သစ္စာစောင့်သိမှု၏စိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်း
“စစ်မှန်သောဖြောင့်မတ်ခြင်းနှင့် သစ္စာစောင့်သိခြင်းအားဖြင့် ဘုရားသခင်၏အလိုတော်နှင့်အညီဖန်ဆင်းသော လူသစ်ကိုယူတင်ဝတ်ဆောင်” လော့။—ဧဖက် ၄:၂၄၊ ကဘ။
၁။ ယေဟောဝါဘုရားသခင်အပေါ် အဘယ်ကြောင့်သစ္စာစောင့်သိထိုက်သနည်း။
သစ္စာစောင့်သိမှု၏စိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်းကိစ္စတွင် အသွင်အမျိုးမျိုးရှိသည်။ အရေးအကြီးဆုံးကား ယေဟောဝါဘုရားသခင်အပေါ် သစ္စာစောင့်သိမှု၏စိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်းဖြစ်သည်။ အမှန်မှာ ယေဟောဝါသည် မည်သူဖြစ်သည်နှင့်ပတ်သက်၍လည်းကောင်း၊ ကျွန်ုပ်တို့အတွက် ပြုလုပ်ထားတော်မူသောအရာများနှင့်ပတ်သက်၍လည်းကောင်း၊ ကိုယ်တော်ထံ မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံထားခြင်းကြောင့်လည်းကောင်း ကိုယ်တော့်အပေါ်သစ္စာစောင့်သိထိုက်သည်။ ယေဟောဝါဘုရားသခင်အပေါ် သစ္စာစောင့်သိမှုကို မည်သို့တင်ပြနိုင်သနည်း။ အဓိကနည်းမှာ ယေဟောဝါ၏ဖြောင့်မတ်သောမူများအပေါ် သစ္စာစောင့်သိခြင်းပင်ဖြစ်သည်။
၂၊ ၃။ သစ္စာစောင့်သိခြင်းနှင့် ဖြောင့်မတ်ခြင်းစပ်ကြား အဘယ်ဆက်စပ်မှုရှိသနည်း။
၂ ထိုစိန်ခေါ်ချက်ကို ရင်ဆိုင်နိုင်ကြရန် ၁ ပေတရု ၁:၁၅၊ ၁၆ ပါစကားကိုလိုက်နာရမည်ဖြစ်သည်– “သင်တို့ကိုခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူသည်နည်းတူ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့။ အကြောင်းမူကား ‘ငါသည် သန့်ရှင်းတော်မူသောကြောင့် သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့’ ဟု ကျမ်းစာလာသတည်း။” ယေဟောဝါကို သစ္စာစောင့်သိခြင်းက အချိန်အခါမရွေး ကိုယ်တော်အား နာခံမှုတင်ပြရန် တိုက်တွန်းပေးမည်။ သို့ဖြင့် ကျွန်ုပ်တို့၏အကြံအစည်၊ အပြောအဆိုနှင့် အပြုအမူတို့ကို ကိုယ်တော်၏သန့်ရှင်းသောအလိုတော်နှင့်အညီ ဖြစ်စေပါမည်။ ၁ တိမောသေ ၁:၃-၅ (သမ) တွင်ကျွန်ုပ်တို့ကို မိန့်မှာထားသည့်အတိုင်း ကောင်းသောသြတ္တပ္ပစိတ်ကို ထိန်းသိမ်းထားခြင်းကိုဆိုလိုပေသည်– “[ခြားနားသောဒေသနာကို မသင်ကြားရဟူ၍လည်းကောင်း၊ ပုံဝတ္ထုများကို ဂရုမပြုရဟူ၍လည်းကောင်း] . . . ထိုမိန့်မှာချက်၏အကျိုးကား စင်ကြယ်သောနှလုံး၊ ကြည်လင်သောသြတ္တပ္ပစိတ်၊ အယောင်မဆောင် ယုံကြည်သောသဘောများမှ ပေါ်လာသည့် ချစ်ခြင်းမေတ္တာတည်း။” မှန်ပါ၏၊ ကျွန်ုပ်တို့တစ်ယောက်မျှ မစုံလင်ကြပါ။ သို့တိုင် အကောင်းဆုံးဖြစ်စေရန် ကြိုးစားနေသင့်သည်မဟုတ်ပေလော။
၃ ယေဟောဝါအပေါ် သစ္စာစောင့်သိခြင်းသဘောက ကိုယ်ကျိုးရှာစိတ်ဖြင့် ဖြောင့်မတ်သောမူများကို လျှော့ပေါ့လိုက်ခြင်းမှ တားဆီးပေးပါမည်။ သစ္စာစောင့်သိခြင်းသည် ကျွန်ုပ်တို့ကို အတွင်း၌တစ်မျိုး ပြင်ပတွင်တစ်မျိုး မဖြစ်စေရန် ကာကွယ်ပေးမည်အမှန်။ ဆာလံဆရာက “အိုယေဟောဝါ၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားသွန်သင်တော်မူပါ။ ကိုယ်တော်၏ သမ္မာတရားလမ်းသို့ လိုက်သွားပါမည်။ နာမတော်ကိုကြောက်ရွံ့ရန် အကျွန်ုပ်နှလုံးကို စုစည်းတော်မူပါ” ဟုသီဆိုရာတွင် သစ္စာစောင့်သိခြင်းကို သူစိတ်စွဲလမ်းနေခြင်းဖြစ်သည်။ (ဆာလံ ၈၆:၁၁၊ ကဘ) သစ္စာစောင့်သိခြင်းက “လူသားကြပ်မတ်မပေးနိုင်ရာကို နာခံခြင်း” ဟုလျောက်ပတ်စွာဖော်ပြထားသည့်အချက်ကို တောင်းဆိုသည်။
၄၊ ၅။ သစ္စာစောင့်သိခြင်းသည် အဘယ်အရာကို မပြုမိရန် သတိပြုစေမည်နည်း။
၄ ယေဟောဝါဘုရားသခင်ကို သစ္စာစောင့်သိခြင်းသည် ကိုယ်တော်၏နာမတော်နှင့် ကိုယ်တော်၏နိုင်ငံတော်အပေါ် ကဲ့ရဲ့ရှုတ်ချစရာဖြစ်စေသော မည်သည့်အမှုကိုမျှ မပြုလုပ်ရန်လည်း ကျွန်ုပ်တို့ကို တားဆီးပေးမည်။ ဥပမာ၊ တစ်ခါက ခရစ်ယာန်နှစ်ဦးသည် အချင်းချင်းပြဿနာအကြီးအကျယ်ဖြစ်ပြီး မဖြစ်သင့်ဘဲ လောကီတရားရုံးတွင် သွားရောက်ဖြေရှင်းခဲ့ကြသည်။ တရားသူကြီးက ‘ခင်ဗျားတို့နှစ်ယောက်စလုံး ယေဟောဝါသက်သေတွေလား’ ဟုမေးမြန်းသည်။ တရားရုံးတွင် သူတို့အဘယ်ကြောင့်ရောက်နေသည်ကို သူနားမလည်နိုင်ပုံရှိသည်။ အမှန်ကဲ့ရဲ့ရှုတ်ချစရာပါပင်! ဤညီအစ်ကိုများသာ ယေဟောဝါဘုရားသခင်ကို သစ္စာစောင့်သိကြမည်ဆိုလျှင် တမန်တော်ပေါလု၏ စကားကို သူတို့နားထောင်ကြမည်– “အချင်းချင်းတရားတွေ့ကြသည်မှာ သင်တို့၌ မုချအသရေပျက်လေပြီ။ ထိုသို့မတွေ့ဘဲ မတရားရာ၊ လိမ်လည်ရာကို အဘယ်ကြောင့် မခံကြသနည်း။” (၁ ကောရိန္သု ၆:၇၊ သမ) ယေဟောဝါဘုရားသခင်ကို သစ္စာစောင့်သိခြင်းလမ်းစဉ်မှာ ယေဟောဝါနှင့် ကိုယ်တော်၏အဖွဲ့အစည်းအပေါ် ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်စေမည့်အစား ကိုယ်တိုင်အနစ်နာခံခြင်း အမှန်ပင်ဖြစ်၏။
၅ ယေဟောဝါဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်း၌ လူကိုကြောက်ရွံ့၍ အလျှော့ပေး လိုက်လျောမှုမပြုလုပ်ခြင်းလည်း ပါဝင်သည်။ “လူကိုကြောက်ရွံ့ခြင်းသဘောသည် ကျော့ကွင်းကို ထောင်တတ်၏။ ထာဝရဘုရားကိုခိုလှုံသောသူမူကား လုံခြုံလိမ့်မည်။” (သု. ၂၉:၂၅) ယင်းကြောင့် ကျွန်ုပ်တို့ညှဉ်းပန်းနှိပ်စက်ခံရသည့်အခါ လိုက်လျောအလျှော့ပေးကြမည်မဟုတ်ပါ။ ယင်းအစား ယခင်ဆိုဗီယက်သမ္မတနိုင်ငံ၊ မာလာဝီ၊ အီသီယိုးပီးယားနှင့် အခြားအခြားနိုင်ငံများရှိ ယေဟောဝါသက်သေများ၏ ပုံနမူနာကို ကျွန်ုပ်တို့တုပကြမည်ဖြစ်သည်။
၆။ သစ္စာစောင့်သိခြင်းသည် မည်သူတို့နှင့် ပေါင်းသင်းခြင်းမှ ကာကွယ်ပေးမည်နည်း။
၆ ကျွန်ုပ်တို့သည် ယေဟောဝါဘုရားသခင်ကို သစ္စာစောင့်သိမည်ဆိုလျှင် ကိုယ်တော်၏ရန်သူများနှင့် မိတ်ဖွဲ့မည်မဟုတ်။ ယင်းကြောင့် တပည့်တော်ယာကုပ်က “မတရားသောမေထုန်၌ မှီဝဲသောယောက်ျားမိန်းမတို့၊ လောကီမိတ်သဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့်မိတ်သဟာယဖွဲ့လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်၏” ဟူ၍ရေးခဲ့ရခြင်းဖြစ်သည်။ (ယာကုပ် ၄:၄) “အိုထာဝရဘုရား၊ ကိုယ်တော်ကိုမုန်းသောသူတို့ကို အကျွန်ုပ်မုန်းပါသည်မဟုတ်လော။ အာဏာတော်ကို ဆန်သောသူတို့ကို အကျွန်ုပ်ရွံရှာပါသည်မဟုတ်လော။ ထိုသူတို့ကို စိတ်နှလုံးအကြွင်းမဲ့ မုန်းပါ၏။ ကိုယ်ရန်သူကဲ့သို့မှတ်ပါ၏” ဟုဒါဝိဒ်မင်းကြီးပြောဆိုစဉ်က သူထင်ရှားပြခဲ့သော သစ္စာစောင့်သိခြင်းသဘောကို ကျွန်ုပ်တို့တင်ပြလိုကြသည်။ (ဆာလံ ၁၃၉:၂၁၊ ၂၂) ကျွန်ုပ်တို့သည် တမင်ပြစ်မှားသူများနှင့် အသွင်တူညီမှု တစ်ခုမျှမရှိသောကြောင့် သူတို့နှင့် မပေါင်းသင်းလိုကြပါ။ ဘုရားသခင်ကို သစ္စာစောင့်သိခြင်းက ယေဟောဝါ၏ရန်သူများနှင့် ကိုယ်တိုင်ကိုယ်ကျသော်လည်းကောင်း၊ ရုပ်မြင်သံကြားမှတစ်ဆင့်သော်လည်းကောင်း မပေါင်းသင်းဘဲနေစေမည်မဟုတ်ပေလော။
ယေဟောဝါဘက်မှ ခုခံကာကွယ်ပေးခြင်း
၇။ သစ္စာစောင့်သိခြင်းက ယေဟောဝါနှင့်ပတ်သက်၍ အဘယ်အရာကိုပြုလုပ်ရန် အကူအညီပေးမည်နည်း။ ယင်းကို ဧလိဟု မည်သို့ပြုလုပ်ခဲ့သနည်း။
၇ သစ္စာစောင့်သိခြင်းက ယေဟောဝါဘုရားသခင်ဘက်မှနေ၍ ခုခံကာကွယ်ပြောဆိုရန် ကျွန်ုပ်တို့ကိုတိုက်တွန်းပေးမည်။ ယင်းနှင့်စပ်လျဉ်း၍ ဧလိဟုသည် အလွန်ကောင်းသောပုံနမူနာဖြစ်ပါသည်တကား! ယောဘ ၃၂:၂၊ ၃ တွင်ဤသို့ဆိုထားသည်– “ဧလိဟုသည် အမျက်ထွက်၏။ . . . ဘုရားသခင်ထက် မိမိဖြောင့်မတ်ကြောင်းကိုပြသောကြောင့် ယောဘကို အမျက်ထွက်၏။ ယောဘ၏အဆွေခင်ပွန်းသုံးယောက်တို့သည် ပြန်၍မပြောနိုင်သော်လည်း ယောဘ၌ အပြစ်ရှိသည်ဟု စီရင်ကြသောကြောင့် သူတို့ကိုလည်း အမျက်ထွက်၏။” ယောဘအခန်းကြီး ၃၂ မှ ၃၇ အထိတွင် ယေဟောဝါဘက်မှ ဧလိဟု ခုခံကာကွယ်ပြောဆိုခဲ့သောစကားများပါသည်။ ဥပမာ၊ သူက “ငါ့ကိုသည်းခံပါလော့။ . . . ဘုရားသခင့်အဖို့ ပြောစရာရှိသေး၏။ . . . ငါ့ကိုဖန်ဆင်းတော်မူသောဘုရားသခင်သည် ဖြောင့်မတ်တော်မူကြောင်းကို ငါပြမည်။ . . . ဖြောင့်မတ်သောသူတို့ကို ပမာဏမပြုဘဲ နေတော်မမူ” ဟုဆိုသည်။—ယောဘ ၃၆:၂-၇။
၈။ ယေဟောဝါဘက်မှနေ၍ ခုခံကာကွယ်ပြောဆိုရန် အဘယ်ကြောင့်လိုသနည်း။
၈ ယေဟောဝါဘက်တွင်ရပ်တည်၍ ကိုယ်တော်အတွက် အဘယ်ကြောင့်ခုခံကာကွယ်ပြောဆိုပေးစရာလိုသနည်း။ ယနေ့ ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါ၏နာမတော်ကို နည်းအမျိုးမျိုးဖြင့် ရှုတ်ချပြစ်တင်နေကြပါသည်။ ဘုရားမရှိဟု အဆိုပြုနေကြ၏။ ကိုယ်တော်သည် သုံးပါးတစ်ဆူဖြစ်သည်၊ မီးကျွမ်းလောင်နေသောငရဲတွင် လူတို့ကို ထာဝစဉ် ညှဉ်းဆဲတော်မူသည်၊ လောကတစ်ခုလုံးကို ဘာသာဝင်များဖြစ်လာစေရန် အပျော့ဆွဲဖြင့်ကြိုးစားနေတော်မူသည်၊ လူသားမျိုးနွယ်ကို စိတ်ဝင်စားတော်မမူ စသည်တို့ဖြင့် အမျိုးမျိုးစွပ်စွဲပြောဆိုနေကြ၏။ ကိုယ်တော်အတွက် ခုခံကာကွယ်ပြောဆိုပေးပြီး ယေဟောဝါရှိတော်မူကြောင်း; ကိုယ်တော်သည် ဉာဏ်ပညာနှင့်ပြည့်စုံပြီး တရားမျှတတော်မူသည့်၊ အနန္တတန်ခိုးရှင်၊ ချစ်ခြင်းမေတ္တာသခင်ဖြစ်တော်မူကြောင်း; ခပ်သိမ်းသောအမှုအရာတို့အတွက် အချိန်ကန့်သတ်ထားတော်မူကြောင်း; သတ်မှတ်ထားသောအချိန် ကျရောက်သည့်အခါ မကောင်းမှုအားလုံးကို အဆုံးတိုင်စေပြီး ကမ္ဘာတစ်ဝန်းကို ပရဒိသုဖြစ်စေတော်မူမည်ဖြစ်ကြောင်း သက်သေအထောက်အထားပြခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်ကိုသစ္စာစောင့်သိကြောင်း ထင်ရှားစေကြသည်။ (ဒေသနာ ၃:၁) ယင်းသို့ပြုရန် အခွင့်အရေးရတိုင်း ယေဟောဝါ၏နာမတော်နှင့် ကိုယ်တော်၏နိုင်ငံတော်အကြောင်း သက်သေခံဖို့လိုပါသည်။
ယေဟောဝါ၏အဖွဲ့အစည်းကို သစ္စာစောင့်သိခြင်း
၉။ အဘယ်အရေးကိစ္စများကြောင့် အချို့သူများသည် သစ္စာစောင့်သိခြင်းကင်းမဲ့ကြောင်း တင်ပြခဲ့သနည်း။
၉ ယခု ယေဟောဝါ၏ မျက်မြင်ရအဖွဲ့အစည်းအပေါ် သစ္စာစောင့်သိခြင်းကိစ္စကို ဆွေးနွေးစရာအကြောင်းပေါ်လာသည်။ ခရစ်ယာန်အသင်းတော်ကို ဝိညာဉ်အစာကျွေးမွေးနေသည့် “သစ္စာနှင့်သတိပညာရှိသောကျွန်” ပါဝင်သည့် အဖွဲ့အစည်းတော်ကို ကျွန်ုပ်တို့အမှန်သစ္စာစောင့်သိရမည်ဖြစ်သည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) ဥပမာ၊ ကင်းမျှော်စင်စာပေစာတမ်းများတွင် ကျွန်ုပ်တို့နားမလည်နိုင်သော၊ သို့မဟုတ် လက်မခံနိုင်သေးသော အကြောင်းအရာတစ်ခုခု ပါလာသည်ဆိုပါစို့။ မည်သို့ပြုကြမည်နည်း။ ဗွေယူပြီး အဖွဲ့အစည်းမှ ထွက်သွားကြမည်လော။ ပဋိညာဉ်သစ်သည် အနှစ်တစ်ထောင်ကာလကိုဆိုလိုသည်ဟု လွန်ခဲ့သောနှစ်အတန်ကြာက ကင်းမျှော်စင်တွင်ဖော်ပြသောအခါ အချို့သောသူများသည် ထိုသို့ပြုခဲ့ကြ၏။ အခြားသူများကမူ ကြားနေမှုကိစ္စနှင့်ပတ်သက်၍ တစ်ချိန်က ကင်းမျှော်စင်တင်ပြခဲ့သောအကြောင်းကို ဗွေယူခဲ့ကြသည်။ ဤအကြောင်းများကြောင့် ထိမိ၍လဲခဲ့သူများသာ အဖွဲ့အစည်းကိုလည်းကောင်း၊ မိမိတို့၏ညီအစ်ကိုများကိုလည်းကောင်း သစ္စာစောင့်သိကြမည်ဆိုလျှင် ယင်းအကြောင်းများကို ယေဟောဝါရှင်းလင်းဖော်ပြမည့်အချိန်တိုင်အောင် စောင့်မျှော်နေကြပါလိမ့်မည်။ ကိုယ်တော်သည် အချိန်တန်သော် ထိုသို့ပြုမူတော်မူခဲ့၏။ ယင်းကြောင့် သစ္စာစောင့်သိခြင်းဟုဆိုရာတွင် သစ္စာနှင့်သတိပညာရှိသောကျေးကျွန်ထံမှ ထပ်မံရှင်းလင်းချက် မရမချင်း စိတ်ရှည်စွာ စောင့်ဆိုင်းနေခြင်းပါဝင်သည်။
၁၀။ သစ္စာစောင့်သိခြင်းက အဘယ်အရာကို စူးစမ်းချင်စိတ်ရှိခြင်းမှ ကျွန်ုပ်တို့ကို ကာကွယ်သနည်း။
၁၀ ယေဟောဝါ၏ မျက်မြင်ရအဖွဲ့အစည်းအပေါ် သစ္စာစောင့်သိခြင်းဟုဆိုရာတွင် အယူဖောက်ပြန်သူများနှင့် လုံးဝအဆက်အသွယ်မပြုခြင်းလည်းပါဝင်သည်။ သစ္စာစောင့်သိသောခရစ်ယာန်များသည် ဤကဲ့သို့သောသူတို့၏စကားကို စူးစမ်းချင်စိတ်ရှိကြမည်မဟုတ်ပါ။ မှန်ပါသည်၊ ကမ္ဘာပေါ်တွင် ယေဟောဝါဘုရားသခင်၏လုပ်ငန်းတော်ကို ဦးစီးခွင့်ရသူများမှာ မစုံလင်သူများဖြစ်ကြသည်။ သို့သော် ဘုရားသခင်၏နှုတ်ကပါဌ်တော်က မည်သို့မှာထားသနည်း။ ဘုရားသခင့်အဖွဲ့အစည်းကို စွန့်ခွာသွားရန်လော။ မဟုတ်ပါ။ ညီရင်းအစ်ကိုမေတ္တာက ယင်းကိုသစ္စာစောင့်သိစေသင့်သည်။ ထို့ပြင် “ညီအစ်ကိုများကို . . . အားကြီးသောချစ်ခြင်းမေတ္တာ” ဆက်တင်ပြစေသင့်သည်။—၁ ပေတရု ၁:၂၂၊ ကဘ။
သစ္စာစောင့်သိသောအကြီးအကဲများကို သစ္စာစောင့်သိခြင်း
၁၁။ သစ္စာစောင့်သိခြင်းသည် အဘယ်အကျိုးမပြုသော အတွေးအခေါ်မျိုးကို သတိပြုရှောင်ကြဉ်စေမည်နည်း။
၁၁ အသင်းတော်တွင် ကျွန်ုပ်တို့နားမလည်နိုင်သော အရေးကိစ္စတစ်ခုကို ပြုလုပ်သည့်အခါ သို့မဟုတ် ပြောဆိုသည့်အခါ ပြုလုပ်ပြောဆိုရသည့်အကြောင်းကို စစ်ကြောဆုံးဖြတ်မည့်အစား ပြုမူစီရင်နည်းတစ်နည်းဖြစ်ပေမည်ဟု ယူမှတ်ရန် သစ္စာစောင့်သိခြင်းက အထောက်အကူပြုပါလိမ့်မည်။ ခန့်အပ်ခံအကြီးအကဲများနှင့် ယုံကြည်သူချင်းတို့၏ အားနည်းချက်များအပေါ် စိတ်ရောက်နေမည့်အစား သူတို့၏အရည်အချင်းကောင်းများကို တွေးတောဆင်ခြင်လျှင် ပို၍မကောင်းပေလော။ မှန်ပါသည်၊ ဤကဲ့သို့သောအကျိုးမပြုသည့် အတွေးအခေါ်အားလုံးတို့ကို သတိပြုရှောင်ကြဉ်လိုကြ၏။ အကြောင်းမူကား ယင်းစိတ်ထားသည် သစ္စာမဲ့ခြင်းနှင့် အတူတူပင်ဖြစ်ခြင်းကြောင့်ဖြစ်သည်! သစ္စာစောင့်သိခြင်းသည် “အဘယ်သူကိုမျှမကဲ့ရဲ့” ရန် ပေါလုသတိပေးထားသောစကားကို လိုက်နာဖို့လည်း အကူအညီပေးပါမည်။—တိတု ၃:၁၊ ၂။
၁၂၊ ၁၃။ အကြီးအကဲများသည် အဘယ်အထူးစိန်ခေါ်ချက်များ ရင်ဆိုင်ရသနည်း။
၁၂ သစ္စာစောင့်သိခြင်းသည် အကြီးအကဲများအတွက် အထူးစိန်ခေါ်ချက်များကို ပေါ်ပေါက်စေသည်။ ယင်းတို့အနက် တစ်ခုမှာ အတွင်းစကားကို မပေါက်ကြားစေခြင်းဖြစ်သည်။ အသင်းတော်သားတစ်ဦးက အကြီးအကဲတစ်ဦးအား အကြောင်းကိစ္စတစ်ခုကို ရင်ဖွင့်ပြောဆိုပေမည်။ သစ္စာစောင့်သိခြင်းသည် အတွင်းရေးမပေါက်ကြားစေရန် အကြီးအကဲကိုအကူအညီပေးပါမည်။ “ဝှက်ထားအပ်သောအမှုအရာကို သူတစ်ပါးအား ထုတ်၍မပြနှင့်” ဟုနယပုံပြင် ၂၅:၉ တွင်ပါသည့်သြဝါဒကို သူလိုက်နာမည်ဖြစ်သည်။ ဇနီးဖြစ်သူကိုပင် ထုတ်ဖော်ပြောဆိုမည်မဟုတ်ပေ!
၁၃ အကြီးအကဲများသည် သစ္စာစောင့်သိခြင်းဆိုင်ရာ အခြားစမ်းသပ်မှုများကိုလည်း ရင်ဆိုင်ရ၏။ သူတို့သည် လူ့အလိုလိုက်သူများဖြစ်ကြမည်လော။ သို့မဟုတ် ဆုံးမပဲ့ပြင်မှု လိုအပ်နေသူသည် သွေးသားတော်စပ်သောဆွေမျိုး၊ ရင်းနှီးသော မိတ်ဆွေဖြစ်နေသည့်တိုင်အောင် သတ္တိရှိရှိ၊ နူးညံ့စွာဖြင့် ကူညီပေးမည်လော။ ယေဟောဝါ၏အဖွဲ့အစည်းအပေါ် သစ္စာစောင့်သိခြင်းသည် ဝိညာဏအကူအညီလိုအပ်သူများကို ကြိုးစားကူညီပေးရန် အကြီးအကဲဖြစ်သူများကို တိုက်တွန်းပေးပါလိမ့်မည်။ (ဂလာတိ ၆:၁၊ ၂) သစ္စာစောင့်သိခြင်းသည် တမန်တော်ပေတရုကို ပေါလုက ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့သည်နည်းတူ အကြီးအကဲဖြစ်သူချင်းနှင့် ပွင့်ပွင့်လင်းလင်း၊ ကြင်ကြင်နာနာ ဆက်ဆံစေပါလိမ့်မည်။ (ဂလာတိ ၂:၁၁-၁၄) တစ်ဖက်တွင် ကြီးကြပ်မှူးများသတိပြုစရာရှိသည်။ သူတို့သည် ပညာမဲ့စွာ ပြုမူခြင်း၊ သို့မဟုတ် မျက်နှာသာပေးခြင်း၊ သို့မဟုတ် မိမိတို့၏အခွင့်အာဏာကို တစ်နည်းနည်းဖြင့် အလွဲသုံးစားပြုခြင်းအားဖြင့် သူတို့၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက်ရှိသူများကို ဘုရားသခင်၏အဖွဲ့အစည်းအပေါ် သစ္စာစောင့်သိကြရန် ခဲယဉ်းစေနိုင်သည်။—ဖိလိပ္ပိ ၄:၅။
၁၄၊ ၁၅။ အသင်းတော်သားများ၏ သစ္စာစောင့်သိခြင်းသည် အဘယ်အရာများအားဖြင့် စမ်းသပ်ခံရဖွယ်ရှိသနည်း။
၁၄ အသင်းတော်နှင့် ၎င်း၏အကြီးအကဲများအပေါ် သစ္စာစောင့်သိခြင်း စိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်းနှင့်ပတ်သက်၍ အခြားအသွင်အပြင်များ ရှိသေးသည်။ အသင်းတော်တွင် စိတ်ထင့်စရာအခြေအနေများပေါ်ပေါက်နေမည်ဆိုလျှင် ယေဟောဝါအပေါ်၌လည်းကောင်း၊ ကိုယ်တော်၏ကိုယ်စားလှယ်များအပေါ်၌လည်းကောင်း သစ္စာစောင့်သိကြောင်း ထင်ရှားပြခွင့်ရရှိသည်။ (၁၉၈၈၊ ဇွန် ၁၅ ကင်းမျှော်စင်၊ စာမျက်နှာ ၁၅-၁၇ ရှု။) အသင်းတော်မှနှင်ထုတ်ခြင်းကိစ္စတစ်ခုရှိသည့်အခါ အကြီးအကဲများကို ထောက်ခံအားပေးရန် သစ္စာစောင့်သိခြင်းက တောင်းဆိုသည်။ ထိုသို့ဆုံးဖြတ်စီရင်ရန် အကြောင်းခိုင်လုံ၏လောဟု တွေးတောနေမည်မဟုတ်ပါ။
၁၅ အသင်းတော်အပေါ် သစ္စာစောင့်သိခြင်းက အခြေအနေနှင့် အစွမ်းအစခွင့်ပြုသမျှ ပတ်စဉ်ကျင်းပသောအစည်းအဝေး ငါးခုစလုံးကိုတက်ရန် တောင်းဆိုသည်။ ၎င်းတို့ကို မှန်မှန်တက်ရုံမက ယင်းတို့အတွက်ကြိုတင်ပြင်ဆင်ပြီး အခွင့်အရေးရတိုင်း တည်ဆောက်အားပေးသော မှတ်ချက်များပြောဆိုရန် သစ္စာစောင့်သိခြင်းက တောင်းဆိုပါသည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
အိမ်ထောင်ရေး သစ္စာစောင့်သိမှု
၁၆၊ ၁၇။ အိမ်ထောင်သည်ခရစ်ယာန်များသည် သစ္စာစောင့်သိခြင်းနှင့်ပတ်သက်၍ အဘယ်စိန်ခေါ်ချက်များကို ရင်ဆိုင်ရမည်နည်း။
၁၆ အခြားမည်သူတို့အပေါ် သစ္စာစောင့်သိဖို့လိုသေးသနည်း။ ကျွန်ုပ်တို့သည် အိမ်ထောင်သည်များဖြစ်မည်ဆိုလျှင် အိမ်ထောင်ရေးဆိုင်ရာ သစ္စာကတိဝတ်ကြောင့် မိမိတို့၏အိမ်ထောင်ဖက်ပေါ် သစ္စာစောင့်သိရမည့်စိန်ခေါ်ချက်ကို ရင်ဆိုင်ရန်လိုသည်။ မိမိတို့၏အိမ်ထောင်ဖက်အပေါ် သစ္စာစောင့်သိမည်ဆိုလျှင် အခြားအမျိုးသမီးများ၊ သို့မဟုတ် အခြားအမျိုးသားများတို့ကို ပို၍ခင်မင်သည့်အမှားမျိုးကို ပြုမည်မဟုတ်ပါ။ မိမိတို့၏အိမ်ထောင်ဖက်အပေါ် သစ္စာစောင့်သိခြင်းသည် ကျွန်ုပ်တို့အိမ်ထောင်ဖက်၏ အားနည်းချက်၊ သို့မဟုတ် ချွတ်ယွင်းချက်များကို အပြင်လူတို့အား မဖော်ထုတ်ရန် တောင်းဆိုသည်။ ရွှေပညတ်နှင့်အညီ ကျွန်ုပ်တို့၏အိမ်ထောင်ဖက်နှင့် ဆက်သွယ်ရေးလမ်းကြောင်း ကောင်းနေရန်ကြိုးစားခြင်းထက် သူတစ်ပါးရှေ့ ညည်းညူပြောဆိုခြင်းသည် ပိုလွယ်ကူပါသည်။ (မဿဲ ၇:၁၂) အမှန်သော်ကား၊ အိမ်ထောင်သည်ဘဝသည် ကျွန်ုပ်တို့၏ခရစ်ယာန်သစ္စာစောင့်သိမှုအတွက် တကယ့်စိန်ခေါ်ချက်ဖြစ်သည်။
၁၇ သစ္စာစောင့်သိမှုဆိုင်ရာ ဤစိန်ခေါ်ချက်ကို ရင်ဆိုင်နိုင်ရန် ကြီးလေးသောအကျင့်ဖောက်ပြန်မှုကို ရှောင်ကြဉ်ရုံမက ကျွန်ုပ်တို့၏အကြံအစည်များနှင့် ခံစားချက်များတို့ကိုပါ ချုပ်တည်းထားရန်လိုသည်။ (ဆာလံ ၁၉:၁၄) ဥပမာ၊ ကျွန်ုပ်တို့၏လှည့်ဖြားသွေးဆောင်တတ်သောနှလုံးသည် သာယာမှုနှင့် စိတ်လှုပ်ရှားတက်ကြွမှုတို့ကို အရသာခံလိုသော လောဘစိတ်ရှိမည်ဆိုလျှင် တစ်ကိုယ်ကောင်းဆန်ဆန် သဘောကျရုံကျခြင်းမှတစ်ဆင့် မက်မောတောင့်တခြင်းသို့ သွေးဆောင်ခံရရန် အလွန်လွယ်ကူပေသည်။ ရှောလမုန်မင်းကြီးသည် လင်ယောက်ျားတို့အား “ကိုယ်ဆိုင်သောရေအိုးကိုသုံး” ကြရန် ဆုံးမကာ အိမ်ထောင်ရေးသစ္စာရှိမှုကို ထောက်ခံအားပေးခဲ့သည်။ (သု. ၅:၁၅) ယေရှုကလည်း “ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ” ဟုမိန့်တော်မူခဲ့သည်။ (မဿဲ ၅:၂၈) စိတ်အလိုလိုက်၍ အပြာစာပေများကို ကြည့်ရှုတတ်သော လင်ယောက်ျားများသည် လင်မယားသစ္စာဖျက်ရန် သွေးဆောင်ခံရပြီး မိမိတို့၏ဇနီးသည်ကို လိမ်လည်လှည့်ဖြားကာ သစ္စာမဲ့တတ်ကြ၏။ ထိုနည်းတူစွာ သူ့သားအိမ်ရာပြစ်မှားခြင်း အချစ်ဇာတ်လမ်းစွဲနေသော ဇနီးသည်တစ်ဦးသည် မိမိ၏လင်ယောက်ျားကို သစ္စာမဲ့ရန် သွေးဆောင်ခံရပေမည်။ သို့ရာတွင် မိမိ၏အိမ်ထောင်ဖက်ကို အမှန်တကယ်သစ္စာစောင့်သိခြင်းအားဖြင့် အိမ်ထောင်ရေးနှောင်ကြိုးကိုခိုင်မြဲစေပြီး ယေဟောဝါဘုရားသခင်၏အလိုတော်နှင့်တွေ့ကြရန် တစ်ဦးကိုတစ်ဦးဖေးမကူညီကြ၏။
အမြဲသစ္စာစောင့်သိနေစေသည့် အထောက်အကူများ
၁၈။ အဘယ်အရာကို သဘောပေါက်နားလည်ထားခြင်းသည် သစ္စာစောင့်သိရန် အထောက်အကူပြုမည်နည်း။
၁၈ ဤနယ်ပယ်လေးရပ်ဖြစ်သည့် ယေဟောဝါအပေါ်၊ ကိုယ်တော်၏အဖွဲ့အစည်းအပေါ်၊ အသင်းတော်အပေါ်နှင့် ကျွန်ုပ်တို့၏အိမ်ထောင်ဖက်များအပေါ် သစ္စာစောင့်သိခြင်း စိန်ခေါ်ချက်ကို ရင်ဆိုင်နိုင်ရန် အဘယ်အရာက အထောက်အကူပြုမည်နည်း။ အထောက်အကူတစ်ခုမှာ သစ္စာစောင့်သိခြင်း စိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်းသည် ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို သင်္ကာယနကင်းရှင်းစေခြင်းနှင့်ပတ်သက်နေကြောင်း သဘောပေါက်နားလည်ထားခြင်းဖြစ်သည်။ မှန်ပါသည်၊ သစ္စာစောင့်သိခြင်းအားဖြင့် ယေဟောဝါသည် စကြဝဠာကို အကြွင်းမဲ့ပိုင်သအုပ်စိုးထိုက်သောအရှင်ဖြစ်သည်ဟု အသိအမှတ်ပြုရာရောက်သည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့သည် ကိုယ့်သိက္ခာကိုယ် လေးစားနိုင်ကာ ယေဟောဝါ၏ကမ္ဘာသစ်တွင် ထာဝရအသက်ရရန်လည်း မျှော်လင့်နိုင်ပေသည်။ သစ္စာစောင့်သိခြင်းဆိုင်ရာ ပုံနမူနာကောင်းများဖြစ်သည့် ယေဟောဝါ ကိုယ်တော်တိုင်မှအစ သမ္မာကျမ်းစာနှင့် နှစ်ချုပ်စာအုပ်ပါ မှတ်တမ်းများ၌သာမက ကင်းမျှော်စင်အသင်း၏ စာပေစာတမ်းများတွင် ဖော်ကျူးခံရသူများအကြောင်းကို ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် သစ္စာစောင့်သိမြဲ စောင့်သိကြရန် အကူအညီရနိုင်ပါမည်။
၁၉။ ယုံကြည်ခြင်းသည် သစ္စာစောင့်သိရန် အဘယ်ကဏ္ဍမှကူညီပေးသနည်း။
၁၉ ယေဟောဝါဘုရားသခင်အပေါ် ယုံကြည်ခြင်းခိုင်မြဲပြီး ကိုယ်တော်၏စိတ်တော်နှင့်မတွေ့မည်ကို စိုးရိမ်ခြင်းသည် သစ္စာစောင့်သိခြင်း စိန်ခေါ်ချက်ကို ရင်ဆိုင်ရန် အထောက်အကူပြုပါလိမ့်မည်။ ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို အပတ်တကုတ်လေ့လာဖတ်ရှုခြင်းနှင့် ခရစ်ယာန်ဓမ္မအမှုတွင် ပါဝင်ခြင်းအားဖြင့် ယေဟောဝါကို ယုံကြည်ကိုးစားမှုနှင့် ကိုယ်တော်ကို ကြောက်ရွံ့သောသဘော တိုးပွားစေသည်။ ယင်းက ဧဖက် ၄:၂၃၊ ၂၄ (ကဘ) တွင်မှတ်တမ်းတင်ထားသော ပေါလု၏သြဝါဒနှင့်အညီ ပြုမူကျင့်ကြံစေသည်– “သင်တို့စိတ်ကို စေ့ဆော်သည့်စွမ်းအားဖြင့် သင်တို့သည်အသစ်ပြုမူခံသင့်သည်။ စစ်မှန်သောဖြောင့်မတ်ခြင်းနှင့် သစ္စာစောင့်သိခြင်းအားဖြင့် ဘုရားသခင်၏အလိုတော်နှင့်အညီဖန်ဆင်းသော လူသစ်ကိုယူတင်ဝတ်ဆောင်” လော့။
၂၀။ အထူးသဖြင့် အဘယ်အရည်အချင်းသည် ယေဟောဝါအပေါ်တွင်လည်းကောင်း၊ ကျွန်ုပ်တို့ သစ္စာစောင့်သိထိုက်သော အခြားသူအားလုံးအပေါ်တွင်လည်းကောင်း သစ္စာစောင့်သိရန် အထောက်အကူပြုမည်နည်း။
၂၀ ယေဟောဝါ၏အရည်အချင်းများကို တန်ဖိုးထားလေးမြတ်ခြင်းသည် သစ္စာစောင့်သိရန် အထောက်အကူပြုသည်။ ထိုထက်ကား ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကို ကိုယ်ကျိုးမရှာဘဲ ချစ်ခြင်းနှင့် ကျွန်ုပ်တို့အတွက် ပြုလုပ်ထားတော်မူသမျှကို ကျေးဇူးတင်ခြင်း၊ စိတ်နှလုံးအကြွင်းမဲ့၊ စိုးလ်အကြွင်းမဲ့၊ ခွန်အားရှိသမျှဖြင့် ကိုယ်တော်ကိုချစ်ခြင်းတို့က ကိုယ်တော့်ကို သစ္စာစောင့်သိရန် အထောက်အကူပြုပါမည်။ ထို့ပြင် ယေရှု၏တပည့်နောက်လိုက်များကို ခွဲခြားသတ်မှတ်စေမည့် ချစ်ခြင်းမေတ္တာရှိခြင်းသည် အသင်းတော်တွင်လည်းကောင်း၊ မိသားစုတွင်လည်းကောင်း ခရစ်ယာန်အားလုံးကို သစ္စာစောင့်သိသူများဖြစ်စေရန် အထောက်အကူပြုပါလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုလျှင် ယင်းသည် ကိုယ်ကျိုးရှာခြင်း၊ သို့မဟုတ် ကိုယ်ကျိုးမရှာခြင်းကိစ္စပင်ဖြစ်သည်။ သစ္စာမဲ့ခြင်းသည် ကိုယ်ကျိုးရှာခြင်းဖြစ်သည်။ သစ္စာစောင့်သိခြင်းမူကား ကိုယ်ကျိုးမရှာခြင်းပင်ဖြစ်သည်။—မာကု ၁၂:၃၀၊ ၃၁; ယောဟန် ၁၃:၃၄၊ ၃၅။
၂၁။ သစ္စာစောင့်သိခြင်းစိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်းအကြောင်း မည်သို့ခြုံ၍ပြောနိုင်သနည်း။
၂၁ ခြုံ၍ပြောရလျှင် သစ္စာစောင့်သိခြင်းသည် ယေဟောဝါဘုရားသခင်၊ ယေရှုခရစ်တော် နှင့် ယေဟောဝါ၏ စစ်မှန်သောကျေးကျွန်အားလုံး တင်ပြခဲ့ကြသော အလွန်ကောင်းမွန်သည့် အရည်အချင်းဖြစ်သည်။ ယေဟောဝါဘုရားသခင်နှင့် ကောင်းသောဆက်ဆံရေးရှိရန် ကိုယ်တော်၏ဖြောင့်မတ်သော လိုအပ်ချက်များနှင့်အညီ အသက်ရှင်နေထိုင်ခြင်း၊ ကိုယ်တော်၏ရန်သူများနှင့် လုံးဝမပတ်သက်ခြင်း၊ စည်းစနစ်တကျဖြစ်စေ၊ အလွတ်သဘောအရဖြစ်စေ ယေဟောဝါဘက်ရပ်တည်ပြီး ခုခံကာကွယ်သက်သေခံခြင်းအားဖြင့် ကိုယ်တော်အား သစ္စာစောင့်သိခြင်း စိန်ခေါ်ချက်ကို ရင်ဆိုင်ရမည်ဖြစ်သည်။ ယေဟောဝါ၏ မျက်မြင်ရအဖွဲ့အစည်းအပေါ် သစ္စာစောင့်သိခြင်းစိန်ခေါ်ချက်ကိုလည်း ရင်ဆိုင်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏အသင်းတော်နှင့် ကျွန်ုပ်တို့၏ အိမ်ထောင်ဖက်တို့ကိုလည်း သစ္စာစောင့်သိရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် သစ္စာစောင့်သိခြင်း၏စိန်ခေါ်ချက်ကို အောင်မြင်စွာရင်ဆိုင်ခြင်းအားဖြင့် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုအပေါ် သင်္ကာယနကင်းရှင်းရေးတွင် ပါဝင်နေရာရောက်ပါလိမ့်မည်။ သို့ဖြင့် ယင်းပြဿနာတွင် ကိုယ်တော်ဘက်ရပ်တည်နေကြပါလိမ့်မည်။ ဤသို့ပြုခြင်းဖြင့် ကိုယ်တော်၏မျက်နှာသာတော်ကို ခံစားရပြီး ထာဝရအသက်ဆုကျေးဇူးကို ရရှိမည်ဖြစ်သည်။ ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်ပတ်သက်၍ တမန်တော်ပေါလုပြောဆိုခဲ့သောစကားသည် သစ္စာစောင့်သိခြင်းစိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်းနှင့်လည်း သက်ဆိုင်သည်ဟု ဆိုနိုင်ပါမည်။ ယင်းသည် ယခုဘဝ၊ နောင်ဘဝအတွက် အမှန်တကယ်အကျိုးပေးပါသည်။—ဆာလံ ၁၈:၂၅; ၁ တိမောသေ ၄:၈။
သင်မည်သို့ဖြေဆိုမည်နည်း
◻ ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်း စိန်ခေါ်ချက်ကို အဘယ်နည်းများဖြင့် ရင်ဆိုင်နိုင်မည်နည်း။
◻ ယေဟောဝါ၏အဖွဲ့အစည်းအပေါ် သစ္စာစောင့်သိခြင်းသည် အဘယ်အရာကို တောင်းဆိုသနည်း။
◻ အကြီးအကဲများသည် သစ္စာစောင့်သိခြင်း စိန်ခေါ်ချက်ကို မည်သို့ရင်ဆိုင်နိုင်မည်နည်း။
◻ အိမ်ထောင်ရှိသော ခရစ်ယာန်များသည် သိစ္စာစောင့်သိခြင်းနှင့်ပတ်သက်၍ အဘယ်စိန်ခေါ်ချက်ကို ရင်ဆိုင်ရမည်နည်း။
◻ သစ္စာစောင့်သိခြင်း စိန်ခေါ်ချက်ကို ရင်ဆိုင်နိုင်ရန် အဘယ်အရည်အချင်းများက အကူအညီပေးမည်နည်း။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
အသင်းတော်သားများအပေါ် သစ္စာစောင့်သိခြင်းက အကြီးအကဲများကို အတွင်းရေးကိစ္စများ မဖော်ထုတ်ရန် စောင့်ထိန်းစေသည်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
မိမိ၏အိမ်ထောင်ဖက်ကို သစ္စာစောင့်သိခြင်းက အိမ်ထောင်နှောင်ကြိုးကို ခိုင်မြဲစေသည်