ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၂/၁၅ စာ. ၂၇-၃၀
  • ပြဿနာများကိုင်တွယ်ပုံတွင် သင်ခန်းစာတစ်ရပ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပြဿနာများကိုင်တွယ်ပုံတွင် သင်ခန်းစာတစ်ရပ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အပြုသဘောကင်းမဲ့သော သွန်သင်မှုတွင် သင်ခန်းစာတစ်ရပ်
  • သွန်သင်ချက်ပေးပုံ
  • ဘေးကျပ်နံကျပ်အခြေအနေများတွင် မည်သို့မတုံ့ပြန်သင့်ပုံ
  • နာကျင်မှုကို ယေဟောဝါ ကုသပေးခဲ့
    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ
  • ယောဘ၏ ဆုကျေးဇူး —မျှော်လင့်ခြင်း၏ အရင်းအမြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ယောဘသည် ယေဟောဝါ၏ နာမတော်ကို ဂုဏ်တင်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ယောဘကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၂/၁၅ စာ. ၂၇-၃၀

ပြဿနာများကိုင်တွယ်ပုံတွင် သင်ခန်းစာတစ်ရပ်

ယောဘတွေ့ကြုံခဲ့ရသည့် ပြဿနာရှိရှိသမျှကို ရင်ဆိုင်ကြုံတွေ့ခဲ့ဖူးသူနည်းပါသည်။ တိုတောင်းသော အချိန်ကာလအတွင်း သူ၏ဥစ္စာပစ္စည်းနှင့် လုပ်ငန်းကိုင်ငန်းများဆုံးရှုံး၊ သူ၏သားသမီးအားလုံး အသေဆိုးနှင့်သေသဖြင့် သူသည် ပြုတ်ပြုတ်ပြုန်းခဲ့ပြီး နောက်ဆုံးတွင် အလွန်နာကျင်သော ရောဂါကိုခံစားခဲ့ရသည်။ မိတ်ဆွေများနှင့် ဆွေမျိုးသားချင်းများ၏ ဝိုင်းပယ်ခြင်းကိုခံရပြီး သူ၏မိန်းမက “ဘုရားသခင်ကို ကျိန်ဆဲပြီးသေ” ရန် သူ့အား တိုက်တွန်းခဲ့သည်။—ယောဘ ၂:၉; ၁၉:၁၃၊ ၁၄၊ သမ္မာ။

သို့ဖြစ်သော်လည်း ယောဘသည် အလားတူစုံစမ်းမှုများခံစားတွေ့ကြုံနေရသည့် မည်သူအတွက်အဆို သူမတူထူးခြားသော အရင်းခံအားပေးမှုတစ်ခုဖြစ်သည်။ သူ၏စုံစမ်းခြင်းမှ အပြုသဘောဆောင်သောရလဒ်က အတိဒုက္ခရင်ဆိုင်ရသောအခါ ခံနိုင်ရည်ရှိခြင်းသည် ကိုယ်ကျိုးအတွက်မဟုတ်ဘဲ စစ်မှန်သောဘုရားရေးရာဆက်ကပ်အပ်နှံခြင်းကြောင့် လှုံ့ဆော်ခံရခြင်းဖြစ်လျှင် ယေဟောဝါနှလုံးတော်ကို ရွှင်လန်းစေကြောင်းပြသည်။—ယောဘအခန်းကြီး ၁၊ ၂; ၄၂:၁၀-၁၇; သု. ၂၇:၁၁။

ဤကျမ်းစာမှတ်တမ်း၌ ပြဿနာများကိုင်တွယ်ပုံတွင် အဖိုးတန်သင်ခန်းစာများလည်း ပါဝင်သည်။ ယင်းက စုံစမ်းမှုများရင်ဆိုင်နေရသောသူကို မည်သို့သွန်သင်ချက်ပေးသင့်—မပေးသင့်နှင့်ပတ်သက်၍ ရိုက်ခတ်လှုံ့ဆော်သော နမူနာများကို ပေးသည်။ ယောဘ၏ကိုယ်တွေ့ဖြစ်ရပ်သည် ဒုက္ခသုက္ခအခြေအနေများက ကျွန်ုပ်တို့အားထိုးနှက်နေကြောင်း တွေ့ရှိရသောအခါ ချင့်ချိန်နှိုင်းဆသောနည်းဖြင့် တုံ့ပြန်ရန် ကျွန်ုပ်တို့ကို အထောက်အကူပြုနိုင်သည်။

အပြုသဘောကင်းမဲ့သော သွန်သင်မှုတွင် သင်ခန်းစာတစ်ရပ်

“ယောဘ၏နှစ်သိမ့်ပေးသူများ” အသုံးအနှုန်းသည် လူတစ်ဦးကို အခွင့်မသာချိန်၌ ထောက်စာမှုပြမည့်အစား အနာထဲသို့ ဆားသိပ်ထည့်ခြင်းနှင့်တူနေသည်။ ယောဘ၏အဖော်သုံးယောက်သည် သူတို့ခံထိုက်သည့် နာမည်ရသွားသော်လည်း သူတို့၏ရည်ရွယ်ချက်အားလုံး မကောင်းပါဟု မယူမှတ်သင့်ပါ။ သူတို့၏မှားယွင်းသော ရှုမြင်ပုံနည်းဖြင့် အတိုင်းအတာတစ်ခုထိ ယောဘကို သူတို့ကူညီလိုခဲ့ပေမည်။ အဘယ့်ကြောင့်သူတို့ ပျက်ကွက်ခဲ့သနည်း။ သူတို့သည် မည်သို့အားဖြင့် ယောဘ၏သမာဓိကို ချိုးဖျက်ရန်ဆုံးဖြတ်ထားသူ စာတန်၏လက်ကိုင်တုတ်များ ဖြစ်လာခဲ့သနည်း။

အမှန်မှာ လက်တွေ့အားဖြင့် သူတို့၏သွန်သင်ချက်အားလုံးမှာ ဆင်းရဲဒုက္ခသည် အပြစ်ပြုသူထံသို့သာ ကျရောက်တတ်သည်ဟူသော ယူဆချက်အမှားပေါ်တွင် အခြေခံသည်။ သူ့အား ဦးဦးဆုံးစကားပြောသူအဖြစ် ဧလိဖတ်က ဤသို့ဆိုသည်– “အပြစ်နှင့်ကင်းလွတ်လျက်ပင် ပျက်စီးခြင်းသို့အဘယ်သူ ရောက်သနည်း။ ဖြောင့်မတ်သောသူသည် အဘယ်အရပ်၌ ဆုံးသနည်းဟု ဆင်ခြင်ပါလော့။ ငါသိမြင်သည့်အတိုင်း၊ မတရားသောလယ်ထွန်ခြင်းကို ပြုသောသူနှင့် အဓမ္မမျိုးစေ့ကိုကြဲသောသူတို့သည် ထိုသို့နှင့်အညီ စပါးရိတ်တတ်ကြ၏။” (ယောဘ ၄:၇၊ ၈) အပြစ်မဲ့သောသူသည် အတိဒုက္ခမှ လွတ်ကင်းသည်ဟု ဧလိဖတ်မှားယွင်းစွာ ယုံကြည်ခဲ့သည်။ ယောဘဒုက္ခပင်လယ်ဝေနေရခြင်းသည် သူ၌ဘုရားသခင်ကို ဆန့်ကျင်သည့်အပြစ်ပြုခဲ့ရမည်ဟု သူဆင်ခြင်ယူမှတ်ခဲ့သည်။a ဘိလဒဒ်နှင့် ဇောဖာတို့နှစ်ဦးစလုံးသည် အလားတူပင် ယောဘကို သူ၏အပြစ်မှနောင်တယူရန် အတင်းအကျပ်တောင်းဆိုခဲ့သည်။—ယောဘ ၈:၅၊ ၆; ၁၁:၁၃-၁၅။

ယောဘ၏အဖော်သုံးယောက်တို့သည် ဘုရားရေးရာဉာဏ်ပညာအစား ကိုယ်ပိုင်အတွေးအခေါ်များနှင့် အသံလွှင့်ခြင်းအားဖြင့် သူ့ကိုထပ်မံ၍ စိတ်ပျက်အားလျော့စေကြသည်။ ဧလိဖတ်က ‘ဘုရားသခင်သည် မိမိအမှုတော်ထမ်းတို့ကို ယုံတော်မမူ’၊ ယောဘဖြောင့်မတ်သည် သို့မဟုတ် မဖြောင့်မတ်သည်မှာ ယေဟောဝါအတွက် အရေးမပါလှပါဟုပင် ပြောခဲ့သေးသည်။ (ယောဘ ၄:၁၈; ၂၂:၂၊ ၃) ယင်းထက်ပို၍ စိတ်ဓာတ်ကျစရာကောင်းသော—သို့မဟုတ် ပို၍မမှန်မကန်သော—ဝေဖန်မှုမျိုးကို စဉ်းစား၍ပင်မရနိုင်ပါ! နောက်ပိုင်းတွင် ယေဟောဝါသည် ဧလိဖတ်နှင့် သူ့အဖော်များအား ဘုရားသခင်ကို ပြစ်မှားသည့်ဤအမှုအတွက် ပြစ်တင်ဆုံးမခဲ့သည်။ “ငါ့အကြောင်းအရာကို ဟုတ်မှန်စွာ . . . သင်တို့သည်မပြော” ဟု ကိုယ်တော်မိန့်ဆိုခဲ့သည်။ (ယောဘ ၄၂:၇) သို့သော် လာမည့် အထိခိုက်ဆုံး အခိုင်အမာပြောဆိုချက်ကား ကျန်ရှိနေသေးသည်။

နောက်ဆုံးတွင် ဧလိဖတ်သည် လုံးလုံးလျားလျား တဲ့တိုးစွပ်စွဲလေတော့သည်။ သူသည် ယောဘထံမှ အပြစ်ရှိကြောင်းဝန်ခံချက်ကို ထုတ်ဖော်ပြောရန် မစွမ်းဆောင်နိုင်ရကား ယောဘကျူးလွန်ခဲ့ရမည်ဟု သူယူဆခဲ့သည့် အပြစ်များကို အကွက်ဆင်ဖန်တီးရန် အကြံထုတ်လေသည်။ “သင်ပြုသော ဒုစရိုက်သည် အလွန်ကြီးသည် မဟုတ်လော။ သင့်အပြစ်တို့သည် မရေတွက်နိုင်အောင်များပြားသည်မဟုတ်လော” ဟု ဧလိဖတ်မေးခဲ့သည်။ “သင်သည် ညီအစ်ကိုပေါင်ထားသော ဥစ္စာကို မတရားသဖြင့် ခံယူပြီ။ ဆင်းရဲသောသူတို့၏ အဝတ်ကိုလည်းချွတ်ယူပြီ။ မောသောသူသောက်ဖို့ ရေကို မပေး။ ငတ်မွတ်သောသူကို မကျွေး။”(ယောဘ ၂၂:၅-၇) ဤစွပ်စွဲချက်များသည် အခြေအမြစ်လုံးဝမရှိချေ။ ယေဟောဝါကိုယ်တော်တိုင် ယောဘကို “စုံလင်ဖြောင့်မတ်” သောလူသားတစ်ယောက်အဖြစ် ဖော်ပြခဲ့ပြီဖြစ်သည်။—ယောဘ ၁:၈။

မိမိ၏ကိုယ်ပိုင်သမာဓိအပေါ် ဤထိုးနှက်တိုက်ခိုက်မှုများကို ယောဘမည်သို့တုံ့ပြန်ခဲ့သနည်း။ သူတို့သည် မိမိအား အတော်လေးနာကြည်းစေပြီး စိတ်ဓာတ်ကျစေခဲ့ကြသော်လည်း ဤစွဲချက်များသည် မမှန်ကန်ကြောင်းသက်သေပြရန်ထက်ပင် ပို၍စိတ်ပိုင်းဖြတ်ခဲ့သည်မှာ ရှင်းနေပါသည်။ အမှန်မှာ သူသည် တစ်နည်းနည်းဖြင့် မိမိကိုယ်ကို အပြစ်မရှိဖြောင့်မတ်ကြောင်း တမ်းတမ်းစွဲဖြစ်နေကာ မိမိ၏ဘေးကျပ်နံကျပ်အခြေအနေအတွက် ဘုရားသခင်ကို စတင်အပြစ်ဖို့တော့သည်။ (ယောဘ ၆:၄; ၉:၁၆-၁၈; ၁၆:၁၁၊ ၁၂) ပါဝင်ပတ်သက်နေသော တကယ့်ပြဿနာကို မျက်စိလျှမ်းသွားပြီး စကားလက်ဆုံပြောခြင်းသည် ယောဘ ဖြောင့်မတ်သောသူ ဟုတ်မဟုတ်နှင့်ပတ်သက်၍ အကျိုးမဖြစ်သော စကားရည်လုပွဲဖြစ်လာခဲ့သည်။ ဤဘေးသင့်စေနိုင်သော အပြန်အလှန်ဆွေးနွေးပွဲမှ ခရစ်ယာန်များ အဘယ်သင်ခန်းစာ ရနိုင်သနည်း။

၁။ မေတ္တာပြည့်ဝသော ခရစ်ယာန်တစ်ဦးသည် ညီအစ်ကို၏ပြဿနာများမှာ သူ့ဘာသာသူ ဖန်တီးခြင်းဖြစ်သည်ဟု အစကတည်းက မယူမှတ်ပါ။ အတိတ်ကအမှားများ—တကယ်ဖြစ်ချင်ဖြစ်မည် သို့မဟုတ် ထင်မှတ်ခြင်းဖြစ်ချင်ဖြစ်မည်—ကို ပြင်းပြင်းထန်ထန်အပြစ်ဆိုခြင်းသည် အားမလျော့ဘဲ ဆက်လက်ရုန်းကန်ကြိုးစားနေသည့် လူတစ်ဦးကို စိတ်ဓာတ်ချုံးချုံးကျစေသည်။ စိတ်ပျက်လက်ပျက်ဖြစ်နေသော စိုးလ်ကို ပြစ်တင်ကြိမ်းမောင်းရန်မဟုတ်ဘဲ ‘နှစ်သိမ့်အားပေး’ ရန် လိုအပ်သည်။ (၁ သက်သာလောနိတ် ၅:၁၄) ယေဟောဝါသည် ကြီးကြပ်မှူးများကို ဧလိဖတ်၊ ဗိလဒဒ်နှင့်ဇောဖာတို့ကဲ့သို့ “ပင်ပန်းစေသောသူများ” ဖြစ်ရန်မဟုတ် “လေလုံ၍မိုးသက်မုန်တိုင်းကွယ်ရာ အရပ်” ဖြစ်စေလိုတော်မူသည်။—ဟေရှာယ ၃၂:၂; ယောဘ ၁၆:၂။

၂။ ကျွန်ုပ်တို့သည် သက်သေအထောက်အထားမထင်ရှားဘဲ ဘယ်တော့မျှ မစွပ်စွဲသင့်ပါ။ ဧလိဖတ်ကဲ့သို့ တစ်ဆင့်စကား သို့မဟုတ် မှန်းဆချက်များသည် သက်သေပြဖို့အတွက် ခိုင်လုံသောအခြေအမြစ် မဟုတ်ပါ။ ဥပမာ အကြီးအကဲတစ်ဦးသည် မှားမှားယွင်းယွင်း စွပ်စွဲပါက ယုံကြည်ခံထိုက်မှု ဆုံးရှုံးကောင်းဆုံးရှုံးနိုင်ပြီး စိတ်လှုပ်ရှားမှုဆိုင်ရာဖိစီးမှု ဖြစ်ပေါ်စေနိုင်သည်။ ယောဘသည် ဤကဲ့သို့သော တလွဲသွန်သင်ခြင်းမျိုးကို နားထောင်ရခြင်းနှင့်ပတ်သက်၍ မည်သို့ခံစားခဲ့ရသနည်း။ သရော်သောအာမေဍိတ်သံနှင့်အတူ မိမိ၏ပြင်းပြသောဝေဒနာမှ ထွက်မြောက်ရာလမ်းကို ဤသို့သူ ကြွေးကြော်ခဲ့သည်– “သင်သည် အားနည်းသောသူကို အဘယ်သို့မစသနည်း။” (ယောဘ ၂၆:၂) ကြောင့်ကြပူပန်တတ်သော ကြီးကြပ်မှူးတစ်ဦးသည် ပြဿနာကို ပို၍မဆိုးရွားစေဘဲ “တွဲလဲနေသောလက် . . . တို့ကိုခိုင်ခံ့စေ” မည်ဖြစ်သည်။—ဟေဗြဲ ၁၂:၁၂။

၃။ သွန်သင်ချက်သည် ကိုယ်ပိုင်အတွေးအခေါ်ပေါ်တွင်မဟုတ်ဘဲ ဘုရားသခင့်နှုတ်ကပါဌ်တော်ပေါ်တွင် အခြေခံသင့်သည်။ ယောဘအဖော်သုံးယောက်၏ အချေအတင်ပြောဆိုချက်များသည် မှန်ကန်မှုလည်းမရှိ၊ အဖျက်ဘက်သို့ရှေ့ရှုသည်။ ယောဘကိုယေဟောဝါနှင့် သာ၍နီးကပ်စေမည့်အစား ကောင်းကင်ခမည်းတော်နှင့် သူ့ကြားတွင် ကြီးမားသောတံတိုင်းကြီးရှိနေသည်ဟု ထင်မှတ်စေခဲ့သည်။ (ယောဘ ၁၉:၂၊ ၆၊ ၈) အခြားတစ်ဖက်တွင်မူ ကျမ်းစာကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုခြင်းက ကိစ္စရပ်များကို တည့်မတ်ပေးပြီး အခြားသူများကို သန်စွမ်းလာစေကာ စစ်မှန်သောနှစ်သိမ့်မှုကို ကမ်းပေးနိုင်ပါသည်။—လုကာ ၂၄:၃၂; ရောမ ၁၅:၄; ၂ တိမောသေ ၃:၁၆; ၄:၂။

ယောဘဝတ္ထုသည် ခရစ်ယာန်များအား အချို့သောအန္တရာယ်ထောင်ချောက်များကို ခွဲခြားသိမြင်ရန် ကူညီနေစဉ် ထိရောက်မှုရှိသော သွန်သင်မှုပေးပုံတွင် အသုံးဝင်သောသင်ခန်းစာတစ်ခုကိုလည်း စီမံပေးပါသည်။

သွန်သင်ချက်ပေးပုံ

ဧလိဟု၏သွန်သင်ချက်သည် ပြောဆိုသည့်စကားများကော ယောဘကို သူဆက်ဆံပုံတွင်ပါ ယောဘ၏အဖော်သုံးယောက်နှင့် လုံးလုံးကွာခြားသည်။ သူသည် ယောဘ၏နာမည်ကို သုံးပြီး ယောဘ၏တရားသူကြီးအဖြစ်မဟုတ်ဘဲ မိတ်ဆွေတစ်ယောက်အဖြစ် ပြောဆိုခဲ့သည်။ “သို့ဖြစ်၍ အိုယောဘ၊ ငါမြွက်ဆိုသောစကားအလုံးစုံတို့ကို နားထောင် နာယူပါလော့။ ဘုရားသခင့်ရှေ့မှာ ငါသည်သင်နှင့်တူ၏။ ငါသည်လည်းမြေမှုန့်ဖြင့် ဖန်ဆင်းတော်မူရာဖြစ်၏။” (ယောဘ ၃၃:၁၊ ၆) ဧလိဟုသည် ယောဘကို သူ၏ဖြောင့်မတ်သောလမ်းစဉ်အတွက် ချီးမွမ်းရန်လည်း မနှောင့်နှေးခဲ့ပါ။ “သင် ဖြောင့်မတ်သည်ဟု အကျွန်ုပ်မှတ်” ကြောင်း သူက ယောဘကို ထပ်မံသေချာစေခဲ့သည်။ (ယောဘ ၃၃:၃၂၊ သမ) ဤကြင်နာစွာသွန်သင်ပုံအပြင် ဧလိဟုသည် အခြားအကြောင်းများကြောင့် အောင်မြင်မှုရရှိခဲ့သည်။

အခြားသူများ ပြောဆိုချက်များပြီးဆုံးသည်အထိ စိတ်ရှည်စွာစောင့်ဆိုင်းနေခြင်းအားဖြင့် ဧလိဟုသည် သွန်သင်ချက်မပေးမီ အရေးကိစ္စကို သာ၍ခြုံငုံသဘောပေါက်နိုင်ခဲ့သည်။ ယောဘသည် ဖြောင့်မတ်သောသူဖြစ်သည်ဟု ယူမှတ်ထားရာ သူ့အား ယေဟောဝါအပြစ်ပေးမည်လော။ “ဒုစရိုက်သည် ဘုရားသခင်နှင့်လည်းကောင်း၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့်လည်းကောင်း ဝေးပါလေစေ” ဟု ဧလိဟုကြွေးကြော်ခဲ့သည်။ “ဖြောင့်မတ်သောသူတို့မှ မျက်နှာလွှဲတော်မမူ။”—ယောဘ ၃၄:၁၀; ၃၆:၇၊ သမ္မာ။

တကယ်တမ်းတွင် ယောဘ၏ဖြောင့်မတ်မှန်ကန်မှုသည် အဓိကအရေးကိစ္စဖြစ်သလော။ ဧလိဟုက ယောဘအား အစွန်းရောက်သဘောထားကို အာရုံစိုက်စေခဲ့သည်။ “‘ငါသည်ဘုရားသခင်ထက်သာ၍ဖြောင့်မတ်သည်’ ဟု သင်ပြော . . . သည်” ဟု သူရှင်းပြခဲ့သည်။ “မိုးကောင်းကင်ကိုမျှော်၍ သင့်ထက်မြင့်သော မိုးတိမ်တို့ကိုကြည့်ရှုလော့။” (ယောဘ ၃၅:၂၊ ၅) မိုးတိမ်များသည် ကျွန်ုပ်တို့ထက် မြင့်မားသကဲ့သို့ ဘုရားသခင့်နည်းလမ်းတော်များသည် ကျွန်ုပ်တို့၏နည်းလမ်းများထက် သာလွန်မြင့်မားသည်။ ကျွန်ုပ်တို့သည် အရာဝတ္ထုများအား ကိုယ်တော်ပြုလုပ်သည့်နည်းလမ်းကို ဝေဖန်ရန် အခြေအနေတွင်မရှိကြပါ။ “သို့ဖြစ်၍ လူတို့သည် ကိုယ်တော်ကို ကြောက်ရကြ၏။ ဉာဏ်ပညာချွန်သူတို့ကိုပင် ထောက်ထားတော်မမူဟု” ဧလိဟု နိဂုံးချုပ်ခဲ့သည်။—ယောဘ ၃၇:၂၄၊ သမ; ဟေရှာယ ၅၅:၉။

ဧလိဟု၏ ခိုင်လုံသောသွန်သင်ချက်က ယေဟောဝါကိုယ်တော်တိုင်ထံမှ ထပ်ဆင့်သွန်သင်ညွှန်ကြားမှုကို လက်ခံရန် ယောဘအား လမ်းခင်းပေးခဲ့သည်။ အမှန်မှာ ယောဘအခန်းကြီး ၃၇ ပါ “ဘုရားသခင်၏အံ့ဖွယ်အမှုတော်တို့” နှင့်ပတ်သက်သော ဧလိဟု၏ပြန်လည်သုံးသပ်ခြင်းနှင့် အခန်းကြီး ၃၈ မှ ၄၁ တွင်မှတ်တမ်းတင်ထားသည့် ယောဘအား ယေဟောဝါကိုယ်တော်တိုင်ပြောသော နှုတ်ကပါဌ်စကားတို့အကြား ပေါ်လွင်ထင်ရှားသော နှိုင်းယှဉ်စရာ ရှိပါသည်။ ဧလိဟုသည် ကိစ္စရပ်များကို ယေဟောဝါ၏ရှုထောင့်မှ ရှုမြင်ခဲ့သည်မှာ ရှင်းနေပါသည်။ (ယောဘ ၃၇:၁၄) ခရစ်ယာန်များသည် ဧလိဟု၏ပုံသက်သေကောင်းကို မည်သို့တုပနိုင်သနည်း။

ဧလိဟုကဲ့သို့ အထူးသဖြင့် ကြီးကြပ်မှူးများသည် ကိုယ်ချင်းစာနာ၊ ကြင်နာမှုတင်ပြလိုပြီး မိမိတို့လည်းမစုံလင်ကြောင်း သတိရပါ။ သူတို့သည် အချက်အလက်များကို သိရှိသဘောပေါက်ရန် ဂရုတစိုက်ကောင်းစွာ နားထောင်သင့်ပြီး သွန်သင်ချက်မပေးမီ ပြဿနာကိုနားလည်ထားသင့်သည်။ (သု. ၁၈:၁၃) ထို့အပြင် ကျမ်းစာနှင့် ကျမ်းဆိုင်ရာ စာပေစာတမ်းများကို အသုံးပြုခြင်းဖြင့် သူတို့သည် ယေဟောဝါ၏သဘောထား လွှမ်းမိုးကြောင်း သေချာစေနိုင်သည်။—ရောမ ၃:၄။

အကြီးအကဲများအတွက် ဤလက်တွေ့ကျသော သင်ခန်းစာများကို စီမံပေးခြင်းအပြင် ယောဘဝတ္ထုသည် ကျွန်ုပ်တို့အား ချင့်ချိန်နှိုင်းဆသောနည်းဖြင့် ပြဿနာများကိုင်တွယ်ပုံကို သင်ကြားပေးသည်။

ဘေးကျပ်နံကျပ်အခြေအနေများတွင် မည်သို့မတုံ့ပြန်သင့်ပုံ

ယောဘသည် ဒုက္ခသုက္ခကြောင့် ပြုတ်ပြုတ်ပြုန်းခဲ့ရပြီး မှားယွင်းသော နှစ်သိမ့်ပေးသူများကြောင့် စိတ်ဓာတ်ကျကာ နာကြည်းပြီး စိတ်ပျက်လက်ပျက်ဖြစ်လာသည်။ “ငါဖွားရသောနေ့ရက်သည် ပျက်စီးပါစေ . . . ငါ့ဝိညာဉ်သည် အသက်ကိုငြီးငွေ့၏” ဟု သူညည်းတွားခဲ့သည်။ (ယောဘ ၃:၃; ၁၀:၁) စာတန်သည် အဓိကတရားခံဖြစ်ကြောင်း မသိရှိရကား ဤအတိဒုက္ခများသည် ဘုရားသခင်ကြောင့်ဖြစ်ကြောင်း သူထင်မှတ်ယူဆခဲ့သည်။ ဖြောင့်မတ်သူတစ်ဦးဖြစ်သော သူသည် ဒုက္ခခံစားရခြင်းမှာ အလွန်ပင်မတရားပုံပေါက်သည်။ (ယောဘ ၂၃:၁၀၊ ၁၁; ၂၇:၂; ၃၀:၂၀၊ ၂၁) ဤသဘောထားက ယောဘအား အခြားသောဆင်ခြင်စရာများကို ဖုံးကွယ်ပစ်ပြီး လူသားများနှင့် ဘုရားသခင်၏ဆက်ဆံပုံကို အပြစ်ရှာစေသည်။ ဘုရားသခင်ဤသို့မေးခဲ့သည်– “သင်သည် ငါ့တရားစီရင်ချက်ကို ပယ်မည်လော။ သင်သည် ကိုယ်တိုင်ဖြောင့်မတ်ဟန်ရှိစေခြင်းငှာ ငါ့ကိုအပြစ်ရှိသည်ဟု စီရင်မည်လော။”—ယောဘ ၄၀:၈။

အတိဒုက္ခကို ရင်ဆိုင်ရသောအခါ ကျွန်ုပ်တို့၏အလျင်စလိုတုံ့ပြန်မှုမှာ ယောဘထင်မှတ်ခဲ့သကဲ့သို့ သားကောင်အဖြစ်ခံလိုက်ရပြီဟု ခံစားရခြင်းဖြစ်ပေမည်။ တုံ့ပြန်မေးလေ့ရှိသည့်မေးခွန်မှာ ‘ငါ့ကိုမှ ဘာကြောင့်ခံစားစေရတာလဲ။ ငါထက်ဆိုးသွမ်းတဲ့ တခြားသူတွေဟာ ပြဿနာတွေကနေ လွတ်ကင်းပြီး သက်သောင့်သက်သာဘဝမှာ ဘာကြောင့်စံစားနေရကြတာလဲ’ ဟူ၍ဖြစ်သည်။ ယင်းတို့သည် အပျက်သဘောထားများဖြစ်၍ဘုရားသခင့်နှုတ်ကပါဌ်တော်အပေါ် တွေးတောဆင်ခြင်ခြင်းအားဖြင့် တန်ပြန်ချေဖျက်နိုင်သည်။

ယောဘနှင့်မတူဘဲ ကျွန်ုပ်တို့သည် ပါဝင်ပတ်သက်နေသည့် သာ၍ကြီးမားသော အရေးကိစ္စကို နားလည်သဘောပေါက်နိုင်သည့် အခြေအနေတွင် ရှိကြသည်။ စာတန်သည် “ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟု လှည့်လည်ရှာဖွေလျက်ရှိ” ကြောင်း ကျွန်ုပ်တို့သိကြသည်။ (၁ ပေတရု ၅:၈) ယောဘဝတ္ထုကဖော်ပြသကဲ့သို့ပင် မာရ်နတ်သည် ပြဿနာများကို ဖန်တီးပြီး ကျွန်ုပ်တို့၏သမာဓိကို ချိုးဖျက်လိုသည်။ ကျွန်ုပ်တို့သည် အခွင့်သာချိန်၌သာ ယေဟောဝါ၏သက်သေများ ဖြစ်ကြကြောင်း သူအဆိုပြုထားသည်ကို သက်သေထူရန် ဇောက်ချလုပ်ကိုင်နေသည်။ (ယောဘ ၁:၉-၁၁; ၂:၃-၅) ကျွန်ုပ်တို့သည် ယေဟောဝါ၏ပိုင်သအုပ်စိုးမှုကို ထောက်ခံရန် သတ္တိရှိပြီး မာရ်နတ်သည် မုသာကောင်ဖြစ်ကြောင်း သက်သေပြမည်လော။

ယေရှုနှင့် အခြားမရေတွက်နိုင်သော ယေဟောဝါ၏သစ္စာရှိကျေးကျွန်များ၏ ပုံနမူနာက ဤအစီအစဉ်စနစ်တွင် ဒုက္ခဆင်းရဲပုံစံအချို့သည် လွှဲရှောင်၍မရနိုင်လောက်အောင်ဖြစ်ကြောင်း ပြသသည်။ ယေရှုက မိမိတပည့်တော်များအား မိမိနောက်လိုက်လိုပါက ‘ကိုယ့်လက်ဝါးကပ်တိုင်ကို ထမ်းရန်’ တလိုတလားရှိရမည်ဟု မိန့်မှာခဲ့သည်။ (လုကာ ၉:၂၃) ကျွန်ုပ်တို့၏ကိုယ်ရေးကိုယ်တာ “လက်ဝါးကပ်တိုင်” မှာ ယောဘခံရပ်ခဲ့ရသည့် အတိဒုက္ခများ—မကျန်းမမာဖြစ်ခြင်း၊ ချစ်မြတ်နိုးရသူများ သေဆုံးခြင်း၊ စိတ်ပျက်အားလျော့ခြင်း၊ စီးပွားရေးအခက်အခဲတွေ့ကြုံခြင်း သို့မဟုတ် မယုံကြည်သူများ၏ အတိုက်အခံပြုခြင်းတို့မှ တစ်ခု သို့မဟုတ် ယင်းထက်ပိုကောင်းပိုသောအရာ ဖြစ်ပေမည်။ မည်သို့သောပြဿနာမျိုးကိုပင် ကျွန်ုပ်တို့ရင်ဆိုင်ကောင်း ရင်ဆိုင်နေရစေကာမူ အပြုသဘောရှုထောင့်ရှိသည်။ ကျွန်ုပ်တို့၏အခြေအနေကို ခံနိုင်ရည်တင်ပြရန်နှင့် ယေဟောဝါကို နောက်မတွန့်စတမ်း သစ္စာစောင့်သိရန် အခွင့်ထူးအဖြစ် ကျွန်ုပ်တို့ရှုမြင်နိုင်သည်။—ယာကုပ် ၁:၂၊ ၃။

ဤသည်မှာ ယေရှု၏တမန်တော်များတုံ့ပြန်ခဲ့သည့် နည်းဖြစ်သည်။ ပင်တေကုတ္တေပွဲပြီး၍ မကြာမီ ယေရှုအကြောင်း ဟောပြောခြင်းကြောင့် ရိုက်နှက်ခြင်းခံခဲ့ရကြသည်။ စိတ်ဓာတ်ကျမည့်အစား “ဝမ်းမြောက်သောစိတ်” နှင့် ထွက်သွားကြသည်။ သူတို့ရွှင်လန်းကြခြင်းသည် ခံစားရသည့်ဒုက္ခဆင်းရဲကိုယ်နှိုက်ကြောင့်မဟုတ်ဘဲ “သခင်ယေရှု၏နာမတော်ကြောင့် မိမိတို့သည် အရှက်ကွဲခြင်းကို ခံထိုက်သည်ဟု မှတ်” သောကြောင့် ဖြစ်သည်။—တမန်တော် ၅:၄၀၊ ၄၁။

ကျွန်ုပ်တို့၏အခက်အခဲရှိရှိသမျှသည် ယေဟောဝါထံအမှုဆောင်ခြင်းကြောင့်ရရှိခြင်း မဟုတ်သည်မှာ အမှန်ပင်။ ကျွန်ုပ်တို့၏ပြဿနာများသည် အနည်းဆုံးတော့ ကိုယ့်အတတ်ကိုယ်စူးခြင်း ဖြစ်ပေမည်။ သို့မဟုတ် ကိုယ့်အပြစ်ကြောင့်မဟုတ်ပါဘဲ အခက်အခဲပြဿနာက ကျွန်ုပ်တို့၏ဝိညာဏ ဟန်ချက်ကို ထိခိုက်ခဲ့ခြင်းကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။ မည်သည့်ကိစ္စပင်ဖြစ်ပါစေ ယောဘကဲ့သို့သော နှိမ့်ချသည့်သဘောထားက ကျွန်ုပ်တို့အမှားများပြုခဲ့သည့် နေရာကို ပိုင်းခြားသိမြင်နိုင်စေသည်။ ယေဟောဝါထံ ယောဘဤသို့ ဝန်ခံခဲ့သည်– “အကျွန်ုပ်သည် နားမလည်သောအရာတို့ကို . . . ပြောမိပါပြီ။” (ယောဘ ၄၂:၃) ဤနည်းအတိုင်း မိမိ၏အမှားများကို ဝန်ခံအသိအမှတ်ပြုသူတစ်ဦးသည် အနာဂတ်တွင် အလားတူအခက်အခဲများကို ပို၍ရှောင်ကောင်းရှောင်နိုင်ပေသည်။ နယပုံပြင်ကျမ်းက ပြောသည့်အတိုင်း “သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။”—သု. ၂၂:၃။

အရေးအကြီးဆုံးမှာ ယောဘဝတ္ထုက ကျွန်ုပ်တို့၏အခက်အခဲပြဿနာများသည် ထာဝစဉ်တည်ရှိမည်မဟုတ်ကြောင်း သတိပေးနှိုးဆော်သည်။ ကျမ်းစာက ဤသို့ဆိုသည်– “သည်းခံနိုင်သောသူတို့သည် မင်္ဂလာရှိသောသူဟူ၍ ငါတို့သည်ခေါ်ကြ၏။ ယောဘသည် သည်းခံကြောင်းကို သင်တို့ကြားရကြပြီ။” (ယာကုပ် ၅:၁၁) ထာဝရဘုရားသည် မိမိအမှုကို လက်စသတ်တော်မူရာမှာ အလွန်သနားစုံမက်တော်မူကြောင်းကိုလည်း သိမြင်ရကြပြီ။ ယေဟောဝါသည် ယနေ့ခေတ်မိမိ၏သစ္စာရှိ ကျေးကျွန်များကို အလားတူဆုချမည်မှာ ကျိန်းသေသည်။

ကျွန်ုပ်တို့လည်း ပြဿနာမျိုးစုံ—“ရှေးဖြစ်ဖူးသောအရာတို့”—ကွယ်ပျောက်ပြီးသည့်အခါသမယကို ရှေ့ရှုမျှော်ကိုးကြသည်။ (ဗျာဒိတ် ၂၁:၄) ဤနေ့ရက် နီးကပ်လာသည့်တိုင်အောင် ယောဘဝတ္ထုသည် ဉာဏ်ပညာနှင့် ဇွဲသတ္တိရှိရှိဖြင့် ပြဿနာများကို ကိုင်တွယ်ရန် ကျွန်ုပ်တို့ကို ထောက်ကူနိုင်သည့် တန်ဖိုးမဖြတ်နိုင်သော လမ်းညွှန်အဖြစ် အသုံးတော်ခံနေသည်။

[အောက်ခြေမှတ်ချက်များ]

a ကျမ်းစာတွင် “လူသည်မျိုးစေ့ကြဲသည့်အတိုင်း အသီးအနှံကို ရိတ်ရလိမ့်မည်” ဟုဆိုထားသော်လည်း ယင်းက လူတစ်ဦး ဆင်းရဲဒုက္ခခံရခြင်းသည် ဘုရားသခင်အပြစ်ဒဏ်ခတ်ခြင်းဖြစ်သည်ဟု မဆိုလိုပါ။ (ဂလာတိ ၆:၇) စာတန်စိုးမိုးသည့် ဤကမ္ဘာတွင် ဖြောင့်မတ်သူများသည် ဆိုးသွမ်းသူများထက် အခက်အခဲပြဿနာများကို ပိုမိုရင်ဆိုင်ရလေ့ရှိသည်။ (၁ ယောဟန် ၅:၁၉) “လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကိုမုန်းကြလိမ့်မည်” ဟု မိမိတပည့်တော်များကို ယေရှုမိန့်တော်မူခဲ့သည်။ (မဿဲ ၁၀:၂၂) ဖျားနာမှုနှင့် အခြားအကြောင်းမလှမှုတို့က ဘုရားသခင့်သစ္စာရှိကျေးကျွန် မည်သူကိုမဆို ဘေးဒုက္ခဆိုက်ရောက်စေနိုင်သည်။—ဆာလံ ၄၁:၃; ၇၃:၃-၅; ဖိလိပ္ပိ ၂:၂၅-၂၇။

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

“သင့်ထက်မြင့်မားသော မိုးတိမ်ကို ကြည့်ရှုလော့။” ဧလိဟုက ယောဘအား ဘုရားသခင်၏နည်းလမ်းတော်များသည် လူ့နည်းလမ်းထက် သာလွန်မြင့်မားကြောင်း နားလည်ရန် ကူညီခဲ့သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ