ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း
“ထာဝရဘုရားသည် ဘုန်းပွင့်လျက် အောင်ပွဲခံတော်မူသည်ဖြစ်၍ ကိုယ်တော်အား သီချင်းဆိုပါအံ့။”—ထွက်မြောက်ရာ ၁၅:၁။
၁။ ယေဟောဝါ၏ အဘယ်ဂုဏ်ရည်တော်များနှင့် အရည်အချင်းများက ကိုယ်တော်အား ချီးမွမ်းထောမနာပြုရန် အကြောင်းဖြစ်စေသနည်း။
ယေဟောဝါ သို့မဟုတ် ဂျားကိုချီးမွမ်းကြဟု ဆာလံ ၁၅၀ တွင် ၁၃ ကြိမ်တိုင် မိန့်မှာထားသည်။ နောက်ဆုံးအခန်းငယ်က ဤသို့ကြွေးကြော်သည်– “အသက်ရှိသောသူအပေါင်းတို့သည် ထာဝရဘုရား [ဂျား၊ ကဘ] ကိုချီးမွမ်းကြစေ။ ဟာလေလုယ [ဂျားကိုချီးမွမ်းကြ၊ ကဘ]။” ယေဟောဝါသည် ချီးမွမ်းခံထိုက်တော်မူကြောင်း ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့သိရှိထားကြပြီ။ ကိုယ်တော်သည် စကြဝဠာကိုအုပ်စိုးပိုင်ထိုက်သောအရှင်၊ အမြင့်မြတ်ဆုံးသောဘုရား၊ ထာဝရဘုရင်၊ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်၊ ကျွန်ုပ်တို့၏ကျေးဇူးရှင် ဖြစ်တော်မူ၏။ နည်းအမျိုးမျိုးဖြင့် ကိုယ်တော်သည် ပြိုင်ဘက်မရှိ၊ အတုမရှိ၊ မနှိုင်းယှဉ်သာ၍ ပြိုင်စံရှားတော်မူသည်။ ကိုယ်တော်သည် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍ တရားမျှတခြင်းတွင် စုံလင်ပြီး ချစ်ခြင်းမေတ္တာ၏ပြယုဂ် ဖြစ်တော်မူသည်။ ကိုယ်တော်သည် ပုဂ္ဂိုလ်တကာတို့ထက် ကောင်းမြတ်တော်မူ၏; သစ္စာရှိတော်မူ၏။ (လုကာ ၁၈:၁၉; ဗျာဒိတ် ၁၅:၃၊ ၄) ကိုယ်တော့်အား ကျွန်ုပ်တို့ချီးမွမ်းထိုက်ပါသလော။ အမှန်တကယ် ချီးမွမ်းခံထိုက်တော်မူ၏!
၂။ ယေဟောဝါအားကျေးဇူးတော်ချီးမွမ်းရန် အဘယ်အကြောင်းများ ကျွန်ုပ်တို့၌ရှိသနည်း။
၂ ယေဟောဝါကို ကျွန်ုပ်တို့ဝတ်ပြုချီးမွမ်းထိုက်သည်သာမက ကျွန်ုပ်တို့အဖို့ ကိုယ်တော်ပြုစုစီရင်တော်မူသမျှအတွက်လည်း ကျေးဇူးတော်ချီးမွမ်းသင့်သည်။ ကိုယ်တော်သည် “ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှတို့” ကို ပေးသနားတော်မူသောအရှင် ဖြစ်တော်မူသည်။ (ယာကုပ် ၁:၁၇) ကိုယ်တော်သည် အသက်ဟူသ၍၏စမ်းရေ၊ ပင်ရင်းအမြစ်ဖြစ်တော်မူ၏။ (ဆာလံ ၃၆:၉) လူသားအနွယ်ဝင်အနေနှင့် ကျွန်ုပ်တို့ပျော်မွေ့လေသမျှတို့သည် ကိုယ်တော့်ထံတော်မှဖြစ်သည်။ အကြောင်းမူကား ကိုယ်တော်သည် ကျွန်ုပ်တို့၏ကြီးမြတ်တော်မူသောဖန်ဆင်းရှင် ဖြစ်တော်မူသတည်း။ (ဟေရှာယ ၄၂:၅) ဘုရားသခင်၏ဝိညာဉ်တော်၊ ကိုယ်တော့်အဖွဲ့အစည်းနှင့် ကိုယ်တော်၏နှုတ်ကပါဌ်တော်မှတစ်ဆင့် ကျွန်ုပ်တို့ရရှိသော ဝိညာဏကောင်းချီးအားလုံးကိုလည်း ကိုယ်တော်ပေးတော်မူသည်။ ကျွန်ုပ်တို့အား ရွေးနုတ်ဖိုးအဖြစ် သားတော်ကို ပေးသနားတော်မူသည့်အတွက် အပြစ်တရားမှ လွတ်ငြိမ်းခွင့်ရရှိကြပြီ။ (ယောဟန် ၃:၁၆) ‘ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်တစ်ခု’ တည်းဟူသော ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ကိုလည်း ရရှိထားကြပြီ။ (၂ ပေတရု ၃:၁၃) ခရစ်ယာန်ချင်းတို့နှင့် ပေါင်းသင်းခွင့်ကောင်း ရရှိထားသည်။ (ရောမ ၁:၁၁၊ ၁၂) ကိုယ်တော်၏သက်သေများအဖြစ် ဂုဏ်ယူစရာအခွင့်အရေးနှင့် ကောင်းချီးကိုပါ ရထားသည်။ (ဟေရှာယ ၄၃:၁၀-၁၂) ထို့ပြင် တန်ဖိုးဖြတ်မရ ဆုတောင်းပတ္ထနာပြုခွင့်လည်းရှိသည်။ (မဿဲ ၆:၉-၁၃) အမှန်တကယ်ပင် ယေဟောဝါအား ကျေးဇူးတင်စရာအကြောင်း မြောက်မြားစွာရှိပါသည်တကား!
ယေဟောဝါအား ကျွန်ုပ်တို့ချီးမွမ်းနိုင်သည့်နည်း အသွယ်သွယ်
၃။ အဘယ်နည်းအသွယ်သွယ်ဖြင့် ယေဟောဝါကို ချီးမွမ်းထောမနာပြုပြီး ကျေးဇူးတော်ချီးမွမ်းနိုင်သနည်း။
၃ ယေဟောဝါအား ကြည်ညိုမြတ်နိုးသောကျေးကျွန်များအနေနှင့် ကိုယ်တော်ကို မည်သို့ထောမနာပြု၍ ကျေးဇူးတော် ချီးမွမ်းနိုင်မည်နည်း။ ခရစ်ယာန်ဓမ္မအမှုတွင် ပါဝင်ခြင်းဖြင့်ဖြစ်သည်—တစ်အိမ်မှတစ်အိမ်သက်သေခံခြင်း၊ ပြန်လည်ပတ်မှုများ ပြုလုပ်ခြင်း၊ ကျမ်းစာသင်အံမှုများ ကျင်းပခြင်းနှင့် လမ်းပေါ်သက်သေခံခြင်းတည်း။ အခွင့်အခါကြုံတိုင်း အလွတ်သဘောသက်သေခံခြင်းအားဖြင့်လည်းကိုယ်တော်ကို ကျွန်ုပ်တို့ချီးမွမ်းနိုင်သည်။ ထို့ပြင် ကျွန်ုပ်တို့၏ ဖြောင့်မတ်မှန်ကန်သော အကျင့်အကြံ၊ သပ်ရပ်ပြီး ဣန္ဒြေရှိစွာ ဝတ်စားဆင်ယင်ဖြီးလိမ်းပုံအားဖြင့်ပင် ယေဟောဝါကို ချီးမွမ်းနိုင်ပါသည်။ ဤသို့သောကိစ္စများတွင် ပုံသက်သေကောင်းသောကြောင့် ယေဟောဝါသက်သေများသည် မကြာခဏ ချီးမွမ်းခံခဲ့ကြရပြီ။ ထို့ပြင် ဆုတောင်းခြင်းအားဖြင့်လည်း ယေဟောဝါကို ချီးမွမ်းကျေးဇူးတင်နိုင်ကြပါသည်။—၁ ရာဇဝင်ချုပ် ၂၉:၁၀-၁၃ ရှု။
၄။ ကျွန်ုပ်တို့၏မေတ္တာရှင် ကောင်းကင်ခမည်းတော်ကို ချီးမွမ်းနိုင်သော လှပတင့်တယ်သည့် အကောင်းဆုံးနည်းလမ်းများအနက်တစ်ခုကား အဘယ်နည်း။
၄ ထပ်ဆင့်၍ ကျွန်ုပ်တို့၏မေတ္တာရှင် ကောင်းကင်ခမည်းတော်ကို ချီးမွမ်းနိုင်သော လှပတင့်တယ်သည့်အကောင်းဆုံးနည်းတစ်နည်းမှာ အမှန်အားရနှစ်သက်ဖွယ်ကောင်းသော ဘုရားသခင့်နိုင်ငံတော်သီချင်းများဖြင့် ကိုယ်တော်၏ ဂုဏ်ရည်တော်များကို ထောမနာပြုခြင်းဖြစ်သည်။ အသာယာဆုံးသော တူရိယာသည် လူ့အသံဖြစ်သည်ဟု ဂီတပညာရှင်များနှင့် သီချင်းသီကုံးရေးစပ်သူများ သဘောတူညီကြသည်။ ထွက်ပေါ်လာသော လူ့သီချင်းဆိုသံကို နားထောင်ခြင်းမှ ပီတိဝေဖြာနိုင်သောကြောင့် ဂန္ထဝင်မြောက်တေးသံသာများ၏ ဂီတပညာရှင်များသည် အော်ပရာတီးလုံးများကို သီကုံးဖွဲ့နွဲ့ရန် အာသီသရှိခဲ့ရခြင်းဖြစ်သည်။
၅။ အဘယ်အကြောင်းများကြောင့် ဘုရားသခင့်နိုင်ငံတော်သီချင်းများ သီဆိုခြင်းကို အလေးအနက်သဘောထားသင့်သနည်း။
၅ လူအများ၏သီချင်းဆိုသံ၊ အထူးသဖြင့် ကျေးဇူးတော်ချီးမွမ်း ထောမနာပြုသီချင်းများ နားထောင်ခြင်းကို ယေဟောဝါအမှန်တကယ် နှစ်မြို့တော်မူမည်တကား! ထိုကြောင့် ဘုရားသခင့်နိုင်ငံတော်သီချင်းများကို အစည်းအဝေးအသီးသီး—အသင်းတော် အစည်းအဝေးများ၊ တိုက်နယ်အစည်းအဝေးများ၊ အထူးစည်းဝေးပွဲနေ့များ၊ ခရိုင်စည်းဝေးပွဲများနှင့် အပြည်ပြည်ဆိုင်ရာ စည်းဝေးပွဲကြီးများ—တွင် သီဆိုကြခြင်းကို အမှန်တကယ်ပင် အလေးအနက်သဘောထားသင့်သည်။ ကျွန်ုပ်တို့၏သီချင်းစာအုပ်တွင် အမှန်အားရနှစ်သက်ဖွယ်သီချင်းများ အပြည့်ပါဝင်၍ ပြင်ပလူများပင်လျှင် ယင်းတို့၏တင့်တယ်မှုကို ကြိမ်ဖန်များစွာ ချီးမွမ်းပြောဆိုခဲ့ဖူးပြီ။ ဘုရားသခင့်နိုင်ငံတော်သီချင်းများကို ကျွန်ုပ်တို့ အားရပါးရသီဆိုလေ၊ ကိုယ်ကိုယ်တိုင်နှင့် အခြားသူများကိုပါ ပို၍နှစ်သက်ရွှင်လန်းစရာဖြစ်လာစေရုံမက အကျိုးလည်းရရှိစေပါသည်။
ကျမ်းစာခေတ်က ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း
၆။ ပင်လယ်နီတွင် ကယ်လွှတ်ခံရခြင်းကို ကျေးဇူးတင်လေးမြတ်ကြောင်း ဣသရေလလူမျိုးသည် မည်သို့ဖော်ပြခဲ့သနည်း။
၆ ပင်လယ်နီတွင် ဖာရော၏ဗိုလ်ပါလက်မှ ကယ်လွှတ်ခံရသောအခါ မောရှေနှင့် ကျန်ဣသရေလလူများသည် အောင်ပွဲခံသီချင်း သီဆိုခဲ့ကြောင်း ဘုရားသခင့်နှုတ်ကပါဌ်တော်က ပြောပြသည်။ သူတို့၏သီချင်းသည် ဤစကားများဖြင့် နိဒါန်းပျိုးခဲ့သည်– “ထာဝရဘုရားသည် ဘုန်းပွင့်လျက် အောင်ပွဲခံတော်မူသည်ဖြစ်၍ ကိုယ်တော်အား သီချင်းဆိုပါအံ့။ မြင်းနှင့်မြင်းစီးသူရဲကို ပင်လယ်ထဲသို့ လှဲချတော်မူပြီ။ ထာဝရဘုရားသည် ငါ့အစွမ်းသတ္တိ၊ ငါသီချင်းဆိုကြောင်း၊ ငါ့ကို ကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ထိုဘုရားသည် ငါကိုးကွယ်သောဘုရားသခင်ဖြစ်တော်မူ၍ ထောမနာပြုပါမည်။” (ထွက်မြောက်ရာ ၁၅:၁၊ ၂) အံ့သြဖွယ်ကောင်းလှသောနည်းဖြင့် ကယ်နုတ်ခံရပြီးနောက် ထိုစကားများကို ဣသရေလလူတို့ သီဆိုကြစဉ် သူတို့၏အားရရွှင်လန်းမှုကို မြင်ယောင်နိုင်သည်တကား!
၇။ ဣသရေလလူမျိုးသည် ယေဟောဝါအား ချီးမွမ်းကျူးဧခဲ့ကြောင်း အခြားအဘယ်ထူးခြားသည့်အဖြစ်အပျက်များကို ဟေဗြဲကျမ်းက မှတ်တမ်းတင်ထားသနည်း။
၇ ပဋိညာဉ်သေတ္တာတော်ကို ယေရုရှလင်မြို့သို့ ဒါဝိဒ်သယ်ဆောင်ခဲ့စဉ်က သီချင်းဖြင့်လည်းကောင်း၊ တူရိယာများကို တီးမှုတ်ခြင်းဖြင့်လည်းကောင်း ယေဟောဝါအား ချီးမွမ်းခဲ့ကြောင်း ၁ ရာဇဝင်ချုပ် ၁၆:၁၊ ၄-၃၆ တွင်ကျွန်ုပ်တို့ဖတ်ရသည်။ ထိုအချိန်အခါသည် အမှန်တကယ်ပင်အားရရွှင်လန်းဖွယ်ရာအချိန်ဖြစ်သည်။ ရှောလမုန်မင်းကြီးသည် ယေရုရှလင်မြို့တွင် ဗိမာန်တော်ကို အပ်နှံခဲ့စဉ်ကလည်း တူရိယာစုံနှင့် အသံလွှင့်ပြီး ယေဟောဝါအား ချီးမွမ်းထောမနာပြုခဲ့ကြောင်း သိရှိရပါသည်။ ၂ ရာဇဝင်ချုပ် ၅:၁၃၊ ၁၄ တွင်ဤသို့ဖတ်ရှုရသည်– “တံပိုးမှုတ်သော [သူ] . . . တို့သည်လည်း သီချင်းဆိုသောသူတို့နှင့်ဝိုင်းလျှင် ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း၍ ထောမနာပြုခြင်းငှာ တညီတညွတ်တည်း အသံပြိုင်လျက် ‘ကောင်းမြတ်တော်မူသည်။ ကရုဏာတော် အစဉ်အမြဲတည်သည်’ ဟု တံပိုးခွက်ကွင်း အစရှိသော တူရိယာမျိုးနှင့်တကွ အသံကိုလွှင့်၍ ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြသောအခါ ထာဝရဘုရား၏အိမ်တော်သည် မိုးတိမ်နှင့်ပြည့်၏။ ထိုသို့ ဘုရားသခင်၏အိမ်တော်သည် ထာဝရဘုရား၏ဘုန်းတော်နှင့်ပြည့်လျက် မိုးတိမ်တော်ကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကိုဆောင်ရွက်လျက် ရပ်၍မနေနိုင်ကြ။” ယင်းက အဘယ်အရာကို ထင်ရှားစေသနည်း။ ဤတေးသံသာဖြင့်ချီးမွမ်းခြင်းကို ယေဟောဝါနားညောင်းတော်မူသည့်အပြင် သာလွန်ထူးကဲသောမိုးတိမ်က ထင်ရှားစေသည့်အတိုင်း ယင်းကို ကိုယ်တော်နှစ်မြို့အားရတော်မူကြောင်းဖြစ်သည်။ နောင်တွင် နေဟမိခေတ်၌ ယေရုရှလင်မြို့ရိုးကို အပ်နှံပွဲကျင်းပစဉ် တေးသံပြိုင်အဖွဲ့နှစ်ဖွဲ့သည် သီချင်းဆိုခဲ့ကြသည်။—နေဟမိ ၁၂:၂၇-၄၂။
၈။ ဣသရေလလူမျိုးသည် သီချင်းဆိုခြင်းကို အလေးအနက်သဘောထားခဲ့ကြောင်း မည်သို့ထင်ရှားသနည်း။
၈ အမှန်သော်ကား ဗိမာန်တော်ဝတ်ပြုရေးတွင် သီချင်းဆိုခြင်းသည် အရေးပါသောကြောင့် တေးဂီတလုပ်ဆောင်မှုအတွက် လေဝိသား ၄,၀၀၀ ကိုခန့်အပ်ထားပါသည်။ (၁ ရာဇဝင်ချုပ် ၂၃:၄၊ ၅) ဤသူတို့သည် တေးသီချင်းဆိုသူများနှင့် သံပြိုင်သီဆိုကြသည်။ တေးဂီတ၊ အထူးသဖြင့် သီချင်းသည်များသည် ဝတ်ပြုရေးတွင် အရေးကြီးကဏ္ဍမှ ပါဝင်ခဲ့ခြင်းမှာ ပညတ္တိကျမ်း၏ သာ၍လေးနက်သောအကြောင်းအရာများကို နှလုံးသွင်းဖို့အတွက် လိုအပ်၍မဟုတ်ဘဲ ဝတ်ပြုရေးကို ခံစားချက်အမှန်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် ဖြစ်သည်။ ဤနည်းဖြင့် ဣသရေလလူမျိုးသည် ခံစားချက်အပြည့်နှင့် ယေဟောဝါအား ကိုးကွယ်ကြရန် အကူအညီရရှိခဲ့ကြသည်။ ဤကဏ္ဍကို အသေးစိတ်မှအစ ဂရုစိုက်ပြင်ဆင်ခဲ့ပုံကို သတိပြုပါ– “ထိုသူတို့နှင့်တကွ ထာဝရဘုရား၏ သီချင်းကို သင်၍ လေ့ကျက်သော ညီအစ်ကိုပေါင်းကား နှစ်ရာရှစ်ကျိပ်ရှစ်ယောက်တည်း။” (၁ ရာဇဝင်ချုပ် ၂၅:၇) ယေဟောဝါအား ချီးမွမ်းကျူးဧခြင်းကို မည်မျှအလေးအနက်သဘောထားခဲ့ကြောင်း သတိပြုပါ။ သူတို့သည် သီချင်းဆိုရန် လေ့ကျင့်ခံရသူများဖြစ်ကြကာ ယင်းတွင် ကျွမ်းကျင်သူများလည်းဖြစ်ကြ၏!
၉။ ခရစ်ယာန်ဂရိကျမ်းစာစောင်များတွင် သီချင်းဆိုခြင်းကို မည်သို့အလေးအနက်ဖော်ပြထားသနည်း။
၉ ကျွန်ုပ်တို့ခေတ်၏ ပထမရာစုတိုင်လေသော် အဘယ်အရာကို တွေ့ရှိကြရသနည်း။ ယေရှု အပ်နှံခံရမည့်ညတွင် အရေးပါသောကိစ္စ မြောက်မြားစွာကို စဉ်းစားနေရလျက်ပင် ပသခါပွဲနှင့် ကိုယ်တော့်သေခြင်းကိုသတိရအောက်မေ့ပွဲအဖြစ် ပထမအကြိမ် ကျင်းပပြီးသည့်နောက် ယေဟောဝါအား ချီးမွမ်းကျူးဧခြင်းဖြင့် အစည်းအဝေးကိုနိဂုံးချုပ်ဖို့လိုသည်ဟု သဘောထားတော်မူခဲ့သည်။ (မဿဲ ၂၆:၃၀) ထို့ပြင် ပေါလုနှင့်သိလတို့သည် ရိုက်နှက်ပြီး ထောင်ထဲလှောင်ထားခံရပြီးနောက် “သန်းခေါင်အချိန်၌” “ပတ္ထနာပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက် သီချင်းဆိုလေ၏။ ထောင်ထဲမှာ နှောင်ဖွဲ့ခြင်းကိုခံရသောသူတို့သည် နားထောင်ကြ၏” ဟူ၍ဖတ်ရပါသည်။—တမန်တော် ၁၆:၂၅။
ချီးမွမ်းကျူးဧခြင်း —ကျွန်ုပ်တို့ဝတ်ပြုရေးတွင် အရေးပါသောအပိုင်း
၁၀။ ယေဟောဝါအား ချီးမွမ်းကျူးဧခြင်းနှင့်စပ်လျဉ်း၍ ဘုရားသခင့်နှုတ်ကပါဌ်တော်က မည်သို့မိန့်မှာထားသနည်း။
၁၀ ဘုရားသခင့်နိုင်ငံတော်သီချင်းများကို ကျူးဧခြင်းသည် အရေးမကြီးလှသဖြင့် ယင်းကို နှလုံးလှိုက်လှဲစွာ အာရုံပြုစရာမလိုဟု အသင်ယူမှတ်သလော။ သို့ယူမှတ်လျှင် ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့က ချီးမွမ်းကျူးဧခြင်းကိစ္စကို အရေးပေးတော်မူခဲ့ကြောင်း ထောက်ရှု၍ ပြန်ဝေဖန်သုံးသပ် မသင့်ပေလော။ အမှန်မှာ ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် ယေဟောဝါအား ချီးမွမ်းထောမနာပြုရန်၊ ကိုယ်တော်အား ချီးမွမ်းကျူးဧရန် မိန့်မှာချက်များ အပြည့်အဝပါသည်! ဥပမာ၊ ဟေရှာယ ၄၂:၁၀ တွင်ဤသို့ဖတ်ရသည်– “ပင်လယ်ကိုကူးသောသူမှစ၍ ပင်လယ်၌ ရှိသမျှတို့နှင့်တကွ တစ်ကျွန်းတစ်နိုင်ငံအရပ်များ၊ ထိုအရပ်၌ နေသောသူများတို့၊ ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့။ မြေကြီးစွန်းတို့မှ ဂုဏ်တော်ကို ချီးမွမ်းကြလော့။”—ဆာလံ ၉၆:၁; ၉၈:၁ လည်းရှု။
၁၁။ သီချင်းဆိုခြင်းနှင့်ပတ်သက်၍ တမန်တော်ပေါလုက မည်သို့မှာကြားသနည်း။
၁၁ သီချင်းဆိုခြင်းသည် စိတ်ဓာတ်မြှင့်တင်ပေးနိုင်ကြောင်း တမန်တော်ပေါလုသိသဖြင့် ယင်းသို့ပြုရန် နှစ်ကြိမ်မှာကြားခဲ့သည်။ ဧဖက် ၅:၁၈၊ ၁၉ တွင်ဤသို့ဖတ်ရသည်– “ဝိညာဉ်တော်နှင့် ပြည့်စုံလျက်ရှိကြလော့။ ဆာလံသီချင်းမှစသော ဓမ္မသီချင်းအမျိုးမျိုးတို့ကို အချင်းချင်းပြောဆိုဖတ်ရွတ်၍ နူးညွတ်သောစိတ်နှလုံးနှင့် သခင်ဘုရားရှေ့တော်၌ ကျူးဧ၍ သီချင်းဆိုကြလော့။” ကောလောသဲ ၃:၁၆ တွင်ဤသို့ဖတ်ရသည်– “ခရစ်တော်၏နှုတ်ကပါဌ်တရားသည် ပညာအမျိုးမျိုးနှင့် သင်တို့အထဲ၌ ကြွယ်ဝစွာတည်နေ၍ သင်တို့သည် ဆာလံသီချင်းမှစသော ဓမ္မသီချင်းအမျိုးမျိုးအားဖြင့်၊ အချင်းချင်းတို့ကို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်းကိုပြု၍၊ နူးညွတ်သောစိတ်နှလုံးနှင့် ဘုရားသခင့်ရှေ့တော်၌ တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့။”
၁၂။ ကျွန်ုပ်တို့သီချင်းများသည် အချင်းချင်းတို့ကို ဆုံးမသွန်သင်၊ သတိပေးနိုင်ကြောင်း အဘယ်ဥပမာများရှိသနည်း။
၁၂ ထိုအချိန်အခါတစ်ခုစီတွင် ပေါလုသည် ‘ဆာလံသီချင်း၊ ဓမ္မသီချင်းအမျိုးမျိုးကို နူးညွတ်သောစိတ်နှလုံးနှင့် ကျူးဧ၍ သီချင်းဆိုကြ’ ဟုပြောဆိုတိုင်း သီချင်းဆိုခြင်းကို အကြိမ်ကြိမ်ရည်ညွှန်းကြောင်း သတိပြုပါ။ ထို့ပြင် ဤနည်းအားဖြင့် ကျွန်ုပ်တို့သည် “အချင်းချင်းတို့ကို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်းကိုပြု” နိုင်သည်ဟု ကောလောသဲအသင်းသားများအား ပေးသည့်သြဝါဒကို စကားချီးပျိုးခဲ့သည်။ ထိုအတိုင်းပင် ကျွန်ုပ်တို့အမှန်ပင်ပြုလုပ်နိုင်ကြောင်း သီချင်းခေါင်းစဉ်များကိုယ်နှိုက်—“ဖန်ဆင်းသမျှ၊ ယေဟောဝါအား ချီးမွမ်းကြ!” (နံပါတ် ၅)၊ “ကြံ့ခိုင်လျက် မရွေ့လျော့နှင့်!” (နံပါတ် ၁၀)၊ “နိုင်ငံတော်မျှော်လင့်ခြင်းအတွက် ဝမ်းမြောက်!” (နံပါတ် ၁၆)၊ “သူတို့ကို မကြောက်ကြနှင့်!” (နံပါတ် ၂၇)၊ “ချီးမြှောက်ကြ၊ ယေဟောဝါ ငါတို့ဘုရား!” (နံပါတ် ၁၀၀)၊ တို့သည် ဥပမာအချို့မျှဖြစ်သည်။
၁၃။ သီချင်းဆိုခြင်းသည် ကျွန်ုပ်တို့ဝတ်ပြုရေး၏ အစိတ်အပိုင်းအနေနှင့် အရေးကြီးမှုကို ‘သစ္စာသမာဓိရှိကျေးကျွန်’ သည် မည်သို့ဖော်ပြခဲ့ပြီနည်း။
၁၃ ဤမိန့်မှာချက်များနှင့်အညီ ‘သစ္စာသမာဓိရှိကျေးကျွန်’ သည် ကျွန်ုပ်တို့၏အစည်းအဝေးများ—အသင်းတော်အစည်းအဝေးများ၊ တိုက်နယ်အစည်းအဝေးများ၊ အထူးအစည်းအဝေးနေ့များ၊ ခရိုင်အစည်းအဝေးများနှင့် အပြည်ပြည်ဆိုင်ရာအစည်းအဝေးကြီးများအားလုံး—တို့သည် ဘုရားသခင့်နိုင်ငံတော်သီချင်းဖြင့်စတင်၍ သီချင်းဖြင့်နိဂုံးချုပ်ရန် စီစဉ်ပေးထားသည်။ (မဿဲ ၂၄:၄၅) ထပ်ဆင့်၍လည်း ဤအစည်းအဝေးများအတွင်း အခြားအချိန်များတွင် ကြားညှပ်သီချင်းဆိုရန် စီစဉ်ထားသည်။ အစည်းအဝေးများကို အများအားဖြင့် ဘုရားသခင့်နိုင်ငံတော်သီချင်းတစ်ပုဒ်ဆို၍ စတင်သည့်အတွက် ကျွန်ုပ်တို့ဝတ်ပြုရေးအဝင် ထိုကဏ္ဍတွင် ပါဝင်ရန် အချိန်မီကြိုတင်ရောက်နေသင့်သည်မဟုတ်လော။ အစည်းအဝေးများကို သီချင်းဖြင့် နိဂုံးချုပ်သည့်အတွက် နိဂုံးသီချင်းပြီးနောက် ဆက်လက်ဆုတောင်းခြင်း၌ပါဝင်ရန် ရှိနေသင့်သည်မဟုတ်သလော။
၁၄။ အစီအစဉ်နှင့်ကိုက်ညီသော သီချင်းများကိုရွေးခြင်းနှင့်ပတ်သက်၍ အဘယ်ဥပမာများ ကျွန်ုပ်တို့၌ရှိသနည်း။
၁၄ အစည်းအဝေးတွင်သီဆိုသောသီချင်းများကို အစီအစဉ်နှင့်ကိုက်ညီအောင် ဂရုတစိုက်ရွေးချယ်ထားပါသည်။ ဥပမာ၊ ၁၉၉၃ “မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲကြီးတွင် နံပါတ် ၁၉၁ “ကိုယ်ပိုင်သမ္မာတရားဖြစ်စေပါ” သီချင်းက စာတန်၊ ဤလောကနှင့် အားနည်းသောအသွေးအသားကို တွန်းလှန်ရန် ခရစ်ယာန်များကို အားပေးကာ ဤရန်သူသုံးပါးနှင့်ပတ်သက်သော ဟောပြောချက်သုံးခုပြီးသည်နှင့် သီဆိုခဲ့ကြပါသည်။ ထိုနည်းတူစွာ “ကလေးများ—ဘုရားထံတော်မှ အဖိုးတန်ဆုများ” ဟူသည့်သီချင်းနံပါတ် ၁၆၄ သည် မိဘများအတွက် ဩဝါဒများအပြည့်ပါကာ သားသမီးများအား လေ့ကျင့်ပေးရန် မိဘများ၏ တာဝန်များ ပေါ်လွင်စေသောဟောပြောချက်ပြီးနောက် သီဆိုခဲ့သည်။ သီချင်းနံပါတ် ၇၀ “ယေရမိနည်းတူ လုပ်ကိုင်ပါလေ” ကိုမူကား ယေရမိ၏ပရောဖက်ပြုချက်များကို အခြေခံသည့် ဟောပြောချက်များမတိုင်မီ သီဆိုခဲ့ပါသည်။ ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှု ကဏ္ဍအသီးသီးနှင့်စပ်လျဉ်းသည့် အခန်းဆက်ဟောပြောချက်များပြီးနောက် လုပ်ငန်းတော်ကိုအာရုံစူးစိုက်စေသည့် သီချင်းနံပါတ် ၁၅၆ “ငါအလိုရှိ၏” ကိုသီဆိုကြသည်။ ကင်းမျှော်စင်သင်တန်း၊ လုပ်ငန်းတော်အစည်းအဝေး၊ သီအိုကရက်တစ်ဓမ္မအမှုကျောင်းအတွက် သီချင်းများ ရွေးချယ်ရာတွင်လည်း ထပ်တူဂရုစိုက်မှုကို တွေ့ရှိရသည်။ ယင်းကြောင့် အကြီးအကဲများသည် လူထုဟောပြောချက်များပေးသည့်အခါ အစီအစဉ်ကိုဖွင့်ရန် အသုံးပြုမည့်သီချင်းနံပါတ်ကို ကြေညာရာတွင် သူတို့ဟောပြောချက်နှင့်ကိုက်ညီသောသီချင်းကို ရွေးချယ်သင့်သည်။
၁၅။ သီဆိုမည့်သီချင်းကို ပိုတန်ဖိုးထားကြရန် အစည်းအဝေးသဘာပတိသည် မည်သို့ပြုလုပ်နိုင်သနည်း။
၁၅ သီဆိုမည့်သီချင်းကို ကြေညာသည့်အခါ သဘာပတိသည် သီချင်းခေါင်းစဉ် သို့မဟုတ် အဓိကအချက်ကို ဖော်ပြခြင်းအားဖြင့် သီချင်းကို ပိုတန်ဖိုးထား သီဆိုကြပေမည်။ နံပါတ်များမဟုတ်ဘဲ ကျမ်းစာဆိုင်ရာ အဓိကအချက်များကို သီဆိုနေကြခြင်းဖြစ်သည်။ ထို့ပြင် ခေါင်းစဉ်အောက်တွင်ပေးထားသည့်ကျမ်းချက်ကို သတိပြုစေမည်ဆိုလျှင် အသင်းတော်သည် သီချင်းကို ပိုတန်ဖိုးထားပါလိမ့်မည်။ တစ်ဖန်၊ သီချင်း၏အနှစ်သာရကို အားလုံးပါဝင်ခံစားစေနိုင်သည့် မှတ်ချက်တိုပေးနိုင်သည်။
သီချင်းဆိုခြင်းအားဖြင့် ယေဟောဝါ၏ကောင်းမြတ်ခြင်းကိုလေးမြတ်ကြောင်း တင်ပြ
၁၆။ သီချင်းများ၏ခံစားချက်ကို မည်သို့လိုက်ခံစားနိုင်မည်နည်း။
၁၆ ဘုရားသခင့်နိုင်ငံတော်သီချင်းများတွင် စပ်ဆိုသီကုံးထားသောစကားများသည် အဓိပ္ပာယ်လေးနက်သဖြင့် သီဆိုသည့်သီချင်းစာသားများကို အာရုံစိုက်ဖို့လိုသည်။ ကျွန်ုပ်တို့သည် သီချင်းတစ်ပုဒ်စီ၏ ခံစားချက်ကို လိုက်ခံစားကြည့်လိုသည်။ ဝိညာဉ်အသီးတစ်သီးဖြစ်သည့် ချစ်ခြင်းမေတ္တာနှင့်စပ်လျဉ်းသည့် သီချင်းအချို့သည် နှလုံးသားထဲမှဖြစ်သည်။ (ဂလာတိ ၅:၂၂) ယင်းတို့ကို တက်တက်ကြွကြွ၊ လှိုက်လှိုက်လှဲလှဲ သီဆိုပါသည်။ အခြားမှာမူ ရွှင်လန်းသည့်အတွက် ယင်းတို့ကို ကျွန်ုပ်တို့ရွှင်လန်းစွာ သီဆိုရန်ကြိုးစားသင့်သည်။ တက်ကြွစွာ ချီတက်သီချင်းများလည်းရှိသဖြင့် ယင်းတို့ကိုသီဆိုလျှင် အားရပါးရစိတ်ထက်သန်စွာ စိတ်ချလက်ချ သီဆိုသင့်သည်။ ဟောပြောချက်များ တင်ဆက်သည့်အခါ ဖော်ရွေပျူငှာခြင်း၊ ခံစားမှုရှိခြင်းအပြင် စိတ်ထက်သန်ခြင်း အရည်အချင်းများကိုတင်ပြရန် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် သွန်သင်ချက်ပေးခံရကြသည်။ ကျွန်ုပ်တို့သီချင်းများသီဆိုရာတွင် ဖော်ရွေပျူငှာခြင်း၊ ခံစားမှုရှိခြင်း၊ စိတ်ထက်သန်ခြင်း တင်ပြရန် ပိုအရေးကြီးပါသည်။
၁၇။ (က) သီချင်းများကို ကျွန်ုပ်တို့သီဆိုကြပုံနှင့်ပတ်သက်၍ သစ္စာမဲ့ ဣသရေလလူမျိုး အပြစ်တင်ခံခဲ့ရသည်နည်းတူ ကျွန်ုပ်တို့အဘယ်အပြစ်တင်မှုမခံလိုကြသနည်း။ (ခ) သီချင်းများပါ ဩဝါဒကို အလေးအနက်သဘောထားကြမည်ဆိုလျှင် အဘယ်အကျိုးခံစားရမည်နည်း။
၁၇ ဘုရားသခင့်နိုင်ငံတော်သီချင်းများကို သီဆိုနေစဉ် အခြားအကြောင်းများစဉ်းစားနေပြီး သီကုံးစပ်ဆိုထားသည့်စကားမျာ၏အနက်ကို အပြည့်အဝတန်ဖိုးမထားပါက နှုတ်ခမ်းနှင့် ဘုရားသခင်ကိုချီးမွမ်းနေကြသော်လည်း စိတ်နှလုံးမူကား ကိုယ်တော်နှင့်ဝေးလှသောကြောင့် ဆုံးမခံခဲ့ရသော သစ္စာမဲ့ ဣသရေလလူမျိုးနှင့် ကျွန်ုပ်တို့တူနေမည်မဟုတ်လော။ (မဿဲ ၁၅:၈) ဘုရားသခင့်နိုင်ငံတော်သီချင်းများကို ကျွန်ုပ်တို့သီဆိုကြပုံနှင့်ပတ်သက်၍ ထိုသို့အပြစ်တင်မခံလိုကြပါ၊ ခံလိုမည်လော။ ဘုရားသခင့်နိုင်ငံတော်သီချင်းများကို တန်ဖိုးထားလေးစားစွာ သီဆိုကြခြင်းအားဖြင့် ကိုယ်ကိုယ်တိုင်မက ကလေးငယ်များပါအပါအဝင် ကျွန်ုပ်တို့နံဘေးရှိသူများကို လှုံ့ဆော်အားပေးပါလိမ့်မည်။ မှန်ပါသည်၊ နိုင်ငံတော်ခန်းမများတွင် သီချင်းသီဆိုသူအားလုံး ယင်းသီချင်းများပါသြဝါဒကို အလေးအနက်သဘောထားကြမည်ဆိုလျှင် ဓမ္မအမှုတွင် ဇွဲလုံ့လရှိကြရန်၊ မှားယွင်းစေသည့်ကျော့ကွင်းများကို ရှောင်ကြဉ်ကြရန် တန်ခိုးပါသောအားပေးမှု ရရှိပါလိမ့်မည်။
၁၈။ ဘုရားသခင့်နိုင်ငံတော်သီချင်းများကို သီဆိုပုံက အမျိုးသမီးတစ်ဦးအား အဘယ်အကျိုးပြုခဲ့သနည်း။
၁၈ ဘုရားသခင့်နိုင်ငံတော်သီချင်းများကို ကျွန်ုပ်တို့သီဆိုကြပုံကြောင့် အပြင်လူများစွဲမှတ်စရာဖြစ်ခဲ့သည်ကား အကြိမ်ကြိမ်ရှိပါပြီ။ တစ်ချိန်က ကင်းမျှော်စင်တွင် ဤအကြောင်းဖော်ပြခဲ့သည်– “[ကျွန်ုပ်တို့၏] သီချင်းဆိုခြင်းသည်လည်း ယေဟောဝါဘုရားသခင်ကို လူတို့အား သိကျွမ်းလာစေနိုင်ကြောင်း နယူးယောက်မြို့၊ ရန်ကီအားကစားကွင်းတွင် ၁၉၇၃ ‘မြင့်မြတ်သောအောင်ပွဲ’ ခရိုင်စည်းဝေးပွဲ၌ နှစ်ခြင်းခံခဲ့သောအမျိုးသမီး၏တွေ့ကြုံမှုက ဖော်ပြပါသည်။ သူမသည် ဒေသခံနိုင်ငံတော်ခန်းမတစ်ခုသို့ သူ့ဘာသာသူ ပထမအကြိမ်သွား၍ စည်းဝေးနှစ်ခုစလုံးကို တက်ခဲ့သည်။ အသင်းတော်လိုက် . . . ‘ဆုလာဘ်တော်ကို မျက်ခြေမပြတ်စေနှင့်!’ ကိုသီဆိုကြသည့်အခါ သီကုံးစပ်ဆိုထားသည့်စကားနှင့်တကွ သီဆိုပုံကိုပါ စိတ်စွဲမှတ်စရာဖြစ်သွားပြီး ဤနေရာသည် သူမကိုယ်တိုင် ရှိနေလိုသည့်နေရာဖြစ်သည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။ ထိုနောက် သက်သေခံတစ်ဦးထံချဉ်းကပ်၍ ကျမ်းစာသင်ပေးရန် တောင်းဆိုခဲ့ရာ ယေဟောဝါခရစ်ယာန်သက်သေတစ်ဦးဖြစ်လာသည်အထိ [သူမ] ဆက်တိုးတက်လာပါသည်။”
၁၉။ ဘုရားသခင့်နိုင်ငံတော်သီချင်းများကို စိတ်နှလုံးအကြွင်းမဲ့သီဆိုခြင်းနှင့်ပတ်သက်၍ နောက်ဆုံးအားပေးချက်ကားအဘယ်နည်း။
၁၉ ကျွန်ုပ်တို့၏အစည်းအဝေးအများတွင် ပရိသတ်ရှိသူတို့သည် မိမိခံစားချက်များနှင့် ကျေးဇူးတင်လေးစားမှုကို ဖော်ပြပြောဆိုခွင့် အနည်းငယ်သာရရှိကြသည်။ သို့သော် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင့်နိုင်ငံတော်သီချင်းများကို အားရပါးရ သီဆိုခြင်းအားဖြင့် ယေဟောဝါ၏ကောင်းမြတ်ခြင်းကို မည်သို့သဘောထားကြောင်း တင်ပြနိုင်ကြပါသည်။ ထို့ပြင် အတူတကွ စုစည်းဝေးကြချိန်တွင် ကျွန်ုပ်တို့သည် ရွှင်လန်းအားရဖြစ်နေကြသည်မဟုတ်လော။ ထို့ကြောင့် သီချင်းဆိုချင်စိတ် အမှန်ရှိသင့်သည်! (ယာကုပ် ၅:၁၃) ယေဟောဝါ၏ကောင်းမြတ်ခြင်းနှင့် ကိုယ်တော်၏မခံစားထိုက်သောကရုဏာကို အမှန်ကျေးဇူးတင်လေးမြတ်သည့်အတိုင်းအတာနှင့်အညီ ကိုယ်တော်အား စိုးလ်အကြွင်းမဲ့ ချီးမွမ်းကျူးဧကြပါလိမ့်မည်။
[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]
ထိုသီချင်းများကို နှစ်ထောင်းအားရပါလေ!
သီချင်းအသစ်များစွာကို သင်ယူကြရန် အချို့အခက်အခဲတွေ့နေဟန်ရှိသည်။ သို့ရာတွင် အသင်းတော်အချို့၌ ယင်းသီချင်းများအနက် အများဆုံးကို သီဆိုခြင်းအတွက် အခက်အခဲအကြီးအကျယ် မရှိပါ။ အစပိုင်းတွင် ကြားဖူးနားဝမရှိသည့်သီချင်းကို အနည်းငယ်ကြိုးစားအားထုတ် သင်ယူဖို့သာ လိုအပ်နေပေမည်။ ဤသို့သောသီချင်းများကို ကြားနေကျဖြစ်သွားလျှင် ကြိုးစားသင်ယူစရာမလိုခဲ့သောသီချင်းများထက်ပင် ယင်းတို့ကို အသင်းတော်သည် ပိုကြိုက်နှစ်သက်သွားတတ်ပါသည်။ ထို့နောက် အသင်းတော်အားလုံးသည် ၎င်းတို့ကို စိတ်ချလက်ချ သီကျူးနိုင်ကြသည်။ မှန်ပါသည်၊ ထိုသီချင်းများတွင် သူတို့နှစ်ထောင်းအားရနိုင်ပါသည်!
[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်]
ဘုရားသခင့်နိုင်ငံတော်သီချင်းများကို မိတ်ဆုံပွဲများတွင် သီဆိုကြ
ဘုရားသခင့်နိုင်ငံတော်သီချင်းများကို နိုင်ငံတော်ခန်းမ၌သာ သီဆိုကြဖို့မဟုတ်ပါ။ ထောင်ထဲတွင် ပေါလုနှင့်သိလတို့သည် ယေဟောဝါအား ချီးမွမ်းထောမနာပြုခဲ့ကြသည်။ (တမန်တော် ၁၆:၂၅) တပည့်တော်ယာကုပ်ကလည်း ဤသို့ဆိုသည်– “ရွှင်လန်းသောသူရှိလျှင် ဆာလံသီချင်းကိုဆိုစေ။” (ယာကုပ် ၅:၁၃) မိတ်ဆုံပွဲများတွင် လူတိုင်း ရွှင်လန်းကြသည်။ ထို့ကြောင့် ဘုရားသခင့်နိုင်ငံတော်သီချင်းများကိုသီကျူးကြပါလေ။ အထူးသဖြင့် စန္ဒရား သို့မဟုတ် ဂစ်တာဖြင့် လိုက်တီးခတ်ပေးမည်ဆိုလျှင် ပို၍နှစ်ခြိုက်စရာဖြစ်သည်။ ထိုသို့မဟုတ်လျှင် ကျွန်ုပ်တို့၏ဘုရားသခင့်နိုင်ငံတော်သီချင်းစန္ဒရားတိပ်ခွေများရှိပါသည်; သက်သေခံမိသားစုများစွာတွင် ဤခွေများ ရှိထားကြသည်။ သီချင်းဆိုခြင်းအတွက်သာမက တင့်တယ်လှပသော နောက်ခံတေးသံအနေနှင့် အသုံးပြုဖို့အတွက်လည်း အလွန်ကောင်းပါသည်။
သင်မည်သို့ဖြေဆိုသနည်း
◻ ယေဟောဝါအား ချီးမွမ်းထောမနာပြုရခြင်း အခြေခံအကြောင်းနှစ်ခုကား အဘယ်နည်း။
◻ အဘယ်နည်းအသွယ်သွယ်ဖြင့် ယေဟောဝါအားချီးမွမ်းထောမနာပြုနိုင်သနည်း။
◻ ယေဟောဝါကို ချီးမွမ်းနိုင်သော လှပတင့်တယ်သည့် အကောင်းဆုံးနည်းလမ်းများအနက်တစ်ခုကား အဘယ်နည်း။
◻ သီချင်းဆိုခြင်းအားဖြင့် ယေဟောဝါအား ချီးမွမ်းရန် အဘယ်ကျမ်းစာဥပမာများ ရှိသနည်း။
◻ ဘုရားသခင့်နိုင်ငံတော်သီချင်းများကို တန်ဖိုးထားလေးစားစွာ မည်သို့သီဆိုနိုင်သနည်း။
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
ပင်လယ်နီတွင် ကယ်လွှတ်ခံရပြီးနောက် ဣသရေလလူများသည် ရွှင်လန်းအားရကြောင်းကို သီချင်းဆိုခြင်းအားဖြင့် ဖော်ပြခဲ့ကြ
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ရွှင်လန်းအားရစွာ သီချင်းဆိုခြင်းသည် ယနေ့ ခရစ်ယာန်ဝတ်ပြုရေး၏အစိတ်အပိုင်းတစ်ခုဖြစ်