ယေဟောဝါနှစ်သက်မြတ်နိုးသောကျွန်ကို ကြည့်ပါ
“ငါ့ကျွန်ရင်း၊ ငါနှစ်သက်မြတ်နိုး . . . သောသူကို ကြည့်ရှုလော့။”—ဟေရှာ. ၄၂:၁။
၁။ အထူးသဖြင့် အောက်မေ့ရာပွဲနီးလာသည်နှင့်အမျှ အဘယ်အရာပြုလုပ်ရန် ယေဟောဝါ၏လူမျိုးကို အားပေးထားသနည်း၊ အဘယ်ကြောင့်နည်း။
ခရစ်တော်၏ သေခြင်းအောက်မေ့ရာပွဲ နီးလာသည်နှင့်အမျှ ဘုရားသခင့်လူမျိုးသည် “ငါတို့၏ယုံကြည်ခြင်းကို စုံလင်စေသူ၊ ကိုယ်စားလှယ်ချုပ် ယေရှုကို စေ့စေ့ကြည့်ရှု” ပါဟူသည့် တမန်တော်ပေါလု၏ ဆုံးမစကားကိုလိုက်နာရန် အားပေးခံရကြ၏။ ပေါလုဤသို့ဆက်ဆို၏– “အပြစ်သားများ၏ ကိုယ်ကျိုးပျက်စေသော ဆန့်ကျင်စကားကို ခံရပ်ခဲ့သောအရှင်အား စေ့စေ့ဆင်ခြင်ကြလော့။ သို့မှသာ သင်တို့သည် မောပန်းနွမ်းနယ်ခြင်းမရှိဘဲနေမည်။” (ဟေဗြဲ ၁၂:၂၊ ၃) မိမိကိုယ်ကိုစွန့်လွှတ်ပူဇော်ခြင်းဖြင့် အထွတ်အထိပ်ဖြစ်ခဲ့သော ခရစ်တော်၏ တည်ကြည်မှုရှိသောလမ်းစဉ်ကို အာရုံစိုက်ခြင်းက ဘိသိက်ပေးခြင်းခံရသောခရစ်ယာန်များရော သူတို့၏အပေါင်းပါအခြားသိုးများကိုပါ ယေဟောဝါအား ဆက်၍တည်ကြည်စွာအမှုဆောင်စေပြီး “နွမ်းနယ်ခြင်းမရှိ” စေရန် အထောက်အကူပြုမည်။—ဂလာတိ ၆:၉ နှင့်နှိုင်းယှဉ်ပါ။
၂။ ဘုရားသခင့်သားတော်နှင့်ဆက်နွှယ်သော ဟေရှာယပရောဖက်ပြုချက်များမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။
၂ ယေဟောဝါသည် မိမိသားတော်နှင့်တိုက်ရိုက်ဆက်နွှယ်သော ပရောဖက်ပြုချက်များစွာကို ပရောဖက်ဟေရှာယမှတစ်ဆင့် မှုတ်သွင်းခဲ့သည်။ “ငါတို့၏ယုံကြည်ခြင်းကို စုံလင်စေသူ၊ ကိုယ်စားလှယ်ချုပ်” ဖြစ်သော ခရစ်တော်ယေရှုကို “စေ့စေ့ကြည့်ရှု” ရန် ယင်းပရောဖက်ပြုချက်များက အထောက်အကူပြုမည်။a ယင်းတို့တွင် ကိုယ်တော်၏အရည်အသွေး၊ ကိုယ်တော်ခံစားခဲ့ရသောဆင်းရဲဝေဒနာများနှင့် ကျွန်ုပ်တို့၏ဘုရင်၊ ရွေးနုတ်ရှင်အဖြစ်ချီးမြှောက်ခံရမှုတို့အကြောင်း အသေးစိတ်အချက်အလက်ကို ဖော်ပြသည်။ ယင်းတို့သည် အောက်မေ့ရာပွဲနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏သိနားလည်မှုကို တိုးမြှင့်ပေးမည်ဖြစ်ပြီး အောက်မေ့ရာပွဲကို ဤနှစ်တွင် ဧပြီ ၉ ရက်၊ ကြာသပတေးနေ့ နေဝင်ပြီးနောက်တွင် ကျင်းပပါမည်။
ကျွန် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားဖော်ပြ
၃၊ ၄။ (က) ဟေရှာယကျမ်းတွင် “ကျွန်” ဟူသောစကားလုံးသည် အဘယ်အရာကိုဖော်ပြသနည်း။ (ခ) ဟေရှာယ အခန်းကြီး ၄၂၊ ၄၉၊ ၅၀၊ ၅၂ နှင့် ၅၃ တို့တွင်ဖော်ပြထားသောကျွန်သည် မည်သူဖြစ်ကြောင်း သမ္မာကျမ်းစာကိုယ်နှိုက်က မည်သို့ဖော်ပြသနည်း။
၃ “ကျွန်” ဟူသည့်စကားလုံးသည် ဟေရှာယကျမ်းထဲတွင် အကြိမ်များစွာပါရှိသည်။ ယင်းသည် ရံဖန်ရံခါ ပရောဖက်ကိုယ်တိုင်ကို ပြောခြင်းဖြစ်သည်။ (ဟေရှာ. ၂၀:၃; ၄၄:၂၆) တစ်ခါတစ်ရံ ဣသရေလ သို့မဟုတ် ယာကုပ်အမျိုး တစ်မျိုးလုံးနှင့်သက်ဆိုင်သည်။ (ဟေရှာ. ၄၁:၈၊ ၉; ၄၄:၁၊ ၂၊ ၂၁) သို့သော် ဟေရှာယ အခန်းကြီး ၄၂၊ ၄၉၊ ၅၀၊ ၅၂ နှင့် ၅၃ တို့တွင်မှတ်တမ်းတင်ထားသည့် ကျွန်နှင့်ပတ်သက်သော ထူးခြားသည့်ပရောဖက်ပြုချက်များကို မည်သို့ဆိုမည်နည်း။ ထိုအခန်းကြီးများတွင် ဖော်ပြထားသော ယေဟောဝါ၏ကျွန်သည် မည်သူမည်ဝါဖြစ်ကြောင်း ခရစ်ယာန်ဂရိကျမ်းစောင်များက အထင်အရှားဖော်ပြသည်။ စိတ်ဝင်စားစရာမှာ တမန်တော်ကျမ်းတွင်ဖော်ပြထားသည့် အီသီယိုးပီးယားအရာရှိထံချဉ်းကပ်ရန် ဧဝံဂေလိဟောပြောသူဖိလိပ္ပုအား စွမ်းအားတော်ကလမ်းညွှန်ပေးခဲ့ချိန်တွင် အရာရှိသည် ထိုပရောဖက်ပြုချက်များထဲမှတစ်ခုကိုဖတ်နေသည်။ ထိုအရာရှိသည် ယနေ့ကျွန်ုပ်တို့၏ကျမ်းစာ၌ ဟေရှာယ ၅၃:၇၊ ၈ တွင်တွေ့ရသောကျမ်းချက်ကိုဖတ်နေခြင်းဖြစ်ပြီး သူက ဖိလိပ္ပုအား “ပရောဖက်သည် မည်သူ့ကိုရည်ဆောင်၍ ဤသို့ဆိုပါသနည်း။ ကိုယ်ကိုဆိုလိုသလော။ သူတစ်ပါးကိုလော” ဟုမေးသည်။ ဖိလိပ္ပုက ဟေရှာယသည် မေရှိယဖြစ်သောယေရှုအကြောင်း ပြောနေခြင်းဖြစ်ကြောင်း ချက်ချင်းရှင်းပြခဲ့သည်။—တ. ၈:၂၆-၃၅။
၄ ယေရှု နို့စို့သူငယ်အရွယ်တွင် ရှိမောင်အမည်ရှိဖြောင့်မတ်သောသူက သန့်ရှင်းသောစွမ်းအားတော်တန်ခိုးလွှမ်းမိုးခံရကာ “ဤသူငယ်” ယေရှုသည် ဟေရှာယ ၄၂:၇ နှင့် ၄၉:၆ တွင်ကြိုဟောထားသည့်အတိုင်း “လူမျိုးခြားတို့ထံမှမှောင်မိုက်ကို ဖယ်ရှားပေးမည့်အလင်း” ဖြစ်လာမည်ဟု ကြေညာခဲ့သည်။ (လု. ၂:၂၅-၃၂) ထို့ပြင် စမ်းသပ်ခံရသည့်ညတွင် ယေရှုကြုံခဲ့ရသောအရှက်ခွဲခံရမှုတို့ကို ဟေရှာယ ၅၀:၆-၉ ပါပရောဖက်ပြုချက်တွင် ကြိုဟောထားသည်။ (မ. ၂၆:၆၇; လု. ၂၂:၆၃) စီအီး ၃၃၊ ပင်တေကုတ္တေပွဲပြီးနောက် တမန်တော်ပေတရုက ယေရှုအား ယေဟောဝါ၏ “ကျွန်တော်ရင်း” အဖြစ် ရှင်းရှင်းလင်းလင်းဖော်ပြခဲ့သည်။ (ဟေရှာ. ၅၂:၁၃; ၅၃:၁၁; တမန်တော် ၃:၁၃၊ ၂၆ ကိုဖတ်ပါ။) မေရှိယနှင့်ဆိုင်သော ယင်းပရောဖက်ပြုချက်များမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။
ယေဟောဝါသည် မိမိ၏ကျွန်ကို လေ့ကျင့်ပေး
၅။ ကျွန်သည် အဘယ်လေ့ကျင့်ပေးမှုကို လက်ခံရရှိခဲ့သနည်း။
၅ ဘုရားသခင်၏ကျွန်နှင့်ပတ်သက်သော ဟေရှာယပရောဖက်ပြုချက်တစ်ခုတွင် ဘုရားသခင်၏သားတော် လူသားအဖြစ်မကြွလာမီအချိန်က ယေဟောဝါနှင့် ကိုယ်တော့်သားဦးကြားတွင်ရှိသော ရင်းနှီးသည့်ဆက်ဆံရေးအကြောင်း ဖော်ပြသည်။ (ဟေရှာယ ၅၀:၄-၉ ကိုဖတ်ပါ။) ကျွန်ကိုယ်နှိုက်က ယေဟောဝါသည် မိမိအား မပြတ်လေ့ကျင့်ပေးမှုကို “စာသင်သောသူကဲ့သို့ နားထောင်စေမည်အကြောင်း ငါ့နားကိုနှိုးဆော်တော်မူ၏” ဟုဆိုသည်။ (ဟေရှာ. ၅၀:၄) ထိုအချိန်တစ်လျှောက်လုံး ယေဟောဝါ၏ကျွန်သည် လက်အောက်ခံစာသင်သားတစ်ဦးဖြစ်လာခြင်းအားဖြင့် ခမည်းတော်၏စကားကိုနားထောင်ပြီး ကိုယ်တော်ထံမှသင်ယူခဲ့သည်။ စကြဝဠာဖန်ဆင်းရှင်ထံမှ သင်ယူရရှိခြင်းသည် အလွန်ထူးမြတ်သည့် အခွင့်အရေးပင်။
၆။ ကျွန်သည် ခမည်းတော်အား အကြွင်းမဲ့လက်အောက်ခံကြောင်း မည်သို့ဖော်ပြခဲ့သနည်း။
၆ ယင်းပရောဖက်ပြုချက်တွင် ကျွန်က ခမည်းတော်အား ‘အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါ’ [ကဘ] ဟုခေါ်ဆိုထားသည်။ ယင်းအချက်က ကျွန်သည် ယေဟောဝါ၏စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးမှုဆိုင်ရာ အခြေခံအမှန်တရားကို အသိအမှတ်ပြုကြောင်း ဖော်ပြသည်။ ခမည်းတော်အား မိမိ၏အကြွင်းမဲ့လက်အောက်ခံမှုကိုတင်ပြကာ ဤသို့ဆို၏– ‘အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ယေဟောဝါသည် ငါ့နားကိုဖွင့်တော်မူ၍ ငါလည်းမငြင်းမဆန်၊ နောက်သို့မဆုတ်။’ (ဟေရှာ. ၅၀:၅) မျက်မြင်ရစကြဝဠာနှင့် လူသားကိုဖန်ဆင်းရာတွင် ကျွန်သည် ‘ကျွမ်းကျင်လုပ်သားတစ်ဦးကဲ့သို့ [ယေဟောဝါ] အထံတော်ပါးတွင်ရှိ’ ခဲ့သည်။ ဤ “ကျွမ်းကျင်လုပ်သား” သည် ‘[ယေဟောဝါ] ရှေ့တော်၌ အစဉ်မပြတ်ရွှင်လန်းဝမ်းမြောက်လျက် ဖန်ဆင်းတော်မူသောမြေကြီးတစ်ပြင်လုံးကြောင့်လည်း ဝမ်းမြောက်ရွှင်လန်းနေ၏။ [ဘုရားသခင့်သားတော်] နှစ်ခြိုက်သောအကြောင်းအရာများသည် လူသားတို့နှင့်ပေါင်းဖော်၍ ပျော်ပါးလျက်နေခြင်းဖြစ်သတည်း။’—သု. ၈:၂၂-၃၁၊ ကဘ။
၇။ ကျွန်သည် စမ်းသပ်ခံရချိန်အတွင်း ခမည်းတော်၏ထောက်မမှုကို ယုံကြည်စိတ်ချကြောင်း အဘယ်အရာက ဖော်ပြသနည်း။
၇ ကျွန်ရရှိခဲ့သောလေ့ကျင့်ပေးမှုနှင့် လူသားတို့ကိုချစ်မြတ်နိုးမှုက မြေကြီးပေါ်ကြွလာပြီး ပြင်းထန်သည့်ဆန့်ကျင်မှုရင်ဆိုင်ရန် အသင့်ဖြစ်စေခဲ့သည်။ သူသည် ပြင်းထန်သည့်နှိပ်စက်ညှဉ်းပန်းမှုကြုံရလျှင်ပင် ခမည်းတော်အလိုဆောင်ရာတွင် ဆက်၍ပျော်မွေ့ခဲ့သည်။ (ဆာ. ၄၀:၈; မ. ၂၆:၄၂; ယော. ၆:၃၈) မြေကြီးပေါ် စမ်းသပ်ခံရစဉ်တစ်လျှောက်လုံး ယေရှုသည် ခမည်းတော်၏နှစ်သက်လက်ခံမှုနှင့် ထောက်မမှုရမည်ကို ယုံကြည်စိတ်ချခဲ့သည်။ ဟေရှာယပရောဖက်ပြုချက်တွင် ကြိုဟောထားသည့်အတိုင်း ယေရှုဤသို့ဆိုနိုင်ခဲ့၏– ‘[“ငါ့ကိုဖြောင့်မတ်သည်ဟု ကြေညာသော၊” ကဘ] အရှင်သည် အနီးမှာရှိတော်မူ၏။ အဘယ်သူသည် ငါနှင့်တရားတွေ့မည်နည်း။ . . . ကြည့်လော့။ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ယေဟောဝါသည် ငါကိုမစတော်မူမည်။’ (ဟေရှာ. ၅၀:၈၊ ၉) ဟေရှာယ၏နောက်ပရောဖက်ပြုချက်၌ ဖော်ပြသည့်အတိုင်း ယေဟောဝါသည် မိမိ၏တည်ကြည်သောကျွန်ကို မြေကြီးဓမ္မအမှုဆောင်စဉ်တစ်လျှောက်လုံး အမှန်ထောက်မတော်မူခဲ့သည်။
ကျွန်၏မြေကြီးဓမ္မအမှု
၈။ ယေရှုသည် ဟေရှာယ ၄၂:၁ တွင်ကြိုဟောထားသည့် ယေဟောဝါ “ရွေးချယ်သောသူ” ဖြစ်ကြောင်း အဘယ်အရာက သက်သေထူသနည်း။
၈ စီအီး ၂၉၊ ယေရှုနှစ်ခြင်းခံချိန်တွင်ဖြစ်ပျက်ရာကို သမ္မာကျမ်းစာက ဤသို့ဖော်ပြ၏– “သန့်ရှင်းသောစွမ်းအားတော်သည် . . . ကိုယ်တော့်အပေါ်ဆင်းသက်၍ ‘သင်သည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏’ ဟုကောင်းကင်မှအသံတော် ထွက်ပေါ်လေ၏။” (လု. ၃:၂၁၊ ၂၂) သို့ဖြင့် ယေဟောဝါသည် ဟေရှာယပရောဖက်ပြုချက်တွင်ဖော်ပြထားသည့် ကိုယ်တော် “ရွေးချယ်သောသူ” သည် မည်သူမည်ဝါဖြစ်ကြောင်း အထင်အရှားဖော်ပြခဲ့၏။ (ဟေရှာယ ၄၂:၁-၇ ကိုဖတ်ပါ။) ယေရှုသည် မိမိ၏မြေကြီးဓမ္မအမှုဆောင်စဉ်အတွင်း ယင်းပရောဖက်ပြုချက်ကို ထူးခြားသောနည်းဖြင့် ပြည့်စုံစေခဲ့သည်။ မဿဲက မိမိ၏ခရစ်ဝင်ကျမ်းမှတ်တမ်းတွင် ဟေရှာယ ၄၂:၁-၄ ပါစကားကိုကိုးကားကာ ယင်းကို ယေရှုနှင့်ဆက်စပ်ဖော်ပြခဲ့သည်။—မ. ၁၂:၁၅-၂၁။
၉၊ ၁၀။ (က) ယေရှုသည် ဓမ္မအမှုဆောင်စဉ်အတွင်း ဟေရှာယ ၄၂:၃ ကိုမည်သို့ပြည့်စုံစေခဲ့သနည်း။ (ခ) ခရစ်တော်သည် မြေကြီးပေါ်ရှိစဉ် ‘တရားမျှတမှု’ ကိုမည်သို့ဖော်ထုတ်ခဲ့ပြီး အဘယ်အချိန်တွင် ‘မြေကြီးပေါ်မှာ တရားမျှတမှုကို တည်စေ’ မည်နည်း။
၉ ဂျူးများထဲမှ သာမန်လူတန်းစားသည် ဂျူးဘာသာရေးခေါင်းဆောင်များ၏ အထင်အမြင်သေးမှုကို ခံရကြသည်။ (ယော. ၇:၄၇-၄၉) ထိုသူတို့သည် ကြမ်းတမ်းစွာဆက်ဆံခံရကြပြီး ‘နင်းချေခံရသည့်ကျူပင်’ သို့မဟုတ် နောက်ဆုံးလက်ကျန်အလင်းဖြစ်သော ‘အတောက်သေးသောမီးစာ’ နှင့်နှိုင်းယှဉ်နိုင်ပါသည်။ သို့သော် ယေရှုသည် ဆင်းရဲသူ၊ ဝေဒနာခံစားနေရသူတို့ကို သနားကြင်နာမှုတင်ပြခဲ့သည်။ (မ. ၉:၃၅၊ ၃၆) ထိုကဲ့သို့သောသူတို့ကို ကြင်နာစွာဤသို့ဖိတ်ခေါ်ခဲ့၏– “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့ လာကြလော့။ သင်တို့ကို ငါလန်းဆန်းစေမည်။” (မ. ၁၁:၂၈) ထို့ပြင် ယေရှုသည် အမှားအမှန်နှင့်ပတ်သက်၍ ယေဟောဝါ၏စံနှုန်းများကို သွန်သင်ပေးခြင်းဖြင့် ‘တရားမျှတမှု’ ကိုဖော်ထုတ်ခဲ့သည်။ (ဟေရှာ. ၄၂:၃) ဘုရားသခင့်ပညတ်တရားကို အကျိုးသင့်အကြောင်းသင့်၊ သနားကြင်နာမှုတို့ဖြင့် တင်ပြဖို့လိုကြောင်း ထပ်ဆင့်ဖော်ပြခဲ့သည်။ (မ. ၂၃:၂၃) ယေရှုသည် ချမ်းသာသူ၊ ဆင်းရဲသူတို့ကို ဘက်လိုက်ခြင်းမရှိဟောပြောခြင်းအားဖြင့်လည်း တရားမျှတမှုကို တင်ပြခဲ့သည်။—မ. ၁၁:၅; လု. ၁၈:၁၈-၂၃။
၁၀ ယေဟောဝါ “ရွေးချယ်သောသူ” သည် ‘မြေကြီးပေါ်မှာ တရားမျှတမှုကို တည်စေ’ မည်ဖြစ်ကြောင်းကိုလည်း ဟေရှာယပရောဖက်ပြုချက်တွင်ကြိုဟောထား၏။ (ဟေရှာ. ၄၂:၄) ယင်းကို မကြာမီလုပ်ဆောင်ပါလိမ့်မည်၊ မေရှိယနိုင်ငံတော်၏ဘုရင်အနေနှင့် ကိုယ်တော်သည် အုပ်စိုးမှုမှန်သမျှကိုဖျက်ဆီးပြီး မိမိ၏ဖြောင့်မတ်သောအုပ်ချုပ်မှုဖြင့် အစားထိုးသည့်အခါတွင်ဖြစ်သည်။ “ဖြောင့်မတ်ခြင်းတည်” ရာကမ္ဘာသစ်တစ်ခု ဖြစ်စေပါလိမ့်မည်။—၂ ပေ. ၃:၁၃; ဒံ. ၂:၄၅။
“အလင်း” နှင့် “ပဋိညာဉ်”
၁၁။ ပထမရာစုတွင် ယေရှုသည် အဘယ်သဘောဖြင့် ‘လူမျိုးခြားတို့၏အလင်း’ ဖြစ်ပြီး မျက်မှောက်ခေတ်တွင် မည်သို့အားဖြင့် ထိုသို့ဖြစ်သနည်း။
၁၁ ဟေရှာယ ၄၂:၇ ကိုပြည့်စုံစေရာတွင် ယေရှုသည် အမှန်ပင် “လူအမျိုးမျိုးလင်းစရာ” ဖြစ်ကြောင်း သက်သေထူခဲ့သည်။ ကိုယ်တော်၏မြေကြီးဓမ္မအမှုဆောင်စဉ်အတွင်း အဓိကအားဖြင့် ဂျူးများအား ဝတ်ပြုရေးဆိုင်ရာအလင်းကို ထွန်းလင်းပေးခဲ့သည်။ (မ. ၁၅:၂၄; တ. ၃:၂၆) သို့သော် ယေရှုက “ငါသည် လောက၏အလင်းဖြစ်၏” ဟုမိန့်တော်မူခဲ့သည်။ (ယော. ၈:၁၂) ကိုယ်တော်သည် ဝတ်ပြုရေးဆိုင်ရာအလင်းကို ထွန်းလင်းပေးရုံသာမက လူသားအားလုံးအတွက် မိမိ၏စုံလင်သောလူ့အသက်ကို ရွေးနုတ်ဖိုးအဖြစ်ပူဇော်ခြင်းအားဖြင့်လည်း ဂျူးများအတွက်သာမက လူမျိုးခြားတို့အတွက်ပါ အလင်းဖြစ်လာခဲ့သည်။ (မ. ၂၀:၂၈) ယေရှုရှင်ပြန်ထမြောက်ပြီးနောက် တပည့်များအား “မြေကြီးစွန်းတိုင်အောင်” ကိုယ်တော့်အကြောင်းသက်သေခံသူများဖြစ်ရန် တာဝန်ပေးခဲ့သည်။ (တ. ၁:၈) ပေါလုနှင့်ဗာနဗသည် ဓမ္မအမှုဆောင်စဉ်အတွင်း ‘လူမျိုးခြားတို့၏အလင်း’ ဟူသောအသုံးအနှုန်းကို ဂျူးမဟုတ်သူတို့အလယ်တွင် ပြီးမြောက်အောင်မြင်နေသည့် မိမိတို့၏ဟောပြောခြင်းလုပ်ငန်းနှင့် ဆက်စပ်ဖော်ပြခဲ့သည်။ (တ. ၁၃:၄၆-၄၈; ဟေရှာယ ၄၂:၇ နှင့်နှိုင်းယှဉ်ပါ။) မြေကြီးပေါ်ရှိ ဘိသိက်ပေးခြင်းခံရသောယေရှု၏ညီတော်များနှင့် သူတို့၏အပေါင်းပါများသည် သတင်းကောင်းဟောပြောပြီး ‘လူမျိုးခြားတို့၏အလင်း’ ဖြစ်သောယေရှုကိုယုံကြည်စေရန် လူတို့ကိုအကူအညီပေးခြင်းအားဖြင့် ယင်းလုပ်ငန်းကို ဆက်၍လုပ်ဆောင်နေကြဆဲဖြစ်သည်။
၁၂။ ယေဟောဝါသည် မိမိ၏ကျွန်ကို “လူများ၏ပဋိညာဉ်အဖြစ်” မည်သို့ပေးခဲ့သနည်း။
၁၂ ထိုပရောဖက်ပြုချက်၌ပင် ယေဟောဝါသည် မိမိရွေးချယ်သောကျွန်အား ဤသို့မိန့်တော်မူခဲ့၏– ‘သင့်ကိုကာကွယ်ကာ လူများ၏ပဋိညာဉ်အဖြစ် ငါပေးမည်။’ (ဟေရှာ. ၄၂:၆၊ ကဘ) စာတန်သည် ယေရှုကိုဖျက်ဆီးရန်၊ ကိုယ်တော်၏မြေကြီးဓမ္မအမှု ပြီးမြောက်အောင်လုပ်ဆောင်ခြင်းကို ဆီးတားရန် မပြတ်ကြိုးစားခဲ့သော်လည်း ကိုယ်တော်သေဆုံးရန် သတ်မှတ်ထားသည့်အချိန်မရောက်မချင်း ယေဟောဝါကာကွယ်ခဲ့သည်။ (မ. ၂:၁၃; ယော. ၇:၃၀) ယင်းနောက် ယေဟောဝါသည် ယေရှုကိုရှင်ပြန်ထမြောက်ပေးကာ ယေရှုကို “ပဋိညာဉ်” သို့မဟုတ် အာမခံအဖြစ် မြေကြီးပေါ်ရှိလူတို့အား ပေးတော်မူခဲ့သည်။ ယင်းသို့အလေးအနက်ကတိထားချက်က ဘုရားသခင်အပေါ်တည်ကြည်သောကျွန်သည် ဝတ်ပြုရေးဆိုင်ရာအမှောင်ထဲတွင်ရှိနေသူတို့ကို လွတ်မြောက်ခြင်းအားဖြင့် ‘လူမျိုးခြားတို့၏အလင်း’ ဆက်ဖြစ်မည်ဖြစ်ကြောင်း အာမခံချက်ဖြစ်သည်။—ဟေရှာယ ၄၉:၈၊ ၉ ကိုဖတ်ပါ။b
၁၃။ ယေရှုသည် မြေကြီးဓမ္မအမှုဆောင်စဉ်အတွင်း “မှောင်မိုက်၌နေသောသူတို့ကို” အဘယ်နည်းဖြင့် ကယ်လွှတ်ခဲ့ပြီး ကိုယ်တော်သည် မည်သို့အားဖြင့် ယင်းသို့ဆက်၍လုပ်ဆောင်နေသနည်း။
၁၃ ယင်းအာမခံချက်နှင့်အညီ ယေဟောဝါရွေးချယ်သောကျွန်သည် “ကန်းသောမျက်စိတို့ကိုဖွင့်” ပေးမည်ဖြစ်ပြီး “ချုပ်ထားသောသူတို့ကိုလွှတ်” ပေးကာ “မှောင်မိုက်၌နေသောသူတို့ကို အမိုက်ထောင်ထဲကနုတ်ယူ” မည်ဖြစ်သည်။ (ဟေရှာ. ၄၂:၇) ယေရှုမြေကြီးဓမ္မအမှုဆောင်စဉ်အတွင်း ကိုယ်တော်သည် မှားယွင်းသောဝတ်ပြုရေး ထုံးတမ်းစဉ်လာများကိုဖော်ထုတ်ကာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းအားဖြင့် ယင်းသို့လုပ်ဆောင်ခဲ့သည်။ (မ. ၁၅:၃; လု. ၈:၁) သို့ဖြင့် ကိုယ်တော်သည် မိမိ၏တပည့်ဖြစ်လာသူဂျူးများကို မှားယွင်းသောဝတ်ပြုရေးမှ ကယ်နုတ်ခဲ့သည်။ (ယော. ၈:၃၁၊ ၃၂) ယေရှုသည် ဂျူးလူမျိုးမဟုတ်သည့် သန်းနှင့်ချီသောသူတို့ကိုလည်း အလားတူကယ်နုတ်ခဲ့ပြီဖြစ်သည်။ ကိုယ်တော်သည် မိမိ၏နောက်လိုက်များအား “သွား၍ လူမျိုးတကာမှ လူတို့ကို . . . တပည့်ဖြစ်စေ” ရန်တာဝန်ပေးခဲ့ပြီး “ဤလောကစနစ်နိဂုံးပိုင်းတိုင်အောင်” မိမိနောက်လိုက်များနှင့်အတူရှိမည်ဟု ကတိပေးခဲ့သည်။ (မ. ၂၈:၁၉၊ ၂၀) ခရစ်တော်ယေရှုသည် မိမိရရှိထားသောကောင်းကင်အရိုက်အရာမှနေ၍ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ဦးစီးလျက်ရှိသည်။
ယေဟောဝါသည် “ကျွန်” အားချီးမြှောက်ခဲ့
၁၄၊ ၁၅။ ယေဟောဝါသည် မိမိ၏ကျွန်ကို အဘယ်ကြောင့်နှင့် မည်သို့ချီးမြှောက်ခဲ့သနည်း။
၁၄ ယေဟောဝါသည် နောက်ပရောဖက်ပြုချက်တွင် မိမိ၏မေရှိယကျွန်နှင့်စပ်လျဉ်း၍ ဤသို့ဖော်ပြ၏– “ကြည့်ရှုလော့။ ငါ့ကျွန်သည် အမှုဆောင်၍အောင်လိမ့်မည်။ ချီးမြှောက်ချီးမြှင့်ခြင်းသို့ရောက်၍ အထွတ်အမြတ်ဖြစ်လိမ့်မည်။” (ဟေရှာ. ၅၂:၁၃) သားတော်သည် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို တည်ကြည်စွာလက်အောက်ခံပြီး အပြင်းထန်ဆုံးစမ်းသပ်မှုအောက်တွင် တည်ကြည်မှုရှိခြင်းကြောင့် ချီးမြှောက်ခံခဲ့ရသည်။
၁၅ ယေရှုနှင့်ပတ်သက်၍ တမန်တော်ပေတရု ဤသို့ရေးခဲ့၏– “ကိုယ်တော်သည် ကောင်းကင်သို့တက်ကြွ၍ ဘုရားသခင်၏လက်ယာဘက်၌ ရှိတော်မူ၏။ ဘုရားသခင်သည် ကောင်းကင်တမန်များ၊ အာဏာပိုင်များ၊ တန်ခိုးရှင်များကို ကိုယ်တော့်လက်အောက် ရောက်စေတော်မူ၏။” (၁ ပေ. ၃:၂၂) အလားတူပင် တမန်တော်ပေါလုလည်း ဤသို့ရေးခဲ့၏– ‘ကိုယ့်ကိုယ်ကိုနှိမ့်ချ၍ အသေခံရသည့်တိုင်အောင်၊ ညှဉ်းဆဲရာသစ်တိုင်ပေါ် အသေခံရသည့်တိုင်အောင် နာခံတော်မူ၏။ ထိုအကြောင်းကြောင့်ပင် ဘုရားသခင်သည် ကိုယ်တော်ကို သာလွန်မြင့်မြတ်သောအခွင့်အရာသို့ ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမကို ပေးသနားတော်မူ၏။ သို့ဖြင့် ကောင်းကင်ပေါ်၊ မြေကြီးပေါ်၊ မြေကြီးအောက်၌ ရှိသမျှသောသူတို့သည် ယေရှု၏နာမရှေ့တွင် ဒူးထောက်ကြရမည်။ ထို့ပြင် ယေရှုခရစ်သည် ခမည်းတော်ဘုရားသခင်၏ ဘုန်းအသရေကိုထင်ရှားစေသောသခင်ဖြစ်ကြောင်း လူတိုင်း အတိအလင်းဝန်ခံကြလိမ့်မည်။’—ဖိ. ၂:၈-၁၁။
၁၆။ ၁၉၁၄ ခုနှစ်တွင် ယေရှုသည် မည်သို့အားဖြင့် “ချီးမြှင့်ခြင်းသို့ရောက်၍ အထွတ်အမြတ်ဖြစ်” ခဲ့ပြီး ထိုအချိန်မှစ၍ အဘယ်အရာ ပြီးမြောက်အောင်မြင်ခဲ့သနည်း။
၁၆ ၁၉၁၄ ခုနှစ်တွင် ယေဟောဝါသည် ယေရှုအား ထပ်ဆင့်ချီးမြှောက်ခဲ့သည်။ ယေဟောဝါသည် ကိုယ်တော်အား မေရှိယနိုင်ငံတော်၏ဘုရင်အဖြစ် မင်းမြှောက်ချိန်တွင် ယေရှုသည် “ချီးမြှင့်ခြင်းသို့ရောက်၍ အထွတ်အမြတ်ဖြစ်” ခဲ့သည်။ (ဆာ. ၂:၆; ဒံ. ၇:၁၃၊ ၁၄) ထိုအချိန်မှစ၍ ခရစ်တော်သည် “ရန်သူတို့၏အလယ်၌ အုပ်စိုးတော်မူ” ခဲ့သည်။ (ဆာ. ၁၁၀:၂) ဦးဆုံး ကိုယ်တော်သည် စာတန်နှင့်သူ၏နတ်ဆိုးတို့ကို တိုက်ခိုက်နှိမ်နင်းကာ မြေကြီးဝန်းကျင်သို့နှင်ချခဲ့သည်။ (ဗျာ. ၁၂:၇-၁၂) ထို့နောက် ခရစ်တော်သည် သာ၍ကြီးမြတ်သောကုရုအဖြစ်လုပ်ဆောင်ကာ ဘိသိက်ပေးခြင်းခံရသော မြေကြီးပေါ်ရှိညီတော်အကြွင်းအကျန်ကို “မဟာဗာဗုလုန်” ၏ချုပ်နှောင်မှုမှ ကယ်နုတ်ခဲ့သည်။ (ဗျာ. ၁၈:၂; ဟေရှာ. ၄၄:၂၈) ကိုယ်တော်သည် ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ဦးစီးလုပ်ဆောင်ခဲ့သောကြောင့် ကောင်းကင်အတန်းအစားညီတော်များမှ “ကျန်ကြွင်းသူများ” ကိုစုသိမ်းပြီး ယင်းနောက် “သိုးစုငယ်” ၏တည်ကြည်သောအပေါင်းပါဖြစ်သည့် “အခြားသိုး” အဝင်သန်းနှင့်ချီသောသူတို့ကို စုသိမ်းခဲ့သည်။—ဗျာ. ၁၂:၁၇; ယော. ၁၀:၁၆; လု. ၁၂:၃၂။
၁၇။ “ကျွန်” နှင့်ပတ်သက်သော ဟေရှာယပရောဖက်ပြုချက်များကို လေ့လာခဲ့ပြီးသည့်အထဲမှ ကျွန်ုပ်တို့ အဘယ်အရာ သင်ယူရရှိခဲ့သနည်း။
၁၇ ဟေရှာယကျမ်းပါ မှတ်သားဖွယ်ကောင်းသော ယင်းပရောဖက်ပြုချက်များကို လေ့လာခြင်းက ကျွန်ုပ်တို့၏ဘုရင်၊ ရွေးနုတ်ရှင်ဖြစ်သော ခရစ်တော်ယေရှုကို တန်ဖိုးထားလေးမြတ်မှု တိုးပွားစေခဲ့သည်မှာ သေချာသည်။ မြေကြီးဓမ္မအမှုဆောင်ချိန်အတွင်း သားတစ်ပါးအနေနှင့် ကိုယ်တော်၏လက်အောက်ခံမှုက မြေကြီးပေါ်သို့မကြွလာမီ ခမည်းတော်ဘေးတွင်ရှိခဲ့စဉ် ကိုယ်တော်ရရှိခဲ့သောလေ့ကျင့်ပေးမှုကို ထင်ဟပ်ဖော်ပြခဲ့သည်။ ကိုယ်တော်တိုင်၏ဓမ္မအမှုအားဖြင့်၊ ယနေ့အချိန်တိုင်အောင် ကိုယ်တော်ဦးစီးနေသော ဟောပြောခြင်းလုပ်ငန်းအားဖြင့် ‘လူမျိုးခြားတို့၏အလင်း’ ဖြစ်ကြောင်း ကိုယ်တော်တိုင်သက်သေထူခဲ့သည်။ ယေရှု၏သေခြင်းသတိရအောက်မေ့ပွဲ နီးကပ်လာသည့်နှင့်အမျှ ကျွန်ုပ်တို့အကျိုးအတွက် ဆင်းရဲဝေဒနာခံပြီး အသက်စွန့်လွှတ်ခဲ့ပုံနှင့် ကျွန်ုပ်တို့ “စေ့စေ့ကြည့်ရှု” သင့်သောကိစ္စရပ်များကိုဖော်ပြသည့် မေရှိယကျွန်နှင့်ပတ်သက်သော နောက်ပရောဖက်ပြုချက်ကို နောက်ဆောင်းပါးတွင် တွေ့ရပါမည်။—ဟေဗြဲ ၁၂:၂၊ ၃။
[အောက်ခြေမှတ်ချက်များ]
a ယင်းပရောဖက်ပြုချက်များကို ဟေရှာယ ၄၂:၁-၇; ၄၉:၁-၁၂; ၅၀:၄-၉ နှင့် ၅၂:၁၃–၅၃:၁၂ တို့တွင် တွေ့နိုင်ပါသည်။
b ဟေရှာယ ၄၉:၁-၁၂ ပါပရောဖက်ပြုချက်အကြောင်း ဆွေးနွေးမှုများအတွက် ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက်အလင်း၊ အတွဲ ၂ စာမျက်နှာ ၆၁-၆၅ ကိုကြည့်ပါ။
ပြန်လည်သုံးသပ်ချက်
• ဟေရှာယပရောဖက်ပြုချက်များတွင် ဖော်ပြထားသော “ကျွန်” မှာမည်သူနည်း၊ ကျွန်ုပ်တို့ မည်သို့သိရသနည်း။
• ကျွန်သည် ယေဟောဝါထံမှ အဘယ်လေ့ကျင့်ပေးမှု ရရှိခဲ့သနည်း။
• ယေရှုသည် မည်သို့အားဖြင့် ‘လူမျိုးခြားတို့၏အလင်း’ ဖြစ်သနည်း။
• ကျွန်သည် မည်သို့ချီးမြှောက်ခံခဲ့ရသနည်း။
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ဖိလိပ္ပုက ဟေရှာယဖော်ပြခဲ့သော “ကျွန်” သည် မေရှိယဖြစ်သော ယေရှုဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြခဲ့
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ယေဟောဝါရွေးချယ်သောကျွန်အနေနှင့် ယေရှုသည် ဆင်းရဲသူ၊ ဝေဒနာခံစားနေရသူတို့ကို သနားကြင်နာမှုတင်ပြခဲ့
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ခမည်းတော်သည် ယေရှုအား ချီးမြှင့်ကာ မေရှိယနိုင်ငံတော်ဘုရင်အဖြစ် မင်းမြှောက်ခဲ့