ယေဟောဝါ၏ကျွန်သည် ‘ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာထိုးခြင်းကိုခံရ’
“ထိုသူသည် ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာထိုးခြင်း၊ နှိပ်စက်ခြင်းကိုခံရလေ၏။ . . . သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏။”—ဟေရှာ. ၅၃:၅။
၁။ အောက်မေ့ရာပွဲကိုကျင်းပသည့်အခါ အဘယ်အရာကို စိတ်စွဲမှတ်ထားသင့်သနည်း၊ ထိုသို့ဖြစ်စေရန် အဘယ်ပရောဖက်ပြုချက်က အထောက်အကူပြုမည်နည်း။
ကျွန်ုပ်တို့သည် ခရစ်တော်၏သေခြင်းကို သတိရရန်နှင့် ကိုယ်တော့်သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်းက ပြီးမြောက်စေခဲ့ရာအားလုံးကိုသတိရရန် အောက်မေ့ရာပွဲကို ကျင်းပကြသည်။ အောက်မေ့ရာပွဲက ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှု သံသယကင်းရှင်းခြင်း၊ ကိုယ်တော်၏နာမတော် သန့်ရှင်းမြင့်မြတ်ခြင်းနှင့် လူသားများကယ်တင်ခြင်းအပါအဝင် ကိုယ်တော်၏ရည်ရွယ်တော်မူချက်ပြည့်စုံခြင်းတို့ကို ကျွန်ုပ်တို့အားသတိရစေသည်။ သမ္မာကျမ်းစာပါ အခြားမည်သည့်ပရောဖက်ပြုချက်ထက်မဆို ဟေရှာယ ၅၃:၃-၁၂ တွင်မှတ်တမ်းတင်ထားသောအချက်သည် ခရစ်တော်၏ပူဇော်ရာယဇ်နှင့် ယင်းကပြီးမြောက်စေခဲ့ရာတို့ကို ပို၍ကောင်းစွာပုံဖော်ပေးပုံရသည်။ ဟေရှာယက ကျွန်ခံစားခဲ့ရသော ဆင်းရဲဝေဒနာများအကြောင်းကြိုဟောထားပြီး ခရစ်တော်၏သေခြင်းနှင့်ပတ်သက်သော သတ်သတ်မှတ်မှတ်အသေးစိတ်အချက်များ၊ ကိုယ်တော်၏သေခြင်းကြောင့် ဘိသိက်ပေးခြင်းခံရသောကိုယ်တော်၏ညီတော်များနှင့် “အခြားသိုး” တို့ခံစားရမည့်ကောင်းချီးများအကြောင်းဖော်ပြသည်။—ယော. ၁၀:၁၆။
၂။ ဟေရှာယပရောဖက်ပြုချက်သည် အဘယ်အရာ၏သက်သေအထောက်အထားဖြစ်သနည်း၊ ယင်းသည် ကျွန်ုပ်တို့အပေါ် အဘယ်အကျိုးသက်ရောက်မည်နည်း။
၂ မြေကြီးပေါ်ယေရှုမမွေးဖွားမီ ခုနစ်ရာစုတွင် ယေဟောဝါက မိမိရွေးချယ်သောကျွန်သည် အဆုံးစွန်စမ်းသပ်ခံရချိန်တွင်ပင် တည်ကြည်မည်ဖြစ်ကြောင်းကို ပရောဖက်ပြုရန် ဟေရှာယအားမှုတ်သွင်းခဲ့သည်။ ယင်းအချက်က ယေဟောဝါသည် မိမိသားတော်၏တည်ကြည်မှုကို အကြွင်းမဲ့ယုံကြည်စိတ်ချကြောင်း သက်သေအထောက်အထားဖြစ်သည်။ ယင်းပရောဖက်ပြုချက်ကို ကျွန်ုပ်တို့ဆန်းစစ်စဉ် ကျွန်ုပ်တို့၏နှလုံးသည် ကျေးဇူးတင်လေးမြတ်မှုနှင့်ပြည့်မည်ဖြစ်ပြီး ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်မြဲစေပါလိမ့်မည်။
“မထီမဲ့မြင်ပြုခြင်း” ကိုခံရပြီး “ပမာဏမပြုကြ”
၃။ ဂျူးတို့သည် ယေရှုကို အဘယ်ကြောင့်ကြိုဆိုသင့်သနည်း၊ သို့သော် သူတို့သည် ကိုယ်တော်အား မည်သို့ဆက်ဆံခဲ့ကြသနည်း။
၃ ဟေရှာယ ၅၃:၃ [သမ္မာ] ကိုဖတ်ပါ။a ဘုရားသခင်၏တစ်ပါးတည်းသောသားတော်သည် ခမည်းတော်ဘေးတွင် ရွှင်လန်းစွာအမှုဆောင်နေရသည့်အခြေအနေကိုစွန့်လွှတ်ပြီး လူသားတို့ကို အပြစ်နှင့်သေခြင်းမှကယ်တင်ရန် မိမိအသက်ကို ရွေးနုတ်ဖိုးအဖြစ်ပေးဆက်ဖို့ မြေကြီးပေါ်ကြွလာခြင်းသည် အဘယ်အဓိပ္ပာယ်ရှိမည်ကို မြင်ယောင်ကြည့်ပါ။ (ဖိ. ၂:၅-၈) မောရှေပညတ်တွင် တိရစ္ဆာန်ယဇ်ပူဇော်ခြင်းဖြင့်ပုံရိပ်ပြခဲ့သော ကိုယ်တော်၏ပူဇော်ရာယဇ်သည် အပြစ်များမှ အမှန်တကယ်ခွင့်လွှတ်မှုရစေသည်။ (ဟေဗြဲ ၁၀:၁-၄) ကတိထားရာမေရှိယကို စောင့်မျှော်နေကြသောဂျူးတို့၏ ကြိုဆိုမှုနှင့်ဂုဏ်တင်မှုကို ကိုယ်တော်ခံရသင့်သည်မဟုတ်လော။ (ယော. ၆:၁၄) ယင်းသို့ဖြစ်မည့်အစား ဟေရှာယပရောဖက်ပြုခဲ့သည့်အတိုင်း ခရစ်တော်သည် ဂျူးတို့၏ “မထီမဲ့မြင်ပြုခြင်း” ကိုခံခဲ့ရပြီး သူတို့သည် ကိုယ်တော့်ကို “ပမာဏမပြု” ခဲ့ကြပါ။ တမန်တော်ယောဟန် ဤသို့ရေးခဲ့၏– “ကိုယ်တော်သည် မိမိလူမျိုးရှိရာအရပ်သို့ ကြွလာသော်လည်း သူတို့သည် လက်မခံဘဲနေကြ၏။” (ယော. ၁:၁၁) တမန်တော်ပေတရုက ဂျူးတို့အား ဤသို့ပြောခဲ့၏– “ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် ကျွန်တော်ရင်းယေရှုအား ဘုန်းထင်ရှားစေတော်မူပြီ။ သင်တို့သည် ထိုသူကိုအပ်နှံကြ၏။ ပိလတ်မင်းက လွှတ်မည်ဟုဆုံးဖြတ်သောအခါ သူ့ကို ပိလတ်မင်းရှေ့တွင် သင်တို့ငြင်းပယ်ခဲ့ကြ၏။ သန့်ရှင်းဖြောင့်မတ်သောသူကို ငြင်းပယ် . . . ကြ၏။”—တ. ၃:၁၃၊ ၁၄။
၄။ ယေရှုသည် အနာရောဂါနှင့် မည်သို့ကျွမ်းဝင်လာခဲ့သနည်း။
၄ ဟေရှာယက ယေရှုသည် “အနာရောဂါနှင့်ကျွမ်းဝင်သောသူဖြစ်၏” ဟူ၍လည်း ပရောဖက်ပြုခဲ့သည်။ ယေရှုသည် ဓမ္မအမှုဆောင်ချိန်အတွင်း မောပန်းနွမ်းနယ်သည့်အခါများ အမှန်ပင်ရှိခဲ့သည်၊ သို့သော် ယင်းက ကိုယ်တော်ဖျားနာသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ (ယော. ၄:၆) သို့သော် ကိုယ်တော်သည် မိမိဟောပြောသောသူတို့၏ ဖျားနာမှုနှင့်အကျွမ်းဝင်လာခဲ့သည်။ သူတို့ကိုသနားကာ များစွာသောသူတို့ကို ပျောက်ကင်းသက်သာစေခဲ့သည်။ (မာ. ၁:၃၂-၃၄) သို့ဖြင့် ယေရှုသည် ဤပရောဖက်ပြုချက်ကို ပြည့်စုံစေခဲ့၏– “ထိုသူသည် ငါတို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။”—ဟေရှာ. ၅၃:၄က; မ. ၈:၁၆၊ ၁၇။
‘ဘုရားသခင်ပေး’ သည့်အလားဖြစ်ခဲ့
၅။ ယေရှု၏သေခြင်းကို ဂျူးများစွာ မည်သို့ရှုမြင်ခဲ့ကြသနည်း၊ ယင်းက ကိုယ်တော်၏နာကျင်မှုကို အဘယ်ကြောင့်တိုးစေခဲ့သနည်း။
၅ ဟေရှာယ ၅၃:၄ခ [ခမ] ကိုဖတ်ပါ။b ယေရှုနှင့်တစ်ခေတ်တည်းသားများစွာသည် အဘယ်ကြောင့် ကိုယ်တော်ဆင်းရဲဝေဒနာခံရပြီးသေရသည်ကို နားမလည်ခဲ့ကြပါ။ ဘုရားသခင်သည် ကိုယ်တော်အား အပြစ်ပေးခြင်းဖြစ်သည်၊ တစ်နည်းဆိုရလျှင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အနာရောဂါနှင့်ဒဏ်ခတ်ခံရသည့်အလားဖြစ်သည်ဟု သူတို့ယူမှတ်ခဲ့ကြသည်။ (မ. ၂၇:၃၈-၄၄) ဂျူးတို့သည် ယေရှုအား ဘုရားသခင်ကိုစော်ကားပြောဆိုသူဟု စွပ်စွဲခဲ့ကြသည်။ (မာ. ၁၄:၆၁-၆၄; ယော. ၁၀:၃၃) အမှန်မှာ ယေရှုသည် အပြစ်သားတစ်ဦးမဟုတ်သကဲ့သို့ ဘုရားသခင်အားစော်ကားပြောဆိုသူလည်း မဟုတ်ခဲ့ပါ။ ခမည်းတော်အား ကိုယ်တော်၏လွန်စွာချစ်မြတ်နိုးမှုကိုထောက်မည်ဆိုလျှင် ဘုရားသခင်အားစော်ကားသူဟုစွပ်စွဲခံရပြီး သေဆုံးရသည့်အဖြစ်သည် ယေဟောဝါ၏ကျွန်အနေနှင့် ကိုယ်တော်၏နာကျင်မှုကို ထပ်၍တိုးစေခဲ့မည်ဖြစ်သည်။ သို့သော်လည်း ကိုယ်တော်သည် ယေဟောဝါ၏အလိုတော်ကို လိုလိုလားလားနာခံခဲ့သည်။—မ. ၂၆:၃၉။
၆၊ ၇။ ယေဟောဝါသည် မိမိအပေါ်တည်ကြည်သောကျွန်အား အဘယ်သဘောဖြင့် “နှိပ်စက်” ခဲ့သနည်း၊ ယင်းက ယေဟောဝါအား အဘယ်ကြောင့် “နှစ်ထောင်းအားရ” ဖြစ်စေခဲ့သနည်း။
၆ ယင်းကြောင့် အခြားသူတို့က ခရစ်တော်အား ‘ဘုရားသခင်ပေးအပ်သည့်အပြစ်ဒဏ်’ ခံရသူအဖြစ် ယူမှတ်ကြမည်ဟု ဟေရှာယပရောဖက်ပြုချက်၌ဖော်ပြထားသည်ကို ကျွန်ုပ်တို့မအံ့သြကြသော်လည်း နောက်ပရောဖက်ပြုချက်၌ ‘ယေဟောဝါသည် သူ့ကိုနှိပ်စက်ခြင်းငှာအလိုတော်ရှိ [“နှစ်ထောင်းအားရ၊” ကဘ]’ သည်ဟု ကြိုဟောထားချက်ကိုမူ အံ့အားသင့်ကြပေမည်။ (ဟေရှာ. ၅၃:၁၀) အကြောင်းမှာ ယေဟောဝါက “ငါထောက်မသောငါ့ကျွန်ရင်း၊ ငါနှစ်သက်မြတ်နိုးရာ ငါရွေးချယ်သောသူကို ကြည့်ရှုလော့” ဟူ၍လည်းဖော်ပြသည်ဖြစ်ရာ ကိုယ်တော်အား ‘နှိပ်စက်ခြင်းငှာ နှစ်ထောင်းအားရ’ ခြင်းသည် မည်သို့ဖြစ်နိုင်ပါမည်နည်း။ (ဟေရှာ. ၄၂:၁) ယင်းက ယေဟောဝါအားရွှင်လန်းမှုကိုဖြစ်စေသည်ဟု အဘယ်သဘောဖြင့်ပြောနိုင်သနည်း။
၇ ကျွန်ုပ်တို့သည် ပရောဖက်ပြုချက်၏ ဤအပိုင်းကိုနားလည်သဘောပေါက်ရန် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို စာတန်စိန်ခေါ်ခဲ့ချိန်တွင် ကောင်းကင်ပေါ်၊ မြေကြီးပေါ်ရှိ ဘုရားသခင့်ကျေးကျွန်အားလုံး၏တည်ကြည်မှုကို သူသံသယဝင်ခဲ့သည်ကို ကျွန်ုပ်တို့သတိရသင့်သည်။ (ယောဘ ၁:၉-၁၁; ၂:၃-၅) ယေရှုသည် သေသည်အထိခံရပ်တည်ကြည်ခဲ့ခြင်းအားဖြင့် စာတန်၏စိန်ခေါ်ချက်ကို ဟာကွက်မရှိချေပနိုင်ခဲ့သည်။ ထို့ကြောင့် ယေဟောဝါသည် ခရစ်တော်အား ရန်သူများလက်ချက်ဖြင့်သေဆုံးစေရန် ခွင့်ပြုသည့်အခါ မိမိရွေးချယ်သောကျွန်ကို အဆုံးစီရင်နေကြသည်ကို ကိုယ်တော်တွေ့မြင်ရချိန်တွင် ယေဟောဝါနာကျင်ခံစားခဲ့မည်မှာ သေချာသည်။ သို့သော် ယေဟောဝါသည် မိမိသားတော်၏ လုံးလုံးလျားလျားတည်ကြည်မှုကိုမြင်တွေ့ရ၍ များစွာနှစ်ထောင်းအားရဖြစ်ခဲ့မည်ဖြစ်သည်။ (သု. ၂၇:၁၁) ထို့ပြင် သားတော်၏သေခြင်းကြောင့် နောင်တရသောလူသားတို့ခံစားရမည့် အကျိုးကျေးဇူးများကိုသိထားရာ ယေဟောဝါလွန်စွာရွှင်လန်းခဲ့သည်။—လု. ၁၅:၇။
“ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာထိုးခြင်း” ကိုခံခဲ့ရ
၈၊ ၉။ (က) ယေရှုသည် “ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာထိုးခြင်း” ကိုမည်သို့ခံခဲ့ရသနည်း။ (ခ) ယင်းကို ပေတရုမည်သို့အတည်ပြုပေးခဲ့သနည်း။
၈ ဟေရှာယ ၅၃:၆ ကိုဖတ်ပါ။ အပြစ်ရှိသောလူသားတို့သည် အာဒံမှအမွေရခဲ့သော အပြစ်နှင့်သေခြင်းမှလွတ်မြောက်ရာလမ်းရှာဖွေရာတွင် လမ်းပျောက်သောသိုးကဲ့သို့ လှည့်လည်နေခဲ့ကြသည်။ (၁ ပေ. ၂:၂၅) မစုံလင်ကြသောကြောင့် အာဒံမှဆင်းသက်လာသူတစ်ဦးတစ်ယောက်မျှ အာဒံဆုံးရှုံးခဲ့ရာကို ပြန်လည်မရယူနိုင်ခဲ့ပါ။ (ဆာ. ၄၉:၇) သို့သော် ယေဟောဝါသည် မေတ္တာကြီးမားသောကြောင့် “ခပ်သိမ်းသောငါတို့၏အပြစ်များကို” ကိုယ်တော်၏ချစ်လှစွာသောသားတော်၊ ကိုယ်တော်ရွေးချယ်သောကျွန် “အပေါ်၌တင်တော်မူ” ခဲ့သည်။ ခရစ်တော်သည် “ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာထိုးခြင်း၊ နှိပ်စက်ခြင်းကိုခံ” ရန်သဘောတူခဲ့ပြီး ကျွန်ုပ်တို့၏အပြစ်ကိုယူဆောင်ကာ ကျွန်ုပ်တို့ကိုယ်စား သစ်တိုင်ပေါ်တွင် အသေခံခဲ့သည်။
၉ တမန်တော်ပေတရု ဤသို့ရေးခဲ့၏– ‘ထိုသို့ခံရရန် သင်တို့ကို ခေါ်တော်မူပြီ။ အကြောင်းမူကား ခရစ်တော်ကိုယ်တိုင် သင်တို့အတွက် ဆင်းရဲခံ၍ ခြေရာကို ထက်ကြပ်မကွာလိုက်လျှောက်စေရန် စံနမူနာထားတော်မူ၏။ ငါတို့သည် အပြစ်နှင့်မသက်ဆိုင်တော့ဘဲ ဖြောင့်မတ်ခြင်းအတိုင်းအသက်ရှင်ရန် သစ်တိုင်ပေါ်တွင် ခန္ဓာတော်၌ ငါတို့အပြစ်များကိုခံတော်မူ၏။’ ထို့နောက် ဟေရှာယပရောဖက်ပြုချက်ကို ကိုးကားကာ ပေတရုဤသို့ဆက်ပြော၏– “ထို့ပြင် ‘ကိုယ်တော်၏ဒဏ်ချက်များအားဖြင့် သင်တို့ကျန်းမာလာခဲ့ကြ၏။’” (၁ ပေ. ၂:၂၁၊ ၂၄; ဟေရှာ. ၅၃:၅) သို့ဖြင့် အပြစ်သားများသည် ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်စေရန် လမ်းပွင့်သွားကြောင်း ပေတရု ဤသို့ထပ်ဆင့်ဖော်ပြ၏– “ခရစ်တော်ကိုယ်တိုင် အပြစ်တရားကိုဖယ်ရှားရန် တစ်ကြိမ်တည်းအပြီး အသေခံတော်မူ၏။ ဖြောင့်မတ်သူသည် မဖြောင့်မတ်သူများအတွက် အသေခံတော်မူ၏။ ကိုယ်တော်သည် သင်တို့ကို ဘုရားသခင်ထံတော်သို့ ပို့ဆောင် . . . တော်မူ၏။”—၁ ပေ. ၃:၁၈။
“အသေသတ်ခြင်းငှာဆောင်သွားသော သိုးသငယ်ကဲ့သို့”
၁၀။ (က) နှစ်ခြင်းဆရာယောဟန်သည် ယေရှုကို မည်သို့ဖော်ပြခဲ့သနည်း။ (ခ) ယောဟန်၏စကားသည် အဘယ်ကြောင့် သင့်လျော်သနည်း။
၁၀ ဟေရှာယ ၅၃:၇၊ ၈ ကိုဖတ်ပါ။ နှစ်ခြင်းဆရာယောဟန်သည် ယေရှုလာနေသည်ကို မြင်သည့်အခါ “လောက၏အပြစ်ကို ဖယ်ရှားသော ဘုရားသခင်၏သိုးသငယ်ကို ကြည့်ကြလော့” ဟုကြွေးကြော်ခဲ့သည်။ (ယော. ၁:၂၉) ယောဟန်သည် ယေရှုကို သိုးသငယ်ဟုပြောရာတွင် ဟေရှာယ၏ဤစကားများကို စိတ်ထဲရှိခဲ့ပေမည်– “အသေသတ်ခြင်းငှာဆောင်သွားသော သိုးသငယ်ကဲ့သို့ သူ့ကိုဆောင်သွား” သည်။ (ဟေရှာ. ၅၃:၇) “မိမိအသက်ကို သေခြင်း၌သွန်း” သည်ဟု ဟေရှာယပရောဖက်ပြုခဲ့၏။ (ဟေရှာ. ၅၃:၁၂) စိတ်ဝင်စားစရာမှာ မိမိ၏သေခြင်းအောက်မေ့ရာပွဲကို အစပြုကျင်းပပေးခဲ့သည့်ညတွင် ယေရှုက စပျစ်ရည်ခွက်ကို တည်ကြည်သောတမန်တော် ၁၁ ပါးအားကမ်းပေးပြီး ဤသို့ဆိုခဲ့၏– “ဤခွက်သည် အပြစ်များကိုလွတ်စေရန် လူအများအတွက်သွန်းလောင်းမည့် ‘ပဋိညာဉ်တရားနှင့်ဆိုင်သည့် ငါ၏အသွေး’ ဖြစ်၏။”—မ. ၂၆:၂၈။
၁၁၊ ၁၂။ (က) ယဇ်ပူဇော်ခံရန် ဣဇာက်တလိုတလားရှိမှုက ခရစ်တော်၏ပူဇော်ရာယဇ်အကြောင်း အဘယ်အရာဖော်ပြသနည်း။ (ခ) အောက်မေ့ရာပွဲကို ကျွန်ုပ်တို့ကျင်းပစဉ် သာ၍ကြီးမြတ်သောအာဗြဟံဖြစ်သည့် ယေဟောဝါနှင့်ပတ်သက်၍ အဘယ်အရာစိတ်စွဲထားသင့်သနည်း။
၁၁ ရှေးဘိုးဘေးဣဇာက်ကဲ့သို့ပင် ယေရှုသည် မိမိအတွက် ယေဟောဝါ၏အလိုတော်ဖြစ်သော ယဇ်ပလ္လင်ပေါ်တွင် အပူဇော်ခံရန် လိုလိုလားလားရှိခဲ့သည်။ (က. ၂၂:၁၊ ၂၊ ၉-၁၃; ဟေဗြဲ ၁၀:၅-၁၀) ဣဇာက်သည် ယဇ်ပူဇော်ခံရန် တလိုတလားသဘောတူခဲ့သော်လည်း ယဇ်ပူဇော်ရန် ကြိုးစားအားထုတ်ခဲ့သူမှာ အာဗြဟံဖြစ်သည်။ (ဟေဗြဲ ၁၁:၁၇) အလားတူပင် ယေရှုသည် အသေခံရန်တလိုတလားလက်ခံခဲ့သော်လည်း ရွေးနုတ်ဖိုးအစီအစဉ်ကို အစပြုစီစဉ်ခဲ့သူမှာ ယေဟောဝါဖြစ်သည်။ မိမိ၏သားတော်ကိုပူဇော်ခြင်းသည် လူသားများအပေါ် ဘုရားသခင်၏နက်ရှိုင်းသည့်မေတ္တာ ဖော်ပြချက်တစ်ရပ်ဖြစ်သည်။
၁၂ ယေရှုကိုယ်တော်တိုင် ဤသို့မိန့်တော်မူခဲ့၏– “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်ဘဲ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏။” (ယော. ၃:၁၆) တမန်တော်ပေါလု ဤသို့ရေးခဲ့၏– “ငါတို့သည် အပြစ်သားဖြစ်နေသေးစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် အသေခံတော်မူခြင်းဖြင့် ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူကြောင်း ပြတော်မူ၏။” (ရော. ၅:၈) ထို့ကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်၏သေခြင်းအောက်မေ့ရာပွဲကျင်းပခြင်းအားဖြင့် ခရစ်တော်အားဂုဏ်တင်စဉ် ယဇ်ပူဇော်ခြင်းအစီအစဉ်ကိုပြုလုပ်ပေးခဲ့သော သာ၍ကြီးမြတ်သောအာဗြဟံဖြစ်သည့် ယေဟောဝါကိုလည်း ကျွန်ုပ်တို့ဘယ်တော့မျှမမေ့သင့်ပါ။ ကျွန်ုပ်တို့သည် ကိုယ်တော်အားချီးမွမ်းရန် အောက်မေ့ရာပွဲကို ကျင်းပကြသည်။
ကျွန်သည် “အများသောသူတို့ကို ဖြောင့်မတ်ရာ၌တည်စေလိမ့်မည်”
၁၃၊ ၁၄။ ယေဟောဝါ၏ကျွန်သည် မည်သို့အားဖြင့် “အများသောသူတို့ကို ဖြောင့်မတ်ရာ၌တည်စေ” ခဲ့သနည်း။
၁၃ ဟေရှာယ ၅၃:၁၁၊ ၁၂ ကိုဖတ်ပါ။ ယေဟောဝါသည် မိမိရွေးချယ်သောကျွန်နှင့်ပတ်သက်၍ ဤသို့မိန့်တော်မူ၏– “ထိုဖြောင့်မတ်သောငါ၏ကျွန် . . . သည် အများသောသူတို့ကို ဖြောင့်မတ်ရာ၌တည်စေလိမ့်မည်။” အဘယ်နည်းအားဖြင့်နည်း။ အခန်းငယ် ၁၂ [သမ္မာ] က အဖြေရရန်သဲလွန်စကိုပေးသည်။ ကျွန်သည် “လွန်ကျူးသောသူတို့အတွက် ကြားဝင်တောင်းပန်” ခဲ့သည်။ အာဒံ၏သားစဉ်မြေးဆက်အားလုံးသည် အပြစ်သား၊ “လွန်ကျူးသောသူတို့” အဖြစ် မွေးဖွားလာခဲ့ကြသောကြောင့် “အပြစ်တရား၏အခ” ဖြစ်သော သေခြင်းကိုလက်ခံရရှိကြသည်။ (ရော. ၅:၁၂; ၆:၂၃) ယေဟောဝါနှင့် အပြစ်ရှိသောလူသားကြားတွင် ပြန်လည်သင့်မြတ်ဖို့လိုသည်။ ဟေရှာယပရောဖက်ပြုချက် အခန်းကြီး ၅၃ က ယေရှုသည် မည်သို့ “ကြားဝင်တောင်းပန်” သို့မဟုတ် ကြားဝင်ဆောင်ရွက်ခဲ့ပုံကို ဤသို့လှပစွာဖော်ပြထား၏– “ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍ သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏။”—ဟေရှာ. ၅၃:၅။
၁၄ ကျွန်ုပ်တို့၏အပြစ်များကိုယူဆောင်ပြီး ကျွန်ုပ်တို့ကိုယ်စားအသေခံခြင်းအားဖြင့် ခရစ်တော်သည် “အများသောသူတို့ကို ဖြောင့်မတ်ရာ၌တည်စေ” ခဲ့သည်။ ပေါလုဤသို့ရေးခဲ့၏– “ဘုရားသခင်သည် ခပ်သိမ်းသောပြည့်စုံခြင်းကို သားတော်၌တည်ရှိစေရန် အလိုရှိတော်မူ၏။ ညှဉ်းဆဲရာသစ်တိုင်တွင် သွန်းလောင်းသော အသွေးတော်အားဖြင့် ငြိမ်သက်ခြင်းကိုဖြစ်စေ၍ မြေကြီးပေါ်ရှိအရာများဖြစ်စေ၊ ကောင်းကင်ပေါ်ရှိအရာများဖြစ်စေ၊ အရာခပ်သိမ်းကို သားတော်အားဖြင့် မိမိနှင့် ပြန်လည်သင့်မြတ်စေလိုတော်မူ၏။”—ကော. ၁:၁၉၊ ၂၀။
၁၅။ (က) ပေါလုဖော်ပြခဲ့သော “ကောင်းကင်ပေါ်ရှိအရာများ” မှာမည်သူတို့နည်း။ (ခ) အောက်မေ့ရာပွဲအထိမ်းအမှတ်ကို မည်သူတို့သာ ပါဝင်စားသုံးခွင့်ရှိသနည်း၊ အဘယ်ကြောင့်နည်း။
၁၅ ခရစ်တော်သွန်းလောင်းသောအသွေးတော်အားဖြင့် ယေဟောဝါနှင့်ပြန်လည်သင့်မြတ်ခဲ့သော “ကောင်းကင်ပေါ်ရှိအရာများ” မှာ ခရစ်တော်နှင့်အတူ ကောင်းကင်တွင်အုပ်ချုပ်ရန် ခေါ်တော်မူခြင်းခံရသည့် ဘိသိက်ပေးခြင်းခံရသောခရစ်ယာန်များဖြစ်သည်။ “ကောင်းကင်ခေါ်တော်မူခြင်းခံရသော” ခရစ်ယာန်များသည် “ဖြောင့်မတ်ရာသို့ရောက်” ကြသည်။ (ဟေဗြဲ ၃:၁; ရော. ၅:၁၊ ၁၈) သို့ဖြင့် ယေဟောဝါသည် သူတို့အား သားများအဖြစ် မွေးစားခဲ့သည်။ သူတို့သည် ကောင်းကင်နိုင်ငံတော်တွင် ဘုရင်များ၊ ယဇ်ပုရောဟိတ်များဖြစ်လာရန် ခေါ်တော်မူခြင်းခံရသူများဖြစ်သည့် “ခရစ်တော်၏အမွေခံဖက်” များဖြစ်ကြောင်း သန့်ရှင်းသောစွမ်းအားတော်ကသက်သေခံသည်။ (ရော. ၈:၁၅-၁၇; ဗျာ. ၅:၉၊ ၁၀) သူတို့သည် “ဘုရားသခင်၏ အစ္စရေးလူမျိုး” အဝင်ဖြစ်လာကြပြီး “ပဋိညာဉ်တရားသစ်” အတွင်းခေါ်ဆောင်ခံရကြသည်။ (ယေ. ၃၁:၃၁-၃၄; ဂလ. ၆:၁၆) ပဋိညာဉ်တရားသစ်အဝင်များအနေနှင့် သူတို့သည် စပျစ်ရည်အပါအဝင် အောက်မေ့ရာပွဲအထိမ်းအမှတ်များကို သုံးဆောင်နိုင်ကြသည်၊ စပျစ်ရည်နှင့်ပတ်သက်၍ ယေရှုဤသို့မိန့်တော်မူခဲ့၍ဖြစ်၏– “ဤခွက်ကား သင်တို့အတွက်သွန်းလောင်းမည့် ငါ၏သွေးဖြင့်ဖွဲ့သော ပဋိညာဉ်တရားသစ်ဖြစ်၏။”—လု. ၂၂:၂၀။
၁၆။ “မြေကြီးပေါ်ရှိအရာများ” မှာအဘယ်နည်း၊ သူတို့သည် အဘယ်နည်းဖြင့် ယေဟောဝါ၏ရှေ့မှောက် ဖြောင့်မတ်သောအနေအထားရရှိကြသနည်း။
၁၆ “မြေကြီးပေါ်ရှိအရာများ” မှာ မြေကြီးပေါ် ထာဝရအသက်ရှင်ရန် မျှော်လင့်ကြသူများဖြစ်သည့် ခရစ်တော်၏အခြားသိုးဖြစ်သည်။ ယေဟောဝါရွေးချယ်သောကျွန်သည် ထိုသူတို့ကိုလည်း ယေဟောဝါရှေ့ ဖြောင့်မတ်ရာသို့ရောက်စေသည်။ သူတို့သည် ခရစ်တော်၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်ကြသောကြောင့်၊ “သိုးသငယ်၏သွေးဖြင့် မိမိတို့၏ဝတ်လုံများကို ဖြူစင်အောင်လျှော်ဖွပ်ခဲ့ကြ” သောကြောင့် သူတို့သည် ယေဟောဝါရှေ့တွင် ဖြောင့်မတ်ရာသို့ရောက်ကြကာ ကိုယ်တော်၏သားများအဖြစ်မဟုတ်ဘဲ ကိုယ်တော်၏မိတ်ဆွေများအဖြစ် ‘ကြီးစွာသောဆင်းရဲခြင်း’ တွင်ကပ်ကျော်ခံရမည့် ထူးမြတ်သောအလားအလာကို ရရှိကြသည်။ (ဗျာ. ၇:၉၊ ၁၀၊ ၁၄; ယာ. ၂:၂၃) ပဋိညာဉ်တရားသစ်တွင် ပါဝင်ခွင့်မရသောကြောင့် ကောင်းကင်မျှော်လင့်ချက်မရှိကြသော ဤအခြားသိုးသည် အောက်မေ့ရာပွဲအထိမ်းအမှတ်များကို ပါဝင်စားသုံးကြမည်မဟုတ်သည့်တိုင် ရိုသေလေးစားစွာကြည့်ရှုသူများအဖြစ် တက်ရောက်ကြသည်။
ယေဟောဝါနှင့် ကိုယ်တော်နှစ်သက်မြတ်နိုးသောကျွန်ကို အားလုံးကျေးဇူးတင်ကြ
၁၇။ ကျွန်အပေါ်ဗဟိုပြုသော ဟေရှာယပရောဖက်ပြုချက်များကို လေ့လာခြင်းက အောက်မေ့ရာပွဲအတွက် ကျွန်ုပ်တို့၏စိတ်ကိုပြင်ဆင်ရာတွင် မည်သို့အထောက်အကူပြုသနည်း။
၁၇ ကျွန်အပေါ်ဗဟိုပြုထားသော ဟေရှာယပရောဖက်ပြုချက်များကို ဆန်းစစ်လေ့လာခြင်းက ခရစ်တော်၏သေခြင်းအောက်မေ့ရာပွဲအတွက် ကျွန်ုပ်တို့၏စိတ်ကိုပြင်ဆင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ယင်းက ကျွန်ုပ်တို့အား “ငါတို့၏ယုံကြည်ခြင်းကို စုံလင်စေသူ၊ ကိုယ်စားလှယ်ချုပ် ယေရှုကိုစေ့စေ့ကြည့်ရှု” စေသည်။ (ဟေဗြဲ ၁၂:၂) ဘုရားသခင့်သားတော်သည် မငြင်းမဆန်ပုန်ကန်လိုစိတ်မရှိကြောင်း ကျွန်ုပ်တို့သိရှိခဲ့ကြသည်။ ကိုယ်တော်သည် စာတန်နှင့်မတူဘဲ ယေဟောဝါအား အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်အဖြစ် အသိအမှတ်ပြုကာ ယေဟောဝါ၏သွန်သင်မှုခံယူရခြင်းကို နှစ်သက်ပျော်မွေ့ခဲ့သည်။ ယေရှု၏မြေကြီးဓမ္မအမှုဆောင်ချိန်အတွင်း ကိုယ်တော်သည် မိမိဟောပြောခဲ့သူတို့ကို ကာယရေးအရရော၊ ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်လာစေရန် ကူညီပေးခြင်းအားဖြင့်ပါ သနားကြင်နာမှုတင်ပြခဲ့သည်ကို ကျွန်ုပ်တို့တွေ့ရှိခဲ့ရသည်။ သို့ဖြင့် ကိုယ်တော်သည် မေရှိယဘုရင်အနေနှင့် အစီအစဉ်စနစ်သစ်၌ ‘မြေကြီးပေါ်မှာ တရားတော်ကိုတည်စေ’ ချိန်တွင် လုပ်ဆောင်မည့်အရာများကို တင်ပြခဲ့သည်။ (ဟေရှာ. ၄၂:၄) ‘လူမျိုးခြားတို့၏အလင်း’ အနေနှင့် ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းတွင် ကိုယ်တော်တင်ပြခဲ့သောဇွဲက ကိုယ်တော်၏နောက်လိုက်များသည်လည်း သတင်းကောင်းကို ဇွဲထက်သန်စွာ ကမ္ဘာတစ်ဝန်းဟောပြောရန် သတိပေးသည်။—ဟေရှာ. ၄၂:၆-၇။
၁၈။ ဟေရှာယပရောဖက်ပြုချက်သည် အဘယ်ကြောင့် ကျွန်ုပ်တို့၏စိတ်နှလုံးကို ယေဟောဝါနှင့် ကိုယ်တော်၏တည်ကြည်သောကျွန်ကို ကျေးဇူးတင်လေးမြတ်စိတ်နှင့် ပြည့်နေစေသနည်း။
၁၈ ဟေရှာယပရောဖက်ပြုချက်သည် မိမိ၏သားတော်အား ကျွန်ုပ်တို့အတွက် ဝေဒနာခံပြီးသေစေရန် မြေကြီးပေါ်စေလွှတ်ချိန်တွင် ယေဟောဝါပြခဲ့သော ကြီးစွာသောကိုယ်ကျိုးစွန့်မှုအပေါ် ကျွန်ုပ်တို့၏နားလည်သဘောပေါက်မှုကိုလည်း တိုးမြှင့်စေသည်။ ယေဟောဝါသည် မိမိ၏သားတော် ဆင်းရဲဝေဒနာခံစားရသည်ကို မြင်တွေ့ရ၍မဟုတ်ဘဲ ယေရှုသည် သေသည်အထိ လုံးလုံးလျားလျားတည်ကြည်သည်ကိုမြင်ရ၍ နှစ်ထောင်းအားရခဲ့သည်။ ယေဟောဝါသည် အကြွင်းမဲ့ပိုင်သအုပ်စိုးပိုင်ခွင့်ရှိကြောင်း သံသယကင်းရှင်းစေရန်နှင့် စာတန်ကို မုသာကောင်ဖြစ်ကြောင်းသက်သေထူခြင်းဖြင့် နာမတော်သန့်ရှင်းမြင့်မြတ်ခြင်းရှိစေရန် ယေရှုလုပ်ဆောင်ခဲ့ရာအားလုံးကို အသိအမှတ်ပြုလျက် ကျွန်ုပ်တို့လည်း ယေဟောဝါကဲ့သို့ နှစ်ထောင်းအားရသင့်သည်။ ထို့ပြင် ခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်များကိုယူဆောင်ပြီး ကျွန်ုပ်တို့အစား အသေခံခဲ့သည်။ ယင်းသို့အားဖြင့် ကိုယ်တော်သည် ဘိသိက်ပေးခြင်းခံရသောညီတော်များဖြစ်သည့် သိုးစုငယ်နှင့် အခြားသိုးတို့အား ယေဟောဝါရှေ့ ဖြောင့်မတ်သောအနေအထားရှိစေနိုင်ခဲ့သည်။ အောက်မေ့ရာပွဲအတွက် ကျွန်ုပ်တို့အတူတကွစုရုံးကြသည့်အခါ ကျွန်ုပ်တို့၏စိတ်နှလုံးသည် ယေဟောဝါနှင့် ကိုယ်တော်၏တည်ကြည်သောကျွန်ကို ကျေးဇူးတင်လေးမြတ်စိတ်နှင့် ပြည့်နေကြပါစေ။
[အောက်ခြေမှတ်ချက်များ]
a ဟေရှာယ ၅၃:၃၊ သမ္မာ– “မထီမဲ့မြင်ပြုခြင်းခံ၍ လူတို့တွင် စွန့်ပယ်ခြင်းခံသောသူ၊ နာကျင်ခြင်းဝေဒနာခံစားသောသူ၊ အနာရောဂါနှင့်ကျွမ်းဝင်သောသူဖြစ်၏။ မျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ဖြစ်လျက် မထီမဲ့မြင်ပြုခြင်းကိုခံလျက်ရှိ၍ ငါတို့သည် ပမာဏမပြုကြ။”
b ဟေရှာယ ၅၃:၄ခ၊ ခမ– ‘ယင်းသို့ သူခံစားလျက်နေရသည့် ဝေဒနာကိုပင်လျှင် သူ့အား ဘုရားသခင်ပေးအပ်သည့် အပြစ်ဒဏ်ဟု ငါတို့ထင်မှတ်ကြ၏။’
ပြန်လည်သုံးသပ်ချက်
• ယေဟောဝါသည် မိမိ၏သားတော် “နှိပ်စက်ခြင်း” ခံနေရသည်ကို အဘယ်သဘောဖြင့် “နှစ်ထောင်းအားရ” တော်မူခဲ့သနည်း။
• ယေရှုသည် မည်သို့အားဖြင့် ‘ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာထိုးခြင်းကိုခံရ’ သနည်း။
• ကျွန်သည် မည်သို့အားဖြင့် “အများသောသူတို့ကို ဖြောင့်မတ်ရာ၌တည်စေ” ခဲ့သနည်း။
• ကျွန်နှင့်ပတ်သက်သော ပရောဖက်ပြုချက်များကိုလေ့လာခြင်းက အောက်မေ့ရာပွဲအတွက် သင်၏စိတ်နှလုံးကို မည်သို့ပြင်ဆင်ပေးသနည်း။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
“မထီမဲ့မြင်ပြုခြင်းကိုခံလျက်ရှိ၍ ငါတို့သည် ပမာဏမပြုကြ”
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
“မိမိအသက်ကို သေခြင်း၌သွန်းခဲ့”
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
“အခြားသိုး” သည် ရိုသေလေးစားစွာကြည့်ရှုသူများအဖြစ် အောက်မေ့ရာပွဲကို တက်ရောက်ကြ