‘လူများတို့ကို စုဝေးစေလော့’
၁။ ဒီနေ့ခေတ် ခရိုင်စည်းဝေးနဲ့ အပြည်ပြည်ဆိုင်ရာ စည်းဝေးတွေက ရှေးအစ္စရေးတွေရဲ့ ဆိုင်းနိုင်းတောင်ခြေမှာ စုဝေးမှုနဲ့ ဘယ်လိုတူသလဲ။
၁ အီဂျစ်ပြည်က ထွက်လာပြီး မကြာခင်မှာပဲ ယေဟောဝါဘုရားရဲ့ စကားကို ကြားနာဖို့ ဆိုင်းနိုင်းတောင်ခြေမှာ ‘လူများတို့ကို စုဝေးစေ’ ပါဆိုပြီး မောရှေ မိန့်မှာခံရတယ်။ ရည်ရွယ်ချက်က ကိုယ်တော့်ကို သူတို့ ကြောက်ရွံ့ရိုသေပြီး သားမြေးတွေကို သွန်သင်ပေးနိုင်ဖို့ဖြစ်တယ်။ (တရား. ၄:၁၀-၁၃) အမှတ်ရစရာ အဲဒီစုဝေးမှုက သူတို့ရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေခဲ့မှာ သေချာတယ်။ ဒီနေ့ခေတ် ယေဟောဝါဘုရားရဲ့ လူတွေလည်း ကိုယ်တော့်သွန်သင်ချက်တွေကို ခံယူဖို့ မကြာခင် ကျင်းပမယ့် ခရိုင်စည်းဝေးနဲ့ အပြည်ပြည်ဆိုင်ရာ စည်းဝေးတွေမှာ စုဝေးကြပါလိမ့်မယ်။ အဲဒီစည်းဝေးတွေကနေ အကျိုးအပြည့်အဝရရှိဖို့ ကျွန်ုပ်တို့ ဘာလုပ်ရမလဲ။
၂။ စည်းဝေးအတွက် “အသင့်ရှိ” နေဖို့ ဘာတွေလုပ်ထားရမလဲ။
၂ “အသင့်ရှိနေစေလော့”– ဆိုင်းနိုင်းတောင်မှာ သမိုင်းဝင်စည်းဝေး တက်ရောက်ဖို့ “အသင့်ရှိနေ” ပါဆိုပြီး အစ္စရေးလူတွေကို ယေဟောဝါဘုရား မိန့်မှာခဲ့တယ်။ (ထွ. ၁၉:၁၀၊ ၁၁) ဒီနေ့အချိန်မှာလည်း စည်းဝေးအစီအစဉ်မှာ ပါဝင်မယ့်သူတွေလောက်သာမဟုတ်ဘဲ တက်ရောက်မယ့်သူအားလုံးဟာ စည်းဝေးအတွက် အသင့်ပြင်ဆင်ထားဖို့လိုတယ်။ ဥပမာ၊ အလုပ်ကနေ ခွင့်ယူဖို့ ပြင်ဆင်ထားရမယ်။ သင် ခွင့်ယူဖို့စီစဉ်တဲ့အခါ နေဟမိ ကြုံခဲ့ရတဲ့ အခြေအနေမျိုးနဲ့ ကြုံရနိုင်တယ်။ ဘုရင်အာတဇေရဇ်ရဲ့ ဖလားတော်ဝန် နေဟမိဟာ ဂျေရုဆလင်မြို့ကို ပြန်ပြီး မြို့ရိုးတည်ဆောက်နိုင်ဖို့ အလုပ်ကနေ ခွင့်ယူချင်နေတယ်။ ဒါပေမဲ့ ဘုရင်က သဘောတူမှာ မဟုတ်ဘူးဆိုတာ သူသိတယ်။ ဒါကြောင့် သူဟာ ဆုတောင်းပြီး သေချာစဉ်းစားထားတဲ့ စကားတွေကို ယဉ်ယဉ်ကျေးကျေး၊ သတ္တိရှိရှိ လျှောက်တင်ခဲ့တယ်။ အဲဒီအခါ ဘုရင်က ခွင့်ပြုတဲ့အပြင် မြို့ရိုးတည်ဆောက်နိုင်ဖို့ လိုအပ်တာတွေကိုပါ ထောက်ပံ့ပေးခဲ့တယ်။ (နေ. ၂:၁-၉) သင်ကော စည်းဝေးအတွက် အလုပ်ကနေ ခွင့်ယူဖို့အပြင် ခရီးသွားဖို့နဲ့ တည်းခိုဖို့ပါ စီစဉ်ထားပြီးပြီလား။ အကူအညီလိုမယ်ဆိုရင် အကြီးအကဲတွေဘက်က ကူညီပေးဖို့ အသင့်ပါပဲ။ စည်းဝေးကို စောစောရောက်ဖို့နဲ့ ကြားရမယ့်အရာတွေကို “သာမန်ထက် ပို၍အာရုံစိုက်” နိုင်ဖို့ အသင့်ပြင်ဆင်ထားပါ။—ဟေဗြဲ ၂:၁။
၃။ စည်းဝေးအစီအစဉ်အတွက် ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးကို ပြင်ဆင်ဖို့ ဘယ်အရာက ကူညီပေးနိုင်သလဲ။
၃ ကောင်းကောင်းနားထောင်ပြီး သင်ယူနိုင်ဖို့ ပြင်ဆင်ထားရမယ့် နောက်ကဏ္ဍတစ်ခုကတော့ ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးဖြစ်တယ်။ (ဧဇ. ၇:၁၀) စည်းဝေးမှာကြားရမယ့် ဟောပြောချက်ခေါင်းစဉ်အားလုံးနဲ့ ခေါင်းစဉ်တစ်ခုစီအတွက် အဓိကကျမ်းချက် တစ်ချက်နှစ်ချက်ပါတဲ့ အစီအစဉ်စာရွက်ကို jw.org/mya ဝက်ဘ်ဆိုက်မှာ ကြိုပြီးတင်ထားပေးမှာဖြစ်တယ်။ ခရိုင်စည်းဝေးမတိုင်ခင် အပတ်တွေမှာ အဲဒီအချက်အလက်တွေကို မိသားစုဝတ်ပြုမှုမှာ ထည့်ဆွေးနွေးတာ ကောင်းပါတယ်။
၄။ မိဘတွေဟာ စည်းဝေးအစီအစဉ်ကို အသုံးပြုပြီး ကလေးတွေကို ဘယ်လိုသွန်သင်ပေးနိုင်သလဲ။
၄ ‘သားမြေးတွေကို သွန်သင်’ ပါ– ဆိုင်းနိုင်းတောင်ခြေမှာ စုဝေးရတဲ့ နောက်ရည်ရွယ်ချက်တစ်ခုက အစ္စရေးမိဘတွေဟာ ‘သားမြေးတွေကို သွန်သင်’ ပေးဖို့ဖြစ်တယ်။ (တရား. ၄:၁၀) မကြာခင် ကျင်းပတော့မယ့် စည်းဝေးမှာလည်း မိဘတွေဟာ သားသမီးတွေကို သွန်သင်ပေးဖို့ အခွင့်အရေး ရရှိပါလိမ့်မယ်။ အစီအစဉ်အတွင်း မိဘတွေဟာ ကလေးတွေကို ကိုယ့်ဘေးနားထိုင်ခိုင်းပြီး အာရုံမပျံ့လွင့်စေဖို့ ကူညီပေးသင့်တယ်။ စည်းဝေးတစ်ရက်ပြီးတိုင်း အိမ်ပြန်ရောက်တဲ့အခါမှာ၊ နောက်ပိုင်းပြုလုပ်မယ့် မိသားစုဝတ်ပြုမှုမှာ စည်းဝေးရဲ့ အကြောင်းအရာတွေကို အတူတူ ပြန်ဆွေးနွေးနိုင်ပါတယ်။
၅။ မကြာမီ ကျင်းပတော့မယ့် စည်းဝေးကို တက်ရောက်ခြင်းကနေ ဘာအကျိုးကျေးဇူးရရှိမလဲ။
၅ ဆိုင်းနိုင်းတောင်ခြေမှာ စုဝေးမှုက ဘုရားလူမျိုးဖြစ်ခွင့်ကို တန်ဖိုးထားလေးမြတ်ဖို့ အစ္စရေးလူတွေကို ထောက်ကူပေးခဲ့တယ်။ (တရား. ၄:၇၊ ၈) မကြာမီ ကျင်းပတော့မယ့် စည်းဝေးကလည်း အလားတူ အကျိုးကျေးဇူးရစေဖို့ ရည်ရွယ်ထားပါတယ်။ စည်းဝေးကျင်းပမယ့် ၃ ရက်အတွင်းမှာ ခက်ခဲကြမ်းတမ်းတဲ့ စာတန့်ဝန်းကျင်ကနေ ထွက်လာနိုင်မယ့်အပြင် ပုံဆောင်ပရဒိသုမှာ ညီအစ်ကို၊ ညီအစ်မတွေနဲ့ ပေါင်းသင်းခွင့်ရပြီး လန်းဆန်းပျော်ရွှင်လာပါလိမ့်မယ်။ (ဟေရှာ. ၃၅:၇-၉) ယေဟောဝါဘုရားရဲ့နေ့ကြီး နီးလာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက် အားပေးမှုဖြစ်စေတဲ့ ဒီလိုစည်းဝေးအစီအစဉ်တွေကို မလွတ်တမ်း တက်ရောက်ကြပါစို့။—ဟေဗြဲ ၁၀:၂၄၊ ၂၅။