ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
မတ် ၁-၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တောလည်ရာ ၇–၈
“အစ္စရေးတွေ စခန်းချပုံကနေရတဲ့ သင်ခန်းစာများ”
it-1 ၄၉၇ ပိုဒ်. ၃
လူစုလူဝေး
အစ္စရေး ခေါင်းဆောင်တွေဟာ များသောအားဖြင့် လူတစ်စုလုံးအတွက် တာဝန်ယူ လုပ်ဆောင်ပေးရတယ်။ (ဧဇ ၁၀:၁၄) ဒါကြောင့် တဲတော်ကို တည်ဆောက်ပြီးနောက်မှာ “မျိုးနွယ်စုခေါင်းဆောင်တွေ” က တာဝန်ယူ လုပ်ဆောင်ပေးခဲ့ကြတယ်။ (တလ ၇:၁-၁၁) အဲဒီအပြင် နေဟမိခေတ်တုန်းက “ကတိခံဝန်ချက်” မှာ ကိုယ်စားပြုပြီး တံဆိပ်ခတ်နှိပ်သူတွေက လေဝိအမျိုးသားတွေ၊ ပုရောဟိတ်တွေနဲ့ “ခေါင်းဆောင်တွေ” ဖြစ်တယ်။ (နေ ၉:၃၈–၁၀:၂၇) အစ္စရေးတွေ တောကန္တာရမှာ ခရီးလှည့်လည်နေချိန်အတွင်း မောရှေနဲ့ အာရုန်ကို ပုန်ကန်ခဲ့ကြသူ ကောရ၊ ဒါသန်၊ အဘိရံ၊ ဩနတို့နဲ့ ပူးပေါင်းခဲ့သူ ၂၅၀ ထဲမှာ “အစ္စရေး ခေါင်းဆောင်တွေ၊ လူတွေထဲက ရွေးချယ်ခံရသူတွေ၊ အရေးပါသူတွေ” ပါတယ်။ (တလ ၁၆:၁-၃) မောရှေဟာ “လူတွေရဲ့ ဝန်ကို” မိမိတစ်ယောက်တည်း မထမ်းနိုင်တဲ့အခါ ကူညီပေးမယ့် အကြီးအကဲ ၇၀ ကို ရွေးချယ်ရာမှာ ဘုရားရဲ့ လမ်းညွှန်ချက်နဲ့အညီ အစ္စရေး ခေါင်းဆောင်တွေထဲက ရွေးချယ်ခဲ့တယ်။ (တလ ၁၁:၁၆၊ ၁၇၊ ၂၄၊ ၂၅) ဝတ်ပြုရာ ၄:၁၅ မှာ “အစ္စရေး အကြီးအကဲတွေ” လို့ ဖော်ပြထားတယ်။ သူတို့ဟာ မျိုးနွယ်စု ခေါင်းဆောင်တွေ၊ အကြီးအကဲတွေ၊ ခေါင်းဆောင်တွေ၊ တရားသူကြီးတွေ လက်ထောက် ခေါင်းဆောင်တွေ ဖြစ်ပုံရတယ်။—တလ ၁:၄၊ ၁၆။ ယရ ၂၃:၂။ ၂၄:၁။
it-2 ၇၉၆ ပိုဒ်. ၁
ရုဗင်
အစ္စရေးတွေ စခန်းချတဲ့အခါ ရုဗင်မိသားစုတွေဟာ ရှိမောင်၊ ဂဒ်မိသားစုနဲ့အတူ တဲတော်ရဲ့ တောင်ဘက်ပိုင်းမှာ နေရာကျတယ်။ စခန်းသိမ်းပြီး ထွက်တဲ့အခါ ရုဗင် ဦးဆောင်တဲ့ မျိုးနွယ်စု သုံးစုဟာ ယုဒ၊ အိသခါ၊ ဇာဗုလုန်အနွယ် ထွက်ခွာပြီးနောက်မှာ လိုက်ထွက်ရတယ်။ (တလ ၂:၁၀-၁၆။ ၁၀:၁၄-၂၀) တဲတော်ကို ဆက်ကပ်အပ်နှံတဲ့နေ့ လှူဖွယ်ပစ္စည်းတွေ ဆက်သတဲ့အခါမှာလည်း အဲဒီအစီအစဉ်အတိုင်း အစဉ်လိုက် ဆက်သကြတယ်။—တလ ၇:၁၊ ၂၊ ၁၀-၄၇။
တောလည်ရာကျမ်းမှ ပေါ်လွင်ချက်များ
၈:၂၅၊ ၂၆။ လေဝိလုပ်ငန်းများကို သင့်တော်လျောက်ပတ်စွာ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်နှင့် အသက်အရွယ်ကို ထောက်ထားစာနာမှု ပြရန် အသက်ကြီးသူ အမျိုးသားများအား မဖြစ်မနေ အမှုဆောင်ခြင်းမှ အနားယူဖို့ မိန့်မှာထားသည်။ သို့ရာတွင်၊ အခြားလေဝိသားများကို စေတနာအလျောက် သူတို့ ကူညီပေးနိုင်ကြပါသည်။ ယနေ့ ဘုရားသခင့် နိုင်ငံတော် ကြွေးကြော်သူတစ်ဦးအတွက် အနားယူခြင်း မရှိသော်လည်း ဤပညတ်တရား၏ မူက အဖိုးတန် သင်ခန်းစာတစ်ရပ် သွန်သင်ပေးသည်။ ခရစ်ယာန်တစ်ဦးသည် အသက်အရွယ် ကြီးရင့်လာမှုကြောင့် တစ်စုံတစ်ရာသော တာဝန်များကို အပြည့်အဝ မထမ်းဆောင်နိုင်သော်လည်း တတ်နိုင်သော အမှုတော်ကို ထမ်းဆောင်နိုင်ပါသည်။
ဘုရားရေးရာ ရတနာ
it-1 ၈၃၅
သားဦး၊ တိရစ္ဆာန်သားဦး
အစ္စရေးလူမျိုးမှာ သားဦးတွေဟာ အိမ်ထောင်စု အသီးသီးမှာ ခေါင်းဆောင်တွေ ဖြစ်လာကြတဲ့အတွက် သူတို့ဟာ လူမျိုးတစ်မျိုးလုံးကို ကိုယ်စားပြုတယ်။ အာဗြဟံပဋိညာဉ်မှာ ဦးဆုံးလူမျိုး ဖြစ်တဲ့ အစ္စရေးလူမျိုးကို ယေဟောဝါက “ငါ့သားဦး” လို့ ခေါ်ခဲ့တယ်။ (ထွ ၄:၂၂) သားဦးတွေရဲ့ အသက်ကို ယေဟောဝါ ကယ်ခဲ့တဲ့အတွက် “အစ္စရေးသားဦးမှန်သမျှ ငါ့အတွက် သီးသန့်ဖယ်ထားပါ။ လူနဲ့ တိရစ္ဆာန် သားဦးမှန်သမျှကို ငါပိုင်တယ်” လို့ ပြောခဲ့တယ်။ (ထွ ၁၃:၂) ဒါကြောင့် သားဦးတွေဟာ ဘုရားသခင်အတွက် သီးသန့်ဖယ်ထားရာ ဖြစ်တယ်။
မတ် ၈-၁၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တောလည်ရာ ၉–၁၀
“မိမိလူမျိုးကို ယေဟောဝါ ဦးဆောင်ပုံ”
it-1 ၃၉၈ ပိုဒ်. ၃
စခန်း
တစ်နေရာပြီး တစ်နေရာ ရွှေ့ပြောင်း စခန်းချတဲ့အခါ (နေရာ ၄၀ လောက်မှာ စခန်းချခဲ့ကြောင်း တောလည်ရာ ၃၃ မှာ မောရှေ ဖော်ပြထား) အံ့ဩစရာကောင်းလောက်အောင် စနစ်တကျ ဖွဲ့စည်းထားမှန်း တွေ့ရတယ်။ တဲတော်ပေါ်မှာ မိုးတိမ် ရပ်တန့်နေသ၍ စခန်းချနေကြတယ်။ မိုးတိမ် တက်သွားတဲ့အခါ သူတို့ ထွက်ခွာကြတယ်။ “ယေဟောဝါရဲ့ အမိန့်အတိုင်း စခန်းချပြီး ယေဟောဝါရဲ့ အမိန့်အတိုင်း ထွက်ခွာကြတယ်။” (တလ ၉:၁၅-၂၃) အဲဒီယေဟောဝါရဲ့ အမိန့်ကို ငွေခရာနှစ်ခု မှုတ်ပြီး အချက်ပေးတယ်။ (တလ ၁၀:၂၊ ၅၊ ၆) မိုးတိမ် တက်လိုက်၊ ကျလိုက် လုပ်ပြီး စခန်းချဖို့၊ စခန်းသိမ်းဖို့ အချက်ပြတယ်။ “ဒုတိယနှစ် [ဘီစီ ၁၅၁၂]၊ ဒုတိယလ၊ ၂၀ ရက်နေ့” မှာ ပထမဆုံးအကြိမ် အချက်ပြတယ်။ ရှေ့ဆုံးမှာ ပဋိညာဉ်သေတ္တာကို ထမ်းသွားတယ်။ အဲဒီနောက်မှာ ယုဒတပ် ဦးဆောင်ပြီး အိသခါတပ်၊ ဇာဗုလုန်တပ် ပါတဲ့ မျိုးနွယ်စုသုံးစု ထွက်ခွာတယ်။ သူတို့နောက်မှာ ဂေရရှုန်နဲ့ မေရာရိရဲ့ သားမြေးတွေက တဲတော်ကို ဖြုတ်သိမ်း၊ ထမ်းပြီး ထွက်ခွာတယ်။ အဲဒီနောက်မှာ ရုဗင်တပ် ဦးဆောင်ပြီး ရှိမောင်တပ်၊ ဂဒ်ရဲ့တပ် ပါဝင်တဲ့ မျိုးနွယ်စုသုံးစု ထွက်ခွာတယ်။ သူတို့နောက်မှာ ကောဟတ်အမျိုးသားတွေက သန့်ရှင်းရာ ဌာနတော်ရဲ့ အသုံးအဆောင်တွေကို ထမ်းပြီး ထွက်ခွာတယ်။ သူတို့နောက်မှာ ဧဖရိမ်တပ် ဦးဆောင်ပြီး မနာရှေတပ်၊ ဗင်ယာမိန်တပ် ပါတဲ့ မျိုးနွယ်စုသုံးစု ထွက်ခွာတယ်။ နောက်ဆုံး၊ ဒန်အနွယ်တပ် ဦးဆောင်မှုအောက်မှာ အာရှာတပ်၊ နဿလိတပ်ဖွဲ့ဟာ တပ်ဖွဲ့အားလုံးရဲ့ နောက်ရံတပ်အနေနဲ့ ထွက်ခွာတယ်။ ဒါကြောင့် အင်အားအများဆုံး၊ အင်အားအကြီးဆုံး တပ်ဖွဲ့နှစ်ဖွဲ့ဟာ ရှေ့ဆုံးကနေ ဦးဆောင်ပြီး နောက်ဆုံးကနေ ကာကွယ်ပေးတယ်။—တလ ၁၀:၁၁-၂၈။
ဘုရားသခင် ဦးဆောင်နေကြောင်း အထောက်အထားကို သင် တွေ့မြင်ပါသလား
ဘုရားသခင့် ဦးဆောင်မှုကို ကျွန်ုပ်တို့ ကျေးဇူးတင် လေးမြတ်ကြောင်း ဘယ်လို တင်ပြနိုင်သလဲ။ တမန်တော် ပေါလု ဒီလိုပြောခဲ့တယ်– “သင်တို့တွင် ဦးဆောင်သူများကို နာခံကြလော့။ လက်အောက်ခံကြလော့။” (ဟေဗြဲ ၁၃:၁၇) အဲဒီလိုလုပ်ဖို့ အမြဲ မလွယ်ကူပါဘူး။ ဥပမာ၊ သင်က မောရှေခေတ်က အစ္စရေးလူမျိုး တစ်ယောက် ဖြစ်တယ် ဆိုပါစို့။ ရက်အတော်ကြာကြာ လမ်းလျှောက်ပြီးတဲ့နောက်မှာ မိုးတိမ်တိုင်က ရပ်သွားတယ်။ အဲဒီနေရာမှာ ဘယ်လောက်ကြာကြာ ဆက်ရပ်နေမှာလဲ။ တစ်ရက်လား။ တစ်ပတ်လား။ လပေါင်းများစွာလား။ ‘အထုပ်အပိုးတွေကို ဖြေရမလား’ လို့ သင် စဉ်းစားမိမယ်။ ဦးဆုံး အလိုအပ်ဆုံး ပစ္စည်းတွေကိုပဲ ဖြေမှာ ဖြစ်တယ်။ ဒါပေမဲ့ ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာ ပစ္စည်းတွေ ရှာရတာ စိတ်မရှည်တော့လို့ ပစ္စည်းတွေအားလုံးကို ဖြေချလိုက်တယ်။ ဒါပေမဲ့ အထုပ်လည်း ဖြေပြီးရော မိုးတိမ်တိုင်က တဲတော်ကနေ ကွာမြှောက်သွားတယ်၊ အဲဒါနဲ့ သင် ပြန်ထုပ်ပိုးရပြန်ရော။ ဒီလိုလုပ်ရတာ လွယ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အစ္စရေးလူမျိုးက ချက်ချင်း “ခရီးသွားကြ” ရတယ်။—တော. ၉:၁၇-၂၂။
ကျွန်ုပ်တို့လည်း ဘုရားသခင်ထံက ညွှန်ကြားချက်တွေ ရရှိတဲ့အခါ ဘယ်လို တုံ့ပြန်ကြသလဲ။ ချက်ချင်း လုပ်ဆောင်ဖို့ ကြိုးစားသလား။ ဒါမှမဟုတ် လုပ်နေကျအတိုင်း ဆက်လုပ်နေသလား။ ကျမ်းစာသင်အံမှု ကျင်းပခြင်း၊ ဘာသာခြားစကား ပြောသူတွေကို ဟောပြောခြင်း၊ မိသားစု ဝတ်ပြုမှု မှန်မှန် ပြုလုပ်ခြင်း၊ ဆေးရုံ ဆက်သွယ်ရေး ကော်မတီနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်း၊ စည်းဝေးကြီးတွေမှာ တော်လျော်စွာ ကျင့်ကြံပြုမူခြင်း စတဲ့ နောက်ဆုံး ညွှန်ကြားချက်တွေကို သင် သိသလား။ အကြံပြုချက်တွေကို လက်ခံခြင်းအားဖြင့် ဘုရားသခင့် ဦးဆောင်မှုအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြနိုင်တယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ကိုယ့်ဉာဏ်ပညာကို အားမကိုးဘဲ ယေဟောဝါ၊ ကိုယ်တော့် အဖွဲ့အစည်းရဲ့ လမ်းညွှန်မှုကို ရှာကြတယ်။ ပြင်းထန်တဲ့ မုန်တိုင်း တိုက်ခတ်တဲ့အခါ အကာအကွယ်အတွက် မိဘထံ ပြေးသွားတဲ့ ကလေးတစ်ဦးလိုပဲ မုန်တိုင်းနဲ့ တူတဲ့ လောကပြဿနာတွေနဲ့ ကြုံရတဲ့အခါ ကျွန်ုပ်တို့က ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ အကာအကွယ် ရှာကြတယ်။
ဘုရားရေးရာ ရတနာ
it-1 ၁၉၉ ပိုဒ်. ၃
စည်းဝေးပွဲ
စည်းဝေးခြင်းရဲ့ အရေးကြီးမှု။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိဖို့ ဘုရား ပြင်ဆင်ပေးတဲ့ စည်းဝေးပွဲတွေကနေ အကျိုးအပြည့်အဝ ရယူဖို့ အရေးကြီးကြောင်း နှစ်စဉ် ကျင်းပတဲ့ ပသခါပွဲနဲ့ ဆက်စပ်တဲ့ အစီအစဉ်တွေက အလေးပေးဖော်ပြတယ်။ လူတစ်ယောက်က သန့်ရှင်းနေလျက်နဲ့၊ ခရီးဝေး မသွားဘဲနဲ့ ပသခါပူဇော်သက္ကာ ပြင်ဆင်ဖို့ ပျက်ကွက်တယ်ဆိုရင် သူ့ကို ပယ်ရှင်းရမယ်။ (တလ ၉:၉-၁၄) ဘုရင်ဟေဇကိက ယုဒနဲ့ အစ္စရေးပြည်က ပြည်သူပြည်သားတွေကို ဂျေရုဆလင်မြို့မှာ ပသခါပွဲ တက်ဖို့ ဖိတ်ခေါ်တယ်။ ဖိတ်ခေါ်စာထဲမှာ ဒီလိုလည်း ဖော်ပြထားတယ်– “အစ္စရေးလူတို့၊ . . . ယေဟောဝါဆီ ပြန်လာကြပါ။ . . . ဘိုးဘေးတွေလို ခေါင်းမမာကြနဲ့။ ယေဟောဝါဘုရားကို လက်အောက်ခံကြ။ ယေဟောဝါဘုရား အမြဲ သန့်ရှင်းစေတဲ့ သန့်ရှင်းရာ ဌာနတော်ကို လာပြီး ဘုရားကို ဝတ်ပြုကြပါ။ ဒါဆိုရင် ခင်ဗျားတို့ကို အမျက်ပြေသွားလိမ့်မယ်။ . . . ယေဟောဝါဘုရားဟာ သနားစာနာတတ်တယ်၊ ကရုဏာရှိတယ်။ ခင်ဗျားတို့ ပြန်လှည့်လာမယ်ဆိုရင် မျက်နှာလွှဲမှာ မဟုတ်ဘူး။” (၂ရ ၃၀:၆-၉) တမင်တကာ ပျက်ကွက်တာက ဘုရားသခင်ကို လျစ်လျူရှုကြောင်း ဖော်ပြရာရောက်တယ်။ ပသခါပွဲလိုမျိုး ပွဲတော်တွေကို ခရစ်ယာန်တွေ မကျင်းပကြတော့ပေမဲ့ ပုံမှန် စည်းဝေးခြင်းကို ဘုရားလူမျိုးတွေ လျစ်လျူမရှုကြဖို့ တိုက်တွန်းခဲ့တာ သင့်လျော်ပါတယ်။ ဒီလိုပြောခဲ့တယ်– “မေတ္တာစိတ် ရှိစေဖို့၊ အကျင့်ကောင်းတွေ ကျင့်စေဖို့ တိုက်တွန်းအားပေးပြီး အချင်းချင်း ထောက်ထားစာနာကြစို့။ လူတချို့မှာ အတူတကွ စည်းဝေးတာကို လျစ်လျူရှုတဲ့ ထုံးစံ ရှိနေတယ်။ ခင်ဗျားတို့ကတော့ အတူတကွ စည်းဝေးတာကို လျစ်လျူမရှုကြပါနဲ့။ အချင်းချင်း အားပေးကြပါ။ ဘုရားသခင်ရဲ့ နေ့ရက် နီးလာတာကို သိနေတဲ့အတွက် ပိုကြိုးစားအားထုတ်ကြပါ။”—ဟီ ၁၀:၂၄၊ ၂၅။
မတ် ၁၅-၂၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တောလည်ရာ ၁၁–၁၂
“ညည်းညူတတ်တဲ့ သဘောထားကို ဘာကြောင့် ရှောင်ရမလဲ”
ကြားနာ၍ မေ့လျော့သောသူများ မဖြစ်ကြနှင့်
၂၀ ခရစ်ယာန် အများစုသည် လိင်အကျင့် ယိုယွင်းရန် မည်သည့်အခါမျှ အရှုံးမပေးကြချေ။ သို့တိုင် ဘုရားသခင့် မျက်နှာသာတော် ဆုံးရှုံးနိုင်သည့် အမြဲ မြည်တမ်းနေတတ်သော လမ်းစဉ်ကို မလိုက်လျှောက်ဖို့ ကျွန်ုပ်တို့ ဂရုစိုက်ရမည်။ ပေါလုက ကျွန်ုပ်တို့ကို ဤသို့ သတိပေးသည်– “ထိုသူ [ဣသရေလလူများ] အချို့တို့သည် စုံစမ်းနှောင့်ယှက်ခြင်းကို ပြု၍၊ မြွေဖြင့် ပျက်စီးသကဲ့သို့ ငါတို့သည် မပြု၊ [“ယေဟောဝါ၊” ကဘ] ကို မစုံစမ်း မနှောင့်ယှက်ဘဲ နေကြကုန်အံ့။ ထိုသူအချို့တို့သည် မြည်တမ်းခြင်းကို ပြု၍၊ ဖျက်ဆီးသောသူ၏ လက်ဖြင့် ပျက်စီးသကဲ့သို့ မဟုတ်၊ မြည်တမ်းခြင်းကို မပြုကြနှင့်။” (၁ ကောရိန္သု ၁၀:၉၊ ၁၀) ဣသရေလလူများသည် အံ့ဖွယ်နည်းဖြင့် ပြင်ဆင်ပေးသော မန္နမုန့်နှင့်ပတ်သက်၍ မောရှေနှင့် အာရုန်ကိုသာမက အမှန်မှာ ဘုရားသခင် ကိုယ်တော်တိုင်ကိုပင် အပြစ်တင်၍ မြည်တမ်းခဲ့ကြသည်။ (တောလည်ရာ ၁၆:၄၁; ၂၁:၅) ယေဟောဝါသည် သူတို့၏ မြည်တမ်းခြင်းကို မတရားမေထုန်ပြုခြင်းလောက် စိတ်မနာဘဲ နေခဲ့ပါသလော။ မြည်တမ်းသူများစွာသည် မြွေကိုက်၍ အသက် ဆုံးခဲ့ရကြောင်း ကျမ်းစာမှတ်တမ်းက ဖော်ပြထားသည်။ (တောလည်ရာ ၂၁:၆) အစောပိုင်းအချိန် တစ်ချိန်တွင် ပုန်ကန်သော မြည်တမ်းသူ ၁၄,၇၀၀ ကျော် ဖျက်ဆီးခံခဲ့ရသည်။ (တောလည်ရာ ၁၆:၄၉) သို့ဖြစ်၍ ယေဟောဝါ၏ ပြင်ဆင်ပေးချက်များကို မခန့်လေးစား ပြုမူပြောဆိုခြင်းဖြင့် ကိုယ်တော်၏ စိတ်ရှည်ခြင်းကို မစမ်းသပ်ကြစို့နှင့်။
ညည်းညူ “မြည်တမ်းခြင်း” မပြုကြနှင့်
၇ ဣသရေလလူတို့၏ စိတ်ထား ပြောင်းလဲသွားလိုက်လေခြင်း။ အစပိုင်းတွင် အီဂျစ်ပြည်မှ သူတို့ လွတ်မြောက်လာပြီး ပင်လယ်နီတွင် ကယ်နုတ်ခံရသည့်အတွက် ကျေးဇူးတင်စွာဖြင့် ယေဟောဝါအား ချီးမွမ်းသီချင်း ဆိုခဲ့ကြသည်။ (ထွက်မြောက်ရာ ၁၅:၁-၂၁) သို့သော် တောထဲတွင် အဆင်မပြေမှုများ ကြုံရပြီး ခါနာန်လူမျိုးကို ကြောက်ရွံ့လာသည့်အခါ ကျေးဇူးတင်စိတ် ပျောက်ပြီး မကျေမနပ် ဖြစ်လာကြသည်။ လွတ်လပ်မှု ရသည့်အတွက် ဘုရားသခင်အား ကျေးဇူးတင်မည့်အစား မိမိတို့ ချို့ငဲ့ရသည်ဟု အမြင်မှားပြီး ကိုယ်တော်အား ပြစ်တင်ကြသည်။ ထို့ကြောင့် ညည်းညူခြင်းသည် ယေဟောဝါ၏ ပြင်ဆင်ပေးချက်များကို ကျေးဇူးတင်လေးမြတ်စိတ် မရှိကြောင်း ထင်ရှားစေသည်။ ထို့ကြောင့် ကိုယ်တော်က “ငါ့ကို အပြစ်တင်၍ မြည်တမ်းသော ဤပရိသတ်ဆိုးတို့ကို အဘယ်မျှကာလပတ်လုံး ငါသည် သည်းခံရအံ့နည်း” ဟု မိန့်ဆိုခဲ့ခြင်းသည် အံ့အားသင့်စရာ မဟုတ်ပေ။—တောလည်ရာ ၁၄:၂၇; ၂၁:၅။
it-2 ၇၁၉ ပိုဒ်. ၄
ငြင်းခုံရန်ဖြစ်
ပြစ်တင်ညည်းညူခြင်း။ ပြစ်တင်ညည်းညူခြင်းက စိတ်ပျက်အားလျော့စေတယ်၊ ဆုတ်ယုတ် ပျက်စီးစေတယ်။ အစ္စရေးလူမျိုးဟာ အီဂျစ်ပြည်ကို ပြန်တမ်းတရုံလောက်ပဲ မဟုတ်ဘူး၊ ဘုရား ခန့်အပ်ထားတဲ့ မောရှေနဲ့ အာရုန်ရဲ့ ဦးဆောင်မှုကို အပြစ်ရှာပြီး ယေဟောဝါကို ပြစ်တင်ညည်းညူခဲ့ကြတယ်။ (ထွ ၁၆:၂၊ ၇) နောက်ပိုင်း သူတို့ရဲ့ ညည်းညူမှုကြောင့် မောရှေ သေချင်တဲ့အထိ စိတ်ဓာတ်ကျခဲ့တယ်။ (တလ ၁၁:၁၃-၁၅) ပြစ်တင်ညည်းညူခြင်းဟာ ညည်းညူသူတွေကိုလည်း ဆိုးကျိုးဖြစ်စေတယ်။ မောရှေကို ပြစ်တင်ညည်းညူကြတာ ဖြစ်ပေမဲ့ မိမိရဲ့ ဦးဆောင်မှုကို ပြစ်တင်ညည်းညူတာလို့ ယေဟောဝါ ယူမှတ်တယ်။ (တလ ၁၄:၂၆-၃၀) အပြစ်ရှာ ညည်းညူမှုကြောင့် လူများစွာ အသက် ဆုံးရှုံးခဲ့ကြတယ်။
ဘုရားရေးရာ ရတနာ
it-2 ၃၀၉
မန္နမုန့်
ပုံဖော်ချက်။ မန္နမုန့်ဟာ “နံနံစေ့လို အဖြူရောင်” ရှိတယ်။ ပုလဲလုံးနဲ့ တူပြီး အကြည်ရောင် ရှိတဲ့ ဗေဓလ သစ်စေးမွှေးနဲ့ တူတယ်။ “ပျားရည်နဲ့ လုပ်တဲ့ မုန့်ပြားလို အရသာမျိုး ရှိတယ်။” “မုန့်ဆီကြော်လို အရသာ ချိုတယ်။” မန္နမုန့်ကို ကြိတ်ဆုံနဲ့ ကြိတ် ဒါမှမဟုတ် ဆုံနဲ့ ထောင်းပြီး အိုးထဲ ထည့်ပြုတ်တယ်၊ မုန့်လုံးလေးတွေလည်း လုပ်ကြတယ်။ ဖုတ်ချင်ရင် ဖုတ်ကြတယ်။—ထွ ၁၆:၂၃၊ ၃၁။ တလ ၁၁:၇၊ ၈။
မတ် ၂၂-၂၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တောလည်ရာ ၁၃–၁၄
“ယုံကြည်ခြင်းက ရဲစွမ်းသတ္တိရှိစေ”
ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းတို့ကြောင့် ရဲရင့်ခြင်း
၅ သူလျှို နှစ်ဦး ဖြစ်သော ယောရှုနှင့် ကာလက်မှာမူ ကတိထားရာပြည်ထဲ ဝင်ရန် စိတ်ပြင်းပြလျက် ဤသို့ပြောခဲ့သည်– ‘ခါနာန်လူမျိုးများသည် ငါတို့ စားစရာဖို့ ဖြစ်ကြ၏။ သူတို့၌ အမှီတံကဲ မရှိ။ ထာဝရ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူ၏။ သို့ဖြစ်၍ သူတို့ကို မကြောက်ကြနှင့်။’ (တောလည်ရာ ၁၄:၉) ယောရှုနှင့် ကာလက်တို့သည် မိုက်ရူးရဲဆန်ပြီး အကောင်းချည်းသာ မြင်နေကြခြင်းလော။ လုံးဝ မဟုတ်ပါ။ ယေဟောဝါသည် ကပ်ဘေးကြီး ဆယ်ခုဖြင့် အားကြီးသော အီဂျစ်ပြည်နှင့် ၎င်း၏ နတ်ဘုရားတို့ကို ရှုတ်ချခဲ့ကြောင်း အခြားသူတို့နည်းတူ သူတို့ မြင်ခဲ့ကြသည်။ ထို့နောက် ယေဟောဝါသည် ဖာရောမင်းနှင့် ဗိုလ်ခြေများကို ပင်လယ်နီထဲ လှဲချတော်မူကြောင်းလည်း မြင်ခဲ့ကြသည်။ (ဆာလံ ၁၃၆:၁၅) ထို့ကြောင့် သူလျှိုဆယ်ဦးနှင့် သူတို့စကားကို နားထောင်သူတို့ ကြောက်ရွံ့ကြခြင်းမှာ လုံးဝ ခွင့်မလွှတ်နိုင်စရာပင်။ “သူတို့၌ ငါပြခဲ့ပြီးသမျှသော နိမိတ်လက္ခဏာတို့ကို မြင်ရသော်လည်း အဘယ်မျှ ကာလပတ်လုံး ငါ့ကို မယုံဘဲ နေကြလိမ့်မည်နည်း” ဟု အလွန် စိတ်နာလျက် ယေဟောဝါ ဆိုခဲ့သည်။—တောလည်ရာ ၁၄:၁၁။
၆ လူတို့ ကြောက်ရွံ့ရသည့် အကြောင်းရင်းမှာ ယုံကြည်ခြင်း ကင်းမဲ့မှုကြောင့် ဖြစ်ကြောင်း ယေဟောဝါ ဖော်ထုတ်ခဲ့သည်။ မှန်ပါသည်၊ ယုံကြည်ခြင်းနှင့် ရဲစွမ်းသတ္တိတို့ အနီးကပ် ဆက်စပ်နေသောကြောင့် ခရစ်ယာန် အသင်းတော်နှင့် ယင်း၏ ဝိညာဉ်ရေး စစ်ပွဲအကြောင်း တမန်တော် ယောဟန် ဤသို့ရေးနိုင်ခဲ့သည်– “လောကကို အောင်ခြင်းအကြောင်းမူကား ငါတို့၏ ယုံကြည်ခြင်းပေတည်း။” (၁ ယောဟန် ၅:၄) ယနေ့ ယောရှုနှင့် ကာလက်တို့ကဲ့သို့သော ယုံကြည်ခြင်းမျိုးကြောင့် ပျိုပျိုအိုအို၊ ကျန်းမာသူ၊ မကျန်းမာသူ ယေဟောဝါသက်သေ ခြောက်သန်းကျော်သည် ကမ္ဘာတစ်ဝန်းတွင် ဘုရားသခင့် နိုင်ငံတော် သတင်းကောင်း ဟောပြောနေကြသည်။ မည်သည့် ရန်သူကမျှ အင်အားကြီးပြီး ရဲရင့်သော ဤသူတို့ကို နှုတ်ဆိတ်သွားစေနိုင်မည် မဟုတ်ပါ။—ရောမ ၈:၃၁။
ဘုရားရေးရာ ရတနာ
it-1 ၇၄၀
အစ္စရေးတွေကို ဘုရား ပေးတဲ့ ပြည်တော်
အစ္စရေးတွေကို ဘုရား ပေးခဲ့တဲ့ ပြည်တော်ဟာ တကယ့် ကောင်းမွန်တဲ့ ပြည် ဖြစ်တယ်။ ကတိထားရာပြည်ကို စုံစမ်းထောက်လှမ်းဖို့ သူလျှိုတွေကို မောရှေ စေလွှတ်ပြီး ပြည်ထွက်သီးနှံတွေ ယူလာဖို့ ပြောတယ်။ သူတို့ ပြန်လာတဲ့အခါ သလဲသီးနဲ့ သဖန်းသီးတချို့ ယူလာကြတယ်။ စပျစ်သီးတစ်ပြွတ် ပါတဲ့ အကိုင်းကို ခုတ်ပြီး ကြီးလွန်းတဲ့အတွက် လူနှစ်ယောက်က တုတ်နဲ့ လျှိုထမ်းရတယ်။ ဒါပေမဲ့ ယုံကြည်ခြင်း မရှိလို့ ကြောက်စိတ်ဝင်နေတဲ့ကြားက ဒီလို သတင်းပေးခဲ့ကြတယ်– ပြည်တော်ဟာ “တကယ့်ကို နို့နဲ့ ပျားရည်စီးတဲ့ ပြည်ပါပဲ။”—တလ ၁၃:၂၃၊ ၂၇။
မတ် ၂၉-ဧပြီ ၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တောလည်ရာ ၁၅–၁၆
“မာနကြီးခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချလွန်းခြင်းကို ရှောင်ပါ”
ယေဟောဝါ သင့်ကို သိကျွမ်းသလား
၁၂ ဒါပေမဲ့ ကတိထားရာပြည်ကို သွားနေတဲ့လမ်းမှာ အစ္စရေးလူမျိုးကို ဦးဆောင်တဲ့နည်း မှားနေပြီလို့ ကောရ ယူဆခဲ့တယ်။ အစ္စရေးလူမျိုး အကြီးအကဲ ၂၅၀ လည်း ကောရနဲ့ ပူးပေါင်းပြီး ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့ကြတယ်။ ကောရနဲ့ ဒီလူတွေက ယေဟောဝါနဲ့ သူတို့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်လို့ ယုံကြည်စိတ်ချခဲ့ကြတယ်။ ‘သင်တို့သည် အမှုတော်ကို စောင့်လွန်း၏။ ပရိသတ်ရှိသမျှ အပေါင်းတို့သည် သန့်ရှင်းကြ၏။ ယေဟောဝါသည် သူတို့တွင် ရှိတော်မူ၏’ လို့ မောရှေနဲ့ အာရုန်ကို ပြောခဲ့တယ်။ (တော. ၁၆:၁-၃) မိမိကိုယ်ကို ယုံကြည်စိတ်ချလွန်းပြီး မာနထောင်လွှားတဲ့ လုပ်ရပ်ပါပဲ။ မောရှေ သူတို့ကို ဒီလိုပြောခဲ့တယ်– ‘အဘယ်သူသည် ယေဟောဝါ၏လူ ဖြစ်သည်ကို ယေဟောဝါ ပြတော်မူမည်။’ (တောလည်ရာ ၁၆:၅ ကိုဖတ်ပါ။) နောက်နေ့ ညနေမှာ ကောရနဲ့ သူ့ဘက်ပါတဲ့ ပုန်ကန်သူတွေအားလုံး သေသွားကြတယ်။—တော. ၁၆:၃၁-၃၅။
ယေဟောဝါ သင့်ကို သိကျွမ်းသလား
၁၁ မောရှေနဲ့ ကောရက ယေဟောဝါရဲ့ အစီအစဉ်နဲ့ ကိုယ်တော့် ဆုံးဖြတ်ချက်တွေကို လေးစားမှု တင်ပြပုံမှာ လုံးလုံး မတူခဲ့ကြဘူး။ သူတို့ရဲ့ လုပ်ရပ်ပေါ် မူတည်ပြီး သူတို့အပေါ် ယေဟောဝါရဲ့ ရှုမြင်ပုံ ကွဲပြားခဲ့တယ်။ ကောရက လေဝိသား ကောဟတ်အမျိုးအနွယ် ဖြစ်ပြီး ဘုရားသခင့် အမှုတော်မှာ အခွင့်ထူးတွေ ရရှိထားသူ ဖြစ်တယ်။ အစ္စရေးလူမျိုး ပင်လယ်နီကနေ လွတ်မြောက်လာတာကို မြင်တွေ့ခွင့် ရခဲ့တယ်၊ သိနာတောင်မှာ မနာခံတဲ့ အစ္စရေးလူမျိုးကို တရားစီရင်ချိန်မှာ ယေဟောဝါဘက်ကနေ ထောက်ခံခဲ့ကြသူတွေထဲမှာ ပါဝင်ခဲ့ဖွယ် ရှိတယ်၊ သေတ္တာတော်ကို သယ်ယူပို့ဆောင်တဲ့ တာဝန်ကိုလည်း ရထားသူ ဖြစ်တယ်။ (ထွ. ၃၂:၂၆-၂၉; တော. ၃:၃၀၊ ၃၁) သူက ဘုရားသခင်အပေါ် နှစ်ပေါင်းများစွာ တည်ကြည်ခဲ့ဖွယ် ရှိပြီး အစ္စရေးလူများစွာရဲ့ လေးစားမှု ခံခဲ့ရဖွယ် ရှိတယ်။
ဘုရားရေးရာ ရတနာ
ဦးစားထားသင့်ရာများကို ဦးစားပေးဖို့ သေချာစေပါ!
ယေဟောဝါသည် ထိုကိစ္စကို အတော်ပင် အလေးအနက် ထားခဲ့သည်။ ကျမ်းစာတွင် ဤသို့ဖော်ပြသည်– “ထာဝရဘုရားကလည်း၊ ‘ထိုသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်’ . . . ဟု မောရှေအား မိန့်တော်မူ” ၏။ (တောလည်ရာ ၁၅:၃၅) ထိုသူ ပြုလုပ်ခဲ့သော အမှုကို ယေဟောဝါသည် အဘယ်ကြောင့် ဤမျှ အရေးတကြီး ယူမှတ်ခဲ့သနည်း။
လူတို့သည် ထင်းခွေရန် အပါအဝင် စားဝတ်နေရေးအတွက် လိုအပ်ရာများကို ရှာဖွေရန် ခြောက်ရက် ရှိသည်။ ခုနစ်ရက်မြောက်နေ့ကို ဝိညာဉ်ရေး လိုအပ်ရာများအတွက် ဖယ်ထားကြရမည် ဖြစ်သည်။ ထင်းခွေခြင်းသည် မမှားသော်လည်း ယေဟောဝါအား ဝတ်ပြုကိုးကွယ်ရန် သီးသန့်ဖယ်ထားသော အချိန်ကို အသုံးပြုခဲ့ခြင်းက မှား၏။ ခရစ်ယာန်များသည် မောရှေပညတ်အောက်တွင် မရှိကြသော်လည်း ဤဖြစ်ရပ်သည် ယနေ့ ကျွန်ုပ်တို့၏ ဦးစားထားသင့်ရာများကို ဦးစားပေးရန် သင်ခန်းစာ ပေးသည် မဟုတ်ပေလော။—ဖိလိပ္ပိ ၁:၁၀။
ဧပြီ ၅-၁၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တောလည်ရာ ၁၇–၁၉
“ငါဟာ . . . မင်းရဲ့ အမွေပဲ”
ယေဟောဝါကို သင် ပိုင်သောအဖို့၊ အမွေဥစ္စာ ဖြစ်စေသလား
၉ အမွေမြေ မရတဲ့ လေဝိသားတွေကို စဉ်းစားကြည့်ပါ။ သူတို့က စင်ကြယ်တဲ့ ဝတ်ပြုရေးအတွက် အဓိက လုပ်ဆောင်နေရလို့ သူတို့ရဲ့ စားဝတ်နေရေးအတွက် ‘ငါသည် သင်ပိုင်သော အဖို့၊ သင့်အမွေဥစ္စာ ဖြစ်၏’ လို့ မိန့်တော်မူခဲ့တဲ့ ယေဟောဝါကို အားကိုးခဲ့ကြရတယ်။ (တော. ၁၈:၂၀) ကျွန်ုပ်တို့က ယဇ်ပုရောဟိတ်တွေ၊ လေဝိသားတွေလို ပကတိ ဝတ်ပြုရာ အိမ်တော်မှာ အမှုမဆောင်ကြပေမဲ့ ယေဟောဝါ ကျွန်ုပ်တို့ကို ကူညီထောက်မမယ် ဆိုတာကို ယုံကြည်စိတ်ချကြခြင်းအားဖြင့် သူတို့ရဲ့ စိတ်သဘောထားကို တုပနိုင်ကြတယ်။ နောက်ဆုံးကာလရဲ့ အဆုံးပိုင်းကို ရောက်လာတာနဲ့အမျှ သားရဲရဲ့ “အမှတ်တံဆိပ်” ကို ငြင်းဆန်ပြီး လောကနဲ့ သီးခြားနေဖို့ ပိုခက်လာမှာ ဖြစ်တယ်။ ဒါကြောင့် ထောက်မပေးနိုင်တဲ့ ဘုရားသခင့် အစွမ်းကို ကိုးစားဖို့ ပိုအရေးကြီးလာတယ်။—ဗျာ. ၁၃:၁၇။
ယေဟောဝါသည် ငါပိုင်သော အဖို့၊ အမွေဥစ္စာ ဖြစ်
၄ လေဝိသားတွေကို ယေဟောဝါ ရွေးချယ်လိုက်တဲ့အခါ ကိုယ်တော်က ဘယ်လိုနည်းနဲ့ သူတို့ရဲ့ အမွေဥစ္စာ ဖြစ်သွားသလဲ။ သူတို့တွေက အမွေမြေအစား တန်ဖိုးမဖြတ်နိုင်တဲ့ အမှုဆောင်ရတဲ့ အခွင့်အရေး အပ်နှင်းခံရခြင်းအားဖြင့် ယေဟောဝါက သူတို့ရဲ့ အမွေဥစ္စာ ဖြစ်လာခဲ့တယ်။ ‘ယေဟောဝါ၏ ယဇ်ပုရောဟိတ်’ ဖြစ်ရခြင်းက သူတို့အတွက် အမွေဥစ္စာပဲ။ (ယောရှု ၁၈:၇) တောလည်ရာ ၁၈:၂၀ ရဲ့ အထက်အောက် စကားအရ သူတို့က ရုပ်ပိုင်းဆိုင်ရာမှာ ချို့တဲ့မနေဘူးဆိုတာ သိရတယ်။ (တောလည်ရာ ၁၈:၁၉၊ ၂၁၊ ၂၄ ကိုဖတ်ပါ။) လေဝိသားတွေက ‘ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်သောကြောင့် သူတို့ အမွေခံစရာ အစ္စရေးအမျိုးသားတို့၏ ဥစ္စာ ဆယ်ဖို့တစ်ဖို့ကို’ ရကြမှာ ဖြစ်တယ်။ အစ္စရေးလူမျိုးရဲ့ လယ်ယာထွက်သီးနှံနဲ့ အိမ်မွေးတိရစ္ဆာန်တွေထဲက ဆယ်ရာခိုင်နှုန်းကို ရရှိကြမှာ ဖြစ်တယ်။ လေဝိသားတွေကလည်း သူတို့ ရရှိတဲ့အထဲက ဆယ်ဖို့တစ်ဖို့ ဖြစ်တဲ့ “အကောင်းဆုံးသော အဖို့” ကို ယဇ်ပုရောဟိတ်တွေအတွက် ပြန်ပေးရတယ်။ (တော. ၁၈:၂၅-၂၉) ယဇ်ပုရောဟိတ်တွေက ‘အစ္စရေးအမျိုးသားတို့ သန့်ရှင်းစေ၍ ယေဟောဝါအား ဆောင်ခဲ့သော ပူဇော်ရာရှိသမျှ’ ကိုလည်း ရရှိကြတယ်။ ယေဟောဝါ သူတို့ကို ထောက်မမယ်ဆိုတာ ယဇ်ပုရောဟိတ်တွေ ယုံကြည်စိတ်ချနိုင်တယ်။
ဘုရားရေးရာ ရတနာ
ဆား—အဖိုးတန် ကုန်ပစ္စည်းတစ်မျိုး
ဆားသည် တည်မြဲ၍ မပျက်ပြယ်သည့် အထိမ်းအမှတ် တစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် သမ္မာကျမ်းစာတွင် အတည်ဖြစ်သော ပဋိညာဉ်ကို “ဆားနှင့် ယှဉ်သော . . . ပဋိညာဉ်” ဟု ခေါ်ဆိုထားပြီး ယင်းကို အတည်ပြုဖို့ ပဋိညာဉ်၌ ပါဝင်သူများသည် ဆားပါသော အစာကို အတူတကွ စားသုံးရလေ့ရှိသည်။ (တောလည်ရာ ၁၈:၁၉) မောရှေပညတ်အောက်တွင် ယဇ်ပလ္လင်ပေါ် တင်လှူပူဇော်သော ယဇ်များတွင် ဆားခတ်ရပြီး ယိုယွင်းခြင်း သို့မဟုတ် ပုပ်ပျက်ခြင်း ကင်းလွတ်သည့် အဓိပ္ပာယ်ကို ဆောင်မည်မှာ သေချာသည်။
ဧပြီ ၁၂-၁၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တောလည်ရာ ၂၀–၂၁
“စိတ်ဖိစီးနေချိန်မှာ နူးညံ့သိမ်မွေ့မှုကို ဆက်တင်ပြပါ”
ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့ နူးညံ့သိမ်မွေ့ခြင်းကို ရှာပါ
၁၉ အမှားတွေကို ရှောင်နိုင်မယ်။ မောရှေအကြောင်း ပြန်စဉ်းစားကြည့်ပါ။ ဆယ်စုနှစ်များစွာ နူးညံ့သိမ်မွေ့ခဲ့ပြီး ယေဟောဝါရဲ့ နှစ်သက်မှု ရခဲ့တယ်။ ဒါပေမဲ့ ခက်ခဲတဲ့ နှစ် ၄၀ တောကန္တာရခရီး ဆုံးခါနီးမှာ နူးညံ့သိမ်မွေ့မှု ပြဖို့ ပျက်ကွက်ခဲ့တယ်။ အီဂျစ်ပြည်မှာ မောရှေရဲ့ အသက်ကို ကယ်ခဲ့ပုံရတဲ့ အစ်မ သေဆုံးသွားလို့ ကာဒေရှအရပ်မှာ သင်္ဂြိုဟ်ပြီးခါစပဲ ရှိသေးတယ်။ အစ္စရေးတွေက လိုအပ်ရာတွေ မရလို့ ညည်းညူပြီး ရေမရှိလို့ ‘မောရှေကို ရန်ရှာကြတယ်။’ မောရှေကတစ်ဆင့် ယေဟောဝါ ဒီလောက် အံ့ဖွယ်အမှုတွေ လုပ်ပေးခဲ့တာတောင်၊ မောရှေ ဒီလောက် ကောင်းကောင်း ဦးဆောင်ခဲ့တာတောင် လူတွေ ညည်းညူကြတယ်။ ရေမရှိလို့သာ မဟုတ်ဘဲ မောရှေကြောင့် ဒီလိုဒုက္ခရောက်ရတာဆိုပြီး ညည်းညူကြတယ်။—တော. ၂၀:၁-၅၊ ၉-၁၁။
ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့ နူးညံ့သိမ်မွေ့ခြင်းကို ရှာပါ
၂၀ မောရှေဟာ ဒေါသစိတ်ကြောင့် နူးညံ့သိမ်မွေ့မှု ပျောက်သွားတယ်။ ကျောက်ကို အမိန့်ပေးရမယ့်အစား လူတွေကို ကြမ်းကြမ်းတမ်းတမ်း ပြောပြီး ကျောက်ကို နှစ်ကြိမ် ရိုက်တဲ့အခါ ရေတွေ ပန်းထွက်လာတယ်။ မာနနဲ့ ဒေါသက ကြီးလေးတဲ့ အမှားကို ကျူးလွန်စေခဲ့တယ်။ (ဆာ. ၁၀၆:၃၂၊ ၃၃) နူးညံ့သိမ်မွေ့မှု တစ်ခဏ ပျောက်ဆုံးသွားတဲ့အတွက် ကတိထားရာပြည်ထဲ ဝင်ခွင့် ဆုံးရှုံးခဲ့ရတယ်။—တော. ၂၀:၁၂။
၂၁ ဒီဖြစ်ရပ်ကနေ အဖိုးတန် သင်ခန်းစာတွေ သင်ယူနိုင်ပါတယ်။ ပထမ၊ နူးညံ့တဲ့ သဘော ပြဖို့ အမြဲ ကြိုးစားရမယ်။ အဲဒီလိုမဟုတ်ရင် မာနစိတ် ဝင်လာပြီး မိုက်မိုက်မဲမဲ ပြောမိ၊ လုပ်မိနိုင်တယ်။ ဒုတိယ၊ စိတ်ဖိစီးနေချိန်မှာတောင် နူးညံ့သိမ်မွေ့မှု ပြဖို့ ကြိုးစားရမယ်။
ဖြောင့်မှန်ရာဘက်တွင် မားမားမတ်မတ် ရပ်တည်တော်မူသော တရားသူကြီး
ပထမ အကြောင်းရင်းမှာ ဘုရားသခင်သည် မောရှေအား လူတို့ကို သူပုန်များအဖြစ် စီရင်ဖို့ မဆိုထားနှင့် သူတို့ကို စကားပြောရန်ပင် မညွှန်ကြားသောကြောင့် ဖြစ်၏။ ဒုတိယ၊ မောရှေနှင့် အာရုန်သည် ဘုရားသခင်ကို ဂုဏ်တင်ရန် ပျက်ကွက်ခဲ့သည်။ “သင်တို့သည် . . . ငါ့ကို မရိုမသေပြု” သည်ဟု ဘုရားသခင် မိန့်ဆိုသည်။ (အခန်းငယ် ၁၂) မောရှေက ‘ငါတို့သည် . . . ရေကို ထွက်စေမည်’ ဟု ပြောဆိုခြင်းဖြင့် အံ့ဖွယ်နည်းဖြင့် ရေကို ထောက်ပံ့ပေးသူမှာ ဘုရားသခင် မဟုတ်ဘဲ သူနှင့် အာရုန် ဖြစ်သည့်အလား ပြောဆိုခဲ့သည်။ တတိယ၊ ထိုစီရင်ချက်သည် ယခင်က ကိုယ်တော် ချမှတ်ခဲ့သော စီရင်ချက်များနှင့် ကိုက်ညီသည်။ ဘုရားသခင်သည် အစောပိုင်းမှ ပုန်ကန်သော လူမျိုးဆက်ကို ခါနာန်ပြည်ထဲ ဝင်ခွင့် မပြုခဲ့ပေ။ ထို့ကြောင့် မောရှေနှင့် အာရုန်ကိုလည်း အလားတူ စီရင်ခဲ့ခြင်း ဖြစ်၏။ (တောလည်ရာ ၁၄:၂၂၊ ၂၃) စတုတ္ထ၊ မောရှေနှင့် အာရုန်သည် အစ္စရေးလူမျိုး၏ ခေါင်းဆောင်များ ဖြစ်သည်။ တာဝန်များစွာ ပေးအပ်ခံရသူတို့သည် ဘုရားသခင်ထံ စာရင်းရှင်းရမည့် တာဝန် ပိုရှိသည်။—လုကာ ၁၂:၄၈။
ဘုရားရေးရာ ရတနာ
လူ့အားနည်းချက်ကို ယေဟောဝါ ရှုမြင်သလို သင် ရှုမြင်သလား
၁၂ အဲဒီအမှားတွေကြောင့် အာရုန်ကို ယေဟောဝါ ချက်ချင်း အပြစ်ပေးနိုင်ပါတယ်။ အာရုန်က တချို့အချိန်တွေမှာ အားနည်းခဲ့တာ မှန်ပေမဲ့ လူဆိုးတစ်ယောက် မဟုတ်ဘူးဆိုတာ ယေဟောဝါ သိတယ်။ ခက်ခဲတဲ့ အခြေအနေတွေကြောင့်၊ မကောင်းတဲ့ လူတွေကြောင့် အာရုန် အမှားလုပ်မိခဲ့တယ်။ ဒါပေမဲ့ အာရုန်ဟာ သူ့ရဲ့ အမှားတွေကို ဝန်ခံလိုစိတ် ရှိခဲ့တယ်၊ ယေဟောဝါ ဆုံးမတာကို လက်ခံခဲ့တယ်။ (ထွ. ၃၂:၂၆; တော. ၁၂:၁၁; ၂၀:၂၃-၂၇) အာရုန်ဟာ ယေဟောဝါကို ချစ်တယ်၊ သူ နောင်တယူခဲ့တယ်။ ကိုယ်တော် သူ့ကို ခွင့်လွှတ်ခဲ့တယ်။ အဲဒါကြောင့် လူတွေက နှစ်ပေါင်းများစွာ ကြာတဲ့အထိ အာရုန်နဲ့ သူ့မိသားစုကို ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တွေအဖြစ် အမှတ်ရနေကြတုန်းပဲ။—ဆာ. ၁၁၅:၁၀-၁၂; ၁၃၅:၁၉၊ ၂၀။
ဧပြီ ၁၉-၂၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တောလည်ရာ ၂၂–၂၄
“ကျိန်စာကို ကောင်းချီးအဖြစ် ယေဟောဝါ ပြောင်းလဲ”
“ယေရှုအကြောင်း သတင်းကောင်းကို” ဟောပြောခြင်း
၅ ပထမရာစုမှာကဲ့သို့ ယနေ့လည်း ဘုရားသခင့် လူမျိုးကို ညှဉ်းပန်းနှိပ်စက်မှုက ဟောပြောခြင်းလုပ်ငန်းကို မရပ်တန့်သွားစေပါ။ ခရစ်ယာန်များကို အကျဉ်းထောင် တစ်ခုမှတစ်ခု သို့မဟုတ် တစ်နိုင်ငံမှ တစ်နိုင်ငံသို့ အတင်းအကျပ် ပြောင်းရွှေ့စေခြင်းသည် ထိုနေရာအသစ်ရှိ လူတို့ကို နိုင်ငံတော် သတင်းတရား ဟောပြောရန် အထောက်အကူ ဖြစ်ခဲ့သည်။ ဥပမာ၊ ဒုတိယ ကမ္ဘာစစ်အတွင်း ယေဟောဝါသက်သေများသည် နာဇီချွေးတပ်စခန်းများတွင် ထူးခြားထင်ရှားစွာ သက်သေခံနိုင်ခဲ့ကြသည်။ ထိုစခန်းတွင် သက်သေခံများနှင့် တွေ့ဆုံခဲ့သော ဂျူးတစ်ဦးက ဤသို့ပြောပြသည်– “ယေဟောဝါသက်သေ အကျဉ်းသားတွေရဲ့ ကြံ့ခိုင်တဲ့ စိတ်ဓာတ်ကြောင့် သူတို့ရဲ့ ယုံကြည်ချက်က သမ္မာကျမ်းစာအပေါ် အခြေပြုထားတယ်ဆိုတာ ကျွန်တော် ယုံကြည်လက်ခံပြီးနောက် ကျွန်တော်လည်း သက်သေခံတစ်ဦး ဖြစ်လာတယ်။”
it-2 ၂၉၁
ရူးသွပ်ခြင်း
ယေဟောဝါကို ဆန့်ကျင်တဲ့ ရူးသွပ်ခြင်း။ ပရောဖက် ဗာလမ်ဟာ မောဘဘုရင် ဗာလက် ကမ်းလှမ်းတဲ့ ငွေကို ရချင်တဲ့အတွက် အစ္စရေးတွေကို ကျိန်စာတိုက်ဖို့ မိုက်မိုက်မဲမဲ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူ့ကို ယေဟောဝါ တားဆီးခဲ့တယ်။ တမန်တော် ပေတရုက ဗာလမ်နဲ့ပတ်သက်ပြီး “စကားမပြောတတ်တဲ့ မြည်းက လူလို စကားပြောပြီး အဲဒီပရောဖက်ရဲ့ မိုက်ရူးရဲ လမ်းစဉ်ကို တားဆီးခဲ့ရတယ်” လို့ ရေးခဲ့တယ်။ ဗာလမ်ရဲ့ ရူးမိုက်မှုအတွက် တမန်တော် အသုံးပြုတဲ့ ဂရိစကားလုံး ပါရာဖရိုနီယာ (pa·ra·phro·niʹa) က “စိတ်လွတ်နေတယ်” ဆိုတဲ့ သဘောမျိုး သက်ရောက်တယ်။—၂ပ ၂:၁၅၊ ၁၆။ တလ ၂၂:၂၆-၃၁။
ဘုရားရေးရာ ရတနာ
တောလည်ရာကျမ်းမှ ပေါ်လွင်ချက်များ
၂၂:၂၀-၂၂—ဗာလမ်ကို ယေဟောဝါ အဘယ်ကြောင့် အမျက်ထွက်ရသနည်း။ ဣသရေလလူမျိုးကို မကျိန်ဆဲရဟု ပရောဖက် ဗာလမ်ကို ယေဟောဝါ မိန့်တော်မူခဲ့ပြီး ဖြစ်သည်။ (တောလည်ရာ ၂၂:၁၂) သို့သော် အဆိုပါ ပရောဖက်သည် ဣသရေလလူမျိုးကို ကျိန်ဆဲမည် ရည်ရွယ်ချက် အပြည့်ဖြင့် ဗာလက်၏ လူများနှင့်အတူ ထွက်သွားလေသည်။ ဗာလမ်သည် မောဘ ရှင်ဘုရင်၏ စိတ်တော်နှင့် တွေ့လိုပြီး သူ့ထံမှ ဆုလာဘ် ရလိုသည်။ (၂ ပေတရု ၂:၁၅၊ ၁၆; ယုဒ ၁၁) ဗာလမ်သည် ဣသရေလလူမျိုးကို ကျိန်ဆဲမည့်အစား မဖြစ်မနေ ကောင်းချီးပေးရသည့် အခါ၌ပင် ဗာလဝတ်ပြုသူ အမျိုးသမီးများကို အသုံးပြုပြီး ဣသရေလ အမျိုးသားများကို လှည့်ပတ်ဖြားယောင်းပါဟု အကြံပြုခြင်းဖြင့် ရှင်ဘုရင်၏ မျက်နှာသာကို ရရန် ကြိုးစားခဲ့သည်။ (တောလည်ရာ ၃၁:၁၅၊ ၁၆) သို့နှင့် ဗာလမ်အား ဘုရားသခင် အမျက်ထွက်ရခြင်းမှာ အဆိုပါ ပရောဖက်၏ မသမာသော လောဘကြောင့် ဖြစ်ပေသည်။
ဧပြီ ၂၆-မေ ၂
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | တောလည်ရာ ၂၅–၂၆
“လူတစ်ယောက်ကြောင့် ပြောင်းလဲသွားနိုင်သလား”
“လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်ကြပါ”
တံငါသည်တစ်ယောက် ငါးတစ်မျိုးကို ဖမ်းချင်နေတယ်။ ရနိုင်မယ့်နေရာကို ထွက်သွားတယ်။ ငါးစာ ရွေးချိတ်ပြီး ငါးမျှားကြိုးကို ရေထဲ ချလိုက်တယ်။ စိတ်ရှည်ရှည် စောင့်ပြီး ငါးစာကို ငါးလာဟပ်တဲ့အခါ ငါးမျှားတံကို ဆတ်ခနဲ ဆွဲပြီး ကြိုးကို ရစ်တင်လိုက်တယ်။
၂ လူတွေလည်း အလားတူနည်းနဲ့ အဖမ်းခံရနိုင်တယ်။ ဥပမာ၊ အစ္စရေးတွေ မောဘလွင်ပြင်မှာ စခန်းချကြတယ်။ ကတိထားရာပြည် ရောက်ခါနီးပြီ။ အစ္စရေးလူမျိုးကို ကျိန်စာတိုက်ပေးရင် ငွေအများကြီး ပေးမယ်လို့ ဗာလမ်ကို မောဘဘုရင် ကတိပေးခဲ့တယ်။ နောက်ဆုံးတော့ အစ္စရေးတွေ ကိုယ့်ဘာသာကိုယ် အကျိန်ခံရနိုင်တဲ့နည်းကို ဗာလမ် တွေ့သွားတယ်။ ဗာလမ်က ငါးစာကို အသေအချာ ရွေးလိုက်တယ်။ အစ္စရေးအမျိုးသားတွေကို သွေးဆောင်ဖို့ မောဘ အမျိုးသမီးငယ်တွေကို ဗာလမ် လွှတ်လိုက်တယ်။—တောလည်ရာ ၂၂:၁-၇။ ၃၁:၁၅၊ ၁၆။ ဗျာဒိတ် ၂:၁၄။
“လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်ကြပါ”
၄ အစ္စရေးအမျိုးသား များစွာဟာ ဗာလမ်ရဲ့ အကွက်ထဲ ဘာကြောင့် ကျရောက်သွားခဲ့သလဲ။ ကိုယ်ပျော်ရွှင်ဖို့ပဲ တစ်ကိုယ်ကောင်းဆန်စွာ စဉ်းစားကြလို့၊ သူတို့အတွက် ယေဟောဝါ လုပ်ပေးခဲ့ရာအားလုံးကို မေ့သွားကြလို့ပါပဲ။ အစ္စရေးတွေအနေနဲ့ ဘုရားကို သစ္စာစောင့်သိဖို့ အကြောင်းရင်းများစွာ ရှိတယ်။ ဘုရားက သူတို့ကို အီဂျစ်ကျွန်ဘဝကနေ ကယ်လွှတ်ပေးတယ်။ တောထဲမှာ ကျွေးမွေးပြီး ကတိထားရာပြည် နယ်စပ်ကို လုံခြုံစွာ ပို့ဆောင်ပေးနေတယ်။ (ဟီဘရူး ၃:၁၂) ဒါနဲ့တောင် သူတို့တစ်တွေ လိင်အကျင့် ယိုယွင်းခဲ့ကြတယ်။ “လိင်အကျင့် ယိုယွင်းတာကို ရှောင်ကြစို့။ သူတို့ထဲကတချို့ လိင်အကျင့်ယိုယွင်း” ခဲ့ကြတယ်ဆိုပြီး တမန်တော် ပေါလု ရေးခဲ့တယ်။—၁ ကောရိန္သု ၁၀:၈။
ဘုရားရေးရာ ရတနာ
it-1 ၃၅၉ ပိုဒ်. ၁-၂
နယ်နမိတ်
အချက်နှစ်ချက်အပေါ် မူတည်ပြီး အစ္စရေးအနွယ်တွေ နယ်မြေကို ခွဲဝေယူကြတယ်– မဲချတယ်၊ လူအနည်းအများပေါ် မူတည်ပြီး ခွဲဝေယူတယ်။ အနွယ်တစ်နွယ်စီ အမွေရထားတဲ့ နယ်မြေထဲက နေရာဒေသတွေမှာပဲ ခွဲဝေယူတာ ဖြစ်နိုင်တယ်။ ဒါကြောင့် အမွေမြေနေရာ အပိုင်းအခြားတွေကို ပြောတဲ့အခါ ကမ်းရိုးတန်း လွင်ပြင်ရဲ့၊ တောင်တန်းဒေသရဲ့ မြောက်ဘက်၊ တောင်ဘက်၊ အရှေ့ဘက်၊ အနောက်ဘက် အထိလို့ ဖော်ပြတယ်။ မဲချပြီး ရလာတဲ့ ဆုံးဖြတ်ချက်က ယေဟောဝါဆီက ဖြစ်တဲ့အတွက် မျိုးနွယ်အချင်းချင်း မနာလိုတာ၊ ရန်ဖြစ်တာ မရှိဘူး။ (ပ ၁၆:၃၃) အဲဒီနည်းနဲ့ ဘုရားသခင် ဦးဆောင်ပေးခဲ့တဲ့အတွက် ကမ္ဘာဦး ၄၉:၁-၃၃ မှာ မှတ်တမ်းတင်ထားတဲ့ ဘိုးဘေး ယာကုပ် မသေခင် ကြိုဟောခဲ့တဲ့အတိုင်း မျိုးနွယ်တစ်ခုစီမှာ ပြည့်စုံခဲ့တယ်။
မျိုးနွယ်တစ်ခုအတွက် ပထဝီဝင် မြေအနေအထားကို မဲချ ဆုံးဖြတ်ပြီးနောက် ဒုတိယအချက်ကို လုပ်ဆောင်ကြတယ်။ နယ်မြေအကျယ်အဝန်းပေါ် မူတည်ပြီး အချိုးကျကျ ခွဲဝေယူကြတယ်။ “ပြည်ကို မဲချပြီး မိသားစုအလိုက် ခွဲဝေယူကြပါ။ အုပ်စုကြီးရင် ကြီးသလို၊ ငယ်ရင် ငယ်သလို အမွေမြေကို ခွဲဝေယူရမယ်။ ကိုယ်မဲကျတဲ့ နေရာဟာ ကိုယ့်အမွေမြေပဲ။ မျိုးနွယ်အလိုက် အမွေမြေ ရလိမ့်မယ်။” (တလ ၃၃:၅၄) မဲခွဲဆုံးဖြတ်ထားတဲ့ ပထဝီဝင် မြေအနေအထားက အတည် ဖြစ်ပေမဲ့ အမွေရထားတဲ့ နယ်မြေ အကျယ်အဝန်းကိုတော့ ပြင်ဆင်နိုင်တယ်။ ဒါကြောင့် ယုဒအနွယ်ရဲ့ အမွေမြေက ကျယ်လွန်းတဲ့အတွက် ယုဒရဲ့ နယ်မြေထဲကနေ ရှိမောင်ရဲ့ သားမြေးတွေအတွက် အမွေမြေ ခွဲပေးခဲ့တယ်။—ယရ ၁၉:၉။