ပရဒိသုသို့ ပြန်လမ်း ဖွင့်ပေးခြင်း
“‘ယနေ့ငါအမှန်အကန်ဆိုသည်ကား သင်သည်ငါနှင့်အတူ ပရဒိသု၌ရှိလိမ့်မည်’ ဟုသူ့အား [ယေရှု] မိန့်တော်မူ၏။”—လုကာ၂၃:၄၃၊ N.W
၁၊ ၂။ (က) “ပရဒိသု” အဓိပ္ပာယ်ကားအဘယ်နည်း။ ဧဒင်ဥယျာဉ်သည် မည်သို့သောနေရာမျိုးဖြစ်ခဲ့မည်နည်း။ (ခ) ခရစ်ယာန်ဂရိကျမ်းစာတွင် “ဥယျာဉ်” ကိုမည်သို့ပြန်ဆိုထားသနည်း။
လူ့ အိမ်ထောင်စုသည် ပရဒိသုတွင် စတည်ရှိခဲ့သည်။ လူဖန်ဆင်းခံရခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာ၏ပထမစာစောင်တွင် ဤသို့ဖတ်ရှုရသည်။ “ထိုနောက် ယေဟောဝါဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇိဝအသက်ကို မှုတ်တော်မူလျှင် လူသည် အသက်ရှင်သောသတ္တဝါဖြစ်လေ၏။ ယေဟောဝါဘုရားသခင်သည် အရှေ့မျက်နှာ၊ ဧဒင်အရပ်၌ ဥယျာဉ်ကိုစိုက်ပျိုးပြီးလျှင် ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ်၌ နေရာချပေးတော်မူ၏။” (ကမ္ဘာဦး ၂:၇၊ ၈) “ဧဒင်” အဓိပ္ပာယ်ကား “သာယာကြည်နူးဖွယ်” ဖြစ်၍ ဧဒင်ဥယျာဉ်သည် သာယာကြည်နူးဖွယ်ရာမျိုးစုံရှိ ပျော်ရွှင်ဖွယ်ကောင်းသည့် ကျယ်ဝန်းလှသောဥယျာဉ်ခြံကြီးဖြစ်သည်။
၂ “ပရဒိသု” ဟူသောစကားလုံးသည် ဂရိဘာသာစကားမှဖြစ်ပြီး ယင်းဘာသာစကားအရ ပန်းခြံနှင့်တူသော ဥယျာဉ်အဓိပ္ပာယ်ရှိသည်။ “ဥယျာဉ်” အဓိပ္ပာယ်ရှိသော ဟေဗြဲနာမ် ဂန် (gan) ကိုဂရိသို့ပြန်ဆိုသည့်အခါ ပရဒေစော့စ် (pa·ra΄dei-sos) ဟူသောစကားလုံးကို အသုံးပြုကြသည်။ မဿဲမှဗျာဒိတ်ကျမ်းအထိ သမ္မာကျမ်းကို ဂရိဘာသာစကားဖြင့် ရေးသားခဲ့သည်။ စီအီး ၃၃ ခုနှစ်၊ နိသန်လ ၁၄ ရက်နေ့တွင် နှက်တိုင်ပေါ်သေဒဏ်ပေးခံခဲ့ရသောအခါ သခင်ယေရှုခရစ် နှုတ်မြွက်ချက်များကို မှတ်တမ်းတင်ရန် ဤဂရိစကားလုံးကိုအသုံးပြုခဲ့သည်။
လူဆိုးတစ်ဦးအား ယေရှုပေးခဲ့သော ပရဒိသုကတိတော်
၃။ (က) စာနာစိတ်ရှိသောလူဆိုးတစ်ဦးသည် ယေရှုထံ၌ အဘယ်အရာကိုတောင်းဆိုသနည်း။ (ခ) ယေရှုကိုယုံကြည်ခြင်းနှင့်ပတ်သက်၍ လူဆိုး၏တောင်းဆိုချက်က ဘာကိုတင်ပြသနည်း။
၃ ထိုအချိန်တွင် ယေရှုဘေးတစ်ဖက်တစ်ချက်တွင် လူဆိုးနှစ်ဦးပါနှက်တိုင်တင် အသတ်ခံခဲ့ရသည်။ သူတို့အနက်တစ်ဦးသည် ယေရှု၏အခြားတစ်ဖက်ရှိ ဒုတိယသူခိုးနည်းတူ ယေရှုကိုကဲ့ရဲ့ပြစ်တင်စကားများမပြောတော့ပေ။ ကိုယ်တော်ကို နှစ်သက်ပုံရှိလူဆိုးကလှည့်၍ “ယေရှု၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါ” ဟုလျှောက်ဆိုသည့်စကားများအရ ယေရှုသည် မိမိနှင့်ဘေးချင်းယှဉ်အသတ်ခံရသော်လည်း အနာဂတ်တွင် နိုင်ငံတော်တစ်ခုကို အမွေခံရမည်ဖြစ်ကြောင်း သူယုံကြည်သည်ဟုတင်ပြနေခြင်းဖြစ်သည်။ (လုကာ ၂၃:၄၂။ မာကု ၁၅:၃၂) ထိုစကားများသည် ယေရှုနှလုံးကို မည်မျှထိမိခဲ့မည်တကား။ ယေရှု၌အပြစ်မရှိ၍ လူအများရှေ့ ဤသို့အရှက်တကွဲ နှက်တိုင်တင်သတ်ခံရသည့် ပြင်းထန်သောဒဏ်စီရင်ချက်ကို ကိုယ်တော်မခံထိုက်ကြောင်း ထိုစာနာမှုရှိရာဇဝတ်သား ယုံကြည်သည်။ (လုကာ ၂၃:၄၁) သေရာမှယေရှုရှင်ပြန်ထမြောက်လာပြီး နိုင်ငံတော်ကိုအမွေခံရမည်အကြောင်း သူယုံကြည်သည်ကို သူ၏လျှောက်ဆိုချက်အားဖြင့်တင်ပြခဲ့သည်။ မိမိလည်းရှင်ပြန်ထမြောက်နိုင်ခွင့်ရှိ၍ သေရာမှ ယေရှုကိုယ်တော်တိုင် မိမိကို ခေါ်ဆောင်မည်၊ ကမ္ဘာပေါ်တွင် အသစ်သောဘဝအသက်တာပေးတော်မူမည်ကို သူယုံကြည်ကြောင်းတင်ပြသေးသည်။
၄။ လူဆိုး၏တောင်းဆိုချက်ကို ယေရှုမည်သို့ဖြေဆိုတော်မူခဲ့ရာ ဘာကိုတင်ပြသနည်း။
၄ သူ့အားယေရှုက “ယနေ့ငါအမှန်အကန်ဆိုသည်ကား သင်သည်ငါနှင့်အတူ ပရဒိသု၌ရှိလိမ့်မည်” ဟုပြောသောအခါ ကိုယ်တော်ကို နှစ်သက်ပုံရှိထိုလူဆိုး ရှင်ပြန်ထမြောက်လာခြင်းကို ညွှန်ပြတော်မူခဲ့သည်။ ထိုစကားများသည် ယုံကြည်ကြောင်းတင်ပြခဲ့သူ ရာဇဝတ်သားအတွက် အမှန်တကယ် နှစ်သိမ့်မှုဖြစ်ခဲ့မည်။ သူရှင်ပြန်ထမြောက်လာနိုင်ရန် ယေရှုအရင်ထမြောက်ရမည်။ ထိုနောက်မှ ဘုရားပေး ရှင်ပြန်ထမြောက်စေနိုင်စွမ်းကို သူအသုံးပြုကာ လောကီသားတို့ကို ရှင်ပြန်ထမြောက်စေမည့်နေ့ရက်တွင် ဤလူဆိုးကိုလည်း ရှင်ပြန်ထမြောက်လာရန် ခေါ်တော်မူမည်။—လုကာ ၂၃:၄၃။ ယောဟန် ၅:၂၈၊ ၂၉။ ၁ ကောရိန္သု ၁၅:၂၀၊ ၂၃။ ဟေဗြဲ ၉:၁၅။
၅၊ ၆။ (က) နှက်တိုင်တင် အသတ်ခံရသောယေရှု၏ဦးခေါင်းထိပ်တွင် ပုန္တိပိလတ်မင်းသည် အဘယ်စာတမ်းကိုရေးသားစေသနည်း။ (ခ) လူဆိုးအား အဘယ်ဘာသာစကားဖြင့် ယေရှုပြောဆိုခဲ့ပုံရှိသနည်း။
၅ ထိုကတိတော်ကို အဘယ်ဘာသာစကားဖြင့် ယေရှုပေးတော်မူခဲ့သနည်း။ ထိုအချိန်က ဘာသာစကားအမျိုးမျိုးပြောနေကြသည်။ လမ်းသွားလမ်းလာတို့ ကိုယ်တော်ကိုသိမှတ်ရန် နှက်တိုင်တင်ခံရသောယေရှုခရစ်ထိပ်၌ ပုန္တပိလတ်မင်း ရေးဆွဲထားစေသောစကားများက တင်ပြပါသည်။ ယောဟန် ၁၉:၁၉၊ ၂၀ ပါမှတ်တမ်းက ဤသို့ဆိုသည်။ “ပိလတ်မင်းသည်လည်း ကမ္ပည်းလိပ်စာကိုရေး၍ လက်ဝါးကပ်တိုင်တော်၌တပ်လေ၏။ လိပ်စာချက်ဟူမူကား ယုဒရှင်ဘုရင်၊ နာဇရက်မြို့သား ယေရှုဟုရေးထားသတည်း။ ယေရှုကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်သည် မြို့နှင့်နီးသည်ဖြစ်၍ ထိုလိပ်စာကို ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့် ရေးထားသောကြောင့် ယုဒလူများတို့သည် ဖတ်ကြ၏။”
၆ အပျိုကညာမိခင်မာရိထံမှ ဗက်လင်မြို့တွင် ယေရှုမွေးဖွားခဲ့သောကြောင့် ယေရှုသည် ဂျူး သို့မဟုတ် ဟေဗြဲအမျိုးသားတစ်ဦးအဖြစ် ဖွားမြင်ခဲ့သည်။ ထိုကြောင့် ကိုယ်တော်မွေးဖွားရာပြည်တွင် သုံးနှစ်ခွဲတိုင်ဟောပြောစဉ် ခေတ်သုံးဂျူးဘာသာစကား သို့မဟုတ်ဟေဗြဲစကားဖြင့် ကိုယ်တော်ဟောပြောခဲ့ကြောင်းထင်ရှားသည်။ ထိုကြောင့် ကမ္ဘာဦး ၂:၈ တွင်ပါသည့် ပရဒိသုကိုရည်ညွှန်းသောဟေဗြဲစကားလုံး ဂန် ကိုအသုံးပြုတော်မူခဲ့မည်။ ထိုတွင် သမ္မာကျမ်းစာတော်၏ ဂရိစပ်ထွားဂျင့်ဘာသာပြန်ကျမ်းက မူရင်းစကားလုံးဂန် ကို ဘာသာပြန်ဆိုရာတွင် ပရဒေစော့စ် ကိုအသုံးပြုထားသည်။
၇။ ရှင်ပြန်ထမြောက်တော်မူသောအခါ ယေရှုသည် မည်သို့ဘုန်းထင်ရှားခဲ့သနည်း။
၇ နှက်တိုင်တင်အသတ်ခံရပြီးနောက် တတိယမြောက်နေ့ ဟေဗြဲပြက္ခဒိန်အရ နိသန်လ ၁၆ ရက်နေ့တွင် သေရာမှ ယေရှုထမြောက်တော်မူခဲ့သည်။ ရက်ပေါင်း ၄၀ ကြာပြီးနောက် ကိုယ်တော်၏မူလနေအိမ် ကောင်းကင်သို့ပြန်သွားတော်မူသည်။ ယခုတွင် ပိုချီးမြှင့်ခံရသောအဆင့်ရတော်မူ၏။ (တမန်တော် ၅:၃၀၊ ၃၁။ ဖိလိပ္ပိ ၂:၉) ယခု ကိုယ်တော်သည် ကောင်းကင်ခမည်းတော်နည်းတူ မသေနိုင်သောအဖြစ်ကိုဝင်စားလေပြီ။ သေရာမှ ယေရှုရှင်ပြန်ထမြောက်ခဲ့သော ထိုတနင်္ဂနွေနေ့၊ နိသန်လ ၁၆ ရက်မတိုင်မီအထိ ယေဟောဝါဘုရားသခင်သာလျှင် မသေနိုင်ခြင်းအဖြစ်ကို ပိုင်ဆိုင်တော်မူသည်။—ရောမ ၆:၉။ ၁ တိမောသေ ၆:၁၅၊ ၁၆။
ရွေးနှုတ်ဖိုးကား လမ်းဖွင့်ပေး
၈။ မြေကြီးနှင့်စပ်လျဉ်း၍ ယေဟောဝါ၏မူလရည်ရွယ်ချက်ကားအဘယ်နည်း။ ထိုရည်ရွယ်ချက်အတိုင်း ကိုယ်တော်ပြုတော်မူမည်အကြောင်း မည်သို့သိရှိနိုင်သနည်း။
၈ မြေကြီးတစ်ဝှန်း လှပသောပန်းခြံ၊ ကမ္ဘာချီပရဒိသုဖြစ်လာစေရန် ဤအမှုများသည် ဘုရားသခင့်ရည်ရွယ်တော်မူချက်တွင် ပါဝင်သောအဆင့်များဖြစ်သည်။ (ကမ္ဘာဦး ၁:၂၈။ ဟေရှာယ ၅၅:၁၀၊ ၁၁) ၁ ကောရိန္သု ၁၅:၄၅ တွင်ယေရှုကို “နောက်ဆုံးအာဒံ” ဟုပေါလုခေါ်ဆိုထားသည်။ ယင်းက မြေကြီးနှင့်စပ်လျဉ်း၍ ဘုရားသခင်၏မူလရည်ရွယ်ချက်ကို ကိုယ်တော်မေ့တော်မမူ၊ ပထမအာဒံ မဖြည့်စွက်ခဲ့သော ထိုရည်ရွယ်ချက်ဖြစ်မြောက်အောင်မြင်ရန် တစ်ဦးတစ်ယောက် ပြုလုပ်ပေးမည်ကိုတင်ပြသည်။
၉။ ပရဒိသုသို့ပြန်လမ်းကိုဖွင့်ပေးတော်မူရန် ယေရှုအဘယ်အရာကိုစီစဉ်ပေးတော်မူသနည်း။
၉ ပေါလုပြောသည့်အတိုင်း ယေရှုသည် ‘ညီမျှသောရွေးဖိုး’ ကိုပေးဆက်တော်မူခဲ့သည်။ (၁ တိမောသေ ၂:၆) ယေရှုခရစ်ကိုယ်တော်တိုင်က “လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာမလာ။ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှာလည်းကောင်း ကြွလာသည်” ဟုမိန့်တော်မူခဲ့သည်။ ယင်းကြောင့် ယေရှုခရစ်ကိုယုံကြည်ကြောင်းတင်ပြသူတို့ ထာဝရအသက်ရနိုင်ရန် လမ်းဖွင့်ပေးသည်။—မဿဲ ၂၀:၂၈။ ယောဟန် ၃:၁၆။
၁၀။ (က) မျက်နှာသာရရှိသူ အကန့်အသတ်အတွက် ဘုရားသခင်အဘယ်အရာ ဆုံးဖြတ်ထားတော်မူသနည်း။ (ခ) “သိုးစုငယ်” ရွေးချယ်ခြင်းကိစ္စကို အဘယ်အချိန်တွင် စတင်ခဲ့သနည်း။ မည်သူအားဖြင့်နည်း။
၁၀ သေရာမှရှင်ပြန်ထမြောက်ပြီးနောက် ကောင်းကင်သို့ ယေရှုတက်ကြွခဲ့သောအခါ လူ့မိသားစုအကျိုးအလိုငှာ ရွေးဖိုးပူဇော်သက္ကာတန်ဖိုးကို ဘုရားသခင်ထံ ကိုယ်တော်ဆက်သနိုင်တော်မူသည်။ သို့ရာတွင် ကမ္ဘာပေါ်ရှိ လူမျိုးအပေါင်းတို့အထဲမှ “မိမိနာမအဖို့” လူမျိုးတစ်မျိုးရွေးနှုတ်ရန် ကောင်းကင်ခမည်းတော် ယေဟောဝါဘုရားသခင်ရည်ရွယ်တော်မူသည်။ (တမန်တော် ၁၅:၁၄) ဤသူတို့သည် ဗျာဒိတ် ၇:၄ နှင့် ၁၄:၁-၄ အရ ဘုရားသခင့်ကောင်းကင်နိုင်ငံတော်သို့ ခေါ်တော်မူခြင်းခံရသူ “သိုးစုငယ်”၊ ၁၄၄၀၀၀ မျှအရေအတွက်ဝင်မည်ဖြစ်သည်။ (လုကာ ၁၂:၃၂) ယေဟောဝါဘုရားသခင်၏ မျက်နှာသာတော် အထူးခံရသည့် ဤသူများကိုရွေးချယ်ခြင်းသည် ယေရှုခရစ်၏ တမန်တော် ၁၂ ပါးနှင့်စတင်ခဲ့သည်။ (မဿဲ ၁၀:၂-၄။ တမန်တော် ၁:၂၃-၂၆) ကိုယ်တော်.အသင်းတော်၏ အုတ်မြစ်အသင်းသားများအား ယေရှုက “သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်” သည်ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၁၅:၁၆) ဤသူတို့သည် နိုင်ငံတော်အစိုးရအောက် လာလတံ့သောကမ္ဘာချီပရဒိသုအကြောင်း ကြွေးကြော်ခြင်းလုပ်ငန်းကို ရှေ့ဆောင်ရှေ့ရွက်မည်ဖြစ်သည်။
နိုင်ငံတော်တည်ထောင်သင့်ချိန်
၁၁။ မေရှိယနိုင်ငံတော်သည် အဘယ်အချိန်တွင် တည်ထောင်ရမည်ဖြစ်သနည်း။
၁၁ ကိုယ်တော်၏နိုင်ငံတော်တည်ထောင်ရန် ယနေ့ ကျွန်ုပ်တို့ သခင်ယေရှုခရစ်၏နာမတော်၌ ဆက်ဆုတောင်းနေဆဲရှိသည်။ (မဿဲ ၆:၉၊ ၁၀။ ယောဟန် ၁၄:၁၃၊ ၁၄) မေရှိယနိုင်ငံတော်သည် “တစ်ပါးအမျိုးသားတို့အတွက် ခန့်အပ်ထားချိန်” အကုန်တွင် တည်ထောင်ရမည်ဖြစ်သည်။ (လုကာ ၂၁:၂၄) ထိုတစ်ပါးအမျိုးသားအချိန်သည် ၁၉၁၄ ခုနှစ်တွင် ပြီးပြည့်ခဲ့သည်။a
၁၂။ မျက်မြင်မရနည်းဖြင့် ကိုယ်တော်ရောက်ရှိနေတော်မူကြောင်း ထူးခြားစွာညွှန်ပြသည့် ယေရှု၏ပရောဖက်ပြုချက်နှင့်အညီ ၁၉၁၄ ခုနှစ်တွင် အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။
၁၂ ထိုနှစ်ကို လူ့သမိုင်းဝင်ပထမကမ္ဘာစစ်အားဖြင့် သတ်မှတ်ခဲ့သည်။ ယင်းသည် ကမ္ဘာပေါ်နိုင်ငံတော်တန်ခိုးဖြင့် ကိုယ်တော်မျက်မြင်မရ ကြွရောက်နေတော်မူကြောင်း ထူးခြားစွာ ညွှန်ပြခြင်းနှင့်ပတ်သက်သည့် ယေရှု၏ပရောဖက်ပြုချက်အတိုင်းဖြစ်သည်။ တပည့်တော်များက “ထိုအမှုအရာတို့သည် အဘယ်ကာလမှဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သောပုပ္ပနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါ” ဟုကိုယ်တော်အားမေးမြန်းခဲ့သည်။ ယေရှုဤသို့ဖြေဆိုတော်မူသည်။ “လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည်ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏အစအဦးဖြစ်သတည်း။ လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော သတင်းကောင်းကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတံ့။”—မဿဲ ၂၄:၃၊ ၇၊ ၈၊ ၁၄။ မာကု ၁၃:၁၀။
၁၃။ (က) ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းသည် အဘယ်နည်းဖြင့် သတင်းကောင်းဖြစ်သနည်း။ (ခ) ဘုရားသခင့်နိုင်ငံတော်တည်ထောင်ပါစေဟု ဆုတောင်းခဲ့ခြင်းသည် မည်မျှကြာရှည်ပြီနည်း။ မြေကြီးပေါ်ရှိ ကိုယ်တော်၏သက်သေများသည် ဤသို့ဆုတောင်းရန် ငြီးငွေ့လာသလော။
၁၃ ယေဟောဝါ၏နိုင်ငံတော်နှင့်ယှဉ်သော သတင်းကောင်းကို ယခုနိုင်ငံပေါင်း ၂၀၀ ကျော်တွင်ဟောပြောနေပြီဖြစ်၍ အခြားဒေသများသို့ထပ်ရောက်ရှိရန် ကြိုးစားနေကြသည်။ ယင်းက လာလတံ့သောကမ္ဘာ့အစိုးရသတင်းမဟုတ်ဘဲ ယခုအုပ်စိုးနေဆဲရှိ အာဏာရရှိထားသော နိုင်ငံတော်သတင်းဖြစ်သည်။ ၁၉၁၄ ခုနှစ်တွင် ထိုနိုင်ငံတော် တည်ထောင်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၉၀၀ ကျော်က ယေရှုသွန်သင်ပေးခဲ့သည့်ဆုတောင်းချက် အဖြေကို ယင်းနိုင်ငံတော်သည် ရုပ်လုံးပေါ်စေခဲ့သည်။ ထိုအစိုးရ၏မင်းလောင်းသည် ယင်းအတွက်ဆုတောင်းရန် တပည့်တော်များအား သွန်သင်ပေးခဲ့ချိန်ကတည်းက ၄င်းဆုတောင်းချက်ကို နိုင်ငံတော်တည်ထောင်ရှင်ထံ တောင်းလျှောက်ခဲ့ပေပြီ။ ထိုကြောင့် ယင်းနိုင်ငံတော်၏အရှင်သည် ၄င်းအတွက် ဆုတောင်းခြင်းကို ကြာမြင့်စွာ နားညောင်းနေတော်မူပြီ။ ခေတ်ကာလတစ်လျှောက် ကိုယ်တော်ထံတောင်းလျှောက်သည့် ဆုကိုကြားနာတော်မူရ၍လည်း ဝမ်းသာတော်မူသည်။ အကြောင်းမူကား၊ ထိုနိုင်ငံတော်လာလိမ့်မည်ကို သူတို့ယုံကြည်အားထားကြောင်း သက်သေထူသည်။ “ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်ုပ်တို့အဘ” ထံနိုင်ငံတော်အတွက် ဆုတောင်းရာတွင် သူတို့အတွက် သတင်းဟောင်းပမာ ငြီးငွေ့ခြင်းမရှိပါ။—မဿဲ ၆:၉၊ ၁၀။
၁၄။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ယေဟောဝါသက်သေများ အဘယ်ကြောင့်ဇွဲရှိရှိဆက်ဟောပြောကြသနည်း။
၁၄ ၁၉၁၄ ခုနှစ်တွင် ကောင်းကင်ဘုံ၌ နိုင်ငံတော်တည်ထောင်သည်ဟု ယေဟောဝါသက်သေများယုံကြည်သည်အတိုင်း ကြေညာရာတွင် နိုင်ငံတော်နှင့်ယှဉ်သောသတင်းကောင်းကို ဇွဲရှိရှိဟောပြောကြသည်။ ဤသို့ပြုရခြင်းအကြောင်းမှာ ထိုတည်ထောင်လျက်ရှိသောနိုင်ငံတော်သည် ကမ္ဘာကိုလုံးလုံးလျားလျားမသိမ်းပိုက်သေးဘဲ ဤလောကီနိုင်ငံတို့အား သူတို့အခွင့်အာဏာကို လူမျိုးအသီးသီးတို့အပေါ် ဆက်အသုံးပြုရန် ခွင့်ပြုထားသည့်အတွက်ဖြစ်သည်။ (ရောမ ၁၃:၁) ထိုကြောင့် ပြီးပြည့်သောသဘောမျိုးဖြင့် ဘုရားသခင့်နိုင်ငံတော်တည်ထောင်လာရမည်။ ဆိုလိုသည်ကား ကမ္ဘာတစ်ဝှန်း အာဏာလွှမ်းမိုးသော အစိုးရတစ်ခုတည်းဖြစ်ရမည်။—ဒံယေလ ၂:၄၄။
၁၅။ ဣသရေလရှင်ဘုရင်များ ဘိသိက်ပေးခံရခြင်းထက် တန်ခိုးသာ၍ကြီးမားသော အဘယ်အရာသည် စီအီး ၃၃ ခုနှစ်ကတည်းက ဖြစ်ပျက်ခဲ့ပြီနည်း။
၁၅ ထိုနိုင်ငံတော်၏ဘုရင်ရာထူးကို ယေရှုရထားသော်လည်း တစ်ဦးတည်းမအုပ်စိုးပါ။ တော်ဝင်သားတော်၏ တပည့်နောက်လိုက် ၁၄၄၀၀၀ တို့အား ဘုရားသခင်၏မေရှိယနိုင်ငံ၏ အမွေစားအမွေခံအဖြစ် ယေဟောဝါဘုရားသခင်ခန့်အပ်ထားတော်မူသည်။ (ဒံယေလ ၇:၂၇) ရှေးဣသရေလဘုရင်များကို ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းသောဘိသိက်ဆီနှင့် ဘိသိက်ပေးသည်နည်းတူ စီအီး ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့ကတည်းက ယေရှုခရစ်၏တွဲဖက်မင်း ၁၄၄၀၀၀ တို့ကို သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခဲ့သည်။ သို့ဖြင့် “ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်” နှင့်အတူ နံဝိညာဉ်သားများအဖြစ် ကောင်းကင်ဘုန်းဝင်စားခွင့်ရှိစေတော်မူသည်။—ဗျာဒိတ် ၁၉:၁၆။ ၃ ဓမ္မရာဇဝင် ၁:၃၉ နှင့်နှိုင်းယှဉ်ပါ။
“နောက်ဆုံးအာဒံ” အားဖြင့် ပရဒိသုပြန်လည်တည်ထောင်လာရ
၁၆။ ယေရှုနှက်တိုင်တင်အသတ်ခံရချိန်တွင် နိုင်ငံတော်အတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း။ သို့သော် ကိုယ်တော်သည် မမှန်သောသတင်းကြွေးကြော်သူ အဘယ်ကြောင့်မဟုတ်သနည်း။
၁၆ စီအီး ၃၃ ခုနှစ်တွင် ယေရှုနှက်တိုင်တင် အသတ်ခံရချိန်တွင် ကိုယ်တော်၌နိုင်ငံတော်ရှိမည့်ပုံစံမပေါ်ပါ။ သို့သော် ဘုရားသခင့်နိုင်ငံတော်သတင်းကို ကိုယ်တော်ဟောပြောရာတွင် မမှန်သောသတင်းကြွေးကြော်နေခြင်းမဟုတ်ပါ။ နှက်တိုင်တင်အသတ်ခံရပြီးနောက် တတိယမြောက်နေ့တွင် မဖြစ်ပေါ်နိုင်သောအစိုးရတစ်ခုအတွက် ယေရှု၏တပည့်တော်များ ဆုတောင်းနေခြင်းမဖြစ်စေရန် နိုင်ငံတော်တည်ထောင်ပေးရှင်က သေချာစေတော်မူခဲ့သည်။ ဆုတောင်းနေကြသောနိုင်ငံတွင် ဘုရားသခင်ကိုကိုယ်စားပြုသော ကိုယ်တော်ကိုယေဟောဝါ ရှင်ပြန်ထမြောက်စေတော်မူ၍ မသေနိုင်သောအဖြစ်သို့ ဝင်စားစေတော်မူခဲ့သည်။
၁၇၊ ၁၈။ (က) “နောက်ဆုံးအာဒံ” ဟုယေရှုခေါ်ခံရခြင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ (ခ) ၁၉၁၄ ခုနှစ်ကတည်းက ကမ္ဘာ့အဖြစ်အပျက်များသည် အဘယ်အရာကိုတင်ပြသနည်း။
၁၇ ကမ္ဘာပေါ် ပထမဦးဆုံးပရဒိသုကို ဖန်ဆင်းတော်မူသောအရှင်သည် ပရဒိသုကိုပြန်လည်တည်ထောင်ပေးပြီး ကမ္ဘာချီဥယျာဉ်ကြီးကို လူသူနှင့်ပြည့်စေရန်တာဝန် မိမိအားအပ်နှင်းလိမ့်မည်ကို ယေရှုကြိုတင်သိတော်မူသည်။ ၁ ကောရိန္သု ၁၅:၄၅၊ ၄၇ တွင်ဤသို့ဖတ်ရှုရသည်။ “ကျမ်းစာလာသည်ကား ‘ရှေ့ဦးစွာသောလူအာဒံသည် အသက်ရှင်သောသတ္တဝါဖြစ်၏’ ဟုလာသတည်း။ နောက်ဆုံးဖြစ်သောအာဒံမူကား အသက်ရှင်သောဝိညာဉ်ဖြစ်၏။ ရှေ့ဦးစွာသောလူသည် မြေကြီးပေါ်ကဖြစ်သောကြောင့် မြေသားဖြစ်၏။ ဒုတိယလူမူကား ကောင်းကင်ဘုံကဖြစ်တော်မူသော သခင်ပေတည်း။” ဒုတိယအာဒံသည် ကောင်းကင်ကဆင်းသက်လာ၍ ကမ္ဘာပေါ်တွင် ပရဒိသုပြန်လည်ထူထောင်ပေးရန် ဤကိုယ်တော်အား ယေဟောဝါအသုံးပြုတော်မူသည်။ ယင်းကိုအခြေခံ၍ သခင်ယေရှုက “သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်” ဟုသက်ညှာစိတ်ရှိလူဆိုးအားမိန့်တော်မူခဲ့ခြင်းဖြစ်သည်။ (လုကာ ၂၃:၄၃) သူတို့ပြောဆိုချက်အရ “နောက်ဆုံးအာဒံ၊” ဘုန်းထင်ရှားသောယေရှုခရစ်အစိုးရသည့် ကောင်းကင်နိုင်ငံတော်အောက်တွင်တစ်ဖန် ကမ္ဘာပေါ်ပရဒိသုတည်ထောင်မည်ကို ကျိန်းသေစေသည်။
၁၈ ၁၉၁၄ ခုနှစ်မှစ၍ ကမ္ဘာ့အဖြစ်အပျက်များသည် ယေရှုခရစ်မိန့်တော်မူခဲ့သော ပရောဖက်ပြုချက်များနှင့် ကိုက်ညီနေသဖြင့် ထိုအချိန်ကတည်းက ယေရှုအာဏာရရှိထားကြောင်း သက်သေထူသည်။ မဿဲအခန်းကြီး ၂၄ တွင်တင်ပြထားသော ယေရှု၏ပရောဖက်ပြုချက်ပါ အဖြစ်အပျက်များပြည့်စုံခြင်းကို ၂၀ ရာစုရှိလူမျိုးဆက်သည် ၁၉၁၄ ခုနှစ်မှစ၍ ယခုတိုင် နှစ်ပေါင်းခုနစ်ဆယ်ကျော်ကျော် တွေ့မြင်နေရကြပြီ။ ထိုကြောင့် ဤအချိန်ကာလသည် အဆုံးတိုင်လုနီးပြီ။ ကမ္ဘာပေါ်ပရဒိသုပြန်လည်ထူထောင်လာချိန်လည်း အလွန်နီးလေပြီ။—မဿဲ ၂၄:၃၂-၃၅။ ဆာလံ ၉၀:၁၀ နှင့်နှိုင်းယှဉ်ပါ။
ရှေ့တစ်ကွေ့ သဲလှိုက်ရင်ဖို ကမ္ဘာသစ်ခေတ်
၁၉၊ ၂၀။ (က) အာမဂေဒုန်ပြီးနောက် ကိုယ်တော်ကိုမြတ်နိုးသူများအား ယေဟောဝါအဘယ်အထဲသို့ ပို့ဆောင်တော်မူမည်နည်း။ (ခ) အာမဂေဒုန်ပြီးနောက်များမကြာမီ ဘာပြုလုပ်ရန်လိုအပ်လာမည်နည်း။
၁၉ အာမဂေဒုန်စစ်မြေပြင်တွင် သင်္ကာယနကင်းရှင်းစွာ ကိုယ်တော်၏စကြဝဠာအချုပ်အခြာအာဏာ ထင်ရှားပြီးနောက် ကိုယ်တော်ကိုချစ်မြတ်နိုးသူတို့အား ဝင်ရောက်စေတော်မူမည့်စနစ်သည် ပျင်းရိငြီးငွေ့ဖွယ်ရာ အစီအစဉ်စနစ်မျိုးမဟုတ်ပေ။ ဘုရားသခင့်သားတော်၊ မေရှိယဘုရင်ယေရှု၏ ဘက်စုံကောင်းမြတ်သော အုပ်ချုပ်မှုအောက်တွင် လူ့မိသားစုအတွက် ရောက်လုဆဲခေတ်သစ်သည် စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးဖြစ်မည်။ ပြုလုပ်စရာ အကျိုးပြုလုပ်ငန်းများ မကုန်မခန်းနိုင်လှပါတကား။ ယေဟောဝါ၏ကောင်းကင်ဗိုလ်ခြေနှင့် စစ်တိုက်ခြင်းအလိုငှာစုဝေးခံရသော နတ်ဆိုးများ၏ ကမ္ဘာချီစစ်ဆင်နွှဲမှုကြောင့် မြေမျက်နှာပြင်ပေါ်ကျန်ကြွင်းသောအကျည်းတန်အခြေအနေရှိသမျှတို့ကို ဖျောက်ဖျက်ပစ်မည်။ အစအနလေးမျှပင် ကျန်ကြွင်းလိမ့်မည်မဟုတ်။
၂၀ သို့သော် တိုင်းနိုင်ငံများ ချန်ရစ်ကြမည့် စစ်လက်နက်ဒုနှင့်ဒေးကော။ မီးစွဲနိုင်သည့်အပိုင်းများကို ပယ်ရှင်းပစ်ချိန်၏တင်စားဖေါ်ပြချက်အရ တောင်ပုံရာပုံ၊ မသိမ်းမဆည်းနိုင်ဟန်ရှိသည်။ (ယေဇကျေလ ၃၉:၈-၁၀) တိုင်းနိုင်ငံတို့၏ ကျန်ကြွင်းသောစစ်အမွေအနှစ်ကို အာမဂေဒုန်ကပ်ကျော်သူများသည် အသုံးဝင်ပစ္စည်းများအဖြစ်သို့ ပြောင်းလဲပြုလုပ်နိုင်ပေမည်။—ဟေရှာယ ၂:၂-၄။
၂၁။ ရေလွှမ်းမိုးဘေးကပ်ကျော်သူများနည်းတူ အာမဂေဒုန်ကျော်လွှားသူများ အဘယ်အရာကိုတွေ့ကြုံကြရမည်နည်း။ သို့သော် အဘယ်ထူးခြားသော ခြားနားချက်ရှိမည်နည်း။
၂၁ အံ့သြဖွယ်နည်းဖြင့် ကမ္ဘာချီရေလွှမ်းမိုးဘေးကို ကပ်ကျော်ခဲ့သည့် နောဧနှင့်သူ၏မိသားစုနှင့် ထပ်တူကျသော မျက်မှောက်ခေတ်၌ ကောင်းချီးခံစားရသူများသည် နောဧမိသားစုကြုံကြိုက်ခဲ့ရသော အလားတူကမ္ဘာမြေကြီးအခြေအနေကို တွေ့မြင်ရကြမည်။ သို့ရာတွင် စာတန်မာရ်နတ်နှင့် သူ၏နတ်ဆိုးအဖွဲ့သည် ကမ္ဘာ့ဝန်းကျင် မျက်မြင်မရကောင်းကင်ကို နှောင့်ယှက်နိုင်တော့မည်မဟုတ်။ ဆယ်ရာစုနှစ်လုံးလုံး ချုပ်နှောင်ခြင်းခံနေရပေမည်။ (ဗျာဒိတ် ၂၀:၁-၃) အာမဂေဒုန်ကပ်ကျော်သူတို့မူ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး” အခက်အခဲမှ လွတ်မြောက်လာသော ဤကမ္ဘာဂြိုဟ်ဟ်ပေါ်ထင်ကျန်သည့် အဘယ်အကျိုးဆက်ကိုမဆို ရင်ဆိုင်ကာ မြေကြီးကိုနိုင်နင်းရမည့် ကြီးမားသောလုပ်ငန်းတာဝန်ကို ဆောင်ရွက်ရကြမည်ဖြစ်သည်။—ဗျာဒိတ် ၁၆:၁၄။
၂၂။ အာမဂေဒုန်ကပ်ကျော်သူများသည် ကမ္ဘာတစ်ဝှန်း ပရဒိသုတိုးချဲ့ရန်စိန်ခေါ်ချက်ကို မည်သို့တုံ့ပြန်မည်နည်း။
၂၂ နှိုင်းယှဉ်ကြည့်လျှင် ဤအာမဂေဒုန်ကပ်ကျော်သူများသည် လူနည်းစုဖြစ်နေငြား ကမ္ဘာချီပရဒိသုဖြစ်စေရန် ကြီးမားသောတာဝန်အပ်နှင်းခံရ၍ သာမန်အားဖြင့်ဆိုလျှင် အလွန်ကြောက်လန့်ကြမည်။ သို့သော် ထိုသို့ဖြစ်ကြမည့်အစား အလွန့်အလွန်ဘဝင်လှိုက်ဖိုစွာဖြင့် ရဲရဲရင့်ရင့်နှင့် နာခံမှုပြကာ စတင်လုပ်ဆောင်ကြပေမည်။ ဤကမ္ဘာမြေကြီးသည် ဘုရားသခင်၏တင်စားခံ ခြေတင်ရာခုံဖြစ်ကြောင်း အသေအချာသိထားကြရာ ကိုယ်တော်.ခြေတော်တင်စရာနေရာဖြစ်ထိုက်ရန် ဤကမ္ဘာဂြိုဟ်ဟ်ကိုလှပတင့်တယ် ကြည်နူးဖွယ်ဖြစ်စေလိုကြသည်။
၂၃။ ပရဒိသုပြန်လည်တည်ထောင်ရန် သူတို့လုပ်ငန်းအောင်မြင်မည်အကြောင်း အာမဂေဒုန်ကျော်သူများ အဘယ်အာမခံချက်ရထားသနည်း။
၂၃ ကမ္ဘာမြေကြီးနှင့်ပတ်သက်သည့် ဘုရားပေးတာဝန်ကို ပျော်ရွှင်စွာဖြည့်စွက်ဆောင်ရွက်ရာတွင် အဘယ်အကူအညီမရဘဲ မိမိဘာသာကြံစည်ဆောင်ရွက်စရာမဟုတ်ကြောင်း သူတို့သိရှိထား၍ အလွန်အားရဝမ်းမြောက်နိုင်ကြသည်။ (ဟေရှာယ ၆၅:၁၇၊ ၂၁-၂၄) ပရဒိသုပြန်လည်ထူထောင်မည်ဟု ကတိပေးရုံမက ကောင်းကင်သို့တက်ကြွသွားချိန်တွင် “ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ” ဟုမိန့်တော်မူခဲ့သောအရှင်သခင်၏ အကန့်အသတ်မရှိ ကျောထောက်နောက်ခံ၊ အားပေးမှုကို အပြည့်အဝရမည်မုချ။ (မဿဲ ၂၈:၁၈) ထိုအခွင့်အာဏာတန်ခိုးကို ကိုယ်တော်ခံယူထားဆဲပင်ဖြစ်၍ နောက်ဆက်တွဲဆောင်းပါးတွင် ကျွန်ုပ်တို့တွေ့ရှိကြမည်အတိုင်း သက်ညှာမှုရှိသောလူဆိုးအား ပြုတော်မူခဲ့သောကတိတော်ကို ဖြည့်စွက်ပေးနိုင်တော်မူသည်။
[အောက်ခြေမှတ်ချက်များ]
a အသေးစိတ်အချက်အလက်များအတွက် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသော “Let Your Kingdom Come” စာအုပ်၊ စာမျက်နှာ ၁၃၅-၉ ကိုကြည့်ပါ။ ယေဇကျေလ ၂၁:၂၇ ကိုလည်းကြည့်ပါ။
ပြန်လည်စစ်ဆေးရန် မေးခွန်းများ
▫ ကရာနိကုန်း၌ ယေရှုပေးတော်မူခဲ့သောကတိတော်သည် လူသားအပေါင်းနှင့် လူဆိုးတစ်ဦးအတွက် အဘယ်အာမခံချက်ပေးသနည်း။
▫ ပရဒိသုသို့ပြန်လမ်းဖွင့်ပေးရန် အဘယ်အရာက အခြေခံဖြစ်သနည်း။
▫ ပထမအာဒံဘာကိုမလုပ်ပေးနိုင်ခဲ့သနည်း။ သို့သော် “နောက်ဆုံးအာဒံ” သည် အဘယ်အရာကိုဖြစ်မြောက်အောင်မြင်စေမည်နည်း။
▫ အာမဂေဒုန်ပြီးနောက် ကိုယ်တော်ကိုမြတ်နိုးသူများအား အဘယ်အစီအစဉ်စနစ်အတွင်း ယေဟောဝါပို့ဆောင်ပေးတော်မူမည်နည်း။
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
“၁၉၁၄ ခုနှစ်တွင် နိုင်ငံအားလုံးကုန်ဆုံး” ဟူသည့်ဆောင်းပါး ၁၉၁၄ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်ထုတ် “The World Magazine” ၌ပါလာသည်