ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ip-2 အခန်း ၂၂ စာ. ၁၄၉-၁၅၆
  • ဇိအုန်တွင် ဖြောင့်မတ်ခြင်း ပေါ်ထွန်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဇိအုန်တွင် ဖြောင့်မတ်ခြင်း ပေါ်ထွန်း
  • ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “မင်္ဂလာနှစ်”
  • ဘုရားသခင့်ဘုန်း ထင်ရှားစေသည့် ဝိညာဏ အသီးအပွင့်များ
  • အရှက်ကွဲခြင်းနှင့် အသရေပျက်ခြင်း၊ ၎င်းနောက် ရွှင်လန်းခြင်း
  • ယေဟောဝါ၏ ကောင်းချီးများတွင် ရွှင်လန်းဝမ်းမြောက်ခြင်း
  • ‘ထာဝရဘုရား၏ မင်္ဂလာနှစ်အကြောင်း ကြားပြော’
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
  • “စေတနာထားချိန်”
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • “ဘုရားသခင်၏ဣသရေလအမျိုး” နှင့် “လူအုပ်ကြီး”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • “နာမသစ်”
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
နောက်ထပ် ကြည့်ပါ
ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
ip-2 အခန်း ၂၂ စာ. ၁၄၉-၁၅၆

အခန်း နှစ်ဆယ့်နှစ်

ဇိအုန်တွင် ဖြောင့်မတ်ခြင်း ပေါ်ထွန်း

ဟေရှာယ ၆၁:၁-၁၁

၁၊ ၂။ ဣသရေလလူမျိုးသည် အဘယ် ပြောင်းလဲမှုနှင့် တွေ့ကြုံရတော့မည်နည်း၊ ယင်းကို မည်သူ ဆောင်ရွက်မည်နည်း။

လွတ်မြောက်မှုကို ကြွေးကြော်ပါလေစေ! ယေဟောဝါသည် မိမိ၏ လူမျိုးတော်ကို လွတ်မြောက်စေပြီး ဘိုးဘပိုင် ပြည်တော်သို့ ပြန်လည်ပို့ဆောင်ရန် ဆုံးဖြတ်တော်မူခဲ့သည်။ မျိုးစေ့တစ်စေ့သည် မိုးအနေတော် ရွာပြီးနောက် အပင်ပေါက်လာသကဲ့သို့ စစ်မှန်သော ဝတ်ပြုရေး တစ်ဖန် ပြန်လည်ပေါ်ထွန်းလာမည်။ ထိုအချိန် ရောက်လာသောအခါ စိတ်ပျက်ခြင်းနေရာတွင် ရွှင်လန်းစွာ ချီးမွမ်းခြင်းက အစားထိုးပြီး ယခင်က ဝမ်းနည်းပူဆွေး၍ ပြာတင်ခဲ့သော ဦးခေါင်းသည် ဘုရားသခင့် မျက်နှာသာ သရဖူကို ဆောင်းမည်။

၂ ဤအံ့ဖွယ်ပြောင်းလဲမှုကို မည်သူ ဖြစ်စေမည်နည်း။ ထိုကဲ့သို့သောအရာကို ယေဟောဝါ တစ်ပါးတည်းသာ ပြုလုပ်နိုင်တော်မူ၏။ (ဆာလံ ၉:၁၉၊ ၂၀; ဟေရှာယ ၄၀:၂၅) ပရောဖက် ဇေဖနိက ဤသို့ ပရောဖက်ပြု ဆင့်ဆိုခဲ့၏– “အို ဇိအုန်သတို့သမီး သီချင်းဆိုလော့။ အို ဣသရေလအမျိုး ကြွေးကြော်လော့။ အို ယေရုရှလင် သတို့သမီး စိတ်နှလုံး အကြွင်းမဲ့ ဝမ်းမြောက်ရွှင်လန်းလော့။ ထာဝရဘုရားသည် သင်၏ အပြစ်ဒဏ်တို့ကို ပပျောက်စေ၍ သင်၏ ရန်သူတို့ကို ပယ်ရှားတော်မူပြီ။ ဣသရေလအမျိုး၏ ရှင်ဘုရင် ထာဝရဘုရားသည် သင့်အလယ်၌ ရှိတော်မူ၏။ သင်သည် နောက်တစ်ဖန် ဘေးဥပဒ်နှင့် မတွေ့မကြုံရ။” (ဇေဖနိ ၃:၁၄၊ ၁၅) ရွှင်လန်းဝမ်းမြောက်မည့် အချိန်ပါတကား! ဘီ.စီ.အီး. ၅၃၇ တွင် ယေဟောဝါသည် ပြန်လည်တည်ထောင်လာသော အကြွင်းအကျန်ကို ဗာဗုလုန်မှ ပြန်လည်စုသိမ်းချိန်တွင် အိပ်မက်တစ်ခု ပြည့်စုံလာသည့်အလား ဖြစ်ပေမည်။—ဆာလံ ၁၂၆:၁။

၃။ ဟေရှာယ အခန်းကြီး ၆၁ ပါ ပရောဖက်ပြုချက်စကားများတွင် အဘယ် ပြည့်စုံချက်များ ရှိသနည်း။

၃ ဤပြန်လည်တည်ထောင်ခြင်းအကြောင်းကို ဟေရှာယ အခန်းကြီး ၆၁ တွင် ကြိုဟောထားသည်။ သို့ရာတွင် ထိုပရောဖက်ပြုချက်သည် ဘီ.စီ.အီး. ၅၃၇ တွင် ပြည့်စုံခဲ့ကြောင်း ထင်ရှားသော်လည်း ပို၍ ကြီးသော အသေးစိတ် ပြည့်စုံချက်သည် နောက်ပိုင်းအချိန်ကာလတွင် ဖြစ်ပျက်လာသည်။ ပို၍ အသေးစိတ် ပြည့်စုံချက်တွင် ယေရှုနှင့် ကိုယ်တော်၏ ပထမရာစု နောက်လိုက်များအပြင် မျက်မှောက်ခေတ် ယေဟောဝါ၏ လူမျိုးတော် ပါဝင်ပတ်သက်သည်။ သို့ဖြစ်၍ ဤမှုတ်သွင်းခံစကားများသည် အရေးကြီးလှသည်!

“မင်္ဂလာနှစ်”

၄။ ဟေရှာယ ၆၁:၁ ၏ ဦးဆုံး ပြည့်စုံချက်တွင် သတင်းကောင်း ဟောရန် မည်သူ တာဝန် ရခဲ့သနည်း၊ ဒုတိယ တာဝန် ရသူမှာ မည်သူနည်း။

၄ ဟေရှာယ ဤသို့ ရေး၏– “ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်မှာ တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သတင်းကို ကြားပြောစေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ နှလုံးကြေကွဲသောသူတို့၏ အနာကို စည်းစေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက် ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့် အကျဉ်းခံလျက် ရှိသောသူတို့အား ထောင်တံခါး ဖွင့်ခြင်းအကြောင်းကို ပြစေခြင်းငှာလည်းကောင်း . . . ငါ့ကို စေလွှတ်တော်မူ၏။” (ဟေရှာယ ၆၁:၁၊ ၃) ဝမ်းမြောက်စရာသတင်းကို ပြောရန် တာဝန် ရရှိသူမှာ မည်သူနည်း။ ဦးဆုံး တာဝန် ရသူမှာ ဗာဗုလုန်တွင် သုံ့ပန်းခံနေရသူများအတွက် သတင်းကောင်းကို မှတ်တမ်းတင်ရန် ဘုရားသခင်၏ မှုတ်သွင်းခြင်းခံရသူ ဟေရှာယ ဖြစ်ပုံရသည်။ သို့ရာတွင် ယေရှုက ဟေရှာယ၏ စကားများသည် မိမိနှင့် သက်ဆိုင်ကြောင်း မိန့်ဆိုခဲ့ချိန်တွင် အရေးအကြီးဆုံး ပြည့်စုံချက်ကို ညွှန်ပြခဲ့သည်။ (လုကာ ၄:၁၆-၂၁) မှန်ပါသည်၊ ယေရှုသည် စိတ်နှိမ့်ချသောသူများကို သတင်းကောင်း ပြောရန် စေလွှတ်ခံခဲ့ရပြီး ယင်းရည်ရွယ်ချက်အတွက် ကိုယ်တော် နှစ်ခြင်းခံချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခြင်း ခံခဲ့ရသည်။—မဿဲ ၃:၁၆၊ ၁၇။

၅။ မည်သူတို့သည် သတင်းကောင်းကို အနှစ် ၂,၀၀၀ နီးပါးခန့် ဟောပြောခဲ့ကြပြီနည်း။

၅ ထို့ပြင် ယေရှုက မိမိ၏ နောက်လိုက်များအား ဧဝံဂေလိတရား ဟောသူများ သို့မဟုတ် သတင်းကောင်း ဟောသူများ ဖြစ်ရန် သင်ကြားပေးခဲ့သည်။ စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ၁၂၀ ခန့် ရှိသောသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခြင်း ခံရပြီး ဘုရားသခင်၏ ဝိညာဏသားများ ဖြစ်လာခဲ့သည်။ (တမန်တော် ၂:၁-၄၊ ၁၄-၄၂; ရောမ ၈:၁၄-၁၆) သူတို့သည်လည်း စိတ်နှိမ့်ချသောသူများနှင့် နှလုံးကြေကွဲနေသူများကို သတင်းကောင်း ဟောရန် တာဝန် ရရှိခဲ့ကြသည်။ ထိုသူ ၁၂၀ သည် ထိုနည်းအတိုင်း ဘိသိက်ပေးခြင်း ခံရမည့် ၁၄၄,၀၀၀ ၏ ဦးဆုံး အဖွဲ့ဝင်များ ဖြစ်ကြသည်။ သူတို့ထဲမှ နောက်ဆုံး အဖွဲ့ဝင်များသည် ယနေ့ မြေကြီးပေါ်တွင် သက်ရှိထင်ရှားဆဲ ဖြစ်သည်။ ထို့ကြောင့် ယေရှု၏ ဘိသိက်ခံ နောက်လိုက်များသည် “နောင်တရခြင်း တရားကိုလည်းကောင်း၊ ငါတို့သခင် ယေရှုခရစ်ကို ယုံကြည်ခြင်း တရားကိုလည်းကောင်း” အနှစ် ၂,၀၀၀ နီးပါး သက်သေခံခဲ့ကြပြီ။—တမန်တော် ၂၀:၂၁။

၆။ ရှေးအချိန်က ဟောပြောသော သတင်းကောင်းကို ကြား၍ မည်သူတို့ သက်သာရာ ရရှိခဲ့ကြသနည်း၊ ယနေ့အချိန်၌ကော အသို့နည်း။

၆ ဟေရှာယ၏ မှုတ်သွင်းခံ သတင်းစကားသည် ဗာဗုလုန်ရှိ နောင်တရသော ဂျူးများအတွက် သက်သာရာ ရခဲ့သည်။ ယေရှုနှင့် ကိုယ်တော်၏ တပည့်တော်များခေတ်တွင် ယင်းစကားများသည် ဣသရေလပြည်ရှိ ဆိုးသွမ်းမှုများကြောင့် နှလုံးကြေကွဲနေသူ ဂျူးများနှင့် ပထမရာစု ယုဒလူတို့၏ မှောက်မှားသော ဘာသာရေး ထုံးတမ်းစဉ်လာများတွင် လှောင်ပိတ်မိနေ၍ နွမ်းလျနေသူများအတွက် သက်သာရာ ဖြစ်စေခဲ့သည်။ (မဿဲ ၁၅:၃-၆) ယနေ့ ခရစ်ယာန်ဘောင်၏ မှောက်မှားသော ဓလေ့ထုံးစံများ၊ ဘုရားသခင်အား ဂုဏ်ယုတ်စေသော ထုံးတမ်းစဉ်လာများတွင် ကျော့မိခံနေရသူ သန်းနှင့်ချီသောသူတို့သည် ထိုဘာသာရေး စနစ်များတွင် ကျူးလွန်ခဲ့ကြသည့် စက်ဆုပ်ရွံရှာဖွယ် အရာများကြောင့် “ညည်းတွားငိုကြွေး” နေကြသည်။ (ယေဇကျေလ ၉:၄) သတင်းကောင်းကို တုံ့ပြန်သူများသည် ထိုသနားစဖွယ် အခြေအနေမှ လွတ်မြောက်ကြသည်။ (မဿဲ ၉:၃၅-၃၈) သူတို့သည် ယေဟောဝါအား “နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း” ကိုးကွယ်ရန် သင်ယူရရှိချိန်တွင် သူတို့၏ သိနားလည်မှု မျက်စိသည် ကျယ်ကျယ် ဖွင့်ပေးခံခဲ့ရသည်။—ယောဟန် ၄:၂၄။

၇၊ ၈။ (က) “မင်္ဂလာနှစ်” နှစ်ခုမှာ အဘယ်နည်း။ (ခ) ယေဟောဝါ၏ “လက်စားချေတော်မူရာ နေ့” များမှာ အဘယ်နည်း။

၇ သတင်းကောင်း ဟောပြောရန် အချိန်ဇယားတစ်ခု ရှိသည်။ ယေရှုနှင့် ကိုယ်တော်၏ နောက်လိုက်များသည် ဤတာဝန်ကို ရရှိခဲ့ကြ၏– “စိတ်မသာ ညည်းတွားသောသူ ရှိသမျှတို့အား နှစ်သိမ့်စေခြင်းငှာ ယေဟောဝါ၏ မင်္ဂလာနှစ်နှင့် ငါတို့ဘုရားသခင် လက်စားချေတော်မူရာ နေ့ရက်ကာလကို ကြားပြောကြလော့။” (ဟေရှာယ ၆၁:၂၊ ကဘ) နှစ်တစ်နှစ်သည် ရှည်ကြာသော ကာလတစ်ခု ဖြစ်ပြီး အစနှင့် အဆုံး ရှိသည်။ ယေဟောဝါ၏ “မင်္ဂလာနှစ်” သည် စိတ်နှိမ့်ချသူတစ်ဦးအား ကိုယ်တော်၏ လွတ်မြောက်မှု ကြွေးကြော်ချက်ကို တုံ့ပြန်ရန် အခွင့်အရေး ရစေသည့် အချိန်ကာလပိုင်း ဖြစ်သည်။

၈ ပထမရာစု ဂျူးလူမျိုးများအတွက် မင်္ဂလာနှစ်သည် စီ.အီး. ၂၉၊ ယေရှု မြေကြီးဓမ္မအမှု စတင်ချိန်တွင် အစပြုခဲ့သည်။ “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” ဟု ဂျူးများအား ကိုယ်တော် မိန့်တော်မူခဲ့သည်။ (မဿဲ ၄:၁၇) မင်္ဂလာနှစ်သည် ရောမစစ်တပ်က ယေရုရှလင်မြို့နှင့် ဗိမာန်တော်ကို ဖျက်ဆီးရန် ယေဟောဝါ ခွင့်ပြုခဲ့သည့် စီ.အီး. ၇၀ တွင် အထွတ်အထိပ်သို့ ရောက်ခဲ့သော ယေဟောဝါ၏ “လက်စားချေတော်မူရာ နေ့” ထိတိုင် ကြာရှည်ခဲ့သည်။ (မဿဲ ၂၄:၃-၂၂) ယနေ့ ကျွန်ုပ်တို့သည် ၁၉၁၄ ခုနှစ်တွင် ကောင်းကင်၌ ဘုရားသခင့် နိုင်ငံတော် တည်ထောင်ခြင်းနှင့်အတူ စတင်ခဲ့သော နောက်ထပ် မင်္ဂလာနှစ်တွင် အသက်ရှင်နေကြသည်။ ဤမင်္ဂလာနှစ်သည် ဤလောကအစီအစဉ်စနစ် တစ်ခုလုံးကို “ကြီးစွာသောဒုက္ခ” တွင် ယေဟောဝါ ဖျက်ဆီးပစ်မည့် အချိန် ဖြစ်သော ပို၍ ကြီးမားကျယ်ပြန့်သည့် နောက်ထပ် လက်စားချေရာနေ့တွင် အဆုံးတိုင်မည်။—မဿဲ ၂၄:၂၁။

၉။ ယနေ့ မည်သူတို့သည် ယေဟောဝါ၏ မင်္ဂလာနှစ်မှ အကျိုးရရှိကြသနည်း။

၉ ယနေ့ မည်သူတို့သည် ဘုရားသခင်၏ မင်္ဂလာနှစ်မှ အကျိုးခံစားကြရသနည်း။ သတင်းစကားကို လက်ခံပြီး စိတ်နှိမ့်ချကြောင်း တင်ပြကာ “လူမျိုးအပေါင်းတို့” အား ဘုရားသခင့် နိုင်ငံတော် သတင်းကောင်း ကြွေးကြော်ခြင်း၌ ဇွဲရှိရှိ ထောက်မသူများ ဖြစ်သည်။ (မာကု ၁၃:၁၀) သတင်းကောင်းသည် အမှန် နှစ်သိမ့်မှု ပေးကြောင်း ထိုသူတို့ တွေ့ရှိကြသည်။ သို့ရာတွင် သတင်းစကားကို ငြင်းပယ်ပြီး ယေဟောဝါ၏ မင်္ဂလာနှစ် အကျိုးကျေးဇူးကို လက်ခံရန် ငြင်းဆိုသူများသည် မကြာမီ ကိုယ်တော်၏ “လက်စားချေတော်မူရာ နေ့” အဖြစ်မှန်နှင့် ရင်ဆိုင်ရမည်။—၂ သက်သာလောနိတ် ၁:၆-၉။

ဘုရားသခင့်ဘုန်း ထင်ရှားစေသည့် ဝိညာဏ အသီးအပွင့်များ

၁၀။ ဗာဗုလုန်မှ ပြန်လာကြသော ဂျူးများသည် မိမိတို့အတွက် လုပ်ပေးခဲ့သော ယေဟောဝါ၏ ကြီးသောအမှုမှ အဘယ်အကျိုး ရရှိသနည်း။

၁၀ ယေဟောဝါသည် မိမိတို့၏ အကျိုးအတွက် ကြီးသော အမှုတစ်ခုကို ဆောင်ရွက်တော်မူခဲ့ကြောင်း ဗာဗုလုန်မှ ပြန်လာကြသော ဂျူးများ သိရှိကြသည်။ နောက်ဆုံးတွင် သူတို့ လွတ်မြောက်လာကြသောကြောင့် သုံ့ပန်းဘဝ ညည်းတွားမှုများသည် ရွှင်လန်းဝမ်းမြောက်ခြင်း၊ ချီးမွမ်းခြင်းအဖြစ် ပြောင်းလဲသွားသည်။ ထို့ကြောင့် ဟေရှာယသည် မိမိ၏ ဤပရောဖက်ပြုချက် တာဝန်ကို ပြည့်စုံသွားသည်– “စိတ်မသာ ညည်းတွားသော ဇိအုန်မြို့သားတို့အဖို့ စီရင်၍ ပြာအရာ၌ ပေါင်းသရဖူ၊ ဝမ်းနည်းခြင်းအရာ၌ ဝမ်းမြောက်ခြင်းဆီ၊ ညှိုးငယ်သော စိတ်သဘောအရာ၌ ချီးမွမ်းခြင်း အဝတ်တန်ဆာကို သူတို့အား ပေး . . . တော်မူပြီ။ ထိုသူတို့သည် ဖြောင့်မတ်ခြင်း သပိတ်ပင်၊ ဘုန်းအသရေတော်ဖို့ ထာဝရဘုရား စိုက်ပျိုးတော်မူသော အပင်ဟူ၍ သမုတ်ခြင်းကို ခံရကြလိမ့်မည်။”—ဟေရှာယ ၆၁:၃။

၁၁။ ပထမရာစုတွင် မည်သူတို့သည် ယေဟောဝါ၏ ကြီးသောအမှုအတွက် ကိုယ်တော်အား ချီးမွမ်းရန် အကြောင်းကောင်း ရှိခဲ့ကြသနည်း။

၁၁ ပထမရာစုတွင် မှောက်မှားသော ဘာသာရေး အနှောင်အဖွဲ့မှ လွတ်မြောက်လာကြသူ ဂျူးများသည်လည်း မိမိတို့အတွက် လုပ်ပေးခဲ့သော ဘုရားသခင်၏ ကြီးသောအမှုကို ချီးမွမ်းခဲ့ကြသည်။ သူတို့သည် ဝိညာဉ်ရေးအရ သေနေသော လူမျိုးထဲမှ ကယ်နုတ်ခံရချိန်တွင် သူတို့၏ စိတ်ညှိုးငယ်မှုကို “ချီးမွမ်းခြင်း အဝတ်တန်ဆာ” ဖြင့် အစားထိုးခဲ့သည်။ ထိုကဲ့သို့သော ပြောင်းလဲမှုသည် ဦးဆုံး ယေရှု၏ တပည့်တော်များတွင် ဖြစ်ပျက်ခဲ့သည်၊ ကိုယ်တော်၏ သေခြင်းကြောင့် စိတ်မသာ ညည်းတွားနေရာမှ ရှင်ပြန်ထမြောက်သော သူတို့၏ သခင်သည် သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် သူတို့ကို ဘိသိက်ပေးခြင်းကြောင့် ရွှင်လန်းဝမ်းမြောက်ခြင်းအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ၎င်းနောက် မကြာမီအချိန်တွင် ဘိသိက်ပေးခြင်း ခံရခါစ ခရစ်ယာန်များ၏ ဟောပြောခြင်းကို တုံ့ပြန်ခဲ့ကြပြီး စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲနေ့၌ နှစ်ခြင်းခံခဲ့ကြသော စိတ်နှိမ့်ချသူ ၃,၀၀၀ သည်လည်း ထပ်တူ အပြောင်းအလဲကို ကြုံတွေ့ခဲ့ကြသည်။ (တမန်တော် ၂:၄၁) ယေဟောဝါ၏ ကောင်းချီးခံစားရကြောင်း ယုံကြည်စိတ်ချရခြင်းသည် ကောင်းမြတ်လှသည်! “စိတ်မသာ ညည်းတွားသော ဇိအုန်မြို့” ဖြစ်မည့်အစား သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော် ရရှိခဲ့ပြီး ယေဟောဝါ၏ ကြွယ်ဝသော ကောင်းချီး ခံစားရသူများ၏ ရွှင်လန်းဝမ်းမြောက်မှုကို ပုံဆောင်သော “ဝမ်းမြောက်ခြင်းဆီ” အားဖြင့် လန်းဆန်းခဲ့ကြသည်။—ဟေဗြဲ ၁:၉။

၁၂၊ ၁၃။ (က) ဘီ.စီ.အီး. ၅၃၇၊ ပြည်တော်ပြန် ဂျူးများထဲတွင် မည်သူတို့သည် “ဖြောင့်မတ်ခြင်း သပိတ်ပင်” များ ဖြစ်ခဲ့ကြသနည်း။ (ခ) စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲနေ့မှစ၍ မည်သူတို့သည် “ဖြောင့်မတ်ခြင်း သပိတ်ပင်” များ ဖြစ်ခဲ့ကြသနည်း။

၁၂ ယေဟောဝါသည် မိမိ၏ လူမျိုးတော်ကို “ဖြောင့်မတ်ခြင်း သပိတ်ပင်” တို့ဖြင့် ကောင်းချီးပေးတော်မူ၏။ ထိုအပင်တို့မှာ မည်သူတို့နည်း။ ဘီ.စီ.အီး. ၅၃၇ နောက်ပိုင်းနှစ်များတွင် သူတို့မှာ ဘုရားသခင့် နှုတ်ကပါဌ်တော်ကို လေ့လာ၊ ဆင်ခြင်သုံးသပ်ပြီး ယေဟောဝါ၏ ဖြောင့်မတ်သော စံနှုန်းများကို ကျင့်သုံးခဲ့ကြသူများ ဖြစ်ခဲ့သည်။ (ဆာလံ ၁:၁-၃; ဟေရှာယ ၄၄:၂-၄; ယေရမိ ၁၇:၇၊ ၈) ဧဇရ၊ ဟဂ္ဂဲ၊ ဇာခရိနှင့် ယဇ်ပုရောဟိတ်မင်း ယောရှုတို့ကဲ့သို့သောသူတို့သည် ထင်ရှားသော “သပိတ်ပင်”—သမ္မာတရားဘက် စိတ်အားကြီးပြီး လူမျိုးတော်အတွင်း ဝိညာဉ်ရေး ညစ်ညမ်းမှုမှ ကာကွယ်ကြသူ—များအဖြစ် သက်သေထူခဲ့ကြသည်။

၁၃ စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲနေ့မှစ၍ ဘုရားသခင်သည် မိမိ၏ လူမျိုးသစ်၊ “ဘုရားသခင်၏ ဣသရေလအမျိုး” ၏ ဝိညာဏ နယ်မြေတွင် “ဖြောင့်မတ်ခြင်း သပိတ်ပင်”—ရဲရင့်သော ဘိသိက်ခံ ခရစ်ယာန်—များကို ပြုစုပျိုးထောင်ခဲ့သည်။ (ဂလာတိ ၆:၁၆) ရာစုနှစ်များတစ်လျှောက် ထို “အပင်” များ အရေအတွက် ၁၄၄,၀၀၀ ဖြစ်လာခဲ့ပြီး ယေဟောဝါ ဘုရားသခင်ကို တင့်တယ်စေ၊ ဘုန်းထင်ရှားစေရန် ဖြောင့်မတ်ခြင်း အသီးများ သီးကြလေသည်။ (ဗျာဒိတ် ၁၄:၃) ဂုဏ်အသရေရှိသော “အပင်” များအထဲမှ နောက်ဆုံး အဖွဲ့ဝင်များသည် ၁၉၁၉ ခုနှစ်မှစ၍ ရှင်သန်ကြီးထွားလာခဲ့သည်၊ ယေဟောဝါသည် ဘုရားသခင်၏ ဣသရေလအမျိုး အကြွင်းအကျန်ကို သူတို့၏ ယာယီ မလှုပ်မရှား ဖြစ်ခြင်း အခြေအနေမှ ပြန်လည်ရှင်သန်လာစေခဲ့ချိန်က ဖြစ်သည်။ ယေဟောဝါသည် သူတို့ကို ဝိညာဏရေ အလျှံပယ် ထောက်ပံ့ပေးခြင်းဖြင့် အသီးများစွာ သီးသော သစ်ပင်များ ရှိသည့် တကယ့် ဖြောင့်မတ်ခြင်း သစ်တော ဖြစ်စေခဲ့သည်။—ဟေရှာယ ၂၇:၆။

၁၄၊ ၁၅။ ယေဟောဝါ လွတ်မြောက်ပေးခဲ့သော ဝတ်ပြုကိုးကွယ်သူများအားဖြင့် (က) ဘီ.စီ.အီး. ၅၃၇ (ခ) စီ.အီး. ၃၃ (ဂ) ၁၉၁၉ တို့မှ အစပြုကာ အဘယ် စီမံကိန်းများကို လုပ်ဆောင်ခဲ့ကြသနည်း။

၁၄ ထို “အပင်” များ၏ လုပ်ဆောင်မှုကို အလေးပေးဖော်ပြရာတွင် ဟေရှာယ ဤသို့ ဆက်ဆို၏– “ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။ ရှေးကာလ၌ သုတ်သင်ပယ်ရှင်းရာတို့ကို တည်ဆောက်ကြလိမ့်မည်။ ဆိတ်ညံသော မြို့ရာ၊ အစဉ်အဆက် စွန့်ပစ်ရာအရပ်တို့ကို ပြုစုကြလိမ့်မည်။” (ဟေရှာယ ၆၁:၄) ပါးရှားဘုရင် ကုရုမင်း၏ အမိန့်အရ ဗာဗုလုန်မှ ပြန်လာခဲ့ကြသော သစ္စာရှိ ဂျူးများသည် နှစ်ပေါင်းများစွာ လူဆိတ်ညံသည့် အခြေအနေတွင် ရှိခဲ့သော ယေရုရှလင်နှင့် ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ခဲ့ကြသည်။ စီ.အီး. ၃၃ နှင့် ၁၉၁၉ ခုနှစ်များမှစ၍လည်း ပြန်လည်တည်ထောင်ခြင်း စီမံကိန်းများ ရှိမည် ဖြစ်သည်။

၁၅ စီ.အီး. ၃၃ တွင် ယေရှု၏ တပည့်တော်များသည် ကိုယ်တော် ဖမ်းဆီးခံရ၊ ရုံးတင်ခံရပြီး အသတ်ခံရခြင်းတို့ကြောင့် ကြီးစွာ ဝမ်းနည်းပူဆွေးခဲ့ကြသည်။ (မဿဲ ၂၆:၃၁) သို့ရာတွင် ကိုယ်တော် ရှင်ပြန်ထမြောက်ပြီးနောက် သူတို့ရှေ့ ပေါ်လာသည့်အချိန်တွင် သူတို့၏ အမြင် ပြောင်းလဲခဲ့သည်။ ထို့ပြင် သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော် သွန်းလောင်းခံခဲ့ရပြီး “ယေရုရှလင်မြို့မှ စသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင်” သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းတွင် အလုပ်များခဲ့ကြသည်။ (တမန်တော် ၁:၈) သို့ဖြင့် စင်ကြယ်သော ဝတ်ပြုရေး ပြန်လည်တည်ထောင်ရန် အစပြုခဲ့ကြသည်။ ထိုနည်းတူ ၁၉၁၉ ခုနှစ်မှစ၍ ယေရှုခရစ်သည် မိမိ၏ ဘိသိက်ခံ ညီတော် အကြွင်းအကျန်အား “အစဉ်အဆက် စွန့်ပစ်ရာအရပ်တို့ကို” ပြန်လည်တည်ထောင်စေခဲ့သည်။ ရာစုနှစ်ချီ၍ ခရစ်ယာန်ဘောင် ဓမ္မဆရာများသည် ယေဟောဝါနှင့်ပတ်သက်သော အသိပညာကို သင်ကြားပေးရန် ပျက်ကွက်ခဲ့ကြပြီး ယင်းကို လူ့ထုံးတမ်းစဉ်လာများ၊ ကျမ်းစာနှင့် မညီသော သွန်သင်ချက်များဖြင့် အစားထိုးခဲ့ကြသည်။ ပြန်လည်တည်ထောင်ထားသော စစ်မှန်သည့် ဝတ်ပြုရေး ရှေ့ဆက်တိုးတက်နိုင်ရန် အလို့ငှာ ဘိသိက်ခံ ခရစ်ယာန်များသည် မှောက်မှားသော ဘာသာရေး စွန်းထင်းနေသော အသင်းတော် ဓလေ့ထုံးစံများကို ရှင်းလင်းခဲ့ကြသည်။ ထို့ပြင် သူတို့သည် ကမ္ဘာတွင် ယခင်က တစ်ခါမျှ မဖြစ်ခဲ့ဖူးသော အကြီးမားဆုံး သက်သေခံခြင်းလုပ်ငန်း စီမံချက် ကင်ပိန်းကို စတင် လုပ်ဆောင်ခဲ့ကြသည်။—မာကု ၁၃:၁၀။

၁၆။ ဘိသိက်ခံ ခရစ်ယာန်များ၏ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းများတွင် မည်သူတို့ ကူညီခဲ့ကြသနည်း၊ သူတို့အား အဘယ်တာဝန်များ အပ်နှင်းခဲ့ကြသနည်း။

၁၆ ယင်းသည် ကြီးမားသော တာဝန်တစ်ရပ် ဖြစ်ခဲ့သည်။ ဘုရားသခင်၏ ဣသရေလအမျိုး အကြွင်းအကျန် အနည်းငယ်ဖြင့် ထိုတာဝန်ကို မည်သို့ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သနည်း။ ယေဟောဝါသည် ဟေရှာယကို ဤသို့ ကြေညာရန် မှုတ်သွင်းတော်မူ၏– “တစ်ပါးအမျိုးသားတို့သည် ရပ်လျက် သင်တို့သိုးစုများကို ထိန်းကျောင်းကြလိမ့်မည်။ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် သင်တို့အဖို့ လယ်လုပ်၍ စပျစ်ဥယျာဉ်ကိုလည်း ပြုစုကြလိမ့်မည်။” (ဟေရှာယ ၆၁:၅) ပုံဆောင် တစ်ပါးအမျိုးသားများ၊ တစ်ကျွန်းတစ်နိုင်ငံသားများမှာ ယေရှု၏ “အခြားသိုး” အဝင် “လူအုပ်ကြီး” ဖြစ်ကြောင်း သက်သေထူခဲ့ပြီ။a (ဗျာဒိတ် ၇:၉၊ ကဘ; ယောဟန် ၁၀:၁၁၊ ၁၆) သူတို့သည် ကောင်းကင်အမွေခံများကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခြင်း မခံရပါ။ ယင်းအစား သူတို့သည် မြေကြီးပရဒိသုတွင် ထာဝစဉ် အသက်ရှင်ရန် မျှော်လင့်ချက် ရှိကြသည်။ (ဗျာဒိတ် ၂၁:၃၊ ၄) သို့တိုင် သူတို့သည် ယေဟောဝါကို ချစ်မြတ်နိုးကြပြီး ဝိညာဏ သိုးထိန်းခြင်း၊ လယ်လုပ်ခြင်းနှင့် စပျစ်ဥယျာဉ် ပြုစုခြင်း တာဝန်တို့ကို လုပ်ဆောင်ခဲ့ကြသည်။ ထိုအလုပ်များသည် သာမန် အစေခံတစ်ဦး၏ အလုပ်များ မဟုတ်ပါ။ ဘုရားသခင်၏ ဣသရေလအမျိုး အကြွင်းအကျန်၏ ညွှန်ကြားမှုအောက်တွင် ထိုအလုပ်သမားများသည် လူများကို ထိန်းကျောင်းခြင်း၊ ကျွေးမွေးခြင်း၊ ရိတ်သိမ်းခြင်းတို့တွင် အကူအညီ ပေးကြသည်။—လုကာ ၁၀:၂; တမန်တော် ၂၀:၂၈; ၁ ပေတရု ၅:၂; ဗျာဒိတ် ၁၄:၁၅၊ ၁၆။

၁၇။ (က) ဘုရားသခင်၏ ဣသရေလအမျိုး အဖွဲ့ဝင်များကို မည်သို့ ခေါ်ဝေါ်သမုတ်မည်နည်း။ (ခ) အပြစ်များမှ ခွင့်လွှတ်မှု ရရန် လိုအပ်သည့် တစ်ခုတည်းသော ပူဇော်သကာမှာ အဘယ်နည်း။

၁၇ ဘုရားသခင်၏ ဣသရေလအမျိုးကော အသို့နည်း။ ဟေရှာယမှတစ်ဆင့် ယေဟောဝါ သူတို့ကို ဤသို့ မိန့်တော်မူ၏– “သင်တို့မူကား ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏ ယဇ်ပုရောဟိတ်ဟူ၍လည်းကောင်း၊ ငါတို့ဘုရားသခင်၏ အမှုတော်ထမ်းဟူ၍လည်းကောင်း သမုတ်ခြင်းကို ခံရကြလိမ့်မည်။ တစ်ပါးအမျိုးသားတို့၏ စည်းစိမ်ကို စား၍ သူတို့၏ ဘုန်းအသရေ၌ ဝါကြွားဝမ်းမြောက်ကြလိမ့်မည်။” (ဟေရှာယ ၆၁:၆) ရှေးဣသရေလပြည်တွင် ယဇ်ပုရောဟိတ်များ ကိုယ်တိုင်နှင့် ဣသရေလ အမျိုးသားချင်းတို့ အကျိုးအတွက် ယဇ်ပူဇော်ရန် လေဝိအမျိုး ယဇ်ပုရောဟိတ်အဖွဲ့ကို ယေဟောဝါ စီမံပေးခဲ့သည်။ သို့ရာတွင် စီ.အီး. ၃၃ ၌ ယေဟောဝါသည် လေဝိအမျိုး ယဇ်ပုရောဟိတ်အဖွဲ့ အသုံးပြုခြင်းကို ရပ်ဆိုင်းခဲ့ပြီး သာ၍ ကောင်းသော အစီအစဉ်တစ်ခုကို အစပြုခဲ့သည်။ ကိုယ်တော်သည် လူသားများ၏ အပြစ်များအတွက် ပူဇော်သကာအဖြစ် ယေရှု၏ စုံလင်သောအသက်ကို လက်ခံခဲ့သည်။ ထိုအချိန်မှစ၍ အခြား မည်သည့် ပူဇော်သကာမျှ မလိုအပ်တော့ပါ။ ယေရှု၏ ပူဇော်သကာသည် အစဉ်အမြဲ အကျိုးသက်ရောက်မှု ရှိသည်။—ယောဟန် ၁၄:၆; ကောလောသဲ ၂:၁၃၊ ၁၄; ဟေဗြဲ ၉:၁၁-၁၄၊ ၂၄။

၁၈။ ဘုရားသခင်၏ ဣသရေလအမျိုးသည် မည်ကဲ့သို့သော ယဇ်ပုရောဟိတ်အဖွဲ့ကို ဖွဲ့စည်းသနည်း၊ သူတို့၏ တာဝန်ကား အဘယ်နည်း။

၁၈ သို့ဖြစ်လျှင် ဘုရားသခင်၏ ဣသရေလအမျိုး အဖွဲ့ဝင်များသည် “ယေဟောဝါ၏ ယဇ်ပုရောဟိတ်” မည်သို့ ဖြစ်ကြသနည်း။ ဘိသိက်ခံ ခရစ်ယာန်ချင်းများထံ စာရေးရာတွင် တမန်တော် ပေတရု ဤသို့ ဆိုခဲ့၏– “သင်တို့မူကား မှောင်မိုက်ထဲမှ အံ့ဖွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများကို ဖော်ပြစေခြင်းငှာ ရွေးချယ်တော်မူသောအမျိုး ဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်း ဖြစ်ကြ၏။” (၁ ပေတရု ၂:၉) ထို့ကြောင့် အုပ်စုတစ်စုအနေဖြင့် ဘိသိက်ခံ ခရစ်ယာန်များသည် ယေဟောဝါ၏ ဘုန်းတော်အကြောင်း လူများကို ကြေညာရန် သတ်သတ်မှတ်မှတ် တာဝန်ရှိသည့် ယဇ်ပုရောဟိတ်အဖွဲ့ ဖြစ်သည်။ သူတို့သည် ကိုယ်တော်၏ သက်သေများ ဖြစ်လာကြရန် ဖြစ်သည်။ (ဟေရှာယ ၄၃:၁၀-၁၂) နောက်ဆုံးသော နေ့ရက်များတစ်လျှောက် ဘိသိက်ခံ ခရစ်ယာန်များသည် ထိုအရေးကြီးသည့် တာဝန်ကို သစ္စာရှိစွာ ဆောင်ရွက်ခဲ့ကြသည်။ ရလဒ်အနေနှင့် ယခု သန်းနှင့်ချီသောသူများသည် ယေဟောဝါ၏ နိုင်ငံတော်အကြောင်း သက်သေခံခြင်းလုပ်ငန်းတွင် သူတို့နှင့်အတူ ပါဝင်ကြသည်။

၁၉။ ဘိသိက်ခံ ခရစ်ယာန်များသည် အဘယ်လုပ်ငန်းကို လုပ်ဆောင်ရန် အခွင့်အရေး ရရှိမည်နည်း။

၁၉ ထို့ပြင် ဘုရားသခင်၏ ဣသရေလအမျိုး အဖွဲ့ဝင်များသည် ယဇ်ပုရောဟိတ်များအဖြစ် နောက်တစ်နည်းဖြင့် အမှုဆောင်ရန် အလားအလာ ရှိကြသည်။ သူတို့ သေဆုံးပြီးနောက် မဖောက်ပြန်မပျက်စီးနိုင်သော နာမ်ဝိညာဉ် အသက်တာဖြင့် ကောင်းကင်သို့ ရှင်ပြန်ထမြောက်ကြသည်။ ထိုနေရာတွင် ယေရှုနှင့်အတူ နိုင်ငံတော် ဘုရင်များအဖြစ်သာမက ဘုရားသခင်၏ ယဇ်ပုရောဟိတ်များအဖြစ်လည်း အမှုဆောင်ကြသည်။ (ဗျာဒိတ် ၅:၁၀; ၂၀:၆) သို့ဖြင့် သူတို့သည် မြေကြီးပေါ်ရှိ သစ္စာရှိ လူသားများအတွက် ယေရှု၏ ရွေးနုတ်ဖိုး ပူဇော်သကာ၏ အကျိုးကျေးဇူးကို အသုံးချရသည့် အခွင့်အရေး ရရှိကြမည်။ ဗျာဒိတ် အခန်းကြီး ၂၂ တွင် မှတ်တမ်းတင်ထားသော တမန်တော် ယောဟန်၏ ရူပါရုံတွင် သူတို့ကို “အပင်” များအဖြစ် တစ်ဖန် ဖော်ပြထားသည်။ “အပင်” ၁၄၄,၀၀၀ စလုံးကို ကောင်းကင်တွင် တွေ့ရပြီး “အသီး တစ်ဆယ့်နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကိုလည်း လတိုင်း ပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဖို့ ဖြစ်” ကြောင်း တွေ့မြင်ရသည်။ (ဗျာဒိတ် ၂၂:၁၊ ၂) အလွန် ထူးမြတ်သော ယဇ်ပုရောဟိတ်ဆိုင်ရာ လုပ်ငန်းပါတကား!

အရှက်ကွဲခြင်းနှင့် အသရေပျက်ခြင်း၊ ၎င်းနောက် ရွှင်လန်းခြင်း

၂၀။ ဆန့်ကျင်မှုများကြား မင်းစည်းစိမ် ရှိသော ယဇ်ပုရောဟိတ်အမျိုးအတွက် အဘယ်ကောင်းချီး စောင့်ကြိုနေသနည်း။

၂၀ ယေဟောဝါ၏ မင်္ဂလာနှစ် အစပြုချိန် ၁၉၁၄ ခုနှစ်မှစ၍ မင်းစည်းစိမ် ရှိသော ယဇ်ပုရောဟိတ်အမျိုးသည် ခရစ်ယာန်ဘောင် ဓမ္မဆရာများ၏ ဆန့်ကျင်ခြင်းကို မပြတ် ခံခဲ့ရသည်။ (ဗျာဒိတ် ၁၂:၁၇) သို့သော် သတင်းကောင်း ဟောပြောခြင်း ရပ်တန့်အောင် ကြိုးစားအားထုတ်မှုအားလုံး လုံးဝ မအောင်မြင်ခဲ့ပါ။ ယင်းကို ဟေရှာယ၏ ပရောဖက်ပြုချက်တွင် ဤသို့ ကြိုဟောထား၏– “သင်တို့ အရှက်ကွဲခြင်းအရာ၌ နှစ်ဆသော အကျိုးကို ခံရ၍ အသရေပျက်ခြင်းအရာ၌လည်း သူတို့အဖို့ကို ခံစားလျက် ဝမ်းမြောက်ကြလိမ့်မည်။ သူတို့မြေ၌ နှစ်ဆသော အဖို့ကို အမွေခံရ၍ ထာဝရ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံကြလိမ့်မည်။”—ဟေရှာယ ၆၁:၇။

၂၁။ ဘိသိက်ခံ ခရစ်ယာန်များသည် နှစ်ဆသော ကောင်းချီးကို မည်သို့ ခံစားခဲ့ရသနည်း။

၂၁ ပထမကမ္ဘာစစ်အတွင်း ဘိသိက်ခံ အကြွင်းအကျန်သည် အမျိုးသားစိတ် ပြင်းထန်သော ခရစ်ယာန်ဘောင်၏ လက်ထဲတွင် အရှက်ကွဲခြင်းနှင့် အသရေပျက်ခြင်းကို ခံခဲ့ရသည်။ ဘရွတ်ကလင် ဌာနချုပ်မှ သစ္စာရှိ ညီအစ်ကို ရှစ်ယောက်ကို ပုန်ကန်ရန် လှုံ့ဆော်သူများအဖြစ် မမှန်သော စွဲချက်တင်သူများထဲတွင် ဓမ္မဆရာများစွာ ပါဝင်ခဲ့သည်။ ထိုညီအစ်ကိုများသည် ကိုးလကြာ မတရား ထောင်ချခံခဲ့ရသည်။ နောက်ဆုံး ၁၉၁၉ ခုနှစ် နွေဦးရာသီတွင် သူတို့ လွတ်မြောက်ခဲ့ကြပြီး နောက်ပိုင်းတွင် စွဲချက်အားလုံးမှ လွတ်မြောက်ခဲ့သည်။ သို့ဖြင့် ဟောပြောခြင်းလုပ်ငန်းကို ရပ်တန့်သွားအောင် ကြံစည်ချက်များသည် ဆန့်ကျင်ဘက် အကျိုးသက်ရောက်ခဲ့သည်။ မိမိအား ဝတ်ပြုသူများကို ထာဝရ အရှက်ကွဲစေမည့်အစား ယေဟောဝါသည် သူတို့ကို လွတ်မြောက်စေခဲ့ပြီး သူတို့၏ ဝိညာဏနယ်ပယ်၊ “ပြည်တော်” သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ သူတို့သည် နှစ်ဆသော ကောင်းချီးများကို ခံစားခဲ့ရသည်။ ယေဟောဝါသည် သူတို့ ခံခဲ့ရသော ဒုက္ခဆင်းရဲ အားလုံးအတွက် များစွာသော ကောင်းချီးများဖြင့် အစားထိုးပေးခဲ့သည်။ သူတို့တွင် ရွှင်လန်းဝမ်းမြောက်စွာ ကြွေးကြော်ရန် အကြောင်းရင်း အမှန်ပင် ရှိခဲ့သည်!

၂၂၊ ၂၃။ ဘိသိက်ခံ ခရစ်ယာန်များသည် ယေဟောဝါအား မည်သို့ တုပခဲ့ကြသနည်း၊ ကိုယ်တော်သည် သူတို့ကို မည်သို့ ဆုချခဲ့သနည်း။

၂၂ ယေဟောဝါ ဆက်၍ မိန့်တော်မူသောအချက်က ယနေ့ ခရစ်ယာန်များ ရွှင်လန်းဝမ်းမြောက်ရသည့် နောက်ထပ် အကြောင်းရင်းကို ဖော်ပြ၏– “ငါထာဝရဘုရားသည် တရားသဖြင့် စီရင်ခြင်းကို နှစ်သက်၏။ လုယူခြင်းအမှုနှင့် အဓမ္မအမှုကို မုန်း၏။ သစ္စာအတိုင်း သူတို့အား အကျိုးကို ပေးမည်။ သူတို့နှင့် ထာဝရ ပဋိညာဉ်ကို ဖွဲ့မည်။” (ဟေရှာယ ၆၁:၈) ဘိသိက်ခံ အကြွင်းအကျန်သည် သမ္မာကျမ်းစာကို လေ့လာခြင်းဖြင့် တရားမျှတမှုကို ချစ်မြတ်နိုးရန်နှင့် အဓမ္မအမှုကို မုန်းရန် သိရှိလာခဲ့သည်။ (သုတ္တံ ၆:၁၂-၁၉; ၁၁:၂၀) လူ့စစ်ပွဲများနှင့် နိုင်ငံရေး မငြိမ်သက်မှုများတွင် ကြားနေခြင်းအားဖြင့် “ဓားလက်နက်များကို ထွန်သွား ဖြစ်စေ” ရန် သင်ယူခဲ့ကြသည်။ (ဟေရှာယ ၂:၄) သူတို့သည် သွားပုပ်လေလွင့် ပြောဆိုခြင်း၊ သူ့သားအိမ်ရာ ပြစ်မှားခြင်း၊ ခိုးခြင်းနှင့် သောက်ကြူးခြင်းတို့ကဲ့သို့သော ဘုရားသခင်ကို ဂုဏ်မတင်သည့် အမူအကျင့်များကိုလည်း စွန့်ပစ်ခဲ့ကြသည်။—ဂလာတိ ၅:၁၉-၂၁။

၂၃ ဘိသိက်ခံ ခရစ်ယာန်များသည် သူတို့၏ ဖန်ဆင်းရှင်ကဲ့သို့ တရားသဖြင့် စီရင်ခြင်းကို နှစ်သက်လုပ်ဆောင်ကြသောကြောင့် ယေဟောဝါသည် “သစ္စာအတိုင်း သူတို့အား အကျိုးကို ပေး” တော်မူ၏။ ထို “အကျိုး” ထဲမှ တစ်ခုမှာ ယေရှု မသေဆုံးမီညက မိမိနောက်တော်လိုက်များအား ကိုယ်တော် ကြေညာခဲ့သည့် ထာဝရ ပဋိညာဉ်—ပဋိညာဉ်သစ်—ဖြစ်သည်။ ဤပဋိညာဉ်ပေါ် အခြေခံ၍ သူတို့သည် ဝိညာဏ လူမျိုးတစ်မျိုး၊ ဘုရားသခင်၏ အထူးလူမျိုး ဖြစ်လာသည်။ (ယေရမိ ၃၁:၃၁-၃၄; လုကာ ၂၂:၂၀) ယင်းပဋိညာဉ်သစ်အောက်တွင် ယေဟောဝါသည် ယေရှု၏ ရွေးနုတ်ဖိုး ပူဇော်သကာ၏ အကျိုးကျေးဇူးအားလုံးကို အသုံးချမည် ဖြစ်သည်၊ ယင်းတွင် ဘိသိက်ခံများနှင့် အခြားသစ္စာရှိသူများအားလုံး၏ အပြစ်များကို ခွင့်လွှတ်ခြင်း ပါဝင်သည်။

ယေဟောဝါ၏ ကောင်းချီးများတွင် ရွှင်လန်းဝမ်းမြောက်ခြင်း

၂၄။ လူမျိုးများထဲမှ မည်သူတို့သည် ကောင်းချီး ခံစားရမည့် “အမျိုးအနွယ်” ဖြစ်ကြသနည်း၊ သူတို့သည် “အမျိုးအနွယ်” မည်သို့ ဖြစ်လာကြသနည်း။

၂၄ မိမိလူများအား ယေဟောဝါ ကောင်းချီးပေးသည်ကို လူမျိုးများထဲမှ အချို့သူတို့ သတိပြုမိခဲ့ကြသည်။ ယင်းကို ယေဟောဝါ၏ ကတိတော်တွင် ဤသို့ ကြိုဟောခဲ့၏– “သူတို့အမျိုးအနွယ် သားစဉ်မြေးဆက်တို့သည် တစ်ပါးအမျိုးသားနေရာ အရပ်ရပ်၌ ကျော်စောကြလိမ့်မည်။ သူတို့သည် ထာဝရဘုရား ကောင်းချီးပေးတော်မူသော အမျိုးအနွယ် ဖြစ်ကြ၏ဟု သူတို့ကို မြင်သောသူအပေါင်းတို့သည် ဝန်ခံကြလိမ့်မည်။” (ဟေရှာယ ၆၁:၉) ယေဟောဝါ၏ မင်္ဂလာနှစ်အတွင်း ဘုရားသခင်၏ ဣသရေလ အဖွဲ့ဝင်များ ဖြစ်သော ဘိသိက်ခံ ခရစ်ယာန်များသည် လူမျိုးများအလယ်တွင် တက်ကြွစွာ လုပ်ဆောင်နေကြသည်။ ယနေ့ သူတို့၏ ဓမ္မအမှုကို တုံ့ပြန်ခဲ့ကြသူများ၏ အရေအတွက်သည် သန်းနှင့်ချီ ဖြစ်နေပြီ။ ဘုရားသခင်၏ ဣသရေလအမျိုးနှင့် အနီးကပ် လုပ်ဆောင်ခြင်းဖြင့် လူမျိုးများထဲမှ အချို့သူများသည် “ထာဝရဘုရား ကောင်းချီးပေးတော်မူသော အမျိုးအနွယ် ဖြစ်” ခွင့်ကို ရရှိကြသည်။ သူတို့၏ ဝမ်းမြောက်ဖွယ် အခြေအနေကို လူအားလုံး တွေ့မြင်နိုင်ကြသည်။

၂၅၊ ၂၆။ ခရစ်ယာန်အားလုံးသည် ဟေရှာယ ၆၁:၁၀ ပါ သဘောထားကို မည်သို့ ပဲ့တင်ထပ်ကြသနည်း။

၂၅ ဘိသိက်ခံရော အခြားသိုးများပါ ဖြစ်သော ခရစ်ယာန်အားလုံးသည် ယေဟောဝါအား ထာဝရ ချီးမွမ်းရန် စောင့်မျှော်နေကြသည်။ သူတို့သည် မှုတ်သွင်းခံရသူ ပရောဖက် ဟေရှာယ၏ ဤစကားများကို အကြွင်းမဲ့ ထောက်ခံကြ၏– “ထာဝရဘုရားကြောင့် ငါသည် အလွန် ဝမ်းမြောက်၍ ငါ၏ ဘုရားသခင်ကြောင့် ငါ့ဝိညာဉ်သည် ရွှင်လန်းမည်။ အကြောင်းမူကား မင်္ဂလာဆောင် လုလင်သည် ပေါင်းသရဖူကို ဆောင်းသကဲ့သို့လည်းကောင်း၊ မင်္ဂလာဆောင် သတို့သမီးသည် တန်ဆာဆင်သကဲ့သို့လည်းကောင်း ကယ်တင်ခြင်း အဝတ်တန်ဆာနှင့် ငါ့ကို ဝတ်ဆင်စေ၍ ဖြောင့်မတ်ခြင်း ဝတ်လုံနှင့် ခြုံတော်မူပြီ။”—ဟေရှာယ ၆၁:၁၀။

၂၆ “ဖြောင့်မတ်ခြင်း ဝတ်လုံ” ကို ဝတ်ဆင်ထားသော ဘိသိက်ခံ ခရစ်ယာန်များသည် ယေဟောဝါ၏ ရှေ့မှောက်တွင် စင်ကြယ်သန့်ရှင်းမှုကို ဆက်ထိန်းသိမ်းထားရန် ဆုံးဖြတ်ထားကြသည်။ (၂ ကောရိန္သု ၁၁:၁၊ ၂) ဖြောင့်မတ်သူများအဖြစ် ယေဟောဝါ ကြေညာတော်မူခဲ့သော ကောင်းကင်အသက်တာကို အမွေခံမည့်သူများသည် သူတို့ လွတ်မြောက်ခဲ့သော နယ်မြေ၊ ပျက်စီးယိုယွင်းနေသည့် မဟာဗာဗုလုန်ထဲသို့ ဘယ်တော့မျှ ပြန်သွားမည် မဟုတ်ပါ။ (ရောမ ၅:၉; ၈:၃၀) ကယ်တင်ခြင်း အဝတ်သည် သူတို့အတွက် တန်ဖိုးဖြတ်၍ မရပါ။ သူတို့၏ အခြားသိုး အပေါင်းပါများသည်လည်း ယေဟောဝါ ဘုရားသခင်၏ စင်ကြယ်သော ဝတ်ပြုရေးဆိုင်ရာ မြင့်မားသော စံနှုန်းများကို လိုက်လျှောက်ရန် ဆုံးဖြတ်ထားကြသည်။ “မိမိတို့ဝတ်လုံကို သိုးသငယ်၏ အသွေး၌ လျှော်၍ ဖြူစေ” ကြခြင်းဖြင့် သူတို့သည် ဖြောင့်မတ်ကြောင်း ကြေညာခံရကာ “ကြီးစွာသော ဆင်းရဲဒုက္ခ” ကို ကပ်ကျော်ကြမည်။ (ဗျာဒိတ် ၇:၁၄; ယာကုပ် ၂:၂၃၊ ၂၅) ထိုအချိန် မရောက်မီတိုင်အောင် သူတို့သည် မဟာဗာဗုလုန်၏ ညစ်ညူးစေသည့်အရာ မှန်သမျှကို ရှောင်ကြဉ်ကြခြင်းဖြင့် သူတို့၏ ဘိသိက်ခံ အပေါင်းအဖော်များကို တုပကြသည်။

၂၇။ (က) အနှစ်တစ်ထောင် အုပ်ချုပ်ချိန်အတွင်း အဘယ် ထူးခြားသော “ပေါ်ထွန်း” မှု ရှိမည်နည်း။ (ခ) လူသားများအလယ်တွင် ဖြောင့်မတ်ခြင်းသည် မည်သို့ ပေါ်ထွန်းပြီး ဖြစ်နေသနည်း။

၂၇ ယနေ့ ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများသည် ဝိညာဏ ပရဒိသုတွင် ရှိနေရခြင်းကို ပျော်မွေ့ကြသည်။ မကြာမီ သူတို့သည် ရုပ်ခန္ဓာသဘောအရ ပကတိ ပရဒိသု အခြေအနေတွင်လည်း ပျော်မွေ့ကြမည်။ ဟေရှာယ အခန်းကြီး ၆၁ ၏ နိဂုံးချုပ်စကားများတွင် ကွက်ကွက်ကွင်းကွင်း ဖော်ပြထားသည့် ထိုအချိန်ကို ကျွန်ုပ်သည် စိတ်နှလုံး အကြွင်းမဲ့ မျှော်လင့်ကြ၏– “မြေကြီးသည် အပင်ကို ပေါက်စေသကဲ့သို့လည်းကောင်း၊ လယ်ယာသည် မိမိ၌ စိုက်သော မျိုးစေ့ကို အညှောက် ထွက်စေသကဲ့သို့လည်းကောင်း ထို့အတူ ထာဝရဘုရားသည် ခပ်သိမ်းသော လူမျိုးရှေ့မှာ ဖြောင့်မတ်ခြင်းနှင့် ချီးမွမ်းခြင်းကို ပေါ်ထွန်းစေတော်မူလိမ့်မည်။” (ဟေရှာယ ၆၁:၁၁) ခရစ်တော်၏ အနှစ်တစ်ထောင် အုပ်ချုပ်ချိန်အတွင်း မြေကြီး၌ “ဖြောင့်မတ်ခြင်း . . . ပေါ်ထွန်း” သည်ကို ကြုံတွေ့ရကြမည်။ လူများသည် အားရရွှင်လန်းစွာ ကြွေးကြော်ကြမည် ဖြစ်ပြီး ဖြောင့်မတ်ခြင်းသည် မြေကြီးတစ်ပြင်လုံး နှံ့ပြားမည်။ (ဟေရှာယ ၂၆:၉) သို့ရာတွင် ကျွန်ုပ်တို့သည် လူမျိုးများအားလုံး၏ ရှေ့တွင် ချီးမွမ်းထောမနာပြုရန် အလို့ငှာ ထိုဘုန်းရှိသော နေ့ကို စောင့်နေစရာ မလိုပါ။ ကောင်းကင်ဘုံရှင် ဘုရားသခင်အား ဂုဏ်တင်နေသူ၊ ကိုယ်တော်၏ နိုင်ငံတော် သတင်းကောင်းကို ဟောပြောနေသူ သန်းနှင့်ချီသောသူတို့အလယ်တွင် ဖြောင့်မတ်ခြင်း ပေါ်ထွန်းနေပြီ ဖြစ်သည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းနှင့် ကျွန်ုပ်တို့၏ မျှော်လင့်ချက်က ကျွန်ုပ်တို့ ဘုရားသခင်၏ ကောင်းချီးများတွင် ယခုပင် ရွှင်လန်းဝမ်းမြောက်ရန် အကြောင်းရင်းများစွာ ဖြစ်စေသည်။

[အောက်ခြေမှတ်ချက်]

a ဟေရှာယ ၆၁:၅ သည် ရှေးခေတ်တွင် ပြည့်စုံချက်တစ်ခု ရှိနိုင်ခဲ့သည်၊ အကြောင်းမှာ ဂျူးလူမျိုး မဟုတ်သူများသည် ဇာတိဂျူးများနှင့်အတူ ယေရုရှလင်မြို့သို့ ပြန်လာခဲ့ပြီး ပြည်တော်ကို ပြန်လည်တည်ထောင်ခြင်းတွင် ကူညီပေးခဲ့ဖွယ် ရှိသည်။ (ဧဇရ ၂:၄၃-၅၈) သို့ရာတွင် အခန်းငယ် ၆ မှ အစပြု၍ ပရောဖက်ပြုချက်သည် ဘုရားသခင်၏ ဣသရေလအမျိုးနှင့်သာ သက်ဆိုင်ပုံရသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ