-
“လျှို့ဝှက်ချက်တွေကို ဖွင့်ပြတဲ့အရှင်” ယေဟောဝါကင်းမျှော်စင်—၂၀၁၂ | ဇွန် ၁၅
-
-
“လျှို့ဝှက်ချက်တွေကို ဖွင့်ပြတဲ့အရှင်” ယေဟောဝါ
‘သင်တို့ရဲ့ဘုရားသခင်က ဘုရားသခင်တွေရဲ့ဘုရားသခင်၊ ဘုရင်တွေရဲ့သခင်၊ လျှို့ဝှက်ချက်တွေကိုဖွင့်ပြတဲ့အရှင် ဖြစ်တယ်ဆိုတာ အမှန်ပဲ။’ —ဒံ. ၂:၄၇၊ ကဘ။
သင့်အဖြေက ဘာလဲ
အနာဂတ်နဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ကို ယေဟောဝါ ဘာဖွင့်ပြခဲ့သလဲ။
သားရဲရဲ့ ပထမဦးခေါင်းခြောက်လုံးက ဘာတွေကို ကိုယ်စားပြုသလဲ။
နေဗုခဒ်နေဇာမြင်မက်တဲ့ရုပ်တုကြီးရဲ့ဘယ်အပိုင်းတွေနဲ့ သားရဲရဲ့ဘယ်အပိုင်းတွေက ဆင်တူသလဲ။
၁၊ ၂။ ယေဟောဝါက ကျွန်ုပ်တို့ကို ဘယ်အရာ ဖွင့်ပြခဲ့သလဲ။ ကိုယ်တော် ဘာကြောင့် ဒီလိုလုပ်ဆောင်ခဲ့တာလဲ။
ဘုရားသခင့်နိုင်ငံတော်က လူ့အုပ်ချုပ်မှုအားလုံးကို မဖျက်ဆီးခင်အချိန်လေးမှာ တည်ရှိနေမယ့် ကမ္ဘာ့အာဏာစက်က ဘာဖြစ်မလဲ။ “လျှို့ဝှက်ချက်တွေကို ဖွင့်ပြတဲ့အရှင်” ယေဟောဝါဘုရားသခင်က ဒီအကြောင်းအရာကို ပရောဖက်ဒံယေလနဲ့ တမန်တော်ယောဟန်တို့ကနေတစ်ဆင့် ကျွန်ုပ်တို့ကိုဖွင့်ပြပေးတဲ့အတွက် အဖြေကို ကျွန်ုပ်တို့သိကြတယ်။
၂ ယေဟောဝါက ဒံယေလနဲ့ ယောဟန်ကို သားရဲတွေနဲ့ပတ်သက်တဲ့ ရူပါရုံတွေပေးခဲ့တယ်။ ကိုယ်တော်က ဒံယေလကို ဧရာမ သတ္တုရုပ်တုကြီးနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်အိပ်မက်ရဲ့အဓိပ္ပာယ်ကိုလည်း ရှင်းပြခဲ့တယ်။ ယေဟောဝါက ဒံယေလနဲ့ ယောဟန်ကို ဒီရူပါရုံတွေအကြောင်း ကျမ်းစာမှာ မှတ်တမ်းတင်ရေးသားစေခြင်းအားဖြင့် ဒီအကြောင်းတွေကို ကျွန်ုပ်တို့ဖတ်ရှုနိုင်ဖို့ လုပ်ဆောင်ပေးခဲ့တယ်။ (ရော. ၁၅:၄) ကိုယ်တော်ဒီလိုလုပ်ဆောင်တာက ဘုရားသခင့်နိုင်ငံတော်ဟာ လူ့အုပ်ချုပ်မှုအားလုံးကို ဖျက်ဆီးပစ်တော့မယ်ဆိုတဲ့ ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက်ကို ခိုင်ခံ့စေဖို့ဖြစ်တယ်။—ဒံ. ၂:၄၄၊ ၄၅။
၃။ သမ္မာကျမ်းစာပါ ပရောဖက်ပြုချက်တွေကို နားလည်နိုင်ဖို့ ဦးဆုံး ဘာကိုနားလည်ထားရမလဲ။ ဘာကြောင့်လဲ။
၃ ဒံယေလနဲ့ ယောဟန်တို့ရဲ့ပရောဖက်ပြုချက်တွေက ဘုရင်ရှစ်ပါးဖြစ်တဲ့ လူ့အုပ်ချုပ်မှုအာဏာစက်တွေအကြောင်းနဲ့ သူတို့ ဘယ်လိုအစဉ်အတိုင်း ပေါ်ထွက်လာမယ်ဆိုတာ ဖော်ပြတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့က သမ္မာကျမ်းစာမှာပါတဲ့ ပထမဆုံးပရောဖက်ပြုချက်ကို နားလည်မှသာ အဲဒီပရောဖက်ပြုချက်တွေကို နားလည်နိုင်မှာဖြစ်တယ်။ ဘာကြောင့်လဲ။ သမ္မာကျမ်းစာတစ်အုပ်လုံးနဲ့ ကျမ်းစာပါပရောဖက်ပြုချက်အားလုံးက ပထမဆုံးပရောဖက်ပြုချက်နဲ့ ချိတ်ဆက်မှုရှိနေတဲ့အတွက်ကြောင့်ပါပဲ။
မြွေရဲ့အမျိုးအနွယ်နဲ့ သားရဲ
၄။ မိန်းမရဲ့အမျိုးအနွယ်မှာပါဝင်တဲ့ အပိုင်းနှစ်ပိုင်းက ဘယ်သူတွေလဲ။ အဲဒီအမျိုးအနွယ်က ဘာလုပ်ဆောင်မလဲ။
၄ ဧဒင်မှာ ပုန်ကန်မှုဖြစ်ပြီး မကြာခင်မှာ “မိန်းမ” ကနေ “အမျိုးအနွယ်” ပေါ်ထွက်လာမယ်ဆိုတဲ့အကြောင်း ယေဟောဝါ ပရောဖက်ပြုခဲ့တယ်။a (ကမ္ဘာဦး ၃:၁၅ ကိုဖတ်ပါ။) အဲဒီအမျိုးအနွယ်က မြွေဖြစ်သူစာတန်ရဲ့ခေါင်းကို “ကြိတ်” မှာဖြစ်တယ်။ အဲဒီအမျိုးအနွယ်ဟာ အာဗြဟံရဲ့မျိုးရိုးကနေ ပေါ်ထွက်လာမယ်၊ အစ္စရေးလူမျိုး၊ ယုဒအနွယ်ဝင်ဖြစ်ပြီး ဘုရင်ဒါဝိဒ်ရဲ့ သားစဉ်မြေးဆက်တစ်ဦးဖြစ်မယ်ဆိုတာကို နောက်ပိုင်းမှာ ယေဟောဝါဖွင့်ပြခဲ့တယ်။ (က. ၂၂:၁၅-၁၈; ၄၉:၁၀; ဆာ. ၈၉: ၃၊ ၄; လု. ၁:၃၀-၃၃) ခရစ်တော်ယေရှုက အမျိုးအနွယ်ရဲ့အဓိကအပိုင်းဖြစ်တယ်။ (ဂလ. ၃:၁၆) ကောင်းကင်အတန်းအစားခရစ်ယာန်တွေက အမျိုးအနွယ်ရဲ့ ဒုတိယအပိုင်းဖြစ်တယ်။ (ဂလ. ၃:၂၆-၂၉) ယေရှုနဲ့ ကောင်းကင်အတန်းအစားဝင်တွေ ပေါင်းစည်းပြီး ဘုရားသခင့်နိုင်ငံတော်ကို ဖွဲ့စည်းထားတယ်။ ဘုရားသခင်က ဒီနိုင်ငံတော်ကိုသုံးပြီး စာတန်ကိုဖျက်ဆီးပါလိမ့်မယ်။—လု. ၁၂:၃၂; ရော. ၁၆:၂၀။
၅၊ ၆။ (က) ဒံယေလနဲ့ ယောဟန်တို့မြင်ရတဲ့ ရူပါရုံတွေက အင်အားကြီးအုပ်ချုပ်မှု ဘယ်နှစ်ခုအကြောင်း ဖော်ပြသလဲ။ (ခ) ဗျာဒိတ်ကျမ်းပါ သားရဲရဲ့ခေါင်းတွေက ဘာကိုဆိုလိုတာလဲ။
၅ ဧဒင်မှာ ယေဟောဝါပေးခဲ့တဲ့ ပထမဆုံးပရောဖက်ပြုချက်မှာ စာတန်မှာလည်း “အမျိုးအနွယ်” ရှိမယ်လို့ ဖော်ပြထားတယ်။ စာတန်ရဲ့အမျိုးအနွယ်က မိန်းမရဲ့အမျိုးအနွယ်ကို ရန်ငြိုးဖွဲ့ ဒါမှမဟုတ် မုန်းတီးမှာဖြစ်တယ်။ မြွေရဲ့အမျိုးအနွယ်က ဘယ်သူတွေလဲ။ စာတန်လိုပဲ ဘုရားသခင်ကိုမုန်းပြီး ကိုယ်တော့်လူမျိုးကို တိုက်ခိုက်သူအားလုံးဖြစ်တယ်။ စာတန်က သူ့အမျိုးအနွယ်ကို ဘာသာရေးနဲ့ စစ်အဖွဲ့အစည်းတွေအပြင် အုပ်ချုပ်မှုများစွာဖြစ်တဲ့ နိုင်ငံတွေနဲ့ ဖွဲ့စည်းခဲ့တယ်။ (လု. ၄:၅၊ ၆) အဲဒီအုပ်ချုပ်မှုတွေထဲကတချို့ကသာ ဘုရားသခင့်လူမျိုးဖြစ်တဲ့ အစ္စရေးလူမျိုး ဒါမှမဟုတ် ကောင်းကင်အတန်းအစားခရစ်ယာန်တွေကို ဗြောင်ကျကျ တိုက်ခိုက်ခဲ့ကြတယ်။ ဒီအချက်က တခြားအုပ်ချုပ်မှုတွေရှိပေမဲ့ ဒံယေလနဲ့ ယောဟန်တို့က အင်အားကြီးတဲ့ အုပ်ချုပ်မှုရှစ်ခုအကြောင်းကိုပဲ ဘာကြောင့်ဖော်ပြရတယ်ဆိုတာ နားလည်ဖို့ကူညီပေးတယ်။
၆ ရှင်ပြန်ထမြောက်ပြီးတဲ့ယေရှုက အေဒီ ၉၆ လောက်မှာ တမန်တော်ယောဟန်ကို ထူးဆန်းတဲ့ ရူပါရုံတချို့ ပေးခဲ့တယ်။ (ဗျာ. ၁:၁) ရူပါရုံတွေထဲကတစ်ခုမှာ ပင်လယ်သဲသောင်ပြင်ပေါ်ရပ်နေတဲ့ နဂါးတစ်ကောင်ကို ယောဟန်မြင်တွေ့ခဲ့တယ်။ ဒီနဂါးက စာတန်ကို ပုံဆောင်တယ်။ (ဗျာဒိတ် ၁၃:၁၊ ၂ ကိုဖတ်ပါ။) ပင်လယ်ထဲကတက်လာတဲ့ ထူးဆန်းတဲ့သားရဲတစ်ကောင်ကိုလည်း ယောဟန်မြင်တွေ့ခဲ့ရတယ်။ အဲဒီသားရဲမှာ ခေါင်းခုနစ်လုံးရှိပြီး စာတန်ဆီကနေ ကြီးစွာသောအခွင့်အာဏာကို ရရှိထားတယ်။ နောက်ပိုင်းမှာ နီမြန်းတဲ့သားရဲတစ်ကောင်ကိုလည်း ယောဟန်မြင်တွေ့ခဲ့တယ်။ အဲဒီသားရဲမှာလည်း ခေါင်းခုနစ်လုံးရှိတယ်။ အဲဒီသားရဲက ဗျာဒိတ် ၁၃:၁ မှာပါတဲ့ သားရဲရဲ့ရုပ်တုဖြစ်တယ်။ နီးမြန်းတဲ့သားရဲရဲ့ ခေါင်းခုနစ်လုံးက “ဘုရင်ခုနစ်ပါး” ဖြစ်တဲ့ အုပ်ချုပ်ရေးခုနစ်ခုကိုဆိုလိုကြောင်း ကောင်းကင်တမန်တစ်ပါးက ယောဟန်ကို ပြောပြခဲ့တယ်။ (ဗျာ. ၁၃:၁၄၊ ၁၅; ၁၇:၃၊ ၉၊ ၁၀) ဗျာဒိတ်ကျမ်းကို ယောဟန်ရေးချိန်မှာ အဲဒီဘုရင်တွေထဲက ငါးပါးကျသွားပြီး တစ်ပါးက လက်ရှိအုပ်စိုးနေတုန်းပဲ၊ နောက်တစ်ပါးကတော့ “ရောက်မလာသေး” ဘူး။ အဲဒီကမ္ဘာ့အာဏာစက်တွေက ဘာတွေလဲ။ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၃ မှာပါတဲ့ သားရဲရဲ့ခေါင်းတစ်လုံးစီကို လေ့လာကြည့်ကြစို့။ ဒံယေလကျမ်းကနေလည်း အဲဒီအုပ်ချုပ်ရေးတွေထဲက အတော်များများရဲ့အကြောင်းကို သိရပါလိမ့်မယ်။ ဒံယေလရဲ့ပရောဖက်ပြုချက်တွေက အဲဒီအုပ်ချုပ်မှုတွေထဲက တချို့အကြောင်းကို အသေးစိတ်ဖော်ပြတယ်၊ အဲဒီအုပ်ချုပ်မှုတွေမတည်ရှိခင် နှစ်ရာနဲ့ချီကတည်းက ကြိုတင်ဖော်ပြခဲ့တာဖြစ်တယ်။
ပထမဦးခေါင်းနှစ်လုံးဖြစ်တဲ့ အီဂျစ်နဲ့ အဆီးရီးယား
၇။ ပထမဆုံးဦးခေါင်းက ဘာကို ကိုယ်စားပြုသလဲ။ ဘာကြောင့်လဲ။
၇ သားရဲရဲ့ဦးဆုံးဦးခေါင်းက အီဂျစ်ဖြစ်တယ်၊ အကြောင်းကတော့ အီဂျစ်ဟာ ဘုရားသခင့်လူမျိုးကို မုန်းတီးပြီး တိုက်ခိုက်တဲ့ ဦးဆုံးကမ္ဘာ့အာဏာစက်ဖြစ်လို့ပါပဲ။ မိန်းမရဲ့အမျိုးအနွယ်ဟာ အာဗြဟံရဲ့မျိုးရိုးကနေ ဆင်းသက်လာမယ်ဆိုပြီး အာဗြဟံကို ဘုရားသခင် ကတိပေးခဲ့တယ်။ အစ္စရေးလူမျိုးက အာဗြဟံရဲ့သားစဉ်မြေးဆက်တွေဖြစ်တယ်။ အစ္စရေးလူမျိုး အီဂျစ်ပြည်မှာနေတုန်းက လူဦးရေတိုးပွားလာလို့ အီဂျစ်တွေက သူတို့ကို ကြမ်းတမ်းခက်ထန်စွာ စတင်ပြုမူဆက်ဆံခဲ့ကြတယ်။ စာတန်က အမျိုးအနွယ်ပေါ်ထွက်လာမှာကို မလိုလားတဲ့အတွက် ဘုရားသခင့်လူမျိုးကို မျိုးပြုတ်အောင်လုပ်ဖို့ ကြိုးစားခဲ့တယ်။ ဒါကြောင့် စာတန်က ဖာရောကိုသုံးပြီး မွေးကင်းစ အစ္စရေးယောက်ျားလေးမှန်သမျှကို သတ်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က သူ့လူမျိုးကို အဲဒီလိုဖြစ်ဖို့ ခွင့်မပြုခဲ့ဘူး၊ အီဂျစ်ပြည်ကနေ သူ့လူမျိုးကို ကယ်လွှတ်ပေးခဲ့တယ်။ (ထွ. ၁:၁၅-၂၀; ၁၄:၁၃) နောက်ပိုင်းမှာ ဘုရားသခင်က အစ္စရေးလူမျိုးကို ကတိထားရာပြည် ပေးခဲ့တယ်။
၈။ ဒုတိယဦးခေါင်းက ဘာကို ကိုယ်စားပြုသလဲ။ သူ ဘာလုပ်ဖို့ ကြိုးစားခဲ့သလဲ။
၈ သားရဲရဲ့ ဒုတိယဦးခေါင်းက အဆီးရီးယားဖြစ်တယ်။ ဒီအင်အားကြီးအာဏာစက်လည်းပဲ ဘုရားသခင့်လူမျိုးကို သုတ်သင်ပယ်ရှားဖို့ ကြိုးစားခဲ့တယ်။ ဆယ်နွယ်နိုင်ငံမှာရှိတဲ့ အစ္စရေးလူမျိုးက အရုပ်တွေကိုကိုးကွယ်ပြီး ဘုရားသခင်ကိုမနာခံတဲ့အတွက် ယေဟောဝါက အဆီးရီးယားကိုသုံးပြီး သူတို့ကို ဒဏ်ခတ်ခဲ့တယ်။ အဲဒီနောက် အဆီးရီးယားတွေက နှစ်နွယ်နိုင်ငံဖြစ်တဲ့ ဂျေရုဆလင်ကို ဖျက်ဆီးဖို့ကြိုးစားပြန်တယ်။ စာတန်က ယေရှုပေါ်ထွန်းမယ့် ဘုရင့်အမျိုးအနွယ်ကို ဖျက်ဆီးချင်တာ ဖြစ်နိုင်တယ်။ ဂျေရုဆလင်ကို ဖျက်ဆီးဖို့ ယေဟောဝါ ခွင့်မပြုခဲ့ဘူး၊ ဒါကြောင့် ကိုယ်တော်က အဆီးရီးယားစစ်တပ်ကို ဖျက်ဆီးပြီး သူ့လူမျိုးကို ကယ်တင်ခဲ့တယ်။—၄ ရာ. ၁၉:၃၂-၃၅; ဟေရှာ. ၁၀:၅၊ ၆၊ ၁၂-၁၅။
တတိယဦးခေါင်းဖြစ်တဲ့ ဗာဗုလုန်
၉၊ ၁၀။ (က) ယေဟောဝါက ဗာဗုလုန်လူမျိုးကို ဘာလုပ်ခွင့်ပြုခဲ့သလဲ။ (ခ) ပရောဖက်ပြုချက်တွေပြည့်စုံဖို့ ဘယ်အရာတွေဖြစ်ဖို့လိုသလဲ။
၉ ယောဟန်မြင်တွေ့ရတဲ့ သားရဲရဲ့တတိယဦးခေါင်းက ဗာဗုလုန်နိုင်ငံဖြစ်တယ်။ ဂျေရုဆလင်ကိုဖျက်ဆီးပြီး သူ့လူမျိုးကို သုံ့ပန်းအဖြစ်ခေါ်ဆောင်သွားဖို့ ဗာဗုလုန်ကို ယေဟောဝါခွင့်ပြုခဲ့တယ်။ အဲဒီမတိုင်ခင် ယေဟောဝါက နာခံမှုမရှိတဲ့အစ္စရေးလူမျိုးကို ဗာဗုလုန်နိုင်ငံအားဖြင့် သူတို့ ဘယ်လိုဆိုးကျိုးတွေ ခံစားရမယ်ဆိုတာ ကြိုသတိပေးခဲ့တယ်။ (၄ ရာ. ၂၀:၁၆-၁၈) ဂျေရုဆလင်မှာရှိတဲ့ ကိုယ်တော်ရဲ့ “ရာဇပလ္လင်” ပေါ်မှာ သူတို့ရဲ့ဘုရင်တွေကို နန်းထိုင်ခွင့်ပြုတော့မှာမဟုတ်ကြောင်းလည်း အစ္စရေးလူမျိုးကို ပြောခဲ့တယ်။ (၅ ရာ. ၂၉:၂၃) ဒါပေမဲ့ ဘုရင်ဒါဝိဒ်ရဲ့မျိုးရိုးကနေ ဆင်းသက်လာမယ့် “တရားဝင်အုပ်စိုးပိုင်ခွင့်ရှိတဲ့သူ” တစ်ဦးက ယေဟောဝါကိုယ်စား ဘုရင်အဖြစ် အုပ်ချုပ်ဖို့ ပြန်ပေါ်ထွန်းလာမယ်ဆိုတဲ့ကတိကို ကိုယ်တော်ပေးခဲ့တယ်။—ယေဇ. ၂၁:၂၅-၂၇၊ ကဘ။
၁၀ နောက်ပရောဖက်ပြုချက်က ကတိထားရာမေရှိယပေါ်ထွန်းချိန်မှာ ဂျူးတွေဟာ ဂျေရုဆလင်မှာရှိတဲ့ ဝတ်ပြုရာအိမ်တော်မှာ ဝတ်ပြုကိုးကွယ်နေကြဆဲဖြစ်မယ်ဆိုတာ ဖော်ပြတယ်။ (ဒံ. ၉:၂၄-၂၇) အစ္စရေးလူတွေ ဗာဗုလုန်သုံ့ပန်းဘဝမရောက်ခင်အချိန်မှာ နောက်ပရောဖက်ပြုချက်တစ်ခုက မေရှိယဟာ ဘက်သလီဟင်မြို့မှာ ဖွားမြင်မယ်လို့ ဖော်ပြတယ်။ (မိ. ၅:၂) ဂျူးတွေ ဗာဗုလုန်ကနေ မလွတ်မြောက်ဘူး၊ သူတို့ရဲ့နေရင်းပြည်ကို မပြန်နိုင်ဘူး၊ ဝတ်ပြုရာအိမ်တော်ကို ပြန်မတည်ဆောက်နိုင်ခဲ့ဘူးဆိုရင် ဒီပရောဖက်ပြုချက်တွေ ပြည့်စုံနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ဗာဗုလုန်လူမျိုးက သူတို့ရဲ့သုံ့ပန်းတွေကို ပြန်လွှတ်ပေးတဲ့ထုံးစံမရှိဘူး။ ဘုရားသခင့်လူမျိုးက သူတို့ရဲ့နေရင်းပြည်ကို ဘယ်လိုပြန်နိုင်မလဲ။ ဒီအဖြေကို ယေဟောဝါက သူ့ပရောဖက်တွေကို ပြောပြခဲ့တယ်။—အာ. ၃:၇။
၁၁။ ဗာဗုလုန်အာဏာစက်ကို ဒံယေလနဲ့ ယောဟန်က ဘယ်လိုအမှတ်အသားတွေနဲ့ ဖော်ပြခဲ့သလဲ။ (အောက်ခြေမှတ်ချက်ကိုကြည့်ပါ။)
၁၁ ဗာဗုလုန်သုံ့ပန်းဘဝရောက်နေတဲ့ အစ္စရေးလူမျိုးတစ်ဦးကတော့ ဒံယေလဖြစ်တယ်။ (ဒံ. ၁:၁-၆) ယေဟောဝါက ဒံယေလကို ဗာဗုလုန်ပြီးနောက် ကမ္ဘာ့အာဏာစက်တွေတစ်ခုပြီးတစ်ခု ပေါ်ထွက်လာမယ့်အကြောင်း ဖွင့်ပြခဲ့တယ်။ ယေဟောဝါက မတူညီတဲ့အမှတ်အသားတွေကိုသုံးပြီး ဖြစ်ပျက်လာမယ့်အရာတွေကို ပရောဖက်ပြုခဲ့တယ်။ ဥပမာ၊ ယေဟောဝါက ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာကို သတ္တုအမျိုးမျိုး ပါဝင်တဲ့ ဧရာမရုပ်တုကြီးအကြောင်း အိပ်မက်ပေးခဲ့တယ်။ (ဒံယေလ ၂:၁၊ ၁၉၊ ၃၁-၃၈ ကိုဖတ်ပါ။) ရုပ်တုရဲ့ရွှေဦးခေါင်းက ဗာဗုလုန်နိုင်ငံကို ဆိုလိုကြောင်း ဒံယေလကတစ်ဆင့် ယေဟောဝါ ဖွင့်ပြပေးခဲ့တယ်။b ရုပ်တုရဲ့ ရင်ဘတ်နဲ့လက်တွေက ငွေဖြစ်ပြီး ဗာဗုလုန်ပြီးတဲ့နောက် တက်လာမယ့် ကမ္ဘာ့အာဏာစက်ကို ဆိုလိုတယ်။ အဲဒီကမ္ဘာ့အာဏာစက်က ဘယ်သူဖြစ်ခဲ့သလဲ။ ဘုရားသခင့်လူမျိုးကို ဘယ်လိုဆက်ဆံခဲ့သလဲ။
စတုတ္ထဦးခေါင်းဖြစ်တဲ့ မီဒို-ပါးရှား
၁၂၊ ၁၃။ (က) ဗာဗုလုန်ကို အောင်နိုင်မယ့် ကမ္ဘာ့အာဏာစက်နဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လိုဖွင့်ပြခဲ့သလဲ။ (ခ) မီဒို-ပါးရှားက သားရဲရဲ့စတုတ္ထဦးခေါင်းဖြစ်တယ်လို့ ကျွန်ုပ်တို့ ဘာကြောင့်ပြောနိုင်တာလဲ။
၁၂ ဒံယေလအချိန်မတိုင်ခင် အနှစ်တစ်ရာကျော်တုန်းက ယေဟောဝါဟာ ဗာဗုလုန်ကိုအောင်နိုင်မယ့် ကမ္ဘာ့အာဏာစက်နဲ့ပတ်သက်တဲ့ အရေးကြီးတဲ့အချက်အလက်ကို ပရောဖက်ဟေရှာယကတစ်ဆင့် ဖွင့်ပြခဲ့တယ်။ အဲဒီကမ္ဘာ့အာဏာစက်က ဗာဗုလုန်မြို့ထဲ ဘယ်လို ကျူးကျော်ဝင်ရောက်လာမယ်ဆိုတာနဲ့ အဲဒီစစ်တပ်ရဲ့ခေါင်းဆောင်နာမည်ကိုတောင် ယေဟောဝါ ဖော်ပြပေးခဲ့တယ်။ အဲဒီခေါင်းဆောင်က ပါးရှားလူမျိုး ကုရုဖြစ်တယ်။ (ဟေရှာ. ၄၄:၂၈-၄၅:၂) ယေဟောဝါက ဒံယေလကို မီဒို-ပါးရှား ကမ္ဘာ့အာဏာစက်နဲ့ပတ်သက်တဲ့ တခြားရူပါရုံနှစ်ခုကို ပေးခဲ့တယ်။ ရူပါရုံတစ်ခုမှာ ကိုယ်တစ်ခြမ်းကိုကြွထားပြီး “အသားတွေအများကြီးစား” တော့မယ့် ဝက်ဝံတစ်ကောင်ကို ဒံယေလမြင်တွေ့ခဲ့တယ်။ (ဒံ. ၇:၅၊ ကဘ) နောက်ရူပါရုံတစ်ခုမှာ ဒံယေလက ချိုနှစ်ချောင်းရှိတဲ့ သိုးထီးတစ်ကောင်ကို မြင်တွေ့ခဲ့တယ်။—ဒံ. ၈:၃၊ ၂၀။
၁၃ ဗာဗုလုန်ကိုအောင်နိုင်ဖို့၊ ကြိုဟောထားတဲ့အတိုင်း အစ္စရေးလူတွေ ပြည်တော်ပြန်နိုင်ဖို့ မီဒို-ပါးရှားကို ယေဟောဝါသုံးခဲ့တယ်။ (၆ ရာ. ၃၆:၂၂၊ ၂၃) ဒါပေမဲ့ နောက်ပိုင်းမှာ မီဒို-ပါးရှားအာဏာစက်က ဘုရားသခင့်လူမျိုးကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်။ ဧသတာကျမ်းမှာ ပါးရှားရဲ့ အလွန်အရေးပါတဲ့ အရာရှိတစ်ဦးဖြစ်တဲ့ ဟာမန်အကြောင်း ဖတ်ရတယ်၊ သူက သူ့ရဲ့ကြီးမားကျယ်ဝန်းတဲ့နိုင်ငံမှာရှိတဲ့ ဂျူးအားလုံးကို သတ်ပစ်ချင်တယ်။ ဟာမန်က သူသတ်မှတ်ထားတဲ့ရက်တစ်ရက်မှာ ဂျူးအားလုံးကို သတ်ပစ်ဖို့ နိုင်ငံတစ်ဝန်းမှာရှိတဲ့လူတွေကို ညွှန်ကြားခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါက သူ့လူမျိုးကို စာတန့်အမျိုးအနွယ်ရဲ့ ရန်လိုမုန်းတီးမှုကနေ ထပ်ကာကွယ်ပေးခဲ့ပြန်တယ်။ (ဧသ. ၁:၁-၃; ၃:၈၊ ၉; ၈:၃၊ ၉-၁၄) ဒါကြောင့် ဗျာဒိတ်ကျမ်းပါ သားရဲရဲ့စတုတ္ထဦးခေါင်းက မီဒို-ပါးရှားဖြစ်တယ်လို့ ပြောနိုင်ပါတယ်။
ပဉ္စမမြောက်ဦးခေါင်းဖြစ်တဲ့ ဂရိ
၁၄၊ ၁၅။ ရှေးခေတ်ဂရိနိုင်ငံနဲ့ပတ်သက်ပြီး ဘယ်အသေးစိတ်အချက်တွေကို ယေဟောဝါ ဖွင့်ပြခဲ့သလဲ။
၁၄ ဗျာဒိတ်ကျမ်းပါ သားရဲရဲ့ပဉ္စမမြောက်ဦးခေါင်းက ဂရိဖြစ်တယ်။ ဒံယေလရှင်းပြတဲ့ နေဗုခဒ်နေဇာရဲ့အိပ်မက်မှာပါတဲ့ ရုပ်တုရဲ့ကြေးနီဝမ်းဗိုက်နဲ့ ကြေးနီပေါင်တွေက အဲဒီအာဏာစက်တစ်ခုတည်းကိုပဲ ရည်ညွှန်းတယ်။ ဂရိနိုင်ငံနဲ့ အဲဒီနိုင်ငံရဲ့ အထင်ကရအုပ်စိုးရှင်အကြောင်း အသေးစိတ်ကို တခြားရူပါရုံနှစ်ခုနဲ့ ဒံယေလကို ယေဟောဝါ ဖွင့်ပြခဲ့တယ်။
၁၅ ရူပါရုံတစ်ခုမှာ အတောင်လေးခုပါတဲ့ကျားသစ်တစ်ကောင်ကို ဒံယေလမြင်တွေ့ခဲ့တယ်။ ဒီကျားသစ်က တခြားနိုင်ငံတွေကို အလျင်အမြန်သိမ်းပိုက်အောင်နိုင်မယ့် ဂရိကို ရည်ညွှန်းတယ်။ (ဒံ. ၇:၆) နောက်ရူပါရုံတစ်ခုမှာ ဒံယေလက ဦးချိုကြီးတစ်ချောင်းရှိတဲ့ ဆိတ်တစ်ကောင်ကို မြင်တွေ့ခဲ့တယ်။ အဲဒီဆိတ်က ဦးချိုနှစ်ချောင်းရှိတဲ့သိုးထီး၊ မီဒို-ပါးရှားကို မြန်မြန်ဆန်ဆန် သတ်ပစ်ခဲ့တယ်။ အဲဒီဆိတ်က ဂရိဖြစ်ပြီး ဦးချိုကြီးက ဂရိနိုင်ငံရဲ့ဘုရင်တွေထဲက တစ်ပါးဖြစ်တယ်ဆိုတာ ဒံယေလကို ယေဟောဝါ ဖွင့်ပြခဲ့တယ်။ အဲဒီဦးချိုကြီးက ကျိုးသွားပြီး သူ့နေရာမှာ ဦးချိုငယ် လေးချောင်းပေါက်လာတယ်လို့လည်း ဒံယေလရေးသားခဲ့တယ်။ ဒီပရောဖက်ပြုချက်ကို ဂရိ ကမ္ဘာ့အာဏာစက်မဖြစ်ခင် နှစ်ပေါင်းရာချီကြိုရေးခဲ့တာတောင်မှ အဲဒီပရောဖက်ပြုချက်မှာပါတဲ့အတိုင်း တစ်ခုမကျန် အသေးစိတ်ပြည့်စုံခဲ့တယ်။ မဟာအလက်ဇန္ဒားက ဦးချိုကြီးဖြစ်ခဲ့တယ်။ သူဟာ ရှေးဂရိနိုင်ငံရဲ့ အထင်ရှားဆုံးဘုရင်ဖြစ်ခဲ့ပြီး မီဒို-ပါးရှားကို တိုက်ခိုက်ဖို့ ဂရိစစ်တပ်ကို ဦးဆောင်ခဲ့သူဖြစ်တယ်။ အလက်ဇန္ဒား ရုတ်တရက်သေဆုံးတဲ့အခါ ဒီဦးချိုကျိုးသွားတယ်။ သူဟာ အသက် ၃၂ နှစ်ပဲရှိပြီး အရမ်းကို တန်ခိုးအရှိန်အဝါကြီးမားသူ ဖြစ်ခဲ့တယ်။ အဲဒီနောက် သူ့ရဲ့ဗိုလ်ချုပ်ကြီးလေးဦးက သူ့နိုင်ငံကို ခွဲဝေယူခဲ့ကြတယ်။—ဒံယေလ ၈:၂၀-၂၂ ကိုဖတ်ပါ။
၁၆။ အန္တိအုတ်ကပ် ၄ ဘာလုပ်ခဲ့သလဲ။
၁၆ ဂရိက ပါးရှားကို အောင်မြင်ပြီးတဲ့နောက် အစ္စရေးလူမျိုးအပေါ် အုပ်စိုးခဲ့တယ်။ အဲဒီအချိန်မှာ ဂျူးတွေဟာ ကတိထားရာပြည်တော်မှာ အခြေကျနေပြီဖြစ်ပြီး ဂျေရုဆလင်မှာ ၀တ်ပြုရာအိမ်တော်ကို ပြန်တည်ဆောက်ခဲ့ကြတယ်။ သူတို့တွေက ဘုရားသခင့်လူမျိုးဖြစ်နေဆဲ၊ ၀တ်ပြုရာအိမ်တော်ကလည်း ဘုရားသခင်ကိုဝတ်ပြုတဲ့နေရာ ဖြစ်နေဆဲပဲ။ ဒါပေမဲ့ ဘီစီ ဒုတိယရာစုမှာ ဂရိက ဘုရားသခင့်လူမျိုးကို တိုက်ခိုက်ခဲ့တယ်၊ အလက်ဇန္ဒားရဲ့ ပြိုကွဲသွားတဲ့ အင်ပါယာကိုဆက်ခံသူတွေထဲက အုပ်စိုးရှင်တစ်ဦးဖြစ်သူ ဘုရင်အန္တိအုတ်ကပ် ၄ က ဂျေရုဆလင်မှာရှိတဲ့ဝတ်ပြုရာအိမ်တော်မှာ အယူမှားဝတ်ပြုသူတွေရဲ့ ယဇ်ပလ္လင်ကိုတည်ပြီး ဂျူးဘာသာကိုကိုးကွယ်သူတွေကို သေဒဏ်ပေးသင့်တယ်လို့ ပြောခဲ့တယ်။ စာတန့်အမျိုးအနွယ်ရဲ့အစိတ်အပိုင်းတစ်ခုက ဘုရားသခင့်လူမျိုးကို တိုက်ခိုက်နေပြန်ပြီ။ ဒါပေမဲ့ မကြာခင်မှာပဲ ဂရိနေရာကို နောက်ထပ်ကမ္ဘာ့အာဏာစက်တစ်ခုက အစားထိုးနေရာဝင်ယူခဲ့တယ်။ သားရဲရဲ့ဆဋ္ဌမမြောက်ဦးခေါင်းက ဘာဖြစ်မလဲ။
“အလွန်ကြောက်မက်ဖွယ်” ကောင်းတဲ့ ဆဋ္ဌမမြောက်ဦးခေါင်းဖြစ်တဲ့ ရောမ
၁၇။ ကမ္ဘာဦး ၃:၁၅ ရဲ့ဘယ်အပိုင်းကို ဆဋ္ဌမမြောက်ဦးခေါင်းက ပြည့်စုံစေခဲ့သလဲ။
၁၇ သားရဲနဲ့ပတ်သက်တဲ့ရူပါရုံကို ယောဟန်ရရှိချိန်မှာ ရောမက ကမ္ဘာ့အာဏာစက်ဖြစ်နှင့်နေပြီ။ (ဗျာ. ၁၇:၁၀) ရောမက သားရဲရဲ့ဆဋ္ဌမမြောက်ဦးခေါင်းဖြစ်ပြီး ကမ္ဘာဦး ၃:၁၅ မှာပါတဲ့ ပရောဖက်ပြုချက်ရဲ့ သတ်သတ်မှတ်မှတ်အပိုင်းတစ်ခုကို ပြည့်စုံစေခဲ့တယ်။ စာတန်ဟာ ရောမအာဏာပိုင်တွေကို သုံးပြီး အမျိုးအနွယ်ရဲ့ “ဖနောင့်” ကိုဒဏ်ရာရစေခဲ့တယ်။ ရောမတွေက ယေရှုကို သူတို့ရဲ့အစိုးရကိုဆန့်ကျင်ပုန်ကန်တဲ့ သူပုန်တစ်ဦးအဖြစ်ယူမှတ်၊ တရားစီရင်ပြီး ကိုယ်တော့်ကိုသတ်ခဲ့တယ်။ (မ. ၂၇:၂၆) ဒါပေမဲ့ အဲဒီဒဏ်ရာက မကြာခင်မှာပဲ ပျောက်သွားတယ်၊ အကြောင်းကတော့ ယေဟောဝါက ယေရှုကို ရှင်ပြန်ထမြောက်ပေးခဲ့လို့ပဲ။
၁၈။ (က) ဘယ်လူမျိုးအသစ်ကို ယေဟောဝါ ရွေးချယ်ခဲ့သလဲ။ ဘာကြောင့်လဲ။ (ခ) မြွေရဲ့အမျိုးအနွယ်က မိန်းမရဲ့အမျိုးအနွယ်ကို ဘယ်လိုဆက်ပြီး ရန်လိုတိုက်ခိုက်ခဲ့သလဲ။
၁၈ အစ္စရေးဘာသာရေးခေါင်းဆောင်တွေက ယေရှုကို တိုက်ခိုက်ဖို့ ရောမတွေနဲ့ တစ်ကျိတ်တည်းတစ်ဉာဏ်တည်း လုပ်ဆောင်ခဲ့ကြတယ်။ အစ္စရေးလူမျိုးအများစုက ယေရှုကို မေရှိယအဖြစ် လက်မခံကြဘူး။ ဒါကြောင့် ယေဟောဝါက အစ္စရေးလူမျိုးကို သူ့ရဲ့လူမျိုးအဖြစ်ကနေ ငြင်းပယ်ခဲ့တယ်။ (မ. ၂၃:၃၈; တ. ၂:၂၂၊ ၂၃) ကိုယ်တော်က လူမျိုးအသစ်တစ်မျိုးကို “ဘုရားသခင်၏အစ္စရေးလူမျိုး” အနေနဲ့ ရွေးချယ်ခဲ့တယ်။ (ဂလ. ၃:၂၆-၂၉; ၆:၁၆) အဲဒီလူမျိုးက ဘိသိက်ခံခရစ်ယာန်တွေဖြစ်ပြီး အဲဒီအထဲမှာ ဂျူးလူမျိုးရော၊ လူမျိုးခြားတွေပါ ပါတယ်။ (ဧ. ၂:၁၁-၁၈) ယေရှုသေဆုံးပြီး၊ ရှင်ပြန်ထမြောက်ပြီးနောက်မှာ မြွေရဲ့အမျိုးအနွယ်က မိန်းမရဲ့အမျိုးအနွယ်ကို ဆက်ပြီး ရန်လိုမုန်းတီး၊ တိုက်ခိုက်ခဲ့တယ်။ ရောမတွေက မိန်းမရဲ့အမျိုးအနွယ်အဝင်ဖြစ်တဲ့ ဘိသိက်ခံခရစ်ယာန်တွေကို ဖျက်ဆီးဖို့ တစ်ကြိမ်ထက်မက ကြိုးစားခဲ့ကြတယ်။c
၁၉။ (က) ဆဋ္ဌမမြောက် ကမ္ဘာ့အာဏာစက်နဲ့ပတ်သက်ပြီး ဒံယေလ ဘာပြောခဲ့သလဲ။ (ခ) နောက်ဆောင်းပါးတစ်ခုမှာ ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။
၁၉ ဒံယေလရှင်းပြတဲ့ နေဗုခဒ်နေဇာရဲ့အိပ်မက်ပါ ရုပ်တုရဲ့သံခြေထောက်တွေက ရောမဖြစ်တယ်။ (ဒံ. ၂:၃၃) အဲဒီအပြင် ဒံယေလဟာ ရောမအင်ပါယာသာမကပဲ ရောမကနေထွက်ပေါ်လာမယ့် နောက်ကမ္ဘာ့အာဏာစက်အကြောင်းကိုလည်း ရူပါရုံမြင်ခဲ့တယ်။ (ဒံယေလ ၇:၇၊ ၈ ကိုဖတ်ပါ။) နှစ်ပေါင်းရာချီကြာပြီးတဲ့နောက် ရောမက “ကြီးစွာသောခွန်အားနှင့်ပြည့်စုံ၍ အလွန်ကြောက်မက်ဖွယ်” ကောင်းတဲ့ သားရဲတစ်ကောင်နဲ့တူလာတယ်။ ဒါပေမဲ့ ပရောဖက်ပြုချက်အရ ရောမအင်ပါယာကနေ “ချိုဆယ်ချောင်း” ထွက်လာမှာဖြစ်တယ်။ အဲဒီနောက် “ချိုငယ်တစ်ချောင်း” ပေါက်လာပြီး တခြားချိုတွေထက် ပိုတန်ခိုးအာဏာကြီးလာမယ်။ ချိုဆယ်ချောင်းက ဘာတွေလဲ၊ ဦးချိုငယ်ကကော ဘာလဲ။ နေဗုခဒ်နေဇာရဲ့အိပ်မက်ပါ ဧရာမရုပ်တုကြီးရဲ့ ဘယ်အစိတ်အပိုင်းက ဒီဦးချိုငယ်နဲ့ ဆင်တူသလဲ။ ဒီမေးခွန်းတွေရဲ့အဖြေကို စာမျက်နှာ ၁၄ မှာပါတဲ့ဆောင်းပါးက သုံးသပ်မှာဖြစ်တယ်။
-
-
“မကြာမီဖြစ်ပျက်ရမည့်” အရာများကို ယေဟောဝါဖော်ပြကင်းမျှော်စင်—၂၀၁၂ | ဇွန် ၁၅
-
-
“မကြာမီဖြစ်ပျက်ရမည့်” အရာများကို ယေဟောဝါဖော်ပြ
“မကြာမီဖြစ်ပျက်ရမည့် အမှုအရာများကို မိမိကျွန်တို့အား ပြသရန် ယေရှုခရစ်အားဖြင့် ဘုရားသခင်ပေးတော်မူသော ဗျာဒိတ်တော်ဖြစ်၏။” —ဗျာ. ၁:၁။
သင် ဘယ်လိုဖြေမလဲ
ရုပ်တုကြီးရဲ့ ဘယ်အပိုင်းက အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်ကို ပုံဆောင်သလဲ။
အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်နဲ့ ကုလသမဂ္ဂရဲ့ ဆက်နွှယ်မှုကို ယောဟန် ဘယ်လိုဖော်ပြခဲ့သလဲ။
လူ့အုပ်ချုပ်မှုရဲ့ဇာတ်သိမ်းခန်းကို ဒံယေလနဲ့ယောဟန်တို့ ဘယ်လို ဖော်ပြခဲ့ကြသလဲ။
၁၊ ၂။ (က) ဒံယေလနဲ့ ယောဟန်တို့ရဲ့ ပရောဖက်ပြုချက်တွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ ကျွန်ုပ်တို့ ဘာကိုနားလည်နိုင်သလဲ။ (ခ) သားရဲရဲ့ပထမခေါင်းခြောက်လုံးက ဘာကို ကိုယ်စားပြုသလဲ။
ဒံယေလနဲ့ ယောဟန်ရဲ့ပရောဖက်ပြုချက်တွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ လက်ရှိကမ္ဘာ့အဖြစ်အပျက်များစွာနဲ့ အနာဂတ်မှာ ဖြစ်ပျက်မယ့်အရာတွေရဲ့ အဓိပ္ပာယ်ကို ကျွန်ုပ်တို့ နားလည်ကြတယ်။ ခေါင်းခုနစ်လုံးရှိတဲ့သားရဲနဲ့ပတ်သက်တဲ့ ယောဟန်ရဲ့ရူပါရုံ၊ ချိုဆယ်ချောင်းရှိတဲ့သားရဲနဲ့ ပတ်သက်တဲ့ ဒံယေလရဲ့ရူပါရုံနဲ့ နေဗုခဒ်နေဇာရဲ့အိပ်မက်ပါ ရုပ်တုကြီးအကြောင်း ဒံယေလရဲ့ရှင်းပြချက်ကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။ ဒီပရောဖက်ပြုချက်တွေကို နားလည်သဘောပေါက်ခြင်းက ကျွန်ုပ်တို့ကို ဘာလုပ်ဖို့ လှုံ့ဆော်ပေးသင့်သလဲ။
၂ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၃ ပါ သားရဲနဲ့ပတ်သက်တဲ့ ယောဟန်ရဲ့ရူပါရုံအကြောင်းကို ရှေ့ဆောင်းပါးမှာ ကျွန်ုပ်တို့လေ့လာခဲ့ကြတယ်။ သားရဲရဲ့ပထမဦးခေါင်းခြောက်လုံးက အီဂျစ်၊ အဆီးရီးယား၊ ဗာဗုလုန်၊ မီဒို-ပါးရှား၊ ဂရိနဲ့ ရောမတို့ဖြစ်တယ်။ စာတန်က မိန်းမရဲ့အမျိုးအနွယ်ကို ရန်လိုမုန်းတီးလို့ အဲဒီကမ္ဘာ့အာဏာစက်အားလုံးကိုသုံးပြီး ဘုရားသခင့်လူမျိုးကို တိုက်ခိုက်ခဲ့တယ်။ (က. ၃:၁၅) ယောဟန်က သူမြင်ရတဲ့ရူပါရုံအကြောင်း ရေးသားချိန်မှာ ရောမက ကမ္ဘာ့အာဏာစက်ဖြစ်တယ်။ အဲဒီနောက်ပိုင်း နှစ်ပေါင်းရာနဲ့ချီတဲ့အထိ ရောမဟာ အင်အားကြီးနိုင်ငံအဖြစ် ဆက်ရပ်တည်ခဲ့တယ်။ ဒါပေမဲ့ ရောမနေရာကို အစားထိုးမယ့် သတ္တမမြောက်ဦးခေါင်း ပေါ်လာမယ်။ ဘယ်ကမ္ဘာ့အာဏာစက်က သတ္တမမြောက်ဦးခေါင်း ဖြစ်သလဲ၊ မိန်းမရဲ့အမျိုးအနွယ်ကို သူ ဘယ်လိုဆက်ဆံခဲ့သလဲ။
ဗြိတိန်နဲ့ အမေရိကန် အင်အားကြီးနိုင်ငံဖြစ်လာ
၃။ ချိုဆယ်ချောင်းရှိပြီး ကြောက်စရာကောင်းတဲ့သားရဲက ဘာကိုပုံဆောင်သလဲ။ ချိုဆယ်ချောင်းက ဘာအဓိပ္ပာယ်ရှိသလဲ။
၃ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၃ မှာ ယောဟန်ဖော်ပြခဲ့တဲ့ သားရဲနဲ့ ဒံယေလပြောခဲ့တဲ့ ချိုဆယ်ချောင်းရှိပြီး ကြောက်စရာကောင်းတဲ့သားရဲကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သတ္တမမြောက်ဦးခေါင်းက ဘာလဲဆိုတာကို ခွဲခြားသိမြင်နိုင်ပါတယ်။a (ဒံယေလ ၇:၇၊ ၈၊ ၂၃၊ ၂၄ ကိုဖတ်ပါ။) ဒံယေလမြင်တွေ့ခဲ့တဲ့ ချိုဆယ်ချောင်းရှိတဲ့သားရဲက ရောမကမ္ဘာ့အာဏာစက်ကို ပုံဆောင်တယ်။ (စာမျက်နှာ ၁၂-၁၃ ပါ ဇယားကိုကြည့်ပါ။) အေဒီ ငါးရာစုမှာ ရောမအင်ပါယာက နိုင်ငံငယ်လေးတွေအဖြစ် စတင်ပြိုကွဲခဲ့တယ်။ ဒံယေလမြင်ရတဲ့ သားရဲရဲ့ချိုဆယ်ချောင်းက ရောမအင်ပါယာကနေ ပေါ်ထွက်လာမယ့် နိုင်ငံတွေကို ဆိုလိုတယ်။
၄၊ ၅။ (က) ချိုငယ် ဘာလုပ်ခဲ့သလဲ။ (ခ) သားရဲရဲ့ သတ္တမမြောက်ဦးခေါင်းက ဘာကိုကိုယ်စားပြုသလဲ။
၄ ချိုဆယ်ချောင်းပါတဲ့သားရဲနဲ့ပတ်သက်တဲ့ ဒံယေလရဲ့ပရောဖက်ပြုချက်မှာ နောက်ချိုတစ်ချောင်းဖြစ်တဲ့ ချိုငယ်တစ်ချောင်းထွက်လာပြီး ချိုဆယ်ချောင်းထဲက သုံးချောင်းရဲ့နေရာကို အစားဝင်ယူလိုက်တယ်လို့ ဖော်ပြတယ်။ ဒါဘယ်လိုဖြစ်ခဲ့သလဲ။ ရောမအင်ပါယာရဲ့ အစိတ်အပိုင်းငယ်တစ်ခုဖြစ်ခဲ့တဲ့ ဗြိတိန်ဟာ နောက်ပိုင်းမှာ နိုင်ငံကြီးတစ်နိုင်ငံဖြစ်လာတယ်။ စပိန်၊ နယ်သာလန်နဲ့ ပြင်သစ်တို့လည်းပဲ ရောမအင်ပါယာရဲ့ အစိတ်အပိုင်းအဝင် ဖြစ်ခဲ့တယ်။ သူတို့တွေက ၁၆၀၀ ပြည့်လွန်နှစ်တွေအထိ ဗြိတိန်ထက် အတော့်ကိုပိုအရေးပါခဲ့ကြတယ်။ ဒါပေမဲ့ ဗြိတိန်က သူတို့ကို တစ်နိုင်ငံပြီးတစ်နိုင်ငံ ဖြုတ်ချခဲ့တယ်၊ အဲဒီနောက် ဗြိတိန်က အဲဒီသုံးနိုင်ငံထက် ပိုအရေးပါအရာရောက်လာခဲ့တယ်။ ၁၇၀၀ ပြည့်လွန်နှစ်တွေအတွင်းမှာ ဗြိတိန်ဟာ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ သားရဲရဲ့သတ္တမမြောက်ဦးခေါင်းတော့ မဖြစ်သေးဘူး။
၅ ဗြိတိန်ဟာ အင်အားအကြီးဆုံးနိုင်ငံဖြစ်လာပေမဲ့ မြောက်အမေရိကမှာရှိတဲ့ သူ့ရဲ့ကိုလိုနီနယ်မြေတွေက သူ့ကိုပုန်ကန်တော်လှန်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုဖြစ်လာတယ်။ အမေရိကန် အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာတာကို ဗြိတိန်က မတားဆီးတဲ့အပြင် ဗြိတိန်ရေတပ်က အမေရိကန်နိုင်ငံကို အကာအကွယ်ပေးခဲ့တယ်။ သခင့်နေ့တော်စတင်တဲ့ ၁၉၁၄ ခုနှစ်မှာ ဗြိတိန်ဟာ တည်ရှိခဲ့သမျှထဲမှာ အကြီးဆုံးအင်ပါယာဖြစ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုကတော့ ကမ္ဘာ့အကြီးဆုံးစက်မှုနိုင်ငံဖြစ်ခဲ့တယ်။b ပထမကမ္ဘာစစ်အတွင်းမှာ အမေရိကန်ပြည်ထောင်စုဟာ ဗြိတိန်နဲ့ မဟာမိတ်အဖြစ် တပူးတွဲတွဲဖြစ်လာခဲ့တယ်။ သူတို့က အထူးနည်းလမ်းနဲ့ အတူတကွစတင်လုပ်ဆောင်တဲ့အခါ အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက် ဖြစ်လာခဲ့တယ်။ ဒီကမ္ဘာ့အာဏာစက်က သားရဲရဲ့သတ္တမမြောက်ဦးခေါင်း ဖြစ်လာတယ်။ ဒီဦးခေါင်းက မိန်းမရဲ့အမျိုးအနွယ်ကို ဘယ်လိုပြုမူဆက်ဆံခဲ့သလဲ။
၆။ သတ္တမမြောက်ဦးခေါင်းက ဘုရားသခင့်လူမျိုးကို ဘာလုပ်ခဲ့သလဲ။
၆ သခင့်နေ့တော်စပြီး သိပ်မကြာခင်မှာ သတ္တမမြောက်ဦးခေါင်းက ဘုရားသခင့်လူမျိုးဖြစ်တဲ့ မြေကြီးပေါ်မှာရှိနေသေးတဲ့ ခရစ်တော်ရဲ့ညီတော်တွေကို စတင်တိုက်ခိုက်ခဲ့တယ်။ (မ. ၂၅:၄၀) ယေရှုပြောခဲ့တဲ့စကားအရ မိန်းမအမျိုးအနွယ်ထဲကတချို့ဟာ သခင့်နေ့တော်အစပိုင်းမှာ မြေကြီးပေါ်မှာဆက်ရှိနေဦးမှာဖြစ်ပြီး သူတို့ဟာ ယေရှုအပ်နှင်းခဲ့တဲ့အလုပ်ကို လုပ်ဆောင်နေကြမှာဖြစ်တယ်။ (မ. ၂၄:၄၅-၄၇; ဂလ. ၃:၂၆-၂၉) အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်က အဲဒီသန့်ရှင်းသူတွေကို ဆန့်ကျင်တိုက်ခိုက်ခဲ့တယ်။ (ဗျာ. ၁၃:၃၊ ၇) ပထမကမ္ဘာစစ်အတွင်းမှာ ဒီအာဏာစက်က ဘုရားသခင့်လူမျိုးကို နှိပ်စက်ညှဉ်းပန်းခဲ့တယ်၊ ဘုရားသခင့်လူမျိုးထုတ်ဝေတဲ့ စာပေတချို့ကို ပိတ်ပင်တားဆီးပြီး ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်နေသူတချို့ကို ထောင်သွင်းအကျဉ်းချခဲ့ကြတယ်။ ဒါကြောင့် သူတို့ရဲ့ဟောပြောခြင်းလုပ်ငန်းဟာ ရပ်တန့်လုနီးပါး ဒါမှမဟုတ် ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရတယ်။ အဲဒီလိုဖြစ်လာမယ်ဆိုတာ ယောဟန်ကိုပေးတဲ့ရူပါရုံမှာ ယေဟောဝါ ဖော်ပြခဲ့တယ်။ ဒါပေမဲ့ မိန်းမရဲ့အမျိုးအနွယ်အဝင်ဖြစ်တဲ့ အဲဒီသန့်ရှင်းသူတွေဟာ ဟောပြောခြင်းလုပ်ငန်းကို ပြန်စတင်နိုင်ကြမယ်၊ ဒါမှမဟုတ် ပြန်ရှင်သန်လာမယ်လို့လည်း ယောဟန်ကို ဘုရားသခင်ပြောခဲ့တယ်။ (ဗျာ. ၁၁:၃၊ ၇-၁၁) ယေဟောဝါပြောခဲ့တဲ့အတိုင်းပါပဲ၊ မြေကြီးပေါ်မှာကျန်ရှိနေသေးတဲ့ မိန်းမရဲ့အမျိုးအနွယ်အဝင်ဖြစ်သူတွေဟာ ဟောပြောခြင်းလုပ်ငန်းကို ပြန်စတင်ပြီး ဇွဲထက်သန်စွာ လုပ်ဆောင်ခဲ့ကြတယ်။
အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်နဲ့ သံနဲ့သရွတ်ရောနေတဲ့ ခြေဖမိုးနဲ့ခြေဖဝါး
၇။ ရုပ်တုကြီးရဲ့ ဘယ်အပိုင်းက သားရဲရဲ့သတ္တမမြောက်ဦးခေါင်းနဲ့ တူသလဲ။
၇ ရုပ်တုကြီးရဲ့ ခြေဖမိုး၊ ခြေဖဝါးနဲ့ သားရဲရဲ့သတ္တမမြောက်ဦးခေါင်းက ဘယ်လို ဆက်နွှယ်မှုရှိသလဲ။ နှစ်ခုစလုံးက အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ကိုပဲ ရည်ညွှန်းတယ်။ ဗြိတိန်ဟာ ရောမအင်ပါယာကနေ ပေါ်ထွက်လာခဲ့တယ်။ အမေရိကန်ပြည်ထောင်စုက ဗြိတိန်ကနေ ထွက်ပေါ်လာတဲ့အတွက် သွယ်ဝိုက်နည်းနဲ့ပြောရရင် အမေရိကန်ပြည်ထောင်စုလည်း ရောမကနေထွက်ပေါ်လာတယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် ခြေဖမိုးနဲ့ခြေဖဝါးတွေမှာ သံရှိနေခြင်းဖြစ်တယ်။ ဒါပေမဲ့ သံထဲမှာလည်း သရွတ်ရောနေတယ်။ (ဒံယေလ ၂:၄၁-၄၃ ကိုဖတ်ပါ။) ခြေဖမိုး၊ ခြေဖဝါးနဲ့ပတ်သက်တဲ့ ဒီဖော်ပြချက်က သားရဲရဲ့သတ္တမမြောက်ဦးခေါင်း ပေါ်ထွက်လာတဲ့အဖြစ်အပျက်ကိုပဲ ပြောနေတာဖြစ်တယ်။ အဲဒါက အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက် ပေါ်ထွန်းမယ့်အချိန်မှာ ဖြစ်ပျက်ခဲ့တယ်။ သရွတ်နဲ့ရောနေတဲ့သံက သံအစစ်လောက်မခိုင်မာသလို အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်က သူထွက်ပေါ်လာရာ ရောမကမ္ဘာ့အာဏာစက်လောက် မခိုင်မာဘူး။ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ကို အားနည်းအောင် ဘာကလုပ်ဆောင်ခဲ့သလဲ။
၈၊ ၉။ (က) သတ္တမမြောက် ကမ္ဘာ့အာဏာစက်က သံလိုခိုင်မာကြောင်း ဘယ်လိုထင်ရှားပြခဲ့သလဲ။ (ခ) ရုပ်တုရဲ့ခြေဖမိုးနဲ့ ခြေဖဝါးမှာရှိတဲ့ သရွတ်က ဘာကိုပုံဆောင်သလဲ။
၈ အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်က သံလိုခိုင်မာကြောင်း ထင်ရှားပြတဲ့အခါတွေရှိတယ်။ ဥပမာ၊ အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်က ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်မှာ အနိုင်ရတဲ့အခါ အင်အားကြီးနိုင်ငံဖြစ်တယ်ဆိုတာ ထင်ရှားလာတယ်၊ အဲဒီအချိန်ကတည်းကစပြီး အကြိမ်ပေါင်းများစွာ သံလို ခိုင်မာစွာပြုမူခဲ့တယ်။c ဒါပေမဲ့ အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက် တည်ရှိတဲ့အချိန်ကနေစပြီး အဲဒီသံက သရွတ်နဲ့ရောနေပြီးသားဖြစ်တယ်။
၉ အဲဒီရုပ်တုရဲ့ ခြေဖမိုးနဲ့ခြေဖဝါးက ဘာကိုပုံဆောင်သလဲဆိုတာကို ယေဟောဝါရဲ့ကျေးကျွန်တွေ သိချင်ခဲ့တာ နှစ်ပေါင်းများစွာကြာပြီ။ ဒံယေလ ၂:၄၁ က သံနဲ့သရွတ်ရောနေတဲ့ ခြေဖမိုးနဲ့ခြေဖဝါးဟာ နိုင်ငံအများကိုမဟုတ်ဘဲ “နိုင်ငံ” တစ်နိုင်ငံကို ရည်ညွှန်းကြောင်း ဖော်ပြတယ်။ ဒါကြောင့် သရွတ်ဆိုတာ အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်ကို သံခြေထောက်ဖြစ်တဲ့ ရောမအင်ပါယာထက် အားပျော့အောင် ပြုလုပ်တဲ့ အရာတစ်ခုခုကို ဆိုလိုကြောင်း နားလည်နိုင်တယ်။ ဒံယေလရဲ့ပရောဖက်ပြုချက်အရ သရွတ်ဟာ “လူအမျိုးမျိုး” ဖြစ်တဲ့ သာမန်လူတွေကို ရည်ညွှန်းတယ်။ (ဒံ. ၂:၄၃) ပြည်သူ့အခွင့်အရေးတွေရဖို့၊ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေပိုရရှိဖို့နဲ့ ပိုလွတ်လပ်တဲ့နိုင်ငံတွေဖြစ်ဖို့အတွက် တိုက်ခိုက်ခြင်းအားဖြင့် လူတွေက အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်ရဲ့ ဩဇာအာဏာကို လျော့နည်းစေခဲ့ကြတယ်။ သာမန်လူတွေကပဲ ဒီကမ္ဘာ့အာဏာစက်ရဲ့အခွင့်အာဏာကို သံလိုအခိုင်အမာကိုင်စွဲထားလို့မရအောင် လုပ်ခဲ့ကြတယ်။ မကြာခဏလုပ်တဲ့ ရွေးကောက်ပွဲရလဒ်နဲ့ နိုင်ငံရေးအမြင်ချင်းမတူကြတဲ့ လူအများစုကြောင့် လူကြိုက်များတဲ့ခေါင်းဆောင်တွေမှာတောင် သူတို့ရဲ့ပေါ်လစီတွေကို အကောင်အထည်ဖော်ဖို့ ပြတ်သားတဲ့အခွင့်အာဏာမရှိကြဘူး။ ဒံယေလ ဒီလိုပြောခဲ့တယ်– “နိုင်ငံက ခိုင်မာတာတစ်ဝက်၊ ကျိုးပဲ့လွယ်တာတစ်ဝက် ဖြစ်လိမ့်မယ်။”—ဒံ ၂:၄၂၊ ကဘ; ၂ တိ. ၃:၁-၃။
၁၀၊ ၁၁။ (က) ရုပ်တုကြီးရဲ့ ခြေဖမိုး၊ ခြေဖဝါးရဲ့အနာဂတ် ဘယ်လိုရှိသလဲ။ (ခ) ခြေချောင်းတွေနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ ဘာနားလည်ရသလဲ။
၁၀ ကျွန်ုပ်တို့အချိန်အထိ ဗြိတိန်နဲ့ အမေရိကန်ဟာ အထူးမိတ်ဖက်နိုင်ငံတွေဖြစ်နေဆဲပဲ။ သူတို့တွေဟာ အရေးကြီးတဲ့ကိစ္စတွေမှာ တစ်ဦးနဲ့တစ်ဦး ပူးပေါင်းလုပ်ဆောင်တတ်ကြတယ်။ ရုပ်တုကြီးနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်မှာ ခြေဖမိုးနဲ့ခြေဖဝါးက ရုပ်တုရဲ့နောက်ဆုံးအပိုင်းဖြစ်တယ်။ သားရဲနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်မှာ သတ္တမမြောက်ဦးခေါင်းက နောက်ဆုံးပဲ။ ဒါက အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ဟာ တခြားဘယ်ကမ္ဘာ့အာဏာစက်နဲ့မှ အစားထိုးခံရမှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ သူက သံခြေထောက်ဖြစ်တဲ့ ရောမလောက် မခိုင်မာပေမဲ့ သူ့ဘာသာသူဇာတ်သိမ်းသွားမှာတော့ မဟုတ်ဘူး။
၁၁ ရုပ်တုရဲ့ခြေချောင်းတွေရဲ့ အရေအတွက်ကရော ဘာအဓိပ္ပာယ်ရှိသလဲ။ တခြားရူပါရုံတွေမှာ ဒံယေလက သတ်သတ်မှတ်မှတ်ဂဏန်းအရေအတွက်ကို ဖော်ပြတယ်။ ဥပမာ၊ သားရဲအတော်များများမှာရှိတဲ့ ဦးချိုတွေရဲ့အရေအတွက်ကို သတ်သတ်မှတ်မှတ်ကိန်းဂဏန်းနဲ့ ဖော်ပြတယ်။ အဲဒီ ကိန်းဂဏန်းတွေက အရေးကြီးပါတယ်။ ဒါပေမဲ့ ဒံယေလက ရုပ်တုကြီးရဲ့ခြေချောင်းအရေအတွက်ကို မဖော်ပြခဲ့ဘူး။ ဒါကြောင့် ရုပ်တုကြီးရဲ့ လက်မောင်း၊ လက်၊ လက်ချောင်း၊ ခြေထောက် ဒါမှမဟုတ် ခြေဖမိုး၊ ခြေဖဝါးအရေအတွက်က အရေးမကြီးသလိုပဲ ခြေချောင်းတွေရဲ့အရေအတွက်က အရေးကြီးပုံမရဘူး။ ဒါပေမဲ့ ခြေချောင်းတွေကို သံတစ်ပိုင်း၊ သရွတ်တစ်ပိုင်းနဲ့ပြုလုပ်ထားတယ်ဆိုတာကိုတော့ ဒံယေလ သတ်သတ်မှတ်မှတ် ဖော်ပြခဲ့တယ်။ ဒံယေလရဲ့ပြောပြချက်အရ ဘုရားသခင့်နိုင်ငံတော်ဖြစ်တဲ့ “ကျောက်” က ရုပ်တုကြီးရဲ့ ခြေဖမိုး၊ ခြေဖဝါးကို ထိမှန်တဲ့အချိန်မှာတည်ရှိမယ့် ကမ္ဘာ့အာဏာစက်က အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်ဖြစ်တယ်ဆိုတာ ကျွန်ုပ်တို့နားလည်ရတယ်။—ဒံ. ၂:၄၅။
အင်္ဂလိပ်-အမေရိကန်နဲ့ ချိုနှစ်ချောင်းရှိတဲ့သားရဲ
၁၂၊ ၁၃။ ချိုနှစ်ချောင်းရှိတဲ့သားရဲက ဘာကိုပုံဆောင်သလဲ။ သူ ဘာလုပ်သလဲ။
၁၂ အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်ဟာ သံနဲ့သရွတ်ရောပြီးပြုလုပ်ထားတယ်ဆိုပေမဲ့ သူက နောက်ဆုံးသောနေ့ရက်တွေအတွင်းမှာ အရေးပါအရာရောက်တဲ့ အဓိကအခန်းကဏ္ဍကနေ ဆက်လုပ်ဆောင်မယ်ဆိုတာ ယောဟန်ကို ယေရှုပေးခဲ့တဲ့ရူပါရုံတွေက ဖော်ပြတယ်။ ချိုနှစ်ချောင်းရှိပြီး နဂါးလိုစကားပြောတဲ့ သားရဲတစ်ကောင်ကို ယောဟန်မြင်တွေ့ခဲ့ရတယ်။ ဒီထူးဆန်းတဲ့သားရဲက ဘာကိုပုံဆောင်သလဲ။ အဲဒီသားရဲမှာ ချိုနှစ်ချောင်းရှိတဲ့အတွက် အစိုးရနှစ်ခုဟာ မိတ်ဖက်နိုင်ငံတွေဖြစ်မယ်ဆိုတာကို ဖော်ပြတယ်။ ဒီသားရဲက အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်ဖြစ်ပြီး အခုအချိန်မှာ သူက အထူးအရေးပါတဲ့နေရာကို ယူထားတယ်။—ဗျာဒိတ် ၁၃:၁၁-၁၅ ကိုဖတ်ပါ။
၁၃ ချိုနှစ်ချောင်းရှိတဲ့သားရဲက လူတွေကို ခေါင်းခုနစ်လုံးရှိတဲ့သားရဲရဲ့ရုပ်တုကို “ထုလုပ်စေ” တယ်။ သားရဲရဲ့ရုပ်တုပေါ်လာပြီး ပျောက်ကွယ်သွားတယ်၊ ပြီးတဲ့နောက် ပြန်ပေါ်လာမယ်လို့ ယောဟန်ပြောခဲ့တယ်။ ဒါက ပထမကမ္ဘာစစ်ကြီးပြီးတဲ့နောက် အဖွဲ့အစည်းတစ်ခု ပေါ်ထွက်လာတဲ့အခါမှာ ဖြစ်ပျက်ခဲ့တယ်။ ဗြိတိန်နဲ့ အမေရိကန်က တခြားနိုင်ငံတွေကို ဒီအဖွဲ့အစည်းနဲ့ပူးပေါင်းကြဖို့ တိုက်တွန်းခဲ့တယ်။ ဒီအဖွဲ့အစည်းက နိုင်ငံတွေကိုပေါင်းစည်းဖို့နဲ့ နိုင်ငံတွေအတွက်ကိုယ်စားပြု ပြောဆိုပေးဖို့ဖြစ်တယ်။d ဒီအဖွဲ့အစည်းကို နိုင်ငံပေါင်းချုပ်အသင်းကြီးလို့ ခေါ်တယ်။ ဒုတိယကမ္ဘာစစ်စဖြစ်ချိန်မှာတော့ ဒီနိုင်ငံပေါင်းချုပ်အသင်းကြီး ပျောက်ကွယ်သွားခဲ့တယ်။ စစ်ဖြစ်နေစဉ်အတွင်းမှာ ဘုရားသခင့်လူမျိုးက ဗျာဒိတ်ကျမ်းပါပရောဖက်ပြုချက်အရ ဒီအဖွဲ့အစည်း ပြန်ပေါ်လာမယ်လို့ ပြောခဲ့ကြတယ်။ အဲဒီအတိုင်း အတိအကျဖြစ်ခဲ့ပြီး အခု အဲဒီအဖွဲ့အစည်းကို ကုလသမဂ္ဂလို့ ခေါ်ပါတယ်။—ဗျာ. ၁၇:၈။
၁၄။ သားရဲရဲ့ရုပ်တုကို “အဋ္ဌမဘုရင်” အဖြစ် ယောဟန် ဘာကြောင့် ခေါ်ဆိုခဲ့တာလဲ။
၁၄ ခေါင်းခုနစ်လုံးရှိတဲ့သားရဲရဲ့ရုပ်တုကို “အဋ္ဌမဘုရင်” အဖြစ် ယောဟန်ဖော်ပြခဲ့တယ်။ ဘာကြောင့် “ဘုရင်” တစ်ပါးအနေနဲ့ ခေါ်ဆိုခဲ့တာလဲ။ သူ့ကို သားရဲရဲ့အဋ္ဌမဦးခေါင်းအဖြစ် မဖော်ပြထားဘူး။ သားရဲရဲ့ရုပ်တုတစ်ခုသာ ဖြစ်တယ်။ ဒီရုပ်တုရဲ့အခွင့်အာဏာက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကနေ၊ အထူးသဖြင့် အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်ကနေ ရရှိခြင်းဖြစ်တယ်။ (ဗျာ. ၁၇:၁၀၊ ၁၁) ဒါကြောင့် ယောဟန်က ဒီရုပ်တုကို “ဘုရင်” တစ်ပါးအနေနဲ့ ခေါ်ဆိုခဲ့တယ်၊ အကြောင်းကတော့ ဒီရုပ်တုဟာ ကမ္ဘာတစ်ခုလုံးအပေါ် အကျိုးသက်ရောက်မယ့်အရာတစ်ခုကို လုပ်ဆောင်ဖို့ အခွင့်အာဏာရရှိထားလို့ပဲ။
သားရဲရဲ့ရုပ်တုက ပြည့်တန်ဆာကိုဖျက်ဆီး
၁၅၊ ၁၆။ ယောဟန်ရဲ့ရူပါရုံမှာတွေ့ရတဲ့ ပြည့်တန်ဆာက ဘာကိုပုံဆောင်သလဲ။ မျက်မှောက်ခေတ် ဝတ်ပြုရေးတွေ ဘာဖြစ်နေပြီလဲ။
၁၅ နီမြန်းတဲ့သားရဲတစ်ကောင်ပေါ်မှာ ထိုင်နေတဲ့ ပြည့်တန်ဆာတစ်ဦးကိုလည်း ယောဟန်မြင်တွေ့ခဲ့တယ်။ အဲဒီသားရဲက ခေါင်းခုနစ်လုံးရှိတဲ့သားရဲရဲ့ရုပ်တုနဲ့ အတူတူပဲ။ ပြည့်တန်ဆာကိုတော့ “မဟာဗာဗုလုန်” လို့ခေါ်တယ်။ (ဗျာ. ၁၇:၁-၆) ဒီပြည့်တန်ဆာက အယူမှားဝတ်ပြုရေးအားလုံးကို ပုံဆောင်တယ်။ ခရစ်ယာန်ဘောင်ရဲ့ဝတ်ပြုရေးတွေက မဟာဗာဗုလုန်ရဲ့ အစိတ်အပိုင်းဖြစ်တာ သေချာတယ်။ အယူမှားဝတ်ပြုရေးတွေက သားရဲရဲ့ရုပ်တုဖြစ်တဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီးနဲ့ ကုလသမဂ္ဂကို လူသိရှင်ကြားထောက်ခံပြီး ဒီအဖွဲ့အစည်းတွေကို ကြိုးကိုင်ညွှန်ကြားဖို့ ကြိုးစားခဲ့တယ်။
၁၆ မဟာဗာဗုလုန်ကို “ရေများ” ပေါ်မှာ ထိုင်နေသူအဖြစ် ဖော်ပြထားတယ်။ ရေတွေက ပြည့်တန်ဆာကိုထောက်ခံတဲ့လူတွေကို ရည်ညွှန်းတယ်။ ဒါပေမဲ့ သခင့်နေ့တော်အတွင်းမှာ လူတွေဟာ သူမကို အရင်ကလောက် ထောက်ခံအားပေးမှုမရှိတော့ဘူး။ ဒါက ရေတွေ “ခန်းခြောက်” သွားတာနဲ့တူတယ်။ (ဗျာ. ၁၆:၁၂; ၁၇:၁၅) ဥပမာ၊ သားရဲရဲ့ရုပ်တု ဦးဆုံးပေါ်လာချိန်မှာ ခရစ်ယာန်ဘောင်ဝတ်ပြုရေးဟာ အနောက်နိုင်ငံတွေမှာ အတော့်ကိုသြဇာအာဏာရှိခဲ့တယ်။ ဒါပေမဲ့ အခုအချိန်မှာ လူအများစုက အဲဒီဝတ်ပြုရေးတွေနဲ့ သူတို့ရဲ့ခရစ်ယာန်ဓမ္မဆရာတွေကို အကြည်ညိုလုံးဝမရှိကြတော့ဘူး။ လူအတော်များများက ဝတ်ပြုရေးဟာ ကမ္ဘာ့ပြဿနာတွေဖြစ်ရတဲ့ အဓိကအကြောင်းရင်းလို့တောင် ယူဆကြတယ်။ တခြားသူတွေကျတော့ ဝတ်ပြုရေးမှန်သမျှကို ကမ္ဘာပေါ်ကနေ ဖယ်ရှားပစ်သင့်တယ်လို့ ပြောင်ပြောင်တင်းတင်း ပြောကြတယ်။
၁၇။ မကြာခင်မှာ အယူမှားဝတ်ပြုရေး ဘာဖြစ်သွားမလဲ။ ဘာကြောင့် အဲဒီလိုဖြစ်မှာလဲ။
၁၇ အယူမှားဝတ်ပြုရေးရဲ့ ဩဇာအာဏာက တဖြည်းဖြည်းမှေးမှိန်ပြီး ပျောက်ကွယ်သွားတာမျိုး ဖြစ်မှာမဟုတ်ဘူး။ ပြည့်တန်ဆာက ဆက်သြဇာသက်ရောက်နေမှာဖြစ်ပြီး သူမအလိုရှိတာမှန်သမျှအတွက် ဘုရင်တွေကို လုပ်ခိုင်းဖို့ ကြိုးစားမှာဖြစ်တယ်။ ဒါပေမဲ့ မကြာခင်မှာ ဘုရားသခင်က “မိမိ၏အကြံတော်ကို ဖော်ဆောင်ရန် သူတို့၏နှလုံးထဲသို့ အကြံသွင်း” ပါလိမ့်မယ်။ (ဗျာဒိတ် ၁၇:၁၆၊ ၁၇ ကိုဖတ်ပါ။) အယူမှားဝတ်ပြုရေးကို တိုက်ခိုက်ဖို့ ကုလသမဂ္ဂကိုယ်စားပြုတဲ့ စာတန့်လောကစနစ်အဝင်ဖြစ်တဲ့ အုပ်ချုပ်ရေးတွေကို ယေဟောဝါ လှုံ့ဆော်ပါလိမ့်မယ်။ ပြည့်တန်ဆာက အဲဒီအုပ်ချုပ်ရေးတွေကို ကြိုးကိုင်ထိန်းချုပ်နိုင်စွမ်းရှိမှာ မဟုတ်တော့ဘူး၊ သူမရဲ့ စည်းစိမ်အားလုံးကိုလည်း လက်လွှတ်ဆုံးရှုံးရမှာဖြစ်တယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် ဒါမှမဟုတ် သုံးဆယ်တုန်းက လူအများစုက ဝတ်ပြုရေးဟာ အမြဲပဲလေးစားခံရပြီး တန်ခိုးသြဇာရှိနေမယ်လို့ တွေးထင်ခဲ့ကြတယ်။ အခု အခြေအနေတွေ စတင်ပြောင်းလဲနေပါပြီ။ ဒါပေမဲ့ ပြည့်တန်ဆာရဲ့သြဇာအာဏာက တဖြည်းဖြည်းမှေးမှိန်သွားတာမျိုး ဖြစ်မှာမဟုတ်ဘူး။ သူမဟာ ရုတ်တရက်ဖျက်ဆီးခံရမှာ ဖြစ်တယ်။—ဗျာ. ၁၈:၇၊ ၈၊ ၁၅-၁၉။
သားရဲများဖျက်ဆီးခံရ
၁၈။ (က) သားရဲက ဘာလုပ်မလဲ။ အဲဒါကြောင့် ဘာဖြစ်လာမလဲ။ (ခ) ဒံယေလ ၂:၄၄၊ ၄၅ အရ ဘုရားသခင့်နိုင်ငံတော်က ဘယ်နိုင်ငံတွေကို ဖျက်ဆီးမလဲ။ (စာမျက်နှာ ၁၇ မှာပါတဲ့ လေးထောင့်ကွက်ကို ကြည့်ပါ။)
၁၈ အယူမှားဝတ်ပြုရေး ဖျက်ဆီးခံရပြီးတဲ့နောက် မြေကြီးပေါ်မှာရှိတဲ့ စာတန့်အုပ်ချုပ်ရေးတွေဖြစ်တဲ့ သားရဲက ဘုရားသခင့်နိုင်ငံတော်ကို တိုက်ခိုက်ပါလိမ့်မယ်။ မြေကြီးဘုရင်တွေက ကောင်းကင်မှာရှိတဲ့ဘုရားသခင့်နိုင်ငံတော်ကို မတိုက်ခိုက်နိုင်တဲ့အတွက် ဘုရားသခင့်နိုင်ငံတော်ကိုထောက်ခံတဲ့ မြေကြီးပေါ်မှာရှိတဲ့ သူတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒါက ဘုရားသခင်ရဲ့နောက်ဆုံးစစ်ပွဲကို ဖြစ်ပေါ်စေမှာ ဖြစ်တယ်။ (ဗျာ. ၁၆:၁၃-၁၆; ၁၇:၁၂-၁၄) ဒီနောက်ဆုံးစစ်ပွဲနဲ့ပတ်သက်ပြီး အကြောင်းအရာတစ်ခုကို ဒံယေလ ပြောခဲ့တယ်။ (ဒံယေလ ၂:၄၄၊ ၄၅ ကိုဖတ်ပါ။) ဗျာ. ၁၃:၁ မှာဖော်ပြထားတဲ့ သားရဲ၊ သူ့ရဲ့ရုပ်တုနဲ့ ချိုနှစ်ချောင်းရှိတဲ့သားရဲတို့ ဖျက်ဆီးခံရမှာဖြစ်တယ်။
၁၉။ ဘယ်အရာတွေဖြစ်လာမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်သလဲ။ အခုအချိန်မှာ ကျွန်ုပ်တို့ ဘာလုပ်ရမလဲ။
၁၉ ကျွန်ုပ်တို့က ဗျာဒိတ်ကျမ်းအခန်းကြီး ၁၃ မှာပါတဲ့ သားရဲရဲ့ သတ္တမမြောက်ဦးခေါင်းအချိန်မှာ အသက်ရှင်နေကြတယ်။ အဲဒီသားရဲဖျက်ဆီးမခံရခင်အချိန်မှာ နောက်ထပ်ဦးခေါင်းအသစ် ထပ်ပေါ်လာမှာ မဟုတ်တော့ဘူး။ အယူမှားဝတ်ပြုရေးကို ဖျက်ဆီးချိန်မှာတည်ရှိမယ့် ကမ္ဘာ့အာဏာစက်က အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက် ဖြစ်ပါလိမ့်မယ်။ ဒံယေလနဲ့ ယောဟန်တို့ရဲ့ပရောဖက်ပြုချက်တွေက သူတို့ရေးထားတဲ့အတိုင်း အတိအကျပြည့်စုံခဲ့တယ်။ မကြာခင်အချိန်မှာ အယူမှားဝတ်ပြုရေး ဖျက်ဆီးခံရမယ်၊ အာမဂေဒုန်စစ်ပွဲရောက်လာမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ ဖြစ်ပျက်လာမယ့်အရာ အတိအကျကို ကျွန်ုပ်တို့ကို ဘုရားသခင်ပြောပြခဲ့တယ်။ ဒါပေမဲ့ မေးစရာက ဒီပရောဖက်ပြုချက်တွေမှာပါတဲ့ သတိပေးချက်တွေကို ကျွန်ုပ်တို့ နားထောင်လိုက်နာမလား။ (၂ ပေ. ၁:၁၉) ကျွန်ုပ်တို့ဟာ အခုအချိန်မှာ ယေဟောဝါကို နာခံမှုပြပြီး ကိုယ်တော့်နိုင်ငံတော်ကို ထောက်ခံဖို့လိုတယ်။—ဗျာ. ၁၄:၆၊ ၇။
[အောက်ခြေမှတ်ချက်များ]
a သမ္မာကျမ်းစာမှာ နံပါတ်တစ်ဆယ်က များသောအားဖြင့် ပြည့်စုံခြင်းလို့ အဓိပ္ပာယ်ရတယ်။ ဒါကြောင့် ချိုဆယ်ချောင်းဆိုတာက ရောမအင်ပါယာကနေ ပေါ်ထွက်လာမယ့် နိုင်ငံအားလုံးကို ပုံဆောင်တယ်။
b ဗြိတိန်အင်ပါယာနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ၁၇၀၀ ပြည့်လွန်နှစ်တွေကတည်းက စတင်တည်ရှိခဲ့တယ်။ ဒါပေမဲ့ သူတို့ဟာ သခင့်နေ့တော်အစပိုင်းမှာ ကမ္ဘာ့အာဏာစက်တစ်ခုအဖြစ် ပေါ်ထွက်လာမယ်ဆိုတာကို ယောဟန်မြင်ရတဲ့ရူပါရုံက ဖော်ပြတယ်။ ဗျာဒိတ်ကျမ်းပါ ရူပါရုံတွေက “သခင့်နေ့တော်” နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေဖြစ်တယ်။ (ဗျာ. ၁:၁၀) ဒါက ပထမကမ္ဘာစစ်အတွင်း ဗြိတိန်နဲ့ အမေရိကန်တို့ ကမ္ဘာ့အာဏာစက်တစ်ခုအဖြစ် စတင်ပူးတွဲလုပ်ဆောင်ချိန်မှာ ပြည့်စုံခဲ့တယ်။
c ဒံယေလ ပရောဖက်ပြုခဲ့တဲ့အတိုင်း ဒုတိယကမ္ဘာစစ်အတွင်းမှာ အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်က ကြီးမားတဲ့အဖျက်စွမ်းအားကို ဖြစ်ပေါ်စေခဲ့တယ်။ (ဒံ. ၈:၂၄) ဥပမာ၊ အမေရိကန်နိုင်ငံက အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်ရဲ့ ရန်သူနိုင်ငံကို အဏုမြူဗုံးနှစ်လုံး ကြဲချခဲ့တယ်။ အဲဒီဗုံးတွေက တစ်ခါမှမကြုံဖူးတဲ့အတိုင်းအတာနဲ့ ပျက်စီးမှုဖြစ်စေခဲ့တယ်။
d ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! စာအုပ်၊ စာမျက်နှာ ၂၄၀၊ ၂၄၁၊ ၂၅၃ တို့ကို ကြည့်ပါ။
[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်]
“အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှ” က ဘယ်သူတွေလဲ
ဒံယေလ ၂:၄၄၊ ၄၅ ပါ ပရောဖက်ပြုချက်က ဘုရားသခင့်နိုင်ငံတော်က “အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှကို ချိုးဖဲ့ဖျက်ဆီး” မယ်လို့ ဖော်ပြတယ်။ အဲဒီပရောဖက်ပြုချက်က ရုပ်တုကြီးရဲ့အစိတ်အပိုင်းအသီးသီးနဲ့ ပုံဆောင်ထားတဲ့ နိုင်ငံတွေကိုပဲ ရည်ညွှန်းတယ်။
ကျန်တဲ့နိုင်ငံတွေ ဘာဖြစ်သွားမယ်ဆိုတာကိုတော့ ဒံယေလ ၂:၄၄၊ ၄၅ က ဖော်ပြမထားဘူး။ ဒါပေမဲ့ ဗျာ. ကျမ်းမှာတွေ့ရတဲ့ ပရောဖက်ပြုချက်က အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး များစွာသိရှိစေတယ်။ ဗျာ. ကျမ်းက “လူနေထိုင်ရာမြေတစ်ပြင်လုံးရှိ ဘုရင်များ” ဟာ ယေဟောဝါကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် ‘အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်၏နေ့ကြီးတွင် တိုက်မည့်စစ်ပွဲ’ ကို စုရုံးခံရလိမ့်မယ်လို့ ဖော်ပြတယ်။ (ဗျာ. ၁၆:၁၄; ၁၉:၁၉-၂၁) ဒါကြောင့် ရုပ်တုကြီးရဲ့အစိတ်အပိုင်းတွေနဲ့ ပုံဆောင်ခံရတဲ့ နိုင်ငံတွေအပြင် တခြားအုပ်ချုပ်ရေးမှန်သမျှလည်း အာမဂေဒုန်မှာ ဖျက်ဆီးခံရပါလိမ့်မယ်။
-
-
ဘုရင်ရှစ်ပါးပေါ်ထွန်းခဲ့ကင်းမျှော်စင်—၂၀၁၂ | ဇွန် ၁၅
-
-
ဘုရင်ရှစ်ပါးပေါ်ထွန်းခဲ့
ဒံယေလကျမ်းနဲ့ ဗျာဒိတ်ကျမ်းကို ခြုံငုံသုံးသပ်ကြည့်တဲ့အခါ အဲဒီကျမ်းတွေမှာ ဘုရင်ရှစ်ပါး ဒါမှမဟုတ် လူ့အုပ်စိုးရှင်တွေအကြောင်းကိုသာမက သူတို့ အစဉ်လိုက်ပေါ်ထွန်းမယ့် အချိန်ကိုပါ ဖော်ပြထားတယ်။ ကျွန်ုပ်တို့က သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ ဦးဆုံးပရောဖက်ပြုချက်ကို နားလည်မှသာ ဒီပရောဖက်ပြုချက်တွေရဲ့ အဓိပ္ပာယ်ကိုသိနိုင်မှာဖြစ်တယ်။
သမိုင်းတစ်လျှောက်ကိုပြန်ကြည့်ရင် စာတန်ဟာ သူ့ရဲ့အမျိုးအနွယ်ကို နိုင်ငံရေးလှုပ်ရှားမှုအမျိုးမျိုးဖြစ်တဲ့ တိုင်းနိုင်ငံတွေနဲ့ ဖွဲ့စည်းခဲ့တယ်။ (လု. ၄:၅၊ ၆) ဒါပေမဲ့ တိုင်းနိုင်ငံအနည်းငယ်လောက်ကသာ ဘုရားသခင့်လူမျိုးဖြစ်တဲ့ အစ္စရေးလူမျိုးနဲ့ ဘိသိက်ခံခရစ်ယာန်တွေအပေါ် ဩဇာလွှမ်းမိုးနိုင်ခဲ့ကြတယ်။ ဒံယေလနဲ့ ယောဟန်တို့ရဲ့ ရူပါရုံတွေက အဲဒီလိုသြဇာတန်ခိုးကြီးမားတဲ့ အာဏာစက်စုစုပေါင်း ရှစ်ခုအကြောင်းကိုပဲ ဖော်ပြတယ်။
[စာမျက်နှာ ၁၂ ပါ ဇယား/ရုပ်ပုံများ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ဒံယေလကျမ်းမှ ဗျာဒိတ်ကျမ်းမှ
ပရောဖက်ပြုချက်များ ပရောဖက်ပြုချက်များ
၁။ အီဂျစ်
၂။ အာရှုရိ
၃။ ဗာဗုလုန်
၄။ မီဒို- ပါးရှား
၅။ ဂရိ
၆။ ရောမ
၇။ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုa
၈။ နိုင်ငံပေါင်းချုပ်အသင်းကြီးနဲ့ ကုလသမဂ္ဂb
ဘုရားသခင့်လူမျိုး
ဘီစီ ၂၀၀၀
အာဗြဟံ
၁၅၀၀
အစ္စရေးလူမျိုး
၁၀၀၀
ဒံယေလ ၅၀၀
၁၀၀၀
၁၅၀၀
အေဒီ ၂၀၀၀
[အောက်ခြေမှတ်ချက်]
a ဆုံးခန်းကာလအတွင်းမှာ ဘုရင်နှစ်ပါးစလုံး တည်ရှိ၊ စာမျက်နှာ ၁၉ ကိုကြည့်ပါ။
b ဆုံးခန်းကာလအတွင်းမှာ ဘုရင်နှစ်ပါးစလုံး တည်ရှိ၊ စာမျက်နှာ ၁၉ ကိုကြည့်ပါ။
[ရုပ်ပုံများ]
ရုပ်တုကြီး (ဒံ. ၂:၃၁-၄၅)
ပင်လယ်ထဲကတက်လာတဲ့ သားရဲလေးကောင် (ဒံ. ၇:၃-၈၊ ၁၇၊ ၂၅)
သိုးနဲ့ဆိတ် (ဒံ. အခန်းကြီး ၈)
ခေါင်းခုနစ်လုံးရှိသားရဲ (ဗျာ. ၁၃:၁-၁၀၊ ၁၆-၁၈)
ချိုနှစ်ချောင်းရှိတဲ့သားရဲက ပထမသားရဲရဲ့ရုပ်တုကို အသက်သွင်းပေး (ဗျာ. ၁၃:၁၁-၁၅)
[Credit Lines]
Photo credits: Egypt and Rome: Photograph taken by courtesy of the British Museum; Medo-Persi: Musée du Louvre. Paris
-
-
စာရှုသူများထံမှ မေးခွန်းလွှာကင်းမျှော်စင်—၂၀၁၂ | ဇွန် ၁၅
-
-
စာရှုသူများထံမှ မေးခွန်းလွှာ
အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်က ဘယ်အချိန်ကစပြီး ကျမ်းစာပရောဖက်ပြုချက်မှာပါတဲ့ သတ္တမမြောက်ကမ္ဘာ့အာဏာစက် ဖြစ်လာသလဲ။
▪ ဘုရင်နေဗုခဒ်နေဇာ မြင်မက်တဲ့ ဧရာမ သတ္တုရုပ်တုကြီးက တည်ရှိခဲ့သမျှ ကမ္ဘာ့အာဏာစက်အားလုံးကို ကိုယ်စားမပြုဘူး။ (ဒံ. ၂:၃၁-၄၅) ဒီရုပ်တုကြီးက ဒံယေလအချိန်နဲ့ အဲဒီနောက်ပိုင်းမှာရှိတဲ့၊ ဘုရားသခင့်လူမျိုးကိုတိုက်ခိုက်တဲ့ အာဏာစက်ငါးခုကိုပဲ ကိုယ်စားပြုတယ်။
ရုပ်တုကြီးနဲ့ပတ်သက်ပြီး ဒံယေလရဲ့ဖော်ပြချက်အရ အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်ဟာ ရောမကို အောင်နိုင်မယ့်အစား ရောမကနေပေါ်ထွက်လာမယ်ဆိုတာ သိရတယ်။ အဲဒီရုပ်တုရဲ့ ခြေထောက်ကနေအစပြုတဲ့ သံက ခြေဖမိုး၊ ခြေဖဝါးနဲ့ ခြေချောင်းတွေထဲအထိ ရှိနေတယ်ဆိုတာကို ဒံယေလမြင်တွေ့ရတယ်။ (ခြေဖမိုး၊ ခြေဖဝါးနဲ့ ခြေချောင်းတွေမှာ သံနဲ့သရွတ်ရောနေတယ်။)a ဒါက အင်္ဂလိပ်-အမေရိကန်ကမ္ဘာ့အာဏာစက်ဟာ သံခြေထောက်ဖြစ်တဲ့ ရောမကနေ ပေါ်ထွက်လာမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ အဲဒီအတိုင်း အတိအကျဖြစ်ခဲ့တယ်ဆိုတာ သမိုင်းက သက်သေထူတယ်။ ရောမအင်ပါယာရဲ့အစိတ်အပိုင်းဖြစ်ခဲ့တဲ့ ဗြိတိန်ဟာ ၁၇၀၀ ပြည့်လွန်နှစ်နှောင်းပိုင်းတွေကနေစပြီး အင်အားကြီးမားတဲ့နိုင်ငံ ဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာ အမေရိကန်ပြည်ထောင်စုလည်းပဲ ဩဇာအာဏာကြီးမားတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်လာတယ်။ ဒါပေမဲ့ ဗြိတိန်နဲ့ အမေရိကန်က ကျမ်းစာပရောဖက်ပြုချက်မှာပါတဲ့ သတ္တမမြောက်ကမ္ဘာ့အာဏာစက် မဖြစ်သေးဘူး။ ဘာကြောင့်လဲ။ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံက သိသာထင်ရှားတဲ့နည်းနဲ့ ပေါင်းစည်းပြီး အတူမလုပ်ဆောင်ကြသေးလို့ပါပဲ။ ဒီလိုလုပ်ဆောင်တာကို ပထမကမ္ဘာစစ်ကြီးအတွင်းမှာ တွေ့ခဲ့ရတယ်။
အဲဒီအချိန်မှာ “နိုင်ငံတော်သားများ” က အမေရိကန်ပြည်ထောင်စုမှာ အများဆုံး တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ကြတယ်။ သူတို့တွေက နယူးယောက်မြို့၊ ဘရွတ်ကလင်ကနေ ဟောပြောခြင်းလုပ်ငန်းကို ညွှန်ကြားခဲ့ကြတယ်။ (မ. ၁၃:၃၆-၄၃) စွမ်းအားတော်ဖွား ကောင်းကင်အတန်းအစားအဖွဲ့ဝင်တွေက ဗြိတိန်အင်ပါယာကြီးစိုးတဲ့ နိုင်ငံတွေမှာလည်း ဟောပြောခြင်းလုပ်ငန်းကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ကြတယ်။ ပထမကမ္ဘာစစ်အတွင်းမှာ ဗြိတိန်နဲ့ အမေရိကန်က သူတို့ရဲ့နိုင်ငံရေးရန်သူတွေကို အတူလက်တွဲတိုက်ခိုက်တဲ့အခါ အထူးတွဲဖက်တွေဖြစ်လာတယ်။ ဗြိတိန်နဲ့ အမေရိကန်ဟာ စစ်ကြောင့် မျိုးချစ်စိတ်ထကြွလာပြီး မိန်းမရဲ့ “အမျိုးအနွယ်” အဝင်ဖြစ်သူတွေကိုလည်း ရန်မူတိုက်ခိုက်ခဲ့ကြတယ်။ အဲဒီအစိုးရတွေက မိန်းမရဲ့အမျိုးအနွယ်ထုတ်ဝေတဲ့ စာပေတချို့ကို ပိတ်ပင်တားဆီး၊ ဟောပြောခြင်းလုပ်ငန်းမှာ ဦးဆောင်နေသူတွေကို ထောင်သွင်းအကျဉ်းချခဲ့ကြတယ်။—ဗျာ. ၁၂:၁၇။
ဒါကြောင့် သမ္မာကျမ်းစာပရောဖက်ပြုချက်ကနေသိရတာက ဗြိတိန် ဦးဆုံး အထင်ကရ စဖြစ်လာတဲ့ ၁၇၀၀ ပြည့်လွန်နှစ်နှောင်းပိုင်းတွေမှာ သတ္တမမြောက်ကမ္ဘာ့အာဏာစက် မပေါ်ထွက်ခဲ့ဘူး။ အဲဒီအစား သခင့်နေ့တော်ရဲ့အစပိုင်းမှာ သတ္တမမြောက် ကမ္ဘာ့အာဏာစက်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့တယ်။b
-