ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကက စာ. ၈၁-စာ. ၈၆
  • စာတန်မာရ်နတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာတန်မာရ်နတ်
  • ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဝိညာဏဘောင်တွင်ရှိ အစိုးရသူများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ထာဝရအသက်၏ ရန်သူတစ်ပါး
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • နိုးကြားနေပါ—သင့်ကို စာတန် ဝါးမျိုချင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • စာတန်
    နိုးလော့!—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
ကက စာ. ၈၁-စာ. ၈၆

စာတန်မာရ်နတ်

အဓိပ္ပာယ်သတ်မှတ်ချက်– ဘုရားမှန်ယေဟောဝါနှင့် ကိုယ်တော်ကိုကိုးကွယ်သူများ၏ အဓိကရန်သူ ဝိညာဉ်သတ္တဝါဖြစ်သည်။ သူသည် ယေဟောဝါကိုခုခံသူဖြစ်လာသောကြောင့် စာတန်ဟူသောအမည်ကိုရ၏။ စာတန်ကို မာရ်နတ်ဟုလည်းခေါ်၏။ ဘုရားသခင့်အသရေတော်ကို ထိပ်တန်းမှ ရှုတ်ချသောကြောင့်ဖြစ်၏။ ရှေးမြွေဟောင်းအဖြစ်လည်းဖော်ပြခံရသည်။ ဧဒင်၌ မြွေတစ်ကောင်ကိုသုံး၍ ဧဝကိုလှည့်ဖြားသောကြောင့်ဖြစ်သည်။ ထို့ကြောင့်လည်း “မြွေ” သည် “လှည့်ဖြားသူ” ကိုပုံဆောင်လေသည်။ ဗျာဒိတ်ကျမ်း၌ မျိုတတ်သောနဂါးအဖြစ်ဖြင့်လည်း ပုံခိုင်းထားသည်။

ထိုသို့သောဝိညာဉ်သတ္တဝါတစ်ပါး တကယ်ရှိကြောင်း မည်သို့သိနိုင်သနည်း

သမ္မာကျမ်းစာက အဓိကအထောက်အထားဖြစ်သည်။ သူ့အကြောင်းကို အမည်နှင့်တကွ အဖန်တလဲလဲ ညွှန်းဆိုထားသည်။ (စာတန် ၅၂ ကြိမ်၊ မာရ်နတ် ၃၃ ကြိမ်။) စာတန်ရှိသည်နှင့်ပတ်သက်သော မျက်မြင်သက်သေထွက်ဆိုချက်ကိုလည်း မှတ်တမ်းတင်ထားသည်။ မည်သူသည် မျက်မြင်သက်သေနည်း။ မြေကြီးပေါ်သို့ကြွမလာမီ ကောင်းကင်၌နေခဲ့သောယေရှုခရစ်က ကြိမ်ဖန်များစွာ ထိုဆိုးယုတ်သူအကြောင်းကို အမည်နှင့်တကွ မိန့်ဆိုသည်။​—လု. ၂၂:၃၁; ၁၀:၁၈; မ. ၂၅:၄၁။

စာတန်မာရ်နတ်ဆိုင်ရာကျမ်းစာအဆိုသည် အကျိုးအကြောင်းညီညွတ်၏။ လူသားတို့ကြုံကြိုက်သောဘေးဆိုးသည် လူလူချင်းရန်ငြိုး၏ပယောဂနှင့်မကင်းသော်လည်း ယင်းနှင့်အချိုးအစားမမျှအောင် ကြီးမားလှ၏။ စာတန်၏ဇာစ်မြစ်နှင့် သင်း၏လှုပ်ရှားမှုဆိုင်ရာ ကျမ်းစာရှင်းလင်းချက်ကို ထောက်လျှင် လူအများထုက ငြိမ်းချမ်းစွာနေလိုပါလျက်နှင့် လူသားတို့သည် အဘယ်ကြောင့် အနှစ်ထောင်နှင့်ချီ ပြီး မုန်းတီးမှု၊ ရမ်းကားသတ်ဖြတ်မှုနှင့် စစ်မက်တို့၏ဒဏ်ကို အလူးအလဲခံလျက်နေရကြောင်း၊ အဘယ်ကြောင့် ယခု လူသားတစ်မျိုးလုံး ပြုန်းတီးတော့မည့်ကိန်းပင်ဆိုက်နေသည့်အထိ ဆိုးရွားလာကြောင်း ရှင်းလင်းစွာနားလည်နိုင်သည်။

မာရ်နတ်တကယ်မရှိခဲ့ပါက သူနှင့်ပတ်သက်သောကျမ်းစာအဆိုကိုလက်ခံလျှင်လည်း ထာဝရအကျိုး ရမည်မဟုတ်။ သို့ရာတွင် အဖြစ်အပျက်များစွာတို့၌ မှော်အတတ်ကို အပျော်တမ်းလိုက်စားခဲ့သူများ၊ သို့မဟုတ်၊ နတ်ဝိဇ္ဇာအတတ်လိုက်စားသောအဖွဲ့ဝင်ဖြစ်ခဲ့သူများက မိမိတို့သည် ထိုယခင်အချိန်တွင် အရူပဌာနမှ “စကားသံများ” ကြားရခြင်း၊ “နတ်ပူး” ခံရခြင်း စသည်တို့ကြောင့် အလွန်စိတ်ဆင်းရဲခဲ့ရကြောင်း ဆိုကြပါသည်။ သူတို့သည် စာတန်နှင့်သူ၏နတ်ဆိုးများဆိုင်ရာ ကျမ်းစာတင်ပြချက်များကိုသိရှိပြီး ကျမ်းစာသြဝါဒကိုကျင့်သုံးကာ နတ်ဝိဇ္ဇာအတတ်များကိုရှောင်၍ ယေဟောဝါ၏မစမှုအတွက်ဆုတောင်းသောအခါ တကယ်ချမ်းသာရကြလေသည်။​—“နတ်ဝိဇ္ဇာ” ခေါင်းစဉ်အောက် စာမျက်နှာ ၁၅၂-၁၅၇ ကိုရှု။

စာတန်ရှိ၏ဟုယုံကြည်သည်ဆိုရာတွင် သူ၌ ချိုနှစ်ချောင်းနှင့်အမြီးချွန်ချွန်ပါပြီး ဆူးထောက်ခွကြီးကိုင်ကာ မီးငရဲထဲ၌ လူကိုမြှိုက်သည်ဟူသောအယူအား လက်ခံခြင်းကိုမဆိုလိုပါ။ စာတန်သည် ဤပုံမျိုးဖြစ်၏ဟု ကျမ်းစာမဆို။ အလယ်ခေတ်ကအနုပညာရှင်များ၏စိတ်ကူးလက်ရာများသာဖြစ်သည်။ ထိုပညာရှင်တို့သည် ဒဏ္ဍာရီထဲမှဂရိနတ်ဘုရား ပန် နှင့်ပတ်သက်သောသရုပ်ဖော်ချက်နှင့်၊ အီတာလျံကဗျာဆရာ ဒန်းတီးအလီဂျယ်ရီ (Dante Alighieri) ရေးသည့် Inferno (ငရဲ) အမည်ရှိကဗျာ၏ ဩဇာလွှမ်းမိုးမှုကိုခံရ၍ဖြစ်သည်။ ကျမ်းစာက မီးငရဲအယူကိုမသွန်သင်ဘဲ “သေသောသူမူကား အဘယ်အရာကိုမျှမသိ” ဟု ရှင်းလင်းစွာတင်ပြ၏။​—ဒေ. ၉:၅။

စာတန်ဟူသည် လူ့ကိုယ်တွင်းထဲကဉာဉ်ဆိုးပင်ဖြစ်သလော

ယောဘ ၁:၆-၁၂ နှင့် ၂:၁-၇ က ယေဟောဝါဘုရားသခင်နှင့်စာတန် အပြန်အလှန်ပြောဆိုသည်ကို ဖော်ပြထားသည်။ စာတန်သည် ကိုယ်တွင်းမှဉာဉ်ဆိုးမှန်လျှင် ထိုဉာဉ်ဆိုးသည် ယေဟောဝါ၏ကိုယ်တွင်းကဖြစ်ရလိမ့်မည်။ သို့ဆိုလျှင် ကိုယ်တော်သည် “မတရားသောအမှုနှင့် ကင်းလွတ်တော်မူသည်” ဟူသော ကျမ်းစာဖော်ပြချက်နှင့် လားလားကြီးဆန့်ကျင်ချေမည်။ (ဆာ. ၉၂:၁၅; ဗျာ. ၄:၈) မှတ်သားဖွယ်အချက်မှာ၊ ယောဘမှတ်တမ်း၌ ဟေဗြဲကျမ်းက has·Sa·tanʹ (ဟက်စ်စာတန်း [ထို စာတန်]) ဟူ၍ သုံးနှုန်းထားသဖြင့် ဘုရားသခင်ကိုအန်တုခြင်း၌ ပေါ်လွင်ထင်ရှားသောထိုသူကို ရည်ညွှန်းကြောင်းသိသာစေ၏။​—ကဘ ကျမ်းညွှန်းပါအတွဲမှ ဇာခရိ ၃:၁၊ ၂ ၏အောက်ခြေမှတ်ချက်ကိုလည်းရှု။

လုကာ ၄:၁-၁၃ က စာတန်သည် ယေရှုအား မိမိခိုင်းသည့်အတိုင်းလုပ်ဖို့ သွေးဆောင်ကြောင်းဖော်ပြသည်။ မာရ်နတ်အဆိုနှင့် ယေရှု၏အဖြေကို တင်ပြထားသည်။ ယေရှုသည် မိမိကိုယ်တွင်းမှ မကောင်းမှု၏သွေးဆောင်ခြင်းကိုခံနေရခြင်းလော။ ဤသို့ယူဆလျှင် ယေရှုသည် အပြစ်ကင်းသူဖြစ်သည်ဟူသော ကျမ်းစာဖော်ပြချက်နှင့် ကိုက်ညီတော့မည်မဟုတ်။ (ဟေဗြဲ ၇:၂၆; ၁ ပေ. ၂:၂၂) ယောဟန် ၆:၇၀ ၌ ဂရိစကား di·aʹbo·losʹ (ဒိုင်အားဘိုလော့စ်) ကို ယုဒရှကာရုတ်စိတ်တွင်းဖြစ်ပေါ်လာသည့် မကောင်းသောအရည်အသွေးတစ်ခုအဖြစ် သုံးသော်လည်း လုကာ ၄:၃ ၌ ho di·aʹbo·los (ဟိုဒိုင်အားဘိုလော့စ် [ထိုမာရ်နတ်]) ကိုအသုံးပြုသည်ဖြစ်၍ တစ်စုံတစ်ယောက်ကိုရည်ညွှန်းပေသည်။

စာတန်ကိုအပြစ်ဖို့ခြင်းမှာ တာဝန်ရှောင်လွှဲနည်းတစ်မျိုးမျှသာဖြစ်သလော

အချို့လူတို့သည် ကိုယ်လုပ်ပြီးမှ၊ စာတန်ပေါ်အပြစ်ပုံချကြသည်။ ကျမ်းစာကမူ လူသည် အခြားလူသားများကြောင့်ဖြစ်စေ၊ မည်သူမပြု မိမိမှုကြောင့်ဖြစ်စေ ဒုက္ခတွေ့ကြရခြင်းဖြစ်သည်မှာ အကြိမ်မနည်းကြောင်း တင်ပြ၏။ (ဒေ. ၈:၉; ဂလ. ၆:၇) သို့တစေ သမ္မာကျမ်းစာက လူသားတို့အပေါ် များစွာသောပူဆွေးမှုကျရောက်စေသော လူ့ထက်စွမ်းသည့် ရန်သူတစ်ပါးရှိကြောင်း၊ သူ၌ဉာဏ်နီဉာဏ်နက်များကြောင်း ကျွန်ုပ်တို့အား အသိမပေးဘဲမနေပါ။ သူ့လက်ခုပ်ထဲမှလွတ်မြောက်အောင် မည်သို့ ပြုရမည်ကို ဖော်ပြပေသည်။

စာတန်အဘယ်ကလာသနည်း

ယေဟောဝါ၏အမှုတော်အားလုံး စုံလင်ပေသည်။ ကိုယ်တော်သည် မဖြောင့်မတ်မှုကို အစပျိုးသူမဟုတ်။ ထို့ကြောင့် ဆိုးသွမ်းသူတစ်ဦးကိုမျှ ဖန်ဆင်းတော်မမူခဲ့။ (တရား. ၃၂:၄; ဆာ. ၅:၄) စာတန်ဖြစ်လာသူသည် အစ၌ စုံလင်သောဘုရားသားတစ်ပါးဖြစ်၏။ သူသည် “သစ္စာတရား၌ မတည်မနေ” ဟု ယေရှုဆိုရာ၌ တစ်ချိန်က ‘သစ္စာတရား၌တည်’ ဖူးကြောင်း ပြသည်။ (ယော. ၈:၄၄) သို့သော် ဤဝိညာဉ်သားသည် ဘုရားသခင်၏ အသိဉာဏ်ရှိသတ္တဝါများအားလုံးနည်းတူ စိတ်ကြိုက်ရွေးချယ်ပြုလုပ်နိုင်ခွင့် ရထားသည်။ သူသည် ကြိုက်ရာလုပ်နိုင်သောလွတ်လပ်မှုကို အလွဲသုံးခဲ့၏။ နှလုံးထဲ၌ မာနစိတ်ပေါ်ခွင့်ပြု၏။ ဘုရားသခင်သာခံထိုက်သော သူတစ်ပါး၏ဝတ်ပြုခြင်းကို ခုံမင်လာသဖြင့် ဘုရားသခင်ကိုနားထောင်မည့်အစား မိမိကိုနာခံကြရန် အာဒံနှင့်ဧဝတို့အား သွေးဆောင်လေတော့သည်။ ထို့ကြောင့် မိမိလုပ်ရပ်ဖြင့် မိမိကိုယ်ကို စာတန်ဖြစ်စေ၏။ စာတန်၏အဓိပ္ပာယ်မှာ “ရန်ဘက်” ပင်ဖြစ်၏။—ယာ. ၁:၁၄၊ ၁၅; “အပြစ်” ခေါင်းစဉ်အောက် စာမျက်နှာ ၃၈၄၊ ၃၈၅ ကိုလည်းရှု။

ဘုရားသခင်သည် စာတန်ပုန်ကန်လျှင်ပုန်ကန်ချင်း အဘယ်ကြောင့် သူ့ကိုမဖျက်ဆီးလိုက်သနည်း

စာတန်သည် ကြီးလေးသောအောက်ပါပုစ္ဆာများကို ဖြစ်ပေါ်စေခဲ့သည်။ (၁) ယေဟောဝါ၏အချုပ်အခြာအာဏာသည် ဖြောင့်မတ်ခြင်းရှိမရှိ၊ ၄င်းအာဏာကို ကိုယ်တော် ရပိုင်ခွင့်ရှိမရှိ။ ယေဟောဝါသည် ပျော်ရွှင်မှုကိုအထောက်အကူပြုသော လွတ်လပ်ခွင့်ကို လူသားတို့အား မပေးဘဲနေသလော။ လူသားတို့သည် အမှန်ပင် ဘုရားသခင်ကိုနာခံမှသာ မိမိတို့အမှုအရေးကို ပိုင်နိုင်စွာထိန်းကွပ်ပြီး ဆက်လက်အသက်ရှင်သွားနိုင်မည်လော။ ကိုယ်တော်သည် မနာခံလျှင်သေရမည် ဟူသောပညတ်ကို ထုတ်ပြန်တော်မူရာ၌ မရိုးသားသည့်သဘောပါသလော။ (က. ၂:၁၆၊ ၁၇; ၃:၃-၅) ထို့ကြောင့် ယေဟောဝါ၌ အုပ်စိုးပိုင်ခွင့် တကယ်ပင်ရှိ၏လော။ (၂) အသိဉာဏ်ရှိသတ္တဝါများ ယေဟောဝါပေါ်သစ္စာရှိမရှိ။ အာဒံနှင့်ဧဝတို့၏ဖောက်ပြန်မှုကြောင့် အောက်ပါမေးခွန်းပေါ်လာသည်။ ယေဟောဝါ၏ကျေးကျွန်တို့သည် ကိုယ်တော်ကိုတကယ်ပင်ချစ်၍ အမိန့်တော်ကိုနာခံကြခြင်းလော။ သို့မဟုတ်၊ သူတို့အားလုံး ဘုရားသခင်ကိုစွန့်၍ စာတန့်နောက်သို့ လိုက်ကြမည်လော။ စာတန်သည် ယောဘလက်ထက်၌ ထိုပြဿနာကို ဆင့်ပွားစေခဲ့သည်။ (က. ၃:၆; ယောဘ ၁:၈-၁၁; ၂:၃-၅; လုကာ ၂၂:၃၁ ကိုလည်းရှု။) သူပုန်များကို အဆုံးစီရင်လိုက်ရုံနှင့် ထိုပြဿနာများ ပြေလည်သွားမည်မဟုတ်။

ဘုရားသခင်သည် ကိုယ့်အဖို့ တစ်ခုခုသက်သေပြရန် လို၍မဟုတ်။ သို့တစေ၊ ထိုပြဿနာများကြောင့် စကြဝဠာ၏ငြိမ်းချမ်းရေးနှင့်ကောင်းကျိုး နောက်တစ်ဖန် အနှောင့်အယှက်မတွေ့ရလေအောင် ၎င်းတို့ကို သံသယကင်းသည်တိုင် အပြီးဖြေရှင်းဖို့ အချိန်လုံလောက်စွာ ပေးတော်မူ၏။ အာဒံနှင့်ဧဝတို့ ဘုရားသခင်ကိုပုန်ကန်သည်နှင့်အမျှ သေကြရကြောင်း နောက်ပိုင်း၌ ထင်ရှားလာသည်။ (က. ၅:၅) သို့သော် ပြဿနာမှာ ဤမျှသာမဟုတ်။ ထို့ကြောင့် မိမိတို့ဖန်တီးသော အဘယ်အစိုးရဖြင့်မဆို စမ်းသပ်အုပ်ချုပ်ကြည့်ရန် စာတန်နှင့်လူသားတို့အား အခွင့်ပေးတော်မူ၏။ အဘယ်အစိုးရကမျှ အဓွန့်ရှည်သောပျော်ရွှင်မှုကို မဖြစ်ထွန်းစေခဲ့ပါ။ မိမိ၏ဖြောင့်မတ်သောစံများကိုဥပေက္ခာပြုပြီး ထင်သလိုနေရန် လူသားတို့အား အဆုံးစွန် ခွင့်ပြုတော်မူခဲ့ပြီ။ အကျိုးရလဒ်ကား အထင်းသား။ ကျမ်းစာဆိုသည့်အတိုင်း မှန်လှပေ၏။ လူသည် “သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်။” (ယေ. ၁၀:၂၃) တစ်ချိန်တည်းတွင် ဖြားယောင်းသွေးဆောင်မှုနှင့် စာတန်မီးထိုးသောညှဉ်းဆဲမှုကို ရင်ဆိုင်ရလျက်ကယ် ဘုရားသခင်ကိုချစ်၍နာခံခြင်းဖြင့် ကိုယ်တော်ပေါ်မိမိတို့သစ္စာစောင့်ကြောင်း သက်သေပြနိုင်သောအခွင့်အရေးကို ကျေးကျွန်တော်တို့အား ပေးတော်မူလေပြီ။ ယေဟောဝါက ကျေးကျွန်တော်တို့အား ဤသို့တိုက်တွန်းတော်မူ၏– “ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင်၊ ငါ့စိတ်ကို ရွှင်လန်းစေလော့။” (သု. ၂၇:၁၁) သစ္စာမြဲသူတို့သည် ယခုပင် ကြီးစွာသောအကျိုးကိုရိတ်သိမ်းရပြီး နောင်၌လည်း စုံလင်သောထာဝရအသက်ရဖို့မျှော်လင့်ချက်ရှိ၏။ သူတို့သည် ထိုအသက်တာကိုအသုံးပြုပြီး ယေဟောဝါအလိုတော်ကိုဆောင်ရွက်ကြလိမ့်မည်။ သူတို့သည် ကိုယ်တော့်ပင်ကိုစရိုက်နှင့် နည်းလမ်းတော်ကို တကယ်မြတ်နိုးကြ၍တည်း။

စာတန်သည် ယနေ့လောကတွင် မည်မျှတန်ခိုးသြဇာကြီးသောသူဖြစ်သနည်း

ယေရှုခရစ်က စာတန့်ကို “လောကမင်း” အဖြစ်ညွှန်းဆို၏။ လူသားအများသည် စာတန်တိုက်တွန်းသည့်အတိုင်း ဘုရားသခင့်တောင်းဆိုချက်များကို ဥပေက္ခာပြုပြီး သူ့ကို နာခံကြသည်။ (ယော. ၁၄:၃၀၊ သမ; ဧ. ၂:၂) ကျမ်းစာက သူ့ကို “ဤစနစ်၏ဘုရား” ဟူ၍လည်း သမုတ်သည်။ ဤစနစ်ကိုဆည်းကပ်သူတို့က မိမိတို့၏ဘာသာတရားဓလေ့များကိုကျင့်သုံးခြင်းဖြင့် သူ့ကိုရှိခိုးကိုးကွယ်ကြသည်။​—၂ ကော. ၄:၄၊ ကဘ; ၁ ကော. ၁၀:၂၀။

စာတန်သည် ယေရှုခရစ်ကိုဖြားယောင်းလိုသဖြင့် သူ့ကို “ဆောင်သွား၍ ဤလောက၌ရှိသမျှသော တိုင်းနိုင်ငံတို့ကို တစ်ခဏချင်းတွင် ပြညွှန်၍ ဤဘုန်းတန်ခိုးအာနုဘော်ရှိသမျှကို ငါ၌အပ်ခဲ့ပြီ။ ငါသည် ပေးလိုသောသူအား ပေးရသည်ဖြစ်၍ ကိုယ်တော်အား ပေးပါမည်။ ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည် ကိုယ်တော်၏ဥစ္စာဖြစ်လိမ့်မည်ဟု လျှောက်လေ၏။” (လု. ၄:၅-၇) ဗျာဒိတ် ၁၃:၁၊ ၂ က စာတန်သည် ‘မိမိတန်ခိုး၊ ပလ္လင်နှင့် ကြီးစွာသော အာဏာစက်’ ကို ကမ္ဘာ့နိုင်ငံရေးအုပ်ချုပ်မှုစနစ်အား ပေးကြောင်း ဖော်ပြ၏။ သူ့လက်အောက်၌ ကမ္ဘာ့အဓိကနိုင်ငံများအပေါ်စိုးမိုးသော နတ်ဆိုးမင်းများရှိကြောင်း ဒံယေလ ၁၀:၁၃၊ ၂၀ က ထုတ်ဖော်တင်ပြ၏။ ၎င်းတို့ကို ဧဖက် ၆:၁၂ က ‘အစိုးရများ၊ အာဏာပိုင်များ၊ အမှောင်ထုကိုအစိုးရသော ကမ္ဘာ့မင်းစိုးရာဇာများ၊ ကောင်းကင်အရပ်ရှိနတ်ဆိုးအင်အားစုများ’ ဟူ၍ ညွှန်းဆိုသည်။

ထို့ကြောင့် ၁ ယောဟန် ၅:၁၉ (သမ) က “တစ်လောကလုံးသည် မာရ်နတ်၏လက်တွင်း၌ ရှိနေ” သည်ဟုဆိုခြင်းမှာ အဆန်းမဟုတ်။ သို့ရာတွင် သူ၏အာဏာသည် အချိန်အကန့်အသတ်နှင့်ဖြစ်၏။ အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်သော ယေဟောဝါ သည်းခံလျက်နေ၍သာ တည်နေခြင်းဖြစ်သည်။

စာတန်အား လူသားတို့ကိုလှည့်စားရန် မည်မျှကြာ ခွင့်ပြုတော်မူမည်နည်း

စာတန့်စနစ်ဆိုး၏နောက်ဆုံးနေ့ရက်များအတွင်း ကျွန်ုပ်တို့ရောက်နေပြီဖြစ်ကြောင်း သာဓကအနေနှင့် “သက္ကရာဇ်နေ့စွဲများ” ခေါင်းစဉ်အောက် စာမျက်နှာ ၃၃၇-၃၄၀ နှင့် “နောက်ဆုံးကာလ” ခေါင်းစဉ်တို့ကိုရှု။

စာတန့်သြဇာဆိုးမှလွတ်မြောက်ခြင်းအစီအစဉ်ကို အောက်ပါပုံဆောင်စကားဖြင့်တင်ပြထား၏။ “တစ်ဖန် ကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏သော့နှင့် သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်ကဆင်းသက်သည်ကို ငါမြင်၏။ ရှေးမြွေဟောင်း၊ မာရ်နတ်စာတန်တည်းဟူသော နဂါးကိုကိုင်ဖမ်း၍ အနှစ်တစ်ထောင်ဖို့ချည်နှောင်လေ၏။ အနှစ်တစ်ထောင်မကုန်မီတိုင်အောင် လူအမျိုးမျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း၊ အနက်ဆုံးသောတွင်းထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခတ်လေ၏။ အနှစ်တစ်ထောင်ကုန်ပြီးမှ တစ်ဖန် ခဏလွှတ်ရဦးမည်။” (ဗျာ. ၂၀:၁-၃) ထို့နောက် ဘာဖြစ်မည်နည်း။ “သူတို့ကိုလှည့်ဖြားသောမာရ်နတ်ကို . . . ကန့်နှင့်ရောနှောသောမီးအိုင်ထဲသို့ချပစ်” လိမ့်မည်။ (ဗျာ. ၂၀:၁၀) ၎င်းသည် ဘာကိုဆိုလိုသနည်း။ ဗျာဒိတ် ၂၁:၈ က “ဒုတိယသေခြင်း” ဖြစ်သည်ဟု ဆို၏။ သူသည် ထာဝစဉ်ပျောက်ကွယ်သွားမည်တည်း။

စာတန်ကို ‘တွင်းနက်ထဲချပစ်ခြင်း’ မှာအနှစ် ၁,၀၀၀ အတွင်းလူတစ်ယောက်ကိုမျှမလှည့်ဖြားစေနိုင်အောင် သူ့အား လူမဲ့ကမ္ဘာတွင် အကျယ်ချုပ်ထားခြင်းလော

အချို့က ဤအယူကိုထောက်ခံရန် (စာမျက်နှာ ၈၅ ၌ကိုးကားသော) ဗျာဒိတ် ၂၀:၃ ကိုညွှန်းကြ၏။ “တွင်းနက်ကြီး” (သက) ဟူသည် လူမနေသည့်ကမ္ဘာကိုပုံခိုင်းသည်ဟု ဆိုကြသည်။ မှန်သလော။ ဗျာဒိတ် ၁၂:၇-၉၊ ၁၂ အရ၊ စာတန်သည် ကောင်းကင်မှမြေကြီးသို့ “ချ” ခြင်းခံရ၍ အချိန်အတန်ကြာကုန်လွန်ပြီးမှ “တွင်းနက်ကြီး” ထဲသို့ချပစ်ခြင်းခံရမည်ဖြစ်၏။ ထို့ကြောင့် ဗျာဒိတ် ၂၀:၃ က စာတန်ကို “တွင်းနက်ကြီးထဲသို့ပစ်ချ” သည်ဆိုရာ၌ သူ့ကိုလူတို့မမြင်ရသော်လည်း နဂိုအချုပ်ခံရာကမ္ဘာ့ဝန်းကျင်၌ ထားမြဲထားရစ်ခြင်းသာဖြစ်မည်မဟုတ်။ “အနှစ်တစ်ထောင်မကုန်မီတိုင်အောင် လူအမျိုးမျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း” သူ့ကို ထိုနေရာမှ အဝေးသို့ဖယ်ရှားလိုက်မည်။ ဗျာဒိတ် ၂၀:၃ အရ၊ အနှစ်တစ်ထောင်ကုန်သောအခါ တွင်းနက်ကြီးထဲမှလွတ်လာမည့်သူမှာ လူအမျိုးမျိုးမဟုတ်၊ စာတန်သာဖြစ်ကြောင်း သတိပြုပါ။ စာတန်လွတ်လာသောအခါ ထိုလူအမျိုးမျိုးအဖြစ်ဖွဲ့စည်းသောလူတို့သည် ရှိနှင့်ပြီးဖြစ်မည်။

ဆိုခဲ့သည့်အယူကိုထောက်ခံရန် တစ်ခါတစ်ရံ ဟေရှာယ ၂၄:၁-၆ (သမ) နှင့် ယေရမိ ၄:၂၃-၂၉ တို့ကို ကိုးကားကြသည်။ ထိုကျမ်းချက်များက ဤသို့ဆို၏– “ကြည့်လော့။ . . . ထာဝရဘုရားသည် မြေပထဝီကိုမှောက်လှန်၍ လဟာသက်သက်ဖြစ်စေတော်မူ [မည်။] . . . မြေပထဝီသည် လုယက်ဖျက်ဆီးခြင်းခံရလျက် လဟာသက်သက်ဖြစ်လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ [၏။]” “ငါသည် မြေကြီးကိုကြည့်ရှု၍ လွတ်လပ်လဟာဖြစ်၏။ . . . ငါကြည့်ရှု၍ လူမရှိ။ . . . ထာဝရဘုရားမိန့်တော်မူသည်ကား၊ တစ်ပြည်လုံးပျက်စီးရာဖြစ်လိမ့်မည်။ . . . မြို့ရှိသမျှတို့ကို စွန့်ပစ်၍ နေသောသူတစ်ယောက်မျှမရှိရ။” ဤအနာဂတ္တိစကားများက ဘာကိုဆိုလိုသနည်း။ ၎င်းတို့သည် ယေရုရှလင်မြို့နှင့်ယုဒပြည်အပေါ် အဦးဆုံးပြည့်စုံခဲ့သည်။ ယေဟောဝါသည် ထိုပြည်ကိုတရားစီရင်သည့်အနေနှင့် ဗာဗုလုန်လူတို့အား ချင်းနင်းဝင်ရောက်စေသည်။ ၎င်းသည် အဆုံး၌ လူမနေသည့်အဖြစ်သို့ရောက်ခဲ့ရသည်။ (ယေရမိ ၃၆:၂၉ ကိုရှု။) သို့ရာတွင် တစ်ကမ္ဘာလုံး လူမနေအောင် ပြုတော်မမူခဲ့။ ယခုလည်း ထိုသို့ပြုတော်မူမည်မဟုတ်။ (“မြေကြီး” ခေါင်းစဉ်အောက်၊ စာမျက်နှာ ၂၂၇-၂၃၀ နှင့် “ကောင်းကင်” ခေါင်းစဉ်တို့ကိုလည်းရှု။) သို့သော်၊ သစ္စာမဲ့ယေရုရှလင်မြို့၏ပုံတူဖြစ်သော၊ မိမိ၏ညစ်ညမ်းသောအကျင့်များဖြင့် ဘုရားသခင့်နာမတော်ကိုကဲ့ရဲ့ဖွယ်ဖြစ်စေသော ခရစ်ယာန်ဘောင်ကို စာတန့်ရူပအဖွဲ့အစည်း၏ကျန်အပိုင်းများနှင့်တကွ ဖျက်ဆီးသဖြင့် လူခြေတိတ်စေတော်မူမည်။

ကမ္ဘာတစ်ဝန်းလုံးသည် လူနေမဲ့ဖြစ်မည့်အစား၊ ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်မှုအတွင်း၊ စာတန်တွင်းနက်ကြီးထဲ၌ရှိခိုက် ပရဒိသုဖြစ်လာလိမ့်မည်။ (“ပရဒိသု” ကိုရှု။)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ