ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁၀/၁၅ စာ. ၁၉-၂၄
  • အမည်နှင့်လိုက်ဖက်သော ယေရုရှလင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမည်နှင့်လိုက်ဖက်သော ယေရုရှလင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထူးခြားလှသော အစည်းအဝေးနေ့
  • ရွှင်လန်းဖွယ်နောက်စုဝေးချိန်တစ်ခု
  • ဘုရားသခင့်အိမ်တော်ကို ကျွန်ုပ်တို့လျစ်လျူမရှုသင့်
  • ရွှင်လန်းဖွယ်အပ်နှံပွဲ
  • ထာဝရရွှင်လန်းစရာအကြောင်း
  • ယေရုရှလင်—ယင်းကို ‘သင်၏ အမြတ်ဆုံးသောဝမ်းမြောက်ခြင်း အကြောင်းထက်အမြတ်ထား’ သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • နေဟမိကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဂျေရုဆလင်မြို့ရိုး
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ယေရုရှလင်မြို့ရိုးအကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁၀/၁၅ စာ. ၁၉-၂၄

အမည်နှင့်လိုက်ဖက်သော ယေရုရှလင်

“ငါဖန်ဆင်းလတ္တံ့သောအရာကြောင့် . . . အစဉ်အမြဲဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်။ ယေရုရှလင်မြို့ကိုဝမ်းမြောက်စရာအကြောင်း . . . ဖြစ်စေခြင်းငှာ ငါဖန်ဆင်း၏။”—ဟေရှာယ ၆၅:၁၈။

၁။ ဘုရားသခင်ရွေးချယ်ထားသောမြို့အပေါ် ဧဇရသည် မည်သို့သဘောထားခဲ့သနည်း။

ဘုရားသခင့်နှုတ်မြွက်စကားကို ထက်သန်စွာလေ့လာသူတစ်ဦးအနေဖြင့် ဂျူးယဇ်ပုရောဟိတ်ဧဇရသည် ယေဟောဝါ၏စင်ကြယ်သောဝတ်ပြုရေးနှင့် ယေရုရှလင်မြို့ တစ်ချိန်ကပတ်သက်ခဲ့သည်ကို တန်ဖိုးထား၏။ (တရားဟောရာ ၁၂:၅; ဧဇရ ၇:၂၇) သူသည် သမ္မာကျမ်းစာ၏အစိတ်အပိုင်းဖြစ်သော ရာဇဝင်ချုပ်ပထမစာစောင်၊ ဒုတိယစာစောင်နှင့် ဧဇရကျမ်းတို့ကိုရေးသားရန် လှုံ့ဆော်ခံခဲ့ရရာ ဘုရားသခင့်မြို့တော်အပေါ် သူ၏ချစ်မြတ်နိုးမှု ထိုတွင်ထင်ရှားသည်။ သမ္မာကျမ်းစာတစ်အုပ်လုံးတွင် ယေရုရှလင်အမည် ၈၀၀ ကျော်ပါသည့်အနက် ယင်း၏လေးပုံတစ်ပုံနီးပါးကို ဤသမိုင်းမှတ်တမ်းများတွင်တွေ့ရှိရသည်။

၂။ ယေရုရှလင်အမည်၏ထူးခြားချက်တွင် မည်သည့်ပရောဖက်ပြုချက်ဆိုင်ရာ အဓိပ္ပာယ်ကိုမြင်တွေ့နိုင်သနည်း။

၂ သမ္မာကျမ်းစာဆိုင်ရာ ဟေဗြဲစကားတွင် “ယေရုရှလင်” ကိုနှစ်မျိုးပြကိန်းဟုခေါ်သော ဟေဗြဲဘာသာစကားပုံစံအတိုင်း နားလည်နိုင်သည်။ နှစ်မျိုးပြကိန်းကို များသောအားဖြင့် မျက်စိများ၊ နားများ၊ လက်များနှင့် ခြေထောက်များစသည့် အစုံလိုက်ရှိသည့်အရာများအတွက် အသုံးပြုလေ့ရှိသည်။ ဤနှစ်မျိုးပြကိန်းပုံစံဖြင့် ယေရုရှလင်ဟူသောအမည်သည် ဘုရားသခင့်လူမျိုးခံစားရမည့် ငြိမ်သက်ခြင်းကို ဝိညာဉ်ရေးနှင့်ရုပ်ပိုင်းဆိုင်ရာသဘောနှစ်မျိုးဖြင့် ပရောဖက်ပြုဖော်ပြသည်ဟုယူမှတ်နိုင်သည်။ ယင်းကို ဧဇရအပြည့်အဝနားလည်မလည် ကျမ်းစာစောင်များကမဖော်ပြပါ။ သို့သော် ယဇ်ပုရောဟိတ်တစ်ဦးအနေဖြင့် ဘုရားသခင်နှင့်ငြိမ်သက်မှုခံစားရရန် ဂျူးများကိုသူအတတ်နိုင်ဆုံးကူညီပေးခဲ့သည်။ ထို့အပြင် “နှစ်မျိုးသောငြိမ်သက်ခြင်းပိုင်ဆိုင်ရာ [သို့မဟုတ် အခြေခံ]” ဟုအဓိပ္ပာယ်ရှိသော ယေရုရှလင်ကို ယင်း၏အမည်နှင့်ကိုက်ညီစေရန် သူအမှန်တကယ်ကြိုးစားခဲ့သည်။—ဧဇရ ၇:၆။

၃။ ဧဇရ၏လုပ်ဆောင်မှုများကို ပြန်မဖော်ပြမီ နှစ်ပေါင်းမည်မျှကုန်လွန်ခဲ့သနည်း။ အဘယ်အခြေအနေမျိုးတွင် သူ့အားတွေ့ရှိရသနည်း။

၃ ယေရုရှလင်မြို့သို့ဧဇရလည်ပတ်ချိန်နှင့် ထိုမြို့သို့နေဟမိရောက်ရှိချိန်ကြားကာလဖြစ်သော ၁၂ နှစ်အတွင်း ဧဇရအဘယ်နေရာတွင်ရှိခဲ့ကြောင်းကို သမ္မာကျမ်းစာကဖော်ပြမထားချေ။ ၎င်းအချိန်အတွင်း ထိုလူမျိုး၏ဝိညာဉ်ရေးအခြေအနေအားနည်းနေခြင်းက ဧဇရမရှိခဲ့ကြောင်း တင်ပြသည်။ သို့တိုင် မြို့ရိုးပြန်လည်တည်ဆောက်ပြီးသည်နှင့် ဧဇရသည် ယေရုရှလင်မြို့တွင် သစ္စာရှိသောယဇ်ပုရောဟိတ်တစ်ဦးအဖြစ် ပြန်လည်အမှုထမ်းဆောင်ခဲ့ကြောင်းတွေ့ရှိရသည်။

ထူးခြားလှသော အစည်းအဝေးနေ့

၄။ ဣသရေလတို့၏သတ္တမလပထမနေ့ရက်နှင့်ပတ်သက်၍ ထူးခြားချက်ကားအဘယ်နည်း။

၄ ဣသရေလဘာသာရေးပြက္ခဒိန်တွင် သတ္တမလဖြစ်သော တိရှရိလ၏အရေးကြီးသောပွဲတော်လအတွက်အချိန်မီ ယေရုရှလင်မြို့ရိုးကိုပြီးစီးခဲ့သည်။ တိရှရိလပထမနေ့သည် တံပိုးမှုတ်ပွဲတော်ဟုခေါ်သော အထူးလဆန်းပွဲတော်နေ့တစ်နေ့ဖြစ်ခဲ့သည်။ ထိုနေ့ရက်တွင် ယေဟောဝါထံ ယဇ်များပူဇော်နေစဉ် ယဇ်ပုရောဟိတ်များသည် တံပိုးမှုတ်ကြရ၏။ (တောလည်ရာ ၁၀:၁၀; ၂၉:၁) ဤနေ့ရက်သည် တိရှရိလ ၁၀ ရက်နေ့၌ကျင်းပမည့် နှစ်စဉ်အပြစ်ဖြေရာနေ့နှင့် ယင်းလ၏ ၁၅ ရက်မှ ၂၁ ရက်အထိကျင်းပမည့် ရွှင်လန်းဖွယ်ရိတ်သိမ်းခြင်းပွဲနေ့များအတွက် ဣသရေလလူမျိုးကို အသင့်ပြင်ဆင်ပေးခဲ့သည်။

၅။ (က) ဧဇရနှင့်နေဟမိတို့သည် “သတ္တမလပထမနေ့ရက်” ကိုမည်သို့ကောင်းစွာအသုံးပြုခဲ့ကြသနည်း။ (ခ) ဣသရေလလူတို့သည် အဘယ်ကြောင့်ငိုကြွေးမြည်တမ်းခဲ့ကြသနည်း။

၅ “သတ္တမလပထမနေ့ရက်” တွင် “လူအပေါင်းတို့” သည်စုဝေးခဲ့ကြရာ နေဟမိနှင့်ဧဇရတို့၏တိုက်တွန်းမှုကြောင့် ထိုသို့ပြုခဲ့ကြခြင်းဖြစ်နိုင်သည်။ အမျိုးသား၊ အမျိုးသမီးများနှင့် “နားထောင်နားလည်နိုင်သမျှ” သောသူတို့ပါဝင်ခဲ့ကြသည်။ ထို့ကြောင့် ဧဇရသည် တရားဟောရာစင်မြင့်ပေါ်တွင်ရပ်ကာ “နံနက်အချိန်မှမွန်းတည့်အချိန်တိုင်အောင်” ပညတ်တော်ကိုဖတ်ရွတ်ပြစဉ် လူငယ်များရှိခဲ့ကြပြီး ဂရုတစိုက်နားထောင်ခဲ့ကြ၏။ (နေဟမိ ၈:၁-၄) ပုံမှန်ကြားအားလပ်ချိန်တွင် လေဝိသားများသည် ဖတ်ရှုရာကို လူတို့နားလည်စေရန် ကူညီပေးခဲ့ကြသည်။ ဣသရေလူလတို့သည် မိမိနှင့်မိမိတို့၏ဘိုးဘေးများ ဘုရားသခင့်ပညတ်တော်မှ မည်မျှသွေဖည်ခဲ့ကြောင်းသိမှတ်လာကြသဖြင့် မျက်ရည်ကျခဲ့ကြသည်။—နေဟမိ ၈:၅-၉။

၆၊ ၇။ ဂျူးများကိုငိုကြွေးမြည်တမ်းခြင်းမပြုရန် နေဟမိလုပ်ဆောင်ခဲ့ရာမှ ခရစ်ယာန်များ အဘယ်အရာကိုသင်ယူနိုင်သနည်း။

၆ သို့သော် ဤအချိန်သည် ငိုကြွေးမြည်တမ်းရန်မဟုတ်ချေ။ ပွဲတော်ခံရမည့်အချိန်ဖြစ်နေပြီး လူတို့သည် ယေရုရှလင်မြို့ရိုးကိုပြန်လည်ဆောက်လုပ်ပြီးစီးခါစသာရှိသေးသည်။ ထို့ကြောင့် သူတို့တွင် လျောက်ပတ်သောစိတ်သဘောထားရှိစေရန် နေဟမိက ဤသို့ပြောဆိုပြီးကူညီပေးခဲ့သည်– “သွားကြလော့။ မြိန်စွာသောအစာကိုစားကြလော့။ ချိုသောအရည်ကိုသောက်ကြလော့။ ဆင်းရဲသောသူတို့အားဝေမျှကြလော့။ ဤသည်နေ့ရက်သည် ငါတို့ဘုရားရှင်အဖို့သန့်ရှင်း၏။ ဝမ်းမနည်းကြနှင့်၊ ထာဝရဘုရားပေးတော်မူသောအခွင့်နှင့် အားယူ၍ဝမ်းမြောက်ကြလော့။” နာခံမှုရှိစွာ “လူအပေါင်းတို့သည် ဟောပြောသောစကားကိုနားလည်သောကြောင့်၊ စားသောက်ခြင်း၊ သူတစ်ပါးတို့အားဝေမျှခြင်း၊ အလွန်ပျော်မွေ့ခြင်းကိုပြုအံ့သောငှာ သွားကြ၏။”—နေဟမိ ၈:၁၀-၁၂။

၇ ယနေ့ ဘုရားသခင့်လူတို့သည် ဤမှတ်တမ်းမှများစွာသင်ယူနိုင်သည်။ အစည်းအဝေးများနှင့် အစည်းအဝေးကြီးများတွင် ပါဝင်ခွင့်ရသူတို့သည် အထက်ပါအရာကိုစိတ်စွဲနေသင့်သည်။ ထို့အပြင် တစ်ခါတစ်ရံလိုအပ်သော အမှားပြုပြင်ပေးသည့် သွန်သင်ချက်ကိုပေးသည်သာမက ဘုရားသခင်အလိုတော်နှင့်တွေ့၍ ရရှိသောအကျိုးကျေးဇူးများနှင့် ကောင်းချီးများကို ဤအခါသမယတွင် ပေါ်လွင်စေသည်။ ပြုခဲ့သောကောင်းမှုကိုချီးမွမ်းကာ ခံနိုင်ရည်ရှိရန်အားပေးသည်။ ဘုရားသခင့်လူတို့သည် ဘုရားသခင့်နှုတ်မြွက်စကားမှရရှိခဲ့သည့် တည်ဆောက်မှုပေးသောသွန်သင်ချက်ကို ကြားနာခဲ့ကြရသောကြောင့် အဆိုပါအစည်းအဝေးများမှ ရွှင်လန်းသောနှလုံးဖြင့်ပြန်သွားသင့်သည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။

ရွှင်လန်းဖွယ်နောက်စုဝေးချိန်တစ်ခု

၈၊ ၉။ ဘုရားသခင့်လူမျိုးတို့ကိုအကျိုးပြုသော အဘယ်အထူးစည်းဝေးကို သတ္တမလဒုတိယနေ့တွင် ကျင်းပခဲ့ကြသနည်း။ ဘုရားသခင့်လူမျိုးအတွက် မည်သည့်ရလဒ်ဖြစ်စေခဲ့သနည်း။

၈ ထိုအထူးလ၏ဒုတိယနေ့တွင် “အဆွေအမျိုးသူကြီးများနှင့်တကွ ယဇ်ပုရောဟိတ်လေဝိသားတို့သည် ပညတ္တိကျမ်းစကားကိုနားလည်အံ့သောငှာ၊ ကျမ်းတတ်ဆရာဧဇရထံ၌ စည်းဝေးကြ၏။” (နေဟမိ ၈:၁၃) ဧဇရသည် “ထာဝရဘုရား၏တရားတော်ကို စစ်ဆေးစောင့်ရှောက်ခြင်းငှာလည်းကောင်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလအမျိုး၌ သွန်သင်ခြင်းငှာလည်းကောင်း သဘောကျသောသူဖြစ်” သောကြောင့် ဤအစည်းအဝေးကိုကျင်းပရန် အရည်အချင်းပြည့်မီသူဖြစ်သည်။ (ဧဇရ ၇:၁၀) ဘုရားသခင့်လူတို့သည် ပညတ်ပဋိညာဉ်နှင့်ပိုမိုညီညွတ်ရန်လိုသည့်နေရာများကို ဤအစည်းအဝေးက အထူးပေါ်လွင်စေမည်မှာ ယုံမှားဖွယ်မရှိချေ။ ချက်ချင်းအလေးပေးရန်လိုအပ်ရာမှာ လာမည့်သကေနေပွဲတော်အတွက် သင့်တော်သောပြင်ဆင်မှုများကိုပြုလုပ်ရန်ဖြစ်သည်။

၉ တစ်ပတ်ကြာသော ဤပွဲတော်ကို သစ်ကိုင်းသစ်ခက်မျိုးစုံဖြင့်ပြုလုပ်သော ယာယီတဲများတွင် လူအားလုံးနေထိုင်ကြကာ မှန်ကန်စွာကျင်းပခဲ့ကြသည်။ သူတို့၏အိမ်မိုးပေါ်၊ အိမ်ဝင်းထဲ၊ ဗိမာန်တော်တန်တိုင်းထဲနှင့် ယေရုရှလင်မြို့၏လူထုရင်ပြင်များတွင် ဤတဲတော်များကိုလူတို့စိုက်ထူခဲ့ကြသည်။ (နေဟမိ ၈:၁၅၊ ၁၆) ဤအချိန်အခါတွင် လူတို့ကိုစုဝေးစေကာ ဘုရားသခင့်ပညတ်တော်ကို ဖတ်ရွတ်ပြခြင်းသည် တကယ့်အခွင့်ထူးပါတကား! (တရားဟောရာ ၃၁:၁၀-၁၃ နှိုင်းယှဉ်။) ပွဲတော်၏ “ပထမနေ့မှစ၍နောက်ဆုံးနေ့တိုင်အောင်” ထိုသို့နေ့စဉ်ပြုလုပ်ခဲ့ကြရာ ဘုရားသခင့်လူမျိုးသည် “အလွန်ဝမ်းမြောက်” ခဲ့ကြသည်။—နေဟမိ ၈:၁၇၊ ၁၈။

ဘုရားသခင့်အိမ်တော်ကို ကျွန်ုပ်တို့လျစ်လျူမရှုသင့်

၁၀။ သတ္တမလ၏ ၂၄ ရက်နေ့တွင် အဘယ်ကြောင့် အထူးစည်းဝေးခြင်းကိုစီစဉ်ခဲ့ကြသနည်း။

၁၀ ဘုရားသခင့်လူတို့အတွင်းတွင် ကြီးလေးသောအားနည်းချက်များကိုပြုပြင်ပေးရန် သင့်တော်သောအချိန်နှင့်နေရာရှိသည်။ ထိုသို့ပြုရမည့်အချိန်ဖြစ်ကြောင်း ဧဇရနှင့်နေဟမိတို့သိမြင်ကြကာ သူတို့သည် တိရှရိလ ၂၄ ရက်နေ့တွင် အစာရှောင်ရန်နေ့ကို စီစဉ်ပေးခဲ့ပုံရှိသည်။ ဘုရားသခင့်ပညတ်တော်ကိုတစ်ဖန်ဖတ်ရွတ်ခဲ့ကြကာ လူတို့သည် မိမိတို့အပြစ်များကိုဝန်ခံခဲ့ကြသည်။ ထို့နောက် လေဝိသားများသည် ထင်ရာစိုင်းသောလူမျိုးနှင့် ကရုဏာပါပါဘုရားသခင်ဆက်ဆံခဲ့ပုံများကို ပြန်လည်သုံးသပ်တင်ပြကြကာ ယေဟောဝါအား တင့်တယ်သောစကားလုံးများဖြင့်ချီးမွမ်းကြပြီး သူတို့ချုပ်ဆိုသည့် “ပဋိညာဉ်စာချုပ်” ကိုမြဲမြံစေရန် မင်းသားမှူးမတ်များ၊ လေဝိသားများနှင့် ယဇ်ပုရောဟိတ်များက တံဆိပ်ခတ်ခဲ့ကြသည်။—နေဟမိ ၉:၁-၃၈၊ သမ္မာ။

၁၁။ အဘယ် “ပဋိညာဉ်စာချုပ်” ကိုချုပ်ရန် ဂျူးများသစ္စာကတိပြုခဲ့ကြသနည်း။

၁၁ လူအများစုသည် ရေးသားထားသော “ပဋိညာဉ်စာချုပ်” အတိုင်းလိုက်လျှောက်ပါမည်ဟုသစ္စာပြုခဲ့ကြသည်။ သူတို့သည် စစ်မှန်သော “ဘုရားသခင်၏တရားတော်အတိုင်းကျင့်ပါမည်” ဟုလျှောက်ကြပေမည်။ ၎င်းပြင် ‘ထိုပြည်သားတို့နှင့်မထိမ်းမြားဘဲနေပါမည်’ ဟုသဘောတူခဲ့ကြသည်။ (နေဟမိ ၁၀:၂၈-၃၀) ထိုထက်မက ဂျူးများသည် ဥပုသ်စောင့်ရန်၊ စစ်မှန်သောဝတ်ပြုရေးအတွက် နှစ်စဉ်ငွေရေးကြေးရေးထောက်ပံ့လှူဒါန်းရန်၊ ယဇ်ပလ္လင်အတွက်ထင်းလှူဒါန်းရန်၊ အဦးဖွားသောသိုးနွားများကို ပူဇော်ရန်နှင့် ဗိမာန်တော်အခန်းဘဏ္ဍာတိုက်ထဲသို့ သူတို့မြေမှထွက်သည့် အဦးသီးသောအသီးများဆောင်ကြဉ်းပေးရန် မိမိတို့ဘာသာစီရင်ထုံးဖွဲ့ခဲ့ကြသည်။ ‘ဘုရားသခင့်အိမ်တော်ကို စွန့်ပစ်၍မထားကြ’ ရန်သူတို့ဆုံးဖြတ်ခဲ့ကြသည်မှာ ရှင်းနေပါသည်!—နေဟမိ ၁၀:၃၂-၃၉။

၁၂။ ယနေ့ ဘုရားသခင့်အိမ်တော်ကိုလျစ်လျူမရှုခြင်းတွင် အဘယ်အရာပါဝင်သနည်း။

၁၂ ယနေ့ ယေဟောဝါ၏လူတို့သည် ကိုယ်တော်၏သာ၍ကြီးမြတ်သော ဝိညာဉ်ရေးဗိမာန်တော်၌ ‘ဘုရားဝတ်ပြု’ ခွင့်ကိုလျစ်လျူမရှုမိရန် သတိထားကြရမည်။ (ဗျာဒိတ် ၇:၁၅) ယင်းတွင် ယေဟောဝါ၏ဝတ်ပြုရေးတိုးတက်စေရန် နှလုံးပါပါဖြင့်မှန်မှန်ဆုတောင်းခြင်းပါဝင်၏။ မိမိ၏ဆုတောင်းချက်များနှင့်အညီနေထိုင်ရန် ခရစ်ယာန်အစည်းအဝေးများအတွက်ပြင်ဆင်ခြင်းနှင့် ၎င်းတွင်ပါဝင်ခြင်း၊ သတင်းကောင်းဟောပြောရန်အစီအစဉ်များ၌ပါဝင်ခြင်း၊ စိတ်ဝင်စားသူများထံပြန်လည်ပတ်ပြီး ဖြစ်နိုင်မည်ဆိုလျှင် သူတို့နှင့်ကျမ်းစာသင်အံမှုများကျင်းပရန်လိုသည်။ ဘုရားသခင့်အိမ်တော်ကို လျစ်လျူမရှုလိုသူများစွာသည် ဟောပြောခြင်းလုပ်ငန်းနှင့် စစ်မှန်သောဝတ်ပြုရေးထမ်းဆောင်ရာနေရာများကို ထိန်းသိမ်းမွမ်းမံရန်အတွက် အလှူငွေများလှူဒါန်းကြသည်။ အရေးတကြီးလိုအပ်နေသော စည်းဝေးရာအဆောက်အဦများကိုဆောက်ပြီး ယင်းတို့ကိုသပ်ရပ်သန့်ရှင်းစွာထားရန်အတွက်လည်း ထောက်မပေးနိုင်သည်။ ဘုရားသခင့်ဝိညာဉ်ရေးအိမ်တော်ကို ချစ်မြတ်နိုးကြောင်းပြသည့် အရေးကြီးသောနည်းတစ်နည်းမှာ ယုံကြည်သူချင်းတို့သည် အသင့်အတင့်ရှိစေရန်ကြိုးစားကာ ကာယရေး သို့မဟုတ် ဝိညာဉ်ရေးအကူအညီလိုအပ်နေသူများကို တစ်နည်းနည်းဖြင့် ကူညီပေးခြင်းတို့ဖြစ်သည်။—မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀; ဟေဗြဲ ၁၃:၁၅၊ ၁၆။

ရွှင်လန်းဖွယ်အပ်နှံပွဲ

၁၃။ ယေရုရှလင်မြို့ရိုးကို မအပ်နှံနိုင်မီ အဘယ်အရေးပေါ်ကိစ္စကိုအလေးပေးရန်လိုခဲ့သနည်း။ အဘယ်ကောင်းသောစံနမူနာကို လူအများချမှတ်ခဲ့ကြသနည်း။

၁၃ နေဟမိခေတ်တွင် တံဆိပ်ခတ်ထားသော “ပဋိညာဉ်စာချုပ်” သည် ယေရုရှလင်မြို့ရိုးအပ်နှံသည့်နေ့အတွက် ဘုရားသခင့်ရှေးလူမျိုးတော်ကို ပြင်ဆင်ပေးခဲ့သည်။ သို့သော် အရေးပေးစရာလိုသည့် အခြားအရေးပေါ်ကိစ္စတစ်ခု ရှိနေသေးသည်။ ယခု တံခါး ၁၂ ခုရှိသောမြို့ရိုးကြီးဖြင့်ကာရံထားသောယေရုရှလင်မြို့တွင် ပို၍ကြီးမားသောလူဦးရေလိုအပ်လျက်ရှိသည်။ ဣသရေလလူအချို့သည် ထိုတွင်နေထိုင်ခဲ့ကြသော်လည်း “မြို့ကျယ်ဝန်း၍ လူနည်းပါး၏။” (နေဟမိ ၇:၄၊ သမ) ဤပြဿနာကိုဖြေရှင်းရန် လူတို့သည် “သန့်ရှင်းသောအရပ်၊ ယေရုရှလင်မြို့၌ တစ်ကျိပ်တွင်တစ်ယောက်၊ အခြားသောမြို့တို့၌ ကိုးယောက်နေရမည်အကြောင်း [မဲချ] ကြ၏။” ဤအစီအစဉ်ကိုလိုလိုလားလားတုံ့ပြန်ခဲ့ကြခြင်းကြောင့် “ယေရုရှလင်မြို့၌နေခြင်းငှာ အလိုလိုဝန်ခံသောသူအပေါင်းတို့ကို” ကောင်းချီးပေးရန် လူတို့လှုံ့ဆော်ခံခဲ့ရသည်။ (နေဟမိ ၁၁:၁၊ ၂) ယင်းသည် ရင့်ကျက်သောခရစ်ယာန်အကူအညီ သာ၍လိုအပ်သည့်နေရာများသို့ ပြောင်းရွှေ့နေထိုင်ရန် အခြေအနေပေးသော ယနေ့စစ်မှန်သည့်ဝတ်ပြုသူများအတွက် ပုံသက်သေကောင်းပင်!

၁၄။ ယေရုရှလင်မြို့ရိုးအပ်နှံသည့်နေ့တွင် အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။

၁၄ ယေရုရှလင်မြို့ရိုးအပ်နှံပွဲနေ့ကြီးအတွက် အရေးကြီးသောပြင်ဆင်မှုများကို မကြာမီစတင်ပါတော့သည်။ ယုဒပတ်ဝန်းကျင်မြို့များမှ တူရိယာပညာရှင်များနှင့်သီချင်းသည်များကို စုဝေးစေခဲ့ကြသည်။ ဤသူတို့ကို ကျေးဇူးတင်သီချင်းများ သံစုံသီဆိုမည့်သူ အုပ်စုကြီးနှစ်စုအဖြစ်ဖွဲ့ကာ တစ်ဖွဲ့စီနောက်တွင် လူတို့စီတန်းလိုက်ကြရမည်ဖြစ်သည်။ (နေဟမိ ၁၂:၂၇-၃၁၊ ၃၆၊ ၃၈) သံစုံအုပ်စုများနှင့် စီတန်းလိုက်လာကြသူများသည် ချိုင့်တံခါးမှဖြစ်နိုင်သည့် ဗိမာန်တော်နှင့်အဝေးဆုံးတံတိုင်းမှစ၍ ဘုရားသခင့်အိမ်တော်တွင်ဆုံကြသည့်အထိ တစ်ဖက်စီမှချီတက်လာခဲ့ကြသည်။ “ထိုနေ့၌ များစွာသောယဇ်တို့ကိုပူဇော်ကြ၏။ အလွန်ဝမ်းမြောက်သောအခွင့်ကို ဘုရားသခင်ပေးတော်မူသောကြောင့်၊ သားမယားနှင့်တကွ ဝမ်းမြောက်ခြင်းကိုပြု၍၊ ယေရုရှလင်မြို့ဝမ်းမြောက်သံကို ဝေးသောအရပ်၌ ကြားရကြ၏။”—နေဟမိ ၁၂:၄၃။

၁၅။ ယေရုရှလင်မြို့ရိုးဆက်ကပ်အပ်နှံခြင်းသည် အဘယ်ကြောင့် တည်မြဲသောရွှင်လန်းခြင်းအကြောင်းမဟုတ်ခဲ့သနည်း။

၁၅ သမ္မာကျမ်းစာသည် ဤရွှင်လန်းဖွယ်ပွဲတော်၏နေ့စွဲကိုဖော်ပြမထားချေ။ ယင်းသည် ယေရုရှလင်မြို့ပြန်လည်တည်ထောင်ခြင်း၏ အထွတ်အထိပ်မဟုတ်လျှင်ပင် ပေါ်လွင်ထင်ရှားချိန်ဖြစ်ခဲ့မည်မှာ ယုံမှားဖွယ်မရှိချေ။ မှန်ပါသည်၊ မြို့ထဲတွင် အဆောက်အဦများဆောက်လုပ်ရန် အလွန်လိုအပ်ခဲ့သည်။ အတန်ကြာလေသော် ယေရုရှလင်မြို့သားများသည် သူတို့၏ကောင်းသောဝိညာဉ်ရေးအနေအထားကို ဆုံးရှုံးခဲ့ကြသည်။ ဥပမာ၊ နေဟမိသည် ယေရုရှလင်မြို့သို့ ဒုတိယအကြိမ်ရောက်ရှိသောအခါ ဘုရားသခင့်အိမ်တော်သည် ပြန်လည်လျစ်လျူရှုခံနေရကြောင်းနှင့် ဣသရေလလူများသည် အယူမှားသောမိန်းမများကို ပြန်လည်ထိမ်းမြားနေကြကြောင်းတွေ့ရှိခဲ့သည်။ (နေဟမိ ၁၃:၆-၁၁၊ ၁၅၊ ၂၃) ဤဆိုးသွမ်းသည့်အခြေအနေများကို ပရောဖက်မာလခိ၏အရေးအသားတွင် အတည်ပြုထားသည်။ (မာလခိ ၁:၆-၈; ၂:၁၁; ၃:၈) သို့နှင့် ယေရုရှလင်မြို့ရိုးဆက်ကပ်အပ်နှံခြင်းသည် တည်မြဲသောပျော်ရွှင်မှုမဖြစ်ခဲ့ချေ။

ထာဝရရွှင်လန်းစရာအကြောင်း

၁၆။ အဘယ်အထွတ်အထိပ်ဖြစ်ရပ်များကို ဘုရားသခင့်လူမျိုးစောင့်မျှော်နေကြသနည်း။

၁၆ ယနေ့ ယေဟောဝါ၏လူတို့သည် ရန်သူများအပေါ် ဘုရားသခင်အောင်ပွဲခံမည့်အချိန်ကို တောင့်တနေကြသည်။ ယင်းသည် [ဗာဗုလုန်] ဘာသာရေးအားလုံးပါဝင်သည့် ပုံဆောင်မြို့ဖြစ်သော “မဟာဗာဗုလုန်” ပျက်စီးခြင်းဖြင့် စတင်ပါလိမ့်မည်။ (ဗျာဒိတ် ၁၈:၂၊ ၈) မဟာဗာဗုလုန်ကိုဖျက်ဆီးခြင်းသည် လာမည့်ကြီးစွာသောဒုက္ခ၏ ပထမအဆင့်ဖြစ်ပါလိမ့်မည်။ (မဿဲ ၂၄:၂၁၊ ၂၂) ကျွန်ုပ်တို့ရှေ့မှောက်တွင် အမှန်အရေးပါသောဖြစ်ရပ်တစ်ခုလည်းရှိသေးသည်။ ယင်းကား သခင်ယေရှုခရစ်နှင့် ကိုယ်တော်၏သတို့သမီးဖြစ်သော “ယေရုရှလင်မြို့သစ်” ၏မြို့သား ၁၄၄,၀၀၀ တို့၏ကောင်းကင်မင်္ဂလာပွဲဖြစ်သည်။ (ဗျာဒိတ် ၁၉:၇; ၂၁:၂) အထွတ်အထိပ်ဖြစ်သော ထိုထိမ်းမြားပွဲပြီးချိန်ကို ကျွန်ုပ်တို့အတိအကျမပြောနိုင်ကြသော်လည်း ယင်းသည် တကယ့်ရွှင်လန်းဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ပါလိမ့်မည်။—၁၉၉၀၊ ဩဂုတ် ၁၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၃၀-၁ [လိပ်] ရှု။

၁၇။ ယေရုရှလင်မြို့သစ်ပြီးစီးခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့အဘယ်အရာကိုသိရသနည်း။

၁၇ ယေရုရှလင်မြို့သစ်ပြီးစီးချိန်သည် အလွန်နီးကပ်နေပြီဖြစ်ကြောင်း ကျွန်ုပ်တို့သိကြ၏။ (မဿဲ ၂၄:၃၊ ၇-၁၄; ဗျာဒိတ် ၁၂:၁၂) မြေကြီးဆိုင်ရာယေရုရှလင်မြို့နှင့်မတူဘဲ ယင်းသည် ဘယ်တော့မျှစိတ်ပျက်ဖွယ် ဖြစ်လိမ့်မည်မဟုတ်ချေ။ အကြောင်းမှာ ဤမြို့သားအားလုံးသည် ဝိညာဉ်တော်ဘိသိက်ခံရသော၊ အစစ်ခံထားပြီးသော၊ ယေရှုခရစ်တော်၏သန့်စင်ခံရပြီးသော နောက်လိုက်များဖြစ်ကြသောကြောင့်ဖြစ်သည်။ သေသည့်တိုင် သစ္စာရှိကြသောအခါ သူတို့တစ်ဦးစီသည် စကြဝဠာပိုင်သအုပ်စိုးရှင် ယေဟောဝါဘုရားသခင်အား ထာဝရသစ္စာစောင့်သိခဲ့ပြီဖြစ်ကြောင်း သက်သေထူကြပြီးဖြစ်မည်။ ယင်းသည် ကျန်ကြွင်းသောလူသားအပေါင်း—အသက်ရှင်သူနှင့်သေသူတို့—အတွက် ထူးခြားသောအဓိပ္ပာယ်ရှိသည်တကား!

၁၈။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် ‘ထာဝရဝမ်းမြောက်ရွှင်လန်း’ သင့်သနည်း။

၁၈ ယေရုရှလင်မြို့သစ်သည် ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာ၌ ယုံကြည်ကြောင်းတင်ပြသည့် လူသားများထံအာရုံလှည့်သောအခါ အဘယ်အရာဖြစ်ပျက်မည်အကြောင်း သုံးသပ်ကြည့်ပါ။ တမန်တော်ယောဟန်က ဤသို့ရေးသားခဲ့သည်– “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” (ဗျာဒိတ် ၂၁:၂-၄) ထို့အပြင် ဘုရားသခင်သည် လူ့စုံလင်ခြင်းသို့ လူသားများကိုမြှင့်တင်ပေးရန် ဤမြို့ကဲ့သို့သောအစီအစဉ်ကို အသုံးပြုသွားပါလိမ့်မည်။ (ဗျာဒိတ် ၂၂:၁၊ ၂) ဤအရာတို့သည် ‘ယခု ဘုရားသခင်ဖန်ဆင်းနေသည့်အရာကြောင့် အစဉ်အမြဲရွှင်လန်းဝမ်းမြောက်’ ရန်မည်မျှကောင်းမြတ်သောအကြောင်းများပါတကား!—ဟေရှာယ ၆၅:၁၈။

၁၉။ ခရစ်ယာန်များစုဝေးခံရသည့် ဝိညာဉ်ရေးပရဒိသုကားအဘယ်နည်း။

၁၉ သို့ရာတွင် နောင်တရသောလူသားများသည် ဘုရားသခင်ထံမှအကူအညီရရှိရန် ထိုအချိန်အထိစောင့်နေစရာမလိုပါ။ ၁၉၁၉ ခုနှစ်၌ ချစ်ခြင်း၊ ရွှင်လန်းခြင်းနှင့် ငြိမ်သက်ခြင်းစသည့် ဘုရားသခင့်ဝိညာဉ်အသီးများသီးပွင့်ရာ ဝိညာဉ်ရေးပရဒိသုထဲသို့ ၁၄၄,၀၀၀ အဖွဲ့ဝင်များမှ နောက်ဆုံးသောသူတို့ကို ယေဟောဝါစတင်စုသိမ်းခဲ့သည်။ (ဂလာတိ ၅:၂၂၊ ၂၃) ဤဝိညာဉ်ရေးပရဒိသု၏ ထူးခြားသောလက္ခဏာတစ်ရပ်မှာ ကမ္ဘာတစ်ဝန်း ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းကို ဦးဆောင်ရာတွင် အံ့ဖွယ်သီးပွင့်ဖြစ်ထွန်းခဲ့သည့် ဘိသိက်ခံမြို့သားများ၏ ယုံကြည်ခြင်းဖြစ်သည်။ (မဿဲ ၂၁:၄၃; ၂၄:၁၄) ရလဒ်အနေဖြင့် မြေကြီးဆိုင်ရာမျှော်လင့်ချက်ရှိသည့် ခြောက်သန်းနီးပါးသော “အခြားသိုး” များသည်လည်း ဝိညာဉ်ရေးပရဒိသုထဲ ဝင်ခွင့်ရရှိပြီး သီးပွင့်ဖြစ်ထွန်းသောလုပ်ငန်း၌ပျော်မွေ့ကြရမည်ဖြစ်သည်။ (ယောဟန် ၁၀:၁၆) ယေဟောဝါဘုရားသခင်၏သားတော် ယေရှုခရစ်၏ရွေးနုတ်ဖိုးပူဇော်သကာ၌ ယုံကြည်ခြင်းကိုအခြေပြု၍ ကိုယ်တော့်ထံမိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံခြင်းဖြင့် ယင်းအတွက်သူတို့အရည်အချင်းပြည့်မီခဲ့ကြပါသည်။ ယေရုရှလင်မြို့သစ်တွင်ပါဝင်မည့်သူများနှင့် သူတို့ပေါင်းသင်းခွင့်ရခြင်းသည် အမှန်ပင်ကောင်းချီးတစ်ရပ်ဖြစ်ခဲ့ပေပြီ။ ထို့ကြောင့် ယေဟောဝါသည် ဘိသိက်ခံခရစ်ယာန်များနှင့်ဆက်ဆံခြင်းဖြင့် “မြေကြီးသစ်” ဖြစ်သောကောင်းကင်နိုင်ငံတော်၏ မြေကြီးဆိုင်ရာနယ်ပယ်ကို အမွေခံကြမည့် ဘုရားသခင်အားကြောက်ရွံ့သော လူ့အဖွဲ့အစည်းအတွက် ခိုင်မာသောအုတ်မြစ်ကိုချထားခဲ့ပြီဖြစ်သည်။—ဟေရှာယ ၆၅:၁၇; ၂ ပေတရု ၃:၁၃။

၂၀။ ယေရုရှလင်မြို့သစ်သည် ယင်းအမည်၏အဓိပ္ပာယ်နှင့်အညီ မည်သို့ဖြစ်မည်နည်း။

၂၀ ယခု ဝိညာဉ်ရေးပရဒိသုတွင် ယေဟောဝါ၏လူတို့ခံစားနေကြရသော ငြိမ်းချမ်းသည့်အခြေအနေများကို ပကတိမြေကြီးပရဒိသုတစ်ခုတွင် မကြာမီခံစားကြရပေတော့မည်။ ယင်းသည် လူသားအပေါင်းကိုကောင်းချီးပေးရန် ကောင်းကင်မှယေရုရှလင်မြို့သစ် ဆင်းသက်လာသောအခါ ဖြစ်ပျက်ပါလိမ့်မည်။ ဘုရားသခင့်လူတို့သည် ဟေရှာယ ၆၅:၂၁-၂၅ တွင်ကတိပေးထားသော ငြိမ်းချမ်းသည့်အခြေအနေများကိုနည်းနှစ်နည်းဖြင့်ခံစားကြပါလိမ့်မည်။ ဝိညာဉ်ရေးပရဒိသုတွင် ယေဟောဝါ၏စည်းလုံးသောဝတ်ပြုသူများအဖြစ် ကောင်းကင်ယေရုရှလင်မြို့သစ်၌ သူတို့၏အခွင့်အရာကို ခံယူမည့်ဘိသိက်ခံများနှင့် “အခြားသိုး” တွင်ပါဝင်သူတို့သည် ဘုရားသခင်ပေးသောငြိမ်သက်ခြင်းကို ယခုပင်ခံစားနေကြရသည်။ အဆိုပါငြိမ်သက်ခြင်းသည် ‘ကောင်းကင်ဘုံ၌ ဘုရားသခင့်အလိုတော်ပြည့်စုံသကဲ့သို့ မြေကြီးပေါ်တွင်ပြည့်စုံ’ သောအခါ ပကတိပရဒိသုတွင်လည်းရှိပါလိမ့်မည်။ (မဿဲ ၆:၁၀) မှန်ပါသည်၊ ဘုရားသခင်၏ဘုန်းတော်ထင်ရှားသောကောင်းကင်မြို့သည် ‘နှစ်မျိုးသောငြိမ်သက်ခြင်း၏အခြေခံ’ အဖြစ်ယေရုရှလင်အမည်နှင့်လိုက်ဖက်ကြောင်း သက်သေထူပါလိမ့်မည်။ ယင်းသည် မြင့်မြတ်သောဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်နှင့် သတို့သားဘုရင်ယေရှုခရစ်တို့အတွက် ထာဝစဉ်ချီးမွမ်း၍ ဂုဏ်ယူစရာဖြစ်ပါလိမ့်မည်။

သင်မှတ်မိသလော

◻ နေဟမိသည် ယေရုရှလင်မြို့တွင် လူတို့ကိုစုဝေးစေသောအခါ အဘယ်အရာပြီးမြောက်ခဲ့သနည်း။

◻ ရှေးဂျူးများသည် ဘုရားသခင့်အိမ်တော်ကိုလျစ်လျူရှုမထားကြရန် အဘယ်အရာပြုခဲ့ကြရသနည်း၊ ကျွန်ုပ်တို့သည် အဘယ်အရာကို လုပ်ဆောင်ဖို့ဖြစ်သနည်း။

◻ တည်မြဲသောရွှင်လန်းခြင်းနှင့် ငြိမ်သက်ခြင်းကိုဆောင်ကြဉ်းပေးရာတွင် “ယေရုရှလင်မြို့” သည်မည်သို့ပတ်သက်သနည်း။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ယေရုရှလင်မြို့ပျက်စီးချိန်နှင့် မြို့ရိုးကို နေဟမိဦးဆောင်၍ ပြန်လည်တည်ဆောက်ချိန်၌ ရှိနိုင်သည့်မြို့ရိုး၏အတိုင်းအတာ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ