေရမိသုံးခဲ့တဲ့အဓိကလက်နက်ကတော့ ယေဟောဝါကိုယုံကြည်ကိုးစားခြင်းပဲ။ ယေရမိ တာဝန်စထမ်းဆောင်ချိန်မှာ ဘုရားသခင်က သူ့ကို ကာကွယ်ထောက်မပေးမယ်လို့ ကတိပေးခဲ့တယ်။ (ယေရမိ ၁:၁၈၊ ၁၉ ကိုဖတ်ပါ။) အဲဒီကတိကို ယေရမိ ယုံကြည်စိတ်ချခဲ့တယ်။ ယေဟောဝါက သူ့ကိုပစ်မထားခဲ့ဘူး။ ဆန့်ကျင်သူတွေက သူ့ကို ဖိအားပေးပြီး အပြင်းအထန်တားဆီးခဲ့ပေမဲ့ သူက ရဲစွမ်းသတ္တိနဲ့ခံနိုင်ရည် ဆက်ရှိခဲ့တယ်။ အဲဒီအရည်အသွေးတွေက သူ့ကို ဘယ်လိုကူညီခဲ့တယ်ဆိုတာ သတိပြုကြည့်ပါ။

၉၊ ၁၀။ ယေရမိရဲ့ဘဝမှာကြုံခဲ့ရတဲ့ ဘယ်ဖြစ်ရပ်တွေက သင့်ကို သတ္တိရှိအောင်ကူညီပေးသလဲ။

၉ တစ်ကြိမ်မှာ ပုန်ကန်ထကြွနေတဲ့ယဇ်ပုရောဟိတ်တွေနဲ့ ပရောဖက်တွေက ယေရမိကို သတ်ဖို့ ယုဒမင်းညီမင်းသားတွေရှေ့ ဆွဲခေါ်လာကြတယ်။ ယေရမိက သူတို့ရဲ့ခြိမ်းခြောက်မှုကိုကြောက်ပြီး ဘာမှမလုပ်တော့ဘဲနေခဲ့လား။ မနေခဲ့ဘူး။ သူက အဲဒီအယူဖောက်ပြန်သူတွေရဲ့ စွဲချက်တွေ မှားတယ်ဆိုတာ ကောင်းကောင်းသက်သေပြခဲ့တဲ့အတွက် အသက်ချမ်းသာရခဲ့တယ်။—ယေရမိ ၂၆:၁၁-၁၆ ကိုဖတ်ပါ; လု. ၂၁:၁၂-၁၅။

၁၀ ယေရမိရဲ့အားမာန်ပါတဲ့သတင်းကို ဗိမာန်တော်မှူးပါရှုရကြားတဲ့အခါ သူ့ကို ထိပ်တုံးခတ်ခဲ့တယ်ဆိုတာ ပြန်သတိရပါ။ အဲဒီလိုထိပ်တုံးခတ်လိုက်တဲ့အတွက် ယေရမိက သင်ခန်းစာရပြီး နှုတ်ဆိတ်သွားမယ်လို့ ပါရှုရထင်ခဲ့မှာသေချာတယ်။ ဒါကြောင့် နောက်တစ်နေ့မှာ ယေရမိကို ပြန်လွှတ်ပေးလိုက်တယ်။ ဒါပေမဲ့ ယေရမိက နှိပ်စက်ခံထားရလို့ နာကျင်နေတဲ့ကြားက ပါရှုရကို ယေဟောဝါတရားစီရင်မယ့်အကြောင်း တဲ့တိုးပြောခဲ့တယ်။ နှိပ်စက်ညှဉ်းပန်းမှုကတောင် ယေရမိကို နှုတ်ဆိတ်သွားအောင် မလုပ်နိုင်ခဲ့ဘူး။ (ယေ. ၂၀:၁-၆) ဘာကြောင့်မလုပ်နိုင်ခဲ့သလဲ။ “ထာဝရဘုရားသည် အားကြီးသောသူကဲ့သို့ ငါ့ဘက်၌ရှိတော်မူ၏။ ထို့ကြောင့် ငါ့ကိုညှဉ်းဆဲသောသူတို့သည် မနိုင်ဘဲ ထိမိ၍လဲကြလိမ့်မည်” လို့ ယေရမိပြောခဲ့တယ်။ (ယေ. ၂၀:၁၁) ယေရမိက ကြောက်စရာကောင်းတဲ့ဆန့်ကျင်သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာတောင် ကြောက်ဒူးတုန်မနေခဲ့ဘူး။ ယေဟောဝါအပေါ် သူ့ရဲ့ယုံကြည်ကိုးစားမှုက ခိုင်မာခဲ့တယ်။ သင့်ယုံကြည်ကိုးစားမှုလည်း အဲဒီလိုခိုင်မာနိုင်ပါတယ်။

၁၁၊ ၁၂။ (က) ယေရမိက ဟာနနိရဲ့ဆန့်ကျင်မှုကိုကြုံရတဲ့အခါ ဘယ်လိုဉာဏ်သုံးခဲ့သလဲ။ (ခ) “အဆိုးကိုသည်းခံနိုင်သူ” ဖြစ်ခြင်းအားဖြင့် သင် ဘာအကျိုးကျေးဇူးရနိုင်သလဲ။

၁၁ ယေရမိက တစ်ဇွတ်ထိုးသမားမဟုတ်ဘူးဆိုတဲ့အချက်ကိုလည်း သတိရသင့်တယ်။ သူက ဆန့်ကျင်သူတွေနဲ့ကြုံရတဲ့အခါ ဉာဏ်သုံးခဲ့တယ်။ ဘယ်အချိန်မှာ ရှောင်ထွက်သွားရမယ်ဆိုတာ သူသိတယ်။ ဥပမာ၊ ဟာနနိနဲ့ထိပ်တိုက်တွေ့ချိန်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာ သုံးသပ်ကြည့်ပါ။ အဲဒီပရောဖက်အတုအယောင်က ယေရမိဟောတဲ့ယေဟောဝါရဲ့စကားကို လူရှေ့သူရှေ့မှာဆန့်ကျင်ပြီးတဲ့နောက် ယေရမိက သူ့ကိုတည့်မတ်ပေးပြီး စစ်မှန်တဲ့ပရောဖက်ကို ဘယ်လိုခွဲခြားသိနိုင်တဲ့အကြောင်း ရှင်းပြခဲ့တယ်။ ဗာဗုလုန်ရဲ့ထမ်းပိုးကိုထမ်းရမယ်ဆိုတာကို ပြဖို့ သစ်သားထမ်းပိုးတစ်ချောင်းကို ယေရမိထမ်းပြခဲ့တယ်။ အဲဒီအခါ ဟာနနိက ကြမ်းတမ်းလာပြီး ထမ်းပိုးကိုချိုးပစ်တယ်။ ဟာနနိ ဘာဆက်လုပ်မယ်ဆိုတာကို ဘယ်သူပြောနိုင်မလဲ။ ဒါကြောင့် ယေရမိ ဘာလုပ်ခဲ့သလဲ။ “ထိုအခါ ပရောဖက်ယေရမိသည် ထွက်သွားလေ၏” လို့ဖော်ပြထားတဲ့အတွက် အဲဒီနေရာကနေ ယေရမိရှောင်ထွက်သွားဆိုတာ သိနိုင်တယ်။ နောက်ပိုင်းမှာ ယေဟောဝါရဲ့ညွှန်ကြားချက်အရ ယေရမိက ဟာနနိဆီ ပြန်လာပြီး ဂျူးတွေက ဗာဗုလုန်ဘုရင်ဆီမှာ ကျွန်ခံရမယ်၊ ဟာနနိကတော့ သေရလိမ့်မယ်ဆိုတဲ့ ဘုရားသခင်လုပ်ဆောင်မယ့်အရာအကြောင်း ပြောခဲ့တယ်။—ယေ. ၂၈:၁-၁၇။

၁၂ ဒီဖြစ်ရပ်က ကျွန်တော်တို့ဟောပြောတဲ့အခါ ရဲစွမ်းသတ္တိအပြင် ချင့်ချိန်သုံးသပ်နိုင်စွမ်းရှိဖို့လည်းလိုတယ်ဆိုတာ ဖော်ပြတယ်။ လူတစ်ယောက်က ကျွန်တော်တို့ဟောပြောတာကို လက်မခံဘဲ ဒေါသကြီးလာတယ်၊ အကြမ်းဖက်လာတယ်ဆိုရင် ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်ပြီး နောက်တစ်အိမ်ကို ဆက်သွားနိုင်တယ်။ နိုင်ငံတော်သတင်းကောင်းနဲ့ပတ်သက်ပြီး ဘယ်သူနဲ့မှ ငြင်းခုံနေစရာမလိုဘူး။ “အဆိုးကိုသည်းခံနိုင်သူ” ဖြစ်ခြင်းအားဖြင့် ပိုအဆင်ပြေတဲ့အချိန်မှာ အိမ်ရှင်နားထောင်လာအောင် လမ်းဖွင့်ထားနိုင်တယ်။—၂ တိမောသေ ၂:၂၃-၂၅ ကိုဖတ်ပါ; သု. ၁၇:၁၄။

စာမျက်နှာ ၁၈၇ ပါ ရုပ်ပုံ

သတင်းကောင်းဟောပြောတဲ့အခါ ယေဟောဝါကိုယုံကြည်ကိုးစားဖို့ ဘာကြောင့် သိပ်အရေးကြီးသလဲ။ ရဲစွမ်းသတ္တိအပြင် ချင့်ချိန်သုံးသပ်နိုင်စွမ်းရှိဖို့လည်း ဘာကြောင့်လိုအပ်သလဲ။

“မကြောက်နှင့်”

၁၃။ ယေဟောဝါက ယေရမိကို “မကြောက်နှင့်” လို့ ဘာကြောင့်ပြောခဲ့သလဲ။ အဲဒါကို ဘာကြောင့်လေ့လာသင့်သလဲ။

၁၃ ဂျေရုဆလင်ဖျက်ဆီးခံရတဲ့ ဘီစီ ၆၀၇ မတိုင်ခင် ဖြစ်ပေါ်နေတဲ့ထိတ်လန့်စရာအခြေအနေတွေကို စစ်မှန်တဲ့ဝတ်ပြုသူတွေလည်း ကြုံခဲ့ရတယ်။ ဒါကြောင့် “မကြောက်နှင့်” လို့ ယေရမိကို ဘုရားသခင် ဘာကြောင့်ပြောခဲ့တယ်ဆိုတာ သင်နားလည်နိုင်ပါတယ်။ (ယေ. ၁:၈; မြည်. ၃:၅၇) ယေဟောဝါက သူ့လူတွေကိုလည်း အဲဒီလိုအားပေးဖို့ ယေရမိကိုပြောခဲ့တယ်။ (ယေရမိ ၄၆:၂၇ ကိုဖတ်ပါ။) အဲဒီအချက်ကနေ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။ အန္တရာယ်ထူပြောတဲ့ ဒီနောက်ဆုံးအချိန်မှာ ကျွန်တော်တို့လည်း တစ်ခါတလေ ကြောက်စိတ်ဝင်နိုင်တယ်။ အဲဒီလိုအခါမျိုးမှာ “မကြောက်နှင့်” လို့ပြောနေတဲ့ ယေဟောဝါရဲ့စကားကို ကျွန်တော်တို့ နားထောင်မလား။ ကြောက်စရာကောင်းတဲ့အချိန်မှာ ယေရမိကို ဘုရားသခင် ဘယ်လိုထောက်မပေးခဲ့တယ်ဆိုတာ ဒီစာအုပ်အစပိုင်းမှာ လေ့လာခဲ့ကြတယ်။ ကျွန်တော်တို့သင်ခန်းစာယူနိုင်ဖို့ အဲဒီတုန်းကဘာဖြစ်ခဲ့တယ်ဆိုတာကို အကျဉ်းချုပ်ပြန်သုံးသပ်ကြည့်ကြစို့။

၁၄၊ ၁၅။ (က) ယေရမိက အန္တရာယ်ရှိတဲ့ဘယ်လိုအခြေအနေကို ကြုံခဲ့ရသလဲ။ (ခ) ယေဟောဝါက ယေရမိကိုကာကွယ်မယ်ဆိုတဲ့ကတိအတိုင်း ဘယ်လိုလုပ်ဆောင်ခဲ့သလဲ။

၁၄ ဂျေရုဆလင်ကို ဗာဗုလုန်တွေရဲ့တိုက်ခိုက်မှု ပိုပြင်းထန်လာတဲ့အခါ လူတွေ အငတ်ဘေးကြုံခဲ့ရတယ်။ လူများစွာမှာ စားစရာမရှိတော့ဘူး။ (ယေ. ၃၇:၂၁၀) အငတ်ဘေးဆိုက်နေချိန်မှာ ယေရမိက သူ့သင်္ချိုင်းဖြစ်သွားနိုင်တဲ့ အကျဉ်းခန်းထဲမှာ ချုပ်ထားခံရတယ်။ ယုဒမင်းညီမင်းသားတွေက ပျော့ညံ့တဲ့ဘုရင်ဇေဒကိကို ယေရမိကိုသတ်မိန့်ပေးဖို့ ဖိအားပေးခဲ့တယ်။ အဲဒီနောက် သူတို့က ရေမရှိဘဲ ရွှံ့နွံတွေပဲရှိတဲ့ရေလှောင်ကန်ထဲ ယေရမိကို ပစ်ချကြတယ်။ ယေရမိက နွံထဲနစ်နေချိန်မှာ လွတ်လမ်းမရှိတော့ဘူးလို့ ထင်ခဲ့တယ်။ သင်လည်း အဲဒီနေရာမှာရှိရင် ကြောက်မှာပဲမဟုတ်လား။—ယေ. ၃၈:၄-၆။

၁၅ ယေရမိက ကျွန်တော်တို့လို သာမန်လူတစ်ယောက်ဖြစ်ပေမဲ့ သူ့ကို ဘယ်တော့မှမစွန့်ဘူးဆိုတဲ့ ယေဟောဝါရဲ့ကတိကို ယုံကြည်စိတ်ချခဲ့တယ်။ (ယေရမိ ၁၅:၂၀၊ ၂၁ ကိုဖတ်ပါ။) အဲဒီယုံကြည်မှုကို ယေဟောဝါ ဆုချခဲ့သလား။ ဆုချခဲ့တယ်ဆိုတာကို သင်သိပါတယ်။ မင်းညီမင်းသားတွေကိုဆန့်ကျင်ပြီး ယေရမိကိုကယ်ဖို့ ဧဗဒမေလက်ကို ဘုရားသခင်လှုံ့ဆော်ခဲ့တယ်။ ဧဗဒမေလက်က ဘုရင့်ခွင့်ပြုချက်အရ ယေရမိကို ရေလှောင်ကန်ထဲကနေဆွဲထုတ်ပြီး ရွှံ့နွံထဲသေရမယ့်အဖြစ်ကနေ ကယ်တင်ခဲ့တယ်။—ယေ. ၃၈:၇-၁၃။

၁၆။ ယေဟောဝါက သူ့အပေါ်သစ္စာရှိသူတွေကို ဘယ်လိုအန္တရာယ်တွေကနေ ကယ်တင်ခဲ့သလဲ။

၁၆ ယေရမိက ရေလှောင်ကန်ထဲကနေ လွတ်လာပေမဲ့ အန္တရာယ်ကင်းသွားတာတော့မဟုတ်ဘူး။ ဧဗဒမေလက်က “မြို့၌မုန့်ကုန်သောကြောင့် . . . ငတ်မွတ်၍သေပါလိမ့်မည်” လို့ပြောပြီး ယေရမိအတွက် ဘုရင့်ဆီ အသနားခံခဲ့တယ်။ (ယေ. ၃၈:၉) ဂျေရုဆလင်မှာ အစာရှားပါးလွန်းလို့ လူတွေက ဇာတ်တူသားစားရတဲ့ဘဝရောက်သွားတယ်။ ဒီတစ်ခါလည်း ယေဟောဝါက ယေရမိကိုကယ်ဖို့ လုပ်ဆောင်ခဲ့တယ်။ ယေရမိက ဧဗဒမေလက်ကို ယေဟောဝါကယ်မယ်ဆိုတဲ့ကတိကို ပြောပြခဲ့တယ်။ (ယေ. ၃၉:၁၆-၁၈) “သင့်ကိုကယ်နုတ်ခြင်းငှာ သင်နှင့်အတူငါရှိသည်” ဆိုတဲ့ ယေဟောဝါရဲ့ကတိကို ယေရမိ မမေ့ခဲ့ဘူး။ (ယေ. ၁:၈) တန်ခိုးအကြီဆုံးဘုရားသခင်က အဲဒီသစ္စာရှိသူနှစ်ယောက်ကိုစောင့်ရှောက်ပေးတဲ့အတွက် ဘယ်ရန်သူ၊ ဘယ်အငတ်ဘေးကမှ သူတို့ကို ဇာတ်သိမ်းသွားအောင် မလုပ်နိုင်ခဲ့ဘူး။ သူတို့က ပျက်စီးတော့မယ့်မြို့မှာမသေဘဲ လွတ်မြောက်ခဲ့တယ်။ ဒီကနေ ဘာသိနိုင်သလဲ။ ယေဟောဝါက ကာကွယ်မယ်လို့ ကတိပေးခဲ့ပြီး အဲဒီအတိုင်းလုပ်ဆောင်ခဲ့တယ်ဆိုတာ သိနိုင်တယ်။။—ယေ. ၄၀:၁-၄။

၁၇။ ယေဟောဝါက သူ့ကျေးကျွန်တွေကိုကာကွယ်မယ်ဆိုတဲ့ ကတိကို သင် ဘာကြောင့်ယုံကြည်စိတ်ချသင့်သလဲ။

၁၇ ဒီလောကစနစ်နိဂုံးပိုင်းနဲ့ပတ်သက်တဲ့ ယေရှုရဲ့ပရောဖက်ပြုချက်ပြည့်စုံမှုက အထွတ်အထိပ်ကို ရောက်ခါနီးနေပြီ။ မကြာခင်မှာ ‘နေ၊ လ၊ ကြယ်နက္ခတ်များ၌ နိမိတ်လက္ခဏာများ ထင်ရှားလိမ့်မယ်။ မြေကြီးပေါ်မှာလည်း . . . လူအမျိုးမျိုးတို့က အလွန်စိတ်ပူပန်၍ ကြံရာမရဖြစ်ကြလိမ့်မယ်။ လူတွေက မြေကြီးပေါ်၌ ဖြစ်ပျက်မည့်အရာများကိုမျှော်၍ ကြောက်လန့်သဖြင့် မေ့မြောသွားကြလိမ့်မယ်။’ (လု. ၂၁:၂၅၊ ၂၆) အဲဒီနိမိတ်လက္ခဏာတွေက ဘယ်လိုပုံစံနဲ့ပြည့်စုံလာမယ်၊ လူအများကြီးကို ဘယ်လိုကြောက်လန့်စေမယ်ဆိုတာကိုတော့ ကျွန်တော်တို့စောင့်ကြည့်ရအုံးမယ်။ ဘာပဲဖြစ်လာပါစေ၊ ယေဟောဝါက သူ့လူတွေကို ကယ်တင်နိုင်စွမ်းရှိပြီး ကယ်တင်ချင်စိတ်ရှိတယ်ဆိုတာကို သင် ဘယ်တော့မှသံသယဝင်စရာမလိုဘူး။ ကိုယ်တော့်မျက်နှာသာမရသူတွေကတော့ ကယ်တင်ခံရမှာမဟုတ်ဘူး။ (ယေရမိ ၈:၂၀; ၁၄:၉ တို့ကိုဖတ်ပါ။) ဘုရားသခင့်ကျေးကျွန်တွေက စိုစွတ်မှောင်မည်းနေတဲ့ ရေလှောင်ကန်ထဲရောက်နေသလို မျှော်လင့်ချက်မဲ့တဲ့အခြေအနေမျိုးကြုံရရင်တောင် သူတို့ကို ကိုယ်တော်ကယ်တင်နိုင်တယ်။ “ငါသည် သင့်ကို စင်စစ် ကယ်နုတ်မည်။ သင်သည် ဓားဖြင့်မဆုံးရ။ လက်ရဥစ္စာကဲ့သို့ ကိုယ်အသက်ကိုရလိမ့်မည်။ အကြောင်းမူကား သင်သည် ငါ့ကိုကိုးစားသောကြောင့်တည်းဟု ထာဝရဘုရားမိန့်တော်မူ၏” ဆိုပြီး ဧဗဒမေလက်ကိုပြောခဲ့တဲ့ ဘုရားသခင့်စကားတွေက ဒီနေ့ခေတ်မှာရှိတဲ့ ကိုယ်တော့်လူတွေနဲ့လည်း သက်ဆိုင်တယ်။—ယေ. ၃၉:၁၈။

စာမျက်နှာ ၁၉၀ ပါ ရုပ်ပုံ

သင့်အတွက်ရေးထားတဲ့ စကားများ

၁၈။ (က) ဘယ်စကားတွေက ယေရမိရဲ့ဘဝကို ပြောင်းလဲစေခဲ့သလဲ။ (ခ) ယေရမိ ၁:၇ မှာပါတဲ့ ဘုရားသခင့်မိန့်မှာချက်က သင့်အတွက် ဘာအဓိပ္ပာယ်ရှိသလဲ။

၁၈ “အကြင်သူရှိရာသို့ သင့်ကိုငါစေလွှတ်၏။ ထိုသူရှိရာသို့ သင်သွားရမည်။ အကြင်စကားကို ငါမှာထား၏။ ထိုစကားကို သင်ဆင့်ဆိုရမည်။” (ယေ. ၁:၇) ဘုရားသခင်ရဲ့ အဲဒီအမိန့်ကိုရတဲ့အချိန်ကစပြီး ယေရမိရဲ့ဘဝက တောက်လျှောက်ပြောင်းလဲသွားတယ်။ အဲဒီအချိန်ကစပြီး ယေရမိ အဓိကအာရုံစိုက်ခဲ့တဲ့အရာက ‘ထာဝရဘုရား၏စကား’ ကို ကြေညာဖို့ပဲ။ ယေရမိတစ်ကျမ်းလုံးမှာ အဲဒီစကားစုကို အကြိမ်ကြိမ်တွေ့ရတယ်။ ယေရမိကျမ်းရဲ့နောက်ဆုံးအခန်းကြီးမှာ ဂျေရုဆလင် သိမ်းပိုက်ခံရပြီး နောက်ဆုံးဘုရင်ဇေဒကိ ပြည်နှင်ခံရတဲ့အကြောင်း ရေးထားတယ်။ ယေရမိက သူ့တာဝန်ပြီးဆုံးပြီဆိုတာ သေချာတဲ့အချိန်အထိ ယုဒလူတွေကို ယေဟောဝါကိုနာခံဖို့ ဆက်ပြီးသွန်သင်တိုက်တွန်းခဲ့တယ်။

၁၉၊ ၂၀။ (က) ယေရမိရဲ့ဟောပြောခြင်းလုပ်ငန်းက သင့်အတွက် ဘာကြောင့်စံနမူနာဖြစ်သလဲ။ (ခ) ရွှင်လန်းမှုနဲ့ကျေနပ်မှုခံစားရခြင်းက ဟောပြောခြင်းလုပ်ငန်းမှာပါဝင်ခြင်းနဲ့ ဘယ်လိုဆက်စပ်သလဲ။ (ဂ) ယေရမိကျမ်းနဲ့ မြည်တမ်းစကားကျမ်းကို လေ့လာတာက သင့်အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ။

၁၉ ယေရမိရဲ့တာဝန်နဲ့ ဒီနေ့ခေတ်ယေဟောဝါသက်သေတွေရဲ့ဟောပြောခြင်းလုပ်ငန်းမှာ ဆင်တူချက်တွေအများကြီးရှိတယ်။ ယေရမိလိုပဲ သင်က တရားစီရင်ရာအချိန်မှာ စစ်မှန်တဲ့ဘုရားသခင်အတွက် အမှုဆောင်နေတယ်။ တခြားတာဝန်တွေအတွက် သင့်အချိန်နဲ့ခွန်အားတွေ သုံးရမှာဖြစ်ပေမဲ့ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းက ဒီအစီအစဉ်စနစ်မှာလုပ်ရမယ့် အရေးကြီးဆုံးလုပ်ငန်းဖြစ်တယ်။ သင်က ဟောပြောခြင်းလုပ်ငန်းအားဖြင့် ဘုရားသခင်ရဲ့မြင့်မြတ်တဲ့နာမည်ကို ချီးမွမ်းနိုင်တယ်၊ ကိုယ်တော်ဟာ စကြဝဠာပိုင်သအုပ်စိုးရှင်ဖြစ်ထိုက်ပြီး အကြွင်းမဲ့အခွင့်အာဏာရှိတယ်ဆိုတာကို အသိအမှတ်ပြုကြောင်း ပြနိုင်တယ်။ (မြည်တမ်းစကား ၅:၁၉ ကိုဖတ်ပါ။) စစ်မှန်တဲ့ဘုရားသခင်အကြောင်း၊ အသက်ရဖို့ ဘာလုပ်ရမယ်ဆိုတဲ့ ကိုယ်တော့်တောင်းဆိုချက်တွေအကြောင်း တခြားသူတွေသိလာအောင် ကူညီခြင်းအားဖြင့် သူတို့ကို မေတ္တာပြနိုင်တယ်။—ယေ. ၂၅:၃-၆။

၂၀ ယေရမိက သူ့ကို ယေဟောဝါပေးခဲ့တဲ့တာဝန်နဲ့ပတ်သက်ပြီး ‘ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား၊ . . . ကိုယ်တော်၏စကားသည် အကျွန်ုပ်ဝမ်းမြောက်ရွှင်လန်းစရာအကြောင်း ဖြစ်ပါ၏။ နာမတော်ဖြင့် အကျွန်ုပ်ကို ခေါ်ဝေါ်ပါ၏’ လို့ပြောခဲ့တယ်။ (ယေ. ၁၅:၁၆) ဒီနေ့လည်း စစ်မှန်တဲ့ဘုရားသခင်ကိုယ်စား ဟောပြောဖို့ လှုံ့ဆော်ခံရသူတိုင်းက အဲဒီလိုရွှင်လန်းမှုနဲ့ကျေနပ်မှုကို ခံစားရနိုင်တယ်။ ဒါကြောင့် သင်လည်း ယေရမိလိုပဲ ယေဟောဝါရဲ့စကားကို ဆက်ကြေညာသင့်ပါတယ်။

ယေရမိနဲ့ဧဗဒမေလက်ရဲ့ပုံနမူနာက သင့်ကို ရဲစွမ်းသတ္တိရှိဖို့ ဘယ်လိုကူညီပေးနိုင်သလဲ။ ဟောပြောခြင်းလုပ်ငန်းမှာ ယေရမိရဲ့ဘယ်အရည်အသွေးကို သင်အတုယူချင်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ